တောင်ပိုင်းဒေသကို ပွက်လောရိုက်သွားစေသော မင်္ဂလာပွဲ
Vol. 55 Ch. 764
မန်ဟို၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ။
ထိုမင်္ဂလာသတင်း တောင်ပိုင်းဒေသ၏အနယ်တယ်အရပ်ရပ်သို့ ပျံ့နှံ့သွားရန် ရက်အနည်းငယ်သာကြာလိုက်သည်။ မကြာမီ တောင်ပိုင်းဒေသရှိ ကျင့်ကြံသူအကုန် ထိုအကြောင်း ပြောလာကြ၏။ဆယ်ရက်အတွင်း တိုက်ကြီးတစ်တိုက်လုံး ဆူညံပွက်လောရိုက်သွားချေပြီ။
မန်ဟို၏နာမည်သည် ယခုတွင် ကောင်းကင်၏ ဝေးလံသောအရပ်များအထိ ဆန့်တန်းနေသည့်ခမ်းနားကြီးကျယ်သော သက်တံ့ကြီးသဖွယ် မငြင်းဆန်နိုင်အောင် ထင်ရှားကျော်ကြားနေပြီဖြစ်၏။
သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသား
တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ကိုယ်ပွား
မဟာအကြီးအကဲဆေးဒယ်အိုးဟု အသိများသူ
သူ၏အမျိုးမျိုးသော အဆင့်အတန်းများကြောင့် မန်ဟို၏မင်္ဂလာပွဲသည် တောင်ပိုင်းဒေသကျင့်ကြံသူအကုန်လုံး၏ အာရုံစိုက်ရာ ဖြစ်လာ၏။ အတိတ်တုန်းက ထိုမျှ အုတ်အော်သောင်းနင်းဖြစ်စေခဲ့သော မင်္ဂလာပွဲတစ်ပွဲ မရှိခဲ့ဖူးသည့်အပြင် နောက်နောင်တွင်လည်း ဘယ်တော့မှ ထပ်ရှိလာမည်မဟုတ်ပေ။
ထိုသတင်းမှာ လေမုန်တိုင်းကြီးသဖွယ် တောင်ပိုင်းဒေသအား ဖြတ်တိုက်သွားရာ မြောက်မြားစွာသော စိတ်များအား တုန်ရီသွားစေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကိုယ်တိုင်တက်ရောက်လိုစိတ်များ ပြင်းပြလာ၏။
အမှန်တွင် .... တက်ရောက်ခွင့်ရှိသူများသည် အလွန်အကျူးလေးစားစရာ၊ အလွန်အကျူးမနာလိုစရာ ဖြစ်လာကြသည်။
“ကြားကြလားဟေ့ ။ သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသား မန်ဟိုက နောက်လ ၁၅ ရက်နေ့မှာ လက်ထပ်တော့မှာတဲ့”
“အေး သိတာပေါ့၊ ငါတို့ဂိုဏ်းလည်း အရှင်မင်းသားမန်ဟိုရဲ့ မင်္ဂလာဆောင်အကြောင်း ကြားတယ်။ဂိုဏ်းချုပ်တောင် မင်္ဂလာလက်ဖွဲ့ ပြင်ဆင်ဖို့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီ”
“တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံးပညာရှင်တွေ သွေးမိစ္ဆာဂိုဏ်းမှာ စုရုံးနေမှာလောင်းရဲတယ်”
“မင်း သတင်းက နောက်ကျနေပြီ။ ငါ့ဆရာ သိထားတာတော့ အရှင်မင်းသားမန်ဟိုရဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲက သွေးမိစ္ဆာဂိုဏ်းမှာ ကျင်းပမှာမဟုတ်ဘူးတဲ့။ တောင်ပိုင်းဒေသနယ်စပ်ကကန်အကြီးကြီးတစ်ကန်မှာလို့ ပြောတယ်”
မန်ဟို့မင်္ဂလာဆောင်မှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျက်ရှိသည်။ ဂိုဏ်းများ၊ မျိုးနွယ်စုများသည် တန်ဖိုးကြီးမားသော မင်္ဂလာလက်ဖွဲ့များကို ပြင်ဆင်ရင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။
မင်္ဂလာနေ့ရက်သည် နောက်လ (၁၅)ရက်နေ့တွင် ဖြစ်ပြီး မင်္ဂလာနေရာမှာ တောင်ပိုင်းဒေသ၏နယ်စပ်အနားက ကန်တစ်ကန်တွင် ဖြစ်သည်။
“အဲ့ဒါ .... ကျိုးပြည်ရှိခဲ့ဖူးတဲ့ နေရာမဟုတ်လား”
“လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်တုန်းက ကျိုးပြည်ဟာ လျှို့ဝှက်ဆန်းကြယ်စွာပဲ ပျောက်ဆုံးသွားခဲ့တယ်။ ကျန်ခဲ့တာဆိုလို့ ကျင်းကြီးတစ်ကျင်းပဲ။ အချိန်ကြာလာတဲ့အခါ အဲ့ဒီကျင်းက ရေတွေ ပြည့်ပြီး ကန်တစ်ကန် ဖြစ်လာခဲ့တယ်...”
“ဟုတ်သားပဲ ၊ အရှင်မင်းသားမန်ဟိုနဲ့ သူ့ချစ်သူရှုချင်တို့ နှစ်ယောက်လုံးက ကျိုးပြည်ကလေ။ အဲဒီမှာ ထိမ်းမြားခြင်အခမ်းအနား ကျင်းပတာ ဘယ်လောက်သင့်တော်လိုက်သလဲ”
ဆွေးနွေးသံများ ဆူညံနေကြစဉ် သွေးမိစ္ဆာဂိုဏ်းသားသောင်းဂဏန်းမျှသည် သွေးမိစ္ဆာဂိုဏ်းမှ စိတ်လှုပ်တရှား ထွက်၍ ထိမ်းမြားခြင်အခမ်းအနား ကျင်းပမည့် ဧရာမရေကန်ကြီးဆီသို့ ဦးတည်သွားကြသည်။
ရောက်သည်နှင့် သူတို့သည် လိုအပ်သောအဆောက်အဦများ တည်ဆောက်ပြီး တစ်နေရာလုံးကိုအလှဆင်ကာ ခမ်းနားထည်ဝါသော နန်းတော်အလား ဖြစ်သွားစေသည်။
မန်ဟို၏ ထိမ်းမြားမင်္ဂလာပွဲသည် တောင်ပိုင်းဒေသ၏ အဓိကအခမ်းနားတစ်ခု ဖြစ်ပြီး သွေးမိစ္ဆာဂိုဏ်းအတွက် ပို၍ပင် အရေးပါလေသည်။ မဟာမိတ်အင်အားစုလေးစုနှင့် စစ်ပွဲတွင် အသက်ကိုလောင်းကြေးထပ်ခြင်းဖြင့် ပြသခဲ့သော မန်ဟို၏ခိုင်မာပြတ်သားမှုက သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံးကို မန်ဟို့အပေါ် ကြီးမားသောသံယောဇဉ်တို့ ပေါက်ဖွားလာစေခဲ့သည်။
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းသားတစ်ယောက်မကျန်သည် ပြင်ဆင်ရာတွင် ပေါ့ဆမှုသေးသေးလေးပင်မဖြစ်ပွားရအောင် စိတ်ပိုင်းဖြတ်ထားကြ၏။
မန်ဟိုမှာ ရှုချင်နှင့် တိုးတိုးတိတ်တိတ် မင်္ဂလာဆောင်၍မရကြောင်း သိသည်။ ၎င်းသည် သူတို့၏ဘဝတွင် အရေးအပါဆုံးဖြစ်သည့်အပြင် လက်တွဲပေါင်းဖက်ပြီးကျင့်ကြံသူများဖြစ်လာမည့် ကိစ္စဖြစ်သည်။ တောင်ပိုင်းဒေသတစ်ခုလုံးကို အသိပေးရန် လိုအပ်လေသည်။ ထိုနေ့ မင်္ဂလာပွဲကိုတက်ရောက်သူများအတွက်မူ အကုန်လုံးသည် အသိအမှတ်ပြုခံဧည့်သည်များ ဖြစ်လိမ့်မည်။
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းသားများသည် ဂိုဏ်းများ၊ မျိုးနွယ်စုများသို့ ဖိတ်စာများ လိုက်ကမ်းကြ၏။ ဖိတ်စာရသော မည်သည့်ဂိုဏ်း၊ မည်သည့်မျိုးနွယ်စုမဆို စိတ်လှုပ်ရှားသွားကြပြီး အလွန်ဂုဏ်ယူမိကြလေသည်။
သို့သော် မန်ဟိုကိုယ်တိုင် ရှုချင်ကိုခေါ်၍ ဖိတ်စာသွားကမ်းသော အထူးနေရာတချို့ ရှိသည်။
ပထမဆုံးနေရာကား ဇီယွင်ဂိုဏ်းပင်။ ဇီယွင်ဂိုဏ်း၏ တာအိုရှာဖွေခြင်းအဆင့် စွန်းတောက်လည်းဖိတ်စာကို ဝမ်းပန်းတသာ လက်ခံသည်။
ယဉ်ကျေးပျူငှာစွာ စကားဖလှယ်ပြီးနောက် မန်ဟိုသည် အရှေ့ဆေးဝါးအဖွဲ့၏ ပင်မတောင်ထိပ်ရှိရာသို့ လှမ်းကြည့်လိုက်၏။ သူနှင့်ရှုချင်တို့နှစ်ယောက်လုံး လက်ယှက်ပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာ တံခါးပိတ် တရားထိုင်နေသော နေရာသို့ လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။
မန်ဟို အရိုအသေပေးလိုက်သည့်အခိုက်အတန့်မှာပင် ရှေးဆန်သောအသံကြီးတစ်သံက ဝမ်းသာကျေနပ်နေသော ရယ်သံနှင့်အတူ တောင်မှ ဟိန်းထွက်လာသည်။
“ဟိုအာ ၊ မင်း မင်္ဂလာပွဲနေ့ကျရင် ဆရာလာခဲ့မယ်။ ဆရာကိုယ်တိုင် မျက်မြင်သက်သေ လုပ်ပေးမယ်”
မန်ဟိုမှာ တုန်ရီသွားပြီး ပင်မတောင်ထိပ်ရှိရာသို့ ခေါင်းထောင်ကြည့်လိုက်သည်။ သူ့ဘေးတွင် ရှုချင်သည် ရှက်ရွံ့စွာ ပြုံးပြီး ခေါင်းငုံ့သွား၏။
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သည်။
သူနှင့် ရှုချင် ထွက်သွားသောအခါ မန်ဟိုသတိမထားမိသော်လည်း ရှုချင် သတိထားမိလိုက်သောအရာတစ်ခု ဖြစ်ပျက်သွားသည်။ အရှေ့ဆေးဝါးအဖွဲ့၏ တောင်ထိပ်တစ်ခုအပေါ်တွင် အမျိုးသမီးတစ်ဦးရပ်နေ၏။ သူမသည် မန်ဟိုနှင့်ရှုချင်ကို ကြည့်ရင်း ဝမ်းနည်းကြေကွဲနေသယောင်ရှိသည်။
သူမကား ချူယွီယန်။
သူမကိုယ်လုံးလေးသည် သူမအဝတ်စများကို တဖတ်ဖတ် လွင့်နေစေသော တောင်လေညင်းထဲတွင်မဆိုစလောက်လေး တုန်ရီနေ၏။ သူမမှာ နတ်သမီးလေးနှင့် တူသော်လည်း ထိုအခိုက်အတန့် သူမနှလုံးသားမှာ ရေခဲတွင်းထဲ နစ်မြုပ်သွားသည့်အလား ခံစားနေရလေသည်။ အအေးဓာတ်က သူမကိုဝါးမြိုနေပြီး နာကျင်မှုက သူမကို ထိုးကျင့်နှိပ်စက်နေ၏။
သူမသည် ခါးသီးစွာ ရပ်နေပြီး မျက်ရည်များ တသွင်သွင် စီးကျလျက်ရှိသည်။
မန်ဟိုက ထိုမျက်ရည်များကို မမြင်သော်လည်း ရှုချင်ကတော့ မြင်ရသည်။
ရှုချင်သည် ဘာမှမပြောဘဲ မန်ဟိုနှင့်အတူ လှည့်ထွက်သွား၏။
နောက်တောင်တစ်လုံးအပေါ်တွင် ဟန်ရွှယ့်ရှန်း ရပ်နေသည်။ သူမလည်း မပျော်ပေ။ သူမက သူမအရှေ့ရှိ ကျောက်ခဲလေးတစ်ခဲကို ကန်လိုက်၏။ သူမဘေးတွင် ရပ်နေသူမှာတော့ သူမထက်ပင် ပျော်မနေသည့် ရီဖေးမုဖြစ်သည်။ သူသည် တွေဝေရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ဟန်ရွှယ့်ရှန်းကိုလှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ သူမဘေးတွင် တိတ်ဆိတ်စွာ ရပ်နေ၏။
မန်ဟိုနှင့် ရှုချင်သည် စုန့်မျိုးနွယ်စုကိုလည်း ကိုယ်တိုင် သွားရောက်လည်ပတ်ကြသည်။ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီး သူ့ကို ကျောက်စိမ်းပြားပေးခဲ့သည့် ကိစ္စကြောင့် မန်ဟိုသည် စုန့်မျိုးနွယ်စုအပေါ်ကျေးဇူးကြွေးတင်နေကြောင်း သိ၏။
စုန့်ခေါင်းဆောင်ကြီးက ထိုကိစ္စနှင့်ပတ်သက်၍ ဘယ်တော့မှ ဘာမှပြောမည်မဟုတ်သော်လည်း ထိုကိစ္စသည် မန်ဟို့အတွက် အတိုင်းထက်အလွန် အရေးပါလေသည်။
စုန့်ခေါင်းဆောင်ကြီးက အားပါးတရရယ်ရင်း ဖိတ်စာကို လက်ခံလိုက်သည်။ ထို့နောက် သူသည်သက်ပြင်းရှည်ကြီးချကာ မန်ဟိုနှင့်ရှုချင်ကို ကြည့်လိုက်၏။ မန်ဟိုနှင့်ရှုချင် အဝေးသို့ ပျံသန်းသွားပြီးနောက် စုန့်မျိုးနွယ်စုအတွင်း၌ အမျိုးသမီးတစ်ယောက်သည် တစ်ယောက်တည်း အထီးကျန်စွာရပ်နေသည်။ သူမက သက်ပြင်းချလိုက်သော်လည်း သူမနှလုံးသားထဲတွင် မန်ဟိုနှင့် ရှုချင် ပျော်ရွှင်ပါစေဟု စိတ်ရင်းနှင့် ဆုတောင်းနေလေသည်။
ထိုအမျိုးသမီးက စုန့်ကျားဖြစ်သည်။
နောက်တစ်နေရာမှာတော့ ယီးကျန့်ဂိုဏ်းဖြစ်သည်။ သူတို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ယီးကျန့်ဂိုဏ်းသားများက အလွန်လေးစားစွာ အရိုအသေပေးကြသည်။ သူတို့သည် မန်ဟိုက သူတို့၏ဂိုဏ်းချုပ်အလား မန်ဟို့အနားတွင် ဝိုင်းအုံကာ ဂိုဏ်းအတွင်း လိုက်ပါပို့ဆောင်ကြ၏။
ချန်ဖန်းက ကျောက်ဆောင်၏ဘေးတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေဆဲ ဖြစ်သည်။ သူသည်မျက်လုံးဖွင့်၍ မန်ဟိုနှင့် ရှုချင်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြုံးလိုက်၏။
“ဂုဏ်ယူပါတယ်ကွာ ငါ့ညီရ။ နောက်ဆုံးတော့ မိန်းမလှလှလေးကို အပိုင်သိမ်းနိုင်သွားပြီပေါ့။ မင်းသိလား၊ မှီခိုရာဂိုဏ်းမှာကတည်းက ညီမလေးရှုအပေါ် မင်းခံစားချက်တွေ ရှိနေတာ ငါပြောနိုင်တယ်
“နောက်ဆုံးတော့ မင်းတို့နှစ်ယောက် လက်ထပ်ရပြီပေါ့လေ။ မင်းတို့က တကယ် နေနဲ့လ ၊ ရွှေနဲ့မြပါပဲ
“အကြီးအကဲအိုးရန်နဲ့ ဂိုဏ်းခေါင်းဆောင်ဟယ်ကို ရှာမတွေ့တာ ဆိုးလွန်းတယ်။ ဒါမဲ့ သူတို့ တောင်ပိုင်းဒေသမှာ ရှိနေသေးရင် မင်္ဂလာဆောင်အကြောင်းကြားမှာပါ”
ချန်ဖန်းသည် မန်ဟိုနှင့်ရှုချင်ကို မြင်တွေ့ရသည့်အတွက် အလွန်ပျော်ရွှင်နေပြီး ဆယ်စုနှစ်များအတွင်း ရယ်ခဲ့ဖူးသည်ထက် ရယ်နေတော့သည်။
သူတို့သည် တစ်နေကုန် ချန်ဖန်းနှင့် စကားပြောနေခဲ့ကြ၏။ မပြန်ခင် မန်ဟိုနှင့် ရှုချင်သည် လက်နှစ်ဖက်ယှက်၍ သူတို့အစ်ကိုကြီးချန်ဖန်းး၏ ဇနီးဖြစ်သူ ရှန်လင်းရှိနေသော ကျောက်ဆောင်ကိုအရိုအသေပေးလိုက်ကြသည်။ တုံ့ပြန်သည့်အနေဖြင့် ကျောက်ဆောင်သည် သူတို့ကို ဆုမွန်ကောင်းတောင်းပေးနေသည့်အလား မှိန်ဖျော့ဖျော့ တောက်ပလာ၏ ။
နောက်ဆုံးတော့ မန်ဟိုနှင့်ရှုချင်တို့နှစ်ယောက် ကျင်းဟန်ဂိုဏ်းကို သွားလိုက်ကြသည်။ ဖက်တီးမှာပီတိဖြာနေ၏။ သူသည် မန်ဟို့အား မျက်စိမှိတ်၍ ယောက်ျားတို့အစွမ်းပြခိုင်းနေသည်သာမကသူ၏ဇနီးတစ်ရာကျော်အား ထွက်လာခိုင်းပြီး ကြွားသေးလေသည်။
အမျိုးသမီးတစ်ရာကျော်က တခစ်ခစ်ရယ်ရင်း တီးတိုးပြောကာ နှုတ်ဆက်ကြသည်။ မန်ဟို့မျက်နှာထားမှာ ထူးဆန်းနေပြီး ရှုချင်မှာ ပြုံးနေဟန်ရှိသော်လည်း ဖက်တီးကို မနှစ်မြို့သလို ကြည့်နေလေသည်။
ဖက်တီးက သတိမထားမိဘဲ မန်ဟို့ကို သူ့လိုမျိုး ကိုယ်လုပ်တော်များ ထပ်ထားရန် ဆုံးမနေ၏...
“လီဖူကွေ့” ရှုချင်က အေးစက်စက် ဝင်ပြောသည်။ “နင့်ကို အဲ့ဒီနှစ်က မှီခိုရာဂိုဏ်းဆီ ခေါ်လာတာ ငါဆိုတာ မမေနဲ့”
ဖက်တီးမှာ လန့်ဖျပ်သွားလေသည်။ ထို့နောက် သူသည် မန်ဟို၏ အနေရခက်နေသော အပြုံးကို မြင်ပြီး သဘောပေါက်လိုက်သဖြင့် ကြက်သီးတဖြန်းဖြန်း ထသွားပြီး စကားလမ်းကြောင်း မြန်မြန်လွှဲလိုက်၏။
သူတို့သည် ကျင်းဟန်ဂိုဏ်းတွင် တစ်ညနေပြီးနောက်မှ ထွက်လာခဲ့ကြသည်။
သူတို့က သွေးမိစ္ဆာဂိုဏ်းသို့ မမြန်သလို ၊ ကန်ဆီလည်း မသွားပေ။ မန်ဟိုသည် ရှုချင်ကို ခေါ်ရင်းသေမျိုးများသဖွယ် တောင်ပိုင်းဒေသတွင် လျှောက်သွားနေ၏။ သူတို့သည် မပျံကြဘဲ တောင်တန်းများ ၊ မြစ်များကို ဖြတ်လျှောက်ကြသည်။ နေ့တွင် တစ်ယောက်ကို တစ်ယောက် တွဲလျက်လမ်းလျှောက်ကြပြီး ညတွင် တစ်ယောက်ကို တစ်ယောက်ဖက်လျက် အိပ်စက်ကြ၏။ သူတို့သည်တောတောင်တန်းများ၊ လွင်ပြင်ကျယ်များကို ဖြတ်လျှောက်ရင်း ခြေရာများ ချန်ထားခဲ့လေသည်။
တခါတရံ လူများနှင့် ဆုံတွေ့လျှင် အကုန်လုံးက သူတို့ကို လက်ယှက်နှုတ်ဆက်ကြသည်။ မကြာမီသတင်းစကားများသည် တောင်ပိုင်းဒေသတစ်လျှောက် ပျံ့နှံ့သွား၏။
ထိုလအတောအတွင်း သူတို့နှစ်ယောက် နေရာအတော်များများ ရောက်ခဲ့ကြသည်။ ရှုချင်သည်သဘောကျစွာ ရယ်ရင်း မန်ဟို့ကို အဖော်ပြုပေးနေ၏။ မန်ဟိုလည်း ကျင့်ကြံခြင်းနှင့်အနာဂတ်အကြောင်း တွေးပူမနေတော့ပေ။ သူသည် ရှုချင်၏ နွေးထွေးကြင်နာမှုကို ခံစားရင်း စိတ်အေးလက်အေးသာ နေနေ၏။
တစ်လပြည့်သော် သူတို့၏ခရီးပြီးဆုံးသွားသည်။ သူတို့သည် တစ်ချိန်က ကျိုးပြည်ဖြစ်ခဲ့ဖူးသောနေရာရှိ ဧရာမကန်ကြီးဆီသို့ ဦးတည်လိုက်ကြသည်။
ထိုနေရာမှာ လုံးဝပြောင်းလဲခြင်းခံခဲ့ရပြီး ယခုတွင် နတ်ဘုံနတ်နန်းသဖွယ် ဖြစ်နေလေပြီ။ကန်၏အလယ်၊ လှိုင်းကြက်ခွပ်များ ထနေသော ရေပြင်အပေါ်တွင် အလှဆင်ရုပ်တုများ ၊အဆင်တန်ဆာများ ခင်းကျင်းထားသော ကျောက်စိမ်းအဆောက်အဦများးနှင့် ကျွန်းတစ်ကျွန်း ရှိနေသည်။ ၎င်းသည် အလွန်အကျူး ခမ်းနားထည်ဝါနေခြင်းမဟုတ်သော်လည်း အတော်လေး ဆွဲဆောင်မှုရှိပေသည်။
ထိုနေရာသည် မင်္ဂလာနေ့ရက်အတွက် ... လဝက်ကြာ စောင့်နေခဲ့ရသော နေရာဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်းသားများက ပတ်ဝန်းကျင်ကို လုံးဝပြောင်းလဲပစ်ရန် မှော်အစွမ်းများ သုံးရင်း လှုပ်ရှားနေကြသဖြင့် ရယ်သံများ ထွက်လာနေလေသည်။ ရံဖန်ရံခါ ဂိုဏ်းသားများသည် ကန်၏အလယ်ရှိကျွန်းထံ လှမ်းကြည့်ပြီး သူတို့၏မျက်နှာများတွင် တက်ကြွမှု၊ ပျော်ရွှင်မှုတို့ ပြည့်နှက်သွားတတ်၏။
မကြာမီ တောင်ပိုင်းဒေသ ကျင့်ကြံသူများ ပေါ်လာကြပြီး မင်္ဂလာနေ့ရက်ကို စောင့်စားရင်း စုရုံးနေကြ၏။
ထိုစဉ် တောင်ပိုင်းဒေသ၏အလယ်ပိုင်း၊ အလွန်သာမန်ဖြစ်သော မြို့တစ်မြို့တွင် ခေါက်ဆွဲရောင်းသော လမ်းဘေးဆိုင်တစ်ဆိုင်ရှိသည်။ အဘိုးကြီးနှစ်ယောက်သည် နှစ်စဉ်နှစ်တိုင်း သည်လိုအချိန်တစ်ဝိုက်တွင် ဆိုင်ဖွင့်တတ်လေသည်။ သူတို့၏ခေါက်ဆွဲသည် ပတ်ဝန်းကျင်တွင် အတော်လေးနာမည်ကြီး၏။
အဘိုးကြီးတစ်ယောက်က ခါးကုန်းကုန်း၊ ဆံပင်ဖြူဖြူနှင့် ကြင်နာတတ်သော မျက်နှာထားရှိသည်။ကျန်တစ်ယောက်က အတန်ငယ် ပိုငယ်ပုံရသော်လည်း ဆံပင်အနည်းငယ်ဖြူနေလေပြီ။ သူသည်ငယ်ရွယ်စဉ်တုန်းက သေချာပေါက် အတော်လေး ချောမောခဲ့လိမ့်မည်။
အဘိုးကြီးနှစ်ယောက်သည် တစ်ခါတလေ ပျင်းရိပျင်းတွဲ ထိုင်၍ ဆေးတံများ ခဲရင်း နေဝင်ဆည်းဆာကို ခံစားတတ်ကြ၏။ သူတို့က များသောအားဖြင့် တိတ်ဆိတ်စွာ ထိုင်ကြပြီး စကားသိပ်များများစားစား မပြောပေ။
တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်... ဤသို့ အချိန်ကုန်ဆုံးကြသည်။ သူတို့ ဤနေရာသို့ပြောင်းလာခဲ့တုန်းက သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အိုမင်းလာကြခဲ့၏။
တစ်ညနေတွင် ... မှောင်ရီပျိုးလာပြီး မှိတ်တုတ်မှိတ်တုတ် မီးအိမ်တို့ မြို့လေးတစ်ဝန်း ထွန်းလာကြစဥ် ခါးကုန်းအဘိုးကြီးက ရုတ်တရက် ဆေးတံကို ချလိုက်သည်။
“ငါတို့ သွားသင့်လား” သူက အက်ကွဲကွဲအသံဖြင့် မေးသည်။
သူ့ဘေးရှိ အဘိုးကြီးလည်း ဆေးတံကို ချလိုက်သည်။
“မင်းက အဲ့ဒီနှစ်တွေတုန်းက သူ့ကို သဘောကျခဲ့တဲ့ တစ်ယောက်လေ။ အဲ့ဒီကလေးအတွက် တစ်ချက်တောင် မငြီးငြူဘဲ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့တယ်။ အခု သူ နာမည်ကြီးနေပြီ။တကယ်တမ်း ဒီထက်တောင် နာမည်မကြီးနိုင်တော့ဘူး။ မင်္ဂလာပွဲနေ့ကျရင် ... ငါ့အနေနဲ့ မတက်လည်း ရပေမယ့် မင်းက ... တကယ်ပဲ နေနိုင်လို့လား”
ခါးကုန်းအဘိုးကြီးက ရယ်ပြီး မတ်တပ်ရပ်လိုက်သည်။ “ကောင်းပြီ၊ ဒါဆိုလဲ သွားကြတာပေါ့။ အဲ့ကောင်လေးကို ကြည့်လိုက်တာနဲ့ အလားအလာရှိတယ်ဆိုတာက ငါ ပြောနိုင်တယ်”
“အေး” ကျန်အဘိုးကြီးက ပြောသည်။ “ငါတို့မှာ သက်တမ်းလည်း သိပ်မကျန်တော့ဘူးဆိုတော့ကလေးတွေကို သွားကြည့်တာပေါ့။ ဒါဆို ငါတို့ စိတ်ချလက်ချ သေလို့ရပြီ”
အဘိုးကြီးနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ရယ်ကာမောကာဖြင့် ညအမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဤနှစ်ယောက်သည် မှီခိုရာဂိုဏ်းမှ အကြီးအကဲအိုးရန်နှင့် ဟယ်လောဟွာမှတစ်ပါး အခြားမဟုတ်ပေ။ လွန်ခဲ့သော နှစ်များက အကြီးအကဲအိုးရန်သည် သက်တမ်းကုန်ခါနီးနေခဲ့၏။ သူ ယခုထကထိအသက်ရှင်နေသေးသည့်အချက်က ကံကြမ္မာကောင်းတစ်မျိုးမျိုးနှင့် ကြုံကြိုက်ခဲ့ကြောင်း ညွှန်ပြနေသည်။
တူညီသောမြင်ကွင်းများ အနက်ရောင်နယ်မြေတွင် ဖြစ်ပွားနေသည်။
မန်ဟို၏မင်္ဂလာဆောင်က နယ်မြေအကုန်လုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့လေသည်။
***