← Chapters

ကြီးကျယ်ခမ်းနားသော ထိမ်းမြားမင်္ဂလာ

Vol. 55 Ch. 766

ကြီးကျယ်ခမ်းနားသော ထိမ်းမြားမင်္ဂလာ

Vol. 55 Ch. 766

ရွှေအလင်းဘုရားကျောင်း ရောက်လာသည်။

ဂိုဏ်းသားများသည် တထောင်းထောင်း ထနေသော မြူများဖြင့် ဝန်းရံလျက် အခင်းအကျင်းတစ်ခုအတိုင်း မင်္ဂလာနေရာသို့ ချဉ်းကပ်လာကြသည်။

ရွှေကျီးကန်းမျိုးနွယ်စု ရောက်ရှိလာသည်။

ဂိုဏ်းများ ၊ မျိုးနွယ်စုများသည် နှစ်ပေါင်းများစွာကြာမှ တောင်ပိုင်းဒေသတွင် ကျင်းပသော ပထမဆုံးမဟာမင်္ဂလာအခမ်းအနားကို မျက်မြင်သက်သေတည်ရန် အဖွဲ့ဝင်များကို စေလွှတ်တက်ရောက်စေ၏။

၎င်းသည် တစ်ခါမှ မဖြစ်ခဲ့ဖူးသော မင်္ဂလာပွဲ၊ ထပ်ရှိလာဦးမည့် မင်္ဂလာပွဲမဟုတ်ပေ။

သူတို့အတွက် အကြည့်တစ်ချက်လေးနှင့် အကုန်လုံးကို မြင်ရဖို့ မဖြစ်နိုင်။ ကြည့်ကြည့်သမျှ နေရာတိုင်း လူများ ပြွတ်သိပ်ကြပ်နေပြီး ပို့ဆောင်လိုက်ကြသော မင်္ဂလာလက်ဖွဲ့များအပေါ် အခြေခံ၍တောင်ပိုင်းဒေသ၏ သုံးမကုန်နိုင်သော ချမ်းသာကြွယ်ဝမှုကို မြင်နိုင်လေသည်။

အကြီးအကဲအိုးရန်နှင့် ဟယ်လောဟွာတို့လည်း ရောက်လာကြသည်။ သူတို့သည် အနားကပ် သိပ်မကပ်နိုင်ဘဲ လူကြားထဲတွင် ရပ်နေကြ၏။ သို့သော် အဝေးမှနေ၍ မန်ဟိုနှင့်ရှုချင်အပြင် ဖက်တီးနှင့်ချန်ဖန်းကို သူတို့ လှမ်းမြင်လိုက်ကြသည်။ အဘိုးကြီးနှစ်ယောက်၏မျက်နှာများတွင် ပီတိအပြုံးများဖြစ်ထွန်းလာသည်။

သူတို့သည် ပျော်ရွှင်နေကြပြီး သူတို့ကိုယ်သူတို့လည်း ဂုဏ်ယူမိသွားကြသည်။ တောင်ပိုင်းဒေသ၏ဤရွေးချယ်ခံအကုန်လုံးမှာ မှီခိုရာဂိုဏ်းသားဟောင်းများဖြစ်ကြောင်း သူတို့ သိကြလေသည်။

အနောက်ပိုင်းသဲကန္တာရ၏ မျိုးနွယ်စုများလည်း လာသည်။ အများစုမှာ မန်ဟိုနှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ရင်းနှီးကြလေသည်။ လူပေါင်းသိန်းနှင့်ချီ ပြွတ်သိပ်နေသည့်တိုင် အုတ်အော်သောင်းနင်းမဖြစ်ကြပေ။ ဖက်တီးနှင့် သွေးမိစ္ဆာဂိုဏ်းသားများက အကုန်လုံးကို အစီအစဉ်တကျဖြစ်အောင်ထိန်းထားရာ စည်ကားသိုက်မြိုက်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းနေတော့သည်။

ပတ်ဝန်းကျင်သည် တက်ကြွပျော်ရွှင်နေ၏။ ရယ်သံမောသံများ၊ စကားပြောသံများ လေတွင် ပြည့်နှက်နေသည်။

အစွမ်းထက်ပညာရှင်များ စုဝေးရောက်ရှိလာကြ၏။ ဤမင်္ဂလာပွဲသည် သေချာပေါက် တောင်ပိုင်းဒေသသမိုင်းတစ်လျှောက် ကျင်းပခဲ့ဖူးသမျှထဲ အခမ်းနားဆုံး၊ အရေးပါဆုံး ဖြစ်လေသည်။

ရှုချင်သည် ထွက်လာသောအခါ လက်ဖျားခါလောက်အောင် လှပ၏။ သူမက အနီရောင်သတို့သမီးဝတ်ရုံကို ဝတ်ထားပြီး မန်ဟိုက သူမဘေးတွင် ရပ်နေသည်။ စောင့်ကြည့်နေသူအားလုံးက တစ်ခဲနက်အားပေးကြပြီး ဆုမွန်ကောင်းတောင်း၊ ကောင်းချီးမင်္ဂလာပေးနေကြသည်။

“သခင်ကြီးမန်ဟိုနှင့် နတ်သမီးလေးရှုချင်ရဲ့ ထိမ်းမြားမှုအတွက် ဂုဏ်ယူပါတယ်”

“ဂုဏ်ယူကြောင်းပါ။ အသက်ထက်ဆုံး တွဲလက်တွေမြဲပြီးတော့ ချစ်ခြင်းမေတ္တာတွေ ထာဝရတည်တံ့ပါစေ”

“ဂုဏ်ယူပါတယ်...”

အသံများသည် လှိုင်းများသဖွယ် အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားသည်။ မန်ဟိုမှာ ရင်ခုန်နေ‌လေသည်။ သူပင်လျှင် စိတ်မလှုပ်ရှားမိအောင် သူ့ကိုယ်သူ မဟန့်တားနိုင်ပေ။ သူက အနီရောင်သတို့သားဝတ်ရုံအရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ချောမောခန့်ညားသော မျက်နှာတွင် ပျော်ရွှင်မှုတို့ပြည့်နှက်နေသည်။

သူသည် အားလုံး၏ရှေ့မှောက်တွင် ရှုချင်၏လက်ကို ကိုင်လျက် နှစ်ယောက်သားလေလယ်တွင် ပျံဝဲနေကြသည်။

မန်ဟိုက အသက်ပြင်းပြင်းရှုပြီး ရှုချင်လက်ကို ဖြစ်လိုက်သည်။ “ဂုဏ်သရေရှိ လူကြီးမင်းများနှင့်အမျိုးသမိးတို့၊ တာအိုရောင်ရင်းတို့။ ကျုပ်နဲ့ ချင်အာရဲ့ ထိမ်းမြားခြင်းအခမ်းအနားကိုမျက်မြင်သက်သေ လာတည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထို့နောက် မန်ဟိုနှင့်ရှုချင်သည် လူအုပ်ကြီးကို လက်ယှက်အရိုအသေပေးလိုက်ကြ၏။

ရှုချင်၏မျက်နှာလေးမှာ နီမြန်းနေပြီး ရင်ခုန်သံတို့လည်း မြန်နေသည်။ ယခုလို အချိန်မျိုးတွင် မည်သည့်အမျိုးသမီးမဆို ထိုနည်းတူ ခံစားရမည်သာ ဖြစ်သည်။ ဤအခိုက်အတန့်သည် အမျိုးသမီးများ၏ အလှဆုံး၊ ရင်အခုန်ဆုံး၊ စိတ်အလှုပ်ရှားဆုံးအချိန်ဖြစ်၏။

တောင်ပိုင်းဒေသတစ်ခုလုံးသည် မန်ဟိုနှင့်ရှုချင် တစ်ဘဝလုံးပေါင်းဖက်ဖို့ ကတိသစ္စာဆိုပွဲအားမျက်မြင်သက်သေတည်ရန် ရောက်လာခဲ့ကြလေသည်။

ဂျိန်း

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဆယ်ဦးက ရုတ်တရက် လေပေါ် ပျံတက်လိုက်သဖြင့် မယုံနိုင်လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။ သူတို့က နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ရာ အဝေးမှကြည့်လျှင် လှပ‌သော မီးလုံးဆယ်လုံးအသွင်ပြောင်းသွား၏။

ကောင်းကင်၏အရောာင်သည် ချက်ချင်း ပြောင်းလဲသွားပြီး အောက်ရှိကျင့်ကြံသူအကုန်လုံး လှပသောမြင်ကွင်းကို တအံ့တဩ မော့ကြည့်လိုက်ကြသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင် ဆယ်ဦး၏ ကျင့်ကြံခြင်းအခြေခံများ ထွက်ပေါ်လာကာ တလက်လက် တောက်ပနေသော ရောင်စုံနတ်ဘုရားစွမ်းရည်များကို စွမ်းအားများဖြင့် တဖွေးဖွေး လှုပ်လာစေသည်။ အကန့်အသတ်မဲ့အလင်းရောင်တို့ ဖြာထွက်လာသည့်အတွက် ကောင်းကင်တွင် နေဆယ်စင်း မင်းမူနေသည့်ပမာ ဖြစ်နေတော့သည်။

ထစ်ချုန်းသံများ အဆုံးမရှိလောက်အောင် ပဲ့တင်ထပ်နေသည့်အချိန် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆယ်ဦးက နတ်ဘုရားစွမ်းရည်များကို ဆက်လက်အားဖြည့်ပေးနေရာ မှော်လှိုင်းများအား လူအုပ်ကြီး၏အပေါ်တွင် အဆက်မပြတ် စီးဖြာနေစေသည်။

ချက်ချင်းပင် လူအုပ်ကြီးမှာ စိတ်နှလုံးတုန်ရီစွာဖြင့် ကြည့်ရင်း စကားသံများ ထွက်လာတော့သည်။

“ဘုရားရေ၊ သူက တကယ်ပဲ သွေးမိစ္ဆာဂိုဏ်းရဲ့ သွေးမင်းသားဖြစ်ဖို့ ထိုက်တန်ပါတယ်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆယ်ဦးက အဆင့်အတန်းကိုတောင် မငဲ့ဘဲ မီးစက်လုံးတွေကို ဆင့်ခေါ်ရင်း ဖျော်ဖြေပေးနေတယ်တဲ့လား”

“တောင်ပိုင်းဒေသမှာ  မန်ဟိုတစ်ယောက်ပဲ ဒီလိုမျိုး ဖြစ်အောင် လုပ်နိုင်မှာ”

“ငါ့ရဲ့ ထိမ်းမြားခြင်းအခမ်းအနား ရောက်လာရင် .... အဲဒီလိုလုပ်ပေးမယ့် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတွေပဲ ရှိရင်တောင်မှ ငါ့ဘဝမှာ တကယ်မယုံနိုင်စရာအကောင်းဆုံး ဖြစ်လာလောက်တယ်”

ကြည့်ရှုနေသော မည်သူမဆို ဤသည်မှာ အစသာရှိသေးကြောင်း မြင်နိုင်လေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးဆယ်ဦး၏နတ်ဘုရားစွမ်းရည်များ ရုတ်တရက်ပြောင်းလဲသွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မီးစက်လုံးများသည် တစ်လုံးနှင့်တစ်လုံး ဆက်ကာရှည်လျားသော နဂါးတစ်ကောင်နှင့် ရောင်စုံဖီးနစ်ငှက်တစ်ကောင်အသွင်ပြောင်းသွား၏။

နဂါးနှင့် ဖီးနစ်ငှက်ဆိုသည်မှာ ကြီးပွားအောင်မြင်မှုနှင့် ကံကောင်းမှုကို ဆောင်ကြဉ်းပေးနိုင်သောမင်္ဂလာသင်္ကေတများဖြစ်သည်။ ၎င်းတို့သည် အသက်ရှိနေသည့်အလား ရင်သပ်ရှုမော‌ဖွယ်ရာအသွင်အပြင်ဖြင့် ကောင်းကင်တွင် လှည့်လည်သွားလာနေ၏။

ထို့နောက် အနုသုခုမအဆင့်ကျင့်ကြံသူတစ်ထောင်က ပျံတက်လာကြပြီး လေပေါ်တွင် နေရာယူကြကာ မျက်လုံးများပိတ်၍ အသက်စွမ်းအားမီးတောက်များကို ဆင့်ခေါ်ရင်း တဖျပ်ဖျပ်လက်နေသောဖယောင်တိုင်းတစ်ထောင်ကို ဖန်တီးလိုက်ကြသည်။

‌ဖယောင်းတိုင်အလင်းက အရောင်အဝါတောက်ပခံ့ညားပြီး ပြောပြမတတ်လောက်အောင် လှပသောပတ်ဝန်းကျင်ကို‌ ဖန်တီးရင်း ကောင်းကင်နှင့် မြေကြီးအား လင်းထိန်သွားစေသည်။

တင်ဆက်မှုကား ဤတင်မပြီးသေး။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ထောင်ပြီးနောက်အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်သောင်း ပျံထွက်လာကြသည်။ သူတို့သည် လေလယ်တွင် ဝိုင်းဖွဲ့လိုက်ကြပြီး မှော်ပညာရပ်များကို ထုတ်လွှတ်ရင်း ကောင်းကင်ထက်သို့ ဆန့်တန်းနေသောလှေကားတစ်ခု၏ ကောက်ကြောင်းအား ဖန်တီးလိုက်သယောင်ပင်။

လှေကားသည် မှော်ရတနာတစ်ပါးအလား လင်းလက်နေပြီး ပကတိအံ့ဩဖွယ်ကောင်း၏။ဖယောင်းတိုင်များမှ တဖျပ်ဖျပ် လက်နေသော အလင်းက ထိမ်းမြားမင်္ဂလာပွဲအား မိုးကောင်းကင်ပင်ဝင်ရောက်ဆင်နွှဲနေသည့်အလား ဖြစ်စေသည်။ နဂါးနှင့် ဖီးနစ်သည် ရံဖန်ရံခါ ခပ်စူးစူးအော်သံများကို ထုတ်လွှတ်ရင်း လေကိုခွင်းလျက် လိမ်ယှက်သွားလာနေကြသည်။ မင်္ဂလာပွဲ၏ အသွင်အပြင်ကား အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည့်အလားပင်။

တင်ဆက်မှု ဤတွင် ပြီးပြီဟု လူတော်တော်များများ ယူဆလိုက်ကြသည့်အချိန်မှာပင် ရောင်စုံအလင်းတန်းနှစ်တန်းက လေပေါ် ထိုးတက်သွားကြသည်။ ၎င်းတို့က အဘိုးကြီးနှစ်ဦးဖြစ်ပြီး သူတို့မျက်နှာများတွင် တွေဝေငေးကြောင်နေသော အမူအရာများရှိသော်လည်း လူအုပ်ကြီး၏အာရုံကိုချက်ချင်း ဆွဲဆောင်လိုက်၏။

သူတို့သည် .... ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးဖြစ်၏။

သူတို့က သွေးမိစ္ဆာဂိုဏ်း၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ဘယ်လက်ရုံးနှင့် ညာလက်ရုံးဓမ္မစောင့်ရှောက်သူများ ဖြစ်ကြသည်။ လေလယ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် မုဒြာလက်ကွက်များ ဖော်ပြီးနောက် အင်္ကျီလက်စများကို ခါလိုက်ကြသည်။ ချက်ချင်းပင် ကောင်းကင်ထက်သို့ ဆန့်တန်းနေသည့် ဘယ်တော့မှ အဆုံးမရှိပုံရသော လှေကား၏ထိပ်တွင် လေထုသည် ပုံပျက်ရှုံ့တွကာ အင်မော်တယ် ဘုရားကျောင်းနန်းတော်ဖြစ်လာသည်။

အင်မော်တယ်ဘုရားကျောင်းနန်းတော်မှာ ဧရာမကြီးမားပြီး ခံညား၏။ ၎င်းမျ‌က်နှာပြင်အပေါ်ရှိ ကြွေပြားတစ်ချပ်ချင်းစီတိုင်းမှာ မှော်ရတနာတစ်ပါးအလား လင်းလက်လျက်ရှိသည်။ ဤသည်မှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်နှစ်ဦး၏ ကျင့်ကြံခြင်းအခြေခံမှ ဆင့်ခေါ်လိုက်သော ပုံရိပ်ယောင်တစ်ခုပင်။

ဤရွေ့ဤမျှသာဆိုလျှင် ၎င်းသည် ရေးကြီးခွင်ကျယ်ဖြစ်လောက်မည်မဟုတ်။ သို့သော် ဘုရားကျောင်းနန်းတော် ပေါ်လာသည့်အခိုက်အတန့်တွင် သက်တံ့တစ်ခုသည် ‌နန်းတော်ထက်မှ ဆင်းသက်လာရာ ၎င်း၏အလှတရားအား အဆပေါင်းများစွာ တိုးပွားစေတော့သည်။

ထို့နောက်တွင် ကြိုးကြာများနှင့်အတူ မရေမတွက်နိုင်သော မင်္ဂလာသားရဲများ ပေါ်လာသည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာပေးရင်း တင့်တယ်ကြော့ရှင်းစွာ လေကိုခွင်းသွားကြ၏။ မြင်ကွင်းတစ်ခုလုံးမှာ အိပ်မက်တစ်ခုအလားပင်။

အောက်ရှိ ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဤသည်မှာ ယခုလိုအလွန်အမင်းခမ်းနားသော တင်ဆက်မှုမျိုးကို တောင်ပိုင်းဒေသတွင် ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ရဖူးခြင်းဖြစ်လေသည်။

ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးစုန့်က ရယ်ပြီးနောက် ပြောသည်။ “မိတ်ဆွေလေး မန်ဟို ၊မင်းရဲ့မင်္ဂလာပွဲအတွက် ကျုပ်ကို နည်းနည်းပါးပါး ဂုဏ်ပြုပေးခွင့်ပြုပါ”

သူက လက်ကို မြှောက်၍ ကောင်းကင်းသို့ လက်ညှိုးထိုးလိုက်ရာ ချက်ချင်းပင် စွမ်းအင်များ ထွက်လာသည်။

အပေါ်တွင် တောက်ပ‌သောအလင်းရောင်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ မရေမတွက်နိုင်သော အလင်းစက်များ ပေါ်လာပြီး တစ်စက်စီက အင်မော်တယ်နတ်သမီးတစ်ဦးစီ၏ပုံရိပ်အသွင်ပြောင်းလဲလာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က ဘုရားကျောင်းနန်းတော်၏အပေါ်၊သက်တံ့၏အပေါ်၊ ဖယောင်းတိုင်မီး၏အပေါ်တွင် ပေါ်လာကြသည်။ သူတို့သည် တစ်ပြိုင်တည်းလက်ယှက်၍ ရှုချင်နှင့်မန်ဟိုကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြလေသည်။

သူတို့သည် သတို့သမီးအရံများသဖွယ် ပြုမူကြပြီး ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ ပုံရိပ်ယောင်မှာ ပို၍ပင် အသက်ဝင်လာတော့သည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်နတ်သမီးများ၏ လက်ထဲတွင် ဝိညာဉ်သစ်သီးတစ်လုံးစီအား မြင်ရနိုင်သည်။ ဝိညာဉ်သစ်သီးအကုန်လုံးကား... အစစ်ဖြစ်၏။

ဤသည်မှာ စုန့်မျိုးနွယ်စု၏ မင်္ဂလာလက်ဖွဲ့ပင်။

ဇီယွင်ဂိုဏ်းမှ အဖွဲ့ထဲရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် စွန်းတောက်က ရယ်လိုက်သည်။ ရုတ်တရက် သူ၏အသံက ဟိန်းထွက်လာ၏။

“သခင်လေး၊ ကျုပ်ကိုလည်း မင်္ဂလာပွဲအတွက် ဂုဏ်ပြုခွင့်ပြုပါ” သူက ထိုသို့ပြောရင်း ချီတစ်လုပ်ထွေးထုတ်လိုက်ရာ ၎င်းသည် အံ့ဩဖွယ်‌ကောင်းစွာနှင့် ဘုရားကျောင်းနန်းတော်၏အပြင်တွင် နေရာယူလိုက်သော ဧရာမဆေးပေါင်းဖိုကြီးတစ်လုံးအသွင်ပြောင်းသွား၏။ ဆေးမီးခိုးငွေ့မျှင်များက ဆေးပေါင်းဖိုမှ တလူလူ တက်လာကာ ပတ်ဝန်းကျင်တွင် လည့်ပတ်လွင့်မျောသွားလေသည်။ ဆေးမီးခိုးမျှင်များအတွင်း၌ ရွှေချပ်ဝတ် ဝတ်ဆင်ထားသော အင်ပါယာကိုယ်ရံတော်အမြောက်အမြား ရှိ၏။

စုစုပေါင်း ကိုယ်ရံတော်အယောက်တစ်သောင်းက အံ့မခန်းစွမ်းအင်များကို ထုတ်လွှတ်ရင်းပတ်ဝန်းကျင်တွင် တပ်ဖြန့်လိုက်ကြသည်။ သူတို့အားလုံးသည် မန်ဟို့ဘက် လှည့်လိုက်ကြပြီး သူတို့၏ဓားများအား အရှေ့တွင် စိုက်လိုက်ကြပြီးနောက် ဒူးထောက်ဂါဝရပြုလိုက်ကြ၏။

အောက်ရှိကျင့်ကြံသူများမှာတော့ သွေးရူးသွေးတန်း ဖြစ်ခါနီးလေပြီ။

တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်လေးဦးက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်ဆယ်ဦး၏ မှော်ပုံရိပ်များ၊ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်တစ်ထောင်၏ လောင်ကျွမ်းဖယောင်းတိုင်များနှင့် အမြုတေဖြစ်တည်မှုအဆင့်ဂိုဏ်းသားတစ်သောင်း၏ ရတနာလှေကားနှင့်အတူ ကောင်းချီးမင်္ဂလာပေးခဲ့ကြသည်။ ၎င်းသည် အောက်ရှိ ကျင့်ကြံသူတိုင်းအတွက်တော့ အလွန်အံ့ဩတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ပေ၏။

“မကြားဖူးဘူး၊ ဒါမျိုး လုံးဝကို မကြားဖူးဘူး”

“သတို့သမီးအရံအနေနဲ့ အင်မော်တယ်နတ်သမီးတွေ၊ သတို့သားအရံအနေနဲ့ အင်မော်တယ်စစ်သည်တော်တွေ ၊ ဘုရားကျောင်းအနေနဲ့ အင်မော်တယ်နန်းတော်၊ ကောင်းချီးတွေ ထည့်ပေါင်းပေးဖို့သက်တံ့၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတွေ ဆင့်ခေါ်ထားတဲ့ မင်္ဂလာနဂါးနဲ့ ဖီးနစ်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတွေရဲ့ မင်္ဂလာဖယောင်းတိုင်တွေ.....”

“ငါ သေရင်တောင်မှ ဒီ ထိမ်းမြားခြင်းအခမ်းအနားကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”

“ဒီလိုဟာမျိုး မြင်တွေ့ခွင့်ရတာ ဘယ်လောက်မယုံနိုင်စရာကောင်းလိုက်လဲ”

လူတိုင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေတော့သည်။

အင်မော်တယ်နန်းတော်၏ဘေးတွင် ရပ်လျက် ရှုချင်နှင့် မန်ဟိုကို ငုံ့ကြည့်နေသော ဆေးလုံးမိစ္ဆာ၏မျက်နှာအပေါ်တွင် နွေးထွေးသောအပြုံးတစပေါ်လာသည်။

“အခမ်းအနားစတင်ကြစို့။ အသေးအဖွဲလေးတွေကို ထည့်တွက်မနေနဲ့တော့။ ဒါပေမဲ့ မင်းတို့ ရတနာလှေကားကို တက်၊ လောင်ကျွမ်းဖယောင်းတိုင်တွေကို ဖြတ်ပြီး အင်မော်တယ်နန်းတော်ဆီ လျှောက်လှမ်းလာဖို့ လိုသေးတယ်”

မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ရှုချင်၏လက်ကို ဖြစ်လိုက်သည်။ ၎င်းမှာ တုန်ရီပြီးအတန်ငယ် ချွေးပြန်နေလေသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုနှင့် နွေးထွေးမှုကို တစ်ယောက် မြင်လိုက်ကြ၏။

သူတို့က ပြုံးပြီးနောက် လှေကားထံ ပျံသွားကြသည်။ သူတို့ ဖြတ်သွားစဥ် အင်မော်တယ်နတ်သမီးများက ဦးညွှတ်လိုက်ကြပြီး အင်မော်တယ်စစ်သည်တော်များက ဒူးထောက်လိုက်ကြသည်။ သူတို့သည် ဖယောင်းတိုင်များ၊ လှည့်ပတ်သွားလာနေသော နဂါးနှင့်ဖီးနစ်တို့ကို ဖြတ်ကာ လှေကားအတိုင်း တက်သွား၏။ နောက်ဆုံးတွင် ... သူတို့က သက်တံ့အပေါ် ခြေချလိုက်ကြသည်။ ကြိုးကြာများနှင့် မင်္ဂလာသားရဲများက သူတို့၏ပတ်ပတ်လည်တွင် စုဝေးကာ အင်မော်တယ်ဘုရား‌ကျောင်းနန်းတော်၏ အရှေ့တွင် ရပ်နားလိုက်ကြ၏။

သူတို့က လှည့်လိုက်ကြပြီး လက်ရှိရောက်နေသော အပေါ်စီးမှနေ၍ နဂါးငွေ့တန်းပင်လယ်ကို လှမ်းကြည့်နိုင်သည်သာမက ကြွေးကြော်အားပေးနေသော ကျင့်ကြံသူများကိုလည်း ငုံ့ကြည့်နိုင်လေသည်။ အားပေးကြွေးကြော်သံများက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေရင်း အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေ‌၏။

အသံသည် နဂါးငွေ့တန်းပင်လယ်အထိပင် .... တောက်လျှောက် ရောက်လာခဲ့လေသည်။

ဤအခိုက်အတန့်တွင် ထိမ်းမြားခြင်းအခမ်းအနားကား တစ်ဝက်ပြီးဆုံးပြီဟူ၍ ပြောနိုင်၏။ နောက်အပိုင်းမှာတော့ အရေးအကြီးဆုံးအပိုင်း၊ ဆေးလုံးမိစ္ဆာကိုယ်တိုင် ကြီးမှူးပေးမည့်အပိုင်းဖြစ်သည်။

ဆေးလုံးမိစ္ဆာက မန်ဟိုနှင့် ရှုချင်ကို ကြည့်လိုက်ပြီး သူ၏အသံကြီးက ဟိန်းထွက်လာသည်။ “အခုလိုမျိုး ကြေညာ...”

အောက်ရှိ လူအုပ်ကြီးမှ  သောင်းသောင်းဖြဖြ အားပေးကြသည်။

သို့သော် ဆေးလုံးမိစ္ဆာစကားမဆုံးခင် လူအုပ်ကြီး အားပေးကြွေးကြော်နေသည့်အချိန်မှာပင် မန်ဟို့မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ နဂါးငွေ့တန်းပင်လယ်ကို လှမ်းကြည့်စဉ် သူ၏မျက်လုံးများ၌ စူးရှသောအလင်းရောင် ပေါ်လာသည်။

၎င်းသည် ပုံမှန်အတိုင်း ထင်ရသော်လည်း  တစ်စုံတစ်ခုက သူ့ကို  ရုတ်တရက် ကြောက်လန့်တုန်ရီသွားစေ၏။ နဂါးငွေ့တန်းပင်လယ်တွင် အန္တရာယ်ကြီးတစ်ခုခု ပုန်းကွယ်လျှိုးနေသည့်အလား၊ သွားအပြည့်နှင့် ပါးစပ်ကြီးတစ်ပေါက် ဟလျက် ချဉ်းကပ်လာနေသည့်အလားပင်။

မန်ဟို နဂါးငွေ့တန်းပင်လယ်သို့ လှမ်းကြည့်လိုက်သည့်အခိုက်အတန့်မှာပင် တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်အားလုံးလည်း ထိုနည်းတူ ရင်တုန်လာသည်ကို ခံစားလိုက်ရ၏။ သူတို့လည်း ပင်လယ်ထံ လှမ်းကြည့်လိုက်ကြသည်။

အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ထင်ရသော်လည်း မန်ဟိုက ညာမျက်လုံးကို ကိုးကြိမ်ခတ်ပြီး အင်မော်တယ်လမ်းညွှန်၏ချီကို လှည့်ပတ်လိုက်သည်။ သူ၏မြင်ကွင်း ဝေဝါးသွားပြီးနောက် ရှင်းလင်းလာသည်။ ယခုတွင် သူသည် မတူညီသောကမ္ဘာနှစ်ခုကို မြင်လိုက်ရလေပြီ။

ပထမကမ္ဘာသည် ပုံမှန်နဂါးငွေ့တန်းပင်လယ်ဖြစ်သည်။ ဒုတိယကမ္ဘာတွင်တော့ ...ပင်လယ်မှာလှိုင်းထန်ပြီး တဂျိန်းဂျိန်း တဝေါဝေါ အော်မြည်နေ၏။ ရှင်သန်ခြင်းနှင်းပန်းမှ ဖြစ်ပေါ်လာသောဧရာမတံတားကြီးအား မြင်ရလေသည်။

တံတား၏အပေါ်တွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်း‌ပေါင်းများစွာသည် မိုးထိုးနေသောအသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ချီတက်လာနေကြ၏။

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြားတွင် ကျင့်ကြံသူတစ်သောင်း ကျောပေါ် တင်ထမ်းလာသော ဧရာမကျောက်ဒယ်အိုးကြီးအား မြင်ရနိုင်သည်။ ဒယ်အိုးကြီးသည် ရှေးဆန်ပြီး ၎င်း၏အတွင်းပိုင်းမှာ မည်းနက်နေသောအမှုန့်များပြည့်နေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုမြေကြီးထဲမှ အမွှေးတိုင်တစ်တိုင်က ထီးထီးတည်း ထောင်မတ်နေလေသည်။

အမွှေးတိုင်သည် သေးငယ်ပြီး ဧရာမဒယ်အိုးကြီးထက် များစွာ သေးငယ်သဖြင့် မျက်စိသျှမ်းသွားနိုင်သည်။

သို့သော် ၎င်းပေးနေသော ခံစားချက်မှာ ကြောက်စရာကောင်းပြီး မကောင်းဆိုးဝါးဆန်၏။ မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များပင် ၎င်းကို ကြောက်လန့်နေသယောင်ပင်။

မြောက်ပိုင်းသဲကန္တာရမှ တပ်ဖွဲ့များ နီးသထက် နီးကပ်လာသည်။ ဤအခိုက်အတန့်တွင် .... သူတို့ကား တောင်ပိုင်းဒေသသို့ ရောက်ခါနီးနေလေပြီ။

***

All Chapters