ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး
Vol. 55 Ch. 762
ဝမ်တန်ဖေး၏ ကယောက်ချောက်ချား အော်သံမှာ မန်ဟို့ကို မျက်မှောင်မဆိုစလောက် ကျုံ့သွားစေရုံထက်ပို၍ ဘာမှမဖြစ်စေပေ။ သို့သော် ကျန်ကျင့်ကြံသူနှစ်ယောက်၏မျက်နှာမှာတော့ လူသေကောင်သဖွယ် ဖြူဆုပ်နေပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။
သူတို့သည် ရုတ်တရက် တောင်ပိုင်းဒေသကို အတန်ငယ်ဂယက်ရိုက်သွားစေခဲ့သော အဖြစ်အပျက်တစ်ခုကို သတိရလိုက်ကြ၏။ ထိုကိစ္စက မန်ဟို၊ ဝမ်တန်ဖေးနှင့် ချူယွီယန်တို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပင်။
“မကောင်းတော့ဘူး ဒီနှစ်ယောက်က အချစ်ပြိုင်ဘက်တွေ ဖြစ်နေတာကိုး”
“သေစမ်း၊ ငါတို့ ဒီနှစ်ယောက်နဲ့မှ ပက်ပင်းတိုးပြီး မကြားသင့်တာတွေ ကြားလိုက်ရပြီ...” ကျင့်ကြံသူနှစ်ယောက်မှာ ရင်တုန်တုန်ဖြင့် နောက်ဆုတ်သွားကြသည်။ မန်ဟို သူတို့ကို အာရုံမရှိကြောင်း မြင်သောအခါ သူတို့က တောင်ပံများ မပေါက်လာနိုင်သည့်အတွက် ဆဲရေးရင်း တစ်ချိုးတည်းထွက်ပြေးသွားကြ၏။
“လာ သတ်စမ်းပါ၊ ငါ့ကို သတ်လိုက်စမ်းပါ” ဝမ်တန်ဖေးက မျက်လုံးများနီရဲနေလျက် ဒေါသတကြီးအော်သည်။ သူသည် မန်ဟို၏ရှေ့တည့်တည့်သို့ပင် ချဉ်းကပ်လာသည်။
“မင်း မှီခိုရာဂိုဏ်းမှာတုန်းက ငါ့ကို သတ်ချင်ခဲ့တယ်မလား မန်ဟို။ မင်းရဲ့လက်သည်းတွေ မင်းလက်ဝါးထဲ နစ်ဝင်နေခဲ့ပြီး သွေးတစက်စက် ကျနေခဲ့တာ ငါ မှတ်မိတယ်။ အဲ့ဒီတုန်းက မင်းက ပုရွတ်ဆိတ်။ ငါက ရွေးချယ်ခံ”
“အခု ငါ့ကို ကြည့်ပြီး မင်းပျော်နေတယ်မလား။ သိပ်သိပ်ပျော်နေတယ်မလား။ လာစမ်းပါ ငါ့ကို သတ်လိုက်စမ်းပါ
“ငါ နေသင့်သလောက် နေခဲ့ပြီးပြီ မန်ဟို။ င့ါမျိုးနွယ်စုမရှိတော့ဘူး၊ ငါ့အပေါင်းအသင်းတွေ မရှိတော့ဘူး။ ငါ့မိသားစုလည်း မရှိတော့ဘူး။ ငါ့အစ်ကိုကြီးက ငါ့အတွက် အသေခံသွားခဲ့ပေမယ့် ဘာအဓိပ္ပာယ်ရှိသလဲ။ မင်း လက်နဲ့သေရတာက အနည်းဆုံးတော့ ငါ့အတွက် ခံသာပါသေးတယ်
“ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ သတ်လေကွာ”
ဝမ်တန်ဖေးကို ကြည့်နေဉ် မန်ဟို၏မျက်နှာအပေါ်၌ ရှုပ်ထွေးနေသောအမူအရာအား မြင်ရနိုင်သည်။သူသည် ဝမ်မျိုးနွယ်စုအကြောင်း သိထားပြီးပြီဖြစ်၏။ အတိတ်က အရာအားလုံးမှာမူ အတိတ်ထက်မပိုတော့ပေ။
“ငါက ဝမ်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ။ ငါ ကလေးဘဝတုန်းက ကောင်းကင်ကနေ မိုးနဂါးပျံတစ်ကောင်ရဲ့ သွေးစက်တစ်စက် ကျလာခဲ့တယ်။ ငါလေ မသိစိတ်အတိုင်း လိုက်သွားပြီး အများကြီးပေးဆပ်ခဲ့ပြီးနောက်မှ မှီခိုရာဂိုဏ်းကို ရှာတွေ့ခဲ့တာ
“မိုးနဂါးပျံကြီးရဲ့ အမွေအနှစ်က ငါ့အပိုင်။ ဒါပေမဲ့ မင်းက ခိုးသွားတယ်။ မင်းက ငါ့အမွေကို လုသွားတာ။ ပြီးတော့ မှီခိုရာဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဆိုတဲ့ ငါ့ရဲ့အခွင့်အရေးကိုရော မင်း ယူသွားတယ်။မင်းက ငါ မြင့်မြတ်သောဝိညာဉ်ကျမ်းစာရနိုင်မယ့် အခွင့်အရေးတိုင်းကို ဖျက်စီးပစ်ခဲ့တယ်
“ပြီးတော့ ငါ့ ဇနီးလောင်းကိုတောင် မင်း လုသွားတယ်လေ။ ချူယွီယန်က ငါ့ဇနီးဖြစ်ရမှာ။ ဒါပေမဲ့မင်းကြောင့် ... ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ်
“အရင်ဘဝတုန်းက ငါ မင်းအပေါ် အကြွေးများ တင်ခဲ့မိသလား မန်ဟို။ ဘာကြောင့်လဲ။ မင်းက ငါ့ဆီကနေ တစ်ခုပြီးတစ်ခု လုယူသွားခဲ့တာ” ဝမ်တန်ဖေးမှာ မျက်ရည်များ စီးကျလျက် စူးစူးဝါးဝါးအော်ဟစ်နေ၏။
“အခု မင်းမှာ ငါ့ပိုင်ဆိုင်ရမယ့်အရာတွေ အကုန်လုံး ရှိနေပြီ။ ငါက တောင်ပိုင်းဒေသမှာ နံပါတ်တစ်ဖြစ်သင့်တာ။ ငါက ထိပ်ဆုံးမှာ ဖြစ်သင့်တာ။ ပြီးတော့ မင်းက ... အခု ငါ ဖြစ်သင့်တာကွ
“မင်းမှာ ရှိသမျှ အရာတွေအားလုံးက .... ငါ့ဆီက လုယူထားတာတွေပဲ။ ပြီးတော့ အခု ဒီမှာ ငါ့အရှေ့မှာ ရပ်ပြီး အောင်နိုင်သူကြီး ဖြစ်နေပြန်ပြီ။ မင်းက ငါ့ကို ကယ်မယ်ဟုတ်လား။ အေး မင်းလုပ်နေတာက ကယ်နေတာမဟုတ်ဘူး။ ငါ မင်းရဲ့ သနားကရုဏာတွေ မလိုချင်ဘူ။ ငါ့ကို သတ်ပစ်လိုက်တာပဲလိုချင်တယ်
“ငါ့ကို အဲဒီလိုမကြည့်နဲ့ မန်ဟို” မျက်ရည်များက သူ၏ပါးတစ်လျှောက် စီးကျနေသည်။ “ငါက ဝမ်တန်ဖေး” ဝမ်မျိုးနွယ်စု ပျက်စီးပြီးနောက် ဝမ်တန်ဖေးသည် အတောမသပ်နိုင်အောင် လှောင်ပြောင်သရော်ခြင်းခံခဲ့ရသည်။ ၎င်းက သူ ကိုင်တွယ်နိုင်သော နာကျင်မှုဖြစ်၏။ ကမ္ဘာပေါ်တွင် သူ သည်းမခံနိုင်သော လူတစ်ယောက်သာ ရှိသည်။
သူသည် မန်ဟို့မျက်လုံးထဲတွင် သနားစရာကောင်၊ စိတ်ပျက်စရာကောင် အဖြစ်ခံမည့်အစား သေသာသေလိုက်မည်ဖြစ်သည်။ သူက ဝမ်တန်ဖေး။ သေရလျှင် ဂုဏ်သိက္ခာရှိရှိသာ အသေခံမည်။
မန်ဟိုက သက်ပြင်းချပြီးနောက် ခေါင်းခါလိုက်သည်။ သူသည် သူနှင့်ဝမ်တန်ဖေးအကြား ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်တွေးကြည့်သောအခါ အတန်ငယ် စိတ်လိုက်မာန်ပါ လုပ်ခဲ့မိကြောင်း ဝန်ခံရပေမည်။
သူသည် ငယ်ရွယ်ခဲ့ပြီး ခေါင်းမာခဲ့သည်ဖြစ်၍ နောက်ပြန်ကြည့်လိုက်သောအခါ ... သူ လုပ်ခဲ့သောအရာအတော်များများက လွန်ခဲ့ကြောင်း သဘောပေါက်လိုက်၏။ ဥပမာ ... ချူယွီယန်ကိစ္စ .... ဝမ်တန်ဖေးနှင့် ချူယွီယန်ကြား တမင်မနှောင့်ယှက်ခဲ့လျှင် သူတို့နှစ်ယောက် ယနေ့တွင် ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ကောင်း ပေါင်းဖက်နေရလိမ့်မည်။
အနည်းဆုံးတော့ လက်ရှိအခြေအနေထက် သာပေဦးမည်။
မန်ဟိုက ဘာမှမပြောပေ။ သူသည် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်၍ နတ်ဘုရားအာရုံတချို့ခတ်နှိပ်ကာ ဝမ်တန်ဖေး၏ရှေ့သို့ ပစ်လိုက်သည်။
“ဒါက ယူလိုက်ပါ” သူက လေသံပျော့ပျော့ဖြင့် ပြောသည်။ “မင်း အသက်ဘေးကြုံရင် အဲ့ဒါက မင်းကို တစ်ကြိမ်တော့ ကယ်ပေးနိုင်လိမ့်မယ်။ မင်းနဲ့ငါက ... အရင်က မိတ်ဆွေတွေပဲလေ။ မင်းမင်းလမ်းကြောင်းကို မင်း ရှာဖွေနိုင်ပါစေလို့ ... ငါ တကယ် မျှော်လင့်ပါတယ်” ထိုသို့ပြောပြီး သူကပြန်ရန် လှည့်လိုက်သည်။
ဝမ်တန်ဖေးက သူ့အရှေ့တွင် ပျံဝဲနေသော ကျောက်စိမ်းပြားကို တအံ့တဩ ကြည့်သည်။ ထို့နောက်သူသည် ခေါင်းနောက်လှန်၍ အရူးကြီးလို ရယ်လိုက်၏။ မျက်ရည်များက သူ၏မျက်နှာတစ်လျှောက် ပိုမိုစီးကျလာသည်။ သူသည် မန်ဟို၏စေတနာကို မလိုချင်ပေ။ သူ တစ်လောကလုံးတွင် အမုန်းတကာ့ အမုန်းဆုံးလူ၏အရှေ့တွင် မပြိုလဲချင်ပေ။ ဝမ်မျိုးနွယ်စု ပျက်စီးပြီးနောက် သူသည် များစွာကြုံတွေ့ခဲ့ရပြီး လောကကြီး၏ သူတော်ကောင်းအယောင်ဆောင်မှုကို သိလာခဲ့၏။
တစ်ခါက မိတ်ဆွေဖြစ်ခဲ့သူများက သူ ပြိုလဲနေချိန်တွင် သူ့ကို ကန်ထုတ်ကြသည်။ အပေါင်းအသင်းများက သူ့ကို အဆိပ်ရှိသောသတ္တဝါလို ရှောင်ခဲ့ကြသည်။ ထိုကဲ့သို့ နာကျင်မှုမျိုးကို သူ လက်ခံနိုင်၏။ အတိတ်က ရန်သူများ သူ့ကို သတ်ဖို့ ကြိုးစားလျှင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ပြီး သူတို့နှင့်အတူ ပျက်စီးနိုင်သည်။
သူ အမုန်းဆုံးသူက သူ ထိပ်ဆုံးမှ အောက်ရောက်သွားပြီးနောက် သူ့ကို ကြင်နာစွာ ဆက်ဆံပေးသည့်တစ်ယောက်တည်းသောလူ ဖြစ်လိမ့်မည်ဟု သူ မည်သို့ ထင်ထားမည်နည်း။
သူ့မှာ လက်မခံချင်သလို ၊ လက်မခံနိုင်။ စိတ်ထဲရှိရာ အော်ဟစ်ပြောခြင်းကသာ သူ့အတွက် ခံစားချက်များ ဖွင့်ဟစရာ နည်းလမ်းဖြစ်သည်။ သူ၏မျက်ရည်များက ဝမ်းနည်းမှုကို သရုပ်ဖော်နေသည်။
သူက လက်ကို ဝှေ့ယမ်း၍ ကျောက်စိမ်းပြားကို မြေကြီးပေါ် ကျသွားစေသည်။
“ငါက ဝမ်တန်ဖေး။ မင်း သနားစရာမလိုဘူး”
မန်ဟိုက ရပ်၍ နောက်ပြန်လှည့်ကြည့်ပြီးနောက် သက်ပြင်းထပ်ချလိုက်ပြန်သည်။ သူ ထွက်သွားတော့မည့်အချိန် ရုတ်တရက် အနီးနားရှိ တောထဲမှ အသံရှည်ဆွဲအော်သံကြီးတစ်သံ ကြားလိုက်ရသည်။
အော်သံက ကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး တိမ်တိုက်များ တလိပ်လိပ် ထလာစေသည်။ သစ်ပင်များကြားမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ထက် ကျော်လွန်သော အရှိန်အဝါ ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခု ထွက်လာသည်။
“ဟားဟားဟား အင်မော်တယ်အဆင့်တက်မယ်။ အင်မော်တယ်အဆင့် တက်လှမ်းခြင်း ... ဟားဟားဟား။ ငါ အင်မော်တယ်ဖြစ်လာတော့မယ်” ၎င်းသည် ဖရိုဖရဲဖြစ်သောဆံပင်၊ စုတ်ပြတ်နေသောအဝတ်အစားနှင့် ညစ်ပတ်နေသောအသားတို့ဖြင့် အရူးအဘိုးကြီးတစ်ဦးဖြစ်၏။
မန်ဟို၏ သူငယ်အိမ်များ ကျုံ့သွားပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ သူ၏မျက်လုံးများတွင် တောက်လောင်လာသည်။ သူ၏ဒုတိယအစစ်အမှန်ကိုယ်သည် သူ့ဘေး၌ ရုတ်တရက် ပေါ်လာပြီး ရှေ့တစ်လှမ်းတက်လိုက်၏။
စိတ်ဖော်ပြန်နေသော အဘိုးကြီးမှာ ယခင်နှင့်တခြားစီ ဖြစ်နေသော်လည်း မန်ဟိုကတော့ ... ထိုလူသည် ဒသမဝမ်ခေါင်းဆောင်ကြီးဖြစ်ကြောင်း ပြောနိုင်သေး၏။
မန်ဟိုသည် ဒသမဝမ်ခေါင်းဆောင်ကြီးနှင့်ပတ်သက်ပြီး စုံစမ်းမှုတချို့ ပြုလုပ်ခဲ့ဖူး၏။ ခေါင်းဆောင်ကြီးက ဝမ်တစ်မျိုးနွယ်လုံးကို ရက်ရက်စက်စက် သတ်ပြီးနောက် ရူးသွပ်သွားခဲ့သည်ဟု သိလိုက်ရသည်။ သို့သော် ဤသည်မှာ တောင်ပိုင်းဒေသတွင် သူနှင့် ပထမဆုံးအကြိမ် ကိုယ်တိုင်ပြန်ဆုံခြင်းဖြစ်သည်။
“ခေါင်းဆောင်ကြီး” ဝမ်တန်ဖေးက အော်သည်။
“ဒသမဝမ်ခေါင်းဆောင်ကြီး” မန်ဟိုက တင်းမာခက်ထန်စွာ ဟိန်းဟောက်လိုက်၏။ သူသည် လက်ကိုမြှောက်၍ လက်ချောင်းကို ညွှန်လိုက်ရာ ဒုတိယအစစ်အမှန်ကိုယ်က ဒသမဝမ်ခေါင်းဆောင်ကြီးဆီပြေးဝင်သွားလေပြီ။
သူတို့နှစ်ယောက် ချက်ချင်း တိုက်ခိုက်လိုက်ကြသဖြင့် ထစ်ချုန်းပေါက်ကွဲသံများ ဆူညံသွား၏။ဒသမဝမ်ခေါင်းဆောင်ကြီးမှာမူ အင်မော်တယ်ချီက သူ့ကို ရစ်သိုင်းလှည့်ပတ်နေလေသည်။
သူ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး သူ၏အိုမင်းနေသော မျက်နှာတွင် ကြောင်နေသည့်အရိပ်အယောင်ရှိသည်။
“အင်မော်တယ်အဆင့်တက်မယ်။ အင်မော်တယ်ဖြစ်လာရမယ်...” သူက ကယောင်ချောက်ချားရယ်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုအား ပုံပျက်ရှုံ့တွသွားစေသည်။ သူသည် မန်ဟို၏ ဒုတိယကိုယ်အစစ်နှင့် စတင်တိုက်ခိုက်လိုက်သဖြင့် အားကောင်းသော ကျင့်ကြံခြင်းအခြေခံလှိုင်းများဖြာထွက်လာတော့သည်။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး ပျံထွက်လာသည်။ သူ့တွင် တာအိုရှာဖွေခြင်းအဆင့် အပြင်အားကိုယ်ရှိပြီး မိုးကြိုးဒယ်အိုးကို ထုတ်ကာ ဒသမဝမ်ခေါင်းဆောင်ကြီးဆီ ချဉ်းကပ်သွားလိုက်၏။
မန်ဟိုနှင့် ဒုတိယကိုယ်အစစ်သည် ဒသမဝမ်ခေါင်းဆောင်ကြီးနှင့် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေ၏။ လေများ တဝေါဝေါ တိုက်ကာ ငလျင်များ လှုပ်ခတ်နေသည်။
“ပျက်စီးစမ်း” မန်ဟို၏ ဒုတိယကိုယ်အစစ်က မာန်သွင်းဟိန်းဟောက်ကာ သစ်သားအချိန်ဓားကို ပိုင်းချလိုက်သည်။ အချိန်စွမ်းအားနှစ်သောင်းပေါင်းများစွာသည် ဧရာမမြစ်ကြီးသဖွယ် စီးဆင်းလာ၏။သို့သော် ဒသမဝမ်ခေါင်းဆောင်ကြီးသည် သာမန်တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူမဟုတ်ပေ။ သူ့တွင် အင်မော်တယ်ချီနှင့် အချိန်စွမ်းအားကို ခုခံရန် ထုတ်လွှတ်လိုက်သော အင်မော်တယ်အရှိန်အဝါရှိသည်။ ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး ဒုတိယကိုယ်အစစ်နောက်ဆုတ်လိုက်ရ၏။ ဒသမဝမ်ခေါင်းဆောင်ကြီး၏မျက်နှာမှာ ဖြူဖျော့နေပြီး ရုတ်တရက်သူ၏မျက်လုံးထဲရှိ တွေဝေမှုတို့တွင် ရှင်းလင်းမှုက အစားထိုးဝင်ရောက်လာသည်။
“မန်.... ဟို...” သူက မန်ဟို့ကို မမှိတ်မသုတ် ကြည့်ရင်း ပြောသည်။ သူ၏အသံသည် အက်ကွဲနေပြီးအသိစိတ်ပြန်ဝင်လာသဖြင့် ဆုတ်ဆုတ်ဆိုင်းဆိုင်း ပြောလိုက်သည်။
“ခေါင်းဆောင်ကြီး” ဝမ်တန်ဖေးက ကပျာကယာ အော်ရင်း ဒသမဝမ်ခေါင်းဆောင်ကြီးဆီသို့ ပျံသန်းလာသည်။
“တန် ... ဖေး....” ဒသမဝမ်ခေါင်းဆောင်ကြီးက ဝမ်တန်ဖေးကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ရုတ်တရက် သူ၏မျက်နှာအမူအရာသည် အလွန်တရာ နာကျင်သွားပုံပေါက်သွား၏။ သူက ခေါင်းကို ဆုပ်ကိုင်ပြီး မချိတင်ကဲ အော်လိုက်လေသည်။ “ငါ့ အနားမလာနဲ့
“ဝမ်မျိုးနွယ်စု.... ငါက အပြစ်သား အပြစ်ရှိတဲ့ကောင် .... ဝမ်မျိုးနွယ်တိုင်းကို ငါ သတ်ခဲ့တာ။အကုန်လုံး သတ်ပစ်ခဲ့တာ.... အင်မော်တယ် ဖြစ်လာရဖို့အတွက်။ အင်မော်အဆင့်တက်ဖို့အတွက်။တန်လား .... တန်ရဲ့လား” ဒသမဝမ်ခေါင်းဆောင်ကြီးက ခေါင်းထောင်ပြီး ဆောက်တည်ရာမဲ့စွာအော်လိုက်သည်။ သူ၏မျက်နှာမှာ ပြင်းထန်သော ခါးသီးမှုတို့ကြောင့် ရှုံ့မဲ့နေ၏။
မန်ဟိုက ဒုတိယကိုယ်အစစ်နှင့်အတူ ဘေးတွင် ရပ်နေသည်။ သူတို့က မတိုက်ခိုက်ဘဲ သတ်ဖြတ်လိုသောမျက်လုံးများဖြင့် စောင့်ကြည့်နေလေသည်။
“ငါက အပြစ်ရှိတဲ့ကောင် ... ငါက ကိုယ့်မျိုးနွယ်ကိုယ် ပြန်သတ်တဲ့ကောင်....” ဒသမဝမ်ခေါင်းဆောင်ကြီးက အော်ဟစ်နေပြီး မျက်ရည်များစီးကျနေ၏။ သူ့နှလုံးသားမှာ စုတ်ပြတ်သပ်နေလေပြီ။ သူနောင်တရသည်၊ ဆောက်တည်ရာမဲ့သည်၊ ရူးသွပ်မှုက သူ၏ခေါင်းထဲတွင် ဖြစ်တည်လာခဲ့သည်။ သူကိုယ်တိုင် သတ်ခဲ့သော မျိုးနွယ်ဝင်များ၏မျက်နှာများက သူ၏ပတ်ပတ်လည်တွင် ပေါ်လာ၍ သူ့မှာတုန်ရီလာတော့သည်။ သူ၏မျက်နှာတွင် စကားလုံးများဖြင့် မဖော်ပြနိုင်သော ပူဆွေးသောကတို့ပြည့်နှက်နေလေ၏။
သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် မျက်လုံးနီနီကြီးများဖြင့် မန်ဟို့ကို လှည့်ကြည့်သည်။ “မင်းကြောင့် ၊ အကုန်လုံးက မင်းကြောင့်”
တစ်ခါတလေ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် အသိစိတ်ပြန်ဝင်လာတတ်၏။ ထိုသို့ဖြစ်ပျက်တိုင်း ပြောပြမတတ်လောက်အောင် နာကျင်ရသည်၊ ပူဆွေးရသည်။ သူ့နှလုံးသားမှာ ထိတ်လန့်မှုနှင့် နောင်တတို့ ပြည့်နှက်သွားပြီး သူ့လက်တွင် တစ်မျိုးနွယ်တည်းသားတို့၏ သွေးများ စွန်းထင်းနေသည်ကို သိရလိုက်ရသဖြင့် ကယောင်ချောက်ချား ဖြစ်ရတတ်၏။ ထိုစိတ်တို့က သူ့ကို သေသွားစေချင်သည်။
သို့သည် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ... သေဖို့မလွယ်သော အဆင့်သို့ ရောက်နေခဲ့၏။
သူသည် မန်ဟိုကို ပြေးဝင်သွားသော်လည်း မန်ဟိုက သွေးအေးသောမျက်လုံးများဖြင့် ရှောင်လိုက်သည်။ သူက မတိုက်ခိုက်သည့်တိုင် သူ့မျက်လုံးထဲရှိ အငြိုးအာဃာတမှာ နက်ရှိုင်းလာ၏။ အေးစက်သောအပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။
“သေချင်လား” သူက မေးသည်။ “အဲဒီလောက်လွယ်မှာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် သေခွင့်ပေးရမှာလဲ။ သေခွင့်ပေးလိုက်ရင် ခင်ဗျားရဲ့ ပူဆွေးသောကတွေ၊ နာကျင်မှုတွေကနေလွတ်မြောက်သွားမှာပေါ့။ ခင်ဗျားကို ကျုပ် ရူးတဲ့ဘဝနဲ့ နေခိုင်းမှာ။ ခင်ဗျား စိတ်နဲ့ကိုယ်ပြန်ကပ်တိုင်း နာကျင်ရမယ်၊ ပူဆွေးရမယ်။ အဲ့ဒါက ခင်ဗျားနဲ့ ထိုက်တန်တဲ့ ကလဲ့စားချေမှုပဲ”
မန်ဟို့မျက်လုံးထဲရှိ မုန်းတီးမှုတို့ တောက်လောင်လာသည်။ သူသည် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကိုသေလောက်အောင် ရွံရှာမုန်းတီး၏။ သူ့ကြောင့်သာ မဟုတ်လျှင် ရှုချင် လက်ရှိအခြေအနေရောက်မည်မဟုတ်ပေ။ သူလည်း အသက်ဘေးများစွာ ကြုံတွေ့ခဲ့ရမည်မဟုတ်။ တကယ်တမ်း ပြန်လည်မွေးဖွားခြင်းဂူတွင် ဖြစ်ခဲ့သောအရာကို ထည့်တွက်လျှင် သူ့မှာ သေခဲ့ပြီးပြီဖြစ်၏။
ထိုကဲ့သို့ ရန်ကြွေးမျိုးသည် သေရုံလေးနှင့် ငြိမ်းအေးနိုင်သည့်အရာမျိုး မဟုတ်ပေ။ ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရှင်လျက် နှင့် သေနေသော ဘဝကို နေခိုင်းခြင်းကမှ ... စစ်မှန်သောကလဲ့စားချေမှုဖြစ်သည်။
မန်ဟိုက နောက်ဆုတ်ရင်း အေးစက်စက် ရယ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာ၌ ငေးကြောင်သွားသော အရိပ်အယောင်က ဖုံးလွှမ်းလာသည်။အတိတ်မေ့ရောဂါက နာကျင်မှုအလုံးစုံကို ဆေးကြောပစ်လိုက်သည့်အလား သူသည် စိတ္တဇပြုံး ပြုံးလိုက်၏။
သို့သော် မန်ဟိုက သူ့ကို အလွယ်တကူ မေ့ပျောက်ခွင့် မပေးနိုင်ပေ။
သူသည် လက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်၏။
သတ္တမမိစ္ဆာချုပ်နှောင်မန္တန် ၊ ကံကြွေးမန္တန်။
သူသည် ပညာရပ်ကို အပြည့်အဝ မသုံးလိုက်ပေ။ ထိုအစား အသိစိတ်ကင်းမဲ့နေသည့်အချိန်မှာပင်ကံကြွေးမှ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို နှိပ်စက်အောင် ကံကြွေးမှော်အစွမ်းသာ သုံးလိုက်ခြင်းဖြစ်၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် အသတ်ခံခဲ့ရသော မျိုးနွယ်ဝင်များ၏အသက်ဖြင့် ကံကြွေးမျှင်များကို ဖန်တီးခဲ့သည်။ ယခုတွင် ထိုအမျှင်များက သူ့ကိုသူ၏သွေးစွန်းနေသော လက်များအကြောင်း သတိပေးရင်း အဆက်မပြတ် နှိပ်စက်ပေတော့မည်။သူသည် ယခုတွင် လုပ်ခဲ့သမျှ မှတ်ဉာဏ်အားလုံးကြောင့် အမြဲစိတ်ဒုက္ခရောက်နေရတော့မည်ဖြစ်သည်။
ဂျိန်း
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ကံကြွေးမျှင်များ ပရမ်းပတာဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှာ တသိမ့်သိမ့် တုန်ရီလာပြီး မျက်ဝန်းများတွင် မျက်ရည်များပြည့်လာသည်။ သူ၏မျက်နှာထားမှာ တွေဝေငေးကြောင်နေသော်လည်း သူက ဆောက်တည်ရာမဲ့စွာ အော်ဟစ်လိုက်၏။ နာကျင်မှုက သူ့နှလုံးသားကို ရက်ရက်စက်စက် ထုနှက်နေပြီး သူ့မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
“အင်မော်တယ်အဆင့် တက်လှမ်းခြင်း..... အ..အ..အနားမလာနဲ့ ။ ငါ့ဝိညာဉ်.... သတ်။ သတ် ... မင်းတို့အကုန်လုံးကို သတ်မယ် ... ညီလေး အနားမလာနဲ့.... အားးးးးးး အင်မော်တယ်အဆင့်တက်မယ်.....”
***