← Chapters

မြောက်ပိုင်းသဲကန္တာရကျူးကျော်လာခြင်း

Vol. 55 Ch. 767

မြောက်ပိုင်းသဲကန္တာရကျူးကျော်လာခြင်း

Vol. 55 Ch. 767

“မြောက်ပိုင်းသဲကန္တာရ” မန်ဟိုက သူငယ်အိမ်များ ကျဉ်းမြောင်းလျက် ‌တွေးလိုက်သည်။

လောလောဆယ်တွင် ကျန်တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ပညာရှင်များမှာ မန်ဟို မြင်ရသောအရာကို မမြင်ရကြပေ… ဆေးလုံးမိစ္ဆာမှလွဲ၍။ သူ၏ မျက်လုံးများသည် ရွှေရောင်အလင်းတောက်ပသွားပြီး သူ့မျက်နှာပျက်သွား၏။

အားပေးကြွေးကြော်သံများက လေထဲတွင် ပျံ့လွင့်နေပြီဖြစ်ပြီး အောက်ရှိ ကျင့်ကြံသူများအကုန်လုံးမှာ ဆေးလုံးမိစ္ဆာ၏ တရား၀င်ထိမ်းမြားခြင်းစာတမ်းနှင့် မင်္ဂလာပွဲ၏ နောက်ဆုံးအခိုက်အတန့်ကိုစောင့်ဆိုင်းနေကြလေသည်။ သို့သော် ဆေးလုံးမိစ္ဆာ၏နှလုံးသားမှာ အေးခဲသွားပြီး ဤအခိုက်အတန့်တွင် အနက်ဆုံးအထိ နစ်မြုပ်သွား၏။

မန်ဟို၏ မျက်နှာထားအရ ရှုချိန်သည် တစ်ခုခု မူမမှန်ကြောင်း ချက်ချင်း အာရုံရလိုက်သည်။ “ ဘာဖြစ်နေတာလဲ “သူမက သူ့လက်ကို စိုးရိမ်စွာဖြင့် ဖြစ်ရင်း မေးသည်။

“မြောက်ပိုင်းသဲကန္တာရ ကျူးကျော်လာပြီ “ သူက သူမလက်ကို တင်းတင်း ပြန်ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြန်ပြော၏။

အောက်ရှိ ကျင့်ကြံသူတစ်ယောက်မှ မကြားရသော်လည်း အနီးအနားရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်ကြီးများမှာ ချက်ချင်း မျက်နှာပျက်သွားကြ၏။

“အဲ့ဒါက …“ ဆေးလုံးမိစ္ဆာသည် နဂါးငွေ့တန်းပင်လယ်၏ အထက်တွင် သွယ်တန်းနေသော ဧရာမတံတားနှင့် နီးသထက်နီးလာနေသည့် ဧရာမဧဒယ်အိုးကြီးကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွား၏။

‌ဆေးလုံးမိစ္ဆာမျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ လူအများ စိုးရိမ်ကြောင့်ကြသွားမည်စိုးသဖြင့် သူကအသံနှိမ့်ပြီး ပြောသည်။ “ မန်ဟို သေချာကြည့်စမ်း။ အဲ့ဒီ့ ကျောက်ဒယ်အိုးမှာ အဆင်တန်ဆာတွေသိပ်မရှိဘဲ အနက်ရောင်မြေကြီးတွေနဲ့ ပြည့်နေတာလား။ ပြီးတော့ အမွှေးတိုင်တစ်တိုင်လည်းမြေကြီးထဲကနေ ထောင်ထွက်နေသေးလား ကြည့်စမ်းပါဦး “

ဆေးလုံးမိစ္ဆာ စကားပြောလိုက်သည့်အချိန်မှာပင် အောက်ရှိ အားပေးချီးမြှောက်နေသော ကျင့်ကြံသူများက ရုတ်တရက် တိတ်ဆိတ်သွား၏။ သူတို့၏ မျက်မှာပေါ်တွင် ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ပေါ်လာပြီး မကြာမှီ ‌လူတိုင်းသည် ဆေးလုံးမိစ္ဆာ နဂါးငွေ့တန်းပင်လယ်အားကြည့်နေသည်ကို သတိထားမိလာကြသည်။ ‌

မန်ဟိုက ဆေးလုံးမိစ္ဆာ၏ မေးခွန်းအရ မျက်တောင်ကိုးကြိမ် ထပ်ခတ်လိုက်သည်။ ချက်ချင်းပင်နဂါးငွေ့တန်းပင်လယ်၏ မြင်ကွင်းမှာ ချဲ့သွားပြီး ဧရာမဒယ်အိုးကြီးအတွင်းရှိ အနက်ရောင်မြေကြီးများထဲမှ အ‌မွှေးတိုင်တစ်တိုင် ထွက်နေကြောင်း အတည်ပြုလိုက်နိုင်သည်။

“ဟုတ်ကဲ့ “ သူက ခေါင်းငြိမ့်၍ ပြန်ပြောသည်။

ဆေးလုံးမိစ္ဆာ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ၏ သူငယ်အိမ်မှာ ကျုံ့သွား၏။ သူက ချက်ချင်းလေပေါ် ပျံတက်ပြီး အသံအကျယ်ကြီးနှင့် ပြောလိုက်သည်။ “ တောင်ပိုင်းဒေသကျင့်ကြံသူတို့အကုန်လုံး ကျင့်ကြံခြင်းအခြေခံစွမ်းအင်တွေ ထုတ်လွှတ်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို နှောင့်ယှက်လိုက်ကြ။ အခုချက်ချင်း အတားအဆီးတစ်ခု လုပ်လိုက်ကြ မြန်မြန်။

“ခေါင်းဆောင်ကြီးစုန့်၊ ဆေးဝါးအတတ်သင်နဲ့ မန်ဟို … ငါနဲ့လိုက်ခဲ့။ ကျင်းဟန် ဂိုဏ်းချုပ်နဲ့ လီမျိုးစွယ်စု ခေါင်းဆောင်ကြီးသုံးကိုလည်း ခေါ်လာခဲ့

“ငါတို့ ဘယ်လို အခြေအနေမျိုးမှာမဆို အဲ့ကျောက်ဒယ်အိုးကို တောင်ပိုင်းဒေသရဲ့ မြေကြီးနဲ့ ထိခွင့်မပေးနိုင်ဘူး “ ဆေးလုံးမိစ္ဆာသည် နဂါးငွေ့တန်းပင်လယ်ကို တဟုန်ထိုးထွက်သွားရင်း အော်လိုက်၏။ “ အဲ့ဒါ အစစ်အမှန်အင်မော်တယ်ရဲ့ အသွေးအသားကနေ သန့်စင်ထားတဲ့ ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးအမွှေးတိုင်ကလွဲပြီး တခြားမဟုတ်ဘူး။ အဲ့တာက ကျိန်စာတွေအားလုံးထဲမှာ အငြိုးအတေးအကြီးဆုံးပဲ။ သူ မြေကြီးကို ထိလိုက်ရင် ကျိန်စာက တောင်ပိုင်းဒေသထဲမှာ‌ မွေးဖွားတဲ့ ကျင့်ကြံသူအကုန်လုံးဆီ ပျံ့နှံ့သွားမယ်။ သူတို့ရဲ အသွေးအသားခန္ဓာကိုယ်တွေ ခြောက်ကပ်လာပြီး သူတို့ရဲ့ကျင့်ကြံခြင်း‌အခြေခံတွေ ကျဆင်းလာလိမ့်မယ်။ ကုသဆေး မရှိဘူး ဖြေဆေး မရှိဘူး။ ထွက်ပြေးလို့လည်း မရဘူး။ တောင်ပိုင်းဒေသက ထွက်ခွာရင်တောင်မှ မရဘူး။ တောင်ပိုင်းဒေသမှာ မွေးဖွားတဲ့လူတွေအကုန်လုံး ကျိန်စာသင့်လိမ့်မယ် “

ခေါင်းဆောင်ကြီးစုန့် မျက်နှာပျက်သွားပြီး ဇီယွင်ဂိုဏ်း၏ စွန်းတောက်မှာလည်း တူညီသောအမူအရာ ရှိလေသည်။ သူတို့သည် တစ်ချက်ကလေးမှ တုံ့ဆိုင်းမနေဘဲ ချက်ချင်း လိုက်သွားကြလေသည်။

မန်ဟို၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပျံ့နှံ့သွားသည်။ ယနေ့သည် သူ၏ မင်္ဂလာပွဲ၊ သူ့ဘဝတွင် အရေးအပါဆုံး နေ့ရက်ဖြစ်သည်။ ရှုချင်၏ သက်တမ်းမှာ နှစ်တစ်ရာပင် မရှိတော့သည့်အပြင် သူ သူမအတွက် လုပ်ပေးချင်သည်မှာ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲလေးတစ်ပွဲ ကျင်းပပေးချင်ခြင်းသာ ဖြစ်သည်။ ကံဆိုးစွာနှင့် သူတို့မှာ လမ်းတစ်၀က်တွင် နှောင့်ယှက်ခံလိုက်ရလေပြီ။

မြောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူများ၏ ရောက်ရှိလာမှုက လုံး၀မထင်မှတ်ထားသည့် အရာဖြစ်လေရာ မန်ဟို မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

သူသည် ရှုချင်ကို ကြည့်လိုက်ပြီး သူမ ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုတို့ ပြည့်နှက်နေသော်လည်း သူမြင်လိုက်ရသည့်အရာမှာ နူးညံ့ကြင်နာသော အမူအရာလေးသာဖြစ်လေသည်။

“မင်္ဂလာပွဲက မပြီးသေးပါဘူး “ သူမက နူးညံ့ငြင်သာစွာ ပြော၏။ “ ဒီမှာ အစ်မ မင်းကို စောင့်နေမယ်“

မန်ဟိုက ခေါင်းငြိမ့်လိုက်ပြီး လေပေါ် ပျံတက်လိုက်၏။ သူ၏ ဒုတိယကိုယ်အစစ်က သူ့ဘေးတွင်ဖြစ်တည်လာပြီး ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက အင်မော်တယ်နန်းတော်အတွင်းမှ ထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့အားလုံးသည် နဂါးငွေ့တန်းပင်လယ်သို့ထွက်သွားကြသော အလင်းတန်းများအသွင် ပြောင်းသွားကြ၏။

နဂါးနှင့် ဇီးနစ်ငှက်များ ဖော်ဆောင်ခဲ့သော ခေါင်းဆောင်ကြီးများလည်း ချက်ချင်း ပေါ်လာကြ၏။သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများ ဖြာထွက်လာရာ လေထုအား ပုံပျက်ရှုံ့တွသွားစေ၏။ အောက်ဘက်တွင် ကျင့်ကြံသူ သိန်းပေါင်းများစွာမှာ ရုတ်တရက် အပြောင်းအလဲများကြောင့် အံ့ဩတုန်လှုပ်နေကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုလည်း ထုတ်လွှတ်လိုက်ကြလေသည်။လေထု ပုံပျက်လာရန် တစ်ခဏသာကြာလိုက်ပြီး အလွန်ပြင်းထန်သော လေဆင်နှာမောင်းကြီး ဖြစ်တည်လာလေသည်။

ထိုစဉ် နဂါးငွေ့တန်းပင်လယ်အပေါ်ရှိ ရှင်သန်ခြင်းနှင်းပန်း တံတားအပေါ်က မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ သူတို့ရှာတွေ့ခံလိုက်ရပြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် သူတို့၏တည်ရှိမှုကို ထပ်မံ၍ ဖုံးကွယ်မနေတော့ရာ ထစ်ချုန်းသံကြီးများ ဖြစ်ပေါ်လာပြီး နဂါးငွေ့တန်းပင်လယ်မှာ ပုံစံပြောင်းလဲသွားတော့၏။

၎င်းသည်‌ နေသာပြီး တည်ငြိမ်ခြင်း မရှိတော့ဘဲ ဧရာမလှိုင်းလုံးကြီးများက ၎င်း၏ မျက်နှာပြင်တွင်ဘောင်ဘင်ခတ်နေသည့်အပြင် မရေမတွက်နိုင်သော အလောင်းများကလည်း ပုံနေ၏။ ၎င်းတို့မှာနဂါးငွေ့တန်းပင်လယ် ကျင့်ကြံသူများမှာလွဲ၍ အခြားမဟုတ်ပေ။

ကြောက်စရာကောင်းသော ရှင်သန်ခြင်းနှင်းပန်းတံတားကြီးအား မြင်လာရသည့်အပြင် သန်းပေါင်းများစွာသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ ဧရာမနဂါးကြီးသဖွယ် ချီတက်လာနေကြကိုလည်း မြင်လိုက်ရလေပြီ။

“ တစ်လအတွင်း တောင်ပိုင်းဒေသ ဖျက်ဆီးခံစေရမယ် “  ရှေးဆန်သော အေးစက်စက် ရယ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ၎င်းသည် မြောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူတပ်ဖွဲ့အတွင်းရှိ အဘိုးကြီးတစ်ဦးဖြစ်သည်။ သူသည် တိရစ္ဆာန်သားရေကို ၀တ်ဆင်ထားပြီး အရိုးသွားလည်ဆွဲက သူ၏လည်တိုင်တွင် တွဲလွဲကျနေ၏။ သူက အံ့မခန်း ပုံရိပ်သုံးခုနှင့်အတူ လေပါ်ပျံတက်လိုက်သည်။

ထိုလူသုံးဦးအနက် နှစ်ဦးသည် အဘိုးကြီးများ ဖြစ်ပြီး ကျန်တစ်ဦးက ကောင်လေးဖြစ်သည်။ အဘိုးကြီးနှစ်ဦးတွင် တစ်ယောက်က တစ်ကိုယ်လုံးအနက် ၀တ်ထားပြီး တစ်ယောက်က တစ်ကိုယ်လုံးအဖြူ၀တ်ထားသည်က လွဲ၍ အမြွှာအလား တထေရာတည်း တူ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများက တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ဖြစ်နေပေသည်။ကောင်ကလေးကမူ လက်ထဲတွင် ဟင်းရိုင်းနီသစ်သီးကို ကိုင်ထားပြီး ရံဖန်ရံခါ ကိုက်စားတတ်သည်။သူ၏ မျက်လုံးများက နီရဲနေပြီး သိပ်သည်းသော လူသတ်ငွေ့များက သူ့ကို ခြံရံထားလေသည်။ သူလည်း တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ဖြစ်လေသည်။

ဤလေးယောက်က မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့၏ ပထမအသုတ်ကို ဦးဆောင်လာသောခေါင်းဆောင်ကြီးများ ဖြစ်ကြ၏။ သူတို့‌အနောက်တွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူ သန်းပေါင်းများစွာ ရှိသော ဒုတိယအသုတ်ရှိလေသည်။

ပထမအသုတ်သည် အလွန်နီးကပ်နေပြီဖြစ်ပြီး‌ တောင်ပိုင်း‌ဒေသ၏ တောင်တန်းများအပြင် လေကိုခွင်းလာနေသော အလင်းတန်းခြောက်တန်းကို မြင်လိုက်ကြရလေပြီ။

တစ်ချိန်တည်းမှာပင် သူတို့သည် တောင်ပိုင်းဒေသကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများမှဖန်တီးလိုက်ကြသော အံ့မခန်း လေဆင်နှာမောင်းကြီးကိုလည်း သတိထားမိလိုက်ကြသည်။လေဆင်နှာမောင်းကြီးက အံ့မခန်းစွမ်းအားများကို ထုတ်လွှတ်ရင်း ကောင်းကင်ထိ မြင့်တက်သွားသည်။

“ဒီတောင်ပိုင်းဒေသ ကျင့်ကြံသူတွေက တော်သားပဲ။ သူတို့က ငါတို့ကို ကြိုသိပြီးတော့ ငါတို့ဘယ်အချိန်ရောက်မလဲဆိုတာပါ ခန့်မှန်းနိုင်ကြတယ်”

“အချိန်ကို သိတာတင်မကဘူး။ နေရာကိုလည်း သိနေပြီးတော့ အဆင်သင့်ဖြစ်နေပါလား။ သူတို့ကသိန်း‌ပေါင်းများစွာရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို စုပေါင်းပြီးတော့ လေဆင်နှာမောင်းကြီးတောင်ဖန်တီးလိုက်တယ်။ ကြည့်ရတာ ငါတို့ရဲ့ အထွတ်အမြတ် ‌အမွှေးတိုင်ရဲ့စွမ်းအားကို လျှော့ချဖို့မျှော်လင့်နေကြတာဖြစ်မယ်”

“သူတို့ တုံပြန်တာကို ကြည့်ရင် င့ါတို့အစီအစဉ်ကို သိနေပြီးသား ဖြစ်မယ်။ ကံကောင်းထောက်မစွာနဲ့ငါတို့က သေချာပြင်ဆင်ထားပြီးသားလေ။ ငါတို့ရဲ့ အမွှေးတိုင်က သူတို့ ပြန့်ကျဲနေတဲ့အချိန်မှာ အထိရောက်ဆုံးဖြစ်တာဆိုးတာပဲ”

“ချဉ်းကပ်လာတဲ့ ခြောက်ယောက်မှာ လေးယောက်က တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်၊ တစ်ယောက်က တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်။ ပြီးတော့ တတိယမြောက် အနီရောင်၀တ်ရုံနဲ့လူကတော့ သူက ဒုတိယခွဲထွက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ပါလား”

“ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါတို့ အစီအစဉ်အတိုင်းပဲ ငါတို့ အထွတ်အမြတ် အမွှေးတိုင်ကိုယဇ်ပူဇော်ကြ‌တာပေါ့ “

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူလေးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက် အရိုးသွားလည်ဆွဲနှင့် အဘိုးကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် ထူးခြားဆန်းကြယ်သော မှော်သင်္ကေတများ ဖုံးနေသည့် အနီရောင်ဆေးလုံးတစ်လုံးကို ထုတ်ပြီး ချက်ချင်းစားလိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ၏ခေါင်းကို အနောက်သို့ လှန်ကာ အားမာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်လေသည်။

“ နဂါးငါးအသွင်ပြောင်းလဲ “

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းကြီးထွားလာပြီး အကြေးခွံများ ပေါက်လာ၏။သူက မီတာပေါင်းများစွာ ရှည်လျားပြီး ကြွက်သားများဖြင့် ဖောင်းကြွနေလေသည်။ ‌အံ့ဩဖွယ်ကောင်းစွာနှင့် သူ့လည်တိုင်ရှိ အရိုးသွားက သူ့ကို စက်ဝိုင်းသဏ္ဍာန်မန္တန်၀င်္ကပါအဖြစ် လှည့်ပတ်လိုက်သည်။

မန္တန်၀င်္ကပါအတွင်းမှ ဟိန်းဟောက်သံတစ်သံနှင့်အတူ ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပျံ့နှံ့သွား၏။ ရုတ်တရက် မီတာသုံးရာတိတိ ရှည်လျားသော မဲနက်နေသည့် မိကျောင်းကြီးတစ်ကောင်ထွက်လာသည်။

မိကျောင်းကြီးက အမြီးကို ပုတ်ချလိုက်ရာ လှိုင်းများ ဖြာထွက်သွားသည်။ ချက်ချင်းပင် ဒယ်အိုးကြီးကို ထမ်းလာကြသော ကျင့်ကြံသူတစ်သောင်းက ပျံပြီး မိကျောင်းကြီး၏ ကျောပေါ် ဆင်းသက်လိုက်ကြ၏။

မိကျောင်းကြီးက ဂါးခနဲ အော်ပြီး ၎င်း၏ မျက်လုံးများက နီရဲလာကာ တောင်ပိုင်းဒေသသို့ တဟုန်ထိုးထွက်သွားတော့သည်။

မီတာပေါင်းများစွာ ရှည်သော အဘိုးကြီးကမူ သူ၏ ခန္ဓာကိုယ်မှာ အရိုင်းဆန်သော စွမ်းအင်တို့ကိုထုတ်လွှတ်လျက် မိကျောင်းကြီးကို စောင့်ရှောက်၍ လိုက်ပါသွား၏။

သူ၏ အနောက်တွင် ဝတ်ရုံနက်ဝတ်ရုံဖြူ ဝတ်ထားသည်ကလွဲ၍ ရုပ်ချင်းတူသော အဘိုးကြီးနှစ်ယောက်လုံးက အင်္ကျီလက်စများကို ခါလိုက်ကြ၏။ ချက်ချင်းပင် အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့ထံမှ သေခြင်းအရှိန်အဝါတို့ ထုတ်လွှတ်လာ၏။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ သူတို့၏အနောက်တွင် ဝတ်ရုံဖြူဝတ်ရုံနက် ၀တ်ဆင်ထားသော သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ပေါ်လာခြင်းဖြစ်သည်။

သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကား သွားရှည်ရှည်ကြီးများရှိပြီး အမူအရာများ ကြမ်းကြုတ်နေ၏။သူတို့သည် ဦးထုပ်များ ၀တ်ထားကြပြီး အဘိုးကြီးနှစ်ယောက်နှင့်အတူ ခုန်ဆွခုန်ဆွ ရွေ့လျားကာကျောက်ဒယ်အိုးကြီးကို စောင့်ရှောက်လိုက်ကြ၏။

နောက်ဆုံးတွင် ကောင်ကလေးဖြစ်သည်။ သူရှေ့တက်လိုက်သည့်အခါ ရှင်သန်ခြင်းနှင်းပန်းတံတားအပေါ်ရှိ တပ်ဖွဲ့မှ ဘီလူးကြီးတစ်ကောင် ထွက်လာသည်။ ၎င်းက မြေခွေးသွားတင်းပုတ်ကြီးကိုကိုင်ဆွဲထားပြီး ဟိန်းဟောက်ရင်း ရှေ့တက်လာရာ လေပြင်းများ တိုက်ခတ်လာလေသည်။ ကောင်လေးက ၎င်း၏ ပခုံးပေါ်တွင် သက်ဆင်းလိုက်သည်။

သူက ဟင်းရိုင်းနီသစ်သီးကို တစ်၀က်နီးပါး စားခဲ့ပြီးဖြစ်ပြီး ကျန်တစ်၀က်ကို လက်ထဲတွင် ကိုင်ကာရံဖန်ရံခါ ပွတ်သပ်နေလေသည်။

ရှေ့ဆုံးရှိ မိကျောင်းကြီးတွင်တော့ တောက်ပနေသော အနီရောင်မျက်လုံးများ ရှိသည်။ ၎င်းကဟိန်းဟောက်ရင်း အမြန်ဆုံး ချီတက်သွားရာ အနက်ရောင်မိုးကြိုးတန်းနှင့်ပင် တူသည်။ ၎င်း တောင်ပိုင်းဒေသကို နီးကပ်လာစဉ် ဆေးလုံးမိစ္ဆာ ခေါင်းဆောင်းကြီးစုန့်နှင့် ဆေး၀ါးအတတ်သင် စွန်းတောက်တို့က ၎င်းကို ရင်ဆိုင်ရန် ကမန်းကတမ်း သွားလိုက်ကြ၏။

စကားများပြောဆိုခြင်းမရှိ တိုက်ပွဲကား စတင်ခဲ့ပြီးဖြစ်သည်။

ဘုန်း

စွန်းတောက်က ဆေးငွေ့များ လွှတ်ထုတ်နေသော ဆေးဒယ်အိုးတစ်လုံးကို ဆင့်ခေါ်လိုက်သည်။ဆေးငွေ့များအတွင်း၌ မရေမတွက်နိုင်သော ရွှေချပ်ဝတ်နှင့် စစ်သည်တော်များ ပေါ်လာပြီး တစ်နေရာလုံးကို  ပိတ်ဆို့လိုက်ကြသည်။ ခေါင်းဆောင်ကြီးစုန့်က အေးစက်စက်နှာမှုတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ချက်ချင်းပင် ပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး ‌စုန့်မျိုးနွယ်စု၏ အဖိုးထိုက်ရတနာ ကြေးခေါင်းတလားကြီးတစ်ခု ပေါ်လာသည်။

ဆေးလုံးမိစ္ဆာမှာမူ ကျောက်ဒယ်အိုးကြီးဆီသို့ တန်းတန်းမတ်မတ် ပြေး၀င်သွား၏။

မိကျောင်းကြီးက ဟိန်းဟောက်လိုက်ကာ သူ့ဘေးရှိ မီတာပေါင်းများစွာ ရှည်လျားသော အဘိုးကြီးက ရိပ်ခနဲ မိကျောင်းကြီးရှေ့တွင် ပေါ်လာပြီး လက်သီးတစ်လုံး ထိုးသွင်းလိုက်၏။

“ ထွက်သွားစမ်း “ သူက အော်သည်။

ဘုန်း

ပထမလက်သီးချက်အား သူ၏ အပြင်အားကိုယ်စွမ်းအားဖြင့် ထောက်ပံ့ပေးထားလေသည်။ ၎င်းကလေထုကို ခွဲသွားပြီး စွန်းတောက်၏ ရွှေချပ်၀တ်စစ်သည်များဆီသို့ ပြေး၀င်သွား၏။ ချက်ချင်းပင်စစ်သည်တော်များမှာ ခြောက်ကပ်ပြီး တစ်စစီ ဖြစ်ကုန်လေသည်။

အဘိုးကြီးသည် ပြိုင်ဘက်ကင်းလောက်အောင် သန်မာ၏။ သဘာဝနိယာမက သူ၏ ပတ်ပတ်လည်တွင် လည်ပတ်နေရာ တစ်နေရာလုံးကို သူ့အပိုင် ဖြစ်နေစေသည်။ သူက အတားအဆီးများကို ခွင်း၍မိကျောင်းကြီးနှင့်အတူ ရှေ့တက်လာသည်။

ထိုစဉ် အဖြူရောင်နှင့် အနက်ရောင် ၀တ်ရုံများဖြင့် အဘိုးကြီးများက မျက်လုံးများပိတ်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက ဝေဝါးလာပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့သည် သူတို့အနောက်ရှိသွေးစုပ်ဖုတ်ကောင်နှစ်ကောင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ သွေးစုပ်ဖုတ်ကောင်များ၏မျက်လုံးများက ချက်ချင်း အသိစိတ်ဖြင့် တောက်ပလာလေသည်။ သူတို့က ရှေ့ခုန်တက်သွားကြသည်။ ရှေ့ခုန်တက်သွားသည့်အခါ သူတို့၏ အသတ်အဖြတ် အရှိန်အဝါများက ‌တထောင်းထောင်းထလာပြီး ဝဲကြီးတစ်ခုအား ဖန်တီးလိုက်၏။ မရေမတွက်နိုင်သော လက်ဖြူဖြူများက ဝဲအတွင်းမှထိုးထွက်လာကြသည်။ သွေးစုပ်ဖုတ်ကောင်တစ်ကောင်က ခေါင်းဆောင်ကြီးစုန့်ဆီ ဦးတည်သွားပြီးကျန်တစ်ကောင်က ဆေးလုံးမိစ္ဆာကို ဟန့်တားလိုက်သည်။

နောက်ဆုံးလှုပ်ရှားသူမှာတော့ ကောင်လေးနှင့် တောင်သဖွယ်ဘီလူးကြီးပင်။ ဘီလူးကြီးက ၎င်း၏မြေခွေးသွားတင်းပုတ်ကြီးကို လွှဲရမ်းလိုက်ပြီး ကောင်လေးက လက်ညှိုးထိုးလိုက်ရာ စွန်းတောက်မျက်နှာပျက်သွား၏။ ရုတ်တရက် ဧရာမမီးလောင်ဖုကြီးတစ်ခု ကောင်လေး၏ နှဖူးတွင် ဖောင်းပွလာ၏။ ၎င်းက နီရဲတွတ်နေပြီး ဟင်းရိုင်းနီသစ်သီးနှင့် တစ်ပုံစံတည်း တူလေသည်။

တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ပညာရှင်များကြား တိုက်ပွဲမှာ မျက်စိတစ်မှတ်အတွင်းဖြစ်ပွားလာတော့သည်။ တဖုန်းဖုန်း ပေါက်ကွဲသံများ လေတွင် ပျံ့နှံ့နေစဉ် မန်ဟိုက သူ၏ ဒုတိယကိုယ်အစစ်၊ ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဓမ္မစောင့်ရှောက်သူများနှင့်အတူ ချဉ်းကပ်လာလေသည်။

“ဟိုအာ “ ဆေးလုံးမိစ္ဆာက အလောတကြီးပြောသည်။ “ ကျောက်ဒယ်အိုးကို တားလိုက် မြေကြီးကို မထိစေနဲ့ “

တိုက်ပွဲကို အကဲခတ်ပြီးနောက် မန်ဟို၏ မျက်လုံးများ ဖြတ်ခနဲ လက်သွားပြီး သူက မိကျောင်းကြီးဆီသို့ မိုးကြိုးတန်းကြီးသဖွယ် ဦးတည်သွားတော့သည်။

မိကျောင်းကြီးရှေ့ရှိ မီတာပေါင်းများစွာ ရှည်လျားသော အဘိုးကြီးတွင် ရန်သူများအား အပြတ်ရှင်းနိုင်သော အပြင်အားကိုယ်ရှိ၏။ သူက မန်ဟိုချဉ်းကပ်လာသည်ကို မြင်သောအခါ မန်ဟို့ကိုလျစ်လျူရှုပြီး သူ့ဘေးရှိ တာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့် ပညာရှင်သုံးယောက်အားအာရုံစိုက်ထားလေသည်။

“ထွက်သွားစမ်း” အဘိုးကြီးက‌ လေကို လက်သီးဖြင့် ထိုးရင်း ဟိန်းဟောက်လိုက်သည်။

***

All Chapters