တတ်လည်း တတ်နိုင်တဲ့ ဖက်တီး
Vol. 54 Ch. 756
ကျင်းဟန်ဂိုဏ်းမှာ အဝင်အထွက် ပိတ်ထားသော်ငြား ဂိုဏ်းသားများမှာ ဆုံးဖြတ်ရခက်နေကြသေးလေသည်။
ခုခံတိုက်ခိုက်သင့်သလော သို့မဟုတ် တောင်ပိုင်းဒေသမှ ထွက်သွားသင့်သလော ....
သွေးမိစ္ဆာဂိုဏ်းကို အညံ့ခံလိုက်သင့်သလော သို့မဟုတ် အသေခံတိုက်ရမည်လော
ချင်းလော်ဂိုဏ်းပျက်သုဉ်းခြင်းမှာ အံ့ဩစရာမရှိပေ။ သို့သော် ယီးကျန့်ဂိုဏ်း၏ အညံ့ခံမှုအား တောင်ပိုင်းဒေသ၏ကျင့်ကြံသူသောင်းပေါင်းများစွာမှ မျက်မြင်တွေ့ခဲ့ရလေသည်။ သတင်းစကား ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထားသော ကျင်းဟန်ဂိုဏ်းပင်လျှင် သတင်းကြားလိုက်ကြရ၏။
ကျင်းဟန်ဂိုဏ်းသားများအားလုံး အထိတ်တလန့် ဖြစ်သွားရန် သိပ်မကြာလိုက်ပေ။ မှန်ပါသည် ၊ အားလုံးအထဲ ထိတ်လန့်မှု အနည်းဆုံးမှာတော့ လီဖူကွေ့ပင်။ သူ့မှာ ထိတ်လန့်မည့်အစား အတော်လေး စိုးရိမ်နေ၏။ မကြာသေးသောရက်များအတွင်း သူသည် လင်းတကြီးလို တမှိုင်မှိုင်နှင့် သက်ပြင်းတချချ ဖြစ်နေခဲ့လေသည်။
ကျင်းဟန်ဂိုဏ်းသည် သူ့ကို အစကတည်းက ဖူးဖူးမှုတ် ဆက်ဆံခဲ့၏။ ဇနီးချောချောလေးများလည်း ချီးမြှင့်ခံရသဖြင့် ပင်ပန်းရသော်လည်း ပျော်ရလေသည် ... အခြားတစ်ဖက်တွင် မန်ဟိုမှာ မှီခိုရာဂိုဏ်းမှာတုန်းက နေ့ရက်တွေကတည်းက သူ၏အစ်ကိုကြီးဖြစ်နေခဲ့သည်။
သူတို့သည် အပြင်စည်းဂိုဏ်းသားများအဖြစ် မှီခိုရာဂိုဏ်းကို အတူတူ ဝင်ရောက်ခဲ့ကြသည်။ ကြက်ရိုင်းများကို ဖမ်းပြီး ဆိုင်ပင် အတူတူ ဖွင့်ခဲ့သေးသည်။ မန်ဟိုက သူ့ကို စောင့်ရှောက်ကြည့်ရှုပေးခဲ့ရာ ၎င်းအား သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
သူတို့နှစ်ယောက်သည် ညီအစ်ကိုများဖြစ်ကြ၏။
သို့သော် ယခု သူ့မှာ ကျဉ်းထဲကြပ်ထဲ ရောက်နေပြီး ဘာလုပ်ရမည်လဲ တွေဝေနေ၏။ အစ်ကိုဖြစ်သူက ကျင်းဟန်ဂိုဏ်းကို ဖျက်စီးရန် လာနေပြီဖြစ်ရာ သူ့မှာ အခြေအနေကို မည်သို့ကိုင်တွယ်ရမည်လဲ မသိတော့ပေ။
ယီးကျန့်ဂိုဏ်း အညံ့ခံပြီး ရက်အနည်းငယ်ကြာသော် ကျင်းဟန်ဂိုဏ်း၏ တစ်ယောက်တည်းသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်က လီဖူကွေ့၏ဆရာနှင့်အတူ ဆွေးနွေးရန် သူ့ဆီသို့ ကိုယ်တိုင်ရောက်ချလာသည်။
“ငြိမ်းချမ်းရေး ယူဖို့ တောင်းဆိုရမယ် ဟုတ်လား” ဖက်စီးက ပင်ပန်းနေပုံရသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးကို ပါးစပ်အဟောင်းသားနှင့် ပြောသည်။
“မင်းက မန်ဟိုနဲ့ ရင်းနှီးတယ်လေ။ သူက ... အညှာအတာမဲ့ ရက်စက်ပြီး မျက်တောင်မခတ်ဘဲ သတ်ဖြတ်နိုင်တဲ့အပြင် မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံရှိပေမယ့် ... မိတ်ဆွေတွေကို ဂရုစိုက်တဲ့လူစားမျိုးပဲ
“ယီးကျန့်ဂိုဏ်းရဲ့ သတင်းအတိုင်းဆို သိသာတယ်ကွာ။ ချန်ဖန်းဖြစ်ရပ်ပဲ ကြည့် ၊ မန်ဟို ဘာတွေးနေလဲ နည်းနည်းပါးပါး ပြောလို့ရတယ်
“လီဖူကွေ့ တွေးကြည့်။ မင်း ဂိုဏ်းထဲ ဝင်လာကတည်းက မင်းကို ဂိုဏ်းကနေ ဘယ်လို ဆက်ဆံပေးခဲ့လဲ။ ငါတို့ အခု ရင်ဆိုင်နေရတာ ကပ်ဘေးနော် ကပ်ဘေး။ ငါတို့ကို ဒီမုန်တိုင်းဘေးကနေ လွတ်အောင် မင်း ရဲရဲဝင့်ဝင့် ရှေ့တက်ပြီး မန်ဟိုနဲ့ဆက်ဆံရေးကို အသုံးချနိုင်ပါစေလို့ မျှော်လင့်ပါတယ်
“ကျင်းဟန်ဂိုဏ်အနေနဲ့ အညံ့ခံမှာပါ။ တစ်ခုတည်းသော တောင်းဆိုစရာက အရန်ဂိုဏ်းခွဲမဟုတ်ဘဲ မဟာမိတ်ဖြစ်ချင်တာပဲ
“ငါတို့ သွေးမိစ္ဆာဂိုဏ်းနဲ့အတူ လက်တွဲပြီး လုပ်မယ်ဆိုပေမယ့် ငါတို့ရဲ့ တာအိုဒဿနတွေ၊ အယူဝါဒတွေ တောင်ပိုင်းဒေသကနေ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းချင်တယ်။ အခုကစပြီး နှစ်တွေကြာရင် ငါတို့ ပြန်ခေါင်းထောင်လာနိုင်လိမ့်မယ်။ ငါတို့ အဲဒီအခွင့်အရေးအတွက် တိုက်ခိုက်မှဖြစ်မယ်”
ကျင်းဟန်ဂိုဏ်း၏ တစ်ဦးတည်းသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက လက်ယှက်၍ လီဖူကွေ့ကို လေးလေးနက်နက် အရိုအသေပေးသည်။ လီဖူကွေ့၏ဆရာဖြစ်သူက သူ့ကို ကြည့်ရင်း ဘေးတွင် ရပ်နေ၏။
လီဖူကွေ့က အကြာကြီး တိတ်ဆိတ်သွားပြီးနောက် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ကျင်းဟန်ဂိုဏ်း စိုးရိမ်ထိတ်လန့်နေစဉ် နောက်တစ်ရက်ကြာသွားသည်။ နောက်ဆုံးတွင် ကျင်းဟန်ဂိုဏ်း၏အပြင်၌ တိမ်တိုက်များ တဖွေးဖွေး လှုပ်လာပြီး အလင်းတန်းသောင်းပေါင်းများစွာ ပေါ်လာ၏။ သူတို့သည် သွေးပင်လယ်ကြီးသဖွယ် ရဲရဲတောက်လျက် ကျင်းဟန်ဂိုဏ်းဆီသို့ ချီတက်လာကြလေသည်။
ဤအလင်းတန်းများသည် သွေးမိစ္ဆာဂိုဏ်းသားများဖြစ်ကြ၏။ သူတို့သည် ချင်းလော်ဂိုဏ်းကို ဖျက်စီးခဲ့ပြီး ယီးကျန့်ဂိုဏ်းကို အညံ့ခံ့အောင် ဖိအားပေးခဲ့လေသည်။ ယခု သူတို့ကား သတ်ဖြတ်လိုစိတ်များဖြင့် ကျင်းဟန်ဂိုဏ်းသို့ လှည့်လာကြလေပြီ။
သူတို့၏အနောက်တွင် သင်းကွဲကျင့်ကြံသူများမှာ ယခင်ထက်ပင် ပိုမိုများပြားလာသည်။ သူတို့ကား မျက်ဝါးထင်ထင်မြင်တွေ့ရဖို့အရေး သွေးမိစ္ဆာဂိုဏ်း တောင်ပိုင်းဒေသသို့ ဖြတ်သွားနေသည့်နောက်မှ တကောက်ကောက် လိုက်နေကြ၏။
ကျင်းဟန်ဂိုဏ်း၏အပြင်တွင် လေထုသည် အကာအကွယ်မန္တန်တစ်ခု၏ လှိုင်းဂယက်များကြောင့် ပုံပျက်မနေသလို၊ မည်သည့်မြူမှလည်း တထောင်းထောင်း ထမနေပေ။ ထိုအစားက ပုံရိပ်ယောင်အတားအဆီးတစ်ခုက ၎င်းကို ကာကွယ်ထားကာ ကျတ်တီးတောင်တစ်လုံး၏ ပုံရိပ်ကိုသာ ဖော်ပြထား၏။
သွေးမိစ္ဆာဂိုဏ်းသားများ ပေါ်လာပြီး သူတို့မတုံ့ပြန်နိုင်သည့်အချိန်မှာပင် အလင်းတန်းတစ်တန်းအား မြင်လိုက်ရပြီး ဖက်သီး၏ ခပ်လုံးလုံးပုံရိပ်ကြီးက တောင်ပေါ် ရောက်နေလေပြီ။
“မတိုက်ပါနဲ့ မတိုက်ပါနဲ့ ငါပါ” ဖက်တီးက အဆုတ်ကွဲလုမတတ် အော်သည်။ သွေးမိစ္ဆာဂိုဏ်းသားသိန်းချီနှင့် သင်းကွဲကျင့်ကြံသူသောင်းချီက ဖက်တီးကို ကြောက်ဒူးတုန်သွားစေသည်။
မန်ဟိုသည် ဖက်တီးကို ကြည့်ပြီးနောက် ကျင်းဟန်ဂိုဏ်းကို ပြန်ကြည့်လိုက်သည်။ သူ့အတွက် ကျင်းဟန်ဂိုဏ်း၏အကြံကို ရိပ်မိရန် မကြာလိုက်ပေ။ စိတ်ထဲတွင် သူလည်း သူတို့ကို မည်သို့ကိုင်တွယ်ရမည်လဲ ဒွိဟဖြစ်နေခဲ့၏။
ဖက်တီးက ဤနေရာတွင် ရှိနေရာ သူ ဘာပဲလုပ်လုပ် ဖက်တီးအတွက် အရှုံးထွက်မည်ဖြစ်ကြောင်း မန်ဟို သိလေသည်။
ဖက်တီး ကောက်ကာငင်ကာ ပေါ်လာသည်ကို မြင်သော် မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းကာ သူ၏ပတ်ပတ်လည်ရှိ လေထုကို ဝေဝါးသွားစေသည်။ သူသည် ပျောက်ကွယ်သွားပြီးနောက် ဖက်တီး၏အရှေ့တွင် ပြန်ပေါ်လာ၏။ သူတို့နှစ်ယောက်အား အပြင်ရှိ မည်သူမျှ ဖြစ်ပျက်နေသောအရာကို မမြင်နိုင်အောင် ဝေဝါးထုက ကာရံထားသည်။
ခပ်ရေးရေး အပြုံးတစ်ခု မန်ဟို၏ မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။ သူသည် ဖက်တီးက လုံးတစ်နေသောကိုယ်လုံးကြီးကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်လိုက်၏။ ဖက်တီးမှာ စိတ်သက်သာရာ ရသွားပြီး သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖက်လိုက်ကြသည်။
ကံမကောင်းစွာနှင့် မန်ဟို့ အပြုံး ခပ်ယဲ့ယဲ့ ဖြစ်သွားရန် သိပ်မကြာလိုက်ပေ။
“မင်း ဗိုက်ကြီးက .... ကြီးလိုက်တာကွာ” ဖက်တီးမှာ အလွန်ဝလွန်းသဖြင့် မန်ဟို့အတွက် ဖက်ရခက်လေသည်။
“အေး ငါ နည်းနည်း ပြန်ဝလာတာ” ဖက်တီးက ပြုံး၍ ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း ပြောသည်။ “တလောက ဝိတ်ချရင်ကောင်းမလား စဉ်းစားသေးတယ်” သူသည် မန်ဟို့ကို ကျော်၍ သတ်ဖြတ်ချင်နေသော သွေးမိစ္ဆာဂိုဏ်းသားများကို လှမ်းကြည့်လိုက်၏။
“ဟို .... အစ်ကိုကြီးမန်ဟို ငါတို့ အပေးအယူ နည်းနည်းလုပ်ကြမလား” ဖက်တီးမှာ ဂနာမငြိမ်။
“ဟေ” မန်ဟိုက တောက်ပသော အပြုံးတစ်ခုဖြင့် ဖက်တီးကို ပြန်ကြည့်၍ မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ပြန်ပြောသည်။
ဖက်တီးက သက်ပြင်းချရင်း တည့်တိုးသာ ရှင်းပြလိုက်သည်။ “ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ငါ့ကို ငြိမ်းချမ်းရေးယူခိုင်းဖို့ လွှတ်လိုက်တာ။ ငါတို့ ... မတိုက်ဘဲ နေကြရင် ဘယ်လိုလဲ။ ဂိုဏ်းက သူတို့ရဲ့ တာအိုဒဿနာတွေနဲ့ အယူဝါဒတွေကို ထိန်းသိမ်းထားနိုင်သရွေ့ အညံ့ခံ့ပါ့မယ်တဲ့...”
သူတို့နှစ်ယောက် စကားပြောနေစဉ် ကျင်းဟန်ဂိုဏ်းသားများမှာ မည်သို့ရလဒ်ထွက်မလဲ သိချင်နေကြသဖြင့် ဂိုဏ်းထဲမှ စိတ်လှုပ်တရှား ကြည့်နေကြသည်။
“အစ်ကိုလီ အောင်မြင်ပါ့မလား မသိဘူး...”
“မန်ဟိုက မိတ်ဆွေတွေကို တကယ်တန်ဖိုးထားတယ်။ သူ့ကို နားချဖို့ ခက်မှာမဟုတ်ပါဘူး”
“အတပ် ပြောမရဘူး။ မန်ဟိုက သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားလေ။ လူတွေအများကြီး သတ်ခဲ့ပြီးတော့ ရက်စက်တယ် ၊ ကြမ်းကြုတ်တယ်။ ငါတို့တောင်းဆိုတာတွေကို ဘယ်နည်းနဲ့မှ အလွယ်တကူ လက်ခံပေးမှာ မဟုတ်ဘူး” သူတို့ ဆွေးနွေးနေသည့်အချိန်မှာပင် မန်ဟိုသည် ဖက်တီး၏ တောင်းဆိုမှုများကို နားထောင်နေ၏။ မန်ဟို့အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။
“ဖက်တီး ၊ မင်းက ဂိုဏ်းကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး တောင်းဆိုဖို့ တော်တော်ကြိုးစားနေတာပဲ။ ဒါနဲ့ ဂိုဏ်းက မင်းကို ဘာပြန်ပေးလဲ”
ဖက်တီးက ပါးစပ်ကြီးဟသွားပြီး ရုတ်တရက် ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။ သူ့မျက်နှာမှာ ဒေါသထွက်သွားပုံပေါ်လာသည်။
“ငါ့ချီးတဲ့မှ ဟုတ်သားပဲ။ အဲဒီခွေးမသားတွေကို ငါ့ကို ဘာမှပြန်မပေးဘူး။ ဟုတ်တယ် မန်ဟို နေဦး၊ ဘာမှ သဘောမတူနဲ့ဦး။ ငါ ဂိုဏ်းကို ပြန်သွားပြီး အပေးအယူ အဆင်မပြေဘူးလို့ သွားပြောမယ်။ သူတို့ ငါ သခင်လေးဖက်တီးကို တစ်ခုခု ကမ်းလှမ်းရင် ငါ ပြန်လာခဲ့မယ်”
မန်ဟိုက ညစ်ကျယ်ကျယ် ရယ်ပြီး ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်ရာ သူတို့ပတ်ပတ်လည်ရှိ ဝေဝါးထုအား ပျောက်ကွယ်သွားစေသည်။ ယခုတွင် အပြင်ရှိ သူတို့နှစ်ယောက်ကို မြင်လိုက်ရလေပြီ။
မန်ဟို့မျက်နှာက သုန်မှုန်နေပြီး ဖက်တီး၏မျက်လုံးများက တောက်ပနေသည်။ ဟန်ဆောင်ဖို့ အချိန်ကျပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်နှင့် ဖက်တီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ “မန်ဟို မင်းက ဒီလိုလား”
သူသည် ကျင်းဟန်ဂိုဏ်းသို့ ဒေါနှင့်မောနှင့် လှည့်ထွက်သွား၏။
ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများ မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာသည်။
ဖက်တီးသည် ဂိုဏ်းသို့ စိတ်တိုတိုနှင့် ပြန်ရောက်လာပြီး ချက်ချင်းပင် စိတ်ပူနေသောဂိုဏ်းသားများက သူ့ဆီ ဝိုင်းအုံလာကြသည်။
“ငါတော့ အဲဒီသောက်ရူးနဲ့ ဆက်မပြောနိုင်တော့ဘူး တော်ပြီ” ဖက်တီးက ပြောသည်။ “မန်ဟိုက မိတ်ဆွေတွေကို နည်းနည်းမှ ဂရုမစိုက်ဘူး။ ငါကတော့ သူနဲ့ အဆင်ပြေအောင် ကြိုးစားပေးနေတာကို” ဖက်တီး၏ပေါက်ကွဲသံများက ကျင်းဟန်ဂိုဏ်းသားများကို ပို၍ နိုးနိုးကြားကြား ဖြစ်သွားစေသည်။
တစ်ဦးတည်းသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ချက်ချင်း ရှေ့တက်လာပြီး မေးသည်။ “သဘောမတူဘူးလား”
“သူက ကျုပ် ငြိမ်းချမ်းရေးယူဖို့ စကားစလိုက်တာနဲ့ ဂိုဏ်းအတွက် ကိုယ်စားပြုရအောင် ကျုပ်မှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲတဲ့လေ။ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲတဲ့။ ကျုပ်က ကျင်းဟန်ဂိုဏ်းသားတစ်ယောက်ထက် မပိုဘူးတဲ့။ သောက်ချီးတဲ့မှ၊ စော်စော်ကားကား” စကားပြောနေစဉ် ဖက်တီး၏မျက်လုံးများက ဟိုပြေးသည်ပြေး ပြေးနေသည်။
ကျင်းဟန်းဂိုဏ်းသားများ စိတ်ကို ချုပ်တည်းထားခဲ့ရသည်ည်မှာ ကြာခဲ့လေပြီ။ သူတို့သည် မျှော်လင့်ချက်အလုံးစုံကို ဖက်တီးအပေါ် ပုံအပ်ထားခဲ့ပြီး ယခု သူ မအောင်မြင်သောအခါ သူတို့ကိုယ်သူတို့ ထပ်မံမချုပ်တည်းနိုင်တော့ပေ။
“အဲဒီလိုဆိုမှတော့ တိုက်ကြတာပေါ့”
“ဟုတ်တယ် ဒီလိုအစော်ကားခံရမယ့်အစား တိုက်ခိုက်ရင်း သေသွားတာပဲ ကောင်းတယ်။ အစ်ကိုကြီးလီတောင်မှ မတတ်နိုင်တာ။ တိုက်ခိုက်ကြတာပေါ့”
“တိုက်စို့”
သူတို့၏တိုက်ခိုက်လိုစိတ်မှာ မြင့်တက်သွားပြီး မကြာခင် တစ်ဂိုဏ်းလုံးတွင် အသတ်အဖြတ်အရှိန်အဝါတို့ ပြည့်နှက်သွားသည်။ လူများက ဂိုဏ်း၏မန္တန်ဝင်္ကပါများကိုပင် အသင့်လည်ပတ်စေလိုက်ကြသည်။
ဖက်တီးခမျာ ကြက်သေသေသွား၏။ သူ့မှာ သိသာအောင် လုပ်ခဲ့ပြီးပြီ ထင်ထား၍ ဘယ်သူမှ သူ၏တစ်ဖက်လှည့်အဓိပ္ပါယ်ကို နားမလည်ကြသဖြင့် ဆွံ့အနေတော့သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက အဝေးရှိ လေလယ်တွင် ပျံဝဲနေသော မန်ဟို့ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ သူက သက်ပြင်းခိုးချလိုက်သည်။ သူ့မှာ တိုက်ခိုက်လိုစိတ်မရှိပေ။ ကျင်းဟန်ဂိုဏ်းအနေဖြင့် သွေးမိစ္ဆာဂိုဏ်း၏ ခြေဖျားပင် မှီမည်မဟုတ်။ သို့သော် ယခုတော့ ... သူတို့တွင် တခြားဘာရွေးချယ်စရာ ရှိလေတော့သနည်း။
ပုံမှန်ဆိုလျှင်တော့ သူသည် စောစောက ဖက်တီး၏ တစ်ဖက်လှည့်စကားကို ရိပ်စားမိလိမ့်မည်။ သို့သော် သူ့မှာ အလွန်စိုးရိမ်ထိတ်လန့်ဇော ကပ်နေ၍ သတိမထားမိပေ။
“တိုက်ခိုက်မယ်ဆိုရင် အရင်ဆုံးလှုပ်ရှားသင့်တယ်” စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက အံတင်းတင်းကြိတ်ရင်း ပြောသည်။ “အခု တိုက်ခိုက်ပြီး တခြားအရာတွေကို နောက်မှ တွေးကြတာပေါ့”
ဖက်တီး၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သူသည် ထိန်းမနိုင်သိမ်းမရဖြစ်တော့မည်ကို သဘောပေါက်လိုက်၍ ကပျာကယာ ရှေ့တက်လိုက်သည်။
“တကယ်တော့လေ....” သူက ပြောသည်။ “မျှော်လင့်ချက် ရှိပါသေးတယ် ....”
“အစ်ကိုလီ၊ ထပ်ဆွေးနွေးနေစရာမလိုဘူး။ ကျုပ်တို့ တိုက်ကြမယ်”
“ဟုတ်တယ် ညီလေးလီ။ ငါတို့ အခု ချောင်ပိတ်ခံထားရပြီးပြီ။ တိုက်ဖို့ပဲ ရွေးချယ်စရာရှိတယ်”
“ကျင်းဟန်ဂိုဏ်းက ဘာလဲဆိုတာ သူတို့သိအောင် ပြကြတာပေါ့။ အခု ကျုပ်တို့ အင်အားနည်းနေပေမယ့် တိုက်ခိုက်ဖို့တော့ အစွမ်းအစရှိပါသေးတယ်”
ဖက်တီးတစ်ယောက် ပျာယာခတ်လာသည်။ “ဟေး ဟေး အကုန်လုံး နားထောင်ဦး။ ငါ ထင်တာ...”
“လီဖူကွေ့ မလိုအပ်တော့ဘူး” စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက မျက်လုံးများ အေးစက်လျက် ပြောသည်။ “ငါ အကဲဖြတ်မှားသွားတယ်။ ငါတို့ ဒီအခြေအနေကို ပြောင်းပြန်မလှန်နိုင်ခင် အရင်ဆုံး တိုက်ခိုက်ရတော့မယ့်ပုံပဲ။ ဂိုဏ်းသားတို့ ငါ့အမိန့်ကို နာခံကြ...” သူသည် အင်္ကျီလက်စကို ခါ၍ အမိန့်ထုတ်ပြန်တော့မည့်အချိန် ရုတ်တရက် ဖက်တီးက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။
“ခေါင်းဆောင်ကြီး၊ ကျုပ်ကို အခွင့်အရေးတစ်ခု ထပ်ပေးပါ။ ကျုပ် လီဖူကွေ့ ဂိုဏ်းငြိမ်းချမ်းရေးရအောင် အသက်နဲ့ လောင်းကြေးထပ်ပေးပါ့မယ်” သူ့မှာ စိတ်လှုပ်ရှားလွန်း၍ အသံပင် အက်လာသည်။
ချက်ချင်းပင် သူ့ကို လူတိုင်း တအံ့တဩ လှည့်ကြည့်လိုက်ကြသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးပင် ပါသည်။
လီဖူကွေ့က ရင်ဘတ်ကို ခပ်ပြင်းပြင်း ရိုက်လိုက်သဖြင့် တဘုန်းဘုန်းပင် မြည်သွားပြီး မျက်ရည်များ ဝဲတက်လာသည်။
“မင်း တော်ပါတယ်ကွာ ကောင်လေးရာ” စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားသည်။ “မင်း …. မင်း ဒီလို ကိုယ့်ကိုယ်ကို ဒုက္ခအရောက်ခံစရာ မလိုပါဘူး။ ငါတို့ သူတို့ကို တိုက်ခိုက်ပြီး ကျင်းဟန်ဂိုဏ်းရဲ့ စွမ်းအားအစစ်အမှန်ကို ပြသမယ်။ အဲဒါကမှ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်” သူက ထိုသို့ပြောရင်း အမိန့်ပေးရန် ပြင်လိုက်သည်။
ဖက်တီးမှာ တုန်ရီလာပြီး သွေးကြောကြီးများ နဖူးတွင် ထောင်လာ၏။ သူက နောက်တစ်ဖန် မာန်သွင်းဟိန်းဟောက်လိုက်ပြန်သည်။
“မပူနဲ့ ခေါင်းဆောင်ကြီး။ ကျုပ်က ကျင်းဟန်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပဲလေ။ ကျုပ် အသေဆိုးနဲ့ သေရရင်တောက်မှ ဂိုဏ်းကို ဒီကပ်ဘေးကနေ ကယ်တင်မယ်။ ဒီတစ်ခေါက် ကျုပ် မန်ဟို့ကို ကျင်းဟန်ဂိုဏ်းရဲ့ ဂိုဏ်းသား၊ အနာဂတ် ရွှေမင်းသားလို့ပဲ ပြောလိုက်တော့မယ်။ သူ သဘောမတူရင် သူ့အရှေ့မှာတင် ကျုပ် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်” သူက သေရမည်ကို မကြောက်သော မျက်နှာထားဖြင့် လေပေါ်ပျံတက်လိုက်လေသည်။ (ကျင်း = ရွှေ)
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ကိုယ်လုံး တုန်ရီသွားပြီး ကျန်ဂိုဏ်းသားများမှာ ဖက်တီး၍ မျက်ရည်လည်ရွှဲနေသောမျက်နှာနှင့် သေမင်း၏ရှေ့မှောက်တွင် တည်ငြိမ်နေပုံကို ကြည့်ကာ စိတ်နှလုံးလှုပ်ရှားသွားကြ၏။
“အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ” စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ပြောသည်။ “မင်းက အခု ကျင်းဟန်ဂိုဏ်းရဲ့ ရွှေမင်းသားပဲ” ဤအခိုက်အတန့်တွင် သူသည် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသော်လည်း လက်ရှိသေရေးရှင်ရေး အခြေအနေကြောင့် သိပ်မစဉ်းစားလိုက်ပေ။
ဖက်တီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့သည်။ သူက အသက်ပြင်းပြင်းရှူ၍ အပေါ်ဝတ်ရုံကို ဆွဲဖြဲလိုက်ရာ အဆီခေါက်ကြီးများ ပေါ်လာသည်။ သူသည် ဂိုဏ်းအတွက် အသေခံရန် စိတ်ပိုင်းဖြတ်ထားသည့်အလား လေးနက်မှုအပြည့်ဖြင့် အော်လိုက်သည်။ “ခေါင်းဆောင်ကြီး၊ ကျေးဇူးပြုပြီး ကျုပ်ကို ဆေးမင်ကြောင်တစ်ခုနဲ့ ချီးမြှင့်ပေးပါ
“ ‘ကျင်းဟန်ဂိုဏ်းရဲ့ ရွှေမင်းသား’ ဆိုတဲ့ စာလုံးတွေကို ကျုပ် နောက်ကျောမှာ ထိုးပေးပါ”
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ ပါးစပ်အဟောာင်းသားနှင့် မျက်နှာကြီး မဲ့သွားတော့သည်။
(ဘာသာပြန်သူ၏တောင်းပန်ချက် - ကျွန်တော်နေမကောင်းတဲ့အတွက် ဒီတစ်ပတ်ထွက်နိုင်ဖို့ ၁၂ ပိုင်းပဲ အလျင်မှီအောင် ရေးလိုက်နိုင်ပါတယ်။ နောက်လာမယ့်စာအုပ်မှာ ၁၆ ပိုင်း ထည့်ပေးလိုက်ပါ့မယ်။ အဆင်မပြေမှုများ ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်)
***