အပိုင်း ၇၅၈
Vol. 55 Ch. 758
မန်ဟို့ဒုတိယအစစ်အမှန်ကိုယ်၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ဒုတိယအစစ်အမှန်ကိုယ်၏ ဝိညာဉ်မှာ မန်ဟို၏ဝိညာဉ်မဟုတ်သော်လည်း သူ့အပြင်အားကိုယ်အတွင်း၌ ကွယ်ဝှက်နေသော စွမ်းအားနှင့်အတူ မန်ဟို့နတ်ဘုရားစိတ်ဆန္ဒ၏ ကျေးဇူးကြောင့် ဒုတိယကိုယ်အစစ်အနေဖြင့် အပြင်အားကိုယ်ကို သူ၏ခန္ဓာကိုယ်သဖွယ် အသုံးပြုနိုင်လေသည်။
“ထွက်သွားစမ်း” ဒုတိယကိုယ်အစစ်က အေးတိအေးစက် ပြောသည်။
စကားလုံးများသည် မိုးခြိမ်းသံတမျှ မကျယ်လောင်သလို အကန့်အသတ်မဲ့လှိုင်းဂယက်များလည်း မရှိပေ။ အလွန်ကြောက်လန့်ဖွယ်ကောင်းသော အအေးဓာတ်သာ အရပ်လေးမျက်နှာသို့ ဖြာထွက်ကာကီလိုမီတာရာပေါင်းများစွာဝန်းကျင်ရှိ အရာအားလုံးရှိ အေးခဲသွားစေသည်။
မီးတောက်လောင်နေသော ပန်းချီကားထဲရှိ အမျိုးသမီး၏ မျက်လုံးများပြူးကျယ်လာသည်။
“နင်က နင့်အတွက် ဘာကောင်းလဲဆိုတာ တကယ်မသိဘူးပဲ” သူမက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ကောက်ချက်ချလိုက်သည်။ သူမသည် ညာလက်ကို မြှောက်လိုက်ရာ မီးမုန်တိုင်းတစ်လုံးပေါ်လာ၏။ မီးမုန်တိုင်းက ဒုတိယအစစ်အမှန်ကိုယ် ဖန်ဆင်းထားသည့် ဧရိယာကို ဝင်တိုက်ဖို့ကြိုးစားရင်း အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ဒုတိယကိုယ်အစစ်သည် အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် လေထဲတွင် ပြည့်နှက်သွားသောထစ်ချုန်းသံကြီးကို လျစ်လျူရှုရင်း မျက်လုံးများပိတ်လျက်ရှိ၏။ သူက အရာအားလုံးကို ဟာကွက်မရှိ ပိတ်လှောင်ထားလေရာ လီမျိုးနွယ်စုအတွက် ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပေ။
အချိန်များ ကုန်လွန်သွားပြီး လီမျိုးနွယ်စုမှာ ပိုပို၍ ထိတ်ပျာလာသည်။ သူတို့သည် မည်သည့်ပညာရပ်ကိုပင် အသုံးပြုစေကာမူ မလွတ်မြောက်နိုင်ဖြစ်နေ၏။ နေရာရွှေ့ပြောင်း၍လည်း မရသလို၊ဒုတိယကိုယ်အစစ်မှ ဖန်တီးထားသော ပိတ်လှောင်နယ်ကိုလည်း ချိုးဖျက်၍မရပေ။ ပန်ချီကားအပေါ်ရှိ အမျိုးသမီး၏မျက်နှာပင် မသာမယာ ဖြစ်လာသည်။ သူမသည် ... နတ်ဘုရားစိတ်ဆန္ဒအမျှင်လေးတစ်မျှင်သာ မဟုတ်ပါလော။ သူမအနေဖြင့် သည့်ထက်ပို၍ သန်မာစေကာမူ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်နှင့် ကွာခြားသော တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် ပန်းချီကားလိပ်လေးတစ်လိပ်ထက် မပိုသေးပေ။
တောင်ကောင်းကင်ဂြိုဟ်၏ လီမျိုးနွယ်စုဆိုသည်မှာ မြောက်ကျူပင်ဂြိုဟ်ရှိ ပင်မလီမျိုးနွယ်စု၏အခွဲများစွာထဲကမှ တစ်ခုလေးသာ မဟုတ်ပါလော။ ပင်မမျိုးနွယ်စုနှင့် ထူးခြားသောပတ်သက်မှုတချို့ ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့သည် မျိုးပြုတ်နေလောက်ပြီဖြစ်၏။ သူတို့၏ အောင်မြင်ကျော်ကြားခဲ့မှုနှင့် လက်ရှိ အားအင်လျော့နည်းနေမှုမှာ လီမျိုးနွယ်စုတစ်စုလုံး၏ရှုပ်ထွေးသော အတွင်းရေးများနှင့်ယှဉ်လျှင် သိပ်ထွေထွေထူးထူး ခေါင်းထဲထည့်နေစရာ မဟုတ်သည်သာ။
သုံးရက်ကြာသော် ထုံးစံအတိုင်း ထစ်ချုန်းသံများ လေတွင် ပြည့်နှက်နေဆဲဖြစ်သည်။ ပန်းချီကားလိပ်ထဲရှိ အမျိုးသမီးမှာ နတ်ဘုရားစိတ်ဆန္ဒကိုယ်ပွားအနေဖြင့် ထုတ်နိုင်သမျှ စွမ်းအားအလုံးစုံကို ထုတ်ကာ ပိတ်လှောင်နယ်အား ချိုးဖျက်ဖို့ လီမျိုးနွယ်စု၏ သွေးရူးသွေးတန်း အားထုတ်မှုများကိုအားဖြည့်ပေးရင်း တစ်ဝက်ကျော် လောင်ကျွမ်းနေခဲ့လေပြီ။ အားထုတ်မှု၏ ရလဒ်အနေဖြင့် အပြဲကြောင်းများကို မြင်လာနေရပြီဖြစ်၏။
ဤအခိုက်အတန့်တွင် အဝေး၌ အလင်းတန်းပေါင်းများစွာ ပေါ်လာသည်။ ၎င်းတို့သည်အသတ်အဖြတ်စိတ်ဆန္ဒတို့ ထုတ်လွှတ်လျက် အနီရောင်တိမ်တိုက်ကြီးသဖွယ် လေကို ခွင်းလာ၏။
သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းသားသောင်းချီမှာ သူတို့ကိုယ်သူတို့ ချုပ်တည်းထားခဲ့ကြရသည်။ခေါင်းဆောင်နေရာတွင်တော့ ဓမ္မစောင့်ရှောက်သူနှစ်ယောက် ဘေးနှစ်ဖက်မှ ခြံရံခံထားရသော မန်ဟိုပင်။
သူ အနားရောက်လာသည့်အခါ ပန်းချီကားလိပ်ထဲရှိ အမျိုးသမီး၏မျက်လုံးများ အရောင်လဲ့သွား၏။ သူမသည် တစ်ချက်လေး ကြည့်လိုက်ရုံနှင့် ဤသည်မှာ ကိုယ်ပွား၏ အစစ်အမှန်ကိုယ်ဖြစ်ကြောင်း ပြောနိုင်လေသည်။
သူမ၏မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်သွားပြီး သူမ တစ်ခုခု ပြောတော့မည့်ဆဲဆဲမှာပင် မန်ဟို၏မျက်လုံးများက သွေးအေးရက်စက်သွားသည်။ သူက ညာလက်ခလယ်ကို ဝှေ့ယမ်း၍ ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးသည် သွေးရောင်တောက်သော မျက်လုံးကြီးများဖြင့် လီမျိုးနွယ်စုဆီ ပြေးဝင်သွားတော့၏။
တစ်ချိန်တည်းမှာပင် သွေးမိစ္ဆာဂိုဏ်းသားသောင်းပေါင်းများစွာသည် တစ်ချိန်လုံး မြိုသိပ်ထားခဲ့ရသော ဒေါသကို ထုတ်လွှတ်ခွင့်ရလိုက်ပြီဖြစ်၍ မျက်လုံးများ သွေးရောင်တောက်လာကြတော့သည်။
“သတ်ပစ်”
“တစ်ယောက်မှ အရှင်မထားနဲ့ ၊ သတ်ပစ်ကြ”
သွေးမိစ္ဆာဂိုဏ်းသားများသည် သူတို့ဂိုဏ်း၏အပြင်ရှိ တိုက်ပွဲမှ ခါးသီးနာကြည်းဖွယ် ပုံရိပ်များကိုပြန်မြင်ယောင်ပြီး မျက်လုံးနီရဲလာကြ၏။ သွေးဆာမှုနှင့် နာကြည်းဒေါသတို့ဖြင့် သူတို့ကား လီမျိုးနွယ်စုဆီ ချီတက်သွားကြလေပြီ။ တစ်ဖက်တွင် လီမျိုးနွယ်ဝင်များမှာ မျှော်လင့်ချက်မဲ့နေသောမျက်နှာအမူအရာများဖြင့် စိတ်ပျက်လက်ပျက် ပြန်တိုက်ခိုက်ကြသည်။
ဤသည်မှာ မည်သို့မျှထောက်ထားညှာတာပေးမည်မဟုတ်သည့် တိုက်ပွဲတစ်ပွဲဖြစ်၏။ ၎င်း၏မပြောင်းလဲသော ရည်ရွယ်ချက်မှာ တစ်မျိုးနွယ်စုလုံးကို ဖယ်ရှားပစ်ရန်ပင်။
အဝေးမှ ကြည့်နေသော သင်းကွဲကျင့်ကြံသူများမှာ မျက်စိရှေ့မှောက်ရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြတော့သည်။
“သတ်ပွဲကြီးစပြီ...”
“သွေးမိစ္ဆာဂိုဏ်းက တကယ် ကလဲ့စားချေနေတာပဲ”
“လီမျိုးနွယ်စု ... တောင်ပိုင်းဒေသမှာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး”
“လီမျိုးနွယ်စု အမြစ်ဖြုတ်သုတ်သင်ခံရတော့မယ်။ ဝမ်မျိုးနွယ်စုက တစ်ညတည်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာပဲ ဖျက်စီးခံလိုက်ရတယ်။ တောင်ပိုင်းဒေသမှာ ကျန်ခဲ့တဲ့ မျိုးနွယ်စုဆိုလို့ စုန့်မျိုးနွယ်စုပဲ ရှိတော့တယ်”
“ထိပ်သီးဂိုဏ်းကြီးငါးဂိုဏ်းထဲက ချင်းလော်ဂိုဏ်း ဖယ်ရှားခံလိုက်ရပြီးတော့ ယီးကျန့်ဂိုဏ်းကလည်းအညံ့ခံလိုက်တဲ့အတွက် တာအိုအယူဝါဒတွေနဲ့ ဒဿနတွေကို ဆုံးရှုံးလိုက်ရပြီ။ လီဖူကွေ့ကြောင့်မလို့ကျင်းဟန်ဂိုဏ်းအနေနဲ့ အယူဝါဒတွေ ဒဿနတွေကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အထိ ခေါင်းပြန်ထောင်နိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းပဲ ကျန်တော့တယ် ....”
အံ့အားသင့်နေသော သင်းကွဲကျင့်ကြံသူများ စောင့်ကြည့်နေစဉ် သတ်ဖြတ်မှုများမှာ ပြင်းထန်လာသည်။ ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဓမ္မစောင့်ရှောက်သူများသည် အသိစိတ်မရှိသည့်အတွက်အံ့ဖွယ်အားကြီးများဖြင့် တိုက်ခိုက်နေကြ၏။ ပန်းချီကားလိပ်ထဲရှိ အမျိုးသမီးမှာ တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက်၏ ထိုးနှက်မှုကြောင့် ရှုံးနိမ့်သွားပြီး လီမျိုးနွယ်ခေါင်းဆောင်ကြီးကိုး၏မျက်နှာမှာဖြူဖျော့နေလေသည်။ လီမျိုးနွယ်ခေါင်းဆောင်ကြီးကိုးသည် အပြင်အားကိုယ် ဖျက်စီးခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူ၏ အနုသုခုမနတ်ခန္ဓာက အမြန်ဆုံး ပျံထွက်လာ၏။
“ခေါင်းဆောင်ကြီးသုံး” သူက သနားစဖွယ် အော်လိုက်သည်။
ကံဆိုးစွာနှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာ အသိစိတ်မရှိသဖြင့် တစ်ခုတည်းသော တုံ့ပြန်မှုမှာဆက်လက်တိုက်ခိုက်ခြင်းသာ ဖြစ်၏။
လီမျိုးနွယ်ဝင်များသည် ဝမ်းနည်းစွာ တိုက်ခိုက်နေကြသော်လည်း သွေးမိစ္ဆာဂိုဏ်း၏ လက်ရွေးစင်ကျင့်ကြံသူများကို ဘယ်နည်းနှင့်မှ မယှဉ်နိုင်ပေ။
ကနဦးတိုက်ခိုက်မှုနှင့်တင် ထောင်ပေါင်းများစွာ အသတ်ခံရပြီးလေပြီ။
စစ်မြေပြင်မှာ အဆက်မပြတ် သတ်ဖြတ်မှုများကြောင့် မကြာမီ သွေးချောင်းစီးလာသည်။ မန်ဟိုကမတိုက်ခိုက်သလို၊ သူ၏ဒုတိယကိုယ်အစစ်လည်း မတိုက်ခိုက်ပေ။ သူတို့သည် တိုက်ပွဲကို စောင့်ရုံသာ စောင့်ကြည့်နေ၏။
ယခုတွင် မန်ဟိုမှာ အနိဋ္ဌာရုံမြင်ကွင်းများနှင့်ပတ်သက်ပြီး စိတ်ပင်ပန်းငြီးငွေ့စပြုလာသည်။ သူသည်ကျင့်ကြံအားထုတ်ခြင်း စတင်ခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ဘယ်တော့မှလူအများကြီး မသတ်ခဲ့ဖူးပေ.... အနောက်ပိုင်းသဲကန္တာရမှ ပြောင်းရွှေ့လာခဲ့စဉ်တုန်းကပင် ဤကဲ့သို့အတောမသပ်နိုင်သော သတ်ဖြတ်မှုများကို မမြင်ခဲ့ရချေ။
သူ့မှာ အလွန်အမင်း စိတ်ပင်ပန်းနေပြီး သူ၏အမူအရာမှာ တွေဝေငေးကြောင်နေဟန်ရှိသည်။
သူ၏နားထဲတွင် သတ်သံ၊ ဖြတ်သံများ၊ သွေးပျက်မတတ် အော်သံများ၊ မသေခင် ကျိန်ဆဲသွားသံများ၊ ကြွေးကြော်သံများ ပြည့်နေသည်။ အသံများသည် အလွန်ကျယ်လောင်သည့်တိုင် အားလုံးကဟိုး ... အဝေးကြီးမှ လာနေသော ဆူဆူညံညံအသံတစ်သံအဖြစ် ပြောင်းလဲသွားသယောင်ပင်။
သူသည် ရုတ်တရက် သူ့တစ်ကိုယ်လုံး သွေးနံ့နံနေကြောင်း သဘောပေါက်လိုက်၏။ သူ့နှလုံးသားပင်အရောင်ပြောင်းလာပြီး ...မည်းနက်လုနီးပါးဖြစ်နေသည်ကိုပင် အာရုံရလိုက်သည်။
၎င်းသည် သတ်ဖြတ်လိုစိတ် စုပေါင်းလာခဲ့ခြင်းနှင့် အလွန်များပြားသော သတ်ဖြတ်မှုများ၏ ရလဒ်ဖြစ်၏။ သူ၏ နှလုံးသားတစ်ခုလုံး မည်းနက်သွားလျှင်တော့ ထိုအခြင်းအရာက ...မည်မျှသတ်သတ်သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမဟုတ်တော့မည့် အတိုင်းအတာအထိ ရောက်ရှိသွားလိမ့်မည်။
သို့သော် ဤအရာအားလုံးက သူ လိုချင်သည့်အရာ ဟုတ်ပါရဲ့လော။
သူသည် ရုတ်တရက် မိစ္ဆာအင်မော်တယ်ဂိုဏ်းမှာတုန်းက နေ့ရက်များ၊ အနောက်ပိုင်းသဲကန္တာရ၏ ပြောင်းရွှေ့ခြင်းကာလတုန်းက နေ့ရက်များ၊ ဆေးဝါးပညာရှင်အဖြစ် တောင်ပိုင်းဒေသတွင် ကုန်ဆုံးခဲ့သော နေ့ရက်များနှင့် မှီခိုရာဂိုဏ်းမှာတုန်းက သူ၏ရိုးသားနုံအခဲ့သော ဘဝလေးကိုပင် လွမ်းလာမိသည်။
သို့သော် ယခုတော့ သူ့မှာ သတ်ဖြတ်တိုက်ခိုက်မှုများဖြင့် ပတ်ပတ်လည်မှ ဝိုင်းခံထားရ၍ ပင်ပန်းနေလေပြီ။ မျက်လုံးပိတ်လိုက်လျှင် သူ သတ်ပစ်ခဲ့သောသူများ၏ အမုန်းစိတ်ဝိညာဉ်များ သူ့စိတ်ထဲတွင် လွင့်မျောနေသည်ကို အာရုံရသည်။ အဆိုပါအမုန်းစိတ်ဝိညာဥ်တို့က သူ့ကို ဝါးမြိုလွှမ်းမိုးရင်း ပြင်းထန်သော မကျေမချမ်းမှုအပြည့်ဖြင့် ကျိန်စာသဖွယ်ဖြစ်လာခဲ့သည်။ ဘယ်တော့မှ အဆုံးမသတ်နိုင်သော ကျိန်စာ။
မန်ဟိုသည် တည်ငြိမ်တိတ်ဆိတ်စွာ မလှုပ်မယှက် ရပ်နေခဲ့၏။
သူ့မှာ အမှန်တကယ်... လွန်စွာ ပင်ပန်းနေချေပြီ။
“ဒါကြောင့် ငါ သွေးမိစ္ဆာမဟာမှော်သိုင်းကို အဆင့် (၄) ထက်ပိုပြီး မသုံးနိုင်တာ ဖြစ်လောက်တယ်” သူက သက်ပြင်းတစ်ချက်ချကာ တွေးလိုက်သည်။
“ငါက သွေးမိစ္ဆာဂိုဏ်းချုပ် ဖြစ်လာစေချင်တဲ့ နတ်ဆိုးမဟုတ်သေးပါလား.... အဲ့ဒီလောက် မရက်စက်နိုင်သလို ၊ အကြင်နာမမဲ့နိုင်သေးဘူး။ စိတ်ထဲမှာ မတုန်လှုပ်မိဘဲ သတ်ပြီးရင်း မသတ်နိုင်သေးဘူးပဲ”
သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၄) သို့ ရောက်ပြီးနောက် မန်ဟိုသည် အဆင့် (၅) နှင့်ပတ်သက်၍ ဉာဏ်အလင်းရှာဖွေဖို့ ကြိမ်ဖန်မနည်း ကြိုးစားခဲ့သော်လည်း အကုန်လုံး အချည်းနှီးသာဖြစ်ခဲ့၏။ သူ့မှာ လမ်းအဆုံးသို့ ရောက်သွားခဲ့သည့်အလားပင်။
သူသည် သွေးသံရဲရဲ သတ်ဖြတ်မှုများနှင့် အသတ်ခံလိုက်ရသူများ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော အမူအရာများကို လှမ်းကြည့်ပြီး စိတ်ပင်ပန်းနွမ်းနယ်မှုတို့ ဆထက်တိုးသွားသည်။ နောက်ဆုံးတော့ သူ အဖြေသိလိုက်လေပြီ။
“ကြည့်ရတာ ငါက ငါ့နှလုံးသားကို လုံးဝ အမိုက်မှောင်ဖုံးမသွားစေချင်နေတဲ့ပုံပဲ။ ငါ့ပျော်ရွှင်မှုက ငါသတ်ပစ်လိုက်တဲ့လူတွေရဲ့ သရဲဝိညာဉ်တွေဆီကနေ လာတာ မလိုချင်ဘူး။ ငါ့လမ်းမှာ သတ်တာဖြတ်တာတွေပဲ ပြည့်မနေစေချင်ဘူး။ အဲ့ဒီလိုဆိုမှတော့ ... ဒီဘဝမှာ ငါ သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့်(၅) ကို ဘယ်တော့မှ မရောက်နိုင်တော့ဘူး ထင်တယ်
“အဆင့် (၅) က ဒီထက်ပိုများများ သတ်ဖို့လိုတယ်။ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေကို လိုတယ်။ မှော်သိုင်းကို အောင်အောင်မြင်မြင် ကျင့်ကြံဖို့ ငါ့ပတ်ပတ်လည်မှာ ပိုပိုပြီးများပြားတဲ့ အမုန်းစိတ်ဝိညာဥ်တွေ စုဝေးလာစေဖို့လိုတယ်
“အရှုံးပေးပြီး နတ်ဆိုးဖြစ်လာတော့မှ ငါ့အနေနဲ့ သွေးမိစ္ဆာမဟာမှော်သိုင်းကို အပြည့်အဝ ကိုင်တွယ်နိုင်လိမ့်မယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အနီရောင်၊ အမည်းရောင်ကို ငါ ကိုင်တွယ်ရမယ်
“အဲ့ဒါပဲ တစ်ခုတည်းသော နည်းလမ်း။ ပြီးတော့ .... ငါ လက်မခံနိုင်တဲ့နည်းလမ်း” သူသည် သွေးစီးချောင်းများ၊ အလောင်းပုံများနှင့် အပျက်အစီးများကို ကြည့်ရင်း လီမျိုးနွယ်စု၏အပြင်တွင်ရပ်နေ၏။ နှစ်ဖက်လုံးမှ ကျင့်ကြံသူများက အကြောင်းပြချက်မရှိသည့်အလား တစ်ဖက်ကိုတစ်ဖက်ရက်ရက်စက်စက် တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် သဘောပေါက်နားလည်လာခဲ့၏...
တိုက်ပွဲကား သိပ်မကြာလိုက်ပေ။ ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဓမ္မစောင့်ရှောက်သူနှစ်ယောက်လုံးလှုပ်ရှားနေသည့်အတွက် လီမျိုးနွယ်စု၏ကံကြမ္မာ အဆုံးသတ်သွားရန် နှစ်နာရီသာ ကြာလိုက်၏။
ပန်းချီကားလိပ်ထဲရှိ အမျိုးသမီးအား သတ်၍မရပေ။ သူမသည် ပန်းချီကားပျောက်ကွယ်သွားလျှင်ချင်း မြောက်ကျူပင်ဂြိုဟ်ပေါ်က သူမ၏ကိုယ်အစစ်ဆီသို့ ပြန်သွားရမည့် နတ်ဘုရားအာရုံမျှင်တစ်မျှင် ဖြစ်သည်။ ပန်းချီကားလိပ် တစတစ မှေးမှိန်ပျောက်ကွယ်လာစဉ် သူမ၏အေးစက်စက်အသံကပဲ့တင်ထပ်လျက် ထွက်လာ၏။
“နင်က သုတ်သင်မယ့်လမ်းကို ရွေးချယ်ခဲ့တယ်။ အခုကစပြီး နင် တောင်ကောင်းကင်ဂြိုဟ်ရဲ့အပြင်ကို ခြေတစ်လှမ်းချတာနဲ့ နဝမတောင်ရဲ့ ဘယ်နေရာကိုသွားသွား၊ ဘယ်လောက်ကြာကြာ၊ ငါတို့ လီမျိုးနွယ်စု နင့်ကို လိုက်ဖမ်းမယ်”
မန်ဟို၏မျက်လုံးများ အေးစက်သွားသည်။ သူ၏ဒုတိယကိုယ်အစစ်က ညာလက်ကို ပန်းချီကားလိပ်ထဲရှိ အမျိုးသမီးထံသို့ မြှောက်လိုက်ရာ သူမ၏မှေးမှိန်ပျောက်ကွယ်နေသော ပုံရိပ်မှာ ရုတ်တရက်ဖမ်းချုပ်ခံလိုက်ရပြီး လောင်ကျွမ်းနေသည့် မီးတောက်များ အတန်ငယ် ငြိမ်ကျသွား၏။
အမျိုးသမီး ပါးစပ်အဟောင်းသားနှင့် အံ့ဩထိတ်လန့်နေသည့်အချိန်မှာပင် မန်ဟိုက ညာလက်ခလယ်ကို ညွှန်လိုက်သည်။
မိစ္ဆာချုပ်နှောင်ခြင်း ၊ အဋ္ဌမမန္တန်
မိစ္ဆာချုပ်နှောင်ခြင်း၊ သတ္တမမန္တန်
ဤကြီးမြတ်သော ချုပ်နှောင်ခြင်းမှော်အစွမ်းနှစ်ရပ်၏ ပေါင်းစည်းမှုက အမျိုးသမီးကိုပြင်းပြင်းထန်ထန် တုန်ရီသွားစေသည်။ သူမသည် နတ်ဘုရားစိတ်ဆန္ဒမှ ဖြစ်ပေါ်လာခဲ့သော်လည်းရုတ်တရက် သူမကိုယ်အစစ်၏ နတ်ဘုရားစိတ်ဆန္ဒမှ ဖြတ်တောက်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
“နင် ဘာလုပ်နေတာလဲ” သူမက မျက်စိမျက်နှာပျက်လျက် အထိတ်တလန့်အော်သည်။
ထို့ကြောင့် ကံကြွေးသည် သူမကို ရုန်းမထွက်နိုင်အောင် ချုပ်ပြီး ဓာတ်ငါးပါးဖြင့် ဖွဲ့စည်းထားသောအမျှင်များက သူမကို ကိုယ်အတွင်းတွင် တုပ်နှောင်လိုက်၏။ မန်ဟိုက လက်မြှောက်လိုက်ပြီးအမျိုးသမီး၏ ခန္ဓာကိုယ်မှာ တစတစ ကျုံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း သူမသည်သူ၏လက်ဝါးအပေါ် ဆင်းသက်လာသည့် တလက်လက် တောက်ပနေသော အဖြူရောင်စက်လုံးတစ်လုံးဖြစ်လာသည်။ သူက ၎င်းကို ချက်ချင်း ဖိခြေပစ်လိုက်၏။
ဖောင်းခနဲ ကံကြွေးကား ကြေမွသွားသည်။ အမျိုးသမီးသည် သူမကံကြွေးနှင့်အတူလုံးလုံးလျားလျား ဖျက်စီးခံလိုက်ရသဖြင့် မချိတင်ကဲ အော်ရင်း အသက်ထွက်သွား၏။
ယခုတော့ သူမမှာ မြောက်ကျူပင်ဂြိုဟ်နှင့် သူမကိုယ်အစစ်ဆီသို့ မပြန်နိုင်တော့ပေ။
“မသေရင်တော့ ခင်ဗျား အောင်မြင်ကောင်း အောင်မြင်လောက်မှာပါ” မန်ဟိုက အေးစက်စက်ပြောသည်။ သူသည် လက်ကို ဖွင့်လိုက်ရာ တလက်လက် တောက်ပနေသော အလင်းမှုန်များက လေထဲ တက်သွား၏။ မန်ဟိုကား သူ့ကို ဝန်းရံလှည့်ပတ်နေသော အမုန်းစိတ်ဝိညာဥ်နောက်တစ်ကောင်ကိုအာရုံရလိုက်လေပြီ။
မည်သူမှ ထိုအမုန်းကြီးကြီးအကြည့်များကို မမြင်နိုင်။ မန်ဟိုတစ်ယောက်တည်းသာ ခံစားသိရှိနိုင်၏။
ထိုစဉ် နဝမတောင်ကို လှည့်ပတ်နေသော ဂြိုဟ်ကြီးကိုးလုံးအနက်မှ မြောက်ကျူပင်ဂြိုဟ်တွင်ဂြိုဟ်၏တစ်ဝက်လုံးနီးပါး ဖုံးလွှမ်းနေသော ကုန်းမြေထုကြီးတစ်ခု ရှိသည်။ ထိုကုန်းမြေသည် မျိုးနွယ်စုတစ်တည်း၏အပိုင် ဖြစ်၏။ ထိုမျိုးနွယ်စုကား လီမျိုးနွယ်စုပင်။
ဒဏ္ဍာရီများအရ ဤလီမျိုးနွယ်စုကို နဝမတောင်ပင်လယ်သခင်လီ၏ နောင်လာနောက်သားများမှတည်ထောင်ခဲ့သည်ဟု ဆိုသည်။ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ တပ်အပ်တော့ မဆုံးဖြတ်နိုင်ပေ။သို့သော် အမှန်ဆိုပါက ဘာကြောင့် သခင်ကျီအနေဖြင့် လီမျိုးနွယ်စုကို အမြစ်ဖြုတ်မသုတ်သင်ခဲ့သနည်း။
လီမျိုးနွယ်စု၏ ကြီးမားကျယ်ပြောသော နယ်မြေများတွင် တမူထူးခြားသော အသွင်အပြင်များနှင့်မိုးထိုးနေသော ပလ္လင်တစ်ဆူရှိ၏။ ၎င်းသည် ဧရာမခရင်းခွကြီးတစ်လက်၏ပုံသဏ္ဌာန်နှင့် တူလေသည်။ ခရင်းခွ၏ ထိပ်တွင် အမျိုးသမီးတစ်ဦး တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏ အလွန်ရှည်လျားသော ဆံပင်များက ကြော့ရှင်းစွာ ဖြာကျနေပြီး သူမသည် နတ်မိမယ်လေးသဖွယ် အပြစ်ဆိုဖွယ်မရှိအောင် လှရက်လွန်းလေသည်။
ရုတ်တရက် သူမ၏မျက်လုံးများက ဖျတ်ခနဲပွင့်လာကာ စူးရှသော်လည်း ဇဝေဇဝါဖြစ်နေသောအလင်းရောင်ကို ဖော်ပြလိုက်သည်။
“တောင်ကောင်းကင်ဂြိုဟ်ပေါ်က ငါ့မောင်ရဲ့ မျိုးနွယ်စုအပေါ်မှာ ချန်ထားခဲ့တဲ့ နတ်ဘုရားအာရုံကိုယ်ပွား အခုတင် သေသွားပြီ ....”
{မှတ်ချက် - ဒီအပိုင်းက မူရင်းမှာကတည်းက ခေါင်းစဉ်မရှိတာပါ}
***