← Chapters

မင်္ဂလာပွဲနှင့်ပတ်သက်ပြီး နောင်တဟူ၍မရှိ

Vol. 56 Ch. 772

မင်္ဂလာပွဲနှင့်ပတ်သက်ပြီး နောင်တဟူ၍မရှိ

Vol. 56 Ch. 772

စစ်ပွဲ၏ ရုန့်ရင်းဆန်ခတ် တိုက်သံခိုက်သံတို့သည် သွေးမိစ္ဆာဂိုဏ်းအတွင်းသို့ ပျံ့လွင့်လာ၏။ တောင်ပိုင်းဒေသကျင့်ကြံသူများနှင့်အတူ ကျန်ရှိသော သွေးမိစ္ဆာဂိုဏ်းသားအကုန်လုံးသည် ချီတက်လာနေသော မြောက်ပိုင်းသဲကန္တာရစစ်တပ်ကို တိုက်ခိုက်တွန်းလှန်ရင်း အပြင်တွင် ဖြစ်ကြသည်။

တောင်ပိုင်းဒေသ‌ကျင့်ကြံသူများမှာ သွေးမိစ္ဆာဂိုဏ်းသို့ ဆုတ်ခွာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့များ ထိုးစစ်‌ဆင်လာနေကြစဉ် ဤနေရာသည် တောင်ပိုင်းဒေသအတွက် အထွတ်အမြတ်မြေတစ်မြေပမာ ဖြစ်လာခဲ့သည်။

သွေးမိစ္ဆာဂိုဏ်းကား တောင်ပိုင်းဒေသတွင် အင်အားအကြီးဆုံးဂိုဏ်းမဟုတ်ပေလော။

သွေးမိစ္ဆာဂိုဏ်းတွင် တောင်ပိုင်းဒေသတစ်ခုလုံးကို ‌ကျိန်စာဘေးမှ ကယ်တင်ခဲ့သော မန်ဟိုရှိသည်။

သွေးမိစ္ဆာဂိုဏ်းတွင် အတုမရှိသော ဒဏ္ဍာရီလာ အစွမ်းထက်တန်ခိုးရှင် သွေးမိစ္ဆာဂိုဏ်းချုပ်ရှိသည်။

သို့ဖြစ်၍ ယင်းသည် စစ်မျက်နှာသုံးနှင့် လေးမှ တပ်ဖွဲ့များ ဆုတ်ခွာလာခဲ့သည့် နေရာဖြစ်လာသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများက ထိုအခြင်းအရာကို သဘောကျကြလေ၏။ သူတို့လိုချင်သည်က တောင်ပိုင်းဒေသ၏အုတ်မြစ်ပျက်စီးခြင်း ဖြစ်သည်။ ‌သွေးမိစ္ဆာဂိုဏ်းကို အမြစ်လှန်နိုင်လျှင် တောင်ပိုင်းဒေသ‌ကျင့်ကြံသူများအား တစ်ချက်တည်းနှင့် အပြီးသတ်နိုင်မည်။

‌တောင်ပိုင်းဒေသတစ်ဝန်းရှိ ကျန်စစ်မျက်နှာများသည်လည်း နေရာပြောင်းကာ ‌သွေးမိစ္ဆာဂိုဏ်းနှင့် နီးကပ်လာကြသည်။ ကြည့်ရသရွေ့ သူတို့သည် သွေးမိစ္ဆာဂိုဏ်းကို သူတို့၏နောက်ဆုံးခြေကုပ်စခန်းအဖြစ် ထားရှိလိုခြင်းဖြစ်လိမ့်မည်။

တောင်ပိုင်းဒေသ၏အခြေအနေမှာ .... နိုင်ဖို့ မျှော်လင့်ချက်မရှိသယောင်ပင်။ ယခုတွင် မြောက်ပိုင်းသဲကန္တာရတပ်မှ တတိယအသုတ်ကို လှုပ်ရှားစေခဲ့ပြီဖြစ်ရာ ‌နဂါး‌ငွေ့တန်းပင်လယ်မှ ရောက်လာရန် ရက်ပိုင်းမျှသာ လိုတော့၏။

ထိုတတိယအသုတ်သည် မြောက်ပိုင်းသဲကန္တာရ၏ အမြင့်ဆုံးအင်အားကို ကိုယ်စားပြုသည်။

အဆက်မပြတ် သတ်ဖြတ်မှုများအား သွေးမိစ္ဆာဂိုဏ်း၏ပတ်ပတ်လည်တွင် မျက်မြေတွေ့ရနိုင်သည်။ ‌ဆေးလုံးမိစ္ဆာ၊ ‌ခေါင်းဆောင်ကြီးစုန့်နှင့် တောင်ပိုင်းဒေသရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်အကုန်လုံးသည် စစ်ပွဲ၏ ဦးစားပေးစစ်မြေပြင်တွင် ရှိနေကြသည်။ သူတို့မှာ အလွန်ကြာမြင့်စွာ တိုက်ခိုက်သတ်ဖြတ်နေရ၍ မျက်လုံးများနီရဲတွတ်နေချေပြီ။

‌ခေါင်းဆောင်ကြီးစုန့်မှာ လက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးတစ်ဖက် ကန်းသွားခဲ့သည်။ သူ၏အရှိန်အဝါမှာ အားနည်းနေသည့်အတွက် အသက်စွမ်းအားကိုပင် စတင်လောင်ကျွမ်းပစ်နေရသည်။

ဇီယွင်ဂိုဏ်းမှ စွန်းတောက်မှာတော့ အပြင်အားကိုယ်ကို ဆုံးရှုံးလိုက်ရပြီး ယခုတွင် အနုသုခုမနတ်ခန္ဓာထက် မပိုတော့ပေ။ သို့သော် သူကား လည်နေသော ဆေးပေါင်းဖိုများဖြင့် ခြံရံလျက် မဆုတ်မနစ် တိုက်ခိုက်‌နေဆဲပင်။

ကျင်းဟန်ဂိုဏ်းချုပ်သည် ဒဏ်ရာအပြင်းအထန်ရထား၏။ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် သူသည် အသိစိတ်တချို့ ပြန်ဝင်လာပြီး နားဝေတိမ်တောင် ဖြစ်မနေတော့ပေ။ နောက်ဆုံး စိတ်နှင့်ကိုယ်ပြန်ကပ်သွားသောအခါ သူက ထွက်မပြေးဘဲ ခါးခါးသီးသီး ရယ်တော့သည်။

"ဝဋ်ကြွေး‌မကုန်‌သေးဘူးပဲ" သူက ‌ဟိန်းဟောက်လိုက်သည်။ "တောင်ပိုင်းဒေသအပေါ် တင်နေတဲ့ ဝဋ်ကြွေး" ထိုသို့ပြောရင်း သူသည် ယခင်ထက်ပင်ပို၍ သွေးရူးသွေးတန်း တိုက်ခိုက်တော့၏။

လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံးမှာတော့ အသိစိတ်ပြန်ဝင်မလာဘဲ တိုက်ခိုက်ရင်း‌ သေဆုံးသွားခဲ့သည်။

သူ၏သေဆုံးမှုက ‌စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သူသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်တွင် ဖြစ်ပြီး အဆုံးသတ်တွင် ခန္ဓာဖောက်ခွဲပစ်ဖို့ ရွေးချယ်လိုက်၏။ သူ၏ဖောက်ခွဲမှုက မြောက်ပိုင်းသဲကန္တာရမှ မည်သည့်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ကိုမှ မသတ်နိုင်ခဲ့သော်လည်း သုံးယောက်ကို ဒဏ်ရာအကြီးအကျယ်ရသွားစေခဲ့သည်။

ဆေးလုံးမိစ္ဆာမှာ ခြေကုန်လက်ပန်းကျနေပြီး ဒဏ်ရာလည်း ရထားသည်။ တစ်နေရာတွင် ခရမ်းရောင်အမှတ်တစ်ခုသည် သူ၏နဖူးပြင်ထက်၌ ပေါ်လာခဲ့၏။ အဆိုပါအမှတ်မှာ ယခင်က ချိတ်ပိတ်ခံထားရသော်လည်း ယခုတွင် ဆေးလုံးမိစ္ဆာသည် ၎င်းကို စမ်း၍ထုတ်ဖော်ကြည့်လိုက်ခြင်း ဖြစ်တန်ရာသည်။

အမှတ်ပေါ်လာသောအခါ သူ၏ကျင့်ကြံခြင်းအခြေခံက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်မှ ထွက်၍ အလယ်အလတ်အဆင့်သို့ ဖြတ်ကာ ... တာအိုရှာဖွေခြင်းနှောင်းပိုင်းအဆင့်စွမ်းအားကို ထုတ်ဖော်နိုင်သွားလေသည်။

သူ့ကိုယ်ထဲတွင် ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများက အပြင်ထွက်လာနိုင်ဖို့ ဝုန်းဒိုင်းကြဲ ရိုက်ခတ်သောင်းကျန်းနေသည့်အလားပင်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များ အကျအဆုံး ပို၍ပင် များပြားလာသည်။

မြောက်ပိုင်းသဲကန္တာရလည်း ထိုနည်းတူ သေကြေပျက်စီးမှုများကို ခံစားနေရသည်။ စစ်ပွဲသည် လျင်မြန်စွာ ဖြစ်ပျက်နေပြီး အချိန်တိုလေးတွင်း နေရာတိုင်းလိုလိုတွင် သွေးချောင်းစီးနေချေပြီ။

အပြင်မှ တိုက်သံခိုက်သံ၊ သတ်သံဖြတ်သံတို့ သွေးမင်းသားလျှိုမြောင်အတွင်း ပျံ့လွင့်လာစဉ် မန်ဟိုက ရှုချင်ကို ပွေ့လျက် သူမ ပိုပို၍ အိုမင်းလာသည်ကို ကြည့်နေ၏။ အတွန့်အခေါက်များစွာသည် သူမမျက်နှာအပေါ်တွင် နေရာယူနေပြီး သူမဆံပင်များလည်း ဆွတ်ဆွတ်ဖြူနေချေပြီ။ နောက်ဆုံးတော့ သူ့နှလုံးသားထဲရှိ နာကျင်ကြေကွဲမှုမှာ အပြင်ရှိ တိုက်ခိုက်သတ်ဖြတ်မှုများနှင့် တစ်သားတည်းဖြစ်သွားသယောင်ပင်။

သူ့အတွက် ရှုချင်၏အသက်စွမ်းအားများ ယုတ်လျော့နေသည်ကို တားဆီးဖို့ နည်းလမ်းမရှိ‌ပေ။ သူ့မှာ သူမ၏လှပပျိုမျစ်မှုတို့ ‌တစတစ ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်သည်သာ။

သူမ၏ မှုန်ဝါးနေသောမျက်ဝန်းလေးများ ပွင့်လာသည့်အခါ ၎င်းတို့အတွင်း၌ ကြည်လဲ့သွားမှု ၊ တောက်ပသွားမှုကို မြင်ရခြင်းမရှိလေတော့။ သူမတစ်ကမ္ဘာလုံးသည် မှုန်ဝါးဝါးနှင့် မပီမသဖြစ်လာခဲ့လေပြီ။

"အစ်မ မရှိတော့ရင် လွမ်းနေမှာလား..." သူမက မေးသည်။

မန်ဟိုမှာ ဤစကားကို ကြားလျှင် မျက်ရည်များ ဝဲတက်လာပြီး ရင်မှာ ဆို့နင့်နာကျင်လာ၏။ သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး သူ့မျက်ရည်များက သူမအပေါ် ခ,လေသည်။

"မငိုပါနဲ့..." သူမသည် ကျန်ရှိသေ အားအင်တို့ကို စုစည်းရင်း လက်မြှောက်ကာ သူ့မျက်ရည်များကို သုတ်ပေး၏။ "အစ်မ ပျော်ပါတယ်။ ‌တာ့ချင်းတောင်မှာ မင်းနဲ့ ဆုံတွေ့ခဲ့ရတဲ့အတွက် ပျော်တယ်....

"ဘဝပြန်ဝင်စားပြီး မှတ်ဉာဏ်တွေ ပြန်ရရင်လေ .... မင်းနဲ့အတူ နောက်တာ့ချင်းတောင်အပေါ်မှာပဲဆို ....သိပ်ကောင်းမှာပဲ....

"မန်ဟို၊ အခုတလော အစ်မ အိပ်မက်တွေ အများကြီး မက်နေတယ်။ မက်လိုက်တိုင်း ...တို့နှစ်ယောက် တာ့ချင်းတောင်ပေါ် ရောက်နေရင်ရောက်၊ မဟုတ်ရင် မှီခိုရာဂိုဏ်း ပြန်ရောက်နေတယ် ..." သူမ စကားပြောနေစဉ် သူမ၏အသက်စွမ်းအားမီးတောက်သည် တဖြေးဖြေး ငြိမ်းလာနေ၏။

ယခုအချိန်တွင် သူမသည် အသိအပြည့်ရှိနေ၏။ သိသာစွာပင် ဤသည်မှာ မသေခင် ကြုံတွေ့ရတတ်သော အသက်စွမ်းအားနောက်ဆုံးအကြိမ် တောက်လောင်မှု၊ စိတ်ကြည်လင်မှု၏နောက်ဆုံးလက်ကျန် ဖြစ်သည်။ သူမမျက်ဝန်းများသည် မှုန်ဝါးမနေတော့ဘဲ ကြည်လင်လျက်ရှိ၏။ အတိတ်ပြန်ပြောင်းတွေးတောနေသဖြင့် နွေးထွေးနေသလို၊ ထွက်မသွားချင်၊ မခွဲခွာချင်လိုစိတ်လည်း ပြည့်နှက်နေသည်။

သူမသည် တောင်ပိုင်းဒေသမှ ထွက်မသွားချင်၊ မန်ဟို့ကိုလည်း တစ်ယောက်တည်း မထားရစ်ခဲ့ချင်ပေ။ သူမကို ဤနေရာနှင့် မခွဲခွာနိုင်အောင် ငြိတွယ်နေသော အရာများစွာ ရှိသည်။ အမှတ်တရတွေလည်း များပြားလှသည်။ ထိုအရာတစ်ခုနှင့်မှ သူမ လမ်းမခွဲချင်ပေ။ မန်ဟိုနှင့်လည်း နှစ်တစ်ရာအတူနေချင်သည်။ ကံဆိုးသည်ကား ... မဖြစ်နိုင်လေတော့။

သူမက သက်ပြင်းချလိုက်ပြီး သူမနှလုံးသား၏ အနက်ရှိုင်းဆုံးထဲတွင် နောင်တကို ခံစားလိုက်ရသည်။ ထိမ်းမြားခြင်းအခမ်းအနားတစ်ဝက်သာ ပြီးသေးသည့်အတွက် .... နောင်တ။

"မန်ဟို .... ကိုယ့်ကိုယ်ကို ဂရုစိုက်နော်... မင်းရှင်ရင် အစ်မ ရှင်မယ်.... မင်းသေရင် အစ်မ သေမယ်.... အစ်မ ဘဝပြန်ဝင်စားပြီးလို့ မှတ်ဉာဏ်တွေ ပြန်ရလာခဲ့အခါ မင်း အဲ့ဒီမှာ ရှိနေရမယ်နော် ..... မင်းသာ မရှိလို့ကတော့ ဘာမှမသိဘဲ အမှောင်ထုထဲကနေ နိုးထမလာချင်ပါဘူး" သူမမျက်ဝန်းလေးတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းရောင်မှာ မှေးမှိန်စပြုလာသည်။ စောစောက မန်ဟို့မျက်ရည်များကို သုတ်ပေးခဲ့သော လက်လေးသည် အားနည်းလွန်း၍ ပြန်ကျသွား၏။

၎င်းပြန်ကျသွားသည့်အခိုက်အတန့်တွင် မန်ဟိုက ၎င်းကို လှမ်းဆုပ်ကိုင်လိုက်သည်။ ရှုချင်ကို ကြည့်နေသော သူ၏မျက်ဝန်းများတွင် နွေးထွေးမှုနှင့်အတူ ပူဆွေးမှုတို့က ရောယှက်နေသည်။

သူသည် သူ့ညာလက်ကို သူမကျောတွင် ကပ်၍ သူ၏အသက်စွမ်းအားများအား သူမကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။ ထိုအခိုက်တွင် သူ့ဆံပင်များ ဆွတ်ဆွတ်ဖြူသွား၏။

ထိုအပြုအမူလေးက သူမ၏ ‌ကုန်ခမ်းနေသော အသက်စွမ်းအားကို အားဖြည့်ပေးလိုက်ရင်း သူမကို အချိန်အနည်းငယ် ဆက်နေနိုင်သွားစေသည်။ သူမသည် မခွဲခွာချင်သော အငွေ့အသက်များကို ထပ်မံရှူရှိုက်လိုက်ရ၍ မန်ဟို့ကို အတန်ငယ် ပိုမိုတောက်ပလာသော မျက်ဝန်းလေးများဖြင့် ကြည့်လိုက်သည်။

"အစ်မကို သွားခွင့်ပေးလိုက်တော့နော် ဟုတ်ပြီလား ..." သူမက တိုးညှင်းဖျော့တော့စွာ ပြောသည်။

မန်ဟို့မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွား၏။ "ကျွန်တော်တို့ မင်္ဂလာပွဲမပြီးသေးဘူး" သူက ပြောသည်။ "ဒါကြောင့် အစ်မ အခုထိ သွားလို့မရသေးဘူး .... ကျွန်တော် အစ်မအတွက် ထိမ်းမြားခြင်းအခမ်းအနားပြီးဆုံးအောင် ကျင်းပပေးမယ်" သူသည် ထိုသို့ပြောရင်း သူမကို မလွှတ်တမ်း ပွေ့၍ လေပေါ် ပျံတက်လိုက်သည်။

သူမှာ သူမကို ဖက်ထားသည်အား နည်းနည်းလေးမှ မဖြေလျော့ရဲပေ။ သူ၏အသက်စွမ်းအားစီးဆင်းမှုကသာ သူမမပျောက်ကွယ်သွားအောင် ထိန်းထားပေးခြင်းဖြစ်၏။

သူတို့သည် အနီရောင်သတို့သား၊သတို့သမီးဝတ်စုံများကို ဝတ်ဆင်ထားဆဲဖြစ်ပြီး တစ်ခေါင်းလုံး ဖြူဆွတ်နေသည်။ နှစ်ယောက်လုံး အိုမင်းနေချေပြီ။

မန်ဟို သွေးမင်းသားလျှိုမြောင်မှ ပျံထွက်လာသည့်အခါ ဝမ်းမြောက်မှုနှင့် ကံဆိုးမှုတို့ အတူတကွ ပေါင်းစည်းသွားသယောင်ပင်။ သူသည် အဝေးတွင် ဖြစ်ပွားနေသော ကြောက်မက်ဖွယ် တိုက်ပွဲကြီးကို မြင်လိုက်ရ၏။

ကျင့်ကြံသူသိန်းပေါင်းများစွာသည် ‌မ‌နက်ဖြန်ဆိုတာ မရှိတော့သည့်အလား တိုက်ခိုက်နေကြ၏။ မှော်သိုင်းလှိုင်းဂယက်များသည် အရပ်လေးမျက်နှာသို့ စီးဖြာနေသည်။ တောက်ပနေသော ရောင်စဉ်တန်းများက ကောင်းကင်တွင် လင်းလက်နေပြီး တိမ်တိုက်များ ဖရိုဖရဲဖြစ်နေသည်။ ပေါက်ကွဲမှုများ၊ ပေါက်ကွဲသံများသည် သေကြေမှု၊ ပျက်စီးမှုတို့ကို ဆောင်ကြဉ်းလာ၏.... မချိတင်ကဲ အော်သံများက စစ်မြေပြင်တစ်လျှောက် ပျံ့လွင့်နေသည်။ ၎င်းတို့သည် မြေအောက်ကမ္ဘာ၏ မရဏမြစ်ကို ဖော်ညွှန်းနေသော အသံလှိုင်းများသဖွယ် ဖြစ်လာ၏။

ထက်ကောင်းကင်နှင့် အောက်မြေပြင်မှာ အဆုံးမရှိသော အလောင်းများဖြင့် ပြည့်လျက် သွေးရောင်ခြယ်မှုန်းနေသည့်အလားပင် ...

ညနေခင်းဖြစ်သော်လည်း ကြေကွဲနေသော လေနှင့် ဝေ့ဝိုက်တိုက်ခတ်နေသော လေဆင်နှာမောင်းများက ကောင်းကင်ကို ညအလား မှောင်မိုက်နေစေသည်။

မန်ဟို ပေါ်လာသောအခါ ၎င်းက အာရုံအတော်များများကို ဆွဲဆောင်လိုက်သည်။ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရမှ အစွမ်းထက်ပညာရှင်များသည် အနီရောင်သတို့သား၊ သတို့သမီးဝတ်ရုံများ ဝတ်လျက် ခေါင်းမွှေးတို့ဖြူနေသော အဘွားအိုတစ်ဦးကို ပွေ့ထားသည့် အဘိုးကြီးအား မြင်လိုက်ရကြ၏။

ထိုလူ့ထံမှ တည်ငြိမ်မှုနှင့် ပူဆွေးမှုတို့ ရောနှောနေသော အငွေ့အသက်ကိုလည်း အာရုံရလိုက်ကြသည်။

တောင်ပိုင်းဒေသကျင့်ကြံသူများမှာတော့ သူ့ကို မြင်ရာတွင် မခါးသီးမိဘဲ၊ မနာကျင်မိဘဲ မနေကြပေ။

"မန်ဟို ... အရှင်မင်းသားမန်ဟိုပဲ"

"မဟုတ်မှ ... သူ ပွေ့ထားတာ ရှုချင်လား... အဲ့... အဲ့ဒီ ကျိန်စာစွမ်းအားက ..."

"ငါ မင်္ဂလာပွဲကျင်းပတုန်းက ရှိနေခဲ့တာ။ ငါ့ဘဝမှာ အဲ့ဒီလောက်ခမ်းနားတဲ့ မြင်ကွင်းမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး..."

ခေါင်းဆောင်ကြီးစု့န်သည် မန်ဟို့ကို ကြည့်၍ တစ်ခုခုပြောချင်နေသောပုံစံရှိသော်လည်း အဆုံးသတ်တွင် မပြောပေ။ သူ့အနေဖြင့် နှလုံးသားတစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလို နက်ရှိုင်းလှသော နာကျင်မှုအား မန်ဟို့ဆီမှ ခံစားနေရလေသည်။

နိုးထလာခဲ့သော ကျင်းဟန်ဂိုဏ်းချုပ်လည်း တိတ်ဆိတ်နေသည်။

စွန်းတောက်တွင် အနုသုခုမနတ်ခန္ဓာမှတစ်ပါး ဘာမှမကျန်တော့ပေ။ သူသည် မန်ဟို့ကို အဝေးမှ လှမ်းကြည့်ပြီးနောက် လှည့်၍ ဆက်လက်တိုက်ခိုက်နေ၏။

ဆေးလုံးမိစ္ဆာမှာတော့ စိတ်မကောင်းဖြစ်နေသောအမူအရာရှိသည်။ သူသည် သူ့တပည့်ကို ကြည့်ရင်း ထိမ်းမြားခြင်းအခမ်းအနားမှ ဤအခြေအနေဖြစ်သွားခဲ့ပုံကို မတွေးမိဘဲ မနေပေ။ ဝမ်းသာပီတိဖြစ်ရခြင်းကား ဝမ်းနည်းကြေကွဲရခြင်းသို့ ပြောင်းလဲသွားလေပြီ။ သူ့မှာ ဘာမှပြောရမှန်း မသိတော့ပေ။

စစချင်း မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူအကုန်လုံးနီးပါး မန်ဟို့ကို သတိမထားမိကြ။ သို့သော် သူ၏အဝတ်အစားများ၊ ဆံပင်ဖြူများနှင့်အတူ တောင်ပိုင်းဒေသကျင့်ကြံသူများ၏ စိတ်မကောင်းဖြစ်နေသော အမူအရာများကို မြင်သည်နှင့်တစ်ပြိုင်နက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြား ရာဇဝင်တွင်လာခဲ့သော နာမည်တစ်ခုကို တွေးမိလိုက်ကြ၏။

"မန်ဟို သေချာပေါက် ဟိုခွေးမသား မန်ဟိုပဲ"

"ဟုတ်တယ် သူပဲ။ သူက ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးပါတဲ့ ပထမအသုတ်တစ်ခုလုံးကို ‌ဒုက္ခရောက်စေခဲ့တာလေ။ ကျင့်ကြံသူသိန်းချီ .... အသတ်ခံလိုက်ရတာ။ နဂါးငွေ့တန်းပင်လယ်တောင် သွေးရောင်ပြောင်းသွားခဲ့ရတယ်"

"ငါတို့ မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့တွေက သူ့မင်္ဂလာပွဲနေ့ကျမှ တောင်ပိုင်းဒေသကို ကျုးကျော်ခဲ့တာလေ။ သူ့အတွက် ဘယ်လောက်ကံဆိုးလိုက်သလဲ။ မင်္ဂလာနေ့ကနေ အမင်္ဂလာနေ့ဖြစ်သွားရတာ"

"ဟုတ်တယ် နည်းတောင်နည်းသေးတယ်။ အခု မျက်နှာထွက်ပြပြီဆိုတော့ သေတော့မှာ သေချာတယ်။ သူ့အတွက် ကောင်းတာပေါ့။ နှစ်ယောက်အတူတူ မြေအောက်ကမ္ဘာကို သွားနိုင်ပြီလေ။ ‌ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားကြတဲ့ အသေကောင်ဝိညာဉ်နှစ်ကောင် ဟားဟားဟား"

တအံ့တဩ ဆူညံနေသော တပ်ဖွဲ့များအကြားတွင် မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များရှိသည်။ သူတို့အားလုံးမှာ ဒဏ်ရာအသီးသီးရထားကြသည်။ အထူးသဖြင့် ‌လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံး၏ သေဆုံးမှုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သော သုံးယောက်ပင်။ ထိုသုံးယောက်အနက် တစ်ယောက်သည် တိရစ္ဆာန်သားရေနှင့်လူဖြစ်ကာ နောက်တစ်ယောက်က ဟင်းရိုင်းနီသစ်သီးစားခဲ့သော လူငယ်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ပထမအသုတ်နှင့်အတူ လာခဲ့ကြပြီး ‌တတိယမြောက်မှာတော့ ဒုတိယအသုတ်နှင့်လာခဲ့သော အဘွားအိုတစ်ဦးဖြစ်၏။

"အဲ့ဒါ တောင်ပိုင်းဒေသကျင့်ကြံသူတွေ အမြဲပြောနေတဲ့ မန်ဟိုဆိုတဲ့သူပေ့ါ" တိရစ္ဆာန်သားရေနှင့်လူက မျက်မှောင်ကြုတ်ရင်း ပြောသည်။ " ကျိန်စာစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူခဲ့တာတောင် မသေသေးဘူးပဲ"

"သူ့ကို မြောက်ပိုင်းသဲကန္တာရရဲ့ အဓိကရန်သူအဖြစ် သတ်မှတ်လို့ရတယ်" လူငယ်က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တဝင်းဝင်း တောက်နေ၏။ "သူ သေသွားရင် သူ့အတွက် ကံကောင်းမှာ။ အခု မသေသေးတော့ သူ့ကို ဒီနေ့ အသားပြားဖြစ်အောင် လုပ်ပစ်မယ်"

"တကယ်တမ်း မသေသေးတာ ကောင်းတယ်။ မင်္ဂလာဆောင်နေ့မှာ သူ့ချစ်သူ ခြောက်သွေ့အားနည်းနေတဲ့ ခံစားချက်ကို ခံစားခွင့်ပေးလိုက်။ အိုမင်းရတဲ့ခံစားချက် ခံစားခွင့်ပေးလိုက်။ သူ့ကြောင့် သေဆုံးသွားတဲ့ မြောက်ပိုင်းသဲကန္တာရသူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ အနားယူနိုင်ဖို့ သူ့ဝိညာဉ်ကို စတေးခွင့်ပေးလိုက်စမ်းပါ"

ဒဏ်ရာရထားသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးဦး၏ ဘေးတွင် မြောက်ပိုင်းသဲကန္တာရခေါင်းဆောင်ကြီးများ ရှိသည်။ သူတို့သည် အချိန်အတော်ကြာကတည်းက မန်ဟို့နာမည်ကို ကြားထား၍ ယခု သူ့ကို မျက်ဝါးထင်ထင်မြင်ရသောအခါ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။

‌မရေမတွက်နိုင်သော မျက်လုံးများက စစ်မြေပြင်ကို ဖြတ်၍ မန်ဟို့အပေါ် ကျရောက်လာသည်။ မန်ဟိုသည် ပရိဒေဝမီးတို့ ကျွမ်းလောင်တောက်နေသော အမူအရာဖြင့် ဆံပင်တို့ဖြူဆွတ်ကာ အိုမင်းနေသော ရှုချင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူက ခေါင်းမော့လာပြီး သူ့အကြည့်က ဆေးလုံးမိစ္ဆာပေါ် ကျရောက်လာသည်။

"ဆရာ" သူက ပြောသည်။ "ကျွန်တော် ထိမ်းမြားခြင်းအခမ်းအနားကို ဒီမှာ အခု အပြီးသတ်ချင်တယ်။ ဆရာ ကျေးဇူးပြုပြီး သက်သေတည်ပေးပါ" သူ့စကားလုံးများက တည်ငြိမ်နေသော်လည်း အဆိုပါတည်ငြိမ်မှုတွင် တောင်ပိုင်းဒေသကျင့်ကြံသူအကုန်လုံး၏ စိတ်ကို တုန်လှုပ်သွားစေသော တစ်စုံတစ်ခု ပါရှိသည်။

ရှုချင်၏မျက်ဝန်းလေးများက မန်ဟို့ထံမှ မခွာပေ။ သူမသည် ၎င်းတို့ပိတ်မသွားအောင် အားကုန်တိုက်ခိုက်နေရသဖြင့် မျက်ရည်များဝဲလာပြီးနောက် ပါးပြင်တစ်လျှောက် စီးကျလာ၏။

ဆေးလုံးမိစ္ဆာ တုန်လှုပ်သွားသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသကျင့်ကြံသူများ၏မျက်လုံးများ နီရဲလာတောက်လာသည်။

"သွေးမင်းသားရဲ့ မင်္ဂလာပွဲ ဆက်ကျင်းပမယ်"

"သွေးမင်းသား၊ ကျုပ် လက်ဖွဲ့ယူမလာမိလို့ အဲ့ဒီအစား မင်းသားအတွက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူနည်းနည်းပါးပါး သတ်ခွင့်ပြုပါ။ သူတို့ခေါင်းက ကျုပ်ရဲ့ မင်္ဂလာလက်ဖွဲ့ဖြစ်စေရမယ် ၊ သူတို့သွေးက မင်းသားအတွက် ကျုပ်ရဲ့ ဂုဏ်ပြုမှုဖြစ်စေရမယ်"

"အရှင်မင်းသားမန်ဟို ၊ မင်္ဂလာပွဲကို ဆက်ကျင်းပပါ"

တောင်ပိုင်းဒေသကျင့်ကြံသူများ၏ နှလုံးသားထဲရှိ ဝမ်းနည်းကြေကွဲမှုသည် စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသော ကြွေးကြော်သံပမာ ဖြစ်လာသည်။

ချက်ချင်းပင် သွေးမိစ္ဆာဂိုဏ်းသားများက ပျံထွက်လာကာ မီးအိမ်များ၊ အောင်လံတံခွန်များဖြင့် နေရာတစ်နေရာအား ဖန်တီးလိုက်ကြသည်။ ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာပွဲကျင်းပနေသောပုံစံ ပေါ်လာရန် တခဏသာ ကြာလိုက်လေသည်။

စစ်မြေပြင်သည် ယခုတွင် နှစ်ခြမ်းကွဲသွား၏။

တစ်ခြမ်းတွင် သွေးချောင်းစီး‌ သတ်ပွဲ။

တစ်ခြမ်းတွင်တော့ မန်ဟို၏မင်္ဂလာပွဲ။

***

All Chapters