← Chapters

အဲဒီရယ်သံ

Vol. 55 Ch. 770

အဲဒီရယ်သံ

Vol. 55 Ch. 770

မြေငလျင်တို့ လှုပ်ခတ်နေပြီး မီးခိုးရောင်ကား ဆယ်ရာခိုင်နှုန်း မှေးမှိန်လျော့နည်းသွား‌ခဲ့လေပြီ။

လေလယ်တွင် မြောက်ပိုင်းသဲကန္တာရတာအိုရှာဖွေခြင်းအဆင့်ပညာရှင်များသည် ခေါင်းဆောင်ကြီးစုန့်နှင့် အခြားသူများနှင့်အတူ မှော်တိုက်ပွဲဆင်နွှဲနေဆဲ ဖြစ်၏။ သူတို့သည် အောက်၌ အရောင်ပြောင်းလာနေသည်ကို မြင်သော် အံ့ဩသွားကြ‌တော့သည်။

“ ၁၀ ရာခိုင်နှုန်း”

“သောက်ကျိုးနည်း။ သူက ဘယ်လိုလုပ် ဒိလောက် လူမဟုတ်ရတာလဲ။ ကျိန်စာစွမ်အား ၁၀ရာခိုင်နှုန်းကို စုပ်ယူဖို့ ကိုယ့်ခန္ဓာကိုယ်ကို ‌အိုးတစ်အိုးလို အသုံးပြုနေတာပါလား”

ကျိန်စာစွမ်းအားတို့ ပြည့်နှက်လာသဖြင့် မန်ဟိုမှာ တုန်ရီနေတော့သည်။ သူ၏အသွေးအသားသည်ဆက်တိုက် ခြောက်သွေ့နေပြီး သူ၏ထာဝရအလွှာက အဆက်မပြတ် ကုသပေးနေသည်။ တခဏအတွင်း ဤသံသရာသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လည်ခဲ့ပြီးလေပြီ။

၎င်းသည် မန်ဟို သွေးမိစ္ဆာဂိုဏ်၏အပြင်တွင် ရပ်၍ မဟာမိတ်အင်အားစုလေးစုကိုတစ်ယောက်တည်း တိုက်ခိုက်ခဲ့စဉ်တုန်းကထက် ပို၍ရင်နာစရာကောင်းသော၊ ပို၍ရက်စက်သောမြင်ကွင်းတစ်ခု ဖြစ်သည်။

‌သူ၏ပါးစပ်မှ သွေးများ တရစပ် စီးကျနေပြီး သူ၏မျက်လုံးများမှပင် စေးပျစ်ပျစ် သွေးမည်းမည်းများ ယိုစိမ့်ကျနေလေပြီ။ သူ့မျက်နှာမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေသည့်တိုင် သူ၏လက်များက မြေကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ ဆုပ်ကိုင်ထားမြဲသာ။ သွေးမိစ္ဆာမဟာမှော်သိုင်းက တဝေါဝေါလည်ကာ ‌မြေကြီးမှ ကျိန်စာအစွမ်းတို့ကို စုပ်ယူနေ၏။

ဒုတိယအစစ်အမှန်ကိုယ်သည်လည်း မန်ဟို့ သွေးမိစ္ဆာမဟာမှော်သိုင်း၏ ဆွဲအားကို အံ့မခန်းအတိုင်းအတာအထိ ရောက်အောင် အစွမ်းကုန်ထုတ်နေသဖြင့် တုန်ရီလျက်ရှိသည်။

ကျွန်းတစ်ကျွန်းလုံးအား ကြောက်စရာကောင်းလောက်အောင် အော်မြည်လျက် လည်နေသောမီးခိုးရောင်လေဆင်နှာမောင်းကြီးက ဝိုင်းထား၏။ လေဆင်နှာမောင်းသည် ကန်တစ်ကန်လုံးကိုဖုံးလွှမ်းလာခဲ့ပြီး ပတ်ဝန်းကျင်သို့ ပြန့်ကားသွားလေသည်။ အဝေးထိ ပျံ့နှံ့သွားခဲ့သော အဆုံးမဲ့ကျိန်စာစွမ်းအားမှာ တဖြေးဖြေး သွေးမိစ္ဆာမဟာမှော်သိုင်းထဲ စုပ်ယူခံလာရပြီးနောက် မန်ဟို၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။

မန်ဟို့ကို ထိုးကျင့်နှိပ်စက်နေသော နာကျင်မှုမှာ ဖော်ပြဖို့ရန်ပင် မတတ်နိုင်ပေ။ ခြောက်သွေ့လိုက်၊သက်သာလိုက် သံသရာလည်နေခြင်းကား အရက်စက်ဆုံး၊ အနာကျင်ရဆုံး ညှင်းပန်းမှုမျိုးနှင့်တူသည်။ မကြာမီ မန်ဟို့ဆံပင်များမှာ ပြုပြင်၍မရတော့သဖြင့် မည်းနက်ခြင်းမရှိတော့ပေ။ ၎င်းမှာမီးခိုးရောင်ဖြစ်လာပြီး အချိန်နှင့်အမျှ ဖြူဆွတ်လာ၏။

“ဒီထက်မြန်မြန် လုပ်ရမယ်” မန်ဟိုက တွေးလိုက်သည်။ သူသည် အံတင်းတင်းကြိတ်ပြီးနောက် သွေးတစ်လုပ် ထွေးထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင် ဖြစ်နေသော်လည်း သူ၏လက်‌ဆယ်ချောင်းကား မြေကြီးကို မလွှတ်တမ်း ကုတ်ခြစ်၍ ကျိန်စာစွမ်းအားကို မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူနေ‌ဆဲဖြစ်သည်။

၂၀ ရာခိုင်နှုန်း

၃၀ ရာခိုင်နှုန်း

တောင်ပိုင်းဒေသတစ်ဝန်းလုံးကို ဖုံးလွမ်းသွားခဲ့သော ကျိန်စာ၏အရောင်ကား ပြောင်းလဲနေလေပြီ။တခဏအတွင်း မန်ဟိုသည် အကြိမ်တစ်ရာ ဘဝပြန်ဝင်စားနေခဲ့သည့်အလားပင်။ သူ၏ခန္ဓာကိုယ်မှာသူ့အပိုင်ပင် မဟုတ်တော့သည့်အလား၊ စိတ်သာလျှင် တည်မြဲခိုင်မာလျက် ကျန်ရှိတော့သည့်အလားဖြစ်နေ၏။

ကောင်းကင်ထက်တွင် မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လေးဦးမှာ လုံးဝ မှင်သက်နေကြပြီး ပါးစပ်အဟောင်းသား မဖြစ်မိဘဲ မနေပေ။ သူတို့သည် မြင်နေရသောအရာကို ယုံကြည်ရခက်နေ၏။

ယခုလိုမျိုး ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာကို ခုခံဖို့သာမက စုပ်ယူဖို့အတွက် မိမိခန္ဓာကိုယ်ကို အသုံးပြုနိုင်ခြင်းမှာ သူတို့စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ အမှန်တွင် သူတို့ထဲမှ တစ်ယောက်ယောက် ထိုသို့လုပ်နိုင်သော အခြေအနေတွင် ဖြစ်ခဲ့လျှင်တောင်မှ လုပ်နိုင်ဖို့ရန်မှာခဲယဉ်းပေ၏။

သူတို့၏ရှုထောင့်အရ မန်ဟိုသည် မိမိကိုယ်ကို သတ်သေနေခြင်းသာ ဖြစ်သည်။

“ရူးပြီ။ အဲ့ဒီကောင်တော့ ရူးနေပြီ”

“ဘယ်လိုလုပ် အဲ့ဒီလောက် ရူးနိုင်ရတာလဲ။ ဒီနေ့က သူ့မင်္ဂလာဆောင်လေ ၊ အခုတော့ အသုဘဖြစ်တော့မယ်”

“သေချာပေါက် သေရလိမ့်မယ်။ ဘယ်နည်းနဲ့မှ သူ့ခန္ဓာကိုယ် ခံနိုင်မှာမဟုတ်ဘူး။ ဒီကောင် ပိုပြီးအဆိပ်ပြင်းတဲ့ သွေးအိုင်ဘဝ ရောက်တော့မှာပဲ”

“သူတော့ သေပြီ”

မင်္ဂလာပွဲတက်ရောက်ဖို့ လာခဲ့ကြသည့် ကျင့်ကြံသူသိန်းပေါင်းများစွာမှာမူ သူတို့၏ခန္ဓာကိုယ်များလည်း ဖြေးညင်းစွာ ခြောက်သွေ့နေဆဲဖြစ်သည်။ မန်ဟိုသည် ကျိန်စာကို သွေးရူးသွေးတန်း စုပ်ယူနေသော်လည်း ကျိန်စာရှိနေသေးသရွေ့ လူတိုင်း ကျိန်စာသင့်နေဦးမှာ ဖြစ်လေသည်။

တစ်ယောက်ပြီးတစ်ယောက် မျက်နှာဖြူဖျော့လာကြသည်။ တစ်ချိန်တည်းမှာပင် ရှုချင်မှာ... တဆတ်ဆတ် တုန်နေသည်။ သူမသည် အချိန်မရွေး နွမ်း‌ခြောက်ကြွေလွင့်သွားတော့မည့် ပန်းလေးတစ်ပွင့်အလားပင်။

မန်ဟို့နှလုံးသားသည် ခံပြင်းမှုတို့အား ရှုထုတ်၍မရဘဲ မြိုသိပ်ထားရသည့်အလား မွန်းကြပ်ပြီးပူဆွေးသောကအပြည့်ဖြင့် ပရိဒေဝမီးတို့ တောက်လောင်နေသည်။ မီးက သူ၏ခန္ဓာကိုယ်တွင်ဟုန်းဟုန်းတောက်လာပြီး သူ၏မျက်လုံးများ နီရဲလာသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်....

ကျိန်စာတစ်ခုလုံးကို စုပ်ယူဖို့ အစွမ်းကုန် ကြိုးစားမှဖြစ်မည်။

သို့သော် ... သူ၏ခန္ဓာကိုယ်၏ ကျိန်စာခြေဖျက်နိုင်စွမ်းမှာ သိသိသာသာ အားနည်းလာနေလေပြီ။အမှန်တွင် သူ၏အရေပြားမှာ ရှုံ့တွပြီး ကွဲအက်စပြုနေပြီဖြစ်သည်။ သူ၏ထာဝရအလွှာသည် ယခုထက် အားကြီးလျှင်တောင်မှ ထာဝရ ကုသပေးနိုင်မည်မဟုတ်ပေ။

“‌ကမ္ဘာပေါ်မှာ ထာဝရစစ်စစ်ဆိုတာ တကယ် မရှိဘူးပဲ...” သွေးများပါးစပ်မှ စီးကျနေစဉ် မန်ဟိုကတွေးလိုက်သည်။ သူ ဤအခြင်းအရာကို သိသည်။ ထာဝရအလွှာ သူ့ကို ထာဝရပြုပြင်ပေးနိုင်မှာမဟုတ်ကြောင်းလည်း သိသည်။ သို့သော် သူသည် .... ကျိန်စာကို ဆက်လက်စုပ်ယူရန်သာ ရွေးချယ်လိုက်၏။

ဂျိန်း

အရောင်က ပို၍ပင် မှိန်ဖျော့သွားသည်။

၄၀ ရာခိုင်နှုန်း

သိပ်မကြာသေးသည့်အချိန်အတွင်း သူကား ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာ၏ (၄၀) ရာခိုင်နှုန်းကို စုပ်ယူခဲ့ပြီးလေပြီ။ ရလဒ်အနေဖြင့် သူ ခံစားနေရသော နာကျင်မှုအား ဖော်ပြနိုင်သည့်စကားလုံးမရှိပေ။

သူ၏သွားများမှာ တင်းတင်းမစေ့နိုင်တော့သည့်အပြင် သူ့အရေပြားတို့လည်း ရင့်ရော် လာသည်။အရိုးများ ပျော့လာပြီး မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာ၏။ သို့ထိတိုင် မန်ဟို့အတွက် ... ထိုအရာတစ်ခုမှ အရေးမကြီးပါချေ။

သူသည် ရှုချင်ကို လှမ်းကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့ကိုယ်တွင် ကျိန်စာစွမ်းအားသည် သူ၏ထာတရအလွှာမှ ချေဖျက်မပေးနိုင်တော့သော အတိုင်းအတာအထိ စုဝေးနေခဲ့လေပြီ။ သူ၏အတွင်းကလီစာများမှာ ယခုတွင် ပုပ်သိုးဆွေးမြေ့လာနေသည်။

ဤအခိုက်အတန့်တွင် ရှုချင်၏ မျက်တောင်လေးများ လှုပ်လာပြီ ... သူမက မျက်လုံးလေး ဖွင့်လိုက်သည်။

သူမသည် မန်ဟို့ကို လှမ်းကြည့်လိုက်သော်လည်း စကားပြောရန် အားမရှိပေ။ သို့သော် စိုးရိမ်သောကနှင့် နာကျင်မှုတို့အား သူမမျက်ဝန်းလေးတွင် မြင်တွေ့ရနိုင်သည်။ ထိုမျက်ဝန်းများက မန်ဟို့နှလုံးသားကို ကြေကွဲစေ၏။

မင်္ဂလာပွဲမှာ ... တစ်ဝက်သာ ပြီးဆုံးသေးသည်။

ယခုတော့ အကုန်လုံး မီးခိုးရောင်လွှမ်း၍ ... သွေးရောင်သမ်းနေချေပြီ။

ယနေ့က သူ့ဘဝ၏ အပျော်ဆုံးနေ့ရက် ဖြစ်ခဲ့သင့်သော်လည်း ယ‌ခုတော့ .....လွမ်းဆွေးစရာအဖြစ်ဆိုး ဖြစ်ကာနေပြီ။

မန်ဟိုက ရယ်လိုက်သည်။ ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်ပစ်လိုက်သည်။ ထိုရယ်သံသည်စိတ္တဇဆန်သည်၊ ဒေါသထွက်နေသည်၊ ပြင်းထန်သော မနှစ်မြို့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့လက်ဝါးနှစ်ဖက်မှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ သူ့မှာ ကျိန်စာကြောင့် တစ်ကိုယ်လုံးနီးပါးခြောက်သွေ့နေခဲ့ပြီးဖြစ်သော်လည်း ၎င်းကို ဆက်လက် စုပ်ယူလိုက်သေး၏။

ဂျိန်း

မြေကြီးကား နောက်တစ်ဖန် အရောင်ပြောင်းသွားပြန်လေပြီ။

(၅၀) ရာခိုင်နှုန်း

အကန့်အသတ်မရှိသော ကျိန်စာစွမ်းအားတို့ သူ့ဆီသို့ စီးဆင်းလာသည်။ မန်ဟိုကားလေဆင်နှာမောင်းကြီး၏အလယ်တွင် အရာအားလုံးကို စုပ်ယူနေသော တွင်းနက်ကြီးအလားပင်။

သူ၏ဒွါရပေါက်များမှ သွေးများ စီးကျလာသည်။ သူ၏အရေပြားမှာ စုတ်ပြဲနေပြီး သူ့မှာ ယခုတွင်သွေးအိုင်ထဲ၌ ထိုင်နေရလေပြီ။ ကိုယ်ထဲ၌ စုစည်းလာခဲ့သော ကျိန်စာစွမ်းအားမှာ အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးတွင် မယုံနိုင်ဖွယ်ကောင်းသော ခြောက်သွေ့ခြင်းစွမ်းအားပါဝင်သည်။ ၎င်းက မြေပြင်ကို ခြောက်သွေ့သွားစေသည်သာမက ထိုမြေတွင် မွေးဖွားသော ကျင့်ကြံသူအားလုံး၏ ကျင့်ကြံခြင်းအခြေခံများကိုလည်း ခြောက်သွေ့သွားစေသည်။ ယခုတော့ ထိုစွမ်းအားအလုံးစုံက မန်ဟို့ကိုယ်ထဲတွင် စုဝေးတည်ရှိနေ၏။ ထာဝရအလွှာမှာ ၎င်းကို ဖယ်ရှားခြင်းငှာ မစွမ်းသာတော့သဖြင့် မန်ဟို့အား ပြင်းပြင်းထန်ထန် တုန်ရီနေစေတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် မထင်မှတ်ထားသော တိုးတက်မှုတစ်ခုအား ကြုံတွေ့လိုက်ရ၏။ သူသည် ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုကို ကျင့်ကြံထားသည်မဟုတ်ပါလော။ ဤစာလုံးခုနစ်လုံးထဲတွင် ‘ခြောက်သွေ့’ ဆိုသော စာလုံး ပါဝင်လေသည်။

ဤအခိုက်အတန့်တွင် မန်ဟိုကား ခြောက်သွေ့ခြင်း၏ ပြီးပြည့်စုံသော ဉာဏ်အလင်းကို ရရှိလိုက်၏။

‘ခြောက်သွေ့’ စာလုံးကို ပြီးပြည့်စုံစွာ နားလည်လိုက်သည်နှင့် မန်ဟို့ခန္ဓာကိုယ်သည် ထစ်ချုန်းသွားပြီး ကိုယ်အတွင်းရှိ ကျိန်စာစွမ်းအားသည် ကျုံ့လာ၏။ ၎င်းက သူ၏သွေးကြောများ၊ သူ၏ဝိညာဉ်၊သူ၏အသားအထဲ၌ စုခဲသွားပြီး ... ‘ခြောက်သွေ့’ စာလုံး နတ်ဘုရားစွမ်းရည်အသွင် ပြောင်းလာသည်။

ထိုအခိုက်အတန့်တွင် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ ခြောက်သွေ့စာလုံးမန္တန်သည် သွေးအင်မော်တယ်နတ်ဘုရားစွမ်းရည်နှင့် ပေါင်းစည်းလိုက်၏။ ပေါင်းစည်းခြင်းအပြင် ဒုတိယအစစ်အမှန်ကိုယ်၏ သည်းကြီးမဲကြီး ထောက်ပံ့ပေးမှုက အလွန်ကျယ်လောင်သော ထစ်ချုန်းသံများကို လေတွင် ပြည့်နှက်သွားစေသည်။

၆၀ ရာခိုင်နှုန်း

တောင်ပိုင်းဒေသတစ်ဝန်း စိုးမိုးပျံ့နှံ့နေခဲ့သော ကျိန်စာ၏အရောင်သည် နောက်တစ်ဖန် ပြောင်းလဲသွား၏။ အရာအားလုံး တုန်ခါလာပြီး လေပေါ်ရှိ မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးမှာ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

“သူ့ခန္ဓာကိုယ်က ... သူ့ခန္ဓာကိုယ်က တကယ် တာအိုရှာဖွေခြင်းအဆင့်မှာပဲ”

“သူ့ကျင့်စဉ်တွေက ‌ထူးဆန်းနေတယ်။ ဒီလူ့ ... ဒီလူ့ခန္ဓာကိုယ်က အဆက်မပြတ် ပြန်ပေါက်ဖွားလာနိုင်ပါလား”

“သူက ကျိန်စာရဲ့ ခြောက်သွေ့ခြင်းစွမ်းအားကို တကယ် စုပ်ယူနေတာပဲ”

သူတို့လေးယောက်မှာ ပိုပို၍ မှင်သက်လာရလေသည်။ အမှန်တွင် ခေါင်းဆောင်ကြီးစုန့်နှင့် အခြားသူများပင်လျှင် မြင်နေရသောအရာကို ယုံကြည်ရခက်နေ၏။ မအံ့ဩသူဆို၍ ဆေးလုံးမိစ္ဆာသာ ရှိသည်။ သူသည် မန်ဟိုနှင့် အောက်ရှိ မြေပြင်ကို စိတ်မကောင်းစွာ ကြည့်နေသည်။

သူက မန်ဟို့ဆရာဖြစ်လေရာ မန်ဟို မည်သည့်အတွက်ကြောင့် အရာအားလုံးပုံအောာကာ စွန့်စားနေသလဲ နားလည်၏။ ယနေ့သည် သူ၏မင်္ဂလာပွဲနေ့ဖြစ်ပြီး သူ့ဇနီးမှာ သူနှင့်တစ်ကျွန်းတည်းအပေါ်တွင် ရှိနေသည်။

“တစ်ရာရာခိုင်နှုန်း မစုပ်ယူနိုင်သရွေ့ ရလဒ်ကို ပြောင်းပြန်လှန်ပစ်လို့မရနိုင်ဘူး....” ဆေးလုံးမိစ္ဆာကတီးတိုးရေရွတ်လိုက်သည်။

မန်ဟို ကျိန်စာ၏ ခြောက်ဆယ်ရာခိုင်နှုန်းကို စုပ်ယူလိုက်သောအခါ ကျင့်ကြံသူသိန်းပေါင်းများစွာအပေါ် သက်ရောက်နေသော ခြောက်သွေ့ခြင်းစွမ်းအားမှာ သိသိသာသာ လျော့ကျသွား၏။ သူတို့မှာတုန်ရီနေကြဆဲ ဖြစ်သော်လည်း ကျိန်စာ၏ သက်ရောက်မှုများမှာ အနည်းငယ် ပျောက်ကွယ်သွားပုံရသည်။ သူတို့ မျက်လုံးဖွင့်လိုက်သောအခါမြင်လိုက်ရသည်ကား ... သွေးအန်လျက် ခန္ဓာကိုယ်ပျက်စီးနေသော မန်ဟို။

ခြောက်ဆယ်ရာခိုင်နှုန်းကား မလုံလောက်သေးပေ။

မန်ဟိုသည် မိုးကြိုးဒယ်အိုးကို ထုတ်၍ ကျိန်စာစွမ်းအားအား ၎င်းထဲ ထည့်ရန် ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်ပေ။ မိုးကြိးဒယ်အိုးနှင့် ကျိန်စာမှာ တခြားစီဖြစ်နေသော အရာနှစ်ခုပင်။ သူသည် ကျိန်စာကို အချိန်စီးဆင်းမှုဖြင့် နှောင့်ယှက်ဖို့ သစ်သားဓားများ သုံးရန် စဉ်းစားလိုက်သော်လည်း ၎င်းက တောင်ပိုင်းဒေသကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအထဲရှိ ကျိန်စာစွမ်းအားကိုလည်း သက်ရောက်လိမ့်မည်။

အချိန်စွမ်းအား အသက်ဝင်သွားသည်နှင့် ၎င်းက အကုန်လုံးကို အဆုံးသတ်ပေးကောင်း အဆုံးသတ်ပေးနိုင်သော်လည်း ကျိန်စာ၏ဖျက်စီးခြင်းစွမ်းအားကိုလည်း ပို၍မြန်စေမည်ဖြစ်သည်။

သူသည် တခြားရွေးချယ်စရာများ တွေးကြည့်သော်လည်း တစ်ခုမှ ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။

လုပ်ရန် ကျန်တော့သည့် တစ်ခုတည်းသောအရာမှာ ကျိန်စာစွမ်းအားကို ဆက်လက်စုပ်ယူနေဖို့သာဖြစ်၏။ သူက ခြောက်သွေ့စာလုံးမန္တန်ကို နောက်တစ်ဖန် အလုပ်လုပ်စေလိုက်သည်။ မြေပြင်မှာအရောင်ထပ်ပြောင်းသွားပြန်လေပြီ။

၇၀ ရာခိုင်နှုန်း

ခြောက်သွေ့စာလုံးမန္တန်လည်း နောက်ဆုံးအတိုင်းအတာသို့ ရောက်သွား၏။ ကျိန်စာစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူပြီးနောက် ၎င်းသည် ဆက်လက် မစုပ်ယူနိုင်တော့ပေ။

မန်ဟိုလည်း တတ်နိုင်‌သည့် နောက်ဆုံးအတိုင်းအတာသို့ ‌ရောက်သွားခဲ့လေပြီ။

သူ၏ထာဝရအလွှာမှာ ပျောက်ကွယ်လုနီးနီး ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်အနေဖြင့် ကျိန်စာကြောင့်သည့်ထက်ပို၍ မခြောက်သွေ့နိုင်တော့ပေ။ သူကား ယခုတွင် အိုမင်းနေလေပြီ။

မျက်ရည်များက ရှုချင်၏မျက်ဝန်းအိမ်လေးမှ တလိမ့်ချင်း၊ တလိမ့်ချင်း စီးကျလာသည်။

မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူလေးဦးမှာ မန်ဟို့ကြောင့်လုံးဝ တုန်လှုပ်အံ့ဩနေခဲ့ပြီးဖြစ်သည်။ သို့သော် ယခု သူ နောက်ဆုံးအတိုင်းအတာသို့ ရောက်သွားသည်ကို မြင်လိုက်ရသော် သူတို့မှာ ရင်ထဲက အလုံးကြီးကျသွားတော့၏။

“ပြီးပြီ။ သူ ဒီထက်ပို မတတ်နိုင်တော့ဘူး။ ဒါ ထန်ကုန်ပဲ”

“ ကျိန်စာစွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူထားတာတောင် မသေသေးဘူးတဲ့လား။ခြောက်သွေ့ခြင်းစွမ်းအားက သူ့ကိုယ်ထဲမှာတောင် တည်ရှိနေသလိုပဲ။ ငါပြောနိုင်သလောက်တော့ ဒီလူက .... တောင်ပိုင်းဒေသမှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်”

“တောင်ပိုင်းဒေသကို ဖျက်စီးဖို့ဆို သူ့ကို အရင် သတ်မှပဲ။ ငါချီးတဲ့မှ။ ကျိန်စာစွမ်းအားကလည်း သုံးဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်”

ကျွန်းပေါ်တွင် မန်ဟိုသည် ရှုချင်၏မျက်ရည်များကို မြင်သောအခါ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည့်အလား ခံစားလိုက်ရသည်။

သူက သူမကို ကြည့်‌နေပြီး သူ၏အသက်စွမ်းအားတို့ လောင်ကျွမ်းလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် ဟုန်းဟုန်းတောက်လာ၏။ အတိတ်တုန်းက ပေါ်လာခဲ့‌ဖူးသော သူ့လက်ဖမိုးအပေါ်ရှိ အမှတ်အသားလည်း ပြန်ပေါ်လာသည်။

သူက ခေါင်းနောက်လှန်ပြီး တဟားဟား အော်ရယ်လိုက်သည်။ ၎င်းသည် စူးဝါးကျယ်လောင်စွာပဲ့တင်ထပ်သွား၏။ မန်ဟိုကား ‌ကျိန်စာစွမ်းအားကို ထပ်မံစုပ်ယူနိုင်ဖို့ရှိရှိသမျှအကုန်လုံးကိုလောင်ကျွမ်းပစ်ရင်း သွေးရူး‌သွေးတန်း ထင်ရာစိုင်းလိုက်ချေပြီ။

“မလုပ်နဲ့” ရှုချင်က တုန်ရီလျက် အားနည်းစွာ အော်လိုက်သည်။ သူမ အော်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟိုက နောက်ဆုံးသောကြိုးစားမှုကို မိုက်မိုက်ကန်းကန်း လုပ်လိုက်၏။

၈၀ ရာခိုင်နှုန်း

ကျိန်စာစွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူပြီးနောက် မန်ဟိုက ကိုးဆယ်ရာခိုင်နှုန်းအထိ စုပ်ယုရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာပြီး သူက သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရလေသည်။ ကြီးမားသောအားတစ်ရပ်က သူ့လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်သည့်အလားပင်။ သူ့မှာ နောက်လွင့်ထွက်သွားပြီး သွေးများ ဖွားခနဲ လွင့်စင်ထွက်သွား၏။ သူကား ယခုတွင် နောက်ထပ် စုပ်ယူနိုင်ခြင်း မရှိတော့လေပြီ။

“မဖြစ်နိုင်ဘူး” မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လေးဦးကတွေးလိုက်ကြသည်။

မန်ဟို စုပ်ယူနိုင်ခြင်းမရှိတော့သည့်အတွက် ကျိန်စာစွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းသည် ကျင့်ကြံသူသိန်းပေါင်းများစွာကို လွှမ်းမိုးရန် ရုတ်တရက် ပေါက်ကွဲထွက်လာ၏.... ကျင့်ကြံသူများက ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ဆင့်ခေါ်ကာ တန်ပြန်တိုက်ခိုက်လိုက်ကြသည်။ ရလဒ်အနေဖြင့် ... ကျိန်စာစွမ်းအားသည် နောက်ထပ်ဆယ်ရာခိုင်နှုန်း လျော့ကျသွား၏။

ယခုတွင် ကျိန်စာစွမ်းအား ကိုးဆယ်ရာခိုင်နှုန်း လွင့်ပျယ်သွားခဲ့လေပြီ။ ဆယ်ရာခိုင်နှုန်းသာ ကျန်တော့သည်။ အဆိုပါဆယ်ရာခိုင်နှုန်းကား တစ်ခါမှ မကြုံတွေ့ဖူးသောစွမ်းအားကြီးဖြင့် ပေါက်ကွဲထွက်လာသယောင်ပင်။ ကျင့်ကြံသူသိန်းပေါင်းများစွာလုံး သွေးအန်လိုက်ကြရသည်။

သို့သော် တစ်ဦးတစ်ယောက်ချင်းစီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုမှုတို့ ပြင်းပြနေသောအရိပ်အယောင်များရှိ၏။ ဤကျင့်ကြံသူများအတွက် ကျန်ကျိန်စာစွမ်းအားဆယ်ရာခိုင်နှုန်းမှာ ကပ်ဘေးမဟုတ်ပေ။ ၎င်းအား သူတို့ တောင့်ခံနိုင်၏။ ထိုမျှသာမက သူတို့၏ကျင့်ကြံခြင်းအခြေခံလည်းအနည်းအကျဉ်းသာ အားနည်းသွားခဲ့လေသည်။

တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး မျက်လုံးများ၌ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေ၏။ ထိုအခိုက်အတန့်တွင် ကောင်းကင်၌ အရိုင်းဆန်သောအရောင်များပြိုးပြိုးပြက်ပြက် လက်လာပြီး တိမ်တိုက်များ တလိပ်လိပ် ထလာသည်။ မြောက်ပိုင်းသဲကန္တာရ၏တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူလေးယောက်မှာ ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားလိုက်ရ၏။ သူတို့မှာ ပြင်းပြင်းထန်ထန် တုန်လှုပ်နေကြလေပြီ။

သို့သော် ရှုချင် ... သတို့သမီးအဝတ်လေးနှင့် ရှုချင်ကတော့ သွေးအန်ပြီး ပို၍သာ အားနည်းသွားသည်။ သူမခန္ဓာကိုယ်၏ သူမတူသော အခြေအနေကြောင့် ကျိန်စာစွမ်းအား၏ ဆယ်ရာခိုင်နှုန်းလေးကပင် သူမအတွက် သေစေနိုင်၏။

သူမကား ရုတ်တရက် အရုပ်ကြိုးပြတ် လဲကျသွားလေသည်။ သေခြင်းအခိုးအ‌ငွေ့များ  ရစ်သိုင်းနေသော မန်ဟိုမှာ ချက်ချင်း ကရောသောပါး ပြေးသွားပြီး သူမကို ပွေ့လိုက်၏။ သူသည် ပူဆွေးသောက၊ ခံပြင်းဒေါသတို့ဖြင့် ပြည့်နှက်နေလျက် စစ်ပွဲစစတင်တော့မည့်နေရာနှင့် ဝေးရာသို့ သူမကိုသယ်ဆောင်သွားသည်။

သူ့မှာ တောင်ပိုင်းဒေသတစ်ခုလုံးကို ကယ်တင်ခဲ့သော်လည်း သူ့ဇနီးကိုတော့ မကယ်နိုင်ခဲ့ပေ။ မန်ဟိုသည် ‌ယူကျုံးမရစွာ နာနာကြည်းကြည်း ရယ်တော့သည်။ ရယ်သံသည် ငိုသံကြီးသဖွယ် ပဲ့တင်ထပ်လာ၏။

***

All Chapters