← Chapters

လီမျိုးနွယ်စုပျက်သုဉ်းခြင်း

Vol. 55 Ch. 757

လီမျိုးနွယ်စုပျက်သုဉ်းခြင်း

Vol. 55 Ch. 757

ဖက်တီးပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျင်းဟန်ဂိုဏ်းသားအကုန်လုံး တအံ့တဩ လှမ်းကြည့်လိုက်ကြသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ အီးမှန်ထားသကဲ့သို့ မျက်နှာကြီးမဲ့ရွဲ့နေပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းရင်း မနည်းအားတင်း၍ အင်မတန်ရင်ထဲထိသွားသည့်အလား စကားပြောလိုက်လေ၏။

“ဘယ်လောက်သိတတ်လိုက်တဲ့ ကလေးလဲကွာ ကြည့်စမ်း။ ဂိုဏ်းအနေနဲ့ မင်းကို ဘယ်တော့မှ မမေ့စေရဘူး။ မင်းက ငါတို့ရဲ့ သူရဲကောင်းပဲ

“သိပ်ကောင်းတယ်၊ မင်းတောင်းဆိုတဲ့အတိုင်း ဆေးမင်ကြောင် ချီးမြှင့်ပေးရတာပေါ့” စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသည် ပြောပြောဆိုဆိုနှင့် ညာလက်ကို ဖက်တီးဆီသို့ ဝှေ့ယမ်းလိုက်ရာ ‘ကျင်းဟန်ဂိုဏ်း၏ ရွှေမင်းသား’ ဆိုသော စာလုံးများက ဖက်တီး၏ကျောပေါ်တွင် ပေါ်လာတော့သည်။

စာလုံးများအား အသားအပေါ် ထွင်း‌နေခြင်း ဖြစ်သည့်အတွက် ဖက်တီးမှာ အံတင်းတင်းကြိတ်ပြီးမျက်ရည်တစ်ပေါက်နှစ်ပေါက်ပင် ကျလိုက်မိသည်။ သို့သော် သူကား အသံတစ်သံမှမထွက်။ စာလုံးများအား ထွင်းပြီးလျှင်ချင်း သူသည် သွားတင်းတင်းစေ့၍ သူနှင့်တစ်ဂိုဏ်းတည်းသားများကိုအဓိပ္ပါယ်ပါပါတစ်ချက် ကြည့်လိုက်သည်။

“ကျုပ် အခု သွားပြီနော်” သူက ပြောသည်။ “ပြီးတော့ ပြန်‌လာချင်မှ ပြန်လာနိုင်တော့မှာ။  အကယ်လို့သေသွားခဲ့ရင်တောင်မှ ကျုပ်က   အမြဲကျင်းဟန်းဂိုဏ်းသားပဲ။ အသွေးအသားကိုယ်အရပဲဖြစ်ဖြစ်၊စိတ်နဲ့ ဝိညာဉ်အရပဲဖြစ်ဖြစ်

“ရောင်ရင်း‌ဂိုဏ်းသားတို့။ ချစ်ဇနီးချောလေးတို့၊ ကျုပ် အခု သွားပြီ” သူကား ဂိုဏ်းမှ ပျံထွက်သွားခဲ့လေပြီ။

ဖက်တီး လေကို ခွင်းသွားစဉ် ဂိုဏ်းသားအတော်များများမှာ မျက်နှာမဲ့တဲ့တဲ့ ဖြစ်နေကြပြီး တစ်ယောက်ဆိုလျှင် မယုံသင်္ကာသလိုပင် ထပြောလာ၏။

“ဟိုလေ ငါပဲ စိတ်ထင်လို့လားမသိဘူး။ ညီလေးလီပုံစံက နည်းနည်း ထူးဆန်းနေတယ် မထင်ဘူးလား” သူက မေးလိုက်သည်။

သူ့မေးခွန်းကြောင့် ဂိုဏ်းသားအနည်းငယ်မှ မျက်မှောင်ကြုတ်၍ တုံ့ပြန်တော့မည့်အချိန် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။

“လီဖူကွေ့က ဂိုဏ်းအတွက် အသက်စွန့်ပေးလိုတဲ့အပြင် သူ့ကို ဆေးမင်ကြောင်...” ဆေးမင်ကြောင်ဟု ပြောပြီးနောက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ သူ့ကိုယ်သူ လိမ်ညာရင်းခဏရပ်လိုက်သည်။ သူသည် စစချင်း မည်သည်ကိုမှ မရိပ်မိသော်လည်း နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ရသူ မဟုတ်ပါလော။ အဆုံးသတ်တွင် ဖက်တီးမဟုတ်သော ဖက်တီး၏အပြုအမူကိုမည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။

သူ့အတွက် ဖက်တီး ချော်လဲရောထိုင် အမြတ်ထုတ်နေသည်ကို နားလည်ရန် တခဏသာ ကြာလိုက်လေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးအနေဖြင့် အမှန်တကယ် အသိအမှတ်ပြုခဲ့ခြင်းမဟုတ်သော်လည်း လက်ရှိအခြေအနေအရ သူ့မှာ နှုတ်ပိတ်နေဖို့သာ ရှိ၏။

သူ့ခမျာ ဆိတ်ဆိတ်သာ နေနေရရုံသာမက ဖက်တီး၏ သိသာလွန်းသောအပြုအမူကို ဖုံးကွယ်ပေးပြီးယုတ္တိရှိအောင်လည်း ကူညီပေးရဦးမည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသည် ဤအခြင်းအရာကို သဘောပေါက်လိုက်‌သောအခါ သက်ပြင်းမချမိဘဲ မနေတော့ပေ။

“မသင်္ကာဖြစ်နေကြရင် သူ့အစား သွားလိုက်ကြ” သူက ဆက်ပြောလိုက်သည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးမှာ ဆေးမင်ကြောင်အား မည်သို့ ချီးမြှင့်ပေးခဲ့ရသလဲ ပြန်တွေးကြည့်သော် အဖြစ်အပျက်တစ်ခုလုံးမှာ တစ်စက်လေးမှာ အဓိပ္ပါယ်မရှိသည့်ပုံပေါ်နေကြောင်း   မတွေးမိဘဲ မနေပေ..... “လီဖူကွေ့ရာ မင်း ဒီ့ထက် ပိုပီပြင်အောင် မဟန်ဆောင်နိုင်တော့ဘူးလား” သူက တွေးနေသည်။ “မေဘေးလေး ‌ဆေးမင်ကြောင်ကို ဘာလို့ ... မင်းတော့နော်”

သို့သော် မန်ဟိုနှင့် ဖက်တီးကြားက ဆက်ဆံရေးကို ထည့်တွက်ရင်း သူ့မှာ ဖက်တီးကိုအတိုက်အခိုက်လုပ်ဖို့ အရဲမစွန့်နိုင်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဖက်တီးကို ဘာကြောင့် ဆေးမင်ကြောင်ထိုးပေးခဲ့သလဲဆိုသော အကြောင်းရင်း၊ လူတိုင်း ယုံလောက်မည့်အကြောင်းရင်းများကိုဖြစ်ညစ်စဉ်းစားခြင်းစတင်ရတော့သည်။

ခေါင်းဆောင်ကြီး ဦးနှောက်ခြောက်နေသည့်အချိန်တွင် ဖက်တီးကတော့ ယခင်အတိုင်း တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဂိုဏ်းမှ ပျံထွက်လာခဲ့လေပြီ။

“ဟဲဟဲဟဲ” သူက စိတ်ထဲတွင် ကြိတ်ရယ်လိုက်သည်။ “ဘိုးဘိုးဖက်တီးကတော့ တော်ပြန်ပြီ။အထူးသဖြင့် ဂုဏ်ထူးဆောင်ဆေးမင်ကြောင်။ အဲ့ဒါနဲ့ဆို နောက်ကျရင် ဘယ်သူမှ ငါ ရွှေမင်းသားဆိုတာ ငြင်းလို့မရတော့ဘူး။ အင်္ကျီလေး ချွတ်ပြလိုက်ရုံနဲ့ ပွဲသိမ်းပြီ” သူသည် သူ့ကိုယ်သူ အတော်လေးကျေနပ်နေရင်း မန်ဟို့ဆီ ပျံသန်းလာ၏။

မန်ဟိုသည် ပြောင်ဝင်းနေသော အသားဖြူဖြူလုံးကြီး သူ့ဆီ လာနေသည်ကို ပါးစပ်အဟောင်းနှင့်ကြည့်ရင်း လေတွင် ပျံဝဲနေသည်။ သူက ဖက်တီးရောက်လာသော် မချိုမချဉ်ပြုံး၍ လက်ကိုဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ဝေဝါးသွားစေလိုက်သည်။ ထို့နောက် ဖက်တီး၏ကျောတွင် ထွင်းထားသော စာလုံးများကို သတိထားမိလိုက်၏။

“ကဲ ဘယ်လိုထင်လဲ” ဖက်တီးက ကျွမ်းထိုးမိမတတ် ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြောသည်။

မန်ဟိုက တခဏ စိုက်ကြည့်နေပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်သည်။

“ဘာဖြစ်လို့တုန်း” ဖက်တီးက သိပ်‌‌မကျေနပ်ပုံဖြင့် မေးသည်။ သူသည် ဓားပျံတစ်လက်ကို အလိုလိုထုတ်ပြီး သိပင်မသိလိုက်ဘဲ သူ့သွားကို တိုက်စားနေမိလေပြီ။

“မင်းကွာ ဘာလို့ ဒီလောက်ရည်မှန်းချက်မကြီးရတာတုန်း” မန်ဟိုက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောသည်။ “ ကျင်းဟန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုပြီး ရေးခိုင်းလိုက်ရမှာ”

ဖက်တီးက ရုတ်တရက် သွားကို တိုက်စားနေခြင်းအား ရပ်လိုက်ပြီး မျက်လုံးကြီးပြူးကျယ်သွား၏။သူကား ဟိန်းဟောက်လိုက်ပြီး မျက်လုံးများ နီရဲသွားလေတော့သည်။

“သေစမ်း ... သေစမ်း ... ဘယ်လိုလုပ်ပြီး အဲ့ဒါကို မတွေးမိတာလဲ။ မဖြစ်တော့ဘူး။ မန်ဟို ‌နေဦးသဘောမတူနဲ့ဦး။ ခဏလေးစောင့် ငါ ဂိုဏ်းကို ပြန်သွားလိုက်ဦးမယ်” ဖက်တီး ဂိုဏ်းသို့ လှည့်ထွက်သွားတော့မည့်အချိန် မန်ဟိုက သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။

မန်ဟိုမှာ ဖက်တီးကို ဆွံ့အစွာ ကြည့်နေမိ၏။ ထို့နောက် မှီခိုရာဂိုဏ်းမှာတုန်းက ဖက်တီး မည်ကဲ့သို့ကိုးရို့ကားရား လုပ်ခဲ့သလဲ ပြန်တွေးပြီးနောက် ရုတ်တရက် အကုန်လုံး နားလည်သွားတော့သည်။

“ရွှေမင်းသားလည်း အဆင်ပြေပါတယ်ကွ” မန်ဟိုက ကပျာကယာ ပြောလိုက်သည်။ “ငါ့ကိုကြည့် ငါလည်း ဂိုဏ်းမင်းသားတစ်ဦးပဲလေ” ဖက်တီး ဆက်ပြီးမွှေတော့မည်စိုးသဖြင့် သူက သူ၏အသံကိုကျင်းဟန်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် လျင်မြန်စွာ ဖြန့်ကျက်လိုက်တော့သည်။

“ကျင်းဟန်ဂိုဏ်း ... လီဖူကွေ့က မင်းတို့ရဲ့ ရွှေမင်းသားဖြစ်လာပြီဆိုတော့ မင်းတို့သွေးမိစ္ဆာဂိုဏ်းကိုဝိုင်းတိုက်ခဲ့တဲ့ လုပ်ရပ်အတွက် သေဒဏ်ကျရခံမယ့်ဘေးကနေ ကင်းလွှတ်ပေးမယ်။ အခုကစပြီးမင်းတို့က သွေးမိစ္ဆာဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီ

“မင်းတို့ရဲ့ အဓိက တာအိုဒဿနတွေနဲ့ အယူဝါဒတွေကို ဆက်လက်ထိန်းသိမ်းခွင့်ပေးမှာ ဆိုပေမယ့်မင်းတို့အနေနဲ့ ဝိညာဉ်မျှင်ထုတ်ပြီး သွေးသစ္စာကျိန်ကို ကျိန်ရမယ်”

မန်ဟို၏စကားကို တုံ့ပြန်သည့်အနေဖြင့် ကျင်းဟန်ဂိုဏ်း၏ မန္တန်ဝင်္ကပါများက ဂိုဏ်းကို ဖော်ပြလိုက်လေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှင့်အတူ ထောင်သောင်းချီသောဂိုဏ်းသားများအားလုံး ပျံထွက်လာပြီး မန်ဟို့ကို အရိုအသေပြုကြသည်။

“ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်းရဲ့ အမိန့်ကို နာခံပါ့မယ်”

ကျင်းဟန်ဂိုဏ်းသည် အညံ့ခံလိုက်ကြပြီး ၎င်း၏အဖွဲ့ဝင်များက ဝိညာဉ်မျှင်များထုတ်ကာ သွေးသစ္စာဆိုကြလေသည်။ ဖက်တီးက  ဂိုဏ်း၏ ရွှေမင်းသားဖြစ်လာခဲ့ပြီး အသိအမှတ်မပြုသူ တချို့ရှိသော်လည်း ဘယ်သူမှ ဘာမှမပြောရဲပေ။ မန်ဟို၏ခြိမ်းခြောက်မှုက ကြီးမားလွန်းသည် မဟုတ်ပါလော။

မည်သို့ဆိုစေ သူတို့၏မနှစ်မြို့မှုမှာ သိပ်တော့ မကြီးမားလှပေ။ မန်ဟိုကိုယ်တိုင်သာ ဖက်တီးကို ရွှေမင်းသားအဖြစ် တင်မြှောက်ဖို့ သူတို့အား ဖိအားပေးခဲ့လျှင် အခြေအနေက တစ်မျိုးဖြစ်သွားကောင်းဖြစ်သွားလိမ့်မည်။ ကျင်းဟန်ဂိုဏ်းပြဿနာကို ယခုလို ဖြေရှင်းခြင်းက အကောင်းဆုံးနည်းလမ်းမဟုတ်သော်လည်း မန်ဟို့အနေဖြင့် လက်ခံပေးနိုင်လေသည်။

ကံဆိုးစွာနှင့် သူသည် သွေးမိစ္ဆာဂိုဏ်းသားများအတွက် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူတို့မှာကလဲ့စားချေရန် ရောက်လာခဲ့ကြသော်လည်း အဆုံးသတ်တွင် မည်သူ့ကိုမှ သတ်ခွင့်မရခဲ့ပေ။ သူတို့၏အမျက်ဒေါသနှင့် မကျေမချမ်းမှုတို့မှာ ဖွင့်ထုတ်ပုံချစရာ နေရာမရှိသည့်အတွက် ပြည်တည်သကဲ့သို့သာ ကြီးထွားလာခဲ့တော့သည်။။

မန်ဟို၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွား၏။

“သွားစို့ လီမျိုးနွယ်စုကို” သူက အော်လိုက်သည်။

သူသည် လီမျိုးနွယ်စုအပေါ် ဘယ်တုန်းကမှ အထင်ကြီးလေးစားခဲ့ဖူးခြင်း မရှိပေ။ အထူးသဖြင့်လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဆုံတွေ့ခဲ့ရသော လီတောက်ရီ။ လီမျိုးနွယ်စုမှ မန်ဟိုနှင့် ဘာမှမပတ်သက်သည့် တစ်‌ယောက်တည်းသောသူမှာတော့ မိုးကြိုးဝိညာဉ်အဖြစ် ပြောင်းလဲခံခဲ့ရသောသွေးမျက်နှာဖုံးထဲရှိ လီခေါင်းဆောင်ကြီးသာ ဖြစ်လိမ့်မည်။

မန်ဟိုက သူ့အနောက်ရှိ သွေးမိစ္ဆာဂိုဏ်းသားများ၊ သတ်ဖြတ်လိုစိတ်တို့အား ကြာမြင့်စွာ ချုပ်တည်းထားခဲ့ရသော ဂိုဏ်းသားများဘက် လှည့်ကာ ပြောလိုက်သည်။ “လီမျိုးနွယ်စုအတွက် အညံ့ခံဖို့အခွင့်အရေး မရှိဘူး”

သူက ထိုသို့ပြောရင်း အင်္ကျီလက်စကို ခါကာ လေပေါ်ပျံတက်လိုက်သည်။ သွေးမိစ္ဆာဂိုဏ်းသားများကား သတ်ဖြတ်လိုစိတ်များ၏ ဝါးမြိုမှုကို ခံယူရင်း သူ့နောက်မှ လိုက်သွားသော အလင်းတန်းများအသွင်ပြောင်းသွားတော့၏။ သွေးမိစ္ဆာဂိုဏ်းမှာ ပြီးခဲ့သည့် တိုက်ပွဲမှာတုန်းက သွေးသောက်ရဲဘော်များစွာ ဆုံးရှုခဲ့ရသည်မဟုတ်ပါလော။ ဖြစ်ပေါ်လာသော ကလဲ့စားချေလိုစိတ်မှာ ပြင်းပြပြီး နက်ရှိုင်းနေလေသည်။

ဤသည်မှာ သွေးနှင့်သာ ဆေးချပစ်နိုင်သော ရန်ကြွေးဖြစ်၏။

ချင်းလော်ဂိုဏ်းက အစကတည်းက ပြောင်တလင်းခါနေခဲ့ပြီးသား ဖြစ်သည်။ ယီးကျန့်ဂိုဏ်းကအညံ့ခံသည်။ ကျင်းဟန်ဂိုဏ်းတွင် လီဖူကွေ့ရှိသည်။ သူတို့သည် မန်ဟို၏ ဆုံးဖြတ်ချက်များကိုလေးစားသော်လည်း သတ်ဖြတ်လိုစိတ်အား ချုပ်တည်းထားခဲ့ရသည်မှာ ကြာ‌ခဲ့ပြီဖြစ်သည့်အတွက်ထွက်ပေါက်ရှာ ပုံချဖို့ လိုအပ်နေလေပြီ။

ထိုသို့ ပုံချရမည့် နေရာကား လီမျိုးနွယ်စုမှတစ်ပါး အခြားမဟုတ်ပေ။

လီမျိုးနွယ်စုမှာလည်း တိတ်ဆိတ်ငြိမ်သက်ခြင်း လုံးလုံးမရှိ။ အကုန်လုံး ဆူညံပွက်လောရိုက်၍အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ မျိုးနွယ်ဝင်သောင်းဂဏန်းမျှ အသက်ရှင်ကျန်ခဲ့ပြီးတစ်ယောက်တည်း ရှိတော့သော တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် ခေါင်းဆောင်ကြီးလည်း အိပ်စက်နေရာမှ နိုးထလာခဲ့လေပြီ။ သူတို့သည် မျိုးနွယ်စုတစ်စုလုံးအား တောင်ပိုင်းဒေသမှ နေရာရွှေ့ပြောင်းရန် ကြိုးစားနေကြ၏။

မူလက သူတို့သည် အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားခြင်းက သွေးမိစ္ဆာဂိုဏ်းမှကလဲ့စားချေမှုကို ဟန့်တားနိုင်မည်ဟု တွေးထင်ခဲ့၏။ သို့သော် ယီးကျန့်ဂိုဏ်း၏ မန္တန်ဝင်္ကပါမှာပျက်စီးသွားခဲ့ရသည်ဖြစ်ရာ သူတို့၏မျှော်လင့်ချက်ကို ဖျက်စီးလိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူတို့မှာ ..... တောင်ပိုင်းဒေသ၏မြေပုံပေါ်၌ လီမျိုးနွယ်စု ဘယ်နည်းနှင့်မှ ရှိ‌နိုင်တော့မည်မဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားကြ၏။

သူတို့သည် အညံ့ခံဖို့ စဉ်းစားကြသော်လည်း ကျင်းဟန်ဂိုဏ်းက အညံ့ခံခဲ့ပြီဖြစ်ရာ လီမျိုးနွယ်‌စု၏တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ခေါင်းဆောင်ကြီးမှာ မဟာကပ်ဘေးကြီး သူတို့ဆီ ဦးတည်လာနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

“သွေးမိစ္ဆာဂိုဏ်းက ကလဲ့စားချေဖို့ ချီတက်လာကြပြီ” ခေါင်းဆောင်ကြီးက ပြောသည်။ “ချင်းလော်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်းနဲ့ ကျင်းဟန်ဂိုဏ်းတို့မှာ သတ်တာဖြတ်တာတွေ မလုပ်ခဲ့ကြဘူး... ဒါကြောင့် ငါတို့ လီမျိုးနွယ်စုတော့ သေတွင်းထဲ ရောက်ပြီပဲ” သူတို့အား တောင်ပိုင်းဒေသမှ နေရာရွှေ့ပြောင်းရန်ပြင်ဆင်မှုများအား  တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်ကြတော့၏။

ကံဆိုးစွာနှင့် သူတို့၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝ လည်လာသည်နှင့် တစ်ပြိုင်တည်းဆိုသလို အလွန်ကျယ်လောင်သောထစ်ချုန်းသံကြီး လေတွင်ပြည့်နှက်သွားပြီး ဧရာမမှော်သင်္ကေတထီးနက်ကြီးတစ်ခု မျိုးနွယ်စု၏အပေါ်တွင် ပေါ်လာသည်။

ထီးနက်သည် အကန့်အသတ်မရှိသော ရောင်စဉ်တန်းတို့ဖြင့် တောက်ပလျက် ချက်ချင်း ပေါက်ကွဲသွားရာ သဏ္ဌာန်မဲ့လှိုင်းတို့အား အပြင်သို့ ဖြာထွက်သွားစေသည်။ လှိုင်းများက လီမျိုးနွယ်စုကို ဖျက်စီးရန် မဟုတ်ဘဲ ပိတ်လှောင်ရန် လွှမ်းခြုံလိုက်၏။

ပိတ်လှောင်ခံလိုက်ရသည်နှင့် လီမျိုးနွယ်စု၏ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများမှာ ချက်ချင်း အလုပ်လုပ်ခြင်း ရပ်သွားတော့သည်။

ပိတ်လှောင်မှုကို တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့် နတ်ဘုရားစိတ်ဆန္ဒ၏ အစွမ်းမှ ပြုလုပ်ခြင်းဖြစ်၍  အရပ်လေးမျက်နှာလုံးတွင် ကီလိုမီတာရာပေါင်းများစွာ ရောက်သည်အထိ ပြန့်ကားသွားလေသည်။

ဤဧရိယာသည် တစ်‌လောကလုံးမှ အဆက်အသွယ်ဖြတ်ထားသော ကမ္ဘာတစ်ကမ္ဘာအလားပင်။

လီမျိုးနွယ်စုတွင် နောက်ထပ်တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ပညာရှင် မရှိသရွေ့ အထူးမှော်ပစ္စည်းများဖြင့်ပင်လျှင် ပိတ်လှောင်မှုကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။ ထိုမျှသာမက မန်ဟို၏ဒုတိယကိုယ်အစစ်သည် ယခုတွင် မျိုးနွယ်စု၏အပေါ်ရှိ လေလယ်တွင် မျက်လုံးများပိတ်လျက် တင်ပျဉ်ခွေထိုင်နေပြီး အောက်ရှိ လီမျိုးနွယ်စုကို လျစ်လျူရှုထား၏။

သူသည် ယီးကျန့်ဂိုဏ်း၏ အဖြစ်အပျက်ကို ကြားလျှင်ချင်း လီမျိုးနွယ်စု မထွက်ပြေးနိုင်အောင်ဟန့်တားဖို့အတွက် ဤနေရာသို့ မန်ဟို၏ စေလွှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒုတိယအစစ်အမှန်ကိုယ်သည် မျက်လုံးများပိတ်လျက် တင်ပျဥ်ခွေထိုင်နေသော်လည်းသူ၏ခန္ဓာကိုယ်မှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဖိအားကို ထုတ်လွှတ်နေ၏။ ပိတ်လှောင်မှုအတွင်းရှိ လီမျိုးနွယ်ဝင်အကုန်လုံးမှာ ကြောက်ဒူးတုန်နေကြတော့သည်။ ၎င်းသည် နှလုံးသား၏အနက်ရှိုင်းဆုံးထဲမှ လာသော အကြောက်တရားဖြစ်ပြီး တစ်မျိုးနွယ်စုလုံးကို လျင်မြန်စွာ သက်ရောက်သွား၏။

“မန်ဟို” လီမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးကိုးဖြစ်သူ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ခေါင်းဆောင်ကြီးက ပြောသည်။ သူသည် မျိုးနွယ်စု၏ ပရဝုဏ်ထဲမှ ပျံထွက်လာပြီး  အင်္ကျီလက်စကို ခါလိုက်ရာပန်းချီကားလိပ်တစ်လိပ် ပေါ်လာ၏။

ပန်းချီကားလိပ်က မျက်လုံးမှိတ်၍ တရားထိုင်နေသော အမျိုးသမီးတစ်ဦး၏ပုံကို ဖော်ပြထားသည်။ပထမဆုံးကြည့်လျှင် သူမသည် မယုံနိုင်‌လောက်အောင် ချောမောလှပသော်လည်း အနီးကပ်ကြည့်ပါက သူမ၏ပုံပန်းသွင်ပြင်မှာ အတော်လေး မပီပြင်လှပေ။ သူမ ပေါ်လာလျှင်ချင်း အံ့ဖွယ်လှိုင်းများအရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ လီမျိုးနွယ်ခေါင်းဆောင်ကြီးကိုးက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ လှိုင်းများအား မန်ဟို၏ဒုတိယကိုယ်အစစ်ကို တိုက်ခိုက်ရန် ဖြာထွက်သွားစေသည်။

ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး လေထုသည် ရှုံ့တွသွား၏။ မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်ကမျက်နှာလုံးများကို ဖြေးညင်းစွာ ဖွင့်ကာ အေးစက်မှုအား ဖော်ပြလိုက်သည်။ သူသည် လီမျိုးနွယ်ခေါင်းဆောင်ကြီးကိုးကို ငုံ့ကြည့်ပြီး အေးစက်စက် နှာတစ်ချက်မှုတ်ရင်း အောက်သို့ လက်ညှိုးထိုးလိုက်၏။

ထိုလက်ဟန်က ‌အောက်ရှိမြို့တော်ကို တုန်ခါလာစေသည်။ အတွင်းရှိ ကျင့်ကြံသူအားလုံး၌ ပိန်ချုံးခြောက်ကပ်လာသော လက္ခဏာများ ‌ပေါ်လာ၏။ ပိတ်လှောင်မှုအတွင်းက ကမ္ဘာ၏ သဘာဝနိယာမမှာ ပြောင်းလဲသွားခဲ့သ‌ယောင်ပင်။

လီမျိုးနွယ်ခေါင်းဆောင်ကြီးကိုး မျက်နှာပျက်သွားပြီး စိတ်ထဲတွင် အော်ဟစ်လိုက်မိသည်။ထို့နောက် သူသည် လျှာကို ကိုက်၍ သွေးတစ်ပွက် ထွေးထုတ်လိုက်ရာ ပန်းချီကားလိပ်မှ စုပ်ယူလိုက်၏။

“ဘိုးဘေးကြီး” သူက သောကအပြည့်ဖြင့် တိုင်တည်လိုက်သည်။

သူ၏အသံ ဟိန်းထွက်သွားစဉ် စာလိပ်သည် မီးတောက်သွားပြီး အထဲရှိ အမျိုးသမီးက ပါးစပ်ဟလိုက်၏။

သူမ စကားပြောလိုက်သောအခါ သူမ၏အသံသည် ခပ်ဆတ်ဆတ် ဖြစ်သည့်တိုင် ထူးဆန်းစွာနှင့်ညို့အားပြင်းလေသည်။ “လီမျိုးနွယ်စုက မူလအစတုန်းက တောင်ကောင်းကင်ဂြိုဟ်က မဟုတ်ဘဲမြောက်ကျူပင်ဂြိုဟ်ကပဲ။ တာအိုရောင်ရင်း၊ ရှင် ဒီလူတွေကို သတ်ရင် လီမျိုးနွယ်စုအနေနဲ့ ရှင် မသေမချင်း အနားယူမှာ မဟုတ်ဘူး

“လီမျိုးနွယ်စုရဲ့ မူလအစနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ မသိမှုအပေါ် ‌စိတ်မကွက်ပါဘူး။ ပြစ်ဒဏ်အနေနဲ့လက်ကိုပဲ ဖြတ်လိုက်ပါ။ ဒါ့အပြင် မျက်လုံးနှစ်လုံးလုံး ဖောက်ထုတ်ပစ်လိုက်... အဲ့ဒါက လီမျိုးနွယ်မဟုတ်ဘဲ ကျွန်မကို ကြည့်လိုက်မိတဲ့ ဘယ်သူမဆိုအတွက် ပြစ်ဒဏ်ပဲ

“အခု ရှင် ဒီ လီမျိုးနွယ်တွေကို ဖယ်ရှားပစ်မလား မဖယ်ရှားပစ်မလားဆိုတာကတော့ ရှင့်ရွေးချယ်မှုနဲ့ရှင်ပဲ”

***

All Chapters