မြောက်ပိုင်းသဲကန္တာရ စစ်ချီလာပြီ
Vol. 55 Ch. 759
လီမျိုးနွယ်စု ဖျက်စီးခံလိုက်ရပြီ။
မျိုးနွယ်ဝင်တစ်ယောက်မှ မကျန်တော့။ အကုန်လုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ ၎င်းက မန်ဟိုတားနိုင်သည့်အရာမဟုတ်ပေ။ သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းသား ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးမှာ သေဆုံးခဲ့ရ၏။ ဂိုဏ်းသားများအကြား အေးစက်မှုရှိခဲ့သည်က မှန်သော်လည်း ဤသည်မှာ စစ်ပွဲဖြစ်သည့်အတွက် ရောင်ရင်းဂိုဏ်းသားများ ကျဆုံးသွားသောအခါ အသက်ရှင်ကျန်ရစ်ခဲ့သူများအနေဖြင့် ကလဲ့စားချေရဖို့ မည်သည့်တန်ကြေးကိုမဆို ပေးဆပ်မည်မှာ ဓမ္မတာပင်။
ကလဲ့စားချေလိုစိတ်က စွဲလမ်းမှုဥပါဒန်ဖြစ်လာသည်။
ယီးကျန့်ဂိုဏ်းက ပထမဆုံး အညံ့ခံခဲ့သောကြောင့် သွေးမိစ္ဆာဂိုဏ်းသားများသည် သည်းခံဖို့ရွေးချယ်နိုင်ခဲ့၏။
သွေးမင်းသား၏ ငယ်ပေါင်းဖော်မိတ်ဆွေက ကျင်းဟန်ဂိုဏ်းသားဖြစ်သဖြင့် သူတို့သည် အသက်ရှင်ခွင့်ပေးနိုင်ခဲ့၏။
သို့သော် လီမျိုးနွယ်စုနှင့် ပတ်သက်လာသည့်အခါ သူတို့မှာ ဆက်လက်သည်းမခံနိုင်တော့ပေ။ သွေးမိစ္ဆာဂိုဏ်သားများသည် လီမျိုးနွယ်စုကို တခြားမျိုးနွယ်စုများထက် ပို၍ မုန်းခြင်း မဟုတ်သော်လည်း သူတို့အတွက် သတ်ဖို့လိုသည်။ ကလဲ့စားချေဖို့ လိုသည်။ စွဲလမ်းမှုဥပါဒန်အတွက်ထွက်ပေါက်လိုသည်။
လီမျိုးနွယ်စုမှာ သွေးချောင်းစီးနေချေပြီ။ တစ်ခါတုန်းက ခမ်းနားထည်ဝါမှုတို့သည် ယခုတော့အပျက်အစီးများထက် မပိုတော့ပေ။ နောင်နှစ်ပေါင်းများစွာကြာလျှင် လီမျိုးနွယ်စုသည် စွန့်ပစ်မြေမှုန်များသာ ဖြစ်သွားပေလိမ့်မယ်။
မှန်ပါသည်၊ လီမျိုးနွယ်စုတွင် သေမျိုးလူသားများစွာ နေထိုင်ကြသည်။ သို့ရာတွင် သွေးမိစ္ဆာဂိုဏ်းမှာသေမျိုးများကိုပင် သတ်ပစ်ချင်သော အတိုင်းအတာအထိ အကြင်နာမမဲ့သေးသဖြင့် သူတို့သည်အသက်ရှင်လျက် ကျန်ရစ်ခဲ့၏။
နောက်ဆုံးတော့ သွေးမိစ္ဆာဂိုဏ်းသားများ ထွက်သွားကြသည်။ သူတို့သည် သွေးမိစ္ဆာဂိုဏ်းသို့ပြန်လာခဲ့ကြပြီး တောင်ပိုင်းဒေသတစ်ဝန်း သတ်ဖြတ်တိုက်ခိုက်မှုများ နိဂုံးချုပ်ကာ တိတ်ဆိတ်အေးချမ်းမှုက ပြန်လည်ကြီးစိုးလာခဲ့လေပြီ။ သို့သော် တောင်ပိုင်းဒေသ၏ ကျင့်ကြံသူအကုန်လုံးကောင်းကောင်းသိကြသည် ... ယခုမှစ၍ သွေးမိစ္ဆာဂိုဏ်းကား တောင်ပိုင်းဒေသတွင် နံပါတ်တစ်ဂိုဏ်းသက်သက်သာ မဟုတ်တော့ဘဲ အစိုးရဘုရင် ဖြစ်လာခဲ့လေပြီ။
မည်သည့်အင်အားစုမှ သူတို့ကို တွန်းလှန်နိုင်မည်မဟုတ်။ သွေးမိစ္ဆာဂိုဏ်းမှာ ယခုတွင် ... တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်လေးဦး ရှိသွားပြီမဟုတ်ပါလော။
သွေးမိစ္ဆာဂိုဏ်းချုပ်၊ ကျင်းဟန်ဂိုဏ်းချုပ်၊ လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးနှင့် လေးယောက်မြောက်ကတော့ မန်ဟို၏ကိုယ်ပွား။
တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် လေးဦးဖြင့် သွေးမိစ္ဆာဂိုဏ်းသည် တောင်ပိုင်းဒေသတစ်လျှောက် အဟန့်အတားမဲ့ စိုးမိုးခြယ်လှယ်နိုင်သော အာဏာကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။ သူတို့က အရှေ့ဘက်နယ်မြေ၏ စစ်မှန်သော ထိပ်တန်းအဆင့်ဂိုဏ်းတချို့နှင့်ပင် ယှဉ်နိုင်လေသည်။
ထိုမျှသာမက သူတို့ မကြာသေးမီက ပြသခဲ့သော စွမ်းအားအဆင့်မှာ ရေခဲစိုင်ကြီး၏ ထိပ်သာ ရှိသေးသည်။
လီမျိုးနွယ်စု ပျက်စီးပြီးနောက် တောင်ပိုင်းဒေသမှာ ပြန်လည်တည်ငြိမ်အေးချမ်းသွား၏။ ကံဆိုးစွာနှင့် တစ်မြေလုံး၏ စုစုပေါင်းကျင့်ကြံသူအင်အားမှာ အတိုင်းအဆများစွာ လျော့ကျသွားခဲ့လေသည်။ သိသိသာသာ လူသူကင်းရှင်း ၊ ပြောင်တလင်းခါနေသော နေရာတချို့ပင် ရှိလာခဲ့သည်။
မန်ဟိုက သွေးမိစ္ဆာဂိုဏ်းသို့ ချက်ချင်း ပြန်မသွားပေ။ သူသည် ဇီယွင်ဂိုဏ်းသို့ ပထမဆုံးသွားရောက်ရာ တစ်ဂိုဏ်းလုံးအား အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေ၏။ ပင်မဂိတ်ပေါက်၏ အပြင်သို့ ရောက်လျှင် သူက ဆရာကြီးဇီတုန်၏ ဧရာမရုပ်တုကြီးကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်သည်။
ဇီယွင်ဂိုဏ်းသည် တခဏ ငြိမ်သက်သွားပြီးနောက် အရှေ့ဆေးဝါးအဖွဲ့နှင့် ခရမ်းရောင်ချီအဖွဲ့သည်အဆောင်အယောင်များဖြင့် ထွက်လာကြ၏။ မန်ဟိုမှာ ရင်းနှီးသောမျက်နှာများစွာကို မြင်သော်သက်ပြင်းချလိုက်မိသည်။
သူ၏ဆန္ဒမှာ ဇီယွင်ဂိုဏ်းနှင့် ယခုလို ပြန်လည်ဆုံစည်းလိုခြင်းမဟုတ်ပေ။ ယခုကဲ့သို့ တွေ့ဆုံမှုမျိုးက... သူအား သူစိမ်းတစ်ယောက်လို ခံစားရစေသည်။
ဇီယွင်ဂိုဏ်း၏ ဝါရင့်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ၊ မန်ဟိုနှင့် အလွန်ရင်းနှီးသော အဘိုးကြီးကလမ်းလျှောက်ထွက်လာသည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသောဟန်ပန်ဖြင့် လက်ယှက်ကာပြော၏။ “သွေးမင်းသား ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ရောက်ရှိလာမှုက နိမ့်ကျတဲ့ ကျုပ်တို့ဂိုဏ်းကိုတောက်ပသွားစေပါတယ် ။ ကျေးဇူးပြုပြီး ကြွပါ”
ခရမ်းရောင်ချီအဖွဲ့နှင့် အရှေ့ဆေးဝါးအဖွဲ့လည်း ထိုနည်းတူ ဖိတ်မန္တကပြုကြသည်။ သူတို့အကြားတွင် ထိုအရင်နှစ်တွေတုန်းက မန်ဟို၏ အံ့ဖွယ်ပင်ကိုယ်စွမ်းရည်ကို သတိပြုမိခဲ့သူ အကြီးအကဲရှိသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် လင်ဟိုက်လုံနှင့် အန်းဇဲ့ဟိုင်အပြင် ကျိုးပြည်မှာကတည်းကသူနှင့်ပတ်သက်ခဲ့သောလူ ၊ ဝူတင်းချိုးကိုလည်း မြင်လိုက်ရသည်။
သူတို့အားလုံးက မန်ဟို့အနား ချဉ်းကပ်လာပြီး လေးလေးစားစား လက်ယှက်အရိုအသေပြုကြသည်။
ဟန်ရွှယ့်ရှန်း ရောက်လာခဲ့သော်လည်း ချူယွီယန်ကိုတော့ မမြင်ရပေ။
ဇီယွင်ဂိုဏ်းမှ ပြသသော လေးစားမှုက မန်ဟို့ကို သက်ပြင်းခိုးချလိုက်မိစေသည်။ သူ့မှာ မနေနိုင်တော့ဘဲ ယခုလို မဆက်ဆံကြဖို့ တောင်းဆိုသော်လည်း ကံဆိုးစွာနှင့် သူ့ကို ဝန်းရံရစ်သိုင်းနေသောလူသတ်ငွေ့တို့အား မပြောင်းလဲနိုင်ပေ။ ချင်းလော်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် လီမျိုးနွယ်စုတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက တောင်ပိုင်းဒေသတစ်ခုလုံးကို ဖိန့်ဖိန့်တုန်အောင်ကြောက်သွားစေခဲ့၏။ ၎င်းတို့အားလုံးက မန်ဟို့ထံမှ ထုတ်လွှတ်နေသော ဖိအားဖြစ်လာခဲ့သည်။
ဝူတင်းချိုး ထိတ်လန့်နေကြောင်း မန်ဟို ပြောနိုင်ပြီး အန်းဇဲ့ဟိုင်နှင့် ကျန်ဆေးပေါင်းဖိုဘုရင်များ၏ရင်ထဲရှိ အကြောက်တရားတို့ကို အာရုံရနေသည်။ ဟန်ရွှယ့်ရှန်းပင်လျှင် သူ့အနားကပ်လာဖို့အင်တင်တင် ဖြစ်နေ၏။
တခြားရင်းနှီးသောမျက်နှာများ ရှိပြီး အကုန်လုံးက ထိုနည်းတူပင်။ ကြည့်ရသရွေ့ သူ၏လူသတ်ငွေ့တို့မှာ ဘယ်သူမှ သူ့အနား ကပ်မလာနိုင်အောင် ဟန့်တားနေသော အပ်ချွန်ချွန်များအလား အလွန်အားကောင်းလွန်းဟန်တူသည်.... မန်ဟိုမှာ ရင်နာနာဖြင့် တိတ်ဆိတ်စွာသာ ရပ်နေနိုင်တော့သည်။
“လူတစ်ယောက် အစွမ်းထက်လာရင်” သူက တွေးသည်။ “သိခဲ့ဖူးတဲ့လူတွေနဲ့ စိမ်းကားသွားရမှာလား....” မန်ဟိုမှာ အင်မတန် အထီးကျန်လာသလို ခံစားလိုက်ရသည်။ မိတ်ဆွေများနှင့်အတူ ရှိနေသော်လည်း တစ်ယောက်တည်း တစ်ကမ္ဘာသပ်သပ် ဖြစ်နေသကဲ့သို့ အထီးကျန်သော ခံစားချက်မျိုးပင်။
မန်ဟိုသည် ချန်ဖန်းနှင့် ဖက်တီးကို တွေးလိုက်မိ၏။ အကြောင်းတစ်စုံတစ်ရာကြောင့် အကြီးအကဲအိုးရန်နှင့် ဂိုဏ်းခေါင်းဆောင်ဟယ်လော့ဟွာကိုလည်း သတိရလိုက်မိသည်။ နှစ်ပေါင်းရာချီကြာခဲ့သည့် ကာလတစ်လျှောက်လုံး မန်ဟိုသည် သူတို့နှစ်ယောက်နှင့် တစ်ခါမှ မဆုံတွေ့ခဲ့ရဖူးပေ။
မိတ်ဆွေလို၊ သူစိမ်းလို ခံစားနေရရင်း မန်ဟိုကား ဇီယွင်ဂိုဏ်းသို့ ဝင်လာခဲ့၏။
ပုံမှန်ဆိုလျှင် ဇီယွင်ဂိုဏ်း၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဂိုဏ်းချုပ်သည် ဘယ်တော့မှလူကြားထဲ ထွက်မလာတတ်ပေ။ သို့သော် မန်ဟို ရောက်လာသည့်အခါ တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည်။
သူသည် ရှေးကျသော တန်ခိုးရှင်ဆန်ဆန်အငွေ့အသက်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။သူ့မှာ ပိန်ပိန်ချုံးချုံးနှင့် မျက်လုံးများ အရောင်တောက်မနေသော်လည်း သူ၏တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် အရှိန်အဝါမှာ အားမနည်းပေ။ သူက မန်ဟို ဇီယွင်ဂိုဏ်းသားများဖြင့်ချဉ်းကပ်လာသည်ကို ဘုရားကျောင်းအတွင်းမှနေ၍ စိုက်ကြည့်နေ၏။
“တာအိုရောင်ရင်း၊ ထိုင်ပါဦး” သူက အပြုံးလေးနှင့် လက်ကို ခါရမ်းရင်း ပြောလိုက်ရာ ဘုရားကျောင်း၏ ပင်မခန်းမအလယ်တွင် စားပွဲရှည်တစ်လုံး ရုတ်တရက် ပေါ်လာလေသည်။ ယမကာနှင့်ဝိညာဉ်သစ်သီးအစုံအလင်အား စားပွဲအပေါ်တွင် မြင်ရနိုင်ပြီး ဘေးတွင်တော့ သာယာနာပျော်ဖွယ်တေးသံများ သီကျူးလျက် မျောလွင့်နေသော ပုံရိပ်များ ရှိ၏။
ကျန်ဇီယွင်ဂိုဏ်းသားများက ဘုရားကျောင်း၏အပြင်တွင် ရပ်လိုက်ကြသည်။ သူတို့သည် လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးပြီးနောက် အလျှိုလျှို ထွက်သွားကြ၏။ မကြာမီ မန်ဟိုနှင့် သက်လတ်ပိုင်းလူတို့ နှစ်ယောက်တည်းသာ ကျန်တော့သည်။
“ဂိုဏ်းချုပ် ဒီလိုတွေ လုပ်စရာမလိုပါဘူးဗျာ” မန်ဟိုက ပြောသည်။
“မင်းက ဧည့်သည်ပဲလေ တာအိုရောင်ရင်း” သက်လတ်ပိုင်းလူက အပြုံးဖြင့် ပြောသည်။ “တစ်ချိန်ကဇီယွင်ဂိုဏ်းသားဖြစ်ခဲ့တယ်ပဲ ဆိုဦး၊ ဂိုဏ်းကို ဒီလိုရောက်မှတော့ ငါ့အနေနဲ့ ဘယ်လိုလုပ် မဖျော်ဖြေဘဲ နေနိုင်မှာတုန်း။ ကဲ ကျေးဇူးပြုပြီး ထိုင်ပါဦး”
မန်ဟိုက ရှေ့တက်ပြီးနောက် စားပွဲတွင် ထိုင်လိုက်သည်။ သက်လတ်ပိုင်းလူက အပြုံးလေးဖြင့်သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
“ငါက စွန်းတောက်။ ရိုးရိုးသားသားပြောရရင် ဂိုဏ်းချုပ်မဟုတ်ပါဘူး ။ သာမန်ဆေးဝါးအတတ်သင်ပဲမလို့ ဂိုဏ်းချုပ်လို့ နာမည်တပ်စရာမလိုပါဘူး။ တကယ်တမ်း အမှန်ဆုံးပြောရရင် ... မင်းကို သခင်လေးလို့တောင် ခေါ်သင့်တာ” သက်လတ်ပိုင်းလူက ရယ်ပြီး မန်ဟို့ကို အရက်တစ်ခွက် ငှဲ့ပေးသည်။
မန်ဟိုက သူ့ကို တအံ့တဩ ကြည့်လိုက်မိသည်။
“အရင်တုန်းက ငါက ဆရာကြီးဇီတုန်အတွက် ဆေးဝါးအတတ်သင်လေ” စွန်းတောက်က မန်ဟို့ကိုခဏကြည့်ပြီးနောက် ပြုံးလိုက်သည်။ “တကယ်တော့ အခုထိလည်း အဲဒီအတိုင်းပါပဲ”
ဤအခိုက်တွင် မန်ဟို၏မျက်လုံးများ အရောင်လဲ့သွားသည်။
“မင်းစိတ်ထဲရှိတဲ့ မေးခွန်းကို မေးဖို့ မဝံ့မရဲဖြစ်နေစရာအကြောင်းမရှိပါဘူး” စွန်းတောက်က ဆက်ပြောသည်။ “မင်း ဘာကြောင့် ဒီနေရာကို လာလဲ ငါ သိတယ်။ ကံဆိုးတာက မင်းဆရာ အခု တံခါးပိတ်ကျင့်နေလို့ ထွက်လာလို့မရဘူး...”
မန်ဟို့နှလုံးသား တုန်ရီသွားသည်။ သူ ဇီယွင်ဂိုဏ်းသို့ လာရောက်ခဲ့သည့် အကြောင်းရင်းမှာ သူ့ဆရာကို တွေ့လို၍ဖြစ်သည်။ သူတို့နှစ်ယောက်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော်လည်း မန်ဟိုသည်သုံးကြိမ်ဂါဝရပြုခြင်းအား ဘယ်တော့မှ မမေ့နိုင်ခဲ့ပေ။
“မင်းဆရာက မင်းကို တစ်စုံတစ်ခု ရှင်းပြပေးဖို့ ငါ့ကို ဒီလွှတ်လိုက်တာ” စွန်းတောက်က ဆက်ပြောသည်။ “ကျင့်ကြံအားထုတ်တဲ့အခါ .... နှလုံးသားကို ကျင်ကြံအားထုတ်ရတယ်
“နှလုံးသားရှိနေသရွေ့ အဲ့ဒီနှလုံးသားက အနီရောင်ပဲဖြစ်ဖြစ်၊ အမည်းရောင်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ မင်းရဲ့ စိတ်ဆန္ဒကပဲ အရေးအကြီးဆုံး။ မင်းရဲ့ စိတ်ဆန္ဒက ဓားသွားတစ်ခုလိုပဲ။ အဲ့ဒီဓားသွားကို ... မင်းရဲ့ တတိယခွဲထွက်ခြင်းမှာ ဆက်သုံးနိုင်တယ်။ တွေဝေနေစရာမလိုဘူး
“ဘဝဆိုတာက ဆုံးဖြတ်ချက်တွေ တသီတသန်းကြီးနဲ့ ကွ။ မင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချချမချချ အရေးမကြီးဘူး။ အရေးကြီးတာက ရှေ့ဆက်သွားနေဖို့။ နှစ်တွေကြာလို့ မင်းနောက်ပြန်လှည့်ကြည့်တဲ့အခါ မင်း ချခဲ့တဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေက ... တကယ် မမှန်တာမဟုတ်ဘူးဆိုတာတွေ့ရမယ်။ အဲဒီလိုပဲ ... မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်နေတာမဟုတ်ဘူး
“ဘာကြောင့် ခံပြင်းမှုတွေနဲ့ ရုန်းကန်နေဦးမှာလဲ။ ဘာကြာင့် တွေဝေမှုတွေနဲ့ ရှေ့ဆက်မှာလဲ။ ဘယ်လိုအရာမှာပဲဖြစ်ဖြစ် ... ကြံခိုင်မှုဆိုတာ ရှေ့ကိုဆက်သွားနေခြင်းကနေ လာတာ
“အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်တဲ့အခါ ‘မှားတယ်’ ဆိုတာမျိုး မရှိမှတော့ ‘မှန်တယ်’ ဆိုတာရော ဘယ်လိုလုပ် တည်ရှိနိုင်တော့မလဲ။ အလားတူပဲ ‘မှန်တယ်’ ဆိုတာမရှိမှတော့ ‘မှားတယ်’ ဆိုတာ ဘယ်လိုလုပ် တည်ရှိနိုင်တော့မှာလဲ
“နောက်တစ်ခု” စွန်းတောက်က မန်ဟို့ကို ကြည့်ရင်း ပြောသည်။ “ဆေးဝါးတာအိုက ကြီးမြတ်တဲ့မဟာတာအိုတစ်ခု။ မင်းဆရာက အဲ့ဒါကို မင်း ဘယ်တော့မှ မစွန့်ပစ်အောင် သတိပေးစေချင်ခဲ့တယ်။ ဒီတောင်ကောင်းကင်ရဲ့ နယ်မြေတွေမှာတော့ အဲ့ဒါက မင်းရဲ့ကျင့်ကြံခြင်းအတွက် သိပ်အသုံးမဝင်ပေမယ့် မင်းရဲ့ အနာဂတ်လမ်းက .... မင်းကို ဒီနေရာရဲ့ အဝေးကြီးကို ခေါ်သွားပေးလိမ့်မယ်
“အဲဒီအချိန်ကျရင် ဆေးဝါးတာအိုက .... မယုံနိုင်လောက်အောင် အထောက်အကူဖြစ်လိမ့်မယ်။ မင်းဘယ်လိုအခက်အခဲမျိုးပဲ ရင်ဆိုင်ရပါစေ မင်းရဲ့ ဆေးဝါးမီးတောက်က ဘယ်တော့မှ ငြိမ်းသေလိမ့်မှာ မဟုတ်ဘူး”
မန်ဟိုက တိတ်ဆိတ်စွာ ထိုင်နေ၏။ သူသည် အကြာကြီးကြာသော် ခွက်ကို မြှောက်၍ အရက်တစ်ခွက် သောက်လိုက်လေသည်။ ထို့နောက် သူသည် ထရပ်ပြီး လက်နှစ်ဖက်ယှက်ရင်း စွန်းတောက်ကိုအရိုအသေပေးလိုက်သည်။
“ဉာဏ်အလင်းပြလို့ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ” သူက ပြောသည်။ “ဆရာ့ကို စကားပါးပေးပါ။ ဆရာ့ရဲ့အဆုံးအမတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူးလို့”
စွန်းတောက်က ထိုင်မြဲထိုင်နေသော်လည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ဘုရားကျောင်းမှ လှည့်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် အရှေ့ဆေးဝါးအဖွဲ့၏ နံပါတ်တစ် တောင်ထိပ်အပေါ်ရှိ ကျင့်ကြံခြင်းဂူတစ်ဂူထဲတွင် ဆံဖြူအဘိုးကြီးတစ်ဦးသည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ သူ၏ပတ်ပတ်လည်ရှိလေထုမှာ မဟာတာအိုတော်တစ်ပါးကြောင့်အလား ပုံပျက်ရှုံ့တွနေချေသည်။
သူ၏ မျက်လုံးများက ပွင့်လာပြီး ဘုရားကျောင်းမှ ထွက်ခွာလာခဲ့သော မန်ဟို့ကို လှမ်းကြည့်ကာတင်းတိမ်ကျေနပ်သွားသောအမူအရာအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်လေသည်။
မန်ဟို ဘုရားကျောင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဇီယွင်ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲများနှင့်အခြားသူများက ကပျာကယာ ရောက်လာကြသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက တုံ့ခနဲ ရပ်၍အရှေ့ဆေးဝါးအဖွဲ့၏တောင်တန်းများဆီသို့ လှမ်းကြည့်လိုက်၏။
အကြာမှ အကြာကြီးကြာသော် သူက ဂိုဏ်းခေါင်းဆောင်ကို ပြန်ကြည့်လိုက်သည်။ “ကျုပ် ကျုပ်ရဲ့အရင်က ကျင့်ကြံခြင်းဂူကို သွားကြည့်ချင်တယ်” သူက ပြောသည်။ ဂိုဏ်းခေါင်းဆောင်သည်ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူ့ကို အရှေ့ဆေးဝါးအဖွဲ့သို့ အဖွဲ့လိုက် လိုက်ပို့ကြလေ၏။
အရှေ့ဆေးဝါးအဖွဲ့သို့ ဝင်လျှင်ချင်း မန်ဟို၏မျက်နှာအပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။
သူ လှမ်းမြင်လိုက်သည်ကား... သံလှံ။
ဤနှစ်တွေတစ်လျှောက်လုံး လှံသည် ဤနေရာ၊ ဇီယွင်ဂိုဏ်းတွင် ရှိနေသေးလေသည်... ၎င်းက မရေမတွက်နိုင်သော အတားအဆီးများဖြင့် ခြံရံလျက် မြေကြီးတွင် စိုက်ဝင်နေသည်။ လှံကား ယခုတွင် ဇီယွင်ဂိုဏ်း၌ အထင်ကရသမိုင်းမှတ်တိုင်တစ်ခုပမာ ဖြစ်နေခဲ့လေပြီ။
လှံအနားတွင် တင်ပျဉ်ခွေထိုင်နေကြသည်မှာတော့ အဘိုးကြီးနှစ်ယောက်။ အိုမင်းနေသည့်တိုင် မန်ဟိုကတော့ သူတို့ကို မှတ်မိသေး၏။ သူတို့ကား ... လွီစုန့်နှင့် ချင်းရွှယ်ဟန်မှတစ်ပါးအခြားမဟုတ်ပေ။
ယခုတွင် သူတို့နှစ်ယောက်လုံးသည် အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ပြီး ဇီယွင်ဂိုဏ်း၏ တော်ဝင်အစောင့်များဖြစ်ကြ၏။ မန်ဟို သူတို့အပေါ် အကြည့်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့ကလေးစားသောမျက်နှာအမူအရာများဖြင့် ထရပ်လိုက်ကြသည်။ သူတို့သည် ချက်ချင်း လက်ယှက်၍မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြ၏။
“ဂါဝရပြုပါတယ် စီနီယာမန်”
ဇီယွင်ဂိုဏ်းခေါင်းဆောင်က အားပါးတရ ရယ်လိုက်သည်။ “ဟားဟားဟား သွေးမင်းသား ဒီလှံကိုမှတ်မိသေးလား။ ဒါကို ယူလာခဲ့တဲ့ မူလလက်သည်က ဝူတင်းချိုးပေါ့။ အခုတော့ ဒီနေရာက ဂိုဏ်းမှာ အထင်ကရနေရာဖြစ်နေပြီ”
“စီနီယာမန် စိတ်အေးလက်အေးသာ ထားပါ” လွီစုန့်က စိတ်လှုပ်တရှား ပြောသည်။
“ဟုတ်တယ် စီနီယာ။ ကျုပ်တို့ ဒီလှံကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်” ချင်းရွှယ်ဟန်ကသဘောတူသည်။
လွီစုန့်နှင့် ချင်းရွှယ်ဟန်သည် လွန်ခဲ့သော ထိုနှစ်က မကျေမချန်းမှုများကို မေ့သွားခဲ့ပြီဖြစ်၏။ သူတို့က ယခုတွင် မန်ဟို့ကို ချစ်ကြောက်ရိုသေမှုတို့ဖြင့် ရှုမြင်နေကြလေသည်။ အမှန်အားဖြင့် ထိုနှစ်ကသူတို့နှင့်မန်ဟို့အကြား ဖြစ်ခဲ့သမျှအရာအားလုံးမှာ သူတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်လာခဲ့သည်။
မန်ဟိုက လည်ချောင်းရှင်းပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အထဲတွင် ဘယ်သူ့ကိုမှကလိမ်ကျရန် အခွင့်အရေးမတွေ့သေးသော ရွှေလှံရှိကြောင်း သူတစ်ယောက်သာ သိလေ၏....
ဘေးတွင်တော့ ဝူတင်းချိုးမှာ တုန်ရီသွား၏။ သူက စိတ်ထဲတွင် မြည်တွန်တောက်တီးရင်းနောက်ဆုတ်တော့မည့်အချိန် မန်ဟိုက သူ့ကို ရုတ်တရက် လှမ်းကြည့်လာသည်။
ဝူတင်းချိုးမှာ ကြက်သီးတဖြန်းဖြန်းထသွားပြီး အပြုံးတုကို ဆင်မြန်းလိုက်ရသည်။ သို့သော် သူသည် ရင်တဒိန်းဒိန်း ခုန်နေပြီး လှံကိစ္စဖြစ်အောင် ဆွပေးခဲ့ခြင်းအတွက် လူထူးဆန်းစုန့်အား မဆဲမိဘဲမနေတော့ပေ။
မန်ဟို ဇီယွင်ဂိုဏ်းတွင် အတိတ်အကြောင်း ပြန်ပြောင်းတွေးတောနေသည့်အချိန်မှာပင် မြောက်ပိုင်းနဂါးငွေ့တန်းပင်လယ်၏အနား၊ မြောက်ပိုင်းသဲကန္တာရ၏နယ်စပ်၌ အလွန်တရာ ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
ကျင့်ကြံသူတစ်သန်းနီးပါးသည် ကမ်းခြေအနား၌ စစ်ချီတက်ရန် အသင့်အနေအထားဖြင့် ရပ်နေကြ၏။ သူတို့ကို သက်ဆိုင်ရာဂိုဏ်းများနှင့် မျိုးနွယ်စုများအလိုက် တပ်ရင်း ဆယ်ခုကျော် ခွဲထားလေသည်။
မည်မျှကြမ်းကြမ်းတမ်းတမ်း ရုန်းစေကာမူ လွတ်မသွားအောင် သံကြိုးများဖြင့် တင်းတင်းကြပ်ကြပ်တုပ်နှောင်ခံထားရသော မီတာသုံးရာအမြင့် သားရဲကြီးများလည်း ရှိသည်။
ကောင်းကင်ထက်တွင် စူးစူးဝါးဝါးအော်လျက် ပျံဝဲနေသော ဝေဟင်သားရဲရိုင်းကြီးများကား မရေမတွက်နိုင်ပေ။ ၎င်းတို့က ကောင်းကင်ပြည့်လုနီးပါး ဖုံးကွယ်ထားရာ ၎င်းတို့၏တောင်ပံများကမြေပြင်တွင် ဧရာမအရိပ်ကြီးများ ကျနေစေတော့သည်။
ခပ်ဝေးဝေးတွင် အရိုးတင်းပုတ်ကြီးများ ကိုင်စွဲလျက် ဟိန်းဟောက်နေသော ဘီလူးကြီးများ ဒါဇင်ချီရှိသည်။
ပို၍လှမ်းလှမ်းတွင်တော့ မရေမတွက်နိုင်သော မကောင်းဆိုးပါးဝိညာဉ်များကို ဖုံးကွယ်ထားပုံရသည့်တိမ်မည်းတိမ်စိုင်များက ဝဲကဲ့သို့ လည်နေသည်။
ဤသည်မှာ နဂါးငွေ့တန်းပင်လယ်၏ဘေးတွင် စုရုံးထားသော မြောက်ပိုင်းသဲကန္တာရ၏ စစ်တပ်ဖြစ်သည်.... သူတို့ကား တစ်စုံတစ်ခုကို စောင့်စားနေသယောင်ပင်။
အားလုံးအထဲ အတုန်လှုပ်ဖွယ်အကောင်းဆုံးမှာတော့ ကောင်းကင်အမြင့်ထက်သို့ ထိုးတက်နေသောပြိုင်ဘက်ကင်းလောက်အောင် မောက်မာခမ်းနားသည့် အရှိန်အဝါ (၁၁)ခုပင်။ ဤအရှိန်အဝါအကုန်လုံးက ... တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါများ ဖြစ်နေသည်။
***