← Chapters

ဆဌမမြောက်၊ သတ္တမမြောက်

Vol. 34 Ch. 462

ဆဌမမြောက်၊ သတ္တမမြောက်

Vol. 34 Ch. 462

ပင်လယ်အဆီအနှစ်သည် စုမင်ကိုယ်ထဲတွင် ပေါက်ကွဲသွားပြီး အပူလှိုင်းတစ်ခုအသွင် ပြောင်းလဲသွားကာ သူ့ကိုယ်ထဲတွင် ချော်ရည်ပူများ ကျိုးပျက်စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ၎င်းသည် ကြီးမားသောအင်အားတစ်ရပ်အဖြစ် ပြောင်းလဲသွားကာ မာန်အရိုးငါးခုအတွင်းသို့ အလုံးအရင်း တိုးဝင်သွားသည်။ မာန်အရိုးငါးခုသည် အဆီအနှစ်များကို အလျင်အမြန်စုပ်ယူသွားပြီး ကျန်ရစ်ခဲ့သည်များက ခန္ဓာကိုယ်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ထိုခံစားချက်သည် ရှည်လျားလှသော မြစ်ကြီးတစ်စင်းမှ ရေစီးကြောင်းငယ်များစွာအဖြစ် ခွဲဖြာထွက်သွားသလိုပင်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ် နေရာအနှံ့သို့ ချက်ချင်းပြည့်နှက်သွားပြီး သူ့ကိုယ်တွင်း၌ အဆုံးမရှိသောစွမ်းအားများ ရှိနေသလို ခံစားလိုက်ရစေသည်။

ပင်လယ်အဆီအနှစ်၏ သန်မာသောခွန်အားကိုခံစားမိပြီး စုမင်မျက်လုံးတို့ တောက်ပသွားသည်။ သူသည် ရှေ့သို့လှမ်းလိုက်ပြီး အဆုံးစွန်သော အမြန်နှုန်းကို အသက်သွင်းလိုက်သည်နှင့် အခြားနတ်ဘုရားစွမ်းရည်များကိုပင် အသုံးပြုရန် မလိုခဲ့ချေ။ စစ်နတ်ဘုရားချပ်ဝတ် နှင့် ဟန်တောင်တန်းခေါင်းလောင်းအပြင် သူ၏ ခန္ဓာကိုယ်နှင့် ကျောက်စိမ်းဓားရှည်တို့ကသာ သူ၏ အကောင်းဆုံးလက်နက်များ ဖြစ်သည်။

သူသည် မြားတစ်ချောင်း၏ ထိပ်ဖူးလိုပင်…သူ၏ အမြန်နှုန်းဖြင့် ထိပ်တိုက်ဖြတ်သန်းသွားလျှင်တောင် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးပစ်နိုင်ပေသည်။

စုမင် စတင်ပြေးလွှားလိုက်သည်နှင့် လေထုမှာ တုန်ခါမြည်ဟည်းလာသည်။ လမ်းကြောင်းအား ပိတ်ဆို့ရန်ကြိုးစားသော အရိုးမိစ္ဆာများသည် စုမင်၏ အကြမ်းပတမ်း တိုးဝင်တိုက်ခိုက်မှုအောက်တွင် အနောက်သို့ လွင့်စင်ကုန်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်ကုန်ကြပြီး နောက်တစ်ကြိမ်ပြန်လည်စုစည်းရန် အချိန်မရခင်မှာပင် စုမင်က ၎င်းတို့ကို ဖြတ်ကျော်သွားခဲ့ချေပြီ။ မြူခိုးသားရဲများသည်ပင် စူးရှနာကျင်စွာအော်ဟစ်ရင်း ပုပ်သိုးနေသော အသားစများအဖြစ် ပေါက်ကွဲပျက်စီးသွားပြီး လွင့်စင်ပြန့်ကျဲကုန်ကြသည်။

ငိုကြွေးနေသော အရိပ်ဖြူများသည် ၎င်းတို့၏ စူးစူးဝါးဝါး ငိုညည်းသံများနှင့် စုမင်အား တိုက်ခိုက်ရန်ကြိုးစားနေစဥ်မှာပင် အခိုးအငွေ့များအဖြစ် လွင့်ပါးပျောက်ကွယ်ကုန်ကြသည်။ ထို့နောက် စုမင်သည် အသက်တစ်ရှိုက်စာအတွင်းမှာပင် ပေထောင်ပေါင်းများစွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ထိုအသက်တစ်ရှိုက်စာအတွင်း သူ့ကိုယ်တွင်းရှိ ပင်လယ်အဆီအနှစ်တို့၏ စွမ်းအားအလုံးစုံကို အသုံးပြုလိုက်ရသဖြင့် ထိုအကွာအဝေးသို့ရောက်သည်နှင့် စုမင်၏မျက်နှာမှာ ဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့သည်။ သူ့အား ဝန်းရံကာကွယ်ထားသော ဟန်တောင်တန်ခေါင်းလောင်းမှာ များစွာကျုံ့ဝင်သွားပြီး ဖြစ်သလို စစ်နတ်ဘုရားချပ်ဝတ်သည်လည်း ထိုတစ်ခဏအတွင်း အကြိမ်မရေမတွက်နိုင်အောင် ကွဲအက်ပျက်စီးသွားခဲ့၏။ ထိုအင်အားသက်ရောက်မှုသည် သူ့အပေါ်တွင်လည်း သိသိသာသာပင် များစွာဝန်ပိစေခဲ့လေသည်။

ဦးခေါင်းထက်တွင် လွင့်မျောနေသော အခြေတည်စိတ်ဝိညာဥ်၏ မျက်လုံးများက တောက်ပနေပြီး ဧရိယာတစ်ခုလုံးကို ခုတ်ဖြတ်တိုက်ခိုက်ရန် ကျောက်စိမ်းဓားရှည်ကို သေချာထိန်းချုပ်နေခဲ့သည်။ စုမင်အရှေ့ရှိ မီးတောက်နဂါး၏ ကိုယ်တွင်းလမ်းကြောင်းတွင် သားရဲများ မရေမတွက်နိုင်အောင် သိပ်သည်းစွာရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ဆက်တိုက်ဆိုသလို မွေးဖွားဖြစ်တည်လာနေကြပြီး ရပ်တန့်သွားမည့်ပုံလည်း မပေါ်ပေ။

ဤအနေအထားမျိုးသည် လူတစ်ဦး၏စိတ်ဓာတ်ကို ရိုက်ချိုးဖျက်စီးရန် လုံလောက်နေပြီဖြစ်ပြီး သူမည်မျှပင်ကြိုးစားပါစေ ဖြတ်ကျော်နိုင်တော့မည်မဟုတ်ဟူသော ခံစားချက်မျိုး ခံစားမိလာပေလိမ့်မည်။ အကြိမ်ရေအနည်းငယ်မျှ အသက်ဝဝရှူလိုက်ပြီးနောက် ပင်လယ်အဆီအနှစ်ပါဝင်သော ပုလင်းလေးကို ထပ်မံထုတ်ယူလိုက်ပြီး တွေဝေမနေပဲ နောက်တစ်စက် သောက်ချလိုက်သည်။

ထိုသို့သောက်သုံးလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားတော့မယောင် ခံစားလာရပြန်သည်။ မျက်နှာထက်တွင် သွေးကြောများပေါ်လာပြီး သူ့တစ်ကိုယ်လုံး အဆမတန် ဖောင်းကားလာနေသယောင် ခံစားနေရသော်လည်း အပြင်ပန်းပုံစံမှာမူ ပုံမှန်အတိုင်း ပြောင်းလဲသွားခြင်းမရှိပေ။ ထိုဖောင်းကားလာသည်ဟူသော ခံစားချက်ကလည်း သူ၏ စိတ်ကူးယဥ်မှု တစ်ခုလိုပင်…

ခပ်တိုးတိုးကြုံးဝါးသံနှင့် အတူ စုမင်မျက်လုံးများမှာ နီရဲလာပြီး အရှေ့သို့ နောက်ထပ်တစ်ကြိမ် ပြေးတက်သွားပြန်၏။ အသက်တစ်ရှိုက်စာ အတွင်းမှာပင် နောက်ထပ် ပေထောင်ပေါင်းများစွာသော အကွာအဝေးကို ဖြတ်သန်းသွားခဲ့ပြန်သည်။ သူ့လမ်းကို ပိတ်ဆို့တားဆီးရန် ကြိုးစားသော သားရဲများမှာလည်း အကုန်အစင် ဖျက်စီးခံခဲ့ရ၏။

“ငါ့ကို တားဆီးဖို့ မင်းရဲ့အလောင်းကိုသုံးပြီး အဲဒီသတ္တဝါတွေကို ပိုမွေးထုတ်လေလေ၊ မင်းကြောက်နေတယ်ဆိုတာ ပိုသိသာလာလေလေပဲ။ သေဆုံးပြီး စိတ်ဆန္ဒအမျှင်တန်းတစ်ခုလောက်ပဲ ကျန်တော့တဲ့မင်းက ငါရှာတွေ့သွားမှာကို ကြောက်နေတာပဲ”

“အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ မင်းက အခုလက်ရှိမှာ အရမ်းအားနည်းနေတယ် ဆိုတာပဲ… အားနည်းလွန်းလို့ မင်းရဲ့ စိတ်ဆန္ဒက တစ်ယောက်ယောက် ထိလိုက်မိရင်တောင် ပျောက်ကွယ်သွားနိုင်လောက်တဲ့အထိ…” စုမင်သည် အသက်ဝဝရှူလိုက်ပြီး အေးစက်စက်အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ မီးတောက်နဂါး၏ ကျန်ရှိနေသေးသော စိတ်ဆန္ဒသည် သူ့စကားများကို သေချာပေါက် ကြားလိမ့်မည်ဖြစ်ကြောင်း သူသိနေသည်။

အိုမင်းရှေးကျသောအသံသည် သူ့စကားအား ပြန်မဖြေခဲ့ပေ။ ပြန်လည်တုန့်ပြန်လာသည်က စုမင်အပေါ်သို့ ခုန်ဝင်လာနေသော သားရဲများ၏ လှုပ်ရှားမှုများမှာ ရူးသွပ်လုနီးပါး ပိုမိုပြင်းထန်လာကြခြင်းသာ ဖြစ်သည်။

စုမင်မျက်လုံးများမှာ သတ်ဖြတ်လိုသောအသိတို့ဖြင့် တောက်ပလာသည်။ သူသည် ရှေ့ဆက်တိုးရင်း ပင်လယ်အဆီအနှစ်ပုလင်းကို ထုတ်ယူလိုက်ပြန်၏။ ၎င်းက ဤတစ်နေရာတည်းမှာပင် ထိုအရည်ကို သူသုံးကြိမ်မြောက် သောက်သုံးလိုက်ခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားချက်မျိုး ပေါ်လာသည်နှင့် စုမင်သည် ခပ်တိုးတိုးကြုံးဝါးလိုက်ပြီး သူ့ခန္ဓာကိုယ်အားသုံး၍ နောက်ထပ် ပေထောင်ပေါင်းများစွာကို ဖြတ်သန်းလိုက်ပြန်သည်။

အရှေ့သို့ ဦးတည်ပြေးလွှားရင်း စုမင်ကိုယ်ထဲတွင်လည်း ခပ်အုပ်အုပ်ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုအသံများသည် မာန်အရိုးငါးခုထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ရုတ်တရက်ဆိုသလို သတ္တမမြောက် မာန်အရိုးထံမှ ရွှေရောင်အလင်းတို့ စတင်တောက်ပလာခဲ့သည်။

ထိုရွှေရောင်အလင်းသည် အခြားမာန်အရိုးငါးခုနှင့်ယှဥ်လျှင် အတော်အားပျော့နေသေးသော်လည်း ၎င်းက အမှန်တစ်ကယ်ကိုပင် တောက်ပနေခြင်းဖြစ်သည်။ ထိုအလင်း၏ ပေါ်ထွက်လာမှုသည် စုမင်၏ ကျင့်ကြံဆင့်အား အတားအဆီးကို ချိုးဖျက်သွားစေပုံပေါ်ပြီး သူ့စွမ်းအားမှာ တစ်ခဏအတွင်း အဆပေါင်းများစွာ ခုန်တက်သွား၏။

စုမင်မျက်လုံးတို့က တောက်ပသွားသည်။ ပင်လယ်အဆီအနှစ်အား မသောက်သုံးရသေးမီ ပထမဆုံးအကြိမ် စွမ်းအားအကုန် ထုတ်သုံးလိုက်ကတည်းကပင် သူထုတ်ယူသုံးစွဲနိုင်ခဲ့သော စွမ်းအားပမာဏမှာ ယခင်ကထက် ပိုများနေခဲ့သည်ဟု ခံစားနေရခြင်း ဖြစ်သည်။ ထိုအချိန်က အဆုံးမရှိသော သားရဲများနှင့် ရင်ဆိုင်နေရသဖြင့် သူ့ခေါင်းထဲတွင် ထိုအကြောင်းကို စဥ်းစားချိန်မရခဲ့ချေ။ ပင်လယ်အဆီအနှစ် သုံးစက်အား သုံးစွဲလိုက်ချိန်တွင်လည်း ထုတ်ယူနိုင်သော စွမ်းအားပမာဏမှာ ပိုမိုများပြားလာသည်ဟူသော ခံစားချက်က ပိုမိုအားကောင်းလာခဲ့၏။

ယခုအချိန်တွင်တော့ သူ့ကိုယ်ထဲတွင် ကျန်ရစ်နေခဲ့သော စွမ်းအင်များ အဆက်မပြတ် စုဆောင်းမိလာခြင်းကြောင့် သတ္တမမြောက် မာန်အရိုးမှ ရွှေရောင်အလင်းတို့ တောက်ပလာခဲ့ချေပြီ။ ၎င်းအလင်းတို့ ပေါ်ထွက်လာမှုက စုမင်၏ သတ္တမမြောက်မာန်အရိုးမှာ နိုးထလုဆဲဆဲ ဖြစ်နေပြီဟူသော သဘောပင်ဖြစ်သည်။

၎င်းက တစ်ဖြည်းဖြည်း စုဆောင်းထားခဲ့သော များပြားလှသည့် စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်သွားကြသလိုပင်။ များပြားလှသော စွမ်းအင်များကို အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့မိပြီးနောက် ဤနေရာမှ တိုက်ပွဲ၏ ဖိအားဒဏ်နှင့် ပင်လယ်အဆီအနှစ်များအား လှည့်ပတ်မှု အကူအညီတို့ကြောင့် စုမင်၏ ကျင့်ကြံဆင့်မှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အခြားမာန်အရိုးငါးခုနှင့် မယှဥ်နိုင်သေးသော်လည်း သတ္တမမြောက်မာန်အရိုး၏ ရွှေရောင်အလင်းတို့မှာ တစ်ဖြည်းဖြည်း ပိုမိုတောက်ပလာနေပြီး ၎င်း၏ ခွန်အားအပြည့် ပေါက်ကွဲနိုင်ရန် နောက်ထပ်တွန်းအားတစ်ခုသာ လိုအပ်တော့သည့်ပုံပင်…

စုမင်သည် ပင်လယ်အဆီအနှစ်ပုလင်းကို ထုတ်ကာ နောက်တစ်စက်သောက်ချလိုက်၏။ သူ၏ မျက်လုံးများမှာ နီရဲနေပြီး ဆံပင်များက လေမတိုက်ပါဘဲနှင့် တဖျတ်ဖျတ် လှုပ်ရှားလာသည်။ ကိုယ်တွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သူ့ကျောရိုးထံမှ စူးရှတောက်ပသော ရွှေရောင်အလင်းတို့ တိုးထွက်လာတော့သည်။

စုမင်ကိုယ်ထဲရှိ ပင်လယ်အဆီအနှစ်များက ဆူပွက်သွားသလိုပင်။ ဤတစ်ကြိမ်တွင်တော့ ၎င်းတို့သည် မာန်အရိုးများအတွင်းသို့သာ တိုးဝင်သွားပြီး အပြင်သို့ ပျံ့နှံ့သွားခြင်းမရှိပဲ သတ္တမမြောက်မာန်အရိုးထံသို့ ချက်ချင်းစုပ်ယူခံလိုက်ရသည်။ ပင်လယ်အဆီအနှစ်များကို စုပ်ယူပြီးသည်နှင့် သတ္တမမြောက်မာန်အရိုးထံမှ ရွှေရောင်အလင်းများမှာ ပိုမိုတောက်ပလာပြီး တစ်ခဏအတွင်းမှာပင် အခြားမာန်အရိုးငါးခုနှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။

မာန်အရိုးခြောက်ခုကြောင့် စုမင်၏ ကျင့်ကြံဆင့်မှာ ချက်ချင်းဆိုသလို အဆပေါင်းများစွာ ခုန်တက်သွားသည်။ သူ့ကိုယ်ပေါ်တွင် သွေးကြောများ ရုန်းကြွလာပြီး ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက်နှင့်အတူ ရှေ့တစ်လှမ်းတက်ကာ ညာလက်သီးဖြင့် အရှေ့သို့ ထိုးသွင်းတိုက်ခိုက်လိုက်သည်။

မာန်အရိုးခြောက်ခုမှာ အပြည့်အဝ စတင်လည်ပတ်လာပြီး စုမင်ကိုယ်ထဲရှိ စွမ်းအားအလုံးစုံက လက်သီးထဲသို့ ရောက်ရှိသွားပုံပေါ်သည်။ လက်သီးချက်ကြောင့် ပါးလွှာသောလေထုထဲမှာပင် လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုလှိုင်းက အရှေ့သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ စုမင်အရှေ့ရှိ သတ္တဝါများမှာ အနောက်သို့ လွင့်စင်ကုန်ကြပြီး အများစုမှာ ပေါက်ကွဲထွက်ကုန်ကြ၏။

ထို့နောက် အသက်ဝဝရှူသွင်းလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် အရှေ့သို့ ပြေးထွက်သွားသည်။ သို့သော်လည်း နောက်ထပ်ပေထောင်ပေါင်းများစွာ ဖြတ်သန်းလာပြီးချိန်တွင် သူ့အရှေ့ရှိ အသားနံရံများမှ ကြောက်မက်ဖွယ်သားရဲမျက်နှာများ တိုးထွက်လာကြပြန်သည်။ မြူခိုးသားရဲများသည် အလျင်အမြန် ဖြစ်ပေါ်လာပြီး ကြမ်းပြင်မှလည်း အရိုးဆူးချွန်များ ထိုးဖောက်ထွက်လာကာ မရေမတွက်နိုင်သော အရိုးမိစ္ဆာများအဖြစ် ပြောင်းလဲသွားသည်။

ဤသတ္တဝါများ၏ အရေအတွက်မှာ ဘယ်သောအခါမျှ ကုန်ခမ်းသွားခြင်း မရှိသည့်အလား… သတ္တဝါများအနောက်ရှိ လမ်းကြောင်းအတွင်းပိုင်းဆီသို့ စုမင်လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်မျိုး ပေါ်လာခဲ့သည်။ သူ့ဝတ်ရုံအောက်ရှိ နောက်ဘက်ကျောကုန်းတွင် အဖုတစ်ခုသဖွယ် ထိုးထောင်ထွက်နေသော မာန်အရိုးတစ်ခု ရှိနေဆဲဖြစ်သည်။ ထိုအရိုးသည် ဝတ်ရုံများအောက်တွင် ဖုံးကွယ်နေသဖြင့် အခြားလူများ မမြင်နိုင်သော်လည်း စုမင်ကိုယ်တိုင်ကမူ ၎င်းကိုခံစားမိပေသည်။

ထိုအရိုးသည် ဆဌမမြောက်မာန်အရိုးနေရာတွင် ရှိနေခြင်းဖြစ်သည်။ စိတ်အာရုံဖြင့် ကိုယ်တွင်းသို့ပြန်ကြည့်လိုက်ချိန်တွင် ဆဌမမြောက်နေရာ၌ ရှိနေသော ထိုအရိုးမှာ နက်မှောင်နေကာ တောက်ပမှုမရှိပဲ မှိန်နေသည်ကို တွေ့လိုက်ရ၏။ သတ္တမမြောက်မာန်အရိုးသည် ရွှေရောင်အလင်းတို့ တောက်ပနေသော်လည်း ကြားထဲရှိ ဆဌမမြောက်အရိုးမှာ မှုန်မှိုင်းနေသဖြင့် အခြားမာန်အရိုးငါးခုနှင့် ချိတ်ဆက်နိုင်ခြင်းမရှိ ဖြစ်နေလေသည်။

ထိုဆဌမမြောက်အရိုးတွင် လျှပ်စီးကြောင်းများ တိုးထွက်နေဟန်ဖြင့် ရံဖန်ရံခါဆိုသလို ထိုနေရာမှ ထုံကျင်သွားတတ်သည်။ ထိုမာန်အရိုးသည် လျှပ်စီးအမွေဆက်ခံခြင်း သလင်းကျောက်၏ တစ်ပိုင်းကို သူ့ကျောရိုးထဲသို့ စုမင်ထိုးထည့်ထားသော နေရာပင်ဖြစ်သည်။

ထိုနေ့က ရေခဲမြစ်ထဲတွင် အသားအားခွဲ၍ သလင်းကျောက်များကို ထိုးထည့်ခဲ့စဥ်က သူသည် လေစွမ်းအင်သလင်းကျောက်ကိုသာ စုပ်ယူနိုင်ခဲ့၏။ လျှပ်စီးသလင်းကျောက်ကိုမူ သန့်စင်ရန် သင့်တော်သောအချိန်ကောင်း ရှာမတွေ့ခဲ့ပေ။ အဆုံးတွင်မတော့ လေမာန်စွမ်းအားရှင်၏ အမွေအနှစ်တစ်ခုတည်းကပင် သူ၏ ကြိုးစားအားထုတ်မှုများစွာကို ယူသွားခဲ့ပြီးဖြစ်သည်။

ထိုအချိန်က လေစွမ်းအင်သလင်းကျောက်သည် သူ၏ ပဥ္စမမြောက်မာန်အရိုးထဲသို့ ပျော်ဝင်ပေါင်းစည်းကာ တစ်သားတည်းဖြစ်သွားခဲ့သည်။ စုမင်သည် မူလကမူ သူ့စိတ်ကိုရှင်းပြီးနောက်မှ လျှပ်စီးသလင်းကျောက်အား ဖြည်းဖြည်းချင်းသန့်စင်ရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတော့ မီးတောက်နဂါး၏ ခန္ဓာကိုယ်အတွင်း၌ အဆုံးမရှိသောသားရဲများနှင့် ရင်ဆိုင်နေရသည့် အန္တရာယ်က သူ့ခေါင်းပေါ်သို့ ရောက်လာခဲ့ချေပြီ။

စုမင် အံကိုတင်းတင်းကြိတ်လိုက်မိ၏။ ထို့နောက် အသစ်ပေါ်ထွက်လာသော သားရဲများ ခုန်ဝင်လာသည်နှင့် ညာလက်ကိုမြှောက်၍ ထိုးထွက်နေသော ဆဌမမြောက်မာန်အရိုးကို ရိုက်ချလိုက်တော့သည်။

ပြင်းထန်သော နာကျင်မှုတစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် အသားစအောက်ရှိ ဆဌမမြောက်မာန်အရိုးထဲတွင် ရှိနေသော လျှပ်စီးသလင်းကျောက်သည် သူ့ကျောရိုးအတွင်းသို့ ထိုးစိုက်နစ်ဝင်သွားသည်။

စုမင်၏ ကျောရိုးထဲတွင် ပြင်းထန်သောလျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုလျှပ်စီးများသည် အောက်သို့ထိုးဆင်းသွားပြီး သူ့ခြေထောက်နှင့် ဆက်စပ်သွားသည်။ လေထဲတွင် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး စုမင်အနီးတစ်ဝိုက် လေထုထဲ၌ လျှပ်စီးအလင်းစက်များ ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ချိန်က ဖန်တီးခဲ့သော သူ၏ မူလမာန်အကြောမျှင်သည် ကမ္ဘာပေါ်ရှိ လျှပ်စီးကြောင်းများကို ရူးသွပ်သွားစေပုံပေါ်၏။ လျှပ်စီးကြောင်းများသည် စုမင်၏ ဆဌမမြောက်မာန်အရိုးထံ ဦးတည်တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း အလျင်အမြန် ပေါင်းစည်းသွားကြသည်။

စူးရှသောနာကျင်မှုတစ်ခုက စုမင်တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူသည် ထိုကဲ့သို့ ပြင်းထန်သောနည်းလမ်းဖြင့် လျှပ်စီးအမွေဆက်ခံခြင်း သလင်းကျောက်အား သူ၏ မာန်အရိုးထဲသို့ အတင်းအကြပ် ပေါင်းစည်းပစ်လိုက်ခြင်းဖြစ်သည်။

လျှပ်စီးအလင်းစက်များနှင့် မိုးခြိမ်းသံများ ပေါ်လာပြီး ဆဌမမြောက်မာန်အရိုးထံမှ ရွှေရောင်အလင်းတို့ တစ်ဖြည်းဖြည်းချင်း စတင်တောက်ပလာသည်။ သတ္တမမြောက်မာန်အရိုးသည် ကျောရိုးပေါ်ရှိ အခြားမာန်အရိုးများနှင့် ချိတ်ဆက်သွားသည်နှင့် စုမင်သည် အရှေ့သို့ လှမ်းကြည့်လိုက်ကာ ချက်ချင်းပြေးတက်သွားလိုက်တော့သည်။

ယင်ကိုးပါးလောက အပြင်ဘက်၊ ရှာမန်နယ်မြေ အပြင်ပိုင်းရှိ ကျယ်ပြောသော ပင်လယ်နက်ကြီး၏ အဝေးတွင်… တောင်ပိုင်းအရုဏ်ဦးကုန်းမြေဆီသို့ လျင်မြန်သောအရှိန်ဖြင့် ဦးတည်လာနေသော အဆုံးကိုပင်မမြင်ရသည်အထိ ကြီးမားသည့် ကုန်းမြေတိုက်ကြီးတစ်ခု ရှိနေသည်။ ထိုကုန်းမြေတိုက်ကြီး၏ ရွေ့လျားမှုကြောင့်ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများသည် တဝုန်းဝုန်းမြည်ဟည်းရိုက်ခတ်လျက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသည်။

ထိုကုန်းမြေတိုက်ကြီးပေါ်တွင် တစ်နှစ်ပတ်လည်လုံး ကောင်းကင်ထက်မှ လျှပ်စီးကိုးသွယ် ကျဆင်းနေသော အမြဲတမ်းလိုလိုပင် အဆုံးမရှိသော လျှပ်စီးကြောင်းများ ဝန်းရံနေသည့် တောင်ကြီးတစ်လုံး ရှိသည်။

၎င်းတောင်ကြီးပေါ်တွင် ထိုင်နေသည်က နှာတံကောက်ကောက်၊ ဆံပင်နီတို့ဖြင့် သုန်မှုန်နေသော မျက်နှာထားဖြင့် အဘိုးအိုတစ်ဦးဖြစ်သည်။ လျှပ်စီးအမွေဆက်ခံခြင်း သလင်းကျောက်အား စုမင် အတင်းအကြပ်ပေါင်းစည်းလိုက်နှင့် ထိုအဘိုး၏ မျက်လုံးများမှာ ချက်ချင်းပွင့်လာပြီး ကောက်ကျစ်ရက်စက်သော အကြည့်တစ်ခုပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင်တော့ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့်အတူ လောင်ကျွမ်းနေသော ဒေါသမီးတောက်များနှင့် သတိထားမှုအရိပ်အယောင်များ ရှိနေခဲ့၏။

သူသည် လျှပ်စီးမာန်စွမ်းအားရှင်၏ ဆက်ခံသူအစစ်ဖြစ်သော အရှေ့မြေရိုင်းကုန်းမြေမှ ချီလေ့ထျန်းပင် ဖြစ်သည်။ သို့သော်ငြား ယခုအချိန်၌ သူ့ကိုယ်ထဲတွင် လျှပ်စီးအမွေဆက်ခံခြင်း သလင်းကျောက်တစ်ပိုင်းသာ ရှိနေပြီး ကျန်တစ်ပိုင်းမှာမူ ယခုသူ၏ ဒေါသများနှင့် ရူးသွပ်လုမတတ်ဖြစ်နေရခြင်း၏ အကြောင်းအရင်းပင် ဖြစ်လေသည်။

All Chapters