← Chapters

အဆုံးမဲ့

Vol. 34 Ch. 461

အဆုံးမဲ့

Vol. 34 Ch. 461

မှောင်မည်းနေသော သွေးနှင့် အသားလမ်းကြောင်းအတိုင်း စုမင် ရှေ့ဆက်လျှောက်လာခဲ့သည်။ လေထဲရှိ ပုပ်အဲ့အဲ့ အနံ့ဆိုးသည် ပျို့အန်ချင်စရာကောင်းလှပြီး အချိန်ကြာမြင့်စွာ ရှူရှိုက်ခဲ့ပြီးနောက် စုမင်ခေါင်းထဲမှာပင် မူးဝေစပြုလာခဲ့သည်။

စုမင်သည် လျှာဖျားကိုကိုက်၍ နိုးနိုးကြားကြားရှိနေစေရန် ပြုလုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အမြန်နှုန်းကိုလည်း တိုးမြှင့်လိုက်၏။ ဤမီးတောက်နဂါးမှာ သေဆုံးနေခဲ့ပြီဖြစ်၍ ၎င်းအသက်ရှိစဥ်ကလောက် အန္တရာယ်မများတော့သော်ငြား စုမင်ကတော့ သတိမလွတ်ရဲချေ။ သူ့မြွေလေး ဝါးမြိုခံနေရသည်ကိုသာ ကြည့်မနေခဲ့ရပါက ဤမျှအန္တရာယ်များသောနေရာသို့ ခြေတစ်လှမ်းပင် ချခဲ့မည်မဟုတ်ပေ။

ရှေ့သို့ဆက်တိုးလာရင်း မီးတောက်နဂါး၏ ကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ဟန်တူသော အလောင်းများကို စုမင် တစ်ဖြည်းဖြည်းတွေ့လာရသည်။ ထိုအလောင်းများသည် မီးတောက်နဂါးကဲ့သို့ပင် လုံးလုံးလျားလျား ပုပ်သိုးဆွေးမြေ့သွားခြင်းမရှိသေးပဲ ထိုကြောက်စရာ အနေအထားက မြင်လိုက်ရသူတိုင်းကို ပိုမိုခြောက်ခြားသွားစေနိုင်၏။

ထိုအလောင်းများ၏ ပြန့်ကျဲနေသောပုံစံအရ တစ်ကြိမ်တစ်ခါမျှပင် ရွေ့မသွားခဲ့ဖူးပုံပင်။ မီးတောက်နဂါး၏ ကိုယ်ထဲသို့ဝင်နိုင်ရန် မည်မျှခဲယဥ်းကြောင်း ပြန်လည်အမှတ်ရသွားသောအခါ စုမင်မျက်ဝန်းထဲတွင် စူးရှသောအကြည့်တစ်ခုပေါ်လာခဲ့သည်။

‘မီးတောက်နဂါး သေပြီးတည်းက ဒီအထဲကို ဘယ်သူမှ မဝင်နိုင်ခဲ့တာများလား…’

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်လျက်… စုမင်၏ ခြေသံများမှအပ အခြားအသံတစ်စတစ်လေပင် မကြားရပဲ လေတိုက်သံပင် မကြားရချေ။ သူမည်မျှပင် မြန်မြန်သွားနေပါစေ၊ အားပျော့သော လေပြင်းလေးတစ်ခု ဖြစ်ပေါ်လာစေနိုင်ရန်ပင် ခဲယဥ်းလှသည်။

ဤထူးဆန်းသော အခြေအနေကြီးက စုမင်ကို ပိုပိုသတိထားမိလာစေ၏။ ထို့အပြင် ဤနေရာသည် အလွန်ပူနေပြီး စုမင်ကိုယ်ပေါ်၌ ချွေးများပင် စထွက်လာခဲ့သည်။ တစ်ကယ်တမ်းတွင် ရေခဲမြစ်ထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသဖြင့် စုမင်ကိုယ်ထဲတွင် အအေးဓာတ်များစွာ ရှိနေခဲ့ခြင်းဖြစ်သည်။

ဤအအေးဓာတ်များကြောင့် သူချွေးမထွက်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။ သို့သော် ဤနေရာတွင်တော့ သူ့ကိုယ်တွင်းရှိ အအေးဓာတ်များမှာ ဆက်တိုက်ဆိုသလို လွင့်ပျယ်သွားနေပြီး သူ့အရေပြားမှ ချွေးများပင် စီးကျနေခဲ့ချေပြီ။

စုမင်သည် ရှေ့သို့ဆက်တိုးလာရင်း ထိုပုပ်ဟောင်နေသော အလောင်းများအပြင် အရိုးစုများကိုလည်း တွေ့လာရသည်။ အများစုသော အရိုးစုများမှာ အရည်ပင်ပျော်နေပြီဖြစ်ပြီး သူတို့နေရာတွင် ကျန်နေခဲ့သည်က အနက်ရောင်စေးပျစ်ပျစ် အရည်ပုံများသာဖြစ်သည်။ ထိုအရိုးစုများ၏ ပုံပန်းသွင်ပြင်အရ လူအရိုးများမဖြစ်နိုင်ပဲ သားရဲအရိုးများသာ ဖြစ်ဟန်တူသည်။

ဤမီးတောက်နဂါး၏ ခန္ဓာကိုယ်ထဲတွင် နေရာအနှံ့ ပြန့်ကျဲနေသော မာန်အကြောမျှင်အချို့ကိုပင် စုမင် တွေ့ခဲ့သေး၏။ အလျင်လိုနေသဖြင့် ၎င်းတို့ကို စစ်ဆေးရန် အချိန်မရခဲ့သော်လည်း လမ်းတစ်လျှောက် တွေ့သမျှ မာန်အကြောမျှင်နှင့် ရတနာလက်နက်ပစ္စည်းများကိုမူ ဆွဲယူသိမ်းဆည်းခဲ့လေသည်။

‘ဒီမီးတောက်နဂါးသေသွားတာ ဘယ်လောက်တောင်ကြာပြီများလဲ…’ စုမင်သည် မြွေလေး၏ တည်နေရာကို အာရုံခံကာ ရှေ့ဆက်တိုးလာရင်း ခေါင်းထဲတွင်လည်း ခန့်မှန်းကြည့်နေခဲ့၏။

ထိုအခိုက် သူ့စိတ်ထဲတွင် ရုတ်ခြည်းဆိုသလို အန္တရာယ်အသိတစ်ခု ပေါ်လာပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန် ဆုတ်ပေးလိုက်သည်။ သူနောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အရှေ့ရှိ အသားနံရံမှ အရိုးတစ်ချောင်း တိုးထွက်လာသည်။

မီးခိုးရောင်အရိုးသည် အသားစများကို ဆွဲယူလိုက်ပြီး စုမင်၏ ဒူးခေါင်းခန့် အမြင့်ရှိသော မီးခိုးရောင် လူတူသတ္တဝါငယ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုလူတူသတ္တဝါသည် အပြင်ဘက်တွင် စုမင်မြင်ခဲ့ရသော မီးတောက်နဂါး၏ အရိုးများမှဖြစ်ပေါ်လာသည့် အရိုးမိစ္ဆာတစ်ကောင်ပင် ဖြစ်သည်။

အရိုးမိစ္ဆာသည် ပါးစပ်ကိုဖြဲကာ စုမင်အား ခပ်တိုးတိုး မာန်ဖီလိုက်သည်။ ၎င်း၏ မျက်လုံးများအတွင်း အနက်ရောင်အလင်းတစ်ဖြာ တောက်ပလာပြီး စုမင်ထံ ပြေးဝင်လာ၏။ တစ်ချိန်တည်းမှာပင် စုမင်နံဘေးပတ်လည်ရှိ အသားနံရံများမှ မျက်နှာများ တိုးထွက်လာသည်။ ထိုမျက်နှာများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး စုမင်ထံသို့ ပြေးဝင်လာကာ ဝါးမြိုပစ်ချင်နေဟန်ဖြင့် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

ထိုမျက်နှာများသည် လူသားမျက်နှာများမဟုတ်ပဲ ထူးဆန်းသောပုံစံရှိသည့် သားရဲမျက်နှာများ ဖြစ်နေ၏။ ၎င်းတို့သည် မီးတောက်နဂါး၏ အသွေး၊ အသားများမှ ဖြစ်တည်လာခြင်းဖြစ်ပြီး ယခင်က အပြင်ဘက်တွင် စုမင်မြင်ခဲ့ရသော သားရဲများဖြစ်သည်။

စုမင်အရှေ့ရှိ အသားနံရံများမှလည်း ချွန်ထက်သောအရိုးများ ထပ်မံတိုးထွက်လာပြီး အရိုးမိစ္ဆာများအဖြစ် ပြောင်းလဲသွားသည်။ အဝေးဆီမှ အလျင်အမြန် နီးကပ်လာနေသော ငိုညည်းသံများကိုလည်း ကြားလာရပြီး လေထုထဲမှ အဖြူရောင် အငြိုးအတေး ဝိညာဥ်များ ပေါ်လာကြသည်။

စုမင်၏ အနောက်မှလည်း ဝိုးတဝါး တီးတိုးရေရွတ်သံအချို့ပေါ်လာပြီး အနောက်ဘက် ပေထောင်ပေါင်းများစွာအဝေးတွင် ကြီးမားသော မျက်လုံးကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုမျက်လုံးကြီး၏ မျက်သားဖြူဖြူအလယ်တွင် အဝါရင့်ရောင် ဒေါင်လိုက်မျက်ဆံတစ်ခု ရှိနေ၏။

ထိုမျက်ဆံထဲတွင် အက်ကြောင်းတစ်ခု ရှိနေပုံပေါ်ပြီး ၎င်းက ဖြည်းဖြည်းချင်း ပွင့်လာနေသည်။

စုမင်အနောက်မှ ထူးဆန်းသော စုပ်ယူအားတစ်ခုပေါ်လာပြီး တီးတိုးရေရွတ်သံများက သူ့အားဆင့်ခေါ်နေသလိုပင်… စုမင်၏ နှလုံးသားမှာ တည်ငြိမ်ခြင်းမရှိတော့ပဲ အနောက်သို့လှည့်ကြည့်ချင်နေသော မကောင်းသည့်စိတ်ဆန္ဒတစ်ခုက ပေါ်လာခဲ့သည်။

စုမင်သည် လျှာကို အလျင်အမြန်ကိုက်ကာ ပြန်လည်ရုန်းထွက်လိုက်ပြီး နောက်သို့လုံးဝပြန်လှည့်မကြည့်မိစေရန် ကိုယ့်ကိုယ်ကို သတိပေးလိုက်ရ၏။ သူ အနောက်သို့ ပြန်လှည့်မကြည့်လျှင်တောင် ထိုနေရာတွင် ပေါ်လာသောအရာက မီးတောက်နဂါး၏ ဒုတိယမျက်လုံးကြီးမှန်း ခန့်မှန်းကြည့်နိုင်ပေသည်။

ယခုအချိန်တွင် မီးတောက်နဂါး၏ ကိုယ်ထဲ၌ မည်သူမျှရှိမနေသဖြင့် သူ၏ မာန်စွမ်းအားရှင်ဟူသော သရုပ်မှန်ပေါ်သွားမည်ကို စုမင် စိုးရိမ်မနေပေ။ မီးခိုးရောင် လူတူသတ္တဝါများ နီးကပ်လာသည်နှင့် စုမင်မျက်ဝန်းထဲတွင် အေးစက်စက်အကြည့်တစ်ခု ပေါ်လာခဲ့သည်။

သူ့ကိုယ်ထဲရှိ မာန်အရိုးလေးခုနှင့် လေမာန်စွမ်းအားရှင်၏ အမွေအနှစ်ကြောင့် ပြောင်းလဲသွားသော ပဥ္စမမြောက်မာန်အရိုးတို့မှ သန်မာသောစွမ်းအားတစ်ခုကို တစ်ပြိုင်တည်းလိုလို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအားသည် သူ့ခန္ဓာကိုယ်နေရာတိုင်းသို့ ဖြည့်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်အား စုမင်အချိန်အတော်ကြာ တောင့်တခဲ့ရသော အလွန်သန်မာသည့် အနေအထားတစ်ခုသို့ ရောက်သွားစေသည်။

သူသည် ရေခဲမြစ်ထဲတွင် ရှိနေခဲ့ချိန်မှအပ ရှာမန်နယ်မြေအတွင်း နေထိုင်ခဲ့စဥ်တစ်လျှောက်လုံး မာန်အရိုးတို့၏ စွမ်းအားကို ပြည့်ပြည့်ဝဝ အသက်မသွင်းခဲ့ဖူးပေ။ ယခုအခါ ၎င်းတို့ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် စုမင်စိတ်မှာလည်း တုန်ခါသွားသည်။၏

တစ်ချိန်တည်းမှာပင် စုမင်၏ မျက်နှာထက်တွင် သူ၏ မာန်အမှတ်အသားဖြစ်သော နက်မှောင်တောင် ပေါ်လာခဲ့ပြီး အဝတ်များအောက်ရှိ ရင်ဘတ်ပေါ်တွင်လည်း နက်မှောင်တောင် ပုံရိပ်ပေါ်လာခဲ့သည်။ မာန်စွမ်းအားကို အပြည့်အဝထုတ်ဖော်လိုက်ခြင်းက သူ၏ မာန်အမှတ်အသားကိုလည်း အပြည့်အစုံ ပေါ်ထွက်လာစေခဲ့သည်။

“ထွက်သွားကြစမ်း” စုမင်သည် အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ့ထံခုန်အုပ်လာသော မီးခိုးရောင်လူတူသတ္တဝါများထံသို့ ညာလက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။

စုမင်ကျောရိုးရှိ မာန်အရိုးငါးခုမှ ရွှေရောင်အလင်းများ စူးရှတောက်ပလာသည်။ ၎င်းတို့သည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ယခုအချိန်တွင် တစ်စုံတစ်ဦးကသာ စုမင်နောက်ကျောကို ကြည့်လိုက်မည်ဆိုလျှင် သူ၏ ကျောရိုးတစ်လျှောက် ရွှေရောင်အလင်းတို့ စိမ့်ထွက်နေသည်ကို မြင်ရပေလိမ့်မည်။

မာန်အရိုးများ၏ စွမ်းအားကို အပြည့်အဝထုတ်ဖော်ပြီးနောက် ထိုစွမ်းအားသည် စုမင်၏ လက်သီးမှတစ်ဆင့် အပြင်သို့ တိုးထွက်သွားသည်။

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် မြည်ဟည်းသွားပြီး စုမင်ကိုယ်ထဲတွင်လည်း ခပ်အုပ်အုပ်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မီးခိုးရောင်သတ္တဝါများသည် အနောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ပေးလိုက်ရပြီး ပေါက်ကွဲကာ မီးခိုးရောင်အရိုးများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ထိုအရိုးများသည် နောက်သို့ဆက်လက်လွင့်စင်သွားသော်လည်း လေထဲမှာပင် မီးခိုးရောင်အလင်းတို့ တောက်ပလာပြီး မီးခိုးရောင်သတ္တဝါများ အဖြစ်ပြန်လည်ပြောင်းလဲသွားကာ တိုးဝင်လာကြပြန်၏။

စုမင်သည် သူ၏ မာန်စွမ်းအားတို့ကို အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့ပြီး ယခုလို ပြင်းပြင်းထန်ထန် ထုတ်ဖော်လိုက်သောအခါ ဤသည်က အကုန်အစင်မဟုတ်နိုင်သေးဟု ရုတ်တရက်ခံစားလိုက်ရ၏။ သူ့တွင် စွမ်းအင်လက်ကျန်ရှိနေသေးပြီး ၎င်းကိုလည်း ပြဿနာမရှိ ထုတ်သုံးနိုင်ဦးမည့်ပုံပင်…

စုမင်မျက်လုံးတို့ တောက်ပသွားသည်။ သူ့အနောက်ရှိ တီးတိုးရေရွတ်သံများသည် ဆက်လက်နီးကပ်လာနေပြီး သူ့တွင် စဥ်းစားနေရန် အချိန်မရှိပေ။ ရှေ့သို့ ခြေလှမ်းကျဲကျဲလှမ်းကာ ပြေးထွက်သွားလိုက်တော့၏။

မီးခိုးရောင်သတ္တဝါများသည် အော်မြည်ဟိန်းဟောက်လျက် သူ့ထံသို့ ဦးတည်လာနေကြသည်။ အရိပ်ဖြူများနှင့် အသားနံရံများထဲမှ တွားထွက်လာနေသော မြူခိုးသားရဲများသည်လည်း သူ့ထံသို့ အရပ်မျက်နှာအနှံ့မှ ဦးတည်လာနေကြ၏။

ခပ်တိုးတိုးကြုံးဝါးသံနှင့်အတူ စုမင်၏ကိုယ်ပေါ်တွင် စစ်နတ်ဘုရားချပ်ဝတ်က ပုံရိပ်ယောင်တစ်ခုအသွင် ဖြစ်တည်လာသည်။ သူ့အတွက် ဤချပ်ဝတ်ကိုပင် ထုတ်မသုံးဖြစ်ခဲ့သည်မှ အချိန်အတော်ကြာသွားခဲ့ပေပြီ။ ချပ်ဝတ်မှ အခိုးအငွေ့များသည် အမျိုးမျိုးသော အစီအရင်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်ချပ်ဝတ်မှာ အနေအထားတစ်ခုအထိ ကြံ့ခိုင်မာကြောလာခဲ့သည်။

အရှေ့သို့ စုမင်ဆက်လက်ပြေးလွှားနေရင်းမှပင် သူ့ကိုယ်ထဲရှိ အခြေတည်စိတ်ဝိညာဥ်သည် မျက်လုံးများပွင့်လာပြီး စုမင်၏ဦးခေါင်းထက်တွင် လွင့်မျောပေါ်ထွက်လာသည်။ ထို့နောက် အခြေတည်စိတ်ဝိညာဥ်၏ ကိုယ်မှ အလင်းစီးကြောင်းများ စီးထွက်လာသည်။ အခြေတည်စိတ်ဝိညာဥ်သည် ဦးခေါင်းထက်တွင် ပေါ်လာပြီးသည်နှင့် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။ ကျောက်စိမ်းဓားရှည်သည် အလိုလိုထွက်ပေါ်လာပြီး ထိုဧရိယာတစ်ခွင်လုံးကို အလျားလိုက် ခုတ်ဖြတ်လိုက်သည်။

အခြေတည်စိတ်ဝိညာဥ်သည် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ပြီး စိတ်ဝိညာဥ်အဆီအနှစ်အချို့ ထွေးထုတ်ကာ အရှေ့သို့ အလျင်အမြန် တွန်းထုတ်လိုက်သည်။ ထိုအဆီအနှစ်များသည် လက်သီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ရှေ့သို့တိုးဝင်သွားသည်။

“ရန်သူနှစ်ယောက် လမ်းကျဥ်းကျဥ်းမှာ တွေ့ဆုံပြီး နောက်ပြန်ဆုတ်စရာလမ်းမရှိတဲ့အခါ သတ္တိရှိသူကသာ အနိုင်ရလိမ့်မယ်”

စုမင်သည် ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ပေ။ ပြန်ဆုတ်နိုင်ရန် လမ်းမရှိသည့်အပြင် မာန်စွမ်းအားရှင်နှင့် ရှာမန်တို့အကြား စစ်မြေပြင်သို့ ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရ၏။

သူသည် အရှေ့သို့ ဦးတည်ပြေးလွှားနေရင်းမှ ညာလက်ကိုမြှောက်၍ မြူခိုးသားရဲများဘက်သို့ မျဥ်းတစ်ကြောင်း ဆွဲသားလိုက်သည်။ ဧရိယာတစ်ခွင်လုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး ‘မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း’ မှာ နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။

ထိုမျဥ်းကြောင်းသည် ဧရိယာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး လေထဲတွင် တီးတိုးရွတ်ဆိုသံများ ပဲ့တင်ထပ်လာခဲ့သည်။ စုမင်အရှေ့ရှိ မြူခိုးသားရဲများထံမှ စူးရှနာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာပြီး ပုပ်သိုးဆွေးမြေ့နေသော အသားစများအဖြစ်ပြောင်းလျက် ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားကြသည်။

မြူခိုးသားရဲများက သန်မာခြင်းမရှိပေ။ တစ်ကောင်ချင်းစီတိုင်းသည် အလယ်အလတ်ရှာမန်အဆင့်မျှသာ ရှိသော်လည်း သူတို့အရေအတွက်မှာ အကန့်အသတ်မရှိပဲ စုမင်အနီးတစ်ဝိုက်ရှိ အသားနံရံများထံမှ ဆက်တိုက်ဆိုသလို တိုးထွက်လာနေကြ၏။

အရိုးမိစ္ဆာများသည်လည်း အလွန်သန်မာခြင်းမရှိချေ။ သို့သော် ၎င်းတို့သည် သေဆုံးသွားခြင်းမရှိပဲ ‘မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း’ တိုက်ကွက်အောက်၌ ပြိုကွဲပျက်စီးသွားခဲ့လျှင်ပင် အလျင်အမြန် ပြန်လည်ဖွဲ့စည်းဖြစ်တည်လာကြ၏။

အမှန်တစ်ကယ် အစွမ်းထက်သည်က ငိုကြွေးနေသော ဝိညာဥ်မျက်ရည်များဖြစ်သည့် အရိပ်ဖြူများပင်ဖြစ်သည်။ ဝိညာဥ်မျက်ရည် တစ်ကောင်ချင်းစီတိုင်းတွင် အထွတ်အထိပ်သို့ ရောက်နေသော အလယ်အလတ်ရှာမန်တစ်ဦး၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။ သို့သော် ၎င်းတို့သည်လည်း စုမင်အနောက်မှ မီးတောက်နဂါး၏ မျက်လုံးကြီးနှင့်ယှဥ်လျှင် ဘာမျှမဟုတ်တော့ပါချေ။

အဆုံးတွင်မတော့ မီးတောက်နဂါးမှာ သေဆုံးနေခဲ့ပြီဖြစ်ပြီး ကြွင်းကျန်ရစ်သည်က သူ၏ စိတ်ဆန္ဒလေး အနည်းငယ်မျှသာဖြစ်သည်။

ထိုသတ္တဝါများနှင့် စတင်တိုက်ခိုက်ရင်း ထိတ်လန့်ဖွယ်အရာတစ်ခုကို စုမင်သိလာရသည်။ ၎င်းတို့သည် မြူခိုးထုထဲတွင် ရှိစဥ်ကထက် ယခုမီးတောက်နဂါး၏ ကိုယ်ထဲတွင် အနည်းငယ်ပိုမိုသန်မာကြလေသည်။

အရိပ်ဖြူများသည် ပိုမိုအကောင်အထည်ပေါ်လာပြီး သူတို့၏ ငိုကြွေးသံများသည်လည်း ပိုမိုဆိုးရွားလာ၏။ အရိုးမိစ္ဆာများ၏ နောက်တွင်မူ အမြီးတိုတစ်ခုဆီရှိလာကြသည်။ အချို့အရိုးမိစ္ဆာများဆိုလျှင် ပိုမိုရှည်လျားသော အမြီးများရှိကြပြီး သိသိသာသာပင် ၎င်းတို့က အခြားအကောင်များထက် ပိုမိုသန်မာလေသည်။

မြူခိုးသားရဲများ၏ လက်သည်းများမှာ ပိုမိုချွန်ထက်လာပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း မြူခိုးထုထဲတွင် တွေ့ခဲ့ရစဥ်ကထက် ပိုမိုကြီးမားလာ၏။

“ချိပ်စည်းက ကျိုးပျက်သွားပြီ…”

“မီးတောက်နဂါးရဲ့ အလောင်းကနေ အဲဒီသားရဲသတ္တဝါတွေ စတင်မွေးဖွားလာလိမ့်မယ်…”

“မင်းတို့ရှာမန်တွေက ချိပ်စည်းကို တစ်ခါဖျက်စီးခဲ့ပြီး ဒီနေရာကို တစ်ခါပြန်ချိပ်ပိတ်နိုင်ဖို့ ငါတို့မျိုးနွယ်စုဆီ ရောက်လာခဲ့တယ်… ဒါပေမယ့် အဲဒီချိပ်စည်းတွေက အရမ်းကို အားပျော့လွန်းတယ်…”

ယင်ဝိညာဥ်၏ စကားသံများက စုမင်ခေါင်းထဲတွင် ပဲ့တင်ထပ်လာ၏။ ထို့နောက် မီးတောက်နဂါး၏ အလောင်းမှမွေးဖွားလာသော ထိုသတ္တဝါများသည် အဘယ်ကြောင့် အလွန်သန်မာခြင်းမရှိခဲ့ကြောင်း ရုတ်တရက်ဆိုသလို သဘောပေါက်သွားမိသည်။

‘အဲဒီသတ္တဝါတွေက မွေးကင်းစပဲရှိသေးတာမို့ အရမ်းကြီး မသန်မာကြသေးတာပဲ။ ဒါပေမယ့် အချိန်နဲ့အမျှ ပိုပိုသန်မာလာပြီး အချိန်တိုအတွင်းမှာပဲ ကြောက်ဖို့ကောင်းလာလိမ့်မယ်။ အချိန်ကျလာတဲ့အခါ သူတို့က တစ်ကယ်ကို မီးတောက်နဂါးရဲ့ အလောင်းကနေတစ်ဆင့် မွေးဖွားလာတဲ့ သားရဲကြီးတွေ ဖြစ်လာကြမှာပဲ’

အရိုးမိစ္ဆာများသည် ပျက်စီးပြီးနောက် ပြန်လည်ဖြစ်တည်လာသည်နှင့် ၎င်းတို့၏ အမြီးတိုလေးများမှာ ပိုမိုရှည်ထွက်လာပြီး အရိုးမိစ္ဆာတစ်ကောင်၏ အမြီးဆိုလျှင် မြေပြင်ပေါ်မှာ တရွတ်တိုက်သည်အထိပင် ရှည်လျားနေခဲ့ချေပြီ။ ထိုအရိုးမိစ္ဆာသည် ခေါင်းမော့ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း အရိပ်ဖြူများနှင့်ပင် တူညီနေခဲ့ချေပြီ။

စုမင်မျက်လုံးတို့က တောက်ပသွားသည်။ သူ့အနောက်မှ လာနေသောစုပ်ယူအားသည်လည်း ပိုမိုပြင်းထန်လာနေ၏။ သိသိသာသာပင် ထိုမျက်လုံးကြီးသည် အလျင်အမြန် နီးကပ်လာနေလောက်ပြီဖြစ်ပြီး… ၎င်း၏ အရွယ်အစားမှာလည်း အလျင်အမြန်ပင် ကြီးထွားလာနေလောက်သည်။

တွေဝေတုန့်ဆိုင်းမနေတော့ပဲ သူ၏သိုလှောင်အိတ်ထဲမှ ပုလင်းငယ်တစ်လုံးကို စုမင်ထုတ်ယူလိုက်သည်။ ပုလင်းထဲတွင်ရှိနေသော ‘ပင်လယ်အဆီအနှစ်’ သည် သူ့စွမ်းအားကို အချိန်တိုအတွင်း ပြန်ရလာအောင် ကူညီပေးနိုင်၏။ တစ်စက်သောက်လိုက်သည်နှင့် ပင်လယ်အဆီအနှစ်သည် ပေါက်ကွဲထွက်ပေါ်လာသော အပူလှိုင်းတစ်ခုအသွင်ပြောင်းလဲသွားသည်။

စုမင်မျက်လုံးများက တောက်ပသွားသည်။ သူသည် အရှေ့သို့ အလျင်အမြန်ပြေးတက်သွားပြီး အဆုံးစွန်သော အမြန်နှုန်းကို အသက်သွင်းလိုက်သည်နှင့် အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။

ဤနေရာတွင် မည်သည့်လေမျှမရှိသော်လည်း ထိုအခိုက်အတန့်တွင် စုမင်ကိုယ်ထဲရှိ လေစွမ်းအင်ရင်းမြစ်မှာ အလျင်အမြန် လည်ပတ်နေပြီး သူ၏ အမြန်နှုန်းအား အပြင်တွင်ရှိခဲ့စဥ်ကလို အဆင့်တစ်ခုထိရောက်အောင် ကူညီပေးလိုက်သည်။

စုမင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ဟန်တောင်တန်းခေါင်းလောင်းလည်း ပေါ်ထွက်လာခဲ့သည်။ ဟန်တောင်တန်းခေါင်းလောင်း၏ မာကြောမှု၊ စစ်နတ်ဘုရားချပ်ဝတ်၏ ကြံ့ခိုင်မှုတို့ဖြင့် စုမင်သည် အမြန်ဆုံးနှုန်းဖြင့် အရှေ့သို့ ထိုးဖောက်ဖြတ်သန်းသွားတော့သည်။

All Chapters