← Chapters

တာအိုရှာဖွေခြင်းအဆင့် ကျဆုံးခြင်း

Vol. 56 Ch. 774

တာအိုရှာဖွေခြင်းအဆင့် ကျဆုံးခြင်း

Vol. 56 Ch. 774

အလင်းစက်များက ရှည်မျောမျော မြစ်တစ်စင်းအသွင် ပြောင်းသွားခဲ့သည်။‌ အမှောင်ထုမင်းမူနေသော ကောင်းကင်ထက်တွင် အလင်းမြစ်ပြင်သည် တလက်လက် တောက်ပနေလျက် မြင့်သထက် မြင့်မြင့်သို့ စီးမျောသွား၏။

ဧရာမဝဲကြီးတစ်ခုသည် ခေါင်းထက်၌ အသံမထွက်ဘဲ လည်ရင်း ‌ရုတ်တရက် ပေါ်လာ၏။ ကောင်းကင်ကား ၎င်းအပေါ်ရှိ ကြယ်တာရာအာကာပြင်ကို ဖွင့်လှစ်ပြရန် ၎င်းသဘောဆန္ဒအလျောက် ကွဲထွက်လာသယောင်ပင်။ ထိုနေရာ ၊ ကြယ်တာရာများအကြား .... နှိုင်းယှဉ်၍မရလောက်အောင် အကန့်အသတ်မဲ့ ကြီးမားကျယ်ပြောသော နောက်ထပ်မြစ်တစ်စင်းအား မြင်ရလေသည်။ မြစ်ရေသည် ဝါဖတ်ဖတ်နှင့် ညှိုးနွမ်းခြောက်သွေ့နေပုံရပြီး .... ‌ဝိညာဉ်များဖြင့် ပြည့်နှက်နေ၏။

အောက်ရှိ ကျင့်ကြံသူများ ရင်သပ်ရှုမောသွားကြသည်။

"မေ့ပျောက်ခြင်းမြစ်"

"ဘုရားရေ ၊ အဲ့ဒါ ဒဏ္ဍာရီလာ မေ့ပျောက်ခြင်းမြစ် မဟုတ်လား"

သူတို့မြင်နေရသည်မှာ ဝဲထဲတွင် ပေါ်လာသည့် ကြယ်တာရာကောင်းကင်ကို ဖြတ်လျက် စီးဆင်းနေသော မြစ်၏ အစိတ်အပိုင်းသေးသေးလေးကိုသာ ဖြစ်လေသည်။

ယခုတွင် အလင်းစက်အစုအဝေးလေး ဖြစ်နေသော ရှုချင်သည် စတုတ္ထတောင်၏ မြေအောက်ကမ္ဘာသို့ သယ်ဆောင်သွားရဖို့ ဝဲမှဖြတ်သန်းကာ မေ့ပျောက်ခြင်းမြစ်ထဲ ဝင်ရောက်တော့မည့်ဆဲဆဲ ဖြစ်သည်။

မန်ဟိုက ထိုမြင်ကွင်းကို ငူငူငိုင်ငိုင်ကြီး ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။ မျက်ရည်များမှာ သူ့မျက်နှာတစ်လျှောက် စီးကျနေပြီး သူ့နှလုံးသားမှာ နာကျင်မှုကြောင့် ရစရာမရှိတော့လေပြီ။ ‌အပေါ်ရှိ အလင်းစက်လေးများက ဝဲထဲ ဝင်ရောက်နေစဉ် ကောက်ကြောင်းတစ်ခုကို ဖော်ဆောင်လိုက်ကြပုံရသည်။ ထိုကောက်ကြောင်းကား ရှုချင်၏မျက်နှာ။

၎င်းသည် မှီခိုရာဂိုဏ်း၏ လရောင်အောက်တွင် မန်ဟို မြင်ခဲ့သော မျက်နှာလေးအတိုင်းပင်။ မန်ဟို့နှလုံးသား တဆစ်ဆစ် ထိုးအောင့်လာသည်။

ရှုချင်၏မျက်နှာလေးမှာ သူ့ကို ပြုံးပြနေ‌သယောင်ယောင် ... သူမသည် သူ့ကို ခေတ္တကြည့်ပြီးနောက် ဝဲဆီသို့ စီးမျောသွားသော မြစ်တစ်စင်းအဖြစ် ပြန်လည်ပြောင်းလဲသွား၏။

ထိုစဉ် မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ခုနစ်ဦးအနက်မှ အနီရောင်ဝတ်ရုံနှင့်လူငယ်၏မျက်လုံးများတွင် ယုတ်မာကောက်ကျစ်မှုတို့ ဖြတ်ပြေးသွားသည်။ သူသည် ရိပ်ခနဲ အလင်းစက်များဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား‌လေသည်။

သူ အော်လိုက်သည့်အခါ သူ့အသံသည် အလွန်စူးနေ၏။ "ဘဝပြန်ဝင်စားခြင်းသံသရာကို ဝင်ရောက်ချင်‌တယ်ပေါ့လေ .... အိပ်မက်မက်‌မနေနဲ့ ။ မင်း သေတော့မယ်ဆိုရင် မင်းရဲ့ဝိညာဉ်လည်း ပျောက်ကွယ်သွားစေရမယ်"

လူငယ် ရှုချင်၏အလင်းစက်များအနား ရောက်သွားသည်ကို မြင်လျှင် မန်ဟိုမှာ ရင်ထိတ်ခနဲ ဖြစ်သွားသည်။ သူ့နှလုံးအိမ်အတွင်းမှ နတ်ဆိုးသည် သတ်ဖြတ်လိုစိတ်နှင့်အတူ ပေါက်ကွဲထွက်လာ၏။ နှစ်ခုလုံးအား ဖိနှိပ်၍မရနိုင်တော့ပေ။

ဝတ်ရုံနီလူငယ်မှာ အလင်းစက်များအနား ရောက်တော့မည့်အချိန်မှာပင် စူးစူးဝါးဝါး အော်လိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်အားတစ်ရပ်က သူ့ကို လွှမ်းခြုံသွားပြီး သူသည် ပါးစပ်မှ သွေးများ ပန်းထွက်လျက် ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားတော့၏။ သူက ဝဲကြီးကို အံ့အားသင့်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

သူသည် လီမျိုးနွယ်ခေါင်းဆောင်ကြီးသုံး ‌ခန္ဓာဖောက်ခွဲသွားခဲ့စဉ်ကတည်းက အပြင်းအထန် ဒဏ်ရာရထားခဲ့ပြီးဖြစ်၏။ အထောက်အပံ့ပြုပေးနေသော အစွမ်းထက်ကျင့်ကြံခြင်းအခြေခံသာ မရှိလျှင် သူ သေသွားခဲ့သည်မှာ ကြာလေပြီ။

ယခုတွင် ဝဲအတွင်းမှ ရိုက်ခတ်လာသော စွမ်းအားသည် သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည့် အံ့မခန်းအရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထိုမျှသာမက ၎င်းက သတိပေးလိုက်ခြင်းသာ ဖြစ်ပုံရသည်။

ဝဲကြီး ဆက်၍ လည်နေစဉ် ရှုချင်သည် အထဲသို့ ဝင်ရောက်‌ပျောက်ကွယ်သွားကာ ဧရာမမြစ်ကြီးနှင့် တစ်သားတည်းဖြစ်သွား၏။ သူမကား မြစ်ရေများနှင့်အတူ မျောသွားသော ဝိညာဉ်များစွာအနက်မှ ဝိညာဉ်တစ်ကိုယ် ဖြစ်သွားလေပြီ။

သို့သော် ရှုချင်၏ဝိညာဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ထူးခြားသည်။ သူမတွင် တခြားဝိညာဉ်များ သူမအနားကပ်မလာနိုင်အောင် သူမကို ဝန်းရံလျက် ကာကွယ်‌ပေးထားသော သွေးရောင်အလင်းရှိသည်။ သူမ မြစ်ရေနှင့်အတူ အဝေးသို့ စီးမျောသွားစဉ် .... သူမပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျက် ရှိချေသည်။

ဝဲသည် ပျောက်ကွယ်သွားပြီး ကောင်းကင်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။

မန်ဟိုက တိတ်ဆိတ်နေသည်။ ဘုရားကျောင်းသည် ပျောက်ကွယ်သွားခဲ့ပြီး ဖယောင်းတိုင်များလည်း ငြိမ်းသွားလေပြီ။ မီးအိမ်နှင့် အောင်လံတံခွန်များလည်း ပြာကျကာ လေနှင့်အတူ မျောလွင့်သွား၏။ ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ စစ်မြေပြင်သာ။

မန်ဟိုသည် မြေပြင်ထက်သို့ ဖြေးဖြေးချင်း ဆင်းသက်လာသည်။ သူက သူ့လက်ကို ငုံ့ကြည့်ပြီး တခဏကြာသည်အထိ ရှုချင်ကို ပွေ့ဖက်ထားဆဲဖြစ်သလို ခံစားနေရ၏.. သူမမရှိတော့သည်မှ လွဲ၍။

"သွားပြီ..." မန်ဟိုက အသံဩသြကြီးဖြင့် ရေရွတ်သည်။ "နှစ်တစ်ရာအတူတူ နေကြမယ်လို့ ကတိပေးထားကြပေမယ့် အခုတော့ ... မင်း မရှိတော့ဘူး...." သူ့မျက်နှာမှ အရုပ်ဆိုးနေပြီး ပြင်းပြ‌သော ‌အသတ်အဖြတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် သူ၏ဆံပင်ဖြူများသည် လေပေါ် မြောက်တက်လာ၏။

အသတ်အဖြတ်အရှိန်အဝါသည် အားကောင်းသထက် အားကောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ငရဲမီးပမာ တဟုန်းဟုန်း တောက်လာပြီး သူ့ကို ရစ်သိုင်းနေသော အနက်ရောင်မြူထုဖြစ်လာသည်။ သူ့ပတ်ပတ်လည်ရှိ အရာအားလုံး အေးခဲသွားပြီး သေခြင်းအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ မြူနက်များက တလိပ်လိပ် မြောက်တက်သွားကာ လေလယ်တွင် ဧရာမမျက်နှာကြီးတစ်ခုအား ဖော်ဆောင်လိုက်သည်။

မျက်နှာသည် မန်ဟို့မျက်နှာမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏မျက်လုံးများသည် နီရဲမနေတော့ဘဲ မျက်ဆံကင်းမဲ့လျက် ‌မည်းနက်နေသည်။ သူကား အဆုံးမဲ့အမှောင်ထုမှတစ်ပါး မည်သည့်အရာကိုမှ မမြင်ရသည့်အလားပင်။

သူသည် ထိုနေရာတွင် ရပ်နေစဉ် ခေါင်းနောက်လှန်၍ ခါးခါးသီးသီး ရယ်လိုက်သည်။ အဆိုပါရယ်သံကြီး မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ နားထဲ ဝင်ရောက်လာသောအခါ သူတို့မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ဝိညာဉ်များ ကြောက်လန့်တုန်ရီလာ၏။

ရုတ်တရက် အက်ကွဲကြေမွသံများ မန်ဟို၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသော်လည်း သူတစ်ယောက်သာ ထိုအသံများကို ကြားနိုင်လေသည်။ ၎င်းကား သံကြိုးများကျိုးပဲ့သွားသော အသံဖြစ်သည်။ နဂါးငွေ့တန်းပင်လယ်မှ အဖြစ်အပျက်များကတည်းက သူ၏ကိုယ်တွင်း၌ တည်ရှိနေခဲ့သော.... နတ်ဆိုးကား အလွှတ်ပေးခံလိုက်ရလေပြီ။

ဤအခိုက်အတန့်တွင် သူသည် ၎င်းကို ထိန်းချုပ်လိုခြင်း မရှိတော့။ ဖိနှိပ်လိုစိတ်လည်း မရှိတော့။ ထိုအစား ဆန္ဒတစ်ခုတည်းသာ ကျန်ရှိတော့သည်....

တောင်ပိုင်းဒေသကို ကျူးကျော်လာခဲ့သော မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီကို သတ်ရန်၊ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးတစ်ယောက်ချင်းစီကို သတ်ရန်။ အကုန်လုံး သတ်ပစ်မည်။ တစ်ယောက်မကျန်။

ထိုဆန္ဒပြည့်ဝဖို့ သူ ဘာမှပေးဆပ်မည်။

အင်မော်တယ်တစ်ဦးဖြစ်မလာနိုင်၍ နတ်ဆိုးတစ်ကောင် ဖြစ်သွားခဲ့လျှင်လည်း ဘာအရှုံးရှိသနည်း။

သူ ခါးခါးသီးသီး ရယ်နေစဉ် သူ၏ခန္ဓာကိုယ်သည် ထစ်ချုန်းသွားပြီး အနက်ရောင်မြူများ သူ့ထံမှ စီးမျောထွက်လာသည်။ သူ့ဆံပင်များက ဆွတ်ဆွတ်ဖြူလျက် ရှိသော်လည်း သူ့မျက်နှာမှာတော့ အိုမင်းရွတ်တွမနေတော့ပေ။ သူ၏ နုပျိုမှုသည် တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်နေ၏။

သူကား ‌သွေးကိုသာ မြင်ပြီး သတ်ဖြတ်ဖို့သာ အာရုံရှိသည့် သွေးဆာနေသော နတ်ဆိုးတစ်ကောင်အလားပင်။

‌အနက်ရောင်ရေခဲပြင်ကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသဖြင့် မြေကြီးထံမှ အက်ကွဲသံများ ထွက်လာသည်။ ရာသီဥတုများ ပြောင်းလဲနေသည့်အလား ပြင်းထန်သော အအေးဓာတ်က သူ့ပတ်ဝန်းကျင်တွင် စိုးမိုးနေသည်။ အနက်ရောင်နှင်းပွင့်ချပ်များ လေတွင် လွင့်မျောစပြုလာ၏။

မန်ဟိုသည် သူ့နှလုံးသားထဲရှိ နတ်ဆိုးကို အဟန့်အတားမရှိ အလွှတ်ပေးခဲ့ပြီး သူ၏ သတ်ဖြတ်လိုစိတ်အား ချုပ်တည်ထားမှုများကိုလည်း ဖယ်ရှားပြီးပြီဖြစ်သည်။ သူကား ယခုတွင် သူ့ရန်သူများကိုသာမက သူ့ကိုယ်သူပင် တင်းမာအေးစက်နေလေပြီ။

သူ၏မင်္ဂလာဆောင်နေ့မှာ အလွမ်း‌အဆွေးဇာတ်ကွက်သို့ ပြောင်းလဲသွားခဲ့၍ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နတ်ဆိုးဖြစ်လာဖို့သာ ရှိ၏။

အတွင်းစိတ်ရိုင်းနတ်ဆိုးအား လွှတ်ပေးလိုက်သည့်အခိုက်အတန့်တွင် သွေးမိစ္ဆာမဟာမှော်သိုင်းသည် ‌နောက်ဆုံးတော့ အဆင့်(၄)မှ အဆင့်(၅)သို့ ရွေ့လျားစလာပြုလာသည်။

မန်ဟို့အကြည့်က ကောင်းကင်ထက်ရှိ ... ဝတ်ရုံနီ‌လူငယ်ဆီသို့ ရောက်ရှိသွားသည်။

"မင်း" သူက ပြောသည်။ "မင်း သေသင့်တယ်"

ချက်ချင်းပင် သူ၏ဒုတိယအစစ်အမှန်ကိုယ်က တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လာသည်။

တစ်ချိန်တည်းမှာ မန်ဟိုက ‌ပျောက်ကွယ်သွားပြီးနောက် အံ့ဩဖွယ်ကောင်းစွာနှင့် လေလယ်တွင် ပြန်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှာ တဖွေးဖွေးလှုပ်နေသော အနက်ရောင်မြူများ၊ နတ်ဆိုးမီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ သူသည် ဒုတိယကိုယ်အစစ်နှင့်အတူ ဝတ်ရုံနီလူငယ်ဆီသို့ ပြေးဝင်သွား၏။

"မင်းကိုယ်ပွားက တော်တော်လေး မာသားပဲ" လူငယ်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ပြောသည်။ "ဒါပေမဲ့ မင်းရဲ့ကိုယ်အစစ်ကတော့ ထွက်သွားစမ်း" သူ၏စကားလုံးများနှင့် တစ်ပြိုင်တည်းဆိုသလို စစ်မြေပြင်ပေါ်၌ တိုက်ပွဲကား နောက်တစ်ဖန် ပြန်စတော့သည်။ ဝေဟင်ထက်ရှိ တာအိုရှာ‌ဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များဖြစ်စေ၊ အောက်ရှိ တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရ၏ အနီးကပ်တိုက်ပွဲမှ ရူးမိုက်မှုဖြစ်စေ၊ တိုက်ခိုက်သတ်ဖြတ်နေကြခြင်းမှာ ပြင်းထန်ရက်စက်လေသည်။ ဤသည်မှာ သွေးမိစ္ဆာဂိုဏ်းအပြင်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲထက် အဆများ‌စွာ ကျော်လွန်၏။

မန်ဟို၏ဒုတိယကိုယ်အစစ်က အမြန်ဆုံးနှုန်းဖြင့် ဝတ်ရုံနီလူငယ်ဆီသို့ ပြေးဝင်သွားသည်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့လျှင်ချင်း လေပြင်းများ တိုက်ခိုက်ပြီး မိုးကြိုးများ ထစ်ချုန်းသွားလေသည်။ ‌အုန်းခနဲ အုန်းခနဲ ပေါက်ကွဲသံများ မြည်ဟည်းနေပြီး အချိန်တိုလေးအတွင်း သူတို့သည် အကွက်ပေါင်းထောင်ချီ ဖလှယ်ပြီးလေပြီ။

မန်ဟို့အတွက်မူ သူ ပျံထွက်လာသည်နှင့် တိရစ္ဆာန်သားရေဝတ်ထားသော အဘိုးကြီးက သူ့ကို ကြားဖြတ်နှောင့်ယှက်ရန် လှုပ်ရှားလိုက်သည်။ သူသည် ယုတ်မာကောက်ကျစ်စွာ ရယ်ရင်း မန်ဟိုကို လက်သီးနှင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်၏။

"မင်းချစ်သူ သေသွားပြီလေ။ ဆက်ရှင်နေလည်း ဘာထူးမှာလဲ ။ သူနဲ့အတူ လိုက်သေလိုက်ပါလား"

လက်သီးကြီး ကျရောက်လာသည့်အခါ မန်ဟိုက ၎င်းကို အေးတိအေးစက် ကြည့်သည်။ သူသည် ညာလက်ကို မြှောက်ပြီး မိုးကြိုးဒယ်အိုးပေါ်လာရာ အဘိုးကြီး၏မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေတော့သည်။

ထို့နောက် ဒယ်အိုးဆီမှ မိုးကြိုးများ စီးမျောထွက်လာကာ မန်ဟို့ကို ဝန်းရံလိုက်သည်။ စူးရှတောက်ပသော အလင်းရောင်တို့ စစ်မြေပြင်တစ်ဝန်း ဖြန့်ကျက်သွားပြီးနောက် သူက ရုတ်တရက် ပျောက်သွား၏။ အဘိုးကြီးလည်း ထိုနည်းတူပင်။

သူတို့နေရာကား ပြောင်းပြန်ဖြစ်သွားလေပြီ။

မန်ဟိုသည် စောစောက တိရစ္ဆာန်သားရေဝတ်စုံနှင့်အဘိုးကြီး ရှိနေခဲ့သော နေရာတွင် ပြန်ပေါ်လာသောအခါ နောက်ပင် ပြန်လှည့်မကြည့်ပေ။ အဘိုးကြီး‌ အမျက်တချောင်းချောင်း ထွက်လျက် ဟိန်းဟောက်ပြီး နောက်မှ လိုက်လာစဉ် မန်ဟိုက ရှေ့ဆက်သွားပြီဖြစ်သည်။ သူ့တွင် ပစ်မှတ်တစ်ခုတည်းသာ ရှိသည်... ဝတ်ရုံနီလူငယ်။

ထိုလူငယ်၏ဟင်းရိုင်းနီသစ်သီးက ရှုချင်ကို ကျိန်စာတိုက်ခဲ့သည်။

ထို့အပြင် သူက စောစောကတင် ရှုချင် ဘဝပြန်ဝင်စားခြင်းသံသရာကို ဝင်ရောက်နေခြင်းအား ‌နှောင့်ယှက်ဖို့ ကြိုးစားခဲ့သည်။

မန်ဟိုမှာ သူ့ကို သတ်ပစ်ဖို့အတွက် နတ်ဆိုးတစ်ကောင်သဖွယ် ဆုံးဖြတ်ချက်ပြတ်သားနေသည်။

ဝတ်ရုံနီလူငယ်သည် လောလောဆယ်တွင် မန်ဟို၏ ဒုတိယကိုယ်အစစ်နှင့် တိုက်ခိုက်နေ၏။ သူ့မှာ ဒဏ်ရာအပြင်းအထန် ရထားပြီးဖြစ်၍ ဒုတိယကိုယ်အစစ်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သူသည် ကမူးရှူးထိုး တိုက်ခိုက်ရင်း နောက်ဆုတ်ဆုတ်နေရ၏။ မန်ဟို သူ့အပေါ် ထိုးဆင်းလာသည်ကို မြင်လျှင် သူက လက်ညှိုးထိုးလိုက်သည်။

"ကိုယ့်ကိုယ်ကို တမင်တကာ သတ်နေတာလား" လူငယ် လက်ညှိုးထိုးလိုက်သည့်အခါ မန်ဟိုက မိုးကြိုးဒယ်အိုးကို ထပ်သုံးလိုက်သည်။ လျှပ်စီးတစ်ချက် လက်ခနဲ ဖြစ်သွားပြီး သူကား ဒုတိယကိုယ်အစစ်နှင့် နေရာလဲသွားလေပြီ။

သူ၏ဒုတိယကိုယ်အစစ်မှာ စောစောက သူရှိခဲ့သောနေရာတွင် ပြန်ပေါ်လာသဖြင့် ပေါက်ကွဲသံတစ်သံ ဟိန်းထွက်သွားသည်။ မန်ဟိုကမူ ယခုတွင် စစ်မြေပြင်ပေါ်ရှိ ဘယ်သူမဆိုထက် .... လူငယ်နှင့် နီးကပ်သွား၏။

မန်ဟို၏ မိုးကြိုးဒယ်အိုးအား အသုံးချတတ်မှုသည် ဟာကွက် လုံးဝမရှိပေ။

ဝတ်ရုံနီလူငယ် တုန်လှုပ်သွားသည်။ သူ၏လက်ချောင်းတိုက်ကွက်မှာ မန်ဟို့ဒုတိယကိုယ်အစစ်အား ဘာမှမဖြစ်စေလိုက်ပေ။ သူက ချာခနဲ လှည့်လာပြီး မန်ဟို့ဆီသို့ သေစေနိုင်သော တိုက်ကွက်အား ပစ်လွှတ်တော့မည့်အချိန် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မှော်သင်္ကေတတစ်ခု သူ့လက်တွင် ပေါ်လာ၏။

၎င်းက စာလုံးလေးတစ်လုံးသာ ဖြစ်သည်။

ဤသည်မှာ သူ ကျိန်စာစွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို စုပ်ယူပြီးနောက် ပေါ်ပေါက်လာခဲ့သော ခြောက်သွေ့စာလုံးမန္တန်ပင်။ အဆိုပါမန္တန်ကို အချိန်ကြာကြာ ခံနိုင်သည့် နတ်ဘုရားစွမ်းရည်အဖြစ် အသုံးပြုနိုင်သည်။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံ မြင့်မားလာသည်နှင့်အမျှ ခြောက်သွေ့ခြင်းမှော်အစွမ်းမှာ ပို၍ ပြီးပြည့်စုံလာပြီး ၎င်း၏အင်အားမှာလည်း ကြောက်စရာကောင်းသထက် ကောင်းလာလိမ့်မည်။

သို့သော် ၎င်း၏အစွမ်းများကို တိုက်ကွက်တစ်ကွက်တည်းအပေါ်တွင်လည်း စုဆုံလိုက်နိုင်သည်။ ယင်းက မှော်စာလုံးကို အားအင်ကုန်ခမ်းသွားစေပြီး နောက်တစ်ကြိမ် ထပ်မသုံးခင် အားပြန်ဖြည့်ဖို့ ခြောက်သွေ့စွမ်းအားများစွာ စုပ်ယူဖို့ လိုအပ်သွား‌မည်ဖြစ်သည်။

"ငါ အရင်က တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မသတ်ခဲ့ဖူးဘူး" မန်ဟိုက တည်တည်ငြိမ်ငြိမ် ပြောသည်။ "မင်းက ပထမဆုံး‌ဖြစ်လိမ့်မယ်။ ငါ့မိန်းမ မသေခင် ခံစားခဲ့ရတဲ့ နာကျင်မှုက အခု .... မင်း ပျော်ပျော်ကြီးခံစားရမယ့် အရာပဲ"

မန်ဟို့အသံသည် တည်ငြိမ်နေသည့်အတွက် ထိုတည်ငြိမ်မှုက ဝတ်ရုံနီလူငယ်ကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။ သေစေနိုင်သောအန္တရာယ်အာရုံကြီး သူ့ရင်ထဲတွင် ဖြစ်ပေါ်လာလေပြီ။

'ခြောက်သွေ့' စာလုံးက သူ့ကို အသက်ရှူမှားသွားစေသည်။ သူ၏ဦးရေပြားတို့ ထုံကျင်လာပြီး သူ့မှာ ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားတော့သည်။

တစ်ချိန်တည်းမှာပင် မန်ဟိုက သွေးအေးသောမျက်ဝန်းများဖြင့် အေးစက်စက် ပြောသည်။ "ခြောက်သွေ့စာလုံး ပေါက်ကွဲလိုက်"

စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မျက်စိကျိန်းမတတ် တောက်ပနေသော မီးခိုးရောင်အလင်းက သူ၏လက်ဖဝါးပြင်မှ ထွက်လာသည်။ ၎င်းသည် ရုတ်ခြည်း ကောင်းကင်အပြည့် နေရာယူသွားလေရာ အောက်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာအား ရင်သပ်ရှုမော တအံ့တဩ မော့ကြည့်မိလိုက်စေသည်။ သူတို့သည် အပေါ်ထက်၌ ခြောက်သွေ့ကျိန်စာစွမ်းအား ပေါ်ပေါက်လာနေသည်ကို အာရုံရလိုက်ကြ၏။

တိရစ္ဆာန်သားရေဝတ်စုံနှင့် အဘိုးကြီးက ပါးစပ်အဟောင်းသားနှင့် နောက်ဆုတ်လိုက်သည်။

"မလုပ်နဲ့" ဝတ်ရုံနီလူငယ်က စူးစူးဝါးဝါး အော်သည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်လာပြီး သူသည် သူ၏ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါးကျိန်စာကို ပြန်တိုက်ခိုက်ဖို့ မှော်ပစ္စည်းတစ်ပုံတခေါင်း ထုတ်လိုက်၏။

သို့သော် မည်သို့ပင်လုပ်စေ ခြောက်သွေ့အစွမ်းနှင့် ပတ်သက်လျှင် သူသည် စစ်တပ်ကြီးတစ်တပ်လုံးကို တားဖို့ ကြိုးစားနေသော နှံကောင်တစ်ကောင်နှင့်တူသည်။ မျက်စိတစ်မှိတ်အတွင်း မီးခိုးရောင်ထုက သူ့ကို လွှမ်းခြုံလိုက်လေပြီ။

ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေသော သွေးပျက်ချောက်ချားဖွယ် အော်သံနက်ကြီးသာ။

***

All Chapters