← Chapters

အနက်ရှိုင်းဆုံးသော ချစ်ခြင်းတရား

Vol. 55 Ch. 763

အနက်ရှိုင်းဆုံးသော ချစ်ခြင်းတရား

Vol. 55 Ch. 763

ဒသမဝမ်ခေါင်းဆောင်ကြီးမှာ ရူးနေပြီးသားဖြစ်သော်လည်း ဤအခိုက်အတန့်တွင် ပို၍ပင် ရူးနှမ်းသွားချေပြီ။ သူက ရူးလိုက်၊ စိတ်နှင့်ကိုယ် ပြန်ကပ်လိုက်နှင့် ခန္ဓာကိုယ်ကိုသော်လည်းကောင်း၊အသိစိတ်ကိုသော်လည်းကောင်း မထိန်းချုပ်နိုင်တော့ပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဝမ်မျိုးနွယ်စု၏ပျက်စီးခြင်းကို အဆက်မပြတ် ပြန်မြင်ယောင်၊ ပြန်ခံစားနေရခြင်းသာ ဖြစ်၏။

ဤအခိုက်အတန့်တွင် သူ့မှာ အလွန်မေ့ပစ်လိုက်ချင်သော အရာများကို မေ့မရတော့ပေ။

သုံးလိုက်သော နည်းလမ်းအရ မန်ဟိုသည် သူ့ကို မည်မျှနက်နက်ရှိုင်းရှိုင်း မုန်းတီးသည်လဲ သိသာထင်ရှား၏။

အလုပ်ကို လက်စသတ်ပြီးနောက် မန်ဟို ရရှိလိုက်သည်မှာ ပျော်ရွှင်မှုမဟုတ်ဘဲ အလွန်ပင်ပန်းနွမ်းနယ်မှုဖြစ်သည်။ ၎င်းသည် နှလုံးသားမှ မြစ်ဖျားခံသော ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး သူ့ကိုသက်ပြင်းချလိုက်မိစေ၏။

သူက ထွက်ခွာရန် လှည့်လိုက်သည်။ သူ ဤနေရာမှ ဝေးဝေးထွက်သွားချင်၏။ သူ့တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ထပ်တွေ့လိုစိတ်မရှိတော့ပေ။ ထပ်၍ကလဲ့စားချေနေလည်း အဓိပ္ပာယ်မဲ့လိမ့်မည်။ ရှုချင်သည် ဘဝပြန်ဝင်စားဖို့ မြေအောက်ကမ္ဘာဆီ ခရီးမနှင်ခင် နေထိုင်ဖို့ နှစ်တစ်ရာထက်နည်း၏။

မန်ဟိုမှာ ဟာတာတာကြီးဖြစ်နေသည်။ သူ ထွက်သွားတော့မည့်အချိန်မှာပင် ဝမ်တန်ဖေးက ခိုင်မာပြတ်သားသော မျက်လုံးများဖြင့် ခါးသီးသီး ရယ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူကားရုတ်တရက် လက်နှစ်ဖက်ဖြင့် ခေါင်းကို ဆုပ်ကိုင်လျက်၊ မျက်ရည်များစီးကျလျက် လေတွင်ပျံဝဲနေသော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ပြေးဝင်သွားလေ၏။

“အင်မော်တယ်အဆင့် ... သတ် ... သတ်....” ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ တစ်မျိုးနွယ်တည်းသားများကို သတ်ပစ်ခဲ့သော မှတ်ဉာဏ်များတွင် နစ်မွန်းနေသည်။ သူ၏ဝိညာဉ်မှာ ထိုနေ့ကလုပ်ရပ်ကို ထပ်တလဲလဲ ပြန်မြင်ယောင်ရင်း အကျဉ်းကျနေလေပြီ။

“ခေါင်းဆောင်ကြီး” ဝမ်တန်ဖေးက အော်သည်။ သူ အနားရောက်လာသည်နှင့်တစ်ပြိုင်နက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများက ခက်ထန်စွာ တောက်ပသွား၏။

“ဝိညာဉ် ... ဝိညာဉ် ... ငါ့ဝိညာဉ်....” သူက ဝမ်တန်ဖေးကို မမှိတ်မသုန် ကြည့်ရင်း ပြောသည်။ သူ့အတွက် မျိုးနွယ်ဝင်များ၏ ဝိညာဉ်များမှာ စိတ်ထိန်းမရလောက်အောင် ညှို့ငင်အားပြင်းလေသည်။သူသည် ၎င်းတို့က သူ၏ဝိညာဉ်ကို ပြန်ပြုပြင်ဖို့ အရာဟူ၍ ယုံကြည်သဖြင့် အလိုလို စွဲမက်နေပြီဖြစ်၏။

၎င်းသည် သူ မထိန်းချုပ်နိုင်သော အလိုအလျောက် တုံ့ပြန်မှုဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ရိပ်ခနဲဝမ်တန်ဖေးဆီ သွားကာ သူ့လက်သည် ဝမ်တန်ဖေး၏ငယ်ထိပ်ကို ကိုင်ဆုပ်လိုက်လေပြီ။

ဝမ်တန်ဖေးက မရှောင်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအား သူ့ခေါင်းကို ဆုပ်ကိုင်ခွင့်ပေးလိုက်သည်။ လက်ချောင်းများက သူ၏ဦးခေါင်းခွံကို စိုက်ဝင်သွားသဖြင့် အက်ကွဲသံများပင် ကြားလိုက်ရ၏။

ဝမ်တန်ဖေးအတွက် ထိုပြင်းထန်သောနာကျင်မှုက စာဖွဲ့စရာမဟုတ်ပေ။

ဝမ်တန်ဖေး၏ ဝိညာဉ်ကို ထုတ်၍ သူ၏ဝိညာဥ်ကို ပြုပြင်ရန် ကြိုးစားနေစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများသည် လောဘမောဟတို့ဖြင့် ပြည့်နေ၏။

မန်ဟို့မှာ ချာချာလည်သွားပြီး မျက်လုံးများ တလက်လက်တောက်ပလျက် လှည့်လာသည်။ သူကညာလက်ကို မြှောက်လိုက်ရာ သူ၏ဒုတိယအစစ်အမှန်ကိုယ်က ဝမ်တန်ဖေးဆီ ချက်ချင်း ပြေးဝင်သွားလေသည်။

“မန်ဟို” ဝမ်တန်ဖေးက ရှုံ့တွဖြူဆုပ်နေသော မျက်နှာဖြင့် အော်သည်။ အသက်စွမ်အားအဆီအနှစ်အကုန်လုံး ဝိညာဥ်အားဆေးအဖြစ် စုပ်ယူခံနေရသဖြင့် သူ၏ခန္ဓာကိုယ်မှာ တုန်ရီ၍ ခြောက်ကပ်စပြုလာသည်။ “ဒါ ငါ့ရွေးချယ်မှု။ ဒါ ငါ ခေါင်းဆောင်ကြီးကို လိုက်ရှာနေခဲ့တဲ့ အကြောင်းရင်း

“ဝင်မပါနဲ့ ၊ဒါက ငါ ဝမ်တန်ဖေးရဲ့ ရွေးချယ်မှု” သူ၏ခြေထောက်များ ခြောက်ကပ်သွားလေပြီ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားပြီး သူ၏ညာလက်ကိုအားထည့်လိုက်သည်။

“ငါ့ဘဝက အဓိပ္ပာယ်မရှိတော့ဘူး။ ခေါင်းဆောင်ကြီးရဲ့ လက်ချက်နဲ့ သေရင်သေ၊ မသေရင် တခြားတစ်ယောက်ယောက်ရဲ့ သတ်တာ ခံမှာပဲ။ ငါ့ဝိညာဉ်နဲ့ သူ့ဝိညာဉ်ကို ကုသခွင့်ပြုပါ

“မန်ဟို၊ မင်း ငါ့ကို လာမကယ်နဲ့ မလိုဘူး။ ငါကို အဓိပ္ပာယ်ရှိရှိလေး သေခွင့်ပေးပါ

“ဒါက ငါ့ဘဝတစ်လျှောက်လုံးမှာ အဓိပ္ပါယ်အရှိဆုံးအရာလို့ ထင်တယ်။ ငါ့မိသားစု၊ ငါ့မိဘ၊ ငါ့အစ်ကိုကြီး၊ ငါ့မျိုးနွယ်ဝင်တွေ ... သူတို့အကုန်လုံးက ဝိညာဉ်တွေ ပေးပြီးသွားပြီ။ ငါ တစ်ယောက်ပဲကျန်တော့တာ .... အခု ငါ့အလှည့်ပဲ

“ငါ ဆက်ရှင်သန်နေဖို့ မရွေးချယ်နိုင်ဘူး ၊ မန်ဟို။ ဒါပေမဲ့ ဘယ်လိုသေရမလဲဆိုတာတော့ ရွေးချယ်နိုင်တယ်....ငါ့ကို ဒီအတိုင်း လွှတ်ထားပေးပါ မကယ်နဲ့။ ဒါက ဝမ်မျိုးနွယ်စုရဲ့ ကိစ္စ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး” ဝမ်တန်ဖေးမှာ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများ ခြောက်ကပ်လာသည့်အတွက် တုန်ရီလာသည်။ သူ၏အသက်စွမ်းအားသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ ဝိညာဉ်ထဲသို့ စီးဆင်းနေရာ ခေါင်းဆောင်ကြီး၏လက်ချောင်း ဖောက်ဝင်သွားသော နေရာမှ အဖြူရောင်အငွေ့မျှင်များထွက်လာသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာအပေါ်တွင် ရုန်းကန်နေသော အမူအရာတစ်ခုအား မြင်ရနိုင်သည်။ သို့သော် မျိုးနွယ်ဝင်များကို စုပ်ယူရန်ဆိုသော အလိုအလျောက်တုံ့ပြန်မှုက လွှမ်းမိုးထားသဖြင့် သူက အသက်စွမ်းအားများကို ဆက်လက်စုပ်ယူနေလေသည်။ ဝမ်တန်ဖေး၏ခန္ဓာကိုယ်မှာပျက်စီးလာပြီး အဖြူ‌ရောင်မြူမျှင်အမြောက်အမြားက သူ့ခေါင်းမှ ထွက်နေသည်။

သူ၏မျက်လုံးများ မှေးမှိန်လာပြီး သူ့မှာ အိုမင်းလာပုံရသည်။ သူသည် ဘဝ၏အဆုံးသတ်သို့ရောက်သွားသယောင်ပင်။ သူကား မန်ဟို မှတ်မိသော ပြစ်မျိုးမှဲ့မထင် ချောမောသည့် ကောင်လေးမဟုတ်တော့ပေ။ သူ့မှာ အရိုးပေါ်တင်နေသော အရေများ တွဲကျလျက် ပုံပျက်ဆင်းပျက်ဖြစ်နေလေပြီ။

“မန်ဟို ၊ အဲဒီအချိန်တုန်းက ... အကုန်လုံး ငါ့အမှားပါ.... ဒီတိုင်း ငါ သဘောပေါက်တာ နောက်ကျသွားတယ်။ ငါ လူတိုင်းအပေါ်မှာ ဘယ်လိုဆိုးဝါးခဲ့သလဲဆိုတာ ...  မျိုးနွယ်စု သုတ်သင်မခံရချိန်အထိ သဘောမပေါက်ခဲ့ဘူး

“ယွီယန် ငါ့ကို ထားခဲ့တာလည်း အံ့ဩစရာမရှိပါဘူးလေ ... သူ မှန်တယ်.... မန်ဟို တကယ်တော့ မင်းအပေါ် မုန်းတဲ့ ငါ့အမုန်းက ဒီတိုင်း အားကျလို့ မနာလိုလို့ပါကွာ။ စောစောက မင်း ငါ့ကို ကယ်ပေးပြီးတဲ့နောက် ငါပြောခဲ့တာတွေ အကုန်လုံးက ... တကယ်တမ်း ငါ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတဲ့နောက်မှာ တစ်ယောက်ပဲ ငါ့ကို အရင်ထက်ပိုပြီး ကောင်းကောင်းဆက်ဆံပေးခဲ့တာကို ဝန်မခံချင်တာကြောင့်သက်သက်ပဲ.....

“မန်ဟို...” ဝမ်တန်ဖေးက မန်ဟို့ကို ကြည့်လိုက်သည်။ သူ့ပုံစံမှာ လောကကြီးနှင့် မခွဲခွာချင်သယောင်ပင်။ သူ့မျက်ဝန်းများသည် ယခင်အတိုင်း ရည်မှန်းချက် ပြင်းပြပြီး မာန်အပြည့်ရှိနေသေး၏။

“မန်ဟို ငါ့မှာ ... နောက်ဆုံး တောင်းဆိုစရာတစ်ခုရှိတယ်။ မင်း ကျေးဇူးပြုပြီး .... ယွီယန်ကိုကောင်းကောင်း ဆက်ဆံပေးနိုင်မလားဟင်

“ယွီယန်ကလေ တကယ်ကောင်းတဲ့ ကောင်မလေးပါ။ ငါ သူနဲ့ မထိုက်တန်ဘူး။ သူက သီးသန့်ဆန်တတ်‌တဲ့ပုံပေါ်ပေမယ့် တကယ့်တကယ် အရမ်းအားနည်းတဲ့ ကောင်မလေးသိလား

“မန်ဟို၊ မင်း ငါ့အမွေ‌ကို ရပြီး ငါ့ ကံကြမ္မာကောင်းတွေကို ယူသွားပြီးမှတော့ မင်း.... သေချာပေါက်...ရှေ့ဆက်သွားနေရမယ်။ ထိပ်ဆုံးကို ရောက်အောင်လုပ်။ တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်ပြီးအမြင့်ဆုံးအထိ ရောက်အောင်သွား.....

“အဲ့ဒါ ငါ့အိပ်မက်ပဲ... မင်း ဆက်သွားကို သွားနေရမယ်” ဝမ်တန်ဖေးသည် တကယ်တမ်း သူ မန်ဟို့ကိုမမုန်းကြောင်း သဘောပေါက်လိုက်သဖြင့် တဟားဟားရယ်လိုက်၏။ သူ့မှာ ရယ်ရင်း ရုတ်တရက်စိတ်အေးသွားပုံပင်။ ကြည့်ရသရွေ့ သူကား မှီခိုရာဂိုဏ်း၏ ရိုးရှင်းမှု၊ အတိတ်တုန်းက ပျော်စရာအချိန်များထဲတွင် နစ်မြောသွားပုံရသည်။

သူက ပြုံးလိုက်ပြီးနောက် သူ့ခေါင်းသည် တစ်ဖက်သို့ လျော့ကျသွားပြီး.... သူ့ဘဝကား နိဂုံးချုပ်သွားလေပြီ။

သူ၏ဝိညာဉ်မှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ နုတ်ယူခံရကာ သူ၏ပါးစပ်ထဲ ရောက်သွား၏။ ဝိညာဉ်ကို ရက်ရက်စက်စက် ဝါးပြီး မြိုချလိုက်စဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာတွင် မျက်ရည်များ ပိုမိုစီးကျလာသည်။ ထို့နောက် သူက ခေါင်းနောက်လှန်ပြီးအော်ဟစ်လိုက်သည်။

“အင်မော်တယ်အဆင့်တက်လှမ်းခြင်း..... သတ်... သတ်...” သူက သနားစွယ် အော်ဟစ်ငိုယိုရင်းအဝေးထွက်သွားလေသည်။

မန်ဟိုမှာ ပါးစပ်အဟောင်းသားနှင့် ရပ်ကျန်ခဲ့သည်။ အကုန်လုံးပြီးဆုံးပြီးနောက် သူက မျက်လုံးများကို အကြာကြီး ပိတ်ထားလိုက်၏။ ၎င်းတို့ ပြန်ဖွင့်လာသောအခါ ပင်ပန်းနွမ်းနယ်မှုအား မြင်ရနိုင်လေသည်။ ဝမ်တန်ဖေးမျက်ဝန်းများရှိ ခိုင်မာပြတ်သားမှုကို မြင်တွေ့ပြီးနောက် သူ နားလည်ခဲ့သည်။ သူနှင့် ဝမ်တန်ဖေး ယနေ့ မဆုံတွေ့ခဲ့လျှင်တောင်မှ ဝမ်တန်ဖေးသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရှာတွေ့သည်နှင့် ယခုလိုပဲ လုပ်ဦးမှာ ဖြစ်သည်။

ဝမ်မျိုးနွယ်စု၏ သွေးက သူ၏သွေးကြောများထဲတွင် စီးဆင်းနေသောကြောင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည်လည်း သူ့အပေါ် ခုန်အုပ်ပြီး သူ၏ဝိညာဉ်ကို အလိုလို စုပ်ယူဦးမည်ဖြစ်သည်။ မည်သူမှ ထိုအခြင်းအရာကို မပြောင်းလဲနိုင်ပေ။ မန်ဟို့အတွက်မူ သူသည် ခေါင်းဆောင်ကြီး သူ၏လုပ်ရပ်များကို ထာဝရနောင်တရနေအောင် အသိစိတ်အနည်းငယ်ထည့်ပေးခဲ့ရုံသာ လုပ်ခဲ့၏။

နောက်ဆုံးတော့ ဘယ်သူ တကယ် မှားသလဲ ....

မန်ဟိုလား။ သူလည်း နစ်နာသူဖြစ်သည်။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးလား။ သူ၏နာကျင်မှုကတော့ မည်သူမဆိုထက် ကြီးမားကောင်း ကြီးမားလောက်သည်။

ဝမ်မျိုးနွယ်များကတော့ လုံးဝအပြစ်ကင်းသည်။ ဝမ်တန်ဖေးကမူ သူ၏ဆုံးဖြတ်ချက်သည် ခိုင်မာပြီး လွန်စွာစိတ်ထိခိုက်ဖွယ် ကောင်းသည်။

ဘယ်သူ မှားလေသလဲ.... ၎င်းသည် သံသရာလည်နေသော အဖြေမရှိသည့် မေးခွန်းတစ်ခုဖြစ်၏။တစ်နေရာရာကို မဖြစ်မနေ အပြစ်ဖို့ရမည်ဆိုလျှင်တော့ .... လောဘသည် အဖြေသာ။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး မန်ဟို၏ ပြီးပြည့်စုံသော တာအိုအခြေကို မတပ်မက်ခဲ့လျှင်တော့... ဤအခြင်းအရာတစ်ခုမှ ဖြစ်လောက်မည်မဟုတ်ပေ။

“ကံကြွေးဆိုတာ အလှည့်အပြောင်းများစွာနဲ့ သံသရာလည်နေတာပါလား...” မန်ဟိုက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ရုတ်တရက် ကံကြွေး၏ အကြောင်းတရားနှင့် အကျိုးတရားအပေါ်သူ၏နားလည်မှုမှာ နက်ရှိုင်းသွားလေပြီ။ သို့သော် ဤနားလည်မှုကား ဆိုးရွားသောတန်ကြေးနှင့်အတူ လာခဲ့၏။

မန်ဟိုမှာ စိတ်မချမ်းမြေ့စွာ သက်ပြင်းချပြီးနောက် လေးလေးကန်ကန်နှင့် လှည့်၍ အဝေးသို့ ထွက်သွားတော့သည်။

ဝမ်တန်ဖေး၏ ရွေးချယ်မှုမှာ မန်ဟို ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့သောအရာ ဖြစ်သည်။ မန်ဟိုသည်လေကိုခွင်း၍ တရိပ်ရိပ် သွားနေစဉ် ရုတ်တရက် မှီခိုရာဂိုဏ်းမှာတုန်းက ဝမ်တန်ဖေးအား ပထမဆုံးမြင်တွေ့ခဲ့ရသည့်အချိန်ကို ပြန်တွေးလိုက်မိ၏။

သူတို့၏ ပထမဆုံးတိုက်ပွဲနှင့် မိုးနဂါးပျံအမွေအနှစ်ကိုလည်း ပြန်စဉ်းစားလိုက်မိသည်။ ထို့နောက်အတွင်းစည်းထဲ ဝင်ရောက်ဖို့ ပြိုင်ပွဲနှင့်အတူ တောင်ပိုင်းဒေသတွင် ဖြစ်ခဲ့သမျှအကုန်လုံး... အရာအားလုံးမှာ ဟိုးလွန်ခဲ့သောအချိန်များက ဖြစ်ပွားခဲ့သယောင်ပင်။ ယခုတော့ မန်ဟို သိလိုက်သည်....ဝမ်တန်ဖေးနှင့်ပတ်သက်သော အလေးနက်ဆုံးမှတ်ဉာဏ်သည် မသေခင် ပြောသွားခဲ့သော သူ၏စကားများနှင့် သူ၏မျက်နှာအမူအရာဖြစ်လိမ့်မည်။

“အဲ့ဒါကမှ ဝမ်တန်ဖေးပဲလေ” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နောက်ဆုံးတော့ မန်ဟိုသည် ကံကြွေးဉာဏ်အလင်းတွင် နစ်မြောလျက် သွေးစွန်းနေသော လက်များဖြင့် သွေးမိစ္ဆာဂိုဏ်သို့ ပင်ပန်းနွမ်းနယ်စွာ ပြန်ရောက်လာသည်။ သူ ပထမဆုံး သွားသည့်နေရာမှာသွေးမင်းသားလျှိုမြောင်ဖြစ်၏။

သူသည် ရှုချင်ကို ရှာပြီး သူမကို အကြာမှအကြာကြီး ဖက်ထားလိုက်သည်။ သူက သူမ၏မွေးကြိုင်နေသော ဆံနွယ်လေးများအကြား ခေါင်းဝှက်ပြီး ဘာမှမပြောပေ။

ရှုချင်က နားလည်ပုံရ၏။ သူမက နှစ်သိမ့်ပေးနေသည့်အလား သူ့ကျောကို အသာအယာ ပွတ်သပ်ပေးရင်း သူ့ကို ဖက်ထားပေးသည်။

သူ့မှာ ‌စိတ်ရောကိုယ်ပါ ပင်ပန်းနေလေပြီ။ ပထမဆုံး ချန်ဖန်း၏ စိတ်မကောင်းဖွယ်ဇာတ်လမ်း။ထို့နောက် သူ့အမေအကြောင်း .... နောက်ဆုံး ဝမ်တန်ဖေးနှင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၊ ကံကြွေးဆွဲအားနှင့်ပတ်သက်သော သူ၏နားလည်မှု။

“ရှုချင်၊ ကိုယ် အိပ်ချင်တယ်” သူက တိုးတိုးလေး ပြောသည်။

“အိပ်လေ” သူမက နူးညံ့ကြင်နာစွာ ပြောသည်။ “အစ်မရှိတယ် အိပ်အိပ်...”

သူက မျက်လုံးများ ပိတ်လိုက်သည်။

ရှုချင်သည် သူ့ကို တွဲလာ၏။ သူမက သွေးမင်းသားလျှိုမြောင်ရှိ သစ်လုံးအိမ်အပြင်သို့ လျှောက်လာခဲ့ပြီး သူက သူမပေါင်ကို ခေါင်းအုံးကာ အိပ်လိုက်လေသည်။

ရှုချင်က သူ့ကို ငုံ့ကြည့်ရင်း သူ့ဆံပင်တစ်မျှင်ကို သူမလက်ချောင်းလေးဖြင့် ဆော့ကစားနေသည်။သူမမျက်နှာထားလေးမှာ ကရုဏာသက်နေသလို၊ နက်ရှိုင်းသော ချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်နှက်နေ၏။

မန်ဟိုမှာ နှစ်ရက်ကြာ အိပ်ပျော်သွားခဲ့သည်။ သူ နောက်ဆုံး မျက်လုံးဖွင့်လိုက်သောအခါ ညရောက်နေကြောင်း တွေ့လိုက်ရ၏။ ခေါင်းအထက်ရှိ အမှောင်ထုတွင် ကြယ်လေးများကမှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော်လည်း ရှုချင်၏ လှပသောမျက်ဝန်းလေးများနှင့် ယှဉ်ဖို့ရန်ပင် မထိုက်တန်ပေ။ ၎င်းတို့မှာ သူမမျက်ဝန်းလေးများလောက် မနွေးထွေးမတောက်ပသလို၊ သူမမျက်နှာလေးကဲ့သို့လည်း ကြင်နာပြီး စွဲမက်စရာမကောင်းပေ။

မန်ဟိုက သူမမျက်ဝန်းများကို ကြည့်လိုက်ပြီး သူမကလည်း ပြန်ကြည့်သည်။

ရုတ်တရက် တစ်စုံတစ်ခုက မန်ဟို့ခေါင်းထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။

“အချစ်ကို အနက်ရှိုင်းဆုံး ဖော်ပြနိုင်တာက အတူတူနေထိုင်သွားဖို့ပဲ ရှိတယ်.....” သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူသည် မည်သည့်အတွက်ကြောင့် အစ်ကိုကြီးချန်ဖန်း ကျင့်ကြံမည့်အစားကျောက်ဆောင်ကို စောင့်ရှောက်ရန် ရွေးချယ်ခဲ့သလဲ သဘောပေါက်လိုက်၏။ ချန်ဖန်းအတွက်ချစ်သူနှင့် နေပေးခြင်းက အချစ်ကို ဖော်ပြခြင်းဖြစ်သည်။

မန်ဟိုသည် ဘာကြောင့် ဝမ်တန်ဖေး သေဖို့ ရွေးချယ်ခဲ့သည်ကိုလည်း နားလည်လိုက်၏။ သူ့အတွက်သူ၏မျိုးနွယ်ဝင်များနှင့် သူ၏ခေါင်းဆောင်ကြီးနှင့်အတူ နေထိုင်ရရေးက ပိုအရေးပါလေသည်။ယင်းက ... သူ၏အချစ်ကို ဖော်ပြခြင်းဖြစ်သည်။

သူငယ်ချင်းအတွက် အချစ်၊ မိသားစုအတွက် အချစ် သို့မဟုတ် သမီးရည်းစားအချစ် မည်သည့်အချစ်ပင်ဖြစ်စေ ... အချစ်ကို အနက်ရှိုင်းဆုံးဖော်ပြခြင်းသည် အတူတူနေထိုင်ခြင်းသာ ဖြစ်၏။

မင်း ငါနဲ့ အတူ နေရင် ငါလည်း မင်းနဲ့ တူနေမယ်.... ယင်းက အချစ်ပင်။

သူ့အတွက် ရှုချင် သူနှင့်အတူ နေထိုင်ဖို့ ရွေးချယ်ခဲ့ခြင်းက သူ့အား အချစ်၏ အဓိပ္ပါယ်ကို သေချာနားလည်သွားစေသည်။

“ရှုချင်” သူက သူမကို မြတ်မြတ််နိုးနိုး ကြည့်ရင်း ပြောသည်။ “ကိုယ်တို့... လက်ထပ်ကြရအောင်”

ရှုချင်တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမမျက်တောင်လေးများ တဖျပ်ဖျပ် လှုပ်သွားပြီး သူမနှလုံးသားလေး တဒိန်းဒိန်း ခုန်လာသည်။ မိန်းမသားတိုင်းအတွက် မင်္ဂလာ‌ဆောင်ခြင်း၊ လက်ထပ်ခြင်းဆိုသည်မှာ ဘဝ၏အရေးအပါဆုံးအခိုက်အတန့်များထဲမှ တစ်ခုဖြစ်သည်။ ရှုချင်၏ပါးလေးနှစ်ဖက် နီမြန်းသွားသော်လည်း သူမက မန်ဟို့အကြည့်ကို မရှောင်ပေ။ သူမသည် သူ့ကို ပြန်ကြည့်ပြီးခေါင်းလေး တဖြေးဖြေး ညိတ်လိုက်၏။

***

All Chapters