← Chapters

ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါး

Vol. 55 Ch. 768

ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါး

Vol. 55 Ch. 768

ဝုန်း

အဘိုးကြီး၏လက်သီးက တွင်းနက်ကြီးသဖွယ် မှောင်မည်းနေသော ဗဟိုချက်ဖြင့် ဧရာမဝဲကြီးတစ်ခုအား ဖြစ်ပေါ်လာစေသည်။ ကြောက်မက်ဖွယ် ဆွဲအားတစ်ခုသည် လေထုကို ပုံပျက်ရှုံ့တွနေစေရင်းကျင်းဟန်ဂိုဏ်းချုပ်ထံသို့ ဦးတည်လာ၏။

ကျန်းဟန်ဂိုဏ်းချုပ်၏အမူအရာမှာ တွေဝေငေးကြောင်နေသော်လည်း သူ့တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်ကျင့်ကြံခြင်းအခြေခံ ရှိလေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မြူများတထောင်းထောင်း ထလာပြီးနောက် ဝဲကြီးဆီသို့ ပြေးဝင်သွားသော မြူဓားတစ်လက်ဖြစ်လာသည်။

လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက ခြေထောက်အောက်တွင် မန္တန်အလင်းများ တောက်ပနေလျက်လေဟုန်စီးသွားသည်။ သူသည် လေကို ခွင်းသွားစဉ် ‌အစွမ်းထက်လှိုင်းများ ထုတ်လွှတ်နေသည့်ချုပ်နှောင်အမှတ်အသားများ ချန်ရစ်ခဲ့၏။ မျက်စိတစ်မှိတ်အတွင်း သူသည် အဘိုးကြီးနှင့်မိကျောင်းကို ချုပ်နှောင်မန္တန်များဖြင့် ဝိုင်းလိုက်ပြီဖြစ်သည်။

မန်ဟို၏ဒုတိယကိုယ်အစစ်က ညာလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ သစ်သားအချိန်ဓားက သူ့ကိုလှည့်ပတ်ပြီး အချိန်မြစ်က ဖြာဆင်းလာသည်။ သူသည် ရှေ့တက်၍ မိကျောင်း၏ဘေးတည့်တည့်တွင် ပေါ်လာကာ ကျောက်ဒယ်အိုးထံ လက်လှမ်းလိုက်၏။

မန်ဟိုကမူ သိုလှောင်အိတ်ကို ပုတ်၍ မိုးကြိုးဒယ်အိုးကို ထုတ်ပြီးနောက် တိရစ္ဆာန်သားရေဝတ်ရုံနှင့်အဘိုးကြီးအား အေးစက်စက် ကြည့်ပြီး အချိန်ကောင်းကို စောင့်လိုက်သည်။

အဘိုးကြီးက ရုန့်ရင်းကြမ်းတမ်းသော မျက်နှာထားဖြင့် ခေါင်းမော့ပြီး ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ သူသည် ထပ်မံ၍ ကြီးထွားလာပြီး လှောင်ပြောင်သရော်နေ‌သော အပြုံးတစ်ခုကသူ၏နှုတ်ခမ်းထောင့်တွင် တွန့်ချိုးနေ၏။ ဤအခိုက်အတန့်တွင် သူကား ....  မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်လေသည်။

တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်၏  မထင်မှတ်ထားသောရုတ်တရက် ခန္ဓာဖောက်ခွဲမှုမှာ ပတ်ဝန်းကျင်ရှိ ဘယ်သူမှ မထင်မှတ်ထားသော၊ ကြိုတင်မပြင်ဆင်ထားမိသောအရာဖြစ်သည်။ ထိုကဲ့သို့ အကွက်ရွှေ့ခြင်းမျိုးကား အမှန်တကယ် စိတ်ကူး၍ပင် မရနိုင်သောအရာပင်။

သို့ထိတိုင် .... ၎င်းကား ဖြစ်ပျက်သွားသေး၏။

သူ၏အပြင်အားကိုယ် ပေါက်ကွဲသွားသဖြင့် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး အံ့ဖွယ်လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ သဘာဝနိယာမအားလုံးနှောင့်ယှက်ခံလိုက်ရပြီး အရာအားလုံးမှာ အဝင်အထွက်ပိတ်လှောင်ခံလိုက်ရသဖြင့် နေရာရွှေ့ပြောင်းရန် မဖြစ်နိုင်တော့ပေ။

ကျင်းဟန်ဂိုဏ်းချုပ်နှင့် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးက လျင်မြန်စွာ နောက်ဆုတ်ပြီး ခန္ဓာဖောက်ခွဲခြင်း၏စွမ်းအားကို တန်ပြန်တိုက်ခိုက်ရန် စွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်ကြသည်။ မန်ဟို၏ ဒုတိယကိုယ်အစစ်မှာလည်း ထိုနည်းစွာပဲ ရှောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

မိကျောင်းကမူ တောင်ပိုင်းဒေသထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထွက်သွားသော အနက်ရောင်မိုးကြိုးတန်းတစ်တန်း ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မြေကြီးကို ထိခါနီးဆဲဆဲ ဖြစ်သွားလေပြီ။

၎င်းကျောပေါ်ရှိ ကျောက်ဒယ်အိုးက အနက်ရောင်အလင်းကို ထုတ်လွှတ်စပြုလာသည်။ ဒယ်အိုးအတွင်းရှိအနက်ရောင်မြေကြီးများသည် တွန့်လိမ်လူးလွန့်လာပြီး အမွှေးတိုင်မှာ .... အလိုအလျောက်လောင်ကျွမ်းလာသည်။

မီးခိုးငွေ့များ လွင့်လူတက်လာပြီး တောင်ပိုင်းဒေသကျင့်ကြံသူအကုန်လုံး မျက်စိမျက်နှာပျက်သွားကြ၏။

ဆေးလုံးမိစ္ဆာ၊ ခေါင်းဆောင်ကြီးစုန့်နှင့် ဇီယွင်ဂိုဏ်း၏စွန်းတောက်တို့အကုန်လုံး ၎င်းကို တားရန် ပြန်ဆုတ်သွားကြသည်။ ဝတ်ရုံဖြူ၊ ဝတ်ရုံနက် အဘိုးကြီးများက တဟားဟား ရယ်ပြီး နောက်မှ လိုက်လာကြသည်။

ဟင်းရိုင်းနီသစ်သီးကို အဆက်မပြတ် ပွတ်သပ်နေသော လူငယ်လည်း လိုက်လာသည်။ မျက်စိတစ်မှိတ်အတွင်း တောင်ပိုင်းဒေသ၏အပေါ်ရှိ တစ်ဖွဲ့လုံးသည် တိုက်ခိုက်ရန် အသင့်ဖြစ်သွားကြလေပြီ။

မန်ဟိုက မိကျောင်းကြီး မြေပေါ် ဆင်းသက်နေသည်ကို မြင်သောအခါ လက်မြှောက်ပြီး ရှေ့သို့ ညွှန်လိုက်သည်။

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

ချက်ချင်းပင် မမြင်ရသောချီများ ‌ဖြစ်ပေါ်လာပြီး မိကျောင်းကြီးကို ရစ်ပတ်လိုက်ကာ ၎င်းအား ရပ်သွားစေသည်။ ၎င်းသည် လွတ်အောင် ရုန်းကန်သော်လည်း မလွတ်နိုင်ခင် ရွှေရောင်ဝဲကြီးတစ်ခု၎င်း၏ပတ်ပတ်လည်တွင် ပေါ်လာ၏။

သွေးမိစ္ဆာမဟာမှော်သိုင်း

ရွှေဝဲကြီးက တဝေါဝေါ လည်ရင်း ချီသွေးနှင့်အတူ ကျင့်ကြံခြင်းအခြေခံများအား မိကျောင်းကြီးထံမှ စုပ်ယူနေသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက အမြန်ဆုံး ရှေ့သွားလိုက်သည်။ သူ့အတွက်ကျောက်ဒယ်အိုးကြီးအနား ရောက်သွားရန် တခဏသာ ကြာလိုက်ပြီး သူ့လက်က ၎င်းက်ု လှမ်းဆွဲရန်လှမ်းလိုက်သည်။

“သေချင်နေလား” ဝတ်ရုံဖြူဝတ်ရုံနက်နှင့်အဘိုးကြီးများက ပြောသည်။ သူတို့သည် အေးစက်စက်နှာမှုတ်ကာ မန်ဟို့အပေါ် ထိုးဆင်းလာကြသော်လည်း ခေါင်းဆောင်ကြီးစုန့်နှင့် စွန်းတောက်တို့ကချက်ချင်း ကြားဝင်လိုက်ကြသည်။

ဘီလူးကြီး၏ပခုံးအပေါ်ရှိ လူငယ်က သွေးအေးအေး ရယ်ပြီး ကျန်ဟင်းရိုင်းနီသစ်သီးတစ်ဝက်ကိုဘေးသို့ ပစ်ပြီးနောက် လေပေါ် ပျံတက်ကာ မန်ဟို့ဆီ ဦးတည်လာလေသည်။

ဤအခိုက်အတန့်တွင် ဘယ်လက်ရုံးနှင့် ညာလက်ရုံး ဓမ္မစောင့်ရှောက်သူများက ချက်ချင်း တတ်နိုင်သမျှ အရှိန်တင်ကာ ချဉ်းကပ်လာကြ၏။

ရုန်းရင်းဆန်ခတ် တိုက်ပွဲကြီးကား အမှန်အကန် စတင်‌နေလေပြီ။

မန်ဟိုက မိကျောင်းကြီး၏အပေါ်သို့ ရောက်လုဆဲဆဲ ဖြစ်ပြီး ဒယ်အိုးနှင့် ထိတော့မည့်အချိန်ရုတ်တရက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူ၏ မိစ္ဆာ‌ချုပ်နှောင်သူ အဆင့်အတန်းကြောင့်သာ အာရုံရလိုက်သော ထူးဆန်းသောခံစားချက်က သူ၏ရင်ထဲတွင် ပေါက်ဖွားလာသည်။ကြောက်မက်ဖွယ်ကပ်ဘေးများ ဆိုက်ရောက်လာတော့မည့်အလားပင်။

သူတစ်ယောက်သာမဟုတ်။ သူ၏ဒုတိယကိုယ်အစစ်လည်း ထိုနည်းတူ ခံစားနေရသည်ကို သူတို့နှစ်ယောက်ကြား ဆက်သွယ်မှုမှတစ်ဆင့် မန်ဟို ခံစားရလေသည်။

ဤအခိုက်အတန့်တွင် ကျောက်ဒယ်အိုးအတွင်းရှိ ‌မြေကြီးထဲမှ ခြောက်ကပ်နေသောလက်ကြီးတစ်ဖက် ရုတ်တရက် ထိုးထွက်လာသည်။ လက်ကြီးက လက်သီးဆုပ်ပြီး မန်ဟို၏လက်သီးထံသို့ပစ်သွင်းလိုက်သည်။

ရှေးဆန်သောအသံတစ်သံ ကျောက်ဒယ်အိုးထဲမှ ပဲ့တင်ထပ်လာသည်။ “မလောက်လေးစား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ ထွက်သွားစမ်း”

အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွား၏။

မန်ဟိုသည် ရေလှိုင်းများသဖွယ် သူ့ဆီ တ‌ရဟော လာနေသော မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးတစ်ခုကို အာရုံရလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အရိုးအက်သံများ ထွက်လာ၏။ သူ့တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ခန္ဓာကိုယ်သာ မရှိလျှင် ဤလက်သီးချက်က သူ့ကို ဒဏ်ရာအပြင်းအထန်ရသွားစေမည်ဖြစ်သည်။

သို့သော် သူ၏ထာဝရအလွှာက သူ့ကို ချက်ချင်း ကုသပေးရန် အလုပ်လုပ်လိုက်သည်။ သူက နောက်လွှင့်မသွားသည်သာမက သူ၏မျက်လုံးများက လူသတ်ငွေ့တို့ကို ထုတ်လွှတ်လာလေသည်။သူ၏ညာလက်က ခြောက်ကပ်နေသော လက်သီးကြီးကို လှမ်းကိုင်ပြီး ပြင်းပြင်းထန်ထန် ဖြစ်ညစ်ပစ်လိုက်သည်။

ဘုန်း

တိရစ္ဆာန်သားရေဝတ်ထားသော အဘိုးကြီးမှာ မန်ဟို၏ ဆွဲထုတ်ခြင်းခံလိုက်ရသဖြင့် ကျောက်ဒယ်အိုးထဲရှိ မြေကြီးများ ဖွားခနဲ လွင့်စင်ထွက်သွားတော့သည်။ အဘိုးကြီး ပေါ်လာသောအခါမိကျောင်း၏ခန္ဓာကိုယ်မှာ ပို၍ပင်လျင်မြန်စွာ ခြောက်ကပ်လာ၏။ ၎င်း၏အသက်စွမ်းအားနှင့်ကျင့်ကြံခြင်းအခြေခံတစ်စိတ်တစ်ပိုင်းမှာ မန်ဟို၏ စုပ်ယူခြင်းခံလိုက်ရသော်လည်း အများစုကိုတော့ အဘိုးကြီးမှ စုပ်ယူလိုက်လေသည်။ အဘိုးကြီးက စွမ်းအားကို စုပ်ယူလိုက်သဖြင့် ယခင်အတိုင်း မီတာပေါင်းများစွာပြန်လည် မြင့်မားသွား၏။

သူကား .... သေမသွားခဲ့ပေ။

ဖောက်ခွဲခံလိုက်ရသည်မှာ သူ၏အစစ်အမှန်ကိုယ်မဟုတ်ဘဲ ကိုယ်ပွားဖြစ်နေ၏။

“တာအိုစိတ်ဝိညာဉ်ဆေးလုံး” ဆေးလုံးမိစ္ဆာက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက်ကောက်ချက်ချလိုက်သည်။

တာအိုစိတ်ဝိညာဉ်ဆေးလုံးများသည် တောင်ကောင်းကင်တွင် ရှားပါး၏။ ၎င်းသည် မ‌ရှိသလောက်ရှားပါးသော ရှေးဟောင်းဆေးလုံးမျိုးဖြစ်သည်။ တာအိုစိတ်ဝိညာဉ်ဆေးလုံးတစ်လုံး ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါနှင့် တစ်သားတည်းဖြစ်သွားလျှင် ၎င်းသည် သိပ်ကြာကြာ မခံနိုင်သော်လည်းအမွှေးတိုင်တစ်တိုင်ထွန်းစာခန့် တည်ရှိနိုင်သည်အထိ လူယောင်ဆောင်နိုင်သည်။

စောစောက ခန္ဓာဖောက်ခွဲခြင်းမှာ တာအိုစိတ်ဝိညာဉ်‌ဆေးလုံးမှ လူယောင်ဆောင်ခြင်းမှတစ်ပါးအခြားမဟုတ်ပေ။

မြေကြီးထဲမှ မန်ဟို၏ ဆွဲထုတ်ခြင်းခံလိုက်ရသည်နှင့်တစ်ပြိုင်နက် တိရိစ္ဆာန်သားရေဝတ်ရုံနှင့် အဘိုးကြီး၏မျက်လုံးများတွင် အံ့အားတုန်လှုပ်မှုတို့အား မြင်ရနိုင်သည်။ သို့သော် ထိုအမူအရာကချက်ချင်းဆိုသလို ရုန်းရင်းကြမ်းကြုတ်သွားပြီး သူက ဘယ်လက်ဖြင့် လက်သီးထိုးချလိုက်၏။

မန်ဟိုလည်း မျက်လုံးများ အေးစက်ခက်ထန်လျက် လက်သီးထိုးချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရပြီး မန်ဟို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူသည် နောက်ပြန်ဆုတ်ပြီးနောက် ပေါက်ကွဲသွား၏။ သို့သော် အသွေးအသားစိုင်များက လွင့်စင်ထွက်သွားသည့်အချိန်မှာပင် ပြန်စုသွားပြီး သူ၏ခန္ဓာကိုယ်ကို ပြန်ဖော်ဆောင်ပေးလိုက်လေသည်။

တိရစ္ဆာန်သားရေဝတ်ရုံနှင့် အဘိုးကြီးက အကျယ်ကြီး ရယ်ပြီး ပြောသည်။ “ငါက မြောက်ပိုင်းသဲကန္တာရရဲ့ အင်ပါယာသွေးဆက်မျိုးနွယ်စုက နတ်ဆရာကြီးပဲ။ တောင်ပိုင်းဒေသက ‌တာအိုရောင်ရင်းတို့ ၊ မင်းတို့အနေနဲ့ မြန်ကောင်းမြန်လိမ့်မယ်၊ ဒါပေမဲ့ ဒီဟာကို ဟန့်တားနိုင်တဲ့အထိ မြန်ရဲ့လား”

သူက ကျောက်ဒယ်အိုးကို လှမ်းဆွဲ၍ လေပေါ် မြှောက်ပြီးနောက် မြေကြီးထံသို့ ပစ်ပေါက်လိုက်သည်။

ကျောက်ဒယ်အိုးသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွား၏။ တခဏလေးအတွင်း၎င်းကား မြေကြီးထံမှ မီတာတစ်ထောင်ပင် မကွာတော့ပေ။

ခေါင်းဆောင်ကြီးစုန့် ၊ စွန်းတောက်နှင့် ဘယ်လက်ရုံးဓမ္မစောင့်ရှောက်သူ၊ ညာလက်ရုံးဓမ္မစောင့်ရှောက်သူတို့က တတ်နိုင်သမျှ မြန်မြန် လိုက်သွားကြသည်။ သူတို့သည် နေရာရွှေ့ပြောင်းချင်ပါသော်လည်း ‌အဘိုးကြီးကိုယ်ပွား၏ ခန္ဓာဖောက်ခွဲမှုက ပတ်ဝန်းကျင်ကို ပရမ်းပတာ ဖြစ်စေခဲ့၍နေရာရွှေ့ပြောင်း၍မရပေ။

၎င်းက ထိုအဘိုးကြီး၏ အစီအစဥ်ဖြစ်ခဲ့ပြီး ဟာကွက်မရှိ အလုပ်ဖြစ်နေ၏။

ဝတ်ရုံဖြူဝတ်ရုံနက်ဝတ်ထားသော အဘိုးကြီးနှစ်ယောက်နှင့် လူငယ်တို့လည်း ကျောက်ဒယ်အိုးကြီးကို ဘယ်သူမှ မဟန့်တားနိုင်အောင် အစွမ်းကုန်ထုတ်လိုက်ကြသည်။

ဂျိန်း

‌မိုးကြိုးဒယ်အိုးထံမှ ထစ်ချုန်းသံထွက်လာပြီး လျှပ်စီးများ ဝင်းခနဲ လက်သွားရာ အကုန်လုံး လှမ်းကြည့်လိုက်ကြသည်။

သို့သော် သူတို့ မန်ဟို့ကို မြင်လိုက်သည့်အခိုက်အတန့်တွင် .... သူက ဖျတ်ခနဲ ပျောက်ကွယ်သွား၏ ။သူ့နေရာတွင် ဧရာမကျောက်ဆောင်ကြီးတစ်ခု ဖြစ်နေလေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် ကျောက်ဆောင်ကြီးရှိခဲ့သည့်နေရာ၊ မြေကြီးအပေါ်တွင် ပေါ်လာသည်။ သူက လေပေါ် ပျံတက်သွားပြီး ကျောက်ဒယ်အိုးကြီးကို လှမ်းကိုင်လိုက်၏။

“မဖြစ်နိုင်ဘူး” တိရစ္ဆာန်သားရေဝတ်ရုံနှင့် အဘိုးကြီးက မယုံကြည်နိုင်စွာ အော်သည်။ သူတစ်ယောက်သာမဟုတ်၊ ဝတ်ရုံဖြူ၊ ဝတ်ရုံနက်အဘိုးကြီးများ နှင့်အတူ လူငယ်လည်း မျက်လုံးပြူးလျက်စိုက်ကြည့်နေကြသည်။ သူတို့သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဤသို့လုပ်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။

ထိုမျှသာမက အမွှေးတိုင်မှ မီးခိုးငွေ့များက လွင့်မျောလာပြီး မန်ဟို၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ၎င်းအား ခြောက်ကပ်လာစေသည်။ သို့သော် သူ၏ထာဝရအလွှာက ထိုစွမ်းအားထက် သာလွန်၏။

မန်ဟို့မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ သူ့ အနေဖြင့် ထိုအမွှေးတိုင်ကိုဆက်လက် လောင်ကျွမ်းခွင့်မပေးနိုင်သည့်အတွက် ၎င်းကို   လှမ်းလိုက်သည်။ သို့သော် သူ  မီးစကိုလက်‌ချောင်းများအကြား ညှပ်၍ ဖိလိုက်သည့်အချိန်မှာပင် မယုံကြည်နိုင်ဖွယ်စွမ်းအားကြီး ဖြာထွက်လာ၏။ အမွှေးတိုင်ကား မီးညှိလိုက်သည်နှင့်တစ်ပြိုင်နက်..... ငြှိမ်းသတ်မရနိုင်ပေ။

“ကောင်းပြီး ငြှိမ်းစရာမလိုဘူးပေါ့...” မန်ဟိုက မျက်ဝန်းများ၌ အေးစက်မှုတို့ တောက်ပနေရင်း တွေးလိုက်သည်။ ထို့နောက် သူသည် မိုးကြိုးဒယ်အိုးကို ထုတ်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ တခဏကြာသော် သူ၏မျက်လုံးများသည် နဂါးငွေ့တန်းပင်လယ်အပေါ်၌ ရှိနေဆဲဖြစ်သော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအပေါ် ကျရောက်သွားသည်။

“မလုပ်နဲ့” မြောက်ပိုင်းသဲကန္တာရပညာရှင်များက မန်ဟို့ဘက် လှည့်လာကြရင်း ဟိန်းဟောက်လိုက်ကြသည်။

သူတို့မှာ အတန်ငယ် နောက်ကျသွား၏။ မိုးကြိုးဒယ်အိုးက ထစ်ချုန်းပြီး လျှပ်စီးများ ဝင်းခနဲလက်သွားသည်။ မန်ဟို့ခန္ဓာကိုယ်က ပျောက်ကွယ်သွားကာ ကြောင်တောင်တောင် ဖြစ်နေသောမြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ဦးနှင့် လူစားလဲ ခံလိုက်ရသည်။

မန်ဟိုကမူ နဂါးငွေ့တန်းပင်လယ်၏အပေါ်၊ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကြားထဲ ရောက်သွားသည်။ သူက ချက်ချင်းပင် ကျောက်ဒယ်အိုးအား တံတားပေါ်ရှိ ကျင့်ကြံသူများဆီသို့ ပစ်ပေါက်လိုက်လေသည်။

သူ၏မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကြောင့် မည်သည့်အရာမှ သူ့ လမ်းကို မပိတ်နိုင်လိုက်ပေ။ဒယ်အိုးကြီးက ကျဆင်းသွားပြီးနောက် အုန်းခနဲ ပေါက်ကွဲသွား၏။ ပေါက်ကွဲအားကို သုံးရင်း အမွှေးတိုင်ကြီးက အဆုံးထိ လောင်ကျွမ်းသွားကာ အကန့်အသတ်မရှိသော မီးခိုးရောင်အငွေ့မျှင်များ လွင့်လူတက်လာသည်။ အငွေ့များက အသိစိတ်ရှိနေသည့်အလား အသွေးအသားတို့ကို ဆာလောင်နေသည့်အလားပင်။ ၎င်းသည် အနီးနားရှိ ခန္ဓာကိုယ်များကို ချက်ချင်း လိုက်ရှာပြီးနောက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းပေါင်းများစွာ၏ကိုယ်ထဲ တိုးဝင်သွာ၏။ တချို့က ရှင်သန်ခြင်းနှင်းပန်းထဲပင် ဝင်ရောက်သွားရာ တံတား၏တစ်ချို့တစ်ဝက်ကို မီးခိုးရောင်သမ်းသွားစေသည်။

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ အငွေ့များ သူတို့၏ကိုယ်ထဲ ဝင်ရောက်၍ တောင်ပိုင်းဒေသသို့ ခြေပင်မချခင် ခန္ဓာကိုယ်များ ခြောက်ကပ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့်ကြောက်လန့်တကြား အော်လိုက်ကြလေသည်။

မန်ဟိုမှာ စိတ်သက်သာရာရသွားသော်လည်း သူခံစားနေရသော အန္တရာယ်အာရုံမှာ ပျောက်ကွယ်မသွားပေ။ ထိုအစား ... ဦးရေပြားတို့ ထုံကျင်လာသည်အထိ ပြင်းထန်လာ၏။

“ဘာတွေဖြစ်နေတာလဲ” သူက မီးခိုးငွေ့များ သူ့ဆီ လွင့်မျောလာသဖြင့် လေပေါ် ပျံတက်ရင်း တွေးလိုက်သည်။ အဝေးတွင် တစ်စုံတစ်ခုကို မန်ဟို လှမ်းမြင်လိုက်၏။ ၎င်းသည် မြေကြီးပေါ် ကျနေသည့် တစ်ဝက်အစားခံထားရသော ဟင်းရိုင်းနီသစ်သီးတစ်လုံး ဖြစ်လေသည်။ မန်ဟို ၎င်းကို မြင်လိုက်သောအခါ မျက်လုံးများ ဝိုင်းစက် ပြူးကျယ်သွား၏။

ဟင်းရိုင်းနီသစ်သီးမှာ ... လောင်ကျွမ်းနေလေသည်။

အနီးကပ်ကြည့်လျှင် ဟင်းရိုင်းနီသစ်သီးထဲ၌ ဘယ်သူမှ စစ်ဆေးမသိရှိနိုင်အောင် ဖုံးကွယ်ထားသည်ကား ... အမွှေးတိုင်တစ်တိုင်ဖြစ်ကြောင်း ပြောနိုင်သည်။

ဆေးလုံးမိစ္ဆာလည်း တစ်ခုခုက မှားနေသလို ခံစားလိုက်ရသည်။ သူ မြင်လိုက်ရသည့် အမွှေးတိုင်မှ။  သူမှတ်မိသော ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါး အမွှေးတိုင်နှင့်တူသော်လည်း တစ်စုံတစ်ခုကိုမျက်စိသျှမ်းသွားသလို ခံစားလိုက်ရသည်။

သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရုတ်တရက် ... မြောက်ပိုင်းသဲကန္တာရကောင်လေး ပုံမှန်အတိုင်း လွှင့်ပစ်လိုက်သော ဟင်းရိုင်းနီသစ်သီးကို မြင်လိုက်၏။

“မကောင်းတော့ဘူး”

ဟင်းရိုင်းနီသစ်သီးသည် ထူးထူးခြားခြားမရှိပေ။ တစ်ဝက်ကိုက်ခံထားရသည်မှတစ်ပါး သိပ်သတိထားမိစရာမရှိ။ ၎င်းက အမြန်ဆုံး ကျမသွားခဲ့သည်ဖြစ်၍ တွေ့ရှိဖို့ ခက်ခဲ့သည်။ ၎င်းအား တွေ့လိုက်သောအခါတွင်တော့ မြေကြီးအပေါ် ကျခဲ့နှင့်ပြီးလေပြီ။

ဟင်းရိုင်းနီသစ်သီးသည် ဖောင်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ ၎င်းအထဲတွင် ‌ကျောက်ဒယ်အိုးထဲရှိ အမွှေးတိုင်ထက် များစွာ သေးငယ်သော အမွှေးတိုင်တစ်ဝက်ရှိသည်။ သို့သော် ၎င်းကလောင်ကျွမ်းနေပြီး မြေကြီးအပေါ် ထိလိုက်သည်နှင့်တစ်ပြိုင်နက် ... မြေကြီးမှာ မီးခိုးရောင်ပြောင်းသွားတော့၏။ ထို့နောက် မီးခိုးရောင်က လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ၎င်းအား ဘယ်နည်းနှင့်မှ တားမရနိုင်ပေ။

မန်ဟို မျက်နှာပျက်သွား၏။

***

All Chapters