← Chapters

ခဏလောက် အနားယူလိုက်ဦးမယ်နော်

Vol. 56 Ch. 771

ခဏလောက် အနားယူလိုက်ဦးမယ်နော်

Vol. 56 Ch. 771

သုဿန်တစပြင်ပမာ တိတ်ဆိတ်မှုက ရုတ်တရက် စစ်မြေပြင်တစ်လျှောက်လုံး ကြီးစိုးသွားသည်။ ထို့နောက် အသတ်အဖြတ်စိတ်ဆန္ဒတို့သည် မိုး‌ကောင်းကင်ထက်သို့တိုင် ရိုက်ခတ်ပေါက်ကွဲကုန်လေ၏။

"အဲဒီကောင်တွေကို သတ်ပစ်ကြ" တောင်ပိုင်းဒေသကျင့်ကြံသူသိန်းချီသည် ပိန်ချုံး‌ခြောက်သွေ့လာနေကြသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းပေါင်း‌စွာရှိရာ နဂါးငွေ့တန်းပင်လယ်ဆီသို့ မျက်မာန်‌ဒေါသအပြည့်ဖြင့် ဝုန်းဒိုင်းကြဲ ချီတက်သွားကြတော့သည်။

စစ်ပွဲကား.... စတင်ခဲ့ချေပြီ။

မန်ဟိုက ထွက်သွားသည်။ သို့စေကာမူ တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်မှ ထိုအခြင်းအရာအပေါ် စိတ်မကွက်ပေ။ သူတို့သည် မန်ဟိုနှင့် ရှုချင်၏ မင်္ဂလာပွဲနှင့် တက်ရောက်ခဲ့ကြ၍ မြောက်ပိုင်းသဲကန္တာရကျူးကျော်စစ်ဆင်လာသည့်အခါတွင် ရှိနေခဲ့ကြသည်။ ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာကိုလည်း ကြုံတွေ့ခဲ့ရပြီးပြီ။

မန်ဟိုနှင့်ပတ်သက်ပြီး သူတို့ ခံစားနေရသည့် တစ်ခုတည်းသောအရာမှာ စိတ်မကောင်းဖြစ်မှုနှင့် .... နောက်ဆုံးတွင် သူ ရှေ့ဆက်သွားနိုင်သည့် အင်အားရှိပါသွားစေရန် မျှော်လင့်နေမှုများသာ ဖြစ်သည်။

အလွန်ကြီးမားပြင်းထန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးကား တောင်ပိုင်းဒေသ၏ နယ်စပ်တွင် ဖြစ်ပျက်နေလေသည်။

**

မန်ဟိုမှာတော့ ရှုချင်ကို ပွေ့ထား၏။ နှစ်ယောက်လုံးကား အနီရောင်သတို့သားသတို့ဝတ်စုံကိုယ်စီ ဝတ်ထားဆဲ.... မန်ဟိုက ရှုချင်ကို‌ ပွေ့ထားပြီး ရှုချင်က မန်ဟို့ရင်ဘတ်ကို မှီထားသည်။ မှောင်မိုက်နေသော အရှိန်အဝါတစ်ခုက မန်ဟို့ကို ဝန်းရံထားပြီး သူ့ခန္ဓာကိုယ်မှာ ရစရာမရှိလောက်အောင် ပိန်ချုံးခြောက်သွေ့နေချေပြီ။ မျက်ရည်များက သူ၏မျက်ဝန်းများတွင် နေရာယူထားလျက်ရှိကာ သူ့နှလုံးသားမှာတော့ မွစာကြဲနေသည်။ မရေမတွက်နိုင်သော ဓားထက်ထက်များက သူ့ကို တရစပ် ခုတ်ထစ်နေသည့်အလားပင်။

အနက်ရောင်အရှိန်အဝါတစ်ခုလည်း အရိုးပေါ်အရေတင်နေသော ရှုချင်အပေါ်တွင် ပေါ်လာသည်။ ရှုချင်သည် တစ်ကြိမ် သေခဲ့ဖူးပြီး သူမခန္ဓာကိုယ်မှာ အကောင်းပကတိအတိုင်း ပြန်ဖန်ဆင်းခံခဲ့ရသော်လည်း သူမအနေဖြင့် နှစ်တစ်ရာသာ ရှင်သန်နိုင်၏။

ကျိန်စာမှ ကျန်ရှိသော စွမ်းအား တစ်ဆယ်ရာခိုင်နှုန်းသည် အခြားသူများအပေါ် သက်ရောက်မှုကြီးကြီးမားမား မရှိပါသော်လည်း ရှုချင်အတွက်မူ .... ခံနိုင်ရည်ရှိဖို့ရန် ခဲယဉ်းလှပေသည်။

ရှုချင်က ရုတ်တရက် မျက်လုံးကလေးများကို အားယူဖွင့်ကာ သူမအား ပွေ့ဖက်ထားသော ခင်ပွန်းဖြစ်သူကို ကြည့်လေသည်။ သူသည် သူမတစ်ဘဝလုံးတွင် အချစ်ရဆုံး၊ အရေးပါဆုံးလူ ဖြစ်၏။ သူမက အားအင်ချည့်နဲ့နေသော အသံတိုးတိုးလေးဖြင့် ပြောသည်။ "တောင်ကြားကို ... ပြန်သွားချင်တယ်"

သူမသည် မန်ဟို့ကို စိတ်မချမ်းမသာ မဖြစ်စေချင်သလို၊ သူ မြူမှုန်လေးမျှ နာကျင်နေသည်ကိုပင် မကြည့်ရက်ပေ။ မန်ဟို မနာကျင်ရဘဲ၊ ပူဆွေးဝမ်းနည်းခြင်းမရှိရဘဲ အမြဲထာဝရပျော်ရွှင်နေသည်ကိုသာ သူမ အလိုရှိသည်။

ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေ မင်း ဘေးအန္တရာယ်‌ကင်းတယ်ဆိုရင် အစ်မ ကျေနပ်ပါတယ် ...

"အင်း သွားကြမယ်..." မန်ဟိုက ခေါင်းတစ်ချက်ညိတ်၍ ဆိုသည်။ သူ့မှာ သူမကို ကြည့်လျှင် နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်ရသော်လည်း သူ၏ပူဆွေးသောကတို့ သူမအပေါ် သက်ရောက်သွားမှာစိုးသဖြင့် ‌နွေးထွေးသောအပြုံးလေးတစ်စက သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။

အပြုံးတွင် အသံတိတ် ငိုရှိုက်နေသော မျက်ရည်စများ တွဲခိုနေသည်က လွဲ၍။

"မင်း လုပ်ခဲ့တာမှန်တယ်" ရှုချင်က တိုးညင်းစွာ ‌ဆိုသည်။ "သူတို့က အစ်မတို့မင်္ဂလာဆောင်ကို တက်ရောက်ကြတဲ့ သူတွေလေ၊ ဧည့်သည်တွေကို အန္တရာယ်ဖြစ်စေလို့ ဘယ်ကောင်းမလဲ။ အခု သူတို့အပေါ် ကျေးဇူးအကြွေးတင်သွားပြီ .... နောင် အစ်မ ဒီမှာ မရှိတော့ရင် လူတိုင်းကို ပြန်ဆပ်ဖြစ်အောင် ဆပ်နော်" ထိုသို့ပြောပြီး သူမသည် ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့ရင်ဘတ်ထဲ တိုးဝင်ပြီး မျက်လုံးများ ပိတ်လိုက်၏။

ရှုချင် မျက်လုံးများ ပိတ်သွားသောအခါ မန်ဟိုမှာ အထိတ်တလန့် ရပ်လိုက်မိသည်။ သူမ သတိမေ့သွားရုံလေးသာ ဖြစ်‌ကြောင်း သေချာတော့မှနောက်ဆုံး သူ့မှာ သူ၏ပူဆွေးသောကတို့ကို ဖွင့်ထုတ်လိုက်နိုင်တော့သည်။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ... မျက်ရည်များကား အတားအဆီးမရှိ စီးကျလာခဲ့လေပြီ။

သူသည် ရှုချင်နိုးသွားမည်စိုး၍ အလွန့်အလွန်နူးညံ့ကြင်နာစွာ ပွေ့ရင်း အဝေးသို့ ခေါ်သွားတော့သည်။ နှစ်ယောက်သား တောင်တန်းများ၊ မြေပြင်များကို ဖြတ်ကျော်ခဲ့ပြီးနောက်တွင်တော့ သွေးမိစ္ဆာဂိုဏ်း၊ သွေးမင်းသားလျှိုမြောင်၊ သူတို့၏သစ်လုံးအိမ်ဆီသို့ ရောက်လာခဲ့ကြသည်။

မန်ဟိုမှာ သွေးမိစ္ဆာဂိုဏ်းချုပ်ဆီမှ အကြံသွားတောင်းချင်သော်လည်း ကျင့်ကြံခြင်းဂူကို သွေးရောင်အကာအကွယ်တစ်ခုဖြင့် ပိတ်ထားသည့်အတွက် အထဲဝင်မရပေ။ သွေးမိစ္ဆာဂိုဏ်းချုပ်သည် အိပ်စက်အနားယူနေ၍ နိုးထလာနိုင်‌ခြင်းမရှိ။

တောင်ကြားလျှိုမြောင်တွင် မန်ဟိုသည် ရှုချင်ကို ပွေ့ဖက်ထားပြီး ရင်တွင် ဆို့နင့်ကြေကွဲနေ၏။ သူက သူမဆံနွယ်လေးများကို သပ်ရင်း‌ နူးညံကြင်နာစွာ ဆိုသည်။ "ကျွန်တော်တို့ နှစ်တစ်ရာလုံး အတူတူနေကြဖို့ သဘောတူထားတယ်လေ။ နှစ်တစ်ရာကုန်ရင်‌လို့ အစ်မ ဘဝပြန်ဝင်စားရတဲ့အခါ ကျွန်တော် အစ်မကို လာရှာမှာ ...."

ရှုချင်က မျက်လုံးလေးဖွင့်၍ သူ့ကို ပြုံးပြသည်။ သူမ မမြင်ရသည်မှာ မန်ဟို့လက် သူမ ဆံနွယ်များအကြား ဖြတ်ပြေးသွားသောအခါ ၎င်းတွင် ခြောက်သွေ့နေသော ဆံပင်ကျွတ်များဖြင့် ပြည့်နေခြင်းကိုပင်။

မန်ဟိုမှာတော့ မြင်နေရသူဖြစ်သည့်အတွက် တုန်လှုပ်သွား၏။ သူက ကပျာကယာ လက်သီးဆုပ်လိုက်ရာ ဆံပင်များပျောက်ကွယ်သွားလေသည်။

ရှုချင်၏မျက်နှာလေးသည် နွမ်းဖတ်ဖျော့တော့လျက်ရှိသည်။ သူမဆံနွယ်များနည်းတူ သူမအသက်သည်လည်း ခြောက်သွေ့နေလေပြီ။ သူမမျက်နှာလည်း တစတစ ပြောင်းလဲလာသည်။ သူမသည် နုပျိုငယ်ရွယ်ပြီး လှပခြင်းမရှိလေတော့။ အရေးအကြောင်းများ၊ ပါးရေတွန့်များက သူမမျက်နှာလေးတစ်လျှောက် ပျံ့နှံ့လာနေပြီဖြစ်၏။

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်အလား အချိန်စီးဆင်းမှုကား သူမ၏ခန္ဓာကိုယ်အပေါ် သက်ရောက်နေလေသည်။

ရှုချင်သည် ညကောင်းကင်နှင့် မှိတ်တုတ်မှိတ်တုတ် လက်နေသော ကြယ်စင်များကို မော့ကြည့်၏။ သူမက ခပ်တိုးတိုးလေး ရေရွတ်သည်။ "အစ်မတို့.... မှီခိုရာဂိုဏ်းတုန်းက အချိန်ကို ပြန်သွားလို့ရရင် ကောင်းမှာပဲနော်။ အစ်မက မင်းရဲ့ ဂိုဏ်းတူအစ်မ ၊ မင်းကတော့ ဂိုဏ်းတူမောင်လေး .....

"မင်းကို အစ်မမိသားစုနဲ့ တွေ့ပေးဖို့ ခေါ်သွားပေးမယ်။ မင်း သိလား အစ်မဂိုဏ်းကို ခေါ်လာခံရတုန်းက အစ်မမှာ မောင်လေးတစ်ယောက် ရှိခဲ့သေးတယ် ....

"မင်းနဲ့ ထာဝရအတူတူ နေရရင် .... ကောင်းမှာပဲ ......" ရှုချင်သည် အားနည်းသထက် အားနည်းလာ၏။ သူမမှာ မျက်ဝန်းလေးများ ပိတ်သွားပြီး အိပ်ပျော်သွားပြန်သည်။

မန်ဟို့အနေဖြင့် ရှုချင်၏အသက်စွမ်းအားသည် အဆုံးသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောနိုင်၏။ သူမ၏အပြင်အားကိုယ်သည် ခြောက်သွေ့ပိန်ကပ်လျက်ရှိရာ အချိန်မ‌ရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။ သူမသည် လေမုန်တိုင်းထဲက ဖယောင်းတိုင်ပမာ အားအင်မရှိချေတော့.....

ရှုချင်သည် အိုမင်းလာနေ၏။ သူမကား နှစ်ဆယ်ကျော်အရွယ်မဟုတ်တော့ဘဲ သက်လတ်ပိုင်းအရွယ် ဖြစ်နေလေပြီ။ သို့သော် မန်ဟို့အတွက်တော့ ရှုချင်မှာ သူ တစ်ခါတုန်းက ရုပ်ပျိုဆေးလုံးပေးခဲ့ဖူးသော ငယ်ငယ်ချောချော မိန်းမလှလေးတစ်ဦး အမြဲထာဝရ ဖြစ်နေမည်သာ။

"ကျွန်တော် အစ်မကို ခြောက်သွေ့သွားခွင့်မပြုနိုင်ဘူး" သူက ကြင်ကြင်နာနာ ပြောသည်။ "နှစ်တစ်ရာအတူနေကြမယ်လို့ ကတိပေးထားတယ်လေ၊ နှစ်တစ်ရာနေကြမယ်" သူသည် မျက်ဝန်းများတွင် တစ်ခါမှမမြင်‌ဖူးသော ‌ခိုင်မာပြတ်သားမှုမီး‌တောက်များ တောက်လောင်နေလျက် သူမပါးလေးကို လှမ်းတို့ထိ၏။

အချိန်အတော်လေးကြာသော် သူသည် မျက်လုံးခဏမှိတ်ပြီးနောက် သူ၏ညာလက်ခလယ်ကို ဆန့်ထုတ်လိုက်သည်။ ၎င်းက သူ၏ခန္ဓာကိုယ်တွင် မခြောက်သွေ့သေးသည့် တစ်ခုတည်းသောအပိုင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် ထာဝရအလွှာမှ အငွေ့အသက်အနည်းအကျဉ်း ပါရှိနေခြင်းကြောင့်ပင်။

သူသည် လက်ချောင်းကို ဂရုတစိုက် လှီးပြီး ရှုချင်၏နှုတ်ခမ်းလေးအပေါ်သို့ သူ၏ထာဝရအလွှာပါရှိသော သွေးစက်အနည်းငယ် ညှစ်ချလိုက်၏။ သွေးစက် သူမ၏နှုတ်ခမ်းအတွင်းသို့ စိမ့်ဝင်ရောက်လာသောအခါ သူမမျက်နှာလေးသည် ရုတ်ခြည်းဆိုသလို မအိုတော့ပေ။

တစ်ဖက်တွင် မန်ဟိုမှာ တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ်လည်း ပိုမိုခြောက်သွေ့သွားလေသည်။ သူ၏ထာဝရအလွှာမှာ ယခုတွင် အားနည်းသွားသော်လည်း သူ့နှလုံးသားထဲတွင်တော့ မျှော်လင့်ချက်ကို ခံစားလိုက်ရသည်။

သို့သော် သုံးရက်ကြာသော် မန်ဟိုသည် သူ၏ထာဝရအလွှာမှာ ရှုချင် ခြောက်သွေ့မသွားအောင် မကူညီနိုင်ကြောင်း သဘောပေါက်လိုက်၏။ သူက ခါးခါးသီးသီး ရယ်တော့သည်။

ရှုချင်၏ဆံနွယ်အများစုမှာ ယခုတွင် ဖြူနေပြီး သူမမျက်နှာလေးသည် သက်လတ်ပိုင်းအရွယ်ကဲ့သို့ ရင့်ရော်နေလေပြီ။ သို့သော် သူမ၏ နွေးထွေးသော မျက်ဝန်းလေးနှင့် သူမ၏ လေးညို့သဖွယ် ကွေးညွတ်သွားသော အပြုံးလေးမှာ မန်ဟို ဘယ်တော့မှ မေ့မရနိုင်မည့်အရာများ ဖြစ်သည်။

အဆုံးသတ်တွင် သူမက ပြုံးပြီး မန်ဟို့ကို ထာဝရအလွှာသွေး ထပ်မသုံးအောင် တားလိုက်သည်။ သူမအတွက် သူမ၏အသက်ဘေးထက် မန်ဟို ထိုသို့လုပ်နေသည်ကို မြင်ရခြင်းက သူမနှလုံးသားအား ပိုမိုနာကျင်စေလေသည်။

"ဒီတိုင်း အတူတူပဲ နေပေးပါ" သူမက ပြောသည်။ "အဆုံးအထိ ...။ အစ်မကို ဘဝပြန်ဝင်စားဖို့ ခေါ်သွားပေး။ အဲဒါဆို လုံလောက်ပါပြီ

"အစ်မတို့ တစ်သက်လုံးအတွက်ဆိုပြီး သစ္စာဆိုခဲ့တာလေ.... အဲဒါကြောင့် အဲ့ဒီအတိုင်းလေးဆို ရပါပြီ.... အစ်မ ခဏလောက် မှေးလိုက်ဦးမယ် ၊ နိုးလာလို့ရှိရင် မင်းကို မြင်ရမယ်မလား ..."

"သေချာပေါက်ပေါ့" မန်ဟိုက ပြောသည်။ သူ၏အသံသည် တုန်ရီလျက်ရှိ၏။

နေ့ရက်‌တွေ ကြွေခပြီး ရှုချင်မှာ အိုမင်းလာသည်။ သူမ နိုးနေသော အချိန်လည်း တစ်ရက်ပြီးတစ်ရက် လျော့နည်းလာခဲ့သည်။ များသောအားဖြင့် သူမသည် အိပ်နေရ၏။

မန်ဟိုက ရှု‌ချင်ဘေးတွင် နေပြီး‌ တောင်ကြားအပြင်သို့ ခြေတစ်လှမ်းပင် မချပေ။ သူသည် သူမကို ဘယ်တော့မှ အလွှတ်မပေးချင်သည့်အလား တစ်ချိန်လုံး ပွေ့ဖက်ထား၏။

သူ၏ခန္ဓာကိုယ်မှာမူ ထာဝရအလွှာက တစတစ နိုးထလာပြီး သူ့ကို စတင်ကုသပေးခဲ့လေသည်။ ကျိန်စာစွမ်းအားပင်လျှင် သူ့ကိုယ်ထဲမှ နှင်ထုတ်ခံနေရသည့်အချိန် ရှုချင်မှာတော့ အားနည်းသထက် အားနည်းလာသည်။

မန်ဟိုသည် ရှုချင်၏ အသက်စွမ်းအားတို့ ကုန်ခမ်းပျောက်ကွယ်မသွားအောင် ကြံမိကြံရာ နည်းလမ်းမှန်သမျှ ကြိုးစားကြည့်သော်လည်း အကုန်လုံးအချည်းနှီးသာ။ သူ့မှာ သူ၏ကျင့်ကြံခြင်းအခြေခံ မြင်မားသင့်သလောက် မမြင့်မားသည်ကို မုန်းတီးပြီး ထို့ထက် ပိုမုန်းသည်ကား မြောက်ပိုင်းသဲကန္တာရကျိန်စာ၏ ရက်စက်မှုကိုပင်။

သူ့နှလုံးသားသည် နတ်ဆိုးဆန်ခဲ့ပြီးဖြစ်သော်လည်း သူက ၎င်းကို သံကြိုးများဖြင့်အလား ဖိနှိပ်ချုပ်နှောင်ထားခဲ့၏။ ယခုတော့ ... သံကြိုးများကား ပြေလျော့စပြုလာချေပြီ ...

သူ့မှာ ရှုချင်ကို ထိုင်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်။ သူမ ဆံပင်များဖြူလာပြီး နုပျိုမှုတို့ ပျောက်ကွယ်လာသည်ကို သူ ကြည့်နေရသည်။ သူမသည် သက်လတ်ပိုင်းမှ အဘွားအိုအရွယ်ဖြစ်လာခဲ့၏။ သူ့အနေဖြင့် သူမ၏ အနီရောင်သတို့သမီးဝတ်စုံကို လဲပေးနိုင်သော်လည်း သူက မလဲပေးသလို၊ သူမကလည်း ဆက်ဝတ်ထားသည်။

တစ်နေရာတွင် သူမက မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်သော်လည်း မျက်စိမှုန်နေသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။ "ချူယွီယန်က ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ" သူမက ခပ်တိုးတိုးလေး ပြောသည်။ "အစ်မမှာ နေထိုင်ဖို့ နှစ်တစ်ရာပဲ အချိန်ရှိတဲ့အတွက် အစ်မ မင်းကို ကောင်းကောင်းမပြုစုမစောင့်ရှောက်နိုင်ရင် ကူညီပေးပါလို့ ‌သူ့ကို ပြောခဲ့တယ်

"စုန့်ကျားလည်း မဆိုးဘူး...

မန်ဟိုက ဘာမှမပြော။ သူသည် သူမ၏ ပါးရေတွန့်နေသော မျက်နှာလေးကို‌ ဖြေးညှင်းစွာ ပွတ်သပ်ပေးရင်း သူမကို သောကဝိုင်းနေသောမျက်ဝန်းများဖြင့် ကြည့်နေ၏။ သူ မြင်ရသည်မှာ ရက်ပိုင်းလေးနှင့် ပြောင်းလဲသွားခဲ့သော သူမမျက်နှာဖြူဖြူဥဥလှလှလေးကိုသာ။

ယခုတွင် မန်ဟို့နှလုံးသားထဲရှိ နတ်ဆိုးသည် သံကြိုးများမှ လွတ်မြောက်ပြီး နိုးထလာနေပြီဖြစ်သည်။

ကုန်ဆုံးသွားခဲ့သော ထိုရက်များအတွင်း တောင်ပိုင်းဒေသအပြင်၌ ကြီးမားသောအပြောင်းအလဲများ ဖြစ်ပျက်သွားသည်။ နဂါးငွေ့တန်းပင်လယ်ကမ်းစပ်အပေါ်က တိုက်ပွဲတွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းပေါင်းများစွာ သေဆုံးသွားခဲ့၏။ နဂါးငွေ့တန်းပင်လယ်မှာ သွေးတို့ဖြင့် ရဲပလောင်းခတ်နေ‌ချေသည်။

တိုက်ပွဲသည် နေ့နှင့်အမျှ ပြင်းထန်ရက်စက်လာ၏။ မြောက်ပိုင်းဒေသကျင့်ကြံသူသိန်းပေါင်းများစွာအနက်မှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင်ကြံသူခုနစ်ယောက်ကြောင့် တောင်ပိုင်းဒေသမှာ ခြေကုပ်ထား၍မရတော့ဘဲ နောက်သို့ ဆုတ်လာနေရ၏။

တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်မကျန် တိုက်ပွဲဝင်ရလေသည်။ မည်သည့်မျိုးနွယ်စုမှဖြစ်စေ၊ မည်သည့်ဂိုဏ်းမှဖြစ်စေ၊ အကုန်လုံး ဤသေရေးရှင်ရေးတိုက်ပွဲအတွက် အင်အားစုဆောင်းခြင်းခံကြရသည်။

၎င်းကား မလွဲဧကန် သေသည်အထိ တိုက်ခိုက်ရမည့်တိုက်ပွဲဖြစ်ချေသည်။ မြောက်ပိုင်း၏ ကျူးကျော်မှုသည် အညံ့ခံမှုကို လိုလားသောအရာမဟုတ်ပေ။ သူတို့က တောင်ပိုင်းဒေသကျင့်ကြံသူများ၏ အုတ်မြစ်ကိုပါ အမြစ်ဖြုတ်သုတ်သင်ပစ်ချင်ခြင်းဖြစ်သည်။ ထိုမျှသာမက ‌ပထမအသုတ် ခံစားခဲ့ရသော အကြီးအကျယ်ကျဆုံးမှုများကြောင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် တောင်ပိုင်းဒေသအပေါ် မူလထက်ပို၍ပင် ပြင်းပြင်းထန်ထန် မုန်းတီးစိတ်တို့ ထားနေကြ၏။

ဘယ်သူမှ အခြားတစ်ဖက် မသေမချင်း အနားယူမည်မဟုတ်။

ဂိုဏ်းများ ပျက်စီးပြီး မျိုးနွယ်စုတစ်စုပြီးတစ်စု သေကြေကုန်သည်။ နောက်ဆုံးတော့ စစ်ပွဲသည် စစ်မျက်နှာစာခြောက်ခုအပေါ် အာရုံစိုက်လိုက်၏။ ၎င်းသည် မြောက်ပိုင်းသဲကန္တာရမှ တောင်ပိုင်းဒေသသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သော အံ့မခန်း‌မြှားခြောက်စင်းအလားပင်။

စစ်မျက်နှာသုံးနှင့်လေးက နောက်ဆုံးတွင် ပေါင်းစုသွားပြီး ကျင့်ကြံသူအရေအတွက်အများဆုံး စုဝေးရာဖြစ်လာသည်။ တောင်ပိုင်းဒေသ၏ကျင့်ကြံသူသိန်းချီနှင့်အတူ မြောက်ပိုင်းသဲကန္တာရ၏ ပင်မတပ်ဖွဲ့လည်း ထိုနေရာတွင် ရှိနေသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးမှာ နည်းနည်းလေးမှ မရပ်နားသည့်အပြင် တောင်ပိုင်းဒေသသည် တရစပ်‌ ဆုတ်နေရသော အနေအထားတွင် ဖြစ်၏။

နေ့စဉ်နေ့တိုင်း အကျအဆုံးများက တောင်လိုပုံနေပြီး အလောင်းများ ပြွတ်သိပ်နေသော သွေးချောင်းများက မြေပြင်တစ်လျှောက် စီးဆင်းနေသည်။

ရက်အနည်းငယ်ကြာသော် စစ်မျက်နှာသုံး‌နှင့်လေးရှိ တောင်ပိုင်းဒေသ၏ ကျင့်ကြံသူသိန်းချီမှ တစ်ဝက်ကျော်မှာ သေဆုံးသွားကြလေပြီ။ ကျန်ရှိသော အင်အားနှစ်သိန်း‌မှာ သွေးမိစ္ဆာဂိုဏ်းဆီသို့ ဆုတ်နေကြရ၏။

နောက်ဆုံးခံစစ်တပ်ဖွဲ့မှာ မြောက်ပိုင်းဒေသ၏ အညှာအတာမရှိ တိုက်ခိုက်မှုကို ခုခံရန် သွေးမိစ္ဆာဂိုဏ်းအပြင်တွင် နေရာယူထားကြ၏။

စိတ်မချမ်းမြေ့ဖွယ် အော်သံများနှင့် သူသေကိုယ်သေ တိုက်ခိုက်သံများက စစ်မြေပြင်တစ်လျှောက် ထစ်ချုန်းနေသည်။ နတ်ဘုရားစွမ်းရည်များ၏ လင်းရောင်စုံက လေတွင် ပြည့်နှက်နေပြီး မြေငလျင်တို့ တုန်ခါဟည်းလျက်ရှိသည်။

မြောက်ပိုင်းသဲကန္တာရသည် ဆူးတင်းပုတ်များ ကိုင်စွဲသည့် တောင်အရွယ် ဘီလူးကြီးများဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဘီလူးကြီးများက တပ်‌ဖျားမှ ဦးဆောင်ဝင်ရောက်လာခဲ့ပြီး တစ်ကိုယ်လုံး သွေးသံရဲရဲ ဒဏ်ရာရနေကြသည့်တိုင် ရက်ရက်စက်စက် သတ်နေကြသေးသည်။ ထို့နောက် ‌မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် လိုက်ပါလာသည့် မရေမတွက်နိုင်သော သားရဲများ၊ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကောင်များ ရှိသည်။ သူတို့သည် သူတို့လမ်း၌ ရှိရှိသမျှ အရာအားလုံးကို နင်းချေပစ်နေသော အင်အားကြီးတပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာသည်။

***

All Chapters