← Chapters

ခုနစ်နှစ်မြောက်ပြစ်ဒဏ်

Vol. 55 Ch. 765

ခုနစ်နှစ်မြောက်ပြစ်ဒဏ်

Vol. 55 Ch. 765

အနက်ရောင်နယ်မြေ၏ မဟာမျိုးနွယ်စုကြီးများသည်လည်း လက်ရှိအခါသမယတွင် တောင်ပိုင်းဒေသအပေါ် အာရုံစိုက်နေကြသည်။ အင်အားစုလေးစု သွေးမိစ္ဆာဂိုဏ်းကို ဝိုင်းတိုက်ခဲ့သောကိစ္စနှင့်သွေးမိစ္ဆာဂိုဏ်း တောင်ပိုင်းဒေသကို ပေါင်းစည်းစေခဲ့သော နောက်ဆက်တွဲအဖြစ်အပျက်အကုန်လုံးအား လူတိုင်း သိကြလေသည်။

မန်ဟို၏နာမည် ထွန်းတောက် ကျော်ကြားလာသောအခါ အနက်ရောင်နယ်မြေရှိ ရွှေကျီးကန်းမျိုးနွယ်စုသည် အထူးသဖြင့် စိတ်လှုပ်ရှားသွားခဲ့၏။ မန်ဟို၏မင်္ဂလာပွဲသတင်း ရောက်လာသောအခါအခမ်းအနားတက်ရောက်၍ မင်္ဂလာလက်ဖွဲ့အပ်နှင်းရန် မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် မျိုးနွယ်ဝင်တချို့နှင့်အတူ အနက်ရောင်နယ်မြေမှ ထွက်သွားကြသည်။

ကျန်မဟာမျိုးနွယ်စုများလည်း ထိုနည်းတူပင်။

ထိမ်ချန်ထား၍မရ‌သော ရွှေအလင်းဘုရားကျောင်းလည်း သူတို့၏အမှတ်သညာ ဆောင်ပုဒ်ကို အော်ရင်း တ‌ရစ်ရစ်ဝဲနေသော မြူများဖြင့် ခြံရံလျက် တောင်ပိုင်းဒေသသို့ ပြေးသွားကြ၏။

ထိုစဉ် အရှေ့ဘက်နယ်မြေ၊ ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်တွင် မြင့်မားသော မျှော်စင်တစ်ခုရှိသည်။ ၎င်းသည် တန်မျှော်စင်နှင့် အလွန်တူသော်လည်း မီတာသုံးဆယ်ခန့်သာ မြင့်၏။

၎င်းသည် တောင်ပိုင်းဒေသအနှံ့အပြားရှိသော ကျန်တန်မျှော်စင်များထက် မီတာသုံးဆယ်ပိုမြင့်လေသည်။

မျှော်စင်ထဲတွင် အချင်းများနေသော အမျိုးသားနှင့် အမျိုးသမီး ရပ်နေသည်။ အမျိုးသမီး ... တောင်ပိုင်းဒေသနှင့် မန်ဟိုရှိရာဘက်သို့ လှမ်းကြည့်ရင်း မျက်ရည်များ စီးကျနေ၏။

“ကျွန်မတို့ သူ့ကို ခုနစ်နှစ်ပြည့် မွေးနေ့မှာ ထားရစ်ခဲ့တာ ...  တောင်ပိုင်းဒေသမှာ အသက်ဘေးအန္တရာယ်တွေအများကြီး ကြုံတွေ့ခဲ့ရပြီး ကျွန်မတို့ ဝင်မပါနိုင်ခဲ့ဘူး။ ကျွန်မတို့ သူ့အနားတောင်ကပ်ဖို့ မဝံ့ရဲဘူး .... ကျွန်မ စုန့်မျိုးနွယ်စုကို မသွားခဲ့သင့်တာ မှန်ပေမယ့် သူက ကျွန်မသား၊ ကျွန်မတို့ရဲ့ သားအရင်းခေါက်ခေါက်နော်

“သူ့ရဲ့ တာအိုအခြေဟာ နဂါးငွေ့တန်းပင်လယ်မှာ အလုခံခဲ့ရတယ်။ ကျွန်မတို့ သူ့ကို သွားကူညီလို့မရတာ သိပေမယ့် ရင်နာရတယ်ရှင့် ရင်နာရတယ်။ ပြီးတော့ ရှုချင်က ပြန်လည်မွေးဖွားခြင်းဂူမှာ သူ့အတွက် အများကြီး ပေးဆပ်ခဲ့တယ်။ ကျွန်မကိုယ်တိုင် ဖြစ်ခဲ့တာတွေ အကုန်မြင်ခဲ့ရတာ၊ အကုန် သိလား။ ကျွန်မ အဲ့ဒီကလေးမကို သဘောကျတယ်....

“အခု သူ လက်ထပ်တော့မှာလေ။ ကျွန်မ သွားကိုသွားမှာ” အမျိုးသမီးက စိတ်ပိုင်းဖြတ်ထားသောမျက်ဝန်းများဖြင့် အမျိုးသားကို လှမ်းကြည့်သည်။

အမျိုးသားမှာ တုန်ရီနေပြီး ဝမ်းနည်းမှုတို့ မျက်လုံးထဲတွင် ပြည့်နှက်နေသည်။ သူလည်း ရင်နာနေရလေသည်။ သို့သော် သည်းခံပြီး မျှော်လင့်ချက်အကုန်လုံးကို နောက်ဖြစ်လာမည့်အရာအပေါ် ပုံအပ်ထားရုံမှတစ်ပါး အခြားတတ်နိုင်သည့်အရာမရှိပေ။

“ခဏလောက်ပဲ ထပ်စောင့်လိုက်ပါ လီလီရယ်” အမျိုးသားက ရေရွတ်လိုက်သည်။ သူသည် တုန်ရီနေပြီး လက်တွင် သွေးမရှိတော့သည့်တိုင်အောင် ဘေးနားရှိ တိုင်အား ဆုပ်ကိုင်လိုက်၏။ “နည်းနည်းလောက် ထပ်စောင့်လို့ မရဘူးလား ... ကိုယ်တို့ သူ့ကို ဒီခေါ်လာပြီး အသက်ရှင်ခွင့်ရအောင်အခက်အခဲတွေအများကြီး ကျော်ဖြတ်ခဲ့ရတယ်လေ။ သူ တာအိုရှာဖွေခြင်းအဆင့်ရောက်တာနဲ့အန္တရာယ်မရှိတော့ဘူး။ တာအိုရှာဖွေခြင်းအဆင့် အဲ့ဒါလေးပါပဲ

“နည်းနည်းလေးထပ်ပြီး စောင့်လိုက်ပါ။ သူ တာအိုရှာဖွေခြင်းအဆင့်ရောက်တာနဲ့ ကိုယ်တို့ တူတူသွားကြတာပေါ့။ ကိုယ်တို့ အတူတူ ရှင်းပြကြမယ်လေ” အဝေးသို့ လှမ်းကြည့်နေသော ထိုလူ၏မျက်လုံးများတွင် နက်ရှိုင်းနေသော ချစ်ခြင်းမေတ္တာတို့အား မြင်ရနိုင်သည်။

“ကိုယ်တို့ အမှားလုပ်လို့မရဘူး” သူက ဆက်ပြောသည်။ “ဒီတစ်ခေါက် မအောင်မြင်ရင် ... လီလီ၊လေးဘဝမြောက်၊ ခုနစ်နှစ်‌မြောက် ပြစ်ဒဏ်။ မင်း အဲ့ဒီလို နာကျင်မှုမျိုးကို ထပ်ခံနိုင်သေးလား

“ကိုယ်က အဖေ၊ သူက ကိုယ်တို့ရဲ့ကလေး။ သူ့အတွက် နှစ်‌ပေါင်းတစ်သိန်းကြာတဲ့အထိ တောင်ကောင်းကင်ဂိတ်ကို စောင့်ရှောက်ပြီး တောင်ကောင်းကင်ကနေ တစ်ဖဝါးမှ မခွာဖို့ တာအိုကျမ်းကျိန်ခဲ့ကြရတယ်။ အဲဒါတွေအားလုံးက ဒီအခွင့်အရေးတစ်ခုလေးအတွက်။ စောင့်လိုက်ပါဦးကွာ ...” အမျိုးသားက မျက်လုံးများ ပိတ်လိုက်သည်။ သူ့သားအတွက် သူသည် သူ၏ဘဝ၊ သူ၏အရာအားလုံးကို ပျော်ပျော်ကြီး စတေးမှာဖြစ်၏။

“ခုနစ်နှစ်မြောက် ပြစ်ဒဏ်....” အမျိုးသမီးသည် ခါးသီးစရာကောင်းသော အတိတ်ကို ပြန်တွေးမိလိုက်သဖြင့် မျက်ရည်များ ပိုကျလာသည်။ “ဒါပေမဲ့ နှစ်တွေအများကြီး ကြာခဲ့ပြီလေ....”

“စိတ်ဝိညာဉ်ခွဲထွက်ခြင်းက ဝိညာဉ်ကို တည်ငြိမ်စေပြီး တာအိုရှာဖွေခြင်းက သွေးတို့ကို ငြိမ်သက်စေတယ်” အမျိုးသား‌က ရေရွတ်လိုက်ပြီး အမျိုးသမီးကို ပြောနေသည်လား၊ သူ့ကိုယ်သူ ပြောနေသည်လား ပြောရခက်၏။ “တာအိုရှာဖွေခြင်း‌မတိုင်ခင် နေ့ရက်တိုင်းက .... ခုနစ်နှစ်မြောက်ပြစ်ဒဏ်အတွက် .... အကျုံးမဝင်သေးဘူး။ သူ့ခန္ဓာကိုယ်က တာအိုရှာဖွေခြင်းအဆင့် ရောက်နေပြီလေ၊ကျင့်ကြံခြင်းအခြေခံပဲ ကျန်တော့တာ .... မကြာခင် ... အဲ့ဒီနေ့ရက် မကြာခင် ရောက်လာတော့မှာပါ”

မင်္ဂလာနေ့ရက်သည် နီးကပ်လာ၏။ ထိမ်းမြားခြင်းအခမ်းအနား ငါးရက်သာ လိုတော့သည့်အချိန်ကျင့်ကြံသူတစ်သန်းကျော်သည် မြောက်ပိုင်းသဲကန္တာရကို ကျော်၍ နဂါးငွေ့တန်းပင်လယ်အနားရောက်နေပြီဖြစ်သည်။

သားရဲရိုင်းများ၊ မကောင်းဆိုးဝါးများ၊ အစွမ်းထက်ပညာရှင်များ .... ၎င်းတို့အားလုံးက အရာအားလုံးကို ကြောက်မက်ဖွယ်အသွင်အပြင်ဖြင့် သိမ်းကျုံးတိုက်ခတ်ပစ်နိုင်သော ဆိုင်ကလုန်းမုန်တိုင်းကြီးသဖွယ် ဖြစ်လာခဲ့လေပြီ။

မျိုးနွယ်စုများ၊ ဂိုဏ်းများမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် (၁၁) ဦးသည်နဂါးငွေ့တန်းပင်လယ်မှ မိုးကုပ်စက်ဝန်းရှိ တောင်ပိုင်းဒေသကို လှမ်းကြည့်လိုက်ကြ၏။

“အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးက တောင်ပိုင်းဒေသမှာ ရှိတယ်”

“တောင်ပိုင်းဒေသက တလောကမှ ကံဆိုးမိုးမှောင်ကျထားတာ။ အခု အားနည်းနေကြမှာ ဖြစ်တဲ့အပြင် ငါတို့စစ်တပ် အခု ပေါ်လာလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး”

“ဒါ ရှားမှရှားတဲ့ အခွင့်အရေးပဲ”

“ဒီစစ်ပွဲမှာ သူတို့ရဲ့ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်တွေကို သုတ်သင်မယ်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တွေကို သတ်မယ်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအကုန် ‌ဖယ်ရှားပစ်မယ်။အမြုတေဖြစ်တည်မှုအဆင့်ကတော့ အဖက်လုပ်စရာမလိုဘူး”

“သူတို့ရဲ့ အုတ်မြစ်ကို ဖျက်စီးပြီး အင်မော်တယ်အဆင့်မတက်နိုင်အောင် လုပ်ရမယ်။ ပြီးရင် ငါတို့တောင်ပိုင်းဒေသကို သိမ်းပိုက်နိုင်ပြီ။ ငါတို့ အင်မော်တယ်ကံတရားနဲ့ပတ်သက်တဲ့ ဉာဏ်အလင်းရပြီးအင်မော်တယ်တွေ ဖြစ်လာနိုင်တယ်”

“ဒီစစ်ပွဲမှာ ငါတို့ မြောက်ပိုင်း‌သဲကန္တာရရဲ့ မဟာမိတ်အင်အားစုတွေဟာ ရှင်သန်ခြင်းနှင်းပန်းရဲ့အကူအညီနဲ့ သေချာပေါက် အရာအားလုံးကို ထိန်းချုပ်နိုင်ပြီ”

“မြန်မြန်နဲ့ ခပ်ပြင်းပြင်း ထိုးစစ်ဆင်ရမယ်။ အရှေ့ဘက်နယ်မြေ ဝင်ပါခွင့်မရစေနဲ့”

ဤတာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်များသည် မတူကွဲပြားသော အဝတ်အစားများကိုဝတ်ဆင်ထားကြ၏။ တချို့က ဆေးမင်ကြောင်များဖြင့် ဖုံးနေသည်။ တချို့က အနက်‌ရောင်အလင်းထုတ်လွှတ်နေသော အရိုးအဆောင်အ‌ယောင်များကို ဆွဲထားကြ၏။ တချို့ကျ တာအိုဝတ်ရုံများဆင်မြန်းထားကြသည်။ သို့သော် သူတို့အားလုံးကား အံ့ဖွယ်စွမ်းအားများကို ကိုယ်စီပိုင်ဆိုင်ထားကြသည်။

သူတို့သည် နဂါးငွေ့တန်းပင်လယ်တွင် ရပ်၍ လှမ်းကြည့်နေကြ၏။ ရုတ်တရက် အလွန်ထိတ်လန့်ဖွယ် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ လေမတိုက်သော်လည်း ဧရာမလှိုင်းလုံးကြီးက‌ပင်လယ်ပြင်တစ်လျှောက် ရိုက်ခတ်သွားသေး၏။

နဂါးငွေ့တန်းပင်လယ်၏ ပတ်လမ်း(၄) ၊ ပတ်လမ်း (၃) ၊ ပတ်လမ်း (၂) ၊ အတွင်းပတ်လမ်းအပြင်ရှိနေရာအားလုံးတွင် ဧရာမလှိုင်းလုံးကြီးများ လွှမ်းနေသည်။ ပတ်လမ်း (၃) ရှိ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်သားများမှာ လုံးလုံးလျားလျား အံ့အားသင့်သွားကြလေသည်။

ပင်လယ်ထဲရှိ ကျွန်းအမျိုးမျိုး၏ အပေါ်တွင် နေထိုင်ကြသည့် ကျင့်ကြံသူများလည်း ထစ်ချုန်းသံကြီးကို ကြားလိုက်ကြရပြီး ထိတ်လန့်သွားကြ၏။

ဤသည်မှာ သာမန်ပင်လယ်အော်သံမဟုတ်ဘဲ ကြီးမားသော အသတ်အဖြတ်အခိုးအငွေ့များဖြင့်ပြည့်နှက်နေလေသည်။ ဧရာမသတ္တဝါကြီးတစ်ကောင် ပင်လယ်ရေအနက်ပိုင်းထဲမှ ထိုးထွက်ရန်ကြိုးစားနေသည့်အလား ရေများ မြောက်တက်လာ၏။

လူတိုင်း တအံ့တဩ ကြည့်နေစဉ် ပတ်လမ်း (၂) ၏အောက် အမှောင်ထုအတွင်း၌ ဧရာမရှင်သန်ခြင်းနှင်းပန်းကြီးသည် ဝရုန်းသုန်းကား လူးလွန့်လျက်ရှိသည်။ ဤသည်ကား ... နဂါးငွေ့တန်းပင်လယ်တွင် ဆူညံသွားခဲ့သော ထစ်ချုန်းသံကြီး၏ဇစ်မြစ်ပင်။

ဧရာမရှင်သန်ခြင်းနှင်းပန်းသည် ရုတ်တရက် အကန့်အသတ်မရှိသည့်အလား ကြီးထွားလာသဖြင့်ထစ်ချုန်းသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ မီတာသုံးဆယ်လုံးပတ်စီရှိသော၎င်း၏ဧရာမလက်တံကြီးများ ပတ်လမ်း (၂) မှ ထိုးထွက်လာရန် အသက်ဆယ်ရှိုက်သာ ကြာလိုက်၏။ ၎င်းတို့ ပင်လယ်ထဲမှ ထွက်လာသဖြင့် ‌ပင်လယ်ရေများကား ၎င်းတို့ထံမှ တဝေါဝေါ ကျလာလေသည်။

လက်တံများသည် အံ့မခန်းလိလိ အရှိန်အဝါကို ထုတ်လွှတ်ရင်း လေကို ခွင်းသွား၏။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော လက်တံအသေးလေးများက ပင်လယ်ကြမ်းပြင်တစ်လျှောက် ဖြာထွက်သွားသည်။ သူတို့သည် ပတ်လမ်း (၃) ၏ ရေထုထဲ ရောက်သောအခါ လေပေါ် ထိုးတက်သွားကြ၏။

ပို၍များပြားသော လက်တံများက ‌ပတ်လမ်း (၃) နှင့် ပတ်လမ်း (၄) အား ပိုင်းခြားထားသောလေမုန်တိုင်းစည်းကို ထိုးဖောက်၍ ဖြာထွက်သွားပြန်သည်။

သင်သာ နဂါးငွေ့တန်းပင်လယ်တစ်ခုလုံးကို မြင်ရသော ကောင်းကင်ထက်မှ ရပ်ကြည့်လျှင် လက်တံတစ်သိန်းကျော် ဖြာထွက်နေသည်ကို မြင်ရပေမည်...  ကြောက်စရာဖြစ်တည်မှုကြီးတစ်ခု ရေအောက်တွင် ပုန်းကွယ်ငုပ်လျှိုးနေသည့်အလားပင်။

မှန်ပါသည်၊ ၎င်းကား ရှင်သန်ခြင်းနှင်းပန်းမှတစ်ပါး အခြားမဟုတ်။

ရှင်သန်ခြင်းနှင်းပန်းသည် လျင်မြန်စွာ ကြီးသထက် ကြီးလာပြီး နောက်ဆုံးတွင် ကျင့်ကြံသူအားလုံးအတွက် အံ့ဩထိတ်လန့်ဖွယ်ကောင်းစွာနှင့် ၎င်းက ရေထဲမှ တစ်ကိုယ်လုံးထွက်လာလေသည်။လက်တံများသည် တစ်ခုနှင့်တစ်ခု စုစည်းရစ်ပတ်သွားကြ၏။

၎င်းတို့က .... တံတားတစ်စင်းကို ဖော်ဆောင်လိုက်ကြသည်။

တံတား၏တစ်ဖက်မှာ ကီလိုမီတာ ၁၅၀၀ကျော် လုံးပတ်ရှိသော လက်တံငါးသောင်းဖြစ်ပေါ်လာ၏။အံ့ဩဖွယ်ကောင်းစွာနှင့် တံတား၏ ဤအပိုင်းသည် တောင်ပိုင်းဒေသအနားတွင်ဖြစ်သော်လည်း၎င်းနှင့်မထိပေ။

တံတား၏ ကျန်တစ်ဖက်က မြောက်ပိုင်းသဲကန္တာရနှင့် ဆက်သွယ်ရန် ခုံးထွက်သွားသည်။

ဤနှစ်ဖက်၏အလယ်တည့်တည့်တွင် အလွန်ကြီးမားလွန်းသဖြင့် အဆုံးနှစ်ဖက်ကို မြင်ရခဲသောဧရာမရှင်သန်ခြင်းနှင်းပန်းကြီးက ရေများ စက်လက်စက်လက် ကျလျက် မြောက်တက်လာသည်။

မြင်ကွင်းကြီးသည် အတိုင်းထက်အလွန် အံ့ဩတုန်လှုပ်ဖွယ်ကောင်း၏။ ဧရာမပန်းကြီးတစ်ပွင့်က၎င်း၏ အကိုင်းအခက်များ ၊ အရွက်အလက်များဖြင့် ကုန်းမြေထုကြီးနှစ်ခုကို ဆက်သွယ်ပေးထားသော တံတားတစ်ခုကို ဖန်ဆင်းပေးလိုက်သည်။

ဤနယ်မြေနှစ်ခုအကြား အကြီးမားဆုံး အခက်အခဲမှာ တပ်သားများ ပို့ဆောင်ရေးပြဿနာဖြစ်သည်။ သို့သော် ယခုတော့ ပြဿနာအား ဖြေရှင်းပြီးပြီဖြစ်၍ မဟာစစ်ပွဲကြီးကား အချိန်မရွေးစတင်နိုင်လေပြီ။

ရှင်သန်ခြင်းနှင်းပန်းတံတား ပေါ်လာသည့်အခါ ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားသည်။မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်သန်းသည် ခေါင်းနောက်လှန်၍ ကြွေးကြော်လိုက်ကြ၏။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် ဆယ့်တစ်ဦးက လက်များ ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူများသည် ရှင်သန်ခြင်းနှင်းပန်းတံတားဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။

ကျင့်ကြံသူများအနောက်၌ မကောင်းဆိုးဝါးစိတ်ဝိညာဉ်ကောင်များ‌၊ မကောင်းဆိုးဝါးစိတ်ဝိညာဉ်ကောင်များ‌နောက်မှ တောင်သဖွယ် ဘီလူးကြီးများနှင့်အတူ မရေမတွက်နိုင်သော သားရိုင်းများလိုက်ပါလာကြသည်။ ၎င်းတို့အားလုံးက ရှင်သန်ခြင်းနှင်းပန်းတံတားအပေါ် ချီတက်ကာ ထုတ်နိုင်သမျှအရှိန်အကုန် ထုတ်သည့်အပြင် တံတား၏ နဂိုကတည်းက ပါရှိသော နေရာရွှေ့ပြောင်းခြင်းအစွမ်းတချို့ကို သုံးကာ ချီတက်သွားကြသည်။ မကြာမီ ‌သူတို့နှင့် တောင်ပိုင်းဒေသအကြား အကွာအဝေးမှာ လျင်မြန်စွာ လျော့ကျလာ၏။

သူတို့သည် တောင်ပိုင်းဒေသသို့ ရက်ပိုင်းအတွင်း ရောက်ပေတော့မည်။

မင်္ဂလာပွဲနေ့သည်လည်း နီးကပ်လာလေပြီ။

ကျိုးပြည်ဖြစ်ခဲ့ဖူးသော ကန်ကြီးသည် ယခုတွင် မီးအိမ်များ၊ တောက်ပြောင်သောအဆင်တန်ဆာများဖြင့် ခမ်းခမ်းနားနား တန်ဆာဆင်ခံထားရ၏။ စားပွဲများ ချထားပြီး သွေးမိစ္ဆာဂိုဏ်းသားများကဧည့်သည်များကို ဧည့်ခံနေသည်။

ဝမ်းသာအားရ ရယ်သံများ၊ အားပေးသံများက လေတွင် ပျံ့လွင့်နေ၏။

ချန်ဖန်း ရောက်လာပြီး ဖက်တီးလည်း ထိုနည်းတူပင်။ ဇီယွင်ဂိုဏ်းမှ မန်ဟို့မိတ်ဆွေများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး မြန်မြန်ဝင်ရောက်လာကြသည်။ ရှုချင်၏အပြုံးလေးသည် ပိုပို၍လှပလာ၏။ မန်ဟို့ကို ကြည့်နေသော သူမ၏နွေးထွေးသောမျက်ဝန်းလေးသည် အခဲဆုဲးရေခဲကိုပင် အရည်ဖျော်ပစ်နိုင်သယောင်ပင်။

မန်ဟိုလည်း ပြုံးနေသော်လည်း ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ မသိ၍ အူတူတူ ဖြစ်နေ၏။ကံကောင်းထောက်မစွာနှင့် သွေးမိစ္ဆာဂိုဏ်း၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများသည် မင်္ဂလာပွဲများဖြင့် ရင်းနှီးသဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်အောင် ကြိုးစားပေးကြလေသည်။ ဇနီးအယောက်တစ်ရာနှင့် လက်ထပ်ခဲ့ဖူးသော ဖက်တီးလည်းရှိရာ သူတို့၏အကြံဉာဏ်များ ၊အကူအညီများဖြင့် မန်ဟိုသည် နှုတ်ဆက်ရင်း ဗျာများနေရတော့၏။

အဆုံးသတ်တွင် ချူယွီယန် ရောက်လာသည်။ သူမသည် စိတ်ရင်းနှင့် ဂုဏ်ပြုနေသည့်အလား ပြုံးနေသော်လည်း သူမနှလုံးသားထဲတွင် မချင့်မရဲမှု၊ စိတ်ပျက်မှုတို့ ပြည့်ကြပ်နေ၏။ မန်ဟို သူမနှင့်ပက်ပင်းတိုးသောအခါ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတော့ ...သက်ပြင်းသာချလိုက်နိုင်သည်။

ရှုချင်က ချူယွီယန်ကို ဘေးသို့ ဆွဲခေါ်သွားပြီး နှစ်ယောက်သား တိတ်ဆိတ်စွာ စကားစမြည် ပြောနေကြ၏။

ဟန်ရွှယ့်ရှန်းနှင့် စုန့်ကျားလည်း ရောက်လာသည်။ မကြာမီ ဖက်တီး၏ချစ်လှစွာသော ဇနီးမယားများနှင့်အတူ အမျိုးသမီးအားလုံးကား ကန်၏အလယ်ရှိ ကျွန်းဆီသို့ ‌သွားကြပြီးနောက် သူတို့၏ တခစ်ခစ် ရယ်သံများ ပျံ့လွင့်လာသည်ကို ကြားနိုင်လေသည်။

ရက်အနည်းငယ်ကြာသော် အခါကြီးရက်ကြီးသို့ ရောက်လာပြီး မင်္ဂလာခေါင်းလောင်းသံများသာယာကြည်နူးဖွယ်ကောင်းစွာ စီညံလာ၏။

မိုးသောက်ချိန်မှစပြီး တောင်ပိုင်းဒေသ၏ နေရာအနှံ့အပြားရှိ ဂိုဏ်းများ၊ မျိုးနွယ်စုများမှ မရေမတွက်နိုင်သော ဧည့်သည်တော်များ တဖွဲဖွဲ ရောက်လာကြသည်။ မကြာမီ ခုံတစ်သိန်းကျော် ပြင်ဆင်ထားခဲ့သည့်တိုင် ခုံမလောက်ကြောင်း သိသာလာသည်။ ရပ်စရာသာ နေရာရှိပြီး မျက်စိတဆုံး မြင်ရသလောက် ပြွတ်သိပ်ကြပ်နေ၏။ အဝေး၌ ပျံဝဲနေသော ကျင့်ကြံသူများပင် ရှိသည်။ သူတို့သည်ထိုင်စရာမရှိလျှင်တောင်မှ ထိမ်းမြားခြင်းအခမ်းအနားကို ကိုယ်တိုင်ကြည့်ရှု၍ ဂုဏ်ပြုစကားပြောချင်ကြသေးလေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများ ၊ တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူများ အကုန်ရောက်ရှိနေကြသည်။ ရှေးဆန်ပြီး တည်ကြည်သောပုံစံနှင့် ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် အဘိုးကြီးတစ်ဦးရှိသည်။ နွေး‌ထွေးကြင်နာသောအပြုံးက သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းနေပြီး ဆေးရနံ့များက သူ၏ပတ်ဝန်းကျင်တွင် ပျံ့လွင့်‌လျက်ရှိသည်။ မန်ဟို သူ့ကို မြင်သောအခါ တစ်ကိုယ်လုံးတုန်ရီသွားပြီး ‌လေပေါ် ပျံတက်လိုက်သည်။ ကျင့်ကြံသူအားလုံး၏ ရှေ့မှောက်တွင် သူက လက်ယှက်ပြီး လေး‌လေးနက်နက် အရိုအသေပေးလိုက်၏။

“ဂါဝရပြုပါတယ် ဆရာ”

အဘိုးကြီးကား ဆေးလုံးမိစ္ဆာမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် မန်ဟို့ကို ချစ်ခြင်းမေတ္တာတို့ဖြင့်အားရကျေနပ်စွာ ကြည့်နေ၏။ သူက တဟားဟားရယ်ရင်း မန်ဟို့ကို ခါးမတ်စေလိုက်သည်။

“ဒီနေ့က မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲဆိုတော့ ငါ ဒီကို မျက်မြေသက်သေတည်ပေးဖို့ မလာလို့ဖြစ်မလားကွ”

***

All Chapters