← Chapters

တစ်ချိန်က မိတ်ဆွေ…...

Vol. 55 Ch. 761

တစ်ချိန်က မိတ်ဆွေ…...

Vol. 55 Ch. 761

မန်ဟိုက ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

သူသည် သူ၏အတွေးများကို နှလုံးသား၏ အနက်ရှိုင်းဆုံးထဲတွင် မြှုပ်နှံထားပြီး အလွယ်တကူ မဖော်ပြတတ်သော်လည်း ခေါင်းဆောင်ကြီးစုန့်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခဲ့သူ ဖြစ်သည့်အတွက် မန်ဟို့လက်၏ လှုပ်ရှားမှုမှ အရိပ်အခြေ နားလည်သွား၏။ သူ၏‌စွန့်စားမှုကား အချီကြီးပွသွားလေပြီ။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရူသွင်းပြီးနောက် လက်နှစ်ဖက်ယှက်ကာ ခေါင်းဆောင်ကြီးစုန့်ကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်” သူက ပြောသည်။

သူသည် ဤစကားများထက် ပိုမပြောသော်လည်း ခေါင်းဆောင်ကြီးစုန့်အတွက်တော့ လုံလောက်၏။သူက ခေါင်းညိတ်၍ ပြန်လည်လက်ယှက်နှုတ်ဆက်လိုက်သည်။

“မန်ဟို ၊ မိတ်ဆွေလေး ။ အရှေ့ဘက်နယ်မြေကို သွားဖြစ်ခဲ့ရင် အဲဒီက စုန့်မျိုးနွယ်စုအခွဲက မင်းကိုအကူအညီတချို့ ပေးပါလိမ့်မယ်”

မန်ဟိုက ခေါင်းညိတ်ပြီးနောက် ဘာမှထပ်မပြောတော့ဘံ့ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားတော့သည်။

‌ခေါင်းဆောင်ကြီးစုန့်က သူ ပျံထွက်သွားသည်ကို ကြည့်နေ၏။ အတန်ကြာသော်  မန်ဟို့ကို မမြင်ရတော့သောအခါ သူက လှည့်၍ စုန့်မျိုးနွယ်ဘိုးဘေးစံအိမ်သို့ ပြန်ဦးတည်သွားတော့သည်။

မန်ဟို တရိပ်ရိပ် ပျံသန်းနေစဉ် တွေဝေရှုပ်ထွေးနေသော အမူအရာအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ ကလေးဘဝတုန်းက ပုံရိပ်များ သူ့စိတ်ထဲတွင် ပေါ်လာ၏။ ၎င်းတို့မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့်တိုင် ဝေဝါးမသွားဘဲ ခါတိုင်းထက်ပင် ရှင်းလင်းပြတ်သားနေသည်။

“အမေ အဖေ ... ဘာကြောင့်လဲဗျာ

“ဘာလို့ ထွက်သွားကြတာလဲ ၊ ဘာလို့ ကျွန်တော့်ကို ထားခဲ့ကြတာလဲ။ ဘာလို့လဲ ။ ဘာလို့ စုန့်မျိုးနွယ်စုကိုကျ ရောက်လာပြီး ... ကျွန်တော့်ကို မပြောတာလဲ။ အမေ သေချာပေါက် ရှိနေခဲ့ရဲ့သားနဲ့

“ဘာလို့လဲ”

မန်ဟိုမှာ နှလုံးသားအား ဓားတို့ဖြင့် ထိုးမွှေနေသကဲ့သို့ ခံစားနေရလေသည်။ ဤမေးခွန်းများမှာအဖြေမရှိဘဲ သူ၏နှလုံးသားဝယ် ကိန်းအောင်းနေခဲ့သည်မှာ အလွန့်အလွန်ကြာပြီဖြစ်သည်။

အဖြေတို့သည်... အရှေ့ဘက်နယ်မြေတွင် ဖြစ်၏။

နောက်ဆုံးတွင် မန်ဟိုက သက်ပြင်းချပြီး က္ကန္ဒြေပြန်ဆည်လိုက်သည်။ သူသည် နှစ်ပေါင်းရာနှင့်ချီကျင့်ကြံအားထုတ်လာခဲ့ပြီးသော အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်၏။ သူ့ကို အထိန်းအချုပ်မဲ့သွားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့အဖေနှင့်အမေကိစ္စသာ....

“အရှေ့ဘက်နယ်မြေ” သူက တွေးသည်။ “ငါ အမြဲသွားချင်နေတဲ့ ငါ့အိပ်မက် .... သွားကိုသွားရမယ့်နေရာပဲ” ခိုင်မာပြတ်သားမှုက သူ၏မျက်လုံးများတွင် ပေါ်လာသည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တဟုန်ထိုး ဆက်သွား၏။

သူ တရိပ်ရိပ် သွားနေစဉ် ညနေစောင်းလာသည်။ သူသည် စုန့်မျိုးနွယ်စုနှင့် မိတ်ဖွဲ့ခဲ့ပြီး ဇီယွင်ဂိုဏ်းကိုလည်း လည်ပတ်ခဲ့ပြီးလေသည်။ ယခုအချိန်မှာ သွေးမိစ္ဆာဂိုဏ်းသို့ ပြန်၍ ရှုချင်နှင့်အတူ ကျန်နှစ်များကို ကုန်ဆုံးရမည့်အချိန်ဖြစ်သည်။

သူ ဆက်သွားနေသည့်အချိန်မှာပင် သူ၏အကြည့်သည် အ‌ဝေး၌ ဖြစ်ပျက်နေသော အရာတစ်ခုအပေါ် ရုတ်တရက် ရောက်ရှိသွား၏။

“ဟင် သူပါလား....” သူက တအံ့တဩ တွေးလိုက်မိသည်။

လောလောဆယ်တွင် မန်ဟိုသည် စုန့်မျိုးနွယ်စုနှင့် သွေးမိစ္ဆာဂိုဏ်းအကြား နယ်စပ်ဒေသသို့ ရောက်နေ၏။ သူ့ထံမှ ကီလိုမီတာ (၅၀) အကွာတွင် အလင်းတန်းသုံးတန်း လေကို ခွင်းလာသည်။

ကျင့်ကြံသူနှစ်ယောက်က တတိယမြောက်ကျင့်ကြံသူကို လိုက်နေကြောင်း ထင်ရှား‌လာသည်။ ထိုကျင့်ကြံသူမှာ သွေးစွန်းနေသော ဝတ်ရုံအဖြူနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။သူ၏မျက်နှာထားကိုကြည့်လျှင် များစွာသောအရာများကို ကြုံတွေ့ခဲ့ရသူဖြစ်ကြောင်း သိသာသည်။သူ့မှာ ပင်ပန်းနေဟန်တူပြီး ပူဆွေးသောကရောက်နေသယောင်ရှိသည်။

တစ်ခါတုန်းက သူသည် လက်ဖျားခါလောက်အောင် ချောမောခဲ့လိမ့်မည်။ ယခုတော့ အရွယ်အိုနေ‌ပုံရှိသော်လည်း သူရဲကောင်းဆန်သောအသွင်အပြင်နှင့် ခံ့ခံ့ညားညား ရှိသေး၏။ သို့သော် အချိန်က သူ့ကို ကြင်နာမှုမရှိသဖြင့် ဒုက္ခပင်လယ်ဝိုင်းခဲ့ရလေသည်။ ယခု သူ၏ဘဝမှာ စုတ်ပြတ်သပ်နေပြီဖြစ်၏။

“ဝမ်တန်ဖေး မင်းအခု ဘယ်နေရာကို ပြေးနိုင်မယ်ထင်လဲ”

“မင်းက ဝမ်မျိုးနွယ်စုရဲ့ ထိပ်တန်းရွေးချယ်ခံဖြစ်ခဲ့ဖူးပေမယ့် အခု မင်းဆိုတဲ့ကောင်ကခွေးလေခွေးလွင့်ထက် မပိုဘူး။ ပြေးဖို့ပဲ သိတဲ့ကောင်”

“ဘာအတွက် ပြေးနေတာလဲ။ လာစမ်းပါ ၊ အဲဒီနှစ်တွေတုန်းကလို နည်းနည်းပါးပါး ပညာထုတ်ပြပါဦး။ မင်းက ‌မာနတွေ ခေါက်ခိုက်နေခဲ့တာလေ။ မင်း ငါနဲ့ငါ့အစ်ကို နောက်ကို နှစ်ပေါင်းများစွာလိုက်ပြီး သတ်ဖို့ကြိုးစားခဲ့တာမဟုတ်လား။ အခု ပြန်တွေ့ရတော့ မင်းက ထွက်ပြေးတယ်တဲ့”

“ဟားဟားဟား၊ ဟုတ်ပါ့ ပြေးနေရတာကြည့်စမ်း။ တောင်ပိုင်းဒေသမှာ ဝမ်မျိုးနွယ်စုဆိုတာ မရှိတော့ဘူး။ တစ်ညတည်းနဲ့ ရှင်းလင်းခံလိုက်ရတာ။ ဝမ်တန်ဖေးက ကံကောင်းပြီး အသက်ဘေးက လွတ်သွားတယ်လေ။ ကံဆိုးချင်တော့ ငါတို့နဲ့ ဒီမှာ ပက်ပင်းတိုးရတယ်လို့။ ဝမ်တန်ဖေး... မင်းတော့ သေပြီ”

လိုက်ဖမ်းခံနေရသူမှာ ဝမ်တန်ဖေးက လွဲပြီး တခြားမဟုတ်ပေ။

လိုက်ဖမ်းနေသူများသည် အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာ လိုတော့သောအမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံများနှင့် သက်လတ်ပိုင်းကျင့်ကြံသူနှစ်ယောက် ဖြစ်သည်။ ဝမ်တန်ဖေးမှာမူ သူလည်း အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း သိသိသာသာ ဒဏ်ရာရထား၍ သူ၏ပြိုင်ဘက်နှစ်ယောက်ထံမှ ထွက်ပြေးရုံမှတစ်ပါးမတတ်နိုင်ပေ။

သု၏မျက်နှာမှာ ပြင်းထန်သော ပူဆွေးသောကအပြည့်နှင့် ဖြူဖပ်နေ၏။ ကြည့်ရသရွေ့ သူ့နောက်မှ‌လိုက်နေသူနှစ်ယောက် ပြောလိုက်သည့် စကားလုံးများက သူ၏နှလုံးသားအား နက်နက်ရှိုင်းရှိုင်း ထိုးစိုက်သွားပုံပင်။ ဝမ်‌မျိုးနွယ် ဖျက်စီးခံရပြီးနောက် သူသည် အသရေဖျက်မှု၊ စွပ်စွဲမှုအလွန့်အလွန်များစွာကို ကြုံတွေ့ခဲ့ရ၏။ သူသည် ရွေးချယ်ခံဖြစ်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းအပယ်ခံဘဝရောက်ခဲ့ရလေသည်။ မူလက သူ့မှာ ဤအခြေအနေအသစ်နှင့် အသားကျသွားနိုင်သည်ဟု သူ့ကိုယ်သူ ပြောခဲ့သော်လည်း ထိုကဲ့သို့ ခနဲ့တဲ့တဲ့စကားလုံးများကို ကြားလိုက်ရတိုင်း နက်နက်ရှိုင်းရှိုင်း နာကျင်ရလေသည်။

သူ၏နှလုံးသားကို ရင်ဘတ်ထဲမှ အစိမ်းသက်သက် ထုတ်နေသည့်အလား သူ့မျက်နှာပေါ်ရှိ နာကျင်နေသောအမူအရာမှာ ပို၍ပင် ပြင်းထန်လာသည်။

သူသည် ဝမ်မျိုးနွယ်စု သုတ်သင်ခံခဲ့ရသည့်ညက ထိုနေရာတွင် ရှိနေခဲ့၏။ မျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖြတ်နေသော ခေါင်းဆောင်ကြီး၏ရူးသွပ်မှုကို သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုညမှာ မိုးပြိုကျလာခဲ့သည့်အလားပင်။

သူ့အဖေနှင့်အမေ သေဆုံးသွားသည်။ သူ့အဘိုး သေဆုံးသွားသည်။ လူတိုင်း သေကြရသည် .... သူမှလွဲ၍။ သူ့မှာ ကြောက်လန့်မှု၊ ဝမ်းနည်းမှုတို့၏ ဝါးမြိုစားသုံးခြင်း ခံခဲ့ရလေသည်။ ထို့နောက်သူ၏အစ်ကိုကြီး .... သူ အမြဲ ကျော်တက်ချင်ခဲ့သော အစ်ကိုကြီးက သူ့ခေါင်းကို လက်ဝါးဖြင့် ရိုက်ချခဲ့သည်။

ထိုလက်ဝါးက မိုးကြိုးသဖွယ် သူ့တစ်ကိုယ်လုံးကို ထစ်ချုန်းသွားစေရင်း သူ့အား လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားစေခဲ့၏။ သူ နောက်ဆုံး မှတ်မိသည့်အရာမှာ သူ့အစ်ကိုဖြစ်သူ သူ့နားအနားကပ်၍ ရေရွတ်နေသံကိုသာ ။ “‌ကောင်လေး ၊ အသက်ရှင်အောင် နေရမယ်နော်....”

ဝမ်တန်ဖေး နိုးလာသောအခါ သွေးပင်လယ်ထဲ ရောက်နေသော သူ့ကိုယ်သူ တွေ့လိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် မျိုးနွယ်ဝင်များ၏ အလောင်းများ ဝိုင်းနေ၏။ သူ့အပေါ်တွင် လဲနေသူမှာတော့ ... သူ့အစ်ကိုကြီး၏ ခန္ဓာကိုယ်ပင်။

သူ၏အစ်ကိုသည် သူ့အလောင်းဖြင့် ကာ၍ သေခြင်းအရှိန်အဝါတို့ကို ဝမ်တန်ဖေးအား ဖုံးကွယ်ထားစေခဲ့သည်။ ဤသို့ဖြင့် ... ဝမ်တန်ဖေးမှာ စိတ်ရူးဖောက်နေသဖြင့် စေ့စေ့စပ်စပ် မရှာခဲ့သော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏လက်မှ လွတ်မြောက်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ဝမ်တန်ဖေး ငိုခဲ့သည်။

သူ့တွင် ဘာမှ မရှိတော့ပေ။ မျိုးနွယ်စု ... မိသားစု ... အကုန်လုံးပျောက်ကွယ်သွားခဲ့ပြီ။

သူ့မှာ တစ်လောကလုံးတွင် တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့သည့်အလား ခံစားခဲ့ရသည်။ သူသည် ခါးသီးစွာဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေခဲ့လေသည်.....

သူ့မှာ အသက်ရှင်သေးသော်လည်း သေလူကြီးအလားပင်။ တစ်ခါတုန်းက သူ၏မိတ်ဆွေဖြစ်ခဲ့သူများသည် ယခု သူ့ကို လှောင်ပြောင်နေသောအကြည့်များဖြင့် အေးတိအေးစက် ကြည့်ကြ၏။အဆက်မပြတ် သရော်မှုများက အတိတ်တုန်းက သူ အဆက်ဆံခံခဲ့ပုံနှင့် မိုးနှင့်မြေပမာ ကွာခြား၍တုန်ရီနေသော ဝမ်တန်ဖေးအား နားလည်သွားစေခဲ့သည်။

သူလုပ်နိုင်သမျှမှာ သရော်မှုတို့အား ခါးသီးစွာဖြင့် ခေါင်းငုံ့ခံနေရုံသာ။

သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရှာပြီး မေးချင်၏ .... ဘာကြောင့်များလဲ။

ဘာကြောင့် ဝမ်တစ်မျိုးနွယ်လုံးကို သုတ်သင်ခဲ့တာလဲ

ဘာကြောင့်လဲ

၎င်းသည် ဝမ်တန်ဖေး ဆက်လက်ရှင်သန်နေရသည့် တစ်ခုတည်းသောအကြောင်းရင်းဖြစ်လာသည်။သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရှာတွေ့ဖို့ သူ၏သွေးဆက်အဆက်အသွယ်ကို သုံးရင်း တောင်ပိုင်းဒေသတစ်ခုလုံးတွင် စရှာခဲ့၏။ သေရလျှင်တောင်မှ ... သူ့အတွက် အဖြေရမှဖြစ်မည်။

နောက်ဆုံးတော့ ဤနေရာတွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို သူ အာရုံရခဲ့သည်။ သူသည်ချောင်ကြိုချောင်ကြားမကျန် လိုက်ရှာခဲ့သော်လည်း ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို မတွေ့ခင်တစ်ချိန်တုန်းက သူ့အတွက် ကြည့်ဖို့ပင် မထိုက်တန်အောင် အထင်သေးခဲ့သော ဤလူနှစ်ယောက်နှင့်ပက်ပင်းတိုးခဲ့လေသည်။ သူတို့သည် သူနှင့် သူ၏လက်အောက်ငယ်သားများ မှော်ပစ္စည်းတစ်ခုအတွက် လိုက်ဖမ်းသတ်ဖို့ ကြိုးစားခဲ့သော သာမညများဖြစ်ခဲ့၏။

ယခုတော့ သူ့မှာ သူတို့ထံမှ ထွက်ပြေးနေရလေပြီ။

ဝမ်တန်ဖေး နောက်မှ လိုက်ဖမ်းနေသူနှစ်ယောက်က မုဒြာလက်ကွက်များ ဖော်လိုက်ရာ ဓားပျံနှစ်လက် ရွှီးခနဲ ထွက်သွားသည်။ ၎င်းတို့က တဖျပ်ဖျပ် လက်လျက် မျက်နှာဖြူဖျော့နေသော ဝမ်တန်ဖေးဆီ ပြေးဝင်လာသည်။ ဝမ်တန်ဖေးမှာ ဗုံအသေးလေးတစ်လုံးကို ထုတ်ကာ အနောက်သို့ ပစ်ပေါက်လိုက်၏။ ၎င်းသည် လျင်မြန်စွာ ကြီးနားလာပြီး ဓားနှစ်လက် အနားကပ်လာစဉ် တဗုံဗုံမြည်လာသည်။ ပစ္စည်းနှစ်ခု ထိတိုက်သွားပြီး ....

ဖောင်း

ပေါက်ကွဲသံ ရိုက်ခတ်ဟိန်းသွားစဉ် ဝမ်တန်ဖေးမှာ သွေးအန်လိုက်ရသည်။ သူက သွေးဆုပ်‌ဖြူလျော်နေသော မျက်နှာထားဖြင့် အားတင်းပြီး သူ့ကိုယ်သူ ရှေ့တွန်းပို့လိုက်သည်။ သူ့မှာ ဗုံကို ပြန်သိမ်းရန်အချိန်မရှိပေ။ ‌နောက်မှလိုက်လာနေသော ကျင့်ကြံသူနှစ်ယောက်မှ တစ်ယောက်က ဗုံကို ယူကာ ရပ်လိုက်သည်။ ထို့နောက် သူတို့သည် မျက်လုံးများတွင် လောဘ နှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့တောက်ပနေလျက် ‌နောက်မှ လိုက်လာကြပြန်၏။

သူတို့သည် ရှေ့တိုးနောက်ဆုတ် ဆက်တိုက်ခိုက်နေကြပြီး ဝမ်တန်ဖေးမှာ တရစပ် သွေးအန်နေရသည်။ သူ့ခြေထောက်အောက်ရှိ ဓားအလင်းမှာ မှေးမှိန်လာပြီး စိတ်ဓာတ်ကျနေမှုအား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ သူ့အတွက် တစ်ကမ္ဘာလုံးမှာ ... မီးခိုးရောင်ပြောင်းသွားခဲ့သယောင်ပင်။

“မင်း ဘဝင်မြင့်ခဲ့ဖူးတယ် မဟုတ်ဘူးလား”

“အဲဒီတုန်းက မင်းက သိပ်ကို အဆင့်အတန်း မြင့်ပြီး ကြီးမြတ်နေခဲ့တာလေ။ မင်းက လူတွေကိုပိုးကောင်တွေလို အထင်သေးခဲ့ပြီး မင်းကိုယ်မင်း မိုးကောင်းကင်ရဲ့ ရွေးချယ်ခံလို တွေးခဲ့တယ် ။အခု ဘယ်မှာလဲ မင်းရဲ့ မာနတွေ”

“ဝမ်တန်ဖေး မင်း‌‌က သေလူပဲ။ ဘဝပြန်ဝင်စားရင် နောင်ဘဝမှာ သိပ်ဘဝင်မြင့်မနေဖို့ မှတ်ထား”

နောက်မှလိုက်ဖမ်းနေသူ နှစ်ယောက်၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားပြီး သူတို့က အစွမ်းအထက်ဆုံး နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ရင်း တစ်ပြိုင်တည်းတိုက်ခိုက်လိုက်ကြသည်။ ဓားချီသည် လည်လာပြီး ကြီးမားသောလက်ဝါးကြီးက ဝမ်တန်‌ဖေးဆီပြေးဝင်လာ၏။

ဝမ်တန်ဖေးက ခါးသက်သက် ပြုံးလိုက်သည်။ သူသည် မလွတ်နိုင်တော့မှန်း သိ၍ တုံ့ခနဲ ရပ်ကာရယ်တော့သည်။ သူ့မှာ လောကဓံကို လူးလိမ့်အောင် ခံခဲ့ရပြီး နဂိုကတည်းက သူ၏မိသားစုနှင့်သေဆုံးသွားခဲ့သင့်ခြင်းဖြစ်သည်။ သူ လက်လျှော့လိုက်မည့်အချိန် ....

ရုတ်တရက် လေတွင် ပဲ့တင်ထပ်သွားသော သက်ပြင်းချသံတစ်သံအား ကြားလိုက်ရသည်။

သက်ပြင်းချသံကို ကြားလျှင်ချင်း ဝမ်တန်ဖေးနောက်မှ လိုက်နေသူနှစ်ယောက်က ရပ်လိုက်ပြီးမျက်နှာများ ဖြူဆုပ်သွားသည်။ သူတို့မှာ ဝမ်တန်ဖေး၏ အနောက်ကို ကြည့်ရင်း ကြောက်ဒူးတုန်လာကြ၏။

“သွေး... သွေးမိစ္ဆာဂိုဏ်း၊ သွေးမင်းသား”

“မန်ဟိုပဲ”

မန်ဟိုသည် ဝမ်တန်ဖေး၏အနောက်မှ ဆင်းလာကာ ဝမ်တန်ဖေးနှင့် လိုက်ဖမ်းနေသူနှစ်ယောက်ကြားရပ်လိုက်၏။

“ဒီပုဂ္ဂိုလ်က ကျုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ” သူက ပြောသည်။။ “တာအိုရောင်ရင်းတို့ကျုပ်မျက်နှာကို ထောက်ထားနိုင်မလား”

လိုက်ဖမ်းနေသူနှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကြောက်စိတ်တို့ မွှန်ထူလာသည်။သူတို့သည် ချက်ချင်း လက်ယှက်၍ လေးလေးစားစား အရိုအသေပေးလိုက်ကြ၏။

“စီနီယာ ၊ ဝမ်တန်ဖေးက သွေးမင်းသားရဲ့ မိတ်ဆွေဆိုတာ ကျုပ်တို့မသိလို့ပါ။ ‌ဗွေမယူပါနဲ့ခင်ဗျ”

“ကျုပ်တို့ ... သွား... သွားပြီနော်....”

ကျင့်ကြံသူနှစ်ယောက်၏မျက်နှာမှာ လုံးဝသွေးမရှိတော့။ တောင်ပိုင်းဒေသတွင် မန်ဟို့မျက်နှာကို မမြင်ဖူးသူဟူ၍ မရှိပေ။ သူတို့သည် ဝမ်တန်ဖေးကို နည်းနည်းလေးမှ ဂရုမစိုက်သော်လည်း မန်ဟိုကတော့ အဆုံးစွန်ထိ ကြောက်စရာကောင်းလေသည်။ သူတို့မှာ စကားပြောနေသည့်အချိန်မှာပင်‌ကတုန်ကယင်ဖြင့် နောက်ဆုတ်သွားကြ၏။

ဝမ်တန်ဖေးသည် မန်ဟို့နောက်ကျောကို မှင်သက်စွာ ကြည့်နေပြီးနောက် ထိုလူနှစ်ယောက်၏မျက်နှာထားကို မြင်သော် ရင်ထဲ စူးအောင့်နာကျင်လာလေသည်။ ထိုကဲ့သို့ အမူအရာမျိုးမှာ ဝမ်မျိုးနွယ်စု သုတ်သင်မခံရတုန်းက သူ အရသာခံခဲ့သောအမူအရာများ ဖြစ်ခဲ့သော်လည်း ယခုတော့ ...

ဝမ်တန်ဖေး၏မျက်နှာ ရှံ့မဲ့သွားသည်။ မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်နေစဉ် ဓားတစ်လက်ကသူ၏နှလုံးသားကို ထိုးစိုက်နေသလို ခံစားရလေသည်။ မန်ဟို့အပေါ် သူ၏မုန်းတီးမှုမှာ နက်ရှိုင်းလွန်းပြီး ဝမ်မျိုးနွယ်စုမပျက်စီးခင်တုန်းက သူသည် မန်ဟိုကို ကိုယ်တိုင်သတ်ရန်ပင် စိတ်ကူးခဲ့၏။

သူ၏ အမွေအနှစ်ကို လုယူသွားခဲ့သည့်အတွက် မုန်းသည်။ ဇနီးလောင်းကို လုယူသွားခဲ့သည့်အတွက်မုန်းသည်။ မန်ဟို၏ အောင်မြင်မှုများကို မုန်းသည်။ ဝမ်တန်ဖေး၏စိတ်ထဲတွင် မန်ဟို ရရှိသွားခဲ့သမျှမှာ သူ့အပိုင်ဖြစ်ခဲ့သင့်နေလေသည်။

မကြာသေးမီက မန်ဟို့အကြောင်းများ ကြားတိုင်း သူ့မှာ နှလုံးသားတစ်ခုလုံး စိစိညက်ညက် ကြေအောင် နင်းခြေခံနေရသည့်အလား ခံစားရသည်။ သူ့မှာ ရိုးတွင်းခြင်ဆီထဲကပင် မုန်းလွန်း၍ ရူးမတတ်ပင် ဖြစ်ရ၏။

“ငါ မင်းအကူအညီမလိုဘူး” သူက အော်လိုက်သည်။ “သတ်လိုက်တော့ ငါ့ကို ။ သတ်လိုက်တော့ ၊ ဒီအတိုင်း သတ်လိုက်ပါတော့

“ငါ ရှင်သန်ရတာ စိတ်ကုန်နေပြီ မန်ဟို။ ငါကို သတ်ချင်တယ်မလား။ သတ်ပစ်လိုက်လေ။ မင်းဟန်ဆောင်နေစရာမလိုပါဘူး။ လာစမ်းပါ၊ ငါ ဝမ်တန်ဖေးဆိုတဲ့ကောင်က အရှုံးမပေးတတ်ဘူး။ ဒီမှာရပ်နေတယ် လာစမ်းပါ။ သတ်ပစ်လိုက်တော့

“မင်းက ငါ့ရဲ့ကံကောင်းခြင်းတွေကို ခိုးသွားတယ်။ ငါ့အခွင့်အလမ်းတွေအကုန်လုံးကို ယူသွားတယ်။ငါ့ဇနီးလောင်းကိုတောင် လုသွားတယ်။ ငါ မင်းလို ကြောင်သူတော် ကြွက်သူခိုးနဲ့ တစ်မိုးအောက်တည်း မနေနိုင်ဘူး။ အဆင့်မရှိတဲ့ကောင်။ လာ ငါ့ကို သတ်စမ်းပါ

“မင်းက မှီခိုရာဂိုဏ်းမှာတုန်းက ဘာကောင်မှ မဟုတ်ဘူး။ လက်ချောင်းလေးတစ်ချောင်း  ဝှေ့ယမ်းလိုက်ရုံနဲ့ ငါ မင်းကို သတ်နိုင်တယ်။ အကြီးအကဲအိုးရန်သာ ဝင်မပါခဲ့ရင် ငါ မင်းကို သတ်ခဲ့ပြီးပြီ

“ငါက ရွေးချယ်ခံ၊ မှီခိုရာဂိုဏ်းရဲ့ ရွေးချယ်ခံ။ ဝမ်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ။ ပြီးတော့ မင်းကရော ... မင်းက ပိုးမွှားလေးတစ်ကောင်ပဲ” ဝမ်တန်ဖေးသည် အရူးကြီးသဖွယ် တဟားဟား အော်ရယ်နေတော့၏။ သူ့မှာ သူ့ကိုယ်သူ ချုပ်တည်းထားခဲ့ရသည်မှာ အလွန့်အလွန် ကြာခဲ့ပြီဖြစ်၍ ယခုတော့သူ၏ပူဆွေးသောကအားလုံးကို ကယောင်ချောက်ချား အော်ဟစ်ပြောနေလေသည်။

***

All Chapters