← Chapters

ရှုချင် ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်လေပြီ

Vol. 56 Ch. 773

ရှုချင် ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်လေပြီ

Vol. 56 Ch. 773

စစ်ပွဲဖြစ်ပွားနေသည့်ခုလတ်အတွင်း မင်္ဂလာပွဲကျင်းပခြင်းမှာ တောင်ပိုင်းဒေသတွင် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသောအရာဖြစ်သည်။ တောင်ပိုင်းဒေသကျင့်ကြံသူများ ပူဆွေးသောက၊ အမျက်ဒေါသတို့ဖြင့် ကြွေးကြော်နေကြစဉ် ဆေးလုံးမိစ္ဆာသည် မန်ဟိုနှင့် ဆံပင်တို့ဖြူဆွတ်‌နေသော ရှုချင်ကို ကြည့်ရင်း လေလယ်တွင် ရပ်နေ၏။ ဆေးလုံးမိစ္ဆာ၏နှလုံးသားမှာ တုန်ရီသွားလေသည်။

"ငါ ...မင်းနဲ့ ရှုချင်အတွက် သေချာပေါက် သက်သေဆက်တည်ပေးမယ်" သူက ရှေးဆန်သောအသံဖြင့် ပြောသည်။ သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်နေ၏။

‌မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းချီမှာ သူတို့အရှေ့တွင် ဖြစ်ပျက်‌နေသော မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားကြလေသည်။ သူတို့၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ခုနစ်ဦး၏မျက်လုံးတွင်မူ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားသည်။

"ပထမတစ်ပိုင်းက အနီရောင်ထိမ်းမြားမင်္ဂလာပွဲ။ ဆိုတော့... ကျန်အပိုင်းကို ပိုပြီး သွေးစွန်းသွားအောင် လုပ်ကြစို့"

"မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူအပေါင်းတို့ ၊ တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်မကျန် သုတ်သင်ပစ်လော့ ။ မြေကို သွေးတို့ စွန်းထင်းစေလော့။ တစ်နေရာလုံး ဝိညာဉ်တွေ ပြည့်သွားစေလော့။ ဒီမင်္ဂလာပွဲကို သွေးစွန်းစေလော့ .... တက်"

တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များ၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အသတ်အဖြတ်စိတ်ဆန္ဒကား တဟုန်ထိုး မြင့်တက်သွားလေပြီ။ သူတို့က ညာသံပေးရင်း ချီတက်သွားကြ၏။

"သတ်ကြ"

အစုလိုက်အပြုံလိုက် သတ်ပွဲကြီးကား နောက်တစ်ကြိမ် ပြန်စသည်။ ပထဝီမြေကြီးသည် လှုပ်ရမ်းတုန်ခါနေပြီး လေထုမှာ ပုံပျက်ရှုံ့တွလျက်ရှိသည်။ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရအကြား တိုက်ပွဲသည် ဧရာမဓားသွေးကျောက်ကြီးနှင့် တူ၏။ နှစ်ဖက် ထိပ်တိုက်တွေ့လိုက်တိုင်း မချိတင်ကဲ အော်သံများ ဆူညံသွားမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ဝင်တိုက်လိုက်တိုင်း သွေးအမှုန်အမွှား၊ အသားစိုင်တို့သည် လေတွင် ဖွားခနဲ လွင့်စင်ပြန့်ကြဲကုန်ကာ ‌ဝိညာဉ်များ ငိုရှိုက်ညည်းတတ်လေ၏။

တောင်ပိုင်းဒေသကျင့်ကြံသူများသည် ဒေါသူပုန်ထသွားကြပြီး သူတို့နှလုံးသားမှာ အနိုင်မခံအရှုံးမပေးလိုသော ဇောအဟုန်တို့ဖြင့် လှုပ်ရှားလာသည်။

"ငါတို့ ဒီအထိ လာခဲ့ပြီးပြီ။ အခုက အသေပေးတိုက်ခိုက်ရမယ့် အချိန်ပဲ။ တိုက်ကြ"

"ငါ အသက်ရှိနေတဲ့အချိန်မှာ တောင်ပိုင်းဒေသက ငါ့အိမ်။ ငါသေသွားတဲ့အချိန်မှာ တောင်ပိုင်းဒေသက ငါ့အလောင်းမြေကျရာ နေရာဖြစ်ရမယ်"

"မင်္ဂလာပွဲက သွေးရောင်ခြယ်တဲ့တိုက်ပွဲထဲမှာ ပန်းလေးတစ်ပွင့်လို ပွင့်လန်းလာတော့မယ်။ ဘယ်လောင်ခမ်းနားလိုက်သလဲ။ မင်္ဂလာလက်ဖွဲ့အဖြစ် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေရဲ့ သွေးနဲ့ခေါင်းတွေကို ပေးကြစို့ ၊ သတ်"

‌အသေအကြေတိုက်ခိုက်မှုများက စစ်မြေပြင်ကို လွှမ်းမိုးသွားသည်။ သွေးမိစ္ဆာဂိုဏ်းသားများအတွက် တောင်တန်းများသည် မင်္ဂလာ‌ဖယောင်းတိုင်ဖြစ်ပြီး အောက်ရှိမြေပြင်သည် မင်္ဂလာနေရာဖြစ်၏။ သူတို့သည် လက်များဝှေ့ယမ်းလိုက်ရာ မီးအိမ်များ၊ တံခွန်များဖြင့် လှပတင့်တယ်နေသော နန်းတော်တစ်ခု ပေါ်လာသည်။ နန်းတော်သည် ပျော်ရွှင်ဖွယ်မင်္ဂလာပွဲလေး ကျင်းပနေသည်ဟု လှည့်စားလိမ်ညာနေသယောင်ပင်။ လူတိုင်း ပြုံးနေကြသည်။ အပြုံးများတွင် နက်ရှိုင်းသော ပူဆွေးသောကတို့အား မြင်ရသည်မှလွဲ၍...

မန်ဟိုက ရှုချင်ကို ပွေ့ထားပြီး ရှုချင်က ခေါင်းကလေးကို သူ့ရင်ဘတ်တွင် မှီကာ မြင်ကွင်းကို ရှုစားနေသည်။ သူမသည် မန်ဟို့နှလုံးခုန်သံကို ကြားနေရပြီး သူမနှင့်ကမ္ဘာကြီး၏ဆက်သွယ်မှုကို ခံစားနေရ၏။

သူမက မန်ဟို့ကို မော့ကြည့်ကာ မန်ဟို့ပုံရိပ်ကို ဘဝပြန်ဝင်စားခြင်းပင် မဖယ်ရှားပစ်နိုင်အောင် ၊ မေ့ပျောက်ခြင်းမြစ်ပင် မဆေးကြောပစ်နိုင်အောင်၊ အဘွားမန်ပို၏လက်ဖက်ရည်ပင် သူမကို မေ့ပျောက်စေခြင်းငှာ မစွမ်းနိုင်အောင် သူမစိတ်ဝိညာဉ်ထဲ၌ မှတ်သား‌ဖို့ ကြိုးစားနေသည့်အလားပင်။

မှော်သိုင်းများ၊ နတ်ဘုရားစွမ်းရည်များက မီးရှူးမီးပန်းများသဖွယ် အရာများကို ဖန်တီးလိုက်သဖြင့် တဖျောက်ဖျောက်အသံများ ကြားရနိုင်သည်။ လှပသောအရောင်များ ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပြည့်နှက်သွားသည်။ ထိုမြင်ကွင်းသည် လွန်စွာ လှပလေ၏။

ကြင်စဦး သတို့သား၊ သတို့သမီးမှာ ပတ်ဝန်းကျင်ရှိ စစ်ပွဲနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေသည်။

ရှုချင်ကို ပွေ့၍ အသက်စွမ်းအားများ ထည့်သွင်းပေးနေစဉ် မန်ဟို၏ ဆံပင်ဖြူဖြူများသည် လေတွင် မျောလွင့်လျက်ရှိ၏။ ရှုချင်ဆံနွယ်များမှာလည်း ဖြူဆွတ်နေသည့်အပြင် သူမမျက်နှာလေးမှာ အိုမင်းရွတ်‌တွနေလေပြီ။ သို့သော် ၎င်းသည် သန့်ရှင်းမွန်မြတ်မှုဖြင့် ဝင်းပနေသယောင်လည်း ရှိသည်။

အဘွာားအိုတစ်ဦးဖြစ်နေသည့်အချိန်မှာပင် သူမသည် အလှအပတို့ယုတ်လျော့သွားသည့်တိုင် ဆက်ပြုံးနေနိုင်သေး၏။

မန်ဟိုလည်း ပြုံးနေသည်။ သို့ရာတွင် သူ့နှလုံးသားထဲရှိ ပူဆွေး‌သောကမှာ နက်ရှိုင်းသထက် နက်ရှိုင်းလာနေသည်။ ယခုတွင် သူ့မှာ သူမမျက်ဝန်းလေးများကို စူးစူးစိုက်စိုက် ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူ့လက်ကို ဖြေလျော့လိုက်လျှင် သူမ ပျောက်ကွယ်သွားလိမ့်မည်ကို သူ သိသည်။

သူမသည် ဤသက်ရှိကမ္ဘာမှ ခွဲခွာကာ ဘဝပြန်ဝင်စားဖို့ သွားရောက်ရလိမ့်မည်။

"သတ်ပစ်" မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် ခုနစ်ဦးသည် အပေါ်မှ ဆင်းလာ၏။ ခေါင်းဆောင်ကြီးစု့န်က ဝမ်းနည်းကြေကွဲနေသောအမူအရာဖြင့် ဟိန်းဟောက်ကာ သူတို့ကို ရင်ဆိုင်ရန် ပျံတက်သွားသည်။ စွန်းတောက်၏ အနုသုခုမနတ်ခန္ဓာ၊ ကျင်းဟန်ဂိုဏ်းချုပ်နှင့် မန်ဟို၏ဒုတိယကိုယ်အစစ်လည်း သူနှင့်အတူ လိုက်ပါသွား၏။

လေးယောက်က ခုနစ်ယောက်ကို ပိတ်ဆို့လိုက်သဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။

ခါးခါးသီးသီး တိုက်ခိုက်မှုများက ဟိုဟိုသည်သည် ဆက်လက် ဖြစ်ပွားနေသည်။ ဟိန်းဟောက်သံများ၊ သွေးပျက်မတတ် အော်သံများ လေတွင် ပြည့်နေသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့် တောင်ပိုင်းဒေသကျင့်ကြံသူများသည် မဲမဲမြင်ရာမှန်သမျှ ကမူးရှူးထိုး သတ်ဖြတ်ရင်း ရူးမိုက်နေကြ၏။

တိုက်ပွဲကြီး တောမီးသဖွယ် တဟုန်းဟုန်း တောက်နေစဉ် မြေကြီးမှာ တုန်ခါနေလေသည်။

အနီးတွင် .... တရားဝင်ကျင်းပနေသော မင်္ဂလာပွဲအား လူတိုင်း မြင်ရနိုင်သည်။

ဆေးလုံးမိစ္ဆာသည် မန်ဟိုနှင့် ရှုချင်၏အရှေ့တွင် ရပ်ရင်း လေပေါ်ပျံဝဲနေသည်။ သူက မန်ဟို့ကို တစ်လှည့်၊ မန်ဟိုပွေ့ထားသော ရှုချင်ကို တစ်လှည့် ကြည့်လိုက်သည်။ ဆေးလုံးမိစ္ဆာ၏နှလုံးသားမှာ တစစီစုတ်ဖြဲခံနေရသလို ခံစားနေရသော်လည်း သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်စ မဖြစ်ထွန်းလာဘဲ မနေပေ။

မန်ဟိုက ရှုချင်ကို ပွေ့ထားလျက် ဆေးလုံးမိစ္ဆာကို ကြည့်သည်။

"ဆရာ ကြေညာပေးပါနော်" သူက ပြောသည်။

မြေကြီးသည် တုန်ခါနေသော်လည်း ဒူးထောက်ဂါဝရပြုလိုက်ကြသော ကျင့်ကြံသူအမြောက်အမြား ရှိသေးသည်။ ၎င်းသည် မန်ဟို ကျိန်စာကို စုပ်ယူ၍ သူတို့အသက်ကို ကယ်ပေးခဲ့အတွက် ကျေးဇူးတင်ကြောင်း ပြသသော အပြုအမူတစ်ခုဖြစ်၏။

ထိုကဲ့သို့ ဒူးထောက်ဂါဝရပြုခြင်းသည် နှလုံးသားမှ တိုက်ရိုက်လာသော ဒူးထောက်ဂါဝရပြုခြင်းဖြစ်၏။

စစ်မြေပြင်၏အပေါ် ခပ်မြင့်မြင့်မှ ကြည့်လျှင် တစ်နေရာလုံးမှာ နှစ်ခြမ်းကွဲနေကြောင်း အံ့ဩဖွယ်ကောင်းစွာ မြင်ရပေမည်။ တစ်ခြမ်းတွင် မင်္ဂလာပွဲကျင်းပနေသည်။ တစ်ခြမ်းတွင်တော့ စင်စစ် သတ်ဖြတ်ပွဲကြီး ဖြစ်သည်။

မန်ဟို၏ ထိမ်းမြားမင်္ဂလာပွဲ ပထမအပိုင်းကို တက်ရောက်ခဲ့သူများသည် ယခုတွင် ဒုတိယအပိုင်းကို ဆင်နွဲနေကြ၏။ သူတို့ကား မည်သို့ပင်ဖြစ်စေ လက်လျှော့မည်မဟုတ်။

မင်္ဂလာပွဲ သွေးစွန်းစွန်း၊ ပြာကျကျ … ပြီးဆုံးမှဖြစ်မည်။ ဤသည်မှာ မန်ဟို၏ရွေးချယ်မှုဖြစ်သလို တောင်ပိုင်းဒေသကျင့်ကြံသူများ၏ ကျေးဇူးပြန်ဆပ်သောပုံစံလည်း ဖြစ်သည်။ မန်ဟိုနှင့် ရှုချင်၏ မင်္ဂလာပွဲသည် .... နောင်တရစရာ မင်္ဂလာပွဲ ဖြစ်ရမည်မဟုတ်ပေ။

ဒူးထောက်အရိုအသေပေးနေသော ကျင့်ကြံသူများမှာ သွေးတို့စိုရွှဲနေကြသည်။ တချို့က ရန်သူ၏သွေးဖြစ်ကာ တချို့ကတော့ သူတို့သွေးဖြစ်သည်။ သူတို့၏ပင်ပန်းနွမ်းနယ်မှုသည် သိမ်းဆည်းဖုံးကွယ်ခံထားရ၏။ သူတို့ပူဆွေးသောကသည် နှလုံးသားထဲတွင် မြိုသိပ်ခံထားရ၏။ သူတို့မျက်နှာအပေါ်၌ မြင်ရသည့် တစ်ခုတည်းသောအရာမှာ ... အပြုံးများသာ။

သူတို့၏အပြုံးများသည် နေရောင်ခြည်များအလား တောက်ပနေရာ စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။

ဆေးလုံးမိစ္ဆာ၏နှလုံးသားသည် သူ့အသံဖြင့် စစ်မြေပြင်တစ်ခွင် လွှမ်းမိုးလိုက်စဉ် နာကျင်လျက်ရှိသည်။

"ငါ ကြေညာတယ် .... အခုကစပြီး..."

မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူခုနစ်ဦး၏ တိုက်ခိုက်မှုများက ရက်စက်လာသည်။ အောက်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းချီသည် တိုက်ကွက်လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ထုတ်လွှတ်ရင်း ညာသံပေး၍ ချီတက်လာသည်။

"အခုကစပြီး ... မန်ဟိုနှင့် ရှုချင်ဟာ အကြင်လင်မယား ဖြစ်သွားပြီ။ ကံတရားဟာ သူတို့ရဲ့ တွဲလက်တွေကို အမြဲရစ်ပတ်နှောင်ဖွဲ့ပေးလိုက်ပြီ။ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ထိုနှောင်ဖွဲ့ပတ်သက်မှုအား ဘယ်တော့မှ ဖျက်စီးမရတော့ပြီ" သူ၏အသံသည် စစ်မြေပြင်တွင် တုံ့ပြန်လူးလာပဲ့တင်ထပ်သွား၏။

ရှုချင် ၊ မန်ဟို့လက်‌ထဲတွင် အနားယူနေသော ရှုချင်သည် ထိုစကားလုံးများကို ကြားလိုက်ရပြီး မျက်နှာလေးနီမြန်းသွားလေသည်။ သူမက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ မင်္ဂလာပွဲသည် လူတစ်ယောက်၏ဘဝတွင် အရေးပါဆုံးနေ့ရက်ဖြစ်ပြီး အမျိုးသမီးတစ်ယောက်အတွက်တော့ အိပ်မက်များ အမှန်တကယ် ဖြစ်လာသော နေ့တစ်နေ့ဖြစ်၏။

သူမနှင့် မန်ဟိုသည် ယခုတွင် လင်နှင့်မယားဖြစ်သွားလေပြီ။ ကောင်းကင်နှင့်မြေကြီးက မျက်‌မြင်သက်သေတည်သလို တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းပေါင်းများစွာလည်း သက်သေရှိသည်။ ဆေးလုံး‌မိစ္ဆာက တရားဝင်ကြေညာ‌ပေးခဲ့ပြီး အခမ်းအနားသည် ကျယ်ပြောသောမိုးကောင်းကင်ကြီး၏ ပေါင်းမိုးအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်၏။ ဝိညာဉ်များလည်း သက်သေ‌တည်ပေးရန် ရှိနေပြီး မြင်ကွင်းတစ်ခုလုံးမှာ သွေးကဲ့သို့ နီစွေးနေချေသည်။

အကုန်လုံးက သူတို့နှစ်ယောက် လက်ထပ်ပြီးစီးသွားပြီဖြစ်ကြောင်း ... မျက်မြင်သက်သေတည်ပေးနေကြသည်။

"ကံတရားက တို့နှစ်ယောက်ရဲ့ တွဲလက်တွေကို အမြဲရစ်ပတ်နှောင်ဖွဲ့ပေးလိုက်ပြီ" ရှုချင်က မန်ဟို့ကို ကြည့်ရင်း ပြောသည်။ "သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အဲ့ဒီနှောင်ဖွဲ့ပတ်သက်မှုကို ဘယ်တော့မှ ဖျက်စီးမရတော့ဘူး ..." မျက်ရည်များက သူမမျက်ဝန်းအိမ်မှ စီးကျလာကာ သူမပါးပြင်ကို ဖုံးလွှမ်းနေသော အတွန့်အခေါက်များကြားထဲ ပျောက်ကွယ်သွား၏။

"ကံတရားက ကိုယ်တို့ရဲ့ တွဲလက်တွေကို အမြဲရစ်ပတ်နှောင်ဖွဲ့ပေးလိုက်ပြီ" မန်ဟိုက သူမမျက်ဝန်းများကို ကြည့်ရင်း ပြောသည်။ "သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အဲ့ဒီနှောင်ဖွဲ့ပတ်သက်မှုကို ဘယ်တော့မှ ဖျက်စီးမရတော့ဘူး ..."

မြေကြီးသည် တုန်ဟည်းသွားပြီး ဒူးထောက်ဂါဝရပြုနေသောကျင့်ကြံသူများ ခေါင်းမော့လာကြသည်။ ထို့နောက် သူတို့သည် အတူတကွ ကြွေးကြော်လိုက်ကြသည်။ သူတို့အသံများက ပေါင်းစည်းကာ အံ့မခန်းအသံလှိုင်းများကို ထုတ်လွှတ်လိုက်၏။ "မန်ဟိုနဲ့ ရှုချင်။ ကံတရားက သူတို့ရဲ့တွဲလက်တွေကို အမြဲရစ်ပတ်နှောင်ဖွဲ့ပေးလိုက်ပြီ။ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အဲ့ဒီနှောင်ဖွဲ့ပတ်သက်မှုကို ဘယ်တော့မှ ဖျက်စီးမရတော့ပြီ"

အသံကြီးက သွေးညှီနံတို့ လှိုင်လှိုင်ထွက်နေသော စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။ တိုက်ခိုက်နေရင်းတန်းလန်း တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ လျင်မြန်စွာ တက်၍ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်၏ ခေါင်းပြတ်ကို ဆွဲကာ လေထဲ မြှောက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း တောင်ပိုင်းဒေသကျင့်ကြံသူများသည် ဒေါကြီးမောကြီး ဟိန်းဟောက်တိုက်ခိုက်လိုက်သဖြင့် တိုက်ပွဲမှာ ရုန့်ရင်းဆန်ခတ်ဖြစ်သွားတော့သည်။ သူတို့ကား မင်္ဂလာလက်ဖွဲ့တစ်ခုပြီးတစ်ခု ပေးရန် သူ့ထက်ငါ အလုအယက် ပြိုင်နေကြသည့်အလားပင်။

"တာအိုရောင်ရင်းမန် ၊ ဒီမှာ ခင်ဗျားအတွက် ကျုပ်ရဲ့ မင်္ဂလာလက်ဖွဲ့"

"အရှင်မင်းသားမန်ဟို၊ ဒါ ကျွန်တော်ရဲ့ မင်္ဂလာလက်ဖွဲ့ပါ"

"ဒါ ကျွန်မဟာ"

"ဟားဟားဟား ဘယ်သူ ဒီခေါင်းပြတ်အတွက် ငါနဲ့ပြိုင်ရဲလဲ။ ဒါ ခင်ဗျားအတွက် ကျုပ်ရဲ့ မင်္ဂလာလက်ဖွဲ့ပါ သွေးမင်းသား"

ဤသို့ ရုတ်တရက် တိုက်စစ်ဆင်လာမှုက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို ရင်တုန်သွားစေသည်။ သူတို့သည် ... ပထမဆုံးအကြိမ် နောက်ဆုတ်လိုက်ရလေပြီ။

"သူတို့တော့ ရူးသွားပြီ။ ဘာမှမဟုတ်တဲ့ မင်္ဂလာဆောင်လေးဆိုပေမယ့် သူတို့ကို ရူးအောင် လုပ်လိုက်ပြီ"

"ရူးနေကြပြီ။ ရူးနေကြပြီ။ မင်္ဂလာလက်ဖွဲ့တဲ့လား"

"သေစမ်း သူတို့က ငါတို့ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေကို မင်္ဂလာလက်ဖွဲ့လုပ်နေကြတာပဲ"

ထိုကဲ့သို့မှတ်ချက်ပြုသံများ ပဲ့တင်ထပ်နေစဉ် မန်ဟိုသည် ရှုချင်ကို ပွေ့လျက် ဘုရားကျောင်းထဲတွင် ရပ်နေ၏။ သူ့မှာ သူ၏ပူဆွေးသောကတို့ကို မျက်နှာတွင် မပြသလိုပေ။ သို့သော် ဤအခိုက်အတန့်တွင် ပူဆွေးသောကသည် သူ၏နှလုံးသားကို အပြီးတိုင် ဝါးမြိုသွားခဲ့ပြီဖြစ်သည်။ ၎င်းက သူ့နှလုံးသားထဲရှိ နတ်ဆိုးကို ချုပ်ချုယ်မရနိုင်တော့သော အတိုင်းအတာသို့ ရောက်ရှိသွားစေသည်။

သူ့မှာ ရှုချင်ကို လွှတ်မပေးချင်သဖြင့် တင်းတင်းကြပ်ကြပ် ‌ဖက်ထား၏။

ရှုချင်က ပြုံးလိုက်ပြီး မန်ဟို့အတွက် ထိုအပြုံးသည် တစ်လောကလုံးတွင် တည်ရှိခဲ့ဖူးသမျှထဲ အလှဆုံးအပြုံးလေးဖြစ်လေသည်။ သူ သူမအပြုံးကို ကြည့်နေသောအခါ သူမြင်ရသည်မှာ သူမ၏အသက်အရွယ်နှင့် ဆံပင်ဖြူဖြူများ မဟုတ်ပေ။ ထိုပကာသနများကို သူ ဂရုမစိုက်။ ရှုချင်ကိုယ်တိုင်ကိုသာ .... သူဂရုစိုက်သည်။

"ဘဝပြန်ဝင်စားခြင်းသံသရာကို.... ဝင်ရောက်ဖို့ အစ်မကို ခေါ်သွားပေးပါ ...." သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "အခု တို့နှစ်ယောက် ဇနီးမောင်နှံဖြစ်သွားပြီလေ။ အစ်မ နောင်တမရဘူး .... ဒါကြောင့် သွားခွင့်ပေးပါ.... ထွက်သွားခွင့်ပေးတော့နော် ကျေးဇူးပြုပြီး"

မန်ဟို့မျက်လုံးများ နီရဲနေသည်။

ရှုချင်သည် တုန်တုန်ရီရီဖြင့် သူ့ပါးကို လှမ်းထိ၏။ သူမ ဤစကားများကို ပြောနေစဉ် သူမမျက်ဝန်းများမှာ ရုတ်တရက် နေဝင်သွားသည့်အလား နောက်ဆုံးလင်းလက်သွားသည်။ သူမကား သူမအသက်ကြောကိုသူမ ဖြတ်တောက်လိုက်လေပြီ။

သူမမှာ မန်ဟို သူ့အသက်သူ ပဓာနမထားဘဲ သူမနည်းနည်းလေး ဆက်နေရဖို့ သူ၏အသက်စွမ်းအားကို သူမဆီ ‌ဆက်လက်ပေးနေမည်ကို မကြည့်ရက်တော့ပေ။ ၎င်းက သူမကို နာကျင်စေပြီး သူ ထိခိုက်ဒဏ်ရာရမည်ကိုလည်း သူမ မလိုလား။ သူမကြောင့် သူ့ဆံပင်များ ထပ်ဖြူလာမည်ကို သူမ မကြည့်ချင်။

"ချင်အာ"

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။

ရှုချင်က သူ့ကို နောက်ဆုံးအကြိမ် ကြည့်သည်။ အပြုံးလေးတစ်ခု သူမမျက်နှာအပေါ်တွင် ဖြစ်ထွန်းလာပြီး သူမ သူ့ကို တာ့ချင်းတောင်ပေါ်က ကျောက်ဆောင်တစ်ခုအား မှီလျက်ရှိနေသည်ကို မြင်ခဲ့ရတုန်းက ပေါ်လာခဲ့သော အပြုံးလေးအတိုင်းပင်။ မှန်ပါသည်၊ မန်ဟိုသည် ထိုအပြုံးအား မမြင်ခဲ့ဖူးပေ။

နောက်ဆုံးသော မျက်ရည်ပေါက်က သူမမျက်ဝန်းထောင့်လေးမှ လိမ့်ကာ စီးကျလာ၏။

ထိုအခိုက်အတန့်မှာပင် သူမခန္ဓာကိုယ်သည် အလင်းစက်များအသွင်ပြောင်းရင်း ပြိုကွဲသွား၏။ မျက်ရည်မှာ မှီတွယ်စရာခန္ဓာကိုယ် မရှိတော့သည့်အတွက် .... မြေကြီးပေါ် ကျလာလေသည်။

"မင်းက ကိုယ့်ရဲ့ မိန်းမ..." မန်ဟိုက ရေရွတ်လိုက်သည်။ "‌ကောင်းကင်၊ မြေကြီး။ အဲဒါတွေ တစ်ခုမှ အရေးမကြီးဘူး။ ဘယ်လောက်ကြာကြာ၊ ဘဝပြန်ဝင်စားခြင်းသံသရာကို သက်သေတည်ခိုင်းမယ်။ ဘယ်သူမှ မင်းကို ကိုယ့်ဆီကနေ လုယူမသွားစေရဘူး။ မင်း ပြန်မွေးဖွားလာရင် ကိုယ် မင်းကို လာရှာမယ်" သူသည် သူမကို ပွေ့ဖက်ရန် ကြိုးစားလိုက်ပါသော်လည်း ကျန်ခဲ့သည့်အရာဆို၍ အလင်းစက်များသာ ရှိလေသည်။ သူ၏နှလုံးသားအပေါ် ဖိစီးနေခဲ့သော ဖိအားကား ဟိန်းဟောက်သံကြီးအသွင်ပြောင်းသွား၏။

စစ်မြေပြင်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်ငြိမ်ကျသွားသည်။ ထိုအခိုက်အတန့်တွင် တောင်ပိုင်းဒေသမှဖြစ်စေ၊ မြောက်ပိုင်းသဲကန္တာရမှဖြစ်စေ၊ အကြည့်အားလုံး မန်ဟို့အပေါ် ကျရောက်လာသည်။ သူတို့သည် ရှုချင် အလင်းစက်များဖြစ်လာကာ ကောင်းကင်ထက်သို့ စီးဆင်းသွားသော မြစ်တစ်စင်းအသွင်ပြောင်းသွားသည်ကို မြင်လိုက်ရလေသည်။

***

All Chapters