← Chapters

တိုက်ကြ

Vol. 56 Ch. 775

တိုက်ကြ

Vol. 56 Ch. 775

ခြောက်သွေ့စာလုံးမန္တန်သည် ခြောက်သွေ့ငရဲပျက်စီးခြင်းကိုးပါး၏ ကျိန်စာစွမ်းအားကို စုပ်ယူခဲ့သည်။ ၎င်းက သူ ပိုင်ဆိုင်ထားသမျှထဲ အစွမ်းထက်ဆုံးမှော်စာလုံးဖြစ်ပြီး ၎င်း၏စွမ်းအားသည် ကျိန်စာနှင့်အတူ ပေါ်ထွက်လာလျှင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကို ဇီဝိန်ချုပ်စေနိုင်၏။

မန်ဟိုသည် ဤအချက်ကို ကောင်းကောင်းသိလေသည်။

သို့သော် ၎င်းက တစ်ကြိမ်သာ အလုပ်ဖြစ်ပြီးနောက်ပိုင်း မှော်စာလုံးမှာ ‌မှေးမှိန်လာလိမ့်မည်။ မန်ဟိုက ထိုတစ်ခုတည်းသော အခွင့်အရေးကို ဝတ်ရုံနီလူငယ်ကို သတ်ဖို့ အသုံးချရန် ရွေးချယ်ခဲ့သည်။

မီးခိုးရောင်ထုသည် ကမ္ဘာလောကကို စိုးမိုးသွားပြီး ဝတ်ရုံနီလူငယ်မှာ အကြောက်အကန် အော်ဟစ်နေလေသည်။ လူတိုင်း ထိုအသံကို ကြားလိုက်ကြရပြီး လုံးလုံးလျားလျား အံ့ဩထိတ်လန့်ကုန်ကြလေသည်။

ကျိန်စာ၏ မီးခိုးရောင်ထုအတွင်း၌ ဝတ်ရုံနီလူငယ်ကို မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။ သူ၏အဝတ်အစားများမှာ စုတ်ပြတ်သပ်နေကာ သူ၏ဆံပင်များသည် ဖြူဆွတ်လျက် အထွေးလိုက် ကျွတ်ကျနေ၏။ သူ၏အရေပြားလည်း တွန့်ခေါက်လာသည်။ သူ့အသား၊ သွေး၊ အရိုး၊ ကလီစာ နှင့် ဝိညာဥ် ... အကုန်လုံး ခြောက်သွေ့နေပြီဖြစ်သည်။

လူငယ် မချိတင်ကဲ အော်နေသည်ကို ကြည့်ရင်း မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ "နာလား ၊ ချင်အာက ဒီရက်တွေတစ်လျှောက်လုံး သူ နာကျင်နေတာကို ငါ့ကို မမြင်စေချင်လို့ တောင့်ခံခဲ့တယ်

"သူ့လို နုနယ်တဲ့ မိန်းမသားလေးတစ်‌ယောက်က ဒီလိုကြောက်စရာကောင်းတဲ့ နာကျင်မှုကို ဘယ်လိုတောင့်ခံခဲ့ရသလဲ မင်း စိတ်ကူးကြည့်နိုင်လား"

စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ သူ့စကားကို ကြားလိုက်ကြပြီး ပြင်းထန်သော အေးစက်မှုသည် သူတို့၏နှလုံးသားထဲ၌ ဖြစ်တည်လာတော့၏။

"ငါလည်း အဲ့ဒီလို နာကျင်ခဲ့ရတယ်" မန်ဟိုက ဖြေးညင်းစွာ ဆက်ပြောသည်။ "အခု မင်းအလှည့်ပဲ"

လူငယ်၏ အကြောက်အကန် အော်သံများမှာ ပို၍ပင် စူးဝါးလာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး သူသည် သူ၏အနုသုခုမနတ်ခန္ဓာကို ဖောက်ခွဲရန်ပင် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူ၏အနုသုခုမနတ်ခန္ဓာမှာ သူ့ဝိညာဉ်နည်းတူ ခြောက်သွေ့လာခဲ့ပြီဖြစ်သည်။

ထိုမျှတိုတောင်းသော အချိန်လေးအတွင်း သူသည် ပြောပြမတတ်လောက်အောင် နာကျင်ခဲ့၏။ သွားတွေ ကျွတ်ကျလာပြီး သု့မှာ အော်ဖို့ပင် အားမရှိတော့ပေ.... နောက်ဆုံးတွင် သူကား အဝါရောင်အရည်အိုင်တစ်အိုင်ထက် မပိုတော့လေပြီ။

သူသည် သေသည်အထိ ခြောက်သွေ့‌ခဲ့ပြီ။

သူ သေသွားသော် မီးခိုးရောင်ကျိန်စာအစွမ်းက မန်ဟို့လက်ဝါးပြင်ထက်သို့ ပြန်လည်ပျံသန်းလာသည်။ ၎င်းသည် 'ခြောက်သွေ့' စာလုံးအဖြစ် ပြန်ပြောင်းသွား၏။ သို့သော် မှော်စာလုံးမှာ ယခင်လောက် မတောက်ပတော့ပေ။ ၎င်းက ယခုတွင် တစ်ဝက် မှေးမှိန်သွားသည်။

ဝတ်ရုံနီလူငယ်ကို သတ်ပြီးနောက် ကျိန်စာစွမ်းအားတစ်ဝက် ကျန်ခဲ့သည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ကျိန်စာစွမ်းအား မည်မျှကြောက်စရာကောင်းကြောင်း မြင်ရပေမည်။

ဤအခိုက်အတန့်တွင် စစ်မြေပြင်သည် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွား၏။ ခေါင်းဆောင်ကြီးစုန့်နှင့် တခြားတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များအကြား တိုက်ပွဲပင်လျှင် ရပ်သွားခဲ့ပြီး သူတို့မှာ မှင်သက်စွာ ကြည့်နေကြလေသည်။

တခဏကြာ တိတ်ဆိတ်နေပြီးနောက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

"အခေါင်းပလ္လင်ဂိုဏ်းချုပ် ... အခုလေးတင် သေသွားတာလား"

"အခေါင်းပလ္လင်ဂိုဏ်းချုပ်က တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်လေ။ သူ ... တကယ် သေသွားပြီလား"

တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသကျင့်ကြံသူများမှာ စိတ်အားတက်ကြွသွားကြပြီး အားသစ်လောင်းခံလိုက်ရသည့်အလား သူတို့၏တိုက်ခိုက်မှုများကို ခွန်အားအပြည့်ဖြင့် ပြန်စတင်တော့သည်။

အောက်ရှိ ‌တိုက်ပွဲကား ပြန်လည်၍ စတင်လေပြီ။ မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများမှာ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ ဤသည်မှာ ကျူးကျော်ဝင်ရောက်ခဲ့သည့်အချိန်မှစပြီး တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက် ပထမဆုံးအကြိမ် ကျဆုံးသွားခြင်းဖြစ်သည်။

တိရစ္ဆာန်သားရေဝတ်ရုံနှင့် အဘိုးကြီး၏မျက်လုံးများ ရဲတွတ်သွားသည်။ ဝတ်ရုံနီလူငယ်မှာ သူ၏အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ယောက် ဖြစ်ခဲ့၏။ သူက ဒေါသတကြီး ဟိန်းဟောက်လျက် မန်ဟို့ဆီ ပြေးဝင်သွားသည်။

ဘေးတွင် ဝတ်ရုံဖြူ၊ ဝတ်ရုံနက် ဝတ်ထားသည်မှလွဲ၍ ချွတ်စွပ်တူသော အဘိုးကြီးနှစ်ယောက်ရှိသည်။ သူတို့လည်း အဘိုးကြီးနှင့်အတူ မန်ဟို့ဆီ ဦးတည်လာကြသည်။

ဒုတိယကိုယ်အစစ်က မျက်လုံးများ လင်းခနဲ လက်သွားကာ သူတို့ကို ဟန့်တားလိုက်သည်။ သူသည် အဖြူအမည်းအမြွှာညီနောင်နှင့်အတူ အကြိတ်အနယ် စတင်တိုက်ခိုက်လိုက်သဖြင့် ပေါက်ကွဲသံများ ဆူညံသွား၏။

တိရစ္ဆာန်သားရေဝတ်ရုံနှင့်အဘိုးကြီးမှာ ထိန်းမနိုင်သိမ်းမရတော့ပေ။ သူသည် သွေးတစ်ပွက် ထွေး၍ လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်ရာ သူ၏အရေပြားကို အရောင်ပြောင်းသွားစေသည်။ ၎င်းက လျင်မြန်စွာ အပြာရောင်သမ်းလာပြီး သူ၏အမြန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာသည်။ သူသည် ဒုတိယကိုယ်အစစ်ကို ရှောင်ကွင်း၍ မန်ဟို့ဆီ တန်းတန်းမတ်မတ် ဝင်ရောက်လာကာ အားပြင်း‌သော လက်သီးကြီးတစ်လုံးအား ပစ်သွင်းလိုက်သည်။

"သေစမ်း"

မန်ဟိုမှာ အလွန်နီးကပ်နေသည်။ သူ၏မျက်နှာသည် ဖြူလျော့နေပြီး သွေးများက နှုတ်ခမ်းထောင့်မှ စီးကျနေလေသည်။ ဤသည်မှာ သူ့အတွက် ဒုတိယကိုယ်အစစ်၏ စွမ်းအားမပါဘဲ သူ၏ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

တိရစ္ဆာန်သားရေနှင့်အဘိုးကြီး ချဉ်းကပ်လာစဉ် မန်ဟိုက ညာလက်ကို မြေကြီးထံသို့ ညွှန်လိုက်၏။ ချက်ချင်းပင် မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့အတွင်း၌ ဧရာမဝဲကြီးတစ်ဝဲ ပေါ်လာသည်။

ဝဲကား ရွှေရောင်မဟုတ်တော့၊ အနက်ရောင်ဖြစ်ကာနေပြီ။ ၎င်းသည် အရာအားလုံးကို ဝါးမြိုရန် အသင့်ဖြစ်နေသော ဧရာမပါးစပ်ပေါက်ကြီးအလားပင်။ ချက်ချင်းပင် အတွင်း၌ ပိတ်မိသွားသည့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများထံမှ စူးစူးဝါးဝါး အော်သံများ ကြားလိုက်ရ၏။ သူတို့သည် တမုဟုတ်ချင်း ခြောက်သွေ့ကုန်ပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများက သူတို့၏ပါးစပ်နှင့် နှာခေါင်းတို့မှ စီးထွက်ကုန်သည်။ သူတို့၏ဝိညာဉ်များပင်လျှင် တုန်ရီပြီး စုပ်ထုတ်ခံရတော့မည့်ပုံရသည်။

ဝုန်းးးးးးး

အံဩဖွယ်ကောင်းစွာနှင့် ထိုကဲ့သို့ ဝဲကြီးခုနစ်ခု စစ်မြေပြင်အနှံ့အပြားတွင် ပေါ်လာခဲ့လေပြီ။

ဝဲကြီးခုနစ်ခုသည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသုံးသောင်းနီးပါးကို လွှမ်းခြုံ၍ သူတို့၏သွေးသားများမှ စွမ်းအားအပေါင်းသည် ထုတ်ယူခြင်းခံရကာ မန်ဟို့ထံသို့ ပြေးဝင်ပြီး သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားတော့သည်။

သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများလည်း ထိုနည်းတူပင်။

မန်ဟိုက မျက်လုံးပိတ်လိုက်ပြီး ထိုသို့ပြုလုပ်လိုက်သောအခါ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် တဟုန်ထိုး မြင့်တက်သွား၏။ ရုတ်တရက် သူသည် တိုက်ခိုက်နေသော အဘိုးကြီးဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသော ကြယ်တံခွန်ကြီးသဖွယ် ဖြစ်သွားလေပြီ။

သူက လေပေါ်ပျံတက်ကာ မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်သည်။ သူ့အပေါ်ရှိ ၏အနက်ရောင်မြူများသည် ရုတ်တရက် အဘိုးကြီးကို ရိုက်ချလိုက်သော ဧရာမလက်ဝါးကြီးတစ်ဖက်ပုံသဏ္ဌာန်ပြောင်းသွား၏။

အုန်းခနဲ ပေါက်ကွဲသံကြီး လေတွင် မြည်ဟည်းသွားသည်။

အဘိုးကြီးသည် ပါးစပ်မှ သွေးများ တရဟော ပန်းထွက်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွား၏။ တစ်ချိန်တည်းမှာပင် မချိတင်ကဲ အော်သံများသည် အောက်မှ ဆက်လက်ပဲ့တင်ထပ်လာသည်။ ဝဲအတွင်းရှိ လူတော်တော်များများမှာ ခြောက်သွေ့သေဆုံးသွားကြလေပြီ။

မန်ဟိုက လျှာကိုက်၍ သွေးတချို့ ထွေးကာ နောက်ဆုတ်လိုက်သည်။ သွေးက ထွက်လာလျှင်ချင်း ‌သွေးကန်တစ်ကန်အသွင်ပြောင်းရင်း ပြန့်ကားသွား၏။

ထိုသွေးတွင် မန်ဟို၏ချီနှင့်သွေးစွမ်းအားတင်မက၊ ဝဲအတွင်း စုပ်ယူခံခဲ့ရသော ကျင့်ကြံသူသုံးသောင်း၏ ချီနှင့်သွေးစွမ်းအားလည်း ပါဝင်သည်။ ထိုစွမ်းအားအလုံးစုံသည် တိရစ္ဆာန်ဝတ်ရုံနှင့် အဘိုးကြီးဆီ ထစ်ချုန်းဝင်ရောက်သွားသော ကန်တစ်ကန်အဖြစ် ပေါင်းစုသွား၏။

အဘိုးကြီး မျက်နှာပျက်သွားသည်။ သူသည် လက်သီးကို ပြန်ရုတ်လိုက်ပြီး ၎င်းက အရွယ်အစားကြီးမားလာကာ အရိုးဆူးများ ထွက်လာသည်။ ထို့နောက် သူက ထိုးချလိုက်၏။ ကြောက်ခမန်းလိလိ ‌ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားသည်။ သွေးကန်ကား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလေပြီ။

ထိုအခိုက်အတန့်တွင် မန်ဟို့ကို ဝန်းရံထားသော အနက်ရောင်မြူများက တိုက်ခိုက်ရန် နောက်တစ်ဖန် ပြေးဝင်လာသည်။ အချိန်တိုလေးအတွင်း မန်ဟိုနှင့်အဘိုးကြီးအကြား တိုက်ကွက်ပေါင်းရာချီ ဖလှယ်လိုက်သဖြင့် ပေါက်ကွဲသံများ အဆက်မပြတ် ဟိန်းထွက်နေ၏။

မန်ဟို့ကို ရစ်သိုင်းလျက်ရှိသော အနက်ရောင်မြူများက တိုးပွားလာသည်။ အောက်ရှိ ကျင့်ကြံသူများထံမှ ချီ၊ သွေးနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့သည် မြစ်ကြီးတစ်စင်းသဖွယ် သူ၏ခန္ဓာကိုယ်ထဲသို့ တဝေါဝေါ စီးဝင်နေရာ အံ့မခန်း‌အတိုက်အခိုက်စွမ်းရည်ကို ပေးစွမ်းနေတော့သည်။

"သေစမ်း ကျိုးပျက်လိုက်" အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် မန်ဟို့ 'ခြောက်သွေ့' စာလုံးမှော်သင်္ကေတကို သိ၏။ သို့သော် မန်ဟိုက ၎င်းသင်္ကေတကိုပင် မသုံးဘဲ ဤမျှရင်ဆိုင်ရခက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နောက်ဆုံးတော့ သူသည် ရင်ဘတ်ကို အုန်းခနဲ ထုကာ အသက်စွမ်းအားတို့ကို လောင်ကျွမ်းရင်း လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။

လက်သီးနှစ်လုံးက ‌ကောင်းကင်ကြီးကို မှောင်ရိပ်သမ်းသွားစေရင်း လေကို ထိုးခွဲသွားသည်။ မန်ဟို့မျက်လုံးများ အေးစက်သွား၏။ သူက ဘာမှမပြောသလို ရှောင်လည်း မရှောင်။ ထိုအစား သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အပြင်အားကိုယ်၊ နဝမတောင်နှင့် အရာအားလုံးကို အားပြုရင်း ရှေ့တက်လိုက်သည်။ ၎င်းသည် ဝဲကြီးများမှ စုပ်ယူ‌နေသော ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံစွမ်းအားများအကုန် ပေါင်းစုနေသော လက်ဝါးချက်၊ သူ၏ ချုပ်တည်းမရတော့သော နတ်ဆိုးစိတ်ဆန္ဒပါဝင်နေသည့် တိုက်ကွက်တစ်ကွက်ဖြစ်သည်။

နောက်တစ်ဖန် ထိပ်တိုက် အသေအကြေတိုက်ခြင်း။

"မသေသေးဘူးလား" အဘိုးကြီးက နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သွေးအန်ရင်း တွေးလိုက်သည်။

မန်ဟိုလည်း ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားပြီး ခန္ဓာကိုယ်ပေါက်ကွဲသွား၏။ သို့သော် ထာဝရအလွှာက အလုပ်လုပ်လိုက်သည်။ ကံဆိုးစွာနှင့် သူ့ကိုယ်ထဲတွင် ထာဝရအလွှာစွမ်းအား၏ အမျှင်လေးတစ်မျှင်သာ ကျန်တော့လေသည်။ ၎င်းသည် သူ ကျိန်စာစွမ်းအားကို ရင်ဆိုင်ခဲ့စဉ်တုန်းက ဆိုးဆိုးရွားရွား အားနည်းသွားခဲ့၏။ လောလောဆယ်တွင် သူ့ကို အပြည့်အဝ ပြုပြင်ကုသပေးဖို့ လုံလောက်သောစွမ်းအား မရှိပေ။

ဤအခြင်းအရာကို မြင်တွေ့သော် အဘိုးကြီး၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာသည်။

"သေစမ်း" သူက သူ့အရှေ့သို့ လက်နှစ်ဖက်ကို လက်သီးဆုပ်သဖွယ်မဟုတ်ဘဲ လက်သည်းကုတ်ထားသည့်သဖွယ် ဆန့်ထုတ်ရင်း အော်လိုက်သည်။ သူ ခုန်လိုက်အခါ ‌သူ့ပတ်ဝန်းကျင်ရှိ လေထုသည် ပုံပျက်သွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူကား ဧရာမငှက်တူသတ္တဝါကြီးတစ်ကောင် အသွင်ပြောင်းသွား၏။

၎င်းသည် သွေးအေးသော အလင်းရောင်နှင့် မိုးမြေကို စုတ်ဖြဲပစ်နိုင်သော ခြေသည်းလက်သည်းကြီးများဖြင့် ဒဏ္ဍာရီလာသိမ်းငှက်တစ်ကောင်အလားပင်။ သူက လေကို ခွင်းလာသော အတန်းတစ်တန်းထက် မပိုတော့သည့်တိုင်အောင် လျင်မြန်သောအမြန်နှုန်းဖြင့် မန်ဟို့ဆီ ပြေးဝင်လာသည်။

လေပြင်းတစ်ချက်က မျက်နှာကို တိုးဝှေ့ဝင်ဆောင့်လာစဉ် မန်ဟိုသည် ညာလက်ကို မြှောက်၍ မိုးကြိုးဒယ်အိုးကို ထုတ်လိုက်သည်။

ဒယ်အိုးသည် ဝင်းခနဲ လက်သွားပြီး မန်ဟိုက အောက်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ ဖျတ်ခနဲ မန်ဟို ပျောက်ကွယ်သွားလေပြီ။ စောစောက မန်ဟို ရှိခဲ့သော နေရာတွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ပေါ်လာပြီး မန်ဟိုကတော့ ထိုလူ ရှိခဲ့သောနေရာသို့ ‌ရောက်သွား၏။

နေရာလဲသိုင်း

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ ရောင်စုံအလင်းများ လင်းခနဲ လက်သွားသည်ကို မြင်လိုက်ရပြီး ရုတ်တရက် လေပေါ် ရောက်သွားခဲ့‌လေသည်။ သူ့မှာ မထိတ်လန့်မိဘဲ မနေ။ စောစောလေးကတင် သူသည် ‌တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်၏ ရင်ဘတ်ကို အားကုန်ထိုးချရန် ပြင်နေခဲ့သည်။ ယခုတော့ လေပေါ် ရောက်နေခဲ့ပြီ။

ရက်စက်ကြမ်းကြုတ်သော ဒဏ္ဍာရီလာသိမ်းငှက်ကြီးတစ်ကောင် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူ့ဆီ လာနေသည်ကို မြင်လျှင် အလွန်ပြင်းထန်သော သေခြင်းအန္တရာယ်အာရုံက သူ့ကို လွှမ်းမိုးသွားသည်။ သူ့အတွက် ရှောင်တိမ်းဖို့ မဖြစ်နိုင်‌လေရာ သူ၏အနုသုခုမရုပ်ခန္ဓာပင် အသိစိတ်လွတ်မတတ် ကြောက်လန့်သွားပြီး တစစီကြေမွတော့မည့်အလား ဖြစ်လာသည်။

ဖောင်း

သိမ်းငှက်ကြီးက သူ့ကို ဝင်တိုက်သွားပြီး သွေးများ ဖွားခနဲ လွင့်စင်သွားစေသည်။ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်သွားပြီး သိမ်းငှက်ကြီးသည် မှုန်ဝါးသွားကာ အဘိုးကြီးပြန်ဖြစ်သွားသည်။ သူက အမဲဖြတ်လိုသော မျက်လုံးများဖြင့် မြေပြင်ကို ငုံ့ကြည့်နေ၏။

"မန်ဟို" သူက အမျက်တချောင်းချောင်းထွက်လျက် အော်လိုက်သည်။ သူကား‌ လေမုန်တိုင်းတစ်လုံး၏အလယ်တွင် မြေပြင်သို့ ထိုးဆင်းလာသော သိမ်းငှက်ကြီးအသွင်ပြန်ပြောင်းသွားသည်။

အောက်တွင် မန်ဟိုသည်‌ သူ ကောက်ကာငင်ကာ ပေါ်လာခဲ့သဖြင့် ကြောက်ရွံ့တုန်လှုပ်နေသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြားတွင် ရပ်နေ၏။ သူက သူတို့တစ်ယောက်မှ ဘာမှမလုပ်နိုင်ခင် မြေကြီးသို့ လက်ညှိုးထိုးလိုက်သည်။

သွေးမိစ္ဆာမဟာမှော်သိုင်း။

ဝုန်း

ဧရာမဝဲကြီးတစ်ဝဲသည် မန်ဟို့ကို ဗဟိုပြုလျက် ပေါ်လာ၏။ ၎င်းက လူထောင်ပေါင်းများစွာကို ချက်ချင်း လွှမ်းခြုံသွားသည်။ ၎င်းအတွင်း ပိတ်မိသွားသော တောင်ပိုင်းဒေသကျင့်ကြံသူများမှာမူ ညင်သာသော အားတစ်ရပ်က သူတို့ကို ပွေ့သယ်၍ ဝဲထဲမှ ထုတ်ပေးလိုက်သည်ကို ခံစားလိုက်ကြရသည်။

မန်ဟိုက ဆံပင်ဖြူဖြူများ လေတွင် မျောလွင့်လျင် ဝဲထဲတွင် နေနေသည်။ သူက ‌အောက်သို့ ထပ်မံ လက်ညိုးထိုးလိုက်ပြီး သူ၏မျက်လုံးများမှာ တည်ငြိမ်သော သွေးအေးမှုဖြင့် ပြည့်နှက်လျက်ရှိသည်။

"ချီနှင့်သွေး"

ဝုန်း

ဝဲအတွင်းရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ စူးစူးဝါးဝါး အော်လာကြရပြီး ကျင့်ကြံခြင်းအဆင့်မည်သို့ပင်ဖြစ်ပါစေ မြန်ဆန်စွာ ခြောက်သွေ့လာကြ၏။

ချီနှင့်သွေး အမြောက်အမြား မန်ဟို့ကိုယ်ထဲ စီးဝင်လာသည်။ သူ၏ခန္ဓာကိုယ်သည် ငှားယူထားသောစွမ်းအားကြောင့် သန်မာလာပြီး သူ၏အတွင်းဒဏ်ရာများလည်း သက်သာလာသည်။

"စိတ်ဝိညာဉ်အကြော" သူက ပြောသည်။

ဝုန်း

ပို၍စူးဝါးသော အော်သံများအား ဝဲထဲ ပိတ်မိနေသည့် လူပေါင်းထောင်ချီထံမှ ကြားလိုက်ရသည်။ သူတို့မှာ ချီနှင့်သွေးတို့ ဖယ်ရှားနုတ်ယူခံလိုက်ရသဖြင့် အရိုးပေါ်အရေတင်နေကြလေသည်။ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာ၊ ကျင့်ကြံခြင်းအခြေခံများမှာလည်း သူတို့၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စိမ့်ထွက်လာသော အဖြူရောင်အခိုးအငွေ့များအသွင် ပြောင်းလာသည်။ သူတို့၏မျက်လုံးကြီးများ ပြူးထွက်လာကာ မျက်နှာများလည်း ငိုင်တွေတွေ ဖြစ်လာ၏။ သူတို့မှာ သွက်ချာပါဒလိုက်နေပြီး ကတုန်ကယင်နှင့် အော်ရုံသာ တတ်နိုင်တော့သည်။

သူတို့၏ကျင့်ကြံခြင်းအခြေခံများအား မန်ဟိုက စုပ်ယူကာ သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံအား တိုးမြင့်လာစေသည်။ သူ၏ဒဏ်ရာများလည်း ပို၍သက်သာပျောက်ကင်းလာသည်။

ဤအခိုက်အတန့်တွင် သိမ်းငှက်အသွင်ဖြင့် အဘိုးကြီးသည် သတ်ဖြတ်လိုစိတ်များထုတ်လွှတ်လျက် သူ့အပေါ် ထိုးဆင်းလာနေချေပြီ။

"ဝိညာဉ်" မန်ဟိုက နောက်ဆုံးစကားလုံးကို အော်ပြောလိုက်သည်။

သူ့အနေဖြင့် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၅) သို့ ဖောက်ထွက်နိုင်မှ ဖြစ်မည်။

ထိုသို့ဖောက်ထွက်နိုင်လျှင် သူသည် သူ၏ဒုတိယကိုယ်အစစ်ပင် မထိန်းချုပ်နိုင်သော သွေးမိစ္ဆာဂိုဏ်းချုပ်မှ သူ့အတွက် အထူးတလည် ဖန်တီးပေးခဲ့သော .... အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ပေမည်။

***

All Chapters