တစ်ဦးတည်း ထိုးဖောက်ဝင်ရောက်
Vol. 34 Ch. 460
ယင်ဝိညာဥ်သည် တစ်စုံတစ်ရာပြောလိုဟန်ဖြင့် စုမင်အား တစ်ချက်လှမ်းကြည့်လိုက်သော်လည်း တွန့်ဆုတ်သွားခဲ့သည်။ အဆုံးတွင်တော့ ဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်လေသည်။
“မင်းက ငါ့အသက်ကို ကယ်ခဲ့တဲ့အပြင် ငါ့အလုပ်ရှင်ဆိုလည်းဟုတ်တယ်။ သူတို့ကို ရှာမန်မြို့တော်ဆီ ဘေးအန္တရာယ်ကင်းကင်း ပို့ပေးပြီးတာနဲ့ ဒီနေရာကို အမြန်ပြန်လာခဲ့မယ်။ အဲဒီအချိန်ထိမှ မင်းပြန်ထွက်မလာသေးဘူးဆိုရင်၊ ငါမင်းကို ဒီနေရာမှာ ဆယ်နှစ်ကြာအောင် စောင့်မယ်” ယင်ဝိညာဥ်သည် စုမင်အား လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး လန်လန်နှင့် အားဟူတို့ထံ လျှောက်သွားခဲ့သည်။
ကောင်လေးနှင့် ကောင်မလေးသည် စုမင်ဘက်သို့ ပြန်လှည့်ကြည့်လာကြ၏။ သူတို့မျက်နှာထက်တွင် ရှုပ်ထွေးသောအမူအယာများ ရှိနေသော်လည်း ဘာမျှတော့မပြောခဲ့ပေ။ ထိုအစား အရှေ့သို့ ပြန်လှည့်သွားပြီး ယင်ဝိညာဥ်နှင့်အတူ မြူခိုးများအတွင်း အလျင်အမြန် လျှောက်သွားကြသည်။
မြူခိုးထဲရှိ သတ္တဝါများသည် စုမင် လှုပ်ရှားခြင်းမရှိသည်ကို မြင်သောအခါ သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး သူတို့ ထွက်သွားပြီးသည်နှင့် နေရာအား ပြန်လည်ဝန်းရံကာ ပိတ်ထားလိုက်ကြသည်။
စုမင်မျက်လုံးတို့ အေးစက်သွားသည်။ သူ့အတွေးတို့ ပို့လွှတ်ရန်ပြင်လိုက်စဥ်မှာပင် အိုမင်းရှေးကျသောအသံက သူ့နားထဲသို့ နောက်တစ်ကြိမ် တိုးဝင်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုအသံသည် သူ့နံဘေးမှ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး အဆက်မပြတ် မြည်ဟည်းပဲ့တင်ထပ်နေပုံပေါ်၏။
“မင်း… က ငါ ဝါးမြိုမယ့် စတုတ္ထမြောက် ငါတို့မျိုးနွယ်ပဲ။ လာပါ… ငါ မင်းကို စားပါရစေ။ ဒါက ငါတို့မျိုးနွယ်ရဲ့ ကံကြမ္မာပဲလေ။ မင်းက ပျောက်ကွယ်သွားတာနဲ့ ငါ… တစ်ဖန်ပြန်နိုးထလာနိုင်လိမ့်မယ်… မီးတောက်နဂါးရဲ့ အဆီအနှစ်၊ ကောင်းကင်ရဲ့ တောက်ပမှုနဲ့ မြေပြင်ရဲ့ အလင်းက ငါတို့ မီးတောက်နဂါးတွေရဲ့ ရှည်လျားတဲ့အသက်ကို ပေးစွမ်းလိမ့်မယ်”
ထိုစကားလုံးများမှတစ်ဆင့် ပြင်းပြသောဆန္ဒတစ်ခုကို ကြားနိုင်၏။ ဤသည်က ထိုအသံဘက်မှ ခံစားချက်အရိပ်အယောင်ကို ပထမဆုံး ထုတ်ပြလာခြင်းဖြစ်သည်။
ထိုအသံပေါ်လာသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ မြွေငယ်လေးထံမှလည်း အကျယ်လောင်ဆုံး ငိုညည်းသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်နေပြီး အကြေးခွံများပေါ်တွင် သွေးကြောမျှင်များပေါ်လာကာ ၎င်းပုံက အချိန်မရွေး ပေါက်ကွဲသွားတော့မည့်ပုံပင်… ၎င်းသည် တစ်ဖြည်းဖြည်း လွင့်မျောလာပြီး ဟန်တောင်တန်းခေါင်းလောင်းအား ထိမိသည်နှင့် ၎င်း၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအသွင်ပြောင်းလဲသွားကာ ဟန်တောင်တန်းခေါင်းလောင်းအား ဖြတ်သန်းလျက် စုမင်ရှေ့တွင် ပေါ်လာခဲ့သည်။
ယခင်က မြွေငယ်လေးထံတွင် ဤစွမ်းအင်မျိုးကို စုမင်တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း သူ့တွင် ထိုအကြောင်း စဥ်းစားနေရန် အချိန်မရှိချေ။ လက်ညှိုးတစ်ချောင်းစာ အရွယ်ခန့်သာရှိသော မြွေငယ်လေးသည် ကောင်းကင်သို့မော့ကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။
၎င်းအော်မြည်လိုက်သည်နှင့် စုမင်အနီးရှိ အရိပ်ဖြူများ၏ ငိုညည်းသံများကလည်း အလွန်တရာ စူးရှလာသည်။ မြူခိုးသားရဲများ၏ ဟိန်းဟောက်သံများသည် ကောင်းကင်ကို တုန်ခါသွားစေပြီး အရိုးမိစ္ဆာတို့၏ အူသံများကလည်း ပိုမိုကျယ်လောင်လာခဲ့သည်။
မျက်လုံးကြီးအနီးရှိ မြူများသည်ပင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်။ ထိုအသံအားလုံးက မြွေငယ်လေး၏ အော်ဟစ်မြည်တမ်းသံများကို ပြန်လည်တုန့်ပြန်လိုက်ကြသလိုပင်…
မြွေငယ်လေး၏ မျက်လုံးများထဲတွင် ရုန်းကန်နေရဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ၎င်းသည် လေထဲမှပင် စုမင်ဘက်သို့ ခေါင်းလှည့်ကြည့်လာ၏။ ၎င်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု၊ တွယ်တာမှုနှင့် စုမင်အား မခွဲခွာလိုဟန် အရိပ်အယောင်များ ရှိနေခဲ့သည်။
မြွေငယ်လေး၏ အကြည့်ကြောင့် စုမင်နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ မြွေငယ်လေးထံမှ အော်မြည်သံပေါ်လာသည်နှင့် စုမင်၏ လမ်းကြောင်းအားပိတ်ထားသော မြူခိုးထဲရှိ သားရဲများသည် နံဘေးသို့ ပြန့်ကျဲသွားပြီး စုမင်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။
သူသာ ထိုလမ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင် မီးတောက်နဂါး၏ သင်္ချိုင်းထဲမှ ဘေးအန္တရာယ်ကင်းကင်းဖြင့် ထွက်ခွာသွားနိုင်ပေလိမ့်မည်။
ဤသည်က သိသိသာသာကိုပင် စုမင်အတွက် မြွေငယ်လေးဘက်မှ ချန်ထားရစ်ပေးခဲ့သော လမ်းကြောင်းဖြစ်သည်။
မြွေငယ်လေး၏ ကိုယ်ပေါ်မှ သွေးကြောမျှင်များက ပိုမိုများပြားလာသည်။ ၎င်းသည် တစ်ဖက်သို့လှည့်သွားပြီး ဝမ်းပန်းတနည်း ငိုကြွေးမြည်တမ်းသံ တစ်ချက်နှင့်အတူ ၎င်းမျက်နှာပေါ်ရှိ ရုန်းကန်နေဟန် အရိပ်အယောင်များက ပိုမိုအားကောင်းလာသည်။ ထို့နောက် မီးတောက်နဂါး၏ အလောင်းကြီးထံ လွင့်မျောသွားတော့၏။ ၎င်း၏ ခန္ဓာကိုယ်လေးသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပဲ မီးတောက်နဂါး၏ မည်မျှရှည်လျားမှန်း မသိသော အလောင်းကြီးအတွင်းသို့ တိုးဝင်သွားပြီး ဦးခေါင်းပိုင်းသို့ ဦးတည်လွင့်မျောသွားခဲ့သည်။
စုမင်မျက်လုံးများက တစ်ဖြည်းဖြည်း နီရဲလာသည်။ သူ ယခုချက်ချင်း ထွက်သွားနိုင်သော်လည်း ၎င်းအား ထိုသို့ မထားခဲ့နိုင်ပေ။
ဤမြွေလေးသည် သူနှင့်အတူ နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့ပြီး သူပျောက်ကွယ်သွားပြီးနောက် လှိုဏ်ဂူရှိရာသို့ ပြန်ရောက်လာချိန်တွင် မြွေငယ်လေး၏ ပျော်ရွှင်နေမှုကိုပင် သူခံစားမိခဲ့၏။
ယခုအချိန်တွင် မြွေငယ်လေးသည် မီးတောက်နဂါး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားနေပြီး သူ့မျိုးနွယ်ထံမှ ဝါးမြိုခံရကာ သူ့အသက်အား စတေး၍ ထိုမီးတောက်နဂါး အသက်ပြန်ရှင်လာအောင်လုပ်မည့် ဖြစ်ရပ်ကို စုမင်ကြည့်မနေနိုင်ပေ။
စုမင် ဘယ်လက်ကိုမြှောက်၍ လေထဲသို့ အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
“ကျီလုံရှန်း”
စုမင်၏ ဘယ်ဘက်လက်ပေါ်ရှိ ယင်ဝိညာဥ်အမှတ်အသားထံမှ စူးရှတောက်ပသော အလင်းတစ်ခု တောက်ပလာသည်။ ထို့နောက် ခပ်ဖွဖွ သက်ပြင်းချသံနှင့်အတူ ယင်ဝိညာဥ်အိုကြီးက စုမင်အရှေ့တွင် ပေါ်လာခဲ့သည်။
“ကျေးဇူးပြုလို့ မီးတောက်နဂါးရဲ့ ကိုယ်ထဲကိုဝင်ပြီး ကျုပ်မြွေလေးကို သူဝါးမြိုမယ့်အရေးကနေ တားဆီးပေးပါ” စုမင် ထိုအဘိုးအား ကြည့်ကာ တောင်းဆိုလိုက်မိသည်။
ယင်ဝိညာဥ်အိုကြီးသည် မီးတောက်နဂါး၏ အလောင်းကြီးထံ လှမ်းကြည့်လျက် အသံတိုးတိုးဖြင့် “ကျုပ်မင်းကို မကူညီနိုင်ဘူး… သူသက်ရှိထင်ရှားရှိစဥ်က ကျုပ်တို့က ဒီမြင့်မြတ်သောယင်ကိုးပါးကို ကိုးကွယ်ခဲ့ကြတဲ့သူတွေပဲ။ သူ့ရဲ့ စိတ်ဆန္ဒက အခုအချိန်အထိ ကျန်ရှိနေသေးတဲ့အပြင် အဲဒီစိတ်ဆန္ဒထဲမှာ ရူးသွပ်မှုတစ်မျိုးလည်း ရှိနေတယ်…”
“ငါ သူ့ကို မတိုက်နိုင်ဘူး…” အဘိုးအိုသည် မီးတောက်နဂါးထံမှ အကြည့်ပြန်လွှဲလိုက်ပြီး စုမင်အား တောင်းပန်ဟန်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
စုမင်၏နှလုံးသားမှာ စိုးရိမ်တကြီး တုန်လှုပ်သွားပြီး အလျင်အမြန်ပင် “ဝိညာဥ်လုယက်တွေ ထပ်ပေးပါ့မယ်”
“မင်း ဝိညာဥ်လုယက် ဘယ်နှစ်လုံးပေးတယ်ဆိုတာ အရေးမကြီးဘူး။ သူ့စိတ်ဆန္ဒ ရှိနေသေးသရွေ့ ဘယ်သူမဆို သူ့ကိုယ်ထဲကို ဝင်နိုင်ဖို့ ခဲယဥ်းတယ်။ ဒါပေမယ့် အဲဒီမြွေလေးက မင်းပိုင်တာဆိုမှတော့ မင်းတော့ ဝင်နိုင်လောက်မှာပါ။ ဒါပေမယ့်… ငါကတော့ ဝင်လို့မရဘူး…”
စကားဆုံးသည်နှင့် အဘိုးအိုသည် ရှေ့တစ်လှမ်းတိုးကာ အလောင်း၏ ပျက်စီးနေပြီဖြစ်သော အစိတ်အပိုင်းနေရာတစ်ခုရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ သူဝင်ရန် ပြင်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို မီးတောက်နဂါး၏ ခန္ဓာကိုယ်မှ ပြင်းထန်သောတွန်းအားတစ်ခု တိုးထွက်လာသည်။ ထိုအားလှိုင်း၏ ရိုက်ခတ်မှုကြောင့် အဘိုးအိုသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရပြီး စုမင်အား ခါးသက်သက် အပြုံးတစ်ခုဖြင့် လှည့်ကြည့်လာခဲ့သည်။
မီးတောက်နဂါး၏ အလောင်းကြီးကို စုမင် သေချာစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပလာပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ တစ်ခါတစ်ရံတွင် အချို့ကိစ္စများကို တုန့်ပြန်ရာ၌ လုပ်သင့်တာ၊ မလုပ်သင့်တာဟူ၍ မရှိတော့ချေ။ ထိုကဲ့သို့ အခြေအနေမျိုး၌ လုပ်ရမည်ဟု ခံစားရသည်ကိုသာ လိုက်လုပ်ရန်လို၏။
စုမင်သည် ရှေ့တစ်လှမ်းတက်ကာ ညာလက်ဖြင့် ကောင်းကင်ရှိ သွေးနဂါးထံ ညွှန်ပြလိုက်သည်။ သွေးနဂါးသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စုမင်ထံ ဦးတည်ထိုးဆင်းလာသည်။ သွေးနဂါးသည် နဂါးအမှတ်အသား တစ်ခုအဖြစ် သူ့လက်မောင်းပေါ်သို့ တိုးဝင်ပျောက်ကွယ်သွားပြီးသည်နှင့် စုမင်လည်း မီးတောက်နဂါး၏ အလောင်းကြီးထံ ဦးတည်ပြေးဝင်သွားလိုက်တော့သည်။
သူ့အနောက်တွင်တော့ ကိုယ်ပွားနှင့် အဆိပ်အလောင်းတို့ လိုက်ပါလာလေသည်။
သို့သော်လည်း အလောင်းအနီးသို့ စုမင်ကပ်သွားပြီး ပျက်စီးနေသောနေရာမှ တိုးဝင်ရန်ပြင်လိုက်သည်နှင့် မီးတောက်နဂါး၏ အရိုးထံမှ ပြင်းထန်သောတွန်းအားတစ်ခု တိုးထွက်လာပြီး စုမင်၏ခန္ဓာကိုယ်အား ဖြတ်သန်းရိုက်ခတ်သွားသည်။
ရူးသွပ်လုမတတ် စိတ်ဆန္ဒတစ်ခုပါဝင်နေသော ထိုတွန်းကန်အားက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး စုမင် တုန်ယင်သွားမိသည်။ ထိုစိတ်ဆန္ဒသည် သန်မာလွန်းသဖြင့် စုမင်အား လှိုင်းတံပိုးထန်နေသော ပင်လယ်ကြီးအတွင်း နစ်မြုပ်သွားသလိုပင် ခံစားလိုက်ရစေသည်။ သူသည် ဒေါမာန်ဟုန်ကြီးနေသော ပင်လယ်ပြင်အထက်မှ လှေငယ်လေးတစ်စင်းလိုပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
“ထွက်သွားစမ်း” ၎င်းစိတ်ဆန္ဒထဲတွင် အော်ငေါက်သံတစ်ခုပါ ပါဝင်နေသည်။ ထိုအသံသည် စုမင်စိတ်ထဲသို့ ရိုက်ခတ်တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်အား တုန်ယင်သွားစေကာ သူ့ကိုယ်ပေါ်ရှိ နဂါးအမှတ်အသားမှာလည်း အပြင်သို့ တွန်းထုတ်ခံလိုက်ရသည်။
စုမင်သည် သွေးအန်လိုက်ရပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။ ထို့နောက် ပေရာပေါင်းများစွာအဝေးထိ လွင့်စင်သွားပြီး နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်၏။ သူသည် ခေါင်းမော့ကာ မီးတောက်နဂါး၏ အလောင်းကြီးထံသို့ မည်းမှောင်နေသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။
သူ့နံဘေးရှိ ယင်ဝိညာဥ်အိုကြီးသည် သက်ပြင်းဖွဖွချလျက် ခေါင်းခါယမ်းလိုက်မိ၏။ ထို့နောက် တစ်စုံတစ်ရာပြောရန် ပြင်လိုက်စဥ်မှာပင် စုမင်မျက်လုံးတို့ တောက်ပသွားသည်ကို မြင်လိုက်ရလေသည်။
စုမင်သည် ညာလက်ဖြင့် သွေးနဂါးအား ညွှန်ပြလိုက်သည်။ သူ့ခန္ဓာကိုယ်မှ တွန်းထုတ်ခံလိုက်ရသော သွေးနဂါးသည် လက်မောင်းပေါ်ရှိ နဂါးအမှတ်အသားတစ်ခုအသွင် ပြန်လည်ပြောင်းလဲသွားပြန်၏။ တစ်ချိန်တည်းမှာပင် စုမင်သည် ယင်ဝိညာဥ်အိုကြီးထံ လှမ်းကြည့်၍ သူ့အတွေးတို့ကို ပို့လွှတ်လိုက်သည်။
အဘိုးအိုမှာ သက်ပြင်းဖွဖွချရုံသာ တတ်နိုင်၏။ ထို့နောက် တစ်ဖြည်းဖြည်းပျောက်ကွယ်သွားပြီး စုမင်၏ ဘယ်ဘက်လက်ခုံပေါ်မှ ခပ်ဖျော့ဖျော့ ယင်ဝိညာဥ်အမှတ်အသားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအရာအားလုံး လုပ်ဆောင်ပြီးသည်နှင့် စုမင်သည် အဆိပ်အလောင်းနှင့် ကိုယ်ပွားတို့ကို သိမ်းဆည်းလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်ပစ်လိုက်၏။ ထို့နောက် အသက်ဝဝရှူလိုက်ပြီး သူ့လည်ပင်းတွင် ဆွဲထားသော အနက်ရောင်ကျောက်တုံးအပိုင်းအစလေးထဲသို့ နတ်ဘုရားစိတ်အာရုံကို တွန်းပို့လိုက်သည်။ ကျောက်တုံးအပိုင်းအစလေးထံမှ အနက်ရောင်အလင်းတို့ စူးရှတောက်ပလာပြီး စုမင်တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် မြွေငယ်လေး၏ အရှိန်အဝါ ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါသည် မယုံနိုင်ဖွယ် စစ်မှန်လွန်းပြီး စုမင်ကိုယ်တိုင်က မြွေငယ်လေးအဖြစ် ကူးပြောင်းသွားသလိုပင်…
အရှိန်အဝါပေါ်လာသည်နှင့် စုမင်သည် အမြန်ဆုံးနှုန်းဖြင့် မီးတောက်နဂါး၏ အလောင်းကြီးထံ အလျင်အမြန် ပြေးဝင်သွားသည်။ ဤတစ်ကြိမ်တွင်တော့ တွန်းကန်အားသည် စုမင်ကိုထိသည်နှင့် ပျောက်ကွယ်သွားပြီး သူ့အပေါ်ဆင်းသက်လာသော စိတ်ဆန္ဒထံမှ အာမေဋိတ်သံ ခပ်တိုးတိုးကိုပင် ကြားလိုက်ရ၏။
၎င်းအား တစ်ခဏသာ လှည့်စားနိုင်မည်ဖြစ်ကြောင်း စုမင်သိပေသည်။ မကြာမီမှာပင် မီးတောက်နဂါး၏ စိတ်ဆန္ဒသည် ထိုအရာကို ရှာတွေ့သွားလိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျလျှင်တော့ မည်သို့ပင်ကြိုးစားပါစေ ၎င်းကိုယ်တွင်းသို့ ဝင်ရောက်နိုင်ဖို့ လွယ်ကူတော့မည်မဟုတ်ပေ။ သူ တစ်ခဏပင် တွေဝေမနေပဲ မီးတောက်နဂါး၏ကိုယ်ထဲသို့ ဦးတည်တိုးဝင်လိုက်သည်။
သို့သော်ငြား ထိုသို့တိုးဝင်လိုက်သည်နှင့် သူ့လက်မောင်းပေါ်ရှိ သွေးနဂါးသည် သူ့ကိုယ်မှ နောက်တစ်ကြိမ် ခွဲထုတ်ခံလိုက်ရပြီး ယင်ဝိညာဥ်အမှတ်အသားသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သိုလှောင်အိတ်ထဲရှိ အဆိပ်အလောင်းနှင့် ကိုယ်ပွားတို့ကိုလည်း ရှာတွေ့သွားဟန်ဖြင့် သူ့ကိုယ်ပေါ်မှ တွန်းထုတ်ခံလိုက်ရပြန်သည်။ ၎င်းတို့အားလုံး တားဆီးခံလိုက်ရလေသည်။
စုမင်ကိုယ်တိုင်နှင့် သူ၏ အခြေတည်စိတ်ဝိညာဥ်တို့သာ အတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့၏။
သူတို့မှအပ ကျန်အရာအားလုံး တားဆီးခံခဲ့ရသည်။
စုမင်၏ မျက်နှာထားက သုန်မှုန်နေသည်။ မျက်နှာဖုံးကို ချွတ်လိုက်သည်နှင့် သူသည် ခမ်းခြောက်နေသော အသားနှင့် သွေးလမ်းကြောင်းတစ်ခုပေါ်တွင် ရောက်နေကြောင်းတွေ့လိုက်ရသည်။ ပတ်ဝန်းကျင်မှာ ပိန်းပိတ်အောင် မဲမှောင်နေပြီး လေထဲတွင် ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခုက ပျံ့လွင့်နေ၏။ ဤနေရာက မီးတောက်နဂါး၏ အမြီးပိုင်းပင်ဖြစ်သည်။
ဤလမ်းကြောင်းအတိုင်း လျှောက်ရသည်က ရွှံ့နွံများပေါ် နင်းနေရသလိုပင် ရွံရှာဖွယ်ကောင်းလှသည်။ စုမင် ပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ အခြေတည်စိတ်ဝိညာဥ်သည်လည်း သူ့ကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ စုမင်မျက်လုံးတို့ တောက်ပသွားပြီး နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် အနီးရှိ အသားစနံရံများ၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ သူ၏ နတ်ဘုရားစိတ်အာရုံကို ပေတစ်ရာဝန်းကျင်ခန့်သာ ဖြန့်ကျက်နိုင်လေသည်။
ဤနေရာသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ပိတ်ဆို့ထားရုံမက သူ့ရုပ်သေးများ၊ သွေးနဂါးနှင့် ယင်ဝိညာဥ်တို့နှင့် အချိတ်အဆက်ကိုလည်း ဖြတ်တောက်ထားခဲ့သည်။ သို့သော်လည်း ကံကောင်းသည်က သူနှင့် မြွေငယ်လေးတို့မှာ မီးတောက်နဂါး၏ အလောင်းထဲတွင် ရှိနေကြခြင်းဖြစ်၍ သူတို့အကြားရှိ အချိတ်အဆက်မှာတော့ ခိုင်မြဲနေသေးလေသည်။ စုမင် စကားတစ်ခွန်းမျှ မဆိုပဲ ထိုအချိတ်အဆက်အတိုင်း ရှေ့သို့ပြေးလိုက်သွားလိုက်သည်။
အဆိပ်အလောင်းသည် စုမင် တိုးဝင်ပျောက်ကွယ်သွားသော အမြီးနေရာအနီး၌ အမူအယာကင်းမဲ့စွာဖြင့် ထိုင်နေခဲ့၏။ သူသည် ထိုနေရာတွင်သာ ထိုင်နေပြီး လှုပ်ရှားခြင်းလည်း မရှိပေ။
ကျိယွင်ဟိုင်၏ အလောင်းသည် နံဘေးတွင်လဲကျနေသည်။ သူ့တစ်ကိုယ်လုံးရှိ အနက်ရောင်ပိုးတောင်မာများမှာလည်း လှုပ်ရှားခြင်းမရှိကြချေ။ သွေးနဂါးမှာမူ ခပ်တိုးတိုးဟိန်းဟောက်လျက် ထိုနေရာတစ်ဝိုက် ဝေ့ဝဲပျံသန်းနေ၏။ စုမင်၏ အရှိန်အဝါကို မခံစားမိတော့သဖြင့် ၎င်း၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေလေသည်။ အချိန်အတော်ကြာသွားပြီးနောက် ၎င်းသည် ခန္ဓာကိုယ်ကြီးကို ကျုံ့လိုက်ပြီး သေးငယ်သော နဂါးလေးတစ်ကောင်အသွင်ပြောင်းကာ စုမင်ကိုစောင့်ဆိုင်းရန် သူပျောက်ကွယ်သွားသော နေရာသို့ ဆင်းသက်လာခဲ့သည်။
ထိုအချိန်တွင် ယင်ဝိညာဥ်အိုကြီးသည် မျက်မှောင်ကြုတ်လျက် သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေခဲ့၏။ သူ မကူညီလို၍ မဟုတ်ပဲ အမှန်တစ်ကယ်ကိုပင် မီးတောက်နဂါး၏ ကိုယ်ထဲသို့ မဝင်နိုင်ခြင်းဖြစ်သည်။ စုမင် မည်သို့လုပ်သွားသည်ကိုလည်း သူအနည်းငယ် သိချင်နေမိ၏။ အမှန်တစ်ကယ်ပင် သူ့ကိုယ်ပေါ်၌ မီးတောက်နဂါး၏ အရှိန်အဝါအချို့ ကျန်ရစ်ခဲ့သဖြင့် ဝင်ရောက်သွားနိုင်ခြင်း ဖြစ်နိုင်လောက်ပေသည်။
ထိုအချိန်က စုမင်ခန္ဓာကိုယ်ရှိ အရှိန်အဝါအပြောင်းအလဲသည် အဘိုးအိုကိုပင် အလွန်အံ့အားသင့်စေခဲ့၏။
‘ဒီကလေးမှာ ကြီးမြတ်တဲ့ကံကြမ္မာတစ်ခု ရှိနေတာပဲ။ အဲဒီမြွေလေးက မီးတောက်နဂါးရဲ့ မျိုးဆက်ဆိုတာ သိသာတယ်။ အခုအချိန်မှာ ဒီလို သားရဲတစ်ကောင်နဲ့ ဆုံနိုင်ဖို့ဆိုတာ တစ်ကယ်ကို မလွယ်တော့ဘူး… အိုး ထားပါလေ၊ ငါဒီမှာ အချိန်နည်းနည်းကြာအောင် စောင့်ပေးလိုက်ပါ့မယ်။ သူ ပြန်ထွက်လာနိုင်ခဲ့ရင် သူနဲ့ သဘောတူညီချက်ကို အဆုံးသတ်ဖို့ ငါ့ဘက်က ဆက်ဖြည့်ဆည်းပေးတာပေါ့။ သူ မထွက်လာနိုင်ခဲ့ရင်တော့လည်း… ငါ့ဘက်က ရှုံးတယ်လို့ပဲ သဘောထားလိုက်ရမှာပေါ့’
အဘိုးအိုသည် သက်ပြင်းဖွဖွချကာ နံဘေးတွင် ထိုင်ချလိုက်တော့၏။