သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၅)
Vol. 56 Ch. 776
'ဝိညာဉ်' စာလုံးကား ရေရွတ်ခံလိုက်ရပြီ။
ထိုအခိုက်အတန့်တွင် မန်ဟို၏ပတ်ပတ်လည်ရှိ ဝဲကြီးအတွင်း စုပ်ယူခံခဲ့ရသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ နောက်ဆုံးအကြိမ် စူးစူးဝါးဝါး အော်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များ ခြောက်သွေ့ခမ်းခြောက်လာကာ ကျင့်ကြံခြင်းအခြေခံများ ပျောက်ကွယ်သွား၏။ ယခုတွင် သူတို့မှာ ရေလှိုင်းလုံးများသဖွယ် သူတို့ကို လွှမ်းမိုးနေသော နာကျင်မှုအား ခံစားနေကြရလေသည်။
နောက်ဆုံးတော့ သူတို့မျက်ဝန်းထဲရှိ အရာအားလုံး အမှောင်ဖုံးသွားပြီး ကမ္ဘာကြီး ပျောက်ဆုံးသွားသည်။ သူတို့ကား ... အသက်မရှိကြတော့ပေ။
သူတို့၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ငိုကြွေးရုန်းကန်နေသော ဝိညာဉ်များစွာ ထွက်လာသည်။ ကျင်ကြံသူတစ်ဦးတစ်ယောက်ချင်းစီ၏ကျောများ ကောက်ကွေးသွားကြပြီး မျက်နှာများ မည်းမှောင်ကာ မျက်လုံးတို့ မီးခိုးရောင်ပြောင်းသွားသည်။ သူတို့၏ပါးစပ်များသည် ရုပ်ပျက်ဆင်းပျက် ဟောင်းလောင်းပွင့်နေကြ၏။
သူတို့၏ဝိညာဉ်များက ထွက်လာပြီး ဝဲနှင့် တစ်သားတည်းဖြစ်ကာ ဝိညာဉ်လေဆင်နှာမောင်းဖြစ်လာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် မည်သူမဆို အံ့ဩခြင်းကြီးစွာ ဖြစ်ကုန်ကြသည်။
"မိစ္ဆာမှော်ပညာ အဲ့ဒါ မိစ္ဆာမှော်ပညာပဲ"
"ဒီလိုရက်စက်တဲ့ နတ်ဘုရားစွမ်းရည်မျိုးက မိစ္ဆာမှော်ပညာပဲ ဖြစ်ရမယ်"
ပတ်ဝန်းကျင်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ တုန်ရီနေကြပြီး ကြောက်စိတ်တို့ မွှန်ထူသွားကြလေသည်။ သူတို့သည် ချောက်ချားစွာ ကြည့်နေစဉ် ဝိညာဉ်များသည် လေဆင်နှာမောင်းကြီးအဖြစ် လည်လာပြီး မန်ဟိုက မြေကြီးကို လက်ညှိုးထိုးပြီးနောက် ခေါင်းမော့လာသည်။ သူ၏အဖြူရောင်ဆံပင်များသည် သူ၏ပတ်ပတ်လည်တွင် လွင့်မျောနေပြီး သူ၏မျက်လုံးများကား အကြင်နာမဲ့ရက်စက်မှုဖြင့် တောက်ပနေ၏။
သူ့မျက်နှာမှာလည်း လူသေကောင်ပမာ ဖြူဖျော့နေရာ သူ၏ပုံပန်းသွင်ပြင်တစ်ခုလုံးကို နတ်ဆိုးတစ်ကောင်နှင့် တူသွားစေသည်။ သူ့ပတ်ပတ်လည်ရှိ ဝိညာဉ်များမှာ ဘယ်တော့မှ လွတ်မြောက်မည်မဟုတ်သည့် ကျွန်များအလားပင်။
ကောင်းကင်ထက်ရှိ သိမ်းငှက်အသွင်ဖြင့် အဘိုးကြီးမှာ မြင်နေရသောအရာကြောင့် ပါးစပ်အဟောင်းသားနှင့် မှင်သက်နေလေသည်။ သို့သော် အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏မျက်လုံးများ လင်းလက်သွားပြီး ရက်စက်ကြမ်းကြုတ်မှုက သူ၏နှလုံးသားတွင် ကျွမ်းလောင်နေ၏။ သူက မန်ဟို့ဆီ တန်းတန်းမတ်မတ် ဆက်လက်ထိုးဆင်းလာသည်။
"မင်းရဲ့ ဂမ္ဘီရလှည့်ကွက်က ငါ့အပေါ်မှာ အလုပ်မဖြစ်ဘူး သေစမ်း"
မန်ဟို၏မျက်လုံးများ ဝင်းလက်သွားပြီး အဘိုးကြီး သူ့အပေါ် ထိုးဆင်းလာနေစဉ် သူက မြေကြီးအပေါ်မှ ဝုန်းခနဲ ထိုးတက်သွားသည်။ သူ သိမ်းငှက်အား ထိပ်တိုက်ရင်ဆိုင်လိုက်စဉ် ရုန်းကန်နေသော ဝိညာဉ်လေဆင်နှာမောင်းကြီးသည် မြစ်ကြီးတစ်စင်းသဖွယ် သူ့ကို ဝန်းရံလျက်ရှိ၏။
အုန်းခနဲ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး အဘိုးကြီးသည် ယခုထက်ပို၍ သန်မာကြံခိုင်စေကာမူ ပါးစပ်မှ သွေးများ စီးကျလာသည်ကို တားနိုင်မည်မဟုတ်ပေ။ သူ့မှာ သိမ်းငှက်ပုံစံအသွင်ကို ဆက်လက်ထိန်းထားနိုင်ခြင်းမရှိတော့သဖြင့် လူပုံစံပြန်ပြောင်းသွားကာ လွင့်ထွက်သွားတော့သည်။
သွေးများ မန်ဟို့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခြေထောက်အောက်ရှိ မြေကြီးမှာ ပက်ကြားအက် ကွဲထွက်သွားတော့သည်။
ရုန်းကန်နေသော ဝိညာဉ်များလည်း ပေါက်ကွဲသွားပြီး မန်ဟို့ဆီ တဟုန်ထိုး ဝင်ရောက်၍ သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားသော အလင်းစက်များအသွင် ပြောင်းသွားသည်။ သွေးမိစ္ဆာမဟာမှော်သိုင်း အဆင့် (၅) ၏ ကနဦးအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ကြောင်း မန်ဟို အာရုံရလိုက်သည်။
"ငါ ဝိညာဉ်တွေ ထပ်လိုသေးတယ်" သူက မျက်လုံးများ အရောင်လဲ့လျက် တွေးလိုက်သည်။ သူသည် အဘိုးကြီး သူ့ဆီ လာမည်ကို စောင့်မနေဘဲ မိုးကြိုးဒယ်အိုးကို ထုတ်လိုက်၏။ လင်းခနဲ လက်သွားပြီး သူကား မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူနောက်တစ်ယောက်နှင့် နေရာလဲသွားလေပြီ။
မန်ဟိုသည် မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့အတွင်း၌ ပေါ်လာပြန်ပြီး ထိုသို့ပေါ်လာသည်နှင့် သူက မြေကြီးကို ချက်ချင်း လက်ညှိုးထိုးလိုက်သည်။ သွေးမိစ္ဆာမဟာမှော်သိုင်း နောက်တစ်ကြိမ် လှုပ်ရှားလာသဖြင့် ဝဲကြီးတစ်ခု ပေါ်လာသည်။
မန်ဟို့အတွက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ စားစရာထက် မပိုသည့်အလားပင်။ သူတို့သည် သူ့အတွက် တာအိုရှာဖွေခြင်းးအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ရာတွင် အရေးပါ၏။ သူ သူတို့ကို စုပ်ယူစားသုံးနေစဉ် မချိတင်ကဲ အော်သံများသည် လေထဲတွင် စီစီညံနေတော့သည်။ ချီ၊ သွေးနှင့် ကျင့်ကြံခြင်းအခြေခံများမှာ မန်ဟို၏စုပ်ယူခြင်းခံနေရပြီး သူ၏အပြင်အားကိုယ်မှာ တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့်မှ တာအိုရှာဖွေခြင်းနှောင်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်အထိ သန်မာသွား၏။
သူ၏ကျင့်ကြံခြင်းအခြေခံမှာမူ ယခုတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ထက် ကျော်၍ တာအိုရှာဖွေခြင်းအဆင့်သို့ ယာယီ ရောက်ရှိသွားသည်။ သဘာဝနိယာမသည် သူ့ကို လှည့်ပတ်နေရာ မန်ဟို့အား ပို၍ပင် ရဲစွမ်းသတ္တိရှိသွားစေတော့သည်။
သွေးမိစ္ဆာမဟာမှော်သိုင်းသည် ရန်သူအမြောက်အမြားနှင့် တိုက်ခိုက်ရာတွင် အသင့်တော်ဆုံးဖြစ်၏။
ရန်သူများလေ ၊ အစွမ်းထက်လေပင်။
လေလယ်တွင် တိရိစ္ဆာန်ဝတ်ရုံနှင့် အဘိုးကြီးက မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ သိမ်းငှက်ပုံစံမပြောင်းဘဲ ဧရာမစပါးအုံမည်းမည်းကြီးတစ်ကောင် ဖြစ်လာသည်။ သူက ကြောက်စရာ ပါးစပ်ကြီးကို ဟ၍ မန်ဟို့ကို ဝါးမြိုတော့မည့်အလား လှမ်းဟပ်လိုက်သည်။
မန်ဟိုက ဝဲအတွင်း၌နေ၍ စပါးအုံမြွေကြီး ချဉ်းကပ်လာသည်ကို စောင့်စားနေသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူထောင်ပေါင်းများစွာမှာ ခန္ဓာကိုယ်များခြောက်သွေ့၊ ကျင့်ကြံခြင်းအခြေခံများ ပျောက်ကွယ်သွား၍ သေလုမြောပါးဖြစ်သွားရာ စူးစူးဝါးဝါး အော်နေကြသည်။
ရုတ်တရက် မန်ဟိုက 'ဝိညာဉ်' ဟု ပြောလိုက်ပြီး ကျင့်ကြံသူထောင်ပေါင်းများစွာ ဖောင်းခနဲ ပေါက်ကွဲကာ သူတို့၏ဝိညာဉ်များ ပျံထွက်လာ၏။
ထို့နောက် မန်ဟို ပျောက်ကွယ်သွားသည်။ စပါးအုံကြီး သူ့အနား ရောက်လာတော့မည့်အချိန်မှာပင် သူကား အဝေးရောက်သွားပြီး သွေးမိစ္ဆာမဟာမှော်ဝဲနောက်တစ်ခု ပေါ်လာသည်။
အဘိုးကြီးမှာ မိုးမီးလောင်သွားသည့်တိုင် မန်ဟိုနှင့် မိုးကြိုးဒယ်အိုးကို ဘယ်နည်းနှင့်မှ မတားနိုင်ဖြစ်နေ၏။ ဖျတ်လတ်သော နေရာရွှေ့ပြောင်းခြင်းလိုမျိုး အစွမ်းက မန်ဟို့ကို ဖမ်းရခက်စေရာ အဘိုးကြီးမှာ တုန်လှုပ်နေတော့သည်။
"သေစမ်း မန်ဟို မင်း ငါနဲ့ တစ်ယောက် တစ်ယောက်ချင်း တိုက်ရဲလား"
အသတ်အဖြတ်စိတ်ဆန္ဒက အဘိုးကြီး၏မျက်လုံးများတွင် တောက်ပလာသည်။ ဤတစ်ကြိမ်တွင် သူသည် မန်ဟို့နောက်မလိုက်ဘဲ ထိုအစား တောင်ပိုင်းဒေသ၏ကျင့်ကြံသူတပ်ဖွဲ့ဆီ ပျံသန်းသွား၏။
"မင်း ထွက်လာပြီး မတိုက်ရင် ငါ တောင်ပိုင်းဒေသကျင့်ကြံသူတွေကို သတ်ပစ်မယ်"
မန်ဟိုက တုံ့ခနဲ ရပ်လိုက်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သွေးမိစ္ဆာမဟာမှော်သိုင်း ပေါ်လာပြီး မိုးကြိုးဒယ်အိုး လင်းခနဲ လက်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် အဘိုးကြီးနှင့် နေရာလဲလိုက်ခြင်းဖြစ်၏။
နေရာလဲပြီးနောက် အဘိုးကြီးမှာ ... မန်ဟို၏ဝဲများအနက်မှ တစ်ခု၏အလယ်ရောက်သွားကြောင်း တွေ့လိုက်ရသဖြင့် ထိတ်ပျာသွားလေသည်။
မန်ဟိုက အဘိုးကြီးကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။
"တိုက်ခိုက်ချင်လား" သူက ပြောသည်။ "ဒါဆိုလဲ တိုက်ခိုက်ကြတာပေါ့" သူသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်လိုက်ရာ စောစောက သူ ဖန်ဆင်းခဲ့သော ဝဲအမြောက်အမြားသည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အကြောက်အကန် အော်သံများဖြင့် ပဲ့တင်ထပ်သွား၏။ ချီနှင့် သွေးတို့က သူ့ဆီ တရဟော စီးဆင်းလာသဖြင့် မန်ဟို၏ခန္ဓာကိုယ်သည် တာအိုရှာဖွေခြင်းအဆင့်သို့ ရောက်ရှိသွားပြန်သည်။
ဝုန်း
အဘိုးကြီး၏ခန္ဓာကိုယ်မှာ စတင်ခြောက်ကပ်လာသည်။ သို့သော် သူသည် ရုန်းထွက်လိုက်နိုင်ပြီး မန်ဟို့ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်၏။
"သေစမ်း"
မန်ဟိုက လက်နှစ်ဖက်လုံးကို လက်သီးဆုပ်ပြီး သူ့ကို ရင်ဆိုင်ရန် ရှေ့ဆက်သွားသည်။ သူတို့နှစ်ယောက်သည် သူတစ်ပြန် ကိုယ်တစ်ပြန် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေရာ ပေါက်ကွဲသံများအား အရပ်လေးမျက်နှာတွင် ရိုက်ညောင်းနေစေတော့သည်။ နောက်ဆုံးတွင် အဘိုးကြီး၏မျက်လုံးများက စူးရှတောက်ပလာသည်။ ရုတ်တရက် ရွှေရောင်ငှက်နှစ်ကောင်သည် ခပ်စူးစူး အော်ရင်း သူ၏မျက်ဆံများအတွင်းမှ ထွက်လာကာ မန်ဟို့ဆီ ပြေးဝင်သွား၏။
မန်ဟို့မျက်လုံးများ အေးစက်သွားကာ သူက ပြောလိုက်သည်။ "စိတ်ဝိညာဉ်အကြောတွေ"
ချက်ချင်းပင် အောက်ရှိ ဝဲများအတွင်း ပိတ်မိနေသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများဆီမှ ပို၍စူးဝါးသောအော်သံများ ကြားလိုက်ရသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ သူတို့၏နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် မန်ဟို့ကိုယ်ထဲသို့ တိုက်ရိုက်စုပ်ယူခံနေရလေသည်။ ကျင့်ကြံခြင်းအခြေခံများက လေဆင်နှာမောင်းကဲ့သို့ မန်ဟို့ကို ရစ်သိုင်းလှည့်ပတ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် မရောက်မချင်း အားဖြည့်ပေးနေသည်။
သူက မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။
"နဝမတောင် ချေမှုန်းပစ်လိုက်"
ဂျိန်းခနဲ နဝမတောင်သည် ခေါင်းအထက်တွင် ပေါ်လာ၏။ ၎င်းသည် တကယ့်တောင်ကြီးသဖွယ် ကြီးမားပြီး ၎င်းကို လှည့်ပတ်နေသော သဘာဝနိယာမက ကောင်းကင်ကို မွှေနှောက်ပြီး မြေပြင်ကို တုန်ဟည်းလာစေသည်။ ကြီးမားသောဖိအားကြီးသည် အဘိုးကြီးအပေါ် သက်ရောက်လာ၏။
အဘိုးကြီးက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန့်ကားလာကာ လူ့ဘီလူးကြီးလို ဖြစ်သွားသည်။ သူက လက်နှစ်ဖက်ကို မြှောက်၍ နဝမတောင်ကို ဖမ်းဆွဲလိုက်သည်။
နဝမတောင်က ဝုန်းခနဲ သူ့ကို ဝင်ဆောင့်လိုက်သည်။ သူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ခံနိုင်သည်ဆိုရုံလေး ခံနိုင်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ အရိုးကျိုးသံများ ကြားလိုက်ရသည်။
"ဝိညာဉ်" မန်ဟိုက အေးစက်သောမျက်ဝန်းများဖြင့် ပြောသည်။ ဝဲထဲရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ အတုန်းအရုန်း လဲကျသေဆုံးသွားကြစဉ် ရုန်းကန်နေသော ဝိညာဉ်များက သူတို့၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ မန်ဟို့ဆီ ပျံထွက်လာသည်။
ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကြသော ဝိညာဉ်ပမာဏက မန်ဟို့ခေါင်းထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွားစေသည်။ ရုတ်တရက် ... သူကား သွေးမိစ္ဆာမဟာမှော်သိုင်း၏အဆင့် (၅) သို့ ရောက်သွားလေပြီ။
ထိုအခိုက်အတန့်တွင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ပြောင်းလဲမသွားသော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်မှာ ချက်ချင်း အဆများစွာ တိုးတက်သွားပြီဖြစ်သည်။
သူ၏ဆံပင်များ အကြမ်းပတမ်း ပျံ့လွင့်နေပြီး သူကား မည်သည့်နေရာမှကြည့်ကြည့် နတ်ဆိုးတစ်ကောင်အလားပင်။ သူ၏မျက်လုံးများက နေမင်းသူရိန်ပမာ တောက်ပနေပြီး အောက်ရှိ စစ်မြေပြင်တစ်ခုလုံးမှာ သူ့ကို ရစ်သိုင်းလျက်ရှိသော အနက်ရောင်မြူများအရိပ်ကြောင့် မှောင်မည်းနေလေသည်။
သူက အသက်ပြင်းပြင်းရှူပြီးနောက် ရှေ့တက်လိုက်သည်။
အဘိုးကြီးက လက်နှစ်ဖက်ကို မြှောက်ထားစဉ် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြည့်ရပုံထောက်လျှင် သူသည် သဘာဝနိယာမတစ်မျိုးကို အသက်သွင်းနေသယောင် ရှိသည်။ ယခုတွင် နဝမတောင်မှ လာနေသော အက်ကွဲသံများကို ကြားရနိုင်ပြီး ၎င်းမှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲသွားတော့၏။
"ခွေးမသားလေး" အဘိုးကြီးက နှုတ်ခမ်းထောင့်မှ သွေးတို့ စီးကျလျက် ပြောသည်။ နဝမတောင်ပြိုကွဲခြင်းက သူ့ကို အားတော်တော်ထုတ်ရစေခဲ့သည်။ ယခု သူ၏ခန္ဓာကိုယ်သည် ဟိန်းဟောက်၍ မန်ဟို့ကို ခုန်အုပ်လိုက်သော ကျားဖြူတစ်ကောင်အသွင်ပြောင်းသွား၏။
ဤတစ်ခေါက်တွင် မန်ဟိုက မရှောင်။ ကျင့်ကြံသူနှစ်ယောက် လေလယ်တွင် ထိပ်တိုက်တွေ့သည်။ ထို့နောက် ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။
"ချီနဲ့သွေး" မန်ဟိုက အေးဆေးတည်ငြိမ်စွာ ဆိုသည်။ ယခုတစ်ကြိမ်တွင် သူ၏လက်ဝါးထက်၌ ဝဲသေးသေးလေးတစ်ခု ပေါ်လာသည်။ ကျားပုံစံအဘိုးကြီး၏ ရှေ့ခြေအပေါ် တိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်သောအခါ ခြေတစ်ချောင်းလုံးမှာ ချက်ချင်း အရေပြားနှင့်အရိုးသာ ကျန်တော့သည်။
ရုတ်တရက် ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားမှုက အဘိုးကြီးကို မျက်နှာပျက်သွားစေသည်။ သူ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏ကျားဖြူအသွင်တစ်ကိုယ်လုံး တုန်ရီသွားကာ အမြန်ဆုံး နောက်ဆုတ်လိုက်၏။
မန်ဟို့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားသည်။ သူ့အနေဖြင့် အဘိုးကြီးကို ထိုအတိုင်း လွယ်ကူစွာ အလွှတ်ပေးလိုက်ရမည်လော ။ သူ၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ အဘိုးကြီး၏ ဘေးတည့်တည့်တွင် ပေါ်လာလေပြီ။ သူ့ညာလက်ဝါးပေါ်ရှိ ဝဲက အဘိုးကြီး၏ကျောဆီ ပြေးဝင်သွားသည်။
"ထွက်သွားစမ်း" အဘိုးကြီးက အော်သည်။ ချက်ချင်းဆိုသလို သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီပေါက်ကွဲမှုနှင့်အတူ ဖြာထွက်သွား၏။ မန်ဟိုက အေးစက်စက် နှာမှုတ်ကာ လက်ဝါးဖြင့် ဆက်ရိုက်လိုက်သည်။
"စိတ်ဝိညာဉ်အကြော"
သူက ချီသွေးမဟုတ်ဘဲ ကျင့်ကြံခြင်းအခြေခံကို စုပ်ယူလိုက်သဖြင့် ထစ်ချုန်းသံတစ်သံ ကြားလိုက်ရသည်။ အဘိုးကြီးထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံပေါက်ကွဲမှု မန်ဟို့ဆီ ရောက်ရှိလာသည့်အခါ မန်ဟိုက ၎င်းကို လက်နှင့် ထိရုံလေးထိလိုက်ပြီး ၎င်းမှာ ပျက်ပြားသွားရသည်။ အကန့်အသတ်မဲ့သော ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် မန်ဟို့လက်ဝါးထဲ ဝင်ရောက်လာခဲ့လေပြီ။
အဘိုးကြီးမှာ ခေါင်းနပန်းကြီးသွား၏။ မန်ဟို့မှော်သိုင်းမှာ ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ နှစ်ကြိမ်လေးသာ ထိရသေးသည်၊ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြင် ချီနှင့်သွေးဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပြီးလေပြီ။ သူ့အတွက် ထို့ထက် ကြောက်စရာကောင်းသည့်အရာ မရှိတော့သဖြင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။
မန်ဟိုက တုံ့ဆိုင်းတွေဝေခြင်းမရှိ လိုက်လာသည်။ သူတို့သည် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်ကြပြီး အဘိုးကြီးက အဆက်မပြတ် ဟိန်းဟောက်နေသည်။ သူ့မှာ အနားသိပ်မကပ်ရဲသဖြင့် မန်ဟို၏ တရစပ် ထိုးနှက်ချက်များအောက်ဝယ် ခွေးပြေးဝက်ပြေး ပြေးနေရတော့သည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့သည် လွင့်ထွက်သွား၏။
မန်ဟို့မျက်နှာက တင်းမာအေးစက်နေပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်း တောက်နေသည်။
ကြည့်နေရကြသူများမှာ သူတို့ မြင်နေရသောအရာကို ယုံရခက်နေသည်။ တိရိစ္ဆာန်သားရေဝတ်ရုံနှင့် အဘိုးကြီးမှာ မန်ဟို့ကို ပြန်မတိုက်ခိုက်နိုင်သည့်အပြင် နောက်ဆုတ်နေရသော အခြေအနေရောက်သည့်တိုင်အောင် ထိုးနှက်ခံနေရသည်။
"ကယ်ပါဦး" သူက စိတ်နှလုံးတုန်ရီလျက် အော်သည်။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ အရိုးပေါ် အရေတင်လာနေပြီး သူ့မှာ ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ လေးဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပြီးလေပြီ။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ အံ့ဩသွားကြပြီး ဝေဟင်ထက်ရှိ ကျန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးဦးမှာလည်း တုန်လှုပ်နေကြသည်။ စောစောက မန်ဟို ဝတ်ရုံနီလူငယ်ကို သုတ်သင်ခဲ့တုန်းက သူတို့သည် အံ့ဩသွားခဲ့ကြ၏။ သို့သော် မန်ဟို လှည့်ကွက်တစ်ကွက်ကွက် သုံးလိုက်ခြင်းသာ ဖြစ်မည်ဟု ယူဆခဲ့ကြသည်။ သို့သော် ယခု သူ လုပ်နေသောအရာကို မြင်တွေ့ရသော် သူတို့မှာ လုံးလုံးလျားလျား မထိတ်လန့်မိဘဲ မနေတော့ပေ။
သူတို့ အဘိုးကြီးကို ကူညီရန် လှုပ်ရှားတော့မည့်အချိန် 'ခြောက်သွေ့' စာလုံးက မန်ဟို့ဘေးတွင် ဖြစ်တည်လာသည်။ မီးခိုးရောင်အလင်း ဖြာထွက်လာပြီး တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်အကုန်လုံး တုံ့ခနဲ ရပ်သွားကြ၏။
သူတို့မှာ သူ့အနား မကပ်ရဲတော့ပေ။
ယင်းက မန်ဟို 'ခြောက်သွေ့' စာလုံးကို ထပ်မံအသုံးမပြုခဲ့သော အကြောင်းရင်းပင် ဖြစ်သည်။ ယခု သူ့အတွက် မှော်သင်္ကေတ၏ အသုံးဝင်မှုက... အပြင်လူများ မနှောင့်ယှက်ရဲစေမည့် ခြိမ်းခြောက်မှုမဟုတ်ပါလော။
***