မင်းအမေ ဒီရောက်လာခဲ့တယ်
Vol. 55 Ch. 760
မိုးသားတိမ်စိုင်များ စုဝေးလာနေသည်။
ဇီယွင်ဂိုဏ်း၏အပေါ်တွင် မည်းနက်နေသော တိမ်တိုက်များသည် အလွှာအထပ်ထပ်နှင့် သိပ်သည်းလာ၏။ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ တဝင်းဝင်းလက်လာသည်။
မိုးကား မကြာမီ ရွာတော့မည်ဖြစ်၏။
ယခုလို ရာသီဥတုမျိုး၊ မိုးတို့၊ ဆီးနှင်းတို့နှင့်ပတ်သက်လျှင် ဂိုဏ်းအများစုသည် မိမိတို့ဂိုဏ်းအားအဆိုပါဓာတ်များမှ ဖုံးကာခြင်းမပြုကြပေ။ ထိုအစား အဆိုပါ မိုးနှင့် ဆီးနှင်းတို့ကို ဂိုဏ်းအပေါ် ရွာကျခွင့်ပြုထား၏။ မိုးနှင့်နှင်းတို့က သက်ရှိသတ္တဝါများ၏ တာအို၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုကဲ့သို့ရာသီဥတုမျိုးကို ကြုံတွေ့ရလျှင် ဂိုဏ်းထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ တိုးပွားလာလိမ့်မည်ဟု သူတို့ ယုံကြည်ကြလေသည်။
နှင်း၊ မိုးတို့ကို ဂိုဏ်းထဲ မဝင်ရောက်နိုင်အောင် ဟန့်တားလျှင် ဂိုဏ်းသည် အင်မော်တယ်တို့၏ သုခဘုံဗိမာန်သဖွယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တကယ်တော့ ယင်းက ၎င်း၏သဘာဝနှင့်ဆက်သွယ်နေမှုတချို့ကို ဆုံးရှုံးစေလိမ့်မည်။
မန်ဟိုက သံလှံကို နောက်တစ်ခေါက်ကြည့်ပြီးနောက် လည်ချောင်းရှင်းပြီး ယဉ်ကျေးဖော်ရွေသောစကားတချို့ ပြောလိုက်သည်။ ထို့နောက် သူသည် အရှေ့ဆေးဝါးအဖွဲ့၏ အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်ကာ တစ်ခါက သူ့အိမ်ဖြစ်ခဲ့သော တောင်သေးသေးလေးသို့ ရောက်လာခဲ့၏။ ကုန်ဆုံးသွားခဲ့သည့် နှစ်တွေတစ်လျှောက်လုံး ဘယ်သူမှ ထိုတောင်ကို သိမ်းပိုက်ခွင့်မရခဲ့ပေ။ တောင်ကား ထာဝရသူ့အပိုင်စားဖြစ်မည့်ပုံပင်။
ဤသို့အသေးစိတ်အခြေအနေများအရ သူ၏ဆရာ၊ ဆေးလုံးမိစ္ဆာအတွက် မန်ဟိုသည် .... အမြဲတမ်းဇီယွင်ဂိုဏ်းသားတစ်ဦး ဖြစ်နေမှာ ဖြစ်သည်။
မန်ဟို သူ၏ကျင့်ကြံခြင်းဂူအဟောင်းထဲ ဝင်ရောက်သွားသည့်အခါ ဇီယွင်ဂိုဏ်းခေါင်းဆောင်၊အကြီးအကဲများနှင့် အခြားသူများအားလုံး မန်ဟို့မျက်ဝန်းများထဲရှိ လွမ်းဆွေးမှုများကို မြင်လိုက်ကြရ၍ အလိုက်တသိ ထွက်သွားကြသည်။ မန်ဟိုကား သူ၏အိမ်အဟောင်းထဲတွင်တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။
မကြာခင် မိုးခြိမ်းသံများ ပိုမိုကျယ်လောင်လာပြီး မိုးပေါက်တို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် မြေပြင်ထက်သို့ တဖျောက်ဖျောက် ရွာကျလာ၏။ မြူများဝေလာသော်လည်း သိပ်မြင့်မြင့် မတက်လာနိုင်ခင် ရွာကျလာနေသော မိုးပေါက်တို့၏နှင်ထုတ်ခြင်း ခံလိုက်ရသည်။ မကြာမီ ရေစီးချောင်းငယ်လေးများအား မြင်လာရလေပြီ။
မိုးရေများ တဖွဲဖွဲ ရွာကျနေသည်နှင့်အမျှ အရာအားလုံး မှုန်မွှားလာသည်။ မြင်ကွင်းတစ်ခုလုံးသည်ဆိတ်ငြိမ်ကာ အေးချမ်းလျက်ရှိ၏။
မန်ဟိုက သူ၏ကျင့်ကြံခြင်းဂူတံခါးတွင် ရပ်ကာ မိုးရေများကို ငေးကြည့်ရင်း ဆေးဝါးပညာရှင်ဘဝတုန်းက နေ့ရက်များအကြောင်း ပြန်တွေးနေလေသည်။
အချိန်များ ကုန်လွန်သွား၏။ ကောင်းကင်မှာ မှောင်ရိပ်ပျိုးလာပြီး မိုးပေါက်များသည် ပိုပို၍ပြင်းထန်စွာ ကျလာသည်။ မန်ဟိုမှာ .... တစ်စုံတစ်ယောက် ပေါ်လာမည်ကို စောင့်ရင်း ကြာမြင့်စွာ ရပ်နေခဲ့သည်။ သို့သော် ကောင်းကင်ထက်တွင် မိုးသောက်နေ၏ ရောင်နီပျိုးလာသည့်အချိန်တွင်ပင် သူမကား ရောက်မလာခဲ့ပေ။
မန်ဟိုက ပြုံး၍ တိတ်ဆိတ်စွာ ခေါင်းခါလိုက်သည်။
နေထွက်လာသည့်အခါ မိုးတိတ်သွားသည်။ ကောင်းကင်သည် ကြည်လင်လာပြီး မိုးမင်းသား ချန်ရစ်ခဲ့သော စိုထိုင်းမှုက လေထုတွင် အသက်စွမ်းအင်တို့ လှိုင်လှိုင်တက်နေစေသည်။ မန်ဟိုက ကျင့်ကြံခြင်းဂူမှ လန်းလျှောက်ထွက်လာပြီး ဇီယွင်ဂိုဏ်းမှ ထွက်ခွာရန် ပြင်လိုက်သည်။
သူသည် အပြန်လမ်းတွင် ပိုင်ယွင်လိုင်ဆီ အလည်ဝင်ပြီး ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများပေးအပ်ခဲ့၏။
သူက ဟန်ရွှယ့်ရှန်းနှင့် သူ၏မိတ်ဆွေတချို့ကိုလည်း သွားတွေ့သည်။ ထို့အပြင် သူတို့အားလုံးကိုလက်ဆောင်များပေးလိုက်၏... ချူယွီယန်အတွက်လည်း ပါသည်။
မန်ဟိုသည် တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် အသက်ဘေးကြုံလျှင် ကာကွယ်ပေးမည့် သူ၏နတ်ဘုရားအာရုံမျှင်တစ်မျှင်ပါရှိသော ကျောက်စိမ်းပြားတစ်ပြားကို သူမအတွက် ချန်ခဲ့လေသည်။ သူကကျောက်စိမ်းပြားကို ဟန်ရွှယ့်ရှန်းလက်ထဲထည့်၍ ချူယွီယန်ကို တစ်ဆင့်ပေး,ပေးရန် တောင်းဆိုလိုက်၏။ ထို့နောက် သူကား လေပေါ်ပျံတက်ပြီး အဝေးသို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။
သူ ထွက်သွားသည့်အခိုက်အတန့်တွင် ချူယွီယန်သည် အရှေ့ဆေးဝါးအဖွဲ့ရှိ သူမ၏ကျင့်ကြံခြင်းဂူထဲ၌ နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ကောင်းကင်သို့ မော့ကြည့်လျက် ထိုင်နေသည်။
“နင်လည်း ရွေးချယ်ပြီးသွားသလို၊ ငါ့မှာလည်း ငါ့မာနရှိတယ်” သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ နောက်ဆုံးတော့ ဟန်ရွှယ့်ရှန်း ရောက်လာခဲ့၏။ သူမမှာ ကျောက်စိမ်းပြားကို ချူယွီယန်ဆီ မပေးခင် ချီတုံချတုံဖြစ်နေခဲ့လေသည်။
ချူယွီယန်မှာ ခေတ္တ တိတ်ဆိတ်သွား၏။ ပထမတော့ သူမသည် လက်ဆောင်ကို လက်မခံလိုသော်လည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်ပေ။ သူမလက်က မြောက်သွားပြီး ကျောက်စိမ်းပြားကိုယူလိုက်သည်။
ဟန်ရွှယ့်ရှန်းက သက်ပြင်းဖွဖွ ချပြီး ထွက်သွား၏။
ချူယွီယန်မှာ ကျောက်စိမ်းပြားကို ထိတွေ့လိုက်သည်နှင့် သိမ့်ခနဲ တုန်ရီသွား၏။ မည်သည့်အချိန်ကတည်းကလဲ မသိသော်လည်း မျက်ရည်များက သူမ၏ပါးပြင်တစ်လျှောက် စီးကျလာခဲ့လေပြီ။
မန်ဟိုက ဇီယွင်ဂိုဏ်းမှ ထွက်လာပြီး တောင်ပိုင်းဒေသ၏ ရင်းနှီးသော မြေပြင်များအပေါ်မှ ပျံသန်းရင်း စုန့်မျိုးနွယ်စုသို့ ဦးတည်သွားသည်။
စုန့်မျိုးနွယ်စုသည် တောင်ဘက်၌ တည်ရှိ၏။ ထိုနေရာသည် ကျင့်ကြံသူများ၏ကျင့်ကြံခြင်းအခြေခံကို မဖိနှိပ်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူခွင့်မပြုသောအထူးနေရာတစ်နေရာဖြစ်သည်။
လွန်ခဲ့သော နှစ်တွေတုန်းက မန်ဟိုသည် မည်သည့်အတွက်ကြောင့် စုန့်မျိုးနွယ်စု ထိုသို့ဖြစ်နေရသည်လဲ နားမလည်ခဲ့ပေ။ သို့သော် သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်ကို စဉ်းစားကြည့်လျှင် ၎င်းက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦး၏ လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းသိသွားလေပြီ။
တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များသည် မိမိကိုယ်ပိုင် သဘာဝနိယာမများကို ဖန်တီးနိုင်ပြီး ၎င်းတို့က တာအိုရှာဖွေခြင်း၏အထွတ်အထိပ်သို့ ရောက်လာသည်နှင့်အမျှ အစွမ်းထက်လာလေလေဖြစ်၏။ နောက်ဆုံးတွင် ထိုကဲ့သို့ သဘာဝနိယာမများသည် စုန့်မျိုးနွယ်စုကဲ့သို့ အထူးနေရာများကိုဖန်ဆီးနိုင်လေသည်။
မန်ဟို စုန့်မျိုးနွယ်စု၏ပိုင်နက်ထဲသို့ ဝင်ရောက်လာသောအခါ မျိုးနွယ်စုတစ်စုလုံး ပွက်လောရိုက်သွားသည်။ မြေအောက်တွင် တရားပိတ်ကျင့်ကြံနေခဲ့သော စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးကချက်ချင်း မျက်လုံးဖွင့်၍ မန်ဟို့ကို ထွက်တွေ့လေသည်။
မျိုးနွယ်စုသည် မန်ဟို့အပေါ် နည်းနည်းလေးရိုင်းပျခြင်းကိုပင် ခွင့်ပြုမည်မဟုတ်ပေ။ အမှန်တွင်တောင်ပိုင်းဒေသတစ်ဝန်န်းလုံး၌ မန်ဟို့ကို မလေးမစားပြုရဲသည့် ကျင့်ကြံသူတစ်ယောက်မှ မရှိတော့ခြင်းသာ ဖြစ်၏။
မန်ဟို့ကိုယ်က လက်ဖျားခါလောက်အောင် အစွမ်းမထက်ကောင်း မထက်နိုင်သော်လည်းသူ၏ဒုတိယအစစ်အမှန်ကိုယ်မှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီးမန်ဟိုက သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားဖြစ်သည်။
စုန့်မျိုးနွယ်စုတစ်စုလုံးသည် မန်ဟို့ကို ကြိုဆိုဖို့ တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးကျင်းပလေ၏။ မန်ဟိုသည် ထိုင်၍ စုန့်မျိုးနွယ်စုကို ကြည့်ရင်း ဤသည်မှာဤနေရာသို့ ဒုတိယအကြိမ် ရောက်လာခြင်းဖြစ်ကြောင်း တွေးလိုက်၏။
ပထမဆုံးအကြိမ်မှာ စုန့်မျိုးနွယ်စု၏ သမက်ရှာပွဲအတွက် ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက သူသည်ကံကြမ္မာကောင်းကို ရရှိခဲ့ပြီး ... ရွှေတုန်းလျှိုနှင့် ဆုံတွေ့ခဲ့ရသည်။
စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးက မန်ဟို့ဘေးတွင် ထိုင်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းမချမိဘဲမနေပေ။
သို့ရာတွင် ခေါင်းဆောင်ကြီးထက်ပို၍ ခံစားချက်များ ပြင်းထန်နေသူမှာတော့ ... လူထူးဆန်းစုန့်ဖြစ်သည်။ သူသည် ယခုထက်ထိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသေး၍ မန်ဟို သူ့ဘက် လှမ်းကြည့်မှာ စိုးသဖြင့် ခေါင်းငုံ့ရင်း မန်ဟို့ထံမှ သိပ်မလှမ်းမကမ်းတွင် ထိုင်နေ၏။
ခေါင်းငုံ့ထားသည့်တိုင် မန်ဟိုက သူ့ကို သတိထားမိသေးသည်။
“လူထူးဆန်းစုန့်” သူက အေးတိအေးစက် ပြောသည်။ “ခင်ဗျား စုဆောင်းထားတဲ့ ဟိုသားရဲတွေရောဘယ်လိုလဲ” မန်ဟိုမှာ သူ့ကိုယ်သူ ရန်ငြိုးထားတတ်သူဟူ၍ ဘယ်တုန်းကမှ မသတ်မှတ်ထားဖူးသည်မဟုတ်ပါလော.....
လူထူးဆန်းစုန့်က တုန်ရီသွားပြီး ရှေးဟောင်းတာအိုရေကန်များမှာတုန်းက သူကိုယ်တိုင် မြင်တွေ့ခဲ့ရသော မန်ဟို၏အပြုအမူများကို ပြန်တွေးလိုက်မိသည်။ ထို့နောက်ပိုင်း လူထူးဆန်းစုန့်သည် အတိတ်က အတိတ်သာဖြစ်သည်ဟု တွေးခဲ့သော်လည်း ယခုတော့ မန်ဟိုကိုယ်တိုင် စုန့်မျိုးနွယ်စုသို့ ရောက်နေပြီဖြစ်ရာ သူ့မှာ ခါတိုင်းထက်ပို၍ စိုးရိမ်ထိတ်လန့်နေရတော့၏။
မန်ဟို မေးခွန်းမေးလိုက်သည်နှင့်တစ်ပြိုင်နက် လူထူးဆန်းစုန့်က ငေါက်ခနဲ ထရပ်ပြီး လက်ယှက်၍မန်ဟို့ကို ထပ်တလဲလဲ အရိုအသေပေးလိုက်သည်။ သူ၏မျက်နှာတွင် အငိုမျက်နှာထက်ပင်အရုပ်ဆိုးနေသော မျက်နှာချိုသွေးနေသောအပြုံးတစ်ခု ဖုံးလွှမ်းသွားသည်။
“စီနီယာ၊ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် ... သားရိုင်းတွေ ထပ်မစုဆောင်းတော့ပါဘူး....”
“ဟုတ်လား....” မန်ဟိုက ပြန်ဖြေသည်။ သူသည် လူထူးဆန်းစုန့်ကို ကြည့်နေစဉ် ထိုလူ့မျက်လုံးထဲရှိတောင်းပန်တိုးလျှိုးနေသောအရိပ်အယောင်ကို သိထားမိလိုက်၏။
မန်ဟိုက မသိမသာပြုံးပြီးနောက် အကြည့်လွှဲလိုက်သည်။
လူထူးဆန်းစုန့်မှာ ထိုအခါမှ ရင်ထဲကအလုံးကြီးကျသွားပြီး ကပျာကယာ ပြန်ထိုင်ကာ အရက်တစ်ခွင်ငှဲ့၍ အကြာကြီး မော့သောက်လိုက်သည်။ ကြောက်စိတ်အနည်းငယ် ပြေပျောက်သွားခဲ့သော်လည်း စောစောတုန်းက သူ့မှာ သေးထွက်ကျမတတ် ကြောက်ခဲ့ရလေသည်။ မန်ဟို၏ တုန်လှုပ်ဖွယ် လူသတ်ငွေ့များနှင့်ပတ်သက်၍ ဇာတ်လမ်းများစွာ ကြားထားရ၏။ မန်ဟိုက မျက်တောင်မခတ်ဘဲ လူသတ်နိုင်သည်။ သူသည် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များကို သုတ်သင်ခဲ့ပြီး သူ့အတွက်စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများကို သတ်ရသည်မှာ ခွေးများကို သတ်သလို လွယ်ကူခဲ့၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက်မူ ... သူ အသက်လေးရှူလိုက်ရုံနှင့် သူတို့၏အသက်နှင့်ခန္ဓာ အိုးစားကွဲသွားရလိမ့်မည်။
မန်ဟို၏တည်ရှိမှုနှင့် စုန့်မျိုးနွယ်ခေါင်းဆောင်ကြီး၏ဘေးတွင် ထိုင်နေသော အချက်က လူထူးဆန်းစုန့်ကို လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားစေသည်။ မန်ဟို တောင်ပိုင်းဒေသသို့ ပြန်ရောက်လာကတည်းက လူထူးဆန်းစုန့်မှာ သူ၏အတိတ်မှ လုပ်ရပ်များကို နောင်တကြီးစွာ ရလာခဲ့လေသည်။ ထို့နောက် သွေးမိစ္ဆာဂိုဏ်းက တဟုန်ထိုး ကျော်ကြားလာခဲ့ရာ သူ၏ကြောက်စိတ်မှာ ဆထက်တိုးလာရလေ၏။
“ငါ အဲဒီနှစ်တုန်းက အဲဒီအကုသိုလ်ကောင်လေးကို လုံးဝလုံးဝ ရန်မစခဲ့သင့်ဘူး ... အဲ့မေဘေးလေးက ဒီလောက်ကြောက်စရာကောင်းလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ... အီးးးးး ဘယ်သူမှ ထင်မှာမဟုတ်ဘူး” လူထူးဆန်းစုန့်သည် သက်ပြင်းချရင်း ကျိုးပြည်တုန်းက အဖြစ်အပျက်များနှင့် မန်ဟိုတစ်ယောက်တည်း သတ်ဖြတ်ရင်း တောင်ထိပ်သို့ တက်လာခဲ့ပုံကို ပြန်တွေးလိုက်မိသည်။ လူထူးဆန်းစုန့်သည် အလုခံလိုက်ရသော ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအကြောင်းတွေးတောရင်း နစ်မြောနေဟန်ပင်။
“ဒါပေမဲ့” သူက တွေးသည်။ “မန်ဟို့ကို ထွက်ပြေးအောင် လုပ်နိုင်ခဲ့တယ်ဆိုပြီး တောင်ပိုင်းဒေသကလူဘယ်နှယောက် ပြောနိုင်လိမ့်မလဲ။ အဲ့ဒါက ငါ ဘယ်လောက်ပြောင်မြောက်နေသလဲ သက်သေပြနေတာ ထင်တယ်” ယခုတွင် ထိုအကြောင်းတွေးမိသောအခါ လူထူးဆန်းစုန့်မှာ သူ့ကိုယ်သူ ကျေနပ်လာသလို ရှိ၏။ “ဒါ့အပြင် အဲ့ဒီခွေးမသားဝူတင်းချိုး ၊ အဲ့ဒီကောင်ပဲ အဲဒီကိစ္စတစ်ခုလုံးကို မီးမွှေးခဲ့တာ”
စားသောက်ပွဲတွင် ခံစားချက်များဖြင့် သက်ပြင်းချနေသော နောက်တစ်ယောက် ရှိပြီး ထိုသူမှာတော့စုန့်ကျား၏အမေပင်။ စုန့်ကျားမှာမူ မထူးခြားသောမျက်နှာလေးဖြင့် သူမအမေဘေးတွင် ထိုင်နေသည်။ သူမ၏အမေကတော့ စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ဖြစ်သည်။
“အဲဒီနှစ်တွေတုန်းက အမျိုးသမီးပြောခဲ့တဲ့အတိုင်းဆိုရင် “ သူမက တွေးသည်။ “ကျားအာက မန်ဟို့ရဲ့ အစေခံမောင်းမဖြစ်လာနိုင်တယ်.... မဆိုးဘူး တကယ်တမ်း။ ဒါပေမဲ့ အဲဒီအကြောင်း ဘယ်လိုစကားစရမလဲ” သူမသည် မျက်မှောင်ကြုတ်၍ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးထံ လှမ်းကြည့်လိုက်ရာသူ သူမကို ကြည့်နေကြောင်းသာ တွေ့လိုက်ရသည်။
သူမသည် သူ့အတွေးကို ချက်ချင်း နားလည်လိုက်ပြီး သူမ၏အကြံအစည်ကို စွန့်ပစ်လိုက်၏။
စားသောက်ပွဲကား နာရီအနည်းငယ် ကြာလိုက်လေသည်။ စုန့်မျိုးနွယ်စုသို့ ရောက်လာခဲ့သော မန်ဟို၏ မူလရည်ရွယ်ချက်မှာ သူတို့ကို စိတ်အေးလက်အေးရှိစေရန် ဖြစ်သည်။ သွေးမိစ္ဆာဂိုဏ်းသည်စည်းလုံးညီညွတ်သွားသော တောင်ပိုင်းဒေသတွင် အင်အားအကြီးဆုံးဖြစ်နေပြီမဟုတ်ပါလော။ စုန့်မျိုးနွယ်စုက ကြားနေခဲ့သည်ဖြစ်ရာ သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားအနေဖြင့် သူတို့ထံကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ဖို့ လိုအပ်လေသည်။
လူသိထင်ရှား သဘောတူညီချက်များ မလို၊ မန်ဟို၏ အလည်အပတ်လာရောက်မှုကတင် သွေးမိစ္ဆာဂိုဏ်း၏ ရပ်တည်ချက်ကို ရှင်းပြရန် လုံလောက်သည်။ အလားတူစွာပဲ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးကိုယ်တိုင် သူ့ကို ဖိတ်မန္တကပြုခြင်းက စုန့်မျိုးနွယ်စု၏သဘောထားကို ပြသနေလေပြီ။
ညနေစောင်းသော် မန်ဟိုက ထပ်ကြာကြာနေပါဦးဆိုသော စုန်မျိုးနွယ်စု၏ တိုက်တွန်းမှုများကိုယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။ သူ ထွက်ခွာရန် ထလိုက်သောအခါ သူ၏အကြည့်သည် စုန့်ကျားအပေါ် ကျရောက်သွား၏။ သူ့မှာ တခဏကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် ကျောက်စိမ်းပြားတစ်ပြား ထုတ်လိုက်လေသည်။
ကျောက်စိမ်းပြားတွင် ချူယွီယန်ကို ပေးခဲ့သောတစ်ခုတည်းတူ နတ်ဘုရားအာရုံအမျှင်တစ်မျှင် ပါရှိသည်။ မန်ဟိုသည် စုန့်ကျားအပေါ် အကြွေးတင်နေကြောင်း သိ၏။ ငယ်ရွယ်စဉ်တုန်းကသူ၏တဇောက်ကန်းအပြုအမူက စုန့်ကျား၏ ခင်ပွန်းရှာဖွေမှုအပေါ် သက်ရောက်မှုရှိခဲ့သည့်အတွက်ယင်းက သူမ ဘယ်တော့မှ လက်မထပ်ခဲ့သော အကြောင်းရင်း ဖြစ်လာခဲ့သည်။ မန်ဟိုမှာ ထိုကိစ္စအတွက် အမြဲ တောင်းပန်စရာလိုကြောင်း ခံစားခဲ့ရလေသည်။
သူကိုယ်တိုင် သူမကို ကျောက်စိမ်းပြားလက်ဆောင်ပေးပြီး ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှာလည်း ကူညီပေးခဲ့သေးသည်ကို ထည့်တွက်ပြီးနောက်တွင်မှ စိတ်သက်သာရာရသွား၏။
စုန့်ကျားက ကျောက်စိမ်းကို လက်ခံပြီး ထုံးစံအတိုင်း တည်ငြိမ်သော မျက်နှာထားဖြင့် ဦးညွှတ်ကာကျေးဇူးတင်ကြောင်း ဆိုသည်။
ဘေးတွင် စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ခပ်ပြုံးပြုံးဖြင့် ကြည့်ရင်း မျက်လုံးများ တောက်ပနေသည်။ နောက်ဆုံးတွင် သူက အားပါးတရ ရယ်ပြီး မန်ဟို့အား စုန့်မျိုးနွယ်ဘိုးဘေးစံအိမ်အပြင်သို့လိုက်ပါပို့ဆောင်ပေးလေသည်။
“ခေါင်းဆောင်ကြီး၊ ကျုပ်ကို လိုက်ပို့ပေးစရာမလိုပါဘူး” မန်ဟိုက ပြောသည်။ “နောင် အားရင်ပြန်လာလည်ပါဦးမယ်”, သူက လက်ယှက်ပြီးနောက် ပြန်ဖို့ ပြင်လိုက်သည်။
“မန်ဟို ၊ မိတ်ဆွေလေး” ခေါင်းဆောင်ကြီးက သဘောကျစွာ တစ်ချက်ရယ်ရင်း ပြောသည်။ “ဒီလိုယဉ်ကျေးနေစရာတွေ မလိုပါဘူး။ တကယ်တော့ ငါတို့က မိသားစုလို ဖြစ်နေပြီပဲ မဟုတ်လား။ ငါ့မြေးလေး စုန့်ကျားက မင်းရဲ့ အစေခံမောင်းမ ဖြစ်လာခဲ့တာ ကြာပြီဆိုတော့ မင်းအနေနဲ့ စုန့်မျိုးနွယ်စုကို သူစိမ်းတွေလို ဆက်ဆံစရာမလိုပါဘူး”
“အစေခံမောင်းမ” မန်ဟိုက သွားနေရာမှ တုံ့ခနဲ ရပ်ကာာ ပြောသည်။ သူသည် ထူးဆန်းသောမျက်နှာထားဖြင့် ခေါင်းဆောင်ကြီးကို ပြန်လှည့်ကြည့်လိုက်၏။
“အိုး မသိဘူးလား မိတ်ဆွေလေး” စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးသည် မန်ဟို၏မျက်နှာထားအရ ပြောနိုင်သော်လည်း မည်သို့ဆိုစေ အံ့ဩသွားသယောင်ဆောင်လိုက်သေး၏။ “စုန့်မျိုးနွယ်စု သမက်ရှာပွဲမှာတုန်းက မင့်အမေက ငါ့မြေးကို မင်းရဲ့အစေခံမောင်းမ လုပ်ခိုင်းဖို့ ငါတို့ကို ကိုယ်တိုင် ပြောခဲ့တာ”
မန်ဟို့နှလုံးသားတွင် အံ့ဩတုန်လှုပ်ခြင်းလှိုင်းတို့ ထန်လာသည်။ သို့သော် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ပြီးနောက်တွင် သူသည် တစ်ချိန်ကလို နုံနုံအအလေးမဟုတ်တော့သဖြင့် မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ရှိ၏။ သို့သော် ခေါင်းဆောင်ကြီးစုန့်ကို ပြန်လှည့်ကြည့်လိုက်စဉ်သူ၏မျက်လုံးများ၌ လေးနက်သောအလင်းရောင်လက်သွားသည်။
“ခေါင်းဆောင်ကြီး၊ ဝေ့လည်ကြောင်ပတ်လုပ်နေစရာမလိုပါဘူး” မန်ဟိုက ပြောသည်။
မန်ဟို၏ မျက်နှာရိပ်မျက်နှာကဲကို ထောက်ချင့်ရင်း ခေါင်းဆောင်ကြီးစုန့်၏မျက်နှာထားလည်းတည်ကြည်လာသည်။
“အေး မင်းရဲ့ အမေ ဟုတ်မဟုတ်တော့ ရာနှုန်းပြည့်မသေချာဘူး မိတ်ဆွေလေး။ အဲဒီမတော်တဆဖြစ်ပြီးနောက်မှာ ငါ ဖြစ်နိုင်ခြေနှစ်ခု ရှိတာ သဘောပေါက်လိုက်သည်။ အဲဒါက မင်းရဲ့အမေ ဟုတ်ရင်ဟုတ်.... မဟုတ်ရင် ရှင်သန်ခြင်းနှင်းပန်းရဲ့အမေပဲ
“ငါ့အနေနဲ့ သေချာ မဆုံးဖြတ်နိုင်ပေမယ့် အတပ်ပြောနိုင်တာကတော့ သူက အင်မော်တယ်ဆိုတာပဲ။အတုအယောင်အင်မော်တယ်လား ၊ အစစ်အမှန်အင်မော်တယ်လားတော့ မသိဘူး .... ဒါပေမဲ့ အရှေ့ဘက်နယ်မြေကဆိုတာ သေချာတယ်” ခေါင်းဆောင်ကြီးစုန့်က သိုလှောင်အိတ်ကို ပုတ်၍ ကျောက်စိမ်းပြားတစ်ပြားထုတ်ကာ မန်ဟို့ကို ကမ်းပေးလိုက်သည်။
“ဒါ သူ့ရဲ့ ပုံတူပဲ။ ငါ့မှတ်ဉာဏ်အတိုင်း ဒီကျောက်စိမ်းပြားအပေါ်မှာ ရေးထိုးထားတာ”
မန်ဟိုသည် ကျောက်စိမ်းပြားကို တိတ်ဆိတ်စွာ လက်ခံလိုက်၏။ သူ့မှာ ၎င်းကို ချက်ချင်း မကြည့်ရဲသဖြင့် အသက်ပြင်းပြင်း ရှူပြီးနောက်မှ သူ၏နတ်ဘုရားအာရုံအား ၎င်းအထဲ ပို့လွှတ်လိုက်သည်။ သူအမျိုးသမီးတစ်ဦး၏ပုံရိပ်ကို မြင်လိုက် သောအခါ အံ့ဩခြင်းလှိုင်းလုံးကြီး သူ၏နှလုံးသားတွင်ထကြွသွားတော့၏။
သူ၏သမာဓိက သည့်ထက်ခိုင်မာလျှင်တောင်မှ ပျက်ပြားသွားရမည်သာ။ သူ့မှာ သူ့နားတွင် မိုးကြိုးတစ်ရာခြိမ်းသွားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး သူ၏မျက်လုံးများသည်ပြင်းပြသောသံယောဇဉ်၊ စွဲလမ်းမှုတို့ဖြင့် တောက်ပသွား၏။
သူသည် သူ့မိဘများနှင့်ပတ်သက်ပြီး လိုက်မတူးဖော်ခဲ့သည်မှာ ကြာခဲ့လေပြီ။ အရှေ့ဘက်နယ်မြေသို့ သွားလိုသော သူ၏ကလေးဘဝအိပ်မက်မှာလည်း အတိတ်က အရာဟုသာ သူ ယူဆခဲ့သည်။
သို့ရာတွင် ယခုတော့ သူ့မှာ အရှေ့ဘက်နယ်မြေသို့ ချက်ချင်းလက်ငင်း ထသွားချင်လာသည်.... ဘာကြောင့်လဲ ဆိုပြီး မေးဖို့အတွက် ။
အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းပြားထဲရှိ အမျိုးသမီးမှာ ...
သူ၏မှတ်ဉာဏ်ထဲ၌ တည်ရှိသော သူ့အမေ၏ပုံရိပ်နှင့် တစ်ထေရာတည်း တူ၍ပင်။
***