စကားတစ်ခွန်း
Vol. 34 Ch. 463
ယင်ကိုးပါးလောကထဲတွင်… မီးတောက်နဂါး၏ အလောင်းထဲ၌ ရှိနေသော စုမင်၏ခန္ဓာကိုယ်တစ်လုံးတွင် လျှပ်စီးများက ကူးခတ်လှုပ်ရှားနေသည်။ မာန်အရိုးခုနစ်ခုထံမှ စွမ်းအားများသည် အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာပြီး စုမင်အား ပိုမိုမြန်ဆန်လာစေကာ သူ၏ ကျင့်ကြံဆင့်မှာလည်း ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးမြင့်သွားခဲ့သည်။
နောက်ထပ်ပေထောင်ပေါင်းများစွာသော အကွာအဝေးကို ဖြတ်သန်းခဲ့ပြီးချိန်တွင် စတုတ္ထမြောက် ပင်လယ်အဆီအနှစ်တစ်စက်ကို ထပ်မံသောက်သုံးခဲ့၏။ မူလကမူ သူ့ထံတွင် ပင်လယ်အဆီအနှစ်များ များများစားစား မရှိခဲ့သော်လည်း ရှာမန်မြို့တော်ထဲတွင် ဆေးပင်များ အဝယ်ထွက်စဥ်က ၎င်းတို့အား ရောင်းချနေသည်နှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ရောင်းချနေသည်က အများအပြား မဟုတ်သော်လည်း ရှာမန်သလင်းကျောက်တစ်ချို့ဖြင့် ၎င်းတို့ကို သူဝယ်ယူထားခဲ့လေသည်။
ထိုစဥ်က ဝယ်ယူမိခဲ့သဖြင့် ယခုအခါ ပေခုနစ်ထောင်နီးပါး အကွာအဝေးကို ရပ်နားခြင်းမရှိ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ့အနောက်တွင် အပျက်အစီးများ လွင့်စင်ပြန့်ကျဲနေပြီး သူဖြတ်သန်းသွားရာလမ်းတစ်လျှောက် အကောင်းအတိုင်း ကျန်ရစ်နေသည့်အရာဟူ၍ မရှိခဲ့ချေ။
သူ့ဘက်မှ ပြန်ပေးဆပ်လိုက်ရသည့် တန်ဖိုးကလည်း ကြီးမားလှသည်။ သူ့ပါးစပ်မှ သွေးများ စီးကျနေပြီး ကွဲအက်ပျက်စီးနေသော စစ်နတ်ဘုရားချပ်ဝတ်အပြင် ဟန်တောင်တန်းခေါင်းလောင်းသည်လည်း သူ့ကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ချေပြီ။ ထို့အပြင် သူ့တစ်ကိုယ်လုံးရှိ ချီလည်ပတ်မှုများ ကမောက်ကမဖြစ်နေသဖြင့် စုမင်မျက်နှာမှာ ဖြူဖျော့နေသော်လည်း ရပ်တန့်အနားယူခြင်း မရှိခဲ့ပေ။ ထိုအစား ပင်လယ်အဆီအနှစ်စက်ထံမှ စွမ်းအားများ ပျောက်ကွယ်သွားသည်နှင့် ခေါင်းထက်ရှိ အခြေတည်စိတ်ဝိညာဥ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ကြုံးဝါးသံနှင့်အတူ အခြေတည်စိတ်ဝိညာဥ်၏ကိုယ်ပေါ်တွင် အလင်းတို့ စတင်တောက်ပလာသည်။ ထိုအလင်းများသည် စုမင်တစ်ကိုယ်လုံးကိုပါ ဖုံးလွှမ်းသွားသည်နှင့် သူသည် အရှေ့သို့ အလျင်အမြန် တစ်လှမ်းလှမ်းလိုက်ပြီး အခြေတည်စိတ်ဝိညာဥ်ရော စုမင်ပါ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
အခြေတည်စိတ်ဝိညာဥ်သည် စုမင်ကိုပါ ခေါ်ဆောင်လျက် တည်နေရာခုန်ကျော်လိုက်ခြင်းဖြစ်ပြီး သူတို့မူလ ရှိနေခဲ့သောနေရာနှင့် ပေတစ်ထောင်နီးပါးခန့်အဝေးတွင် ပြန်ပေါ်လာခဲ့ကြသည်။ ပြန်ပေါ်လာသည်နှင့် အခြေတည်စိတ်ဝိညာဥ်သည် နောက်တစ်ကြိမ် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး တည်နေရာခုန်ကျော်လိုက်ပြန်၏။
သူတို့သည် ထိုသို့ ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး မီးတောက်နဂါး၏ ကိုယ်ထဲတွင် စုမင်အား နောက်ထပ်ပေခုနစ်ထောင်ကျော်ခန့် ခရီးရောက်သွားစေခဲ့သည်။ မီးတောက်နဂါး၏ ခန္ဓာကိုယ်မှ သားရဲများ ထပ်မံဖြစ်တည်လာခြင်း မရှိတော့သော်လည်း သူ့အနောက်တွင်တော့ အရေအတွက် အကန့်အသတ်မရှိသော ထိုသတ္တဝါများက ပြေးလိုက်လာနေကြလေသည်။
စုမင်သည် အသက်ကို အမောတကော ရှူရှိုက်နေရ၏။ အခြေတည်စိတ်ဝိညာဥ်သည်လည်း အတော်လေး မှေးမှိန်သွားပြီဖြစ်၍ သူ၏ ဒန်တျန်နယ်မြေထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ချေပြီ။ စုမင်သည် အံတင်းတင်းကြိတ်လိုက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် အရှေ့သို့ဦးတည်၍ လျင်မြန်စွာပြေးလွှားလိုက်သည်။ မီးတောက်နဂါး၏ ကိုယ်ထဲတွင် ဖြတ်သန်းခရီးနှင်ရင်း သူ၏ အရှိန်နှုန်းမှာ ပိုမိုမြန်ဆန်လာပြီး တစ်ခဏကြာပြီးနောက် သူ့အနောက်ရှိ သားရဲများ၏ ဟိန်းဟောက်သံများမှာ တိုးညှင်းလာခဲ့၏။ စုမင်နှင့် ၎င်းတို့ကြားရှိ အကွာအဝေးမှာ သိသိသာသာကိုပင် ကွာဝေးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူ့အနောက်ရှိ စုပ်အားကြီးမှာမူ ပျောက်ကွယ်သွားခြင်းမရှိပဲ ပိုမိုသန်မာလာသဖြင့် စုမင် သတိကို လွှတ်မချရဲပေ။ တီးတိုးရေရွတ်သံများသည် သူ့နားနားကပ်၍ ပဲ့တင်ထပ်နေပြီး စကားလုံးများက စုမင်အား အကြိမ်ကြိမ်နှိပ်စက်နေကာ သူ့ခေါင်းကို ပြန်လှည့်ကြည့်ချင်စိတ် ဖြစ်ပေါ်နေစေသည်။
သို့သော်ငြား ယင်ဝိညာဥ်ထံမှ ကြားခဲ့ရသော စကားသံက သူ့အား အဆက်မပြတ် သတိပေးနေ၏… ဘယ်နည်းနှင့်မှ မီးတောက်နဂါး၏ မျက်လုံးထဲသို့ မကြည့်မိစေဖို့ဖြစ်သည်။
စုမင်သည် အနောက်သို့ လှည့်မကြည့်ပဲ အရှေ့သို့သာ ဦးတည်ပြေးလွှားနေခဲ့ပြီး လမ်းတွင် သူ့စွမ်းအားများ ချက်ချင်းပြန်ကောင်းစေရန် ပင်လယ်အဆီအနှစ် တစ်စက်ကိုပင် သောက်သုံးခဲ့သေး၏။ သူ၏ အမြန်နှုန်းသည်လည်း စကားလုံးများဖြင့်ပင် မဖော်ပြနိုင်သော အခြေအနေတစ်ခုသို့ ရောက်ရှိလို့နေခဲ့ချေပြီ။
လမ်းကြောင်း၏ အနက်ပိုင်းဆီသို့ ဦးတည်ပြေးလွှားရင်း မီးတောက်နဂါး၏ ဦးခေါင်းကြီးနှင့် တစ်ဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။ စုမင်အနီးတစ်ဝိုက်ရှိ အပူချိန်သည်လည်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ အသက်ရှူလိုက်လျှင်ပင် အပူလှိုင်းများက တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ကို ပူလောင်နာကျင်နေစေသည်။
သူ့အနီးရှိ အသားနံရံများမှာလည်း နီရဲနေပြီဖြစ်သည်။ ထိုအသားနံရံများထံမှ အရည်များ တတောက်တောက် ကျဆင်းနေ၏။ ထိုအရည်စက်များ ကြမ်းပြင်ပေါ် ကျဆင်းသွားသောအခါ တရှဲရှဲမြည်သံများကိုပင် ကြားနေရလေသည်။
ထိုအရည်များတွင် ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိနေ၏။ အပူရှိန်နှင့် မွန်းကြပ်ကြပ်ခံစားချက်တို့သည် စုမင်၏ အသက်ရှူသံများကိုပင် လျင်မြန်လာစေပြီး စိတ်မသက်မသာဖြစ်လာစေခဲ့သည်။
စုမင်ခန္ဓာကိုယ်မှ ထွက်နေသောချွေးများသည် ခန္ဓာကိုယ်အပြင်ရောက်သည်နှင့် ချက်ချင်းအငွေ့ပျံသွားသဖြင့် ထိုအခိုးအငွေ့များကြောင့် စုမင်အား အဖြူရောင်မြူခိုးလွှာတစ်ခုက ဝန်းရံထားသည့်ပုံ ပေါ်နေစေသည်။
သူ့နေရာတွင် အခြားသူတစ်ဦးသာဆိုလျှင် ဤအခြေအနေမျိုးကို တောင့်ခံနိုင်ရန် လွယ်ကူတော့မည် မဟုတ်ပေ။ ဤလိုအနေအထားမျိုးသည် ကျင့်ကြံဆင့်မြင့်မားမှုနှင့် မဆိုင်တော့ပဲ ထိုလူ၏ အပူဒဏ်ကို ခံနိုင်ရည်ရှိမှုနှင့် ပိုသက်ဆိုင်သွားပြီဖြစ်သည်။
ထိုအပူဒဏ်ကို တောင့်ခံနိုင်ရန် ခဲယဥ်းသော်လည်း စုမင်အတွက်မူ ဤသည်က ပထမဆုံးအတွေ့အကြုံမဟုတ်သဖြင့် သူ၏ လျင်မြန်သော အရှိန်ကို ဆက်လက်ထိန်းထားနိုင်လေသည်။
သူ ဆယ်ကျော်သက်အရွယ်က မဟူရာမီးတောင်တွင် ကိုယ်တိုင်ပြုလုပ်ခဲ့ဖူးသော လှိုဏ်ဂူထဲ၌ ယခုလို မြေကမ္ဘာမီးတောက်များပင် ရှိနေခဲ့ဖူး၏။ တစ်ကယ်တမ်းတွင် သူသည် လှိုဏ်ဂူ၏ ပိုမိုနက်ရှိုင်းသော အတွင်းပိုင်းဆီသို့ပင် ဝင်သွားခဲ့ဖူးပြီး လ၏အတောင်ပံများနှင့်အတူ တလိပ်လိပ် တက်လာခဲ့သော ကျောက်ရည်ပူများကိုပင် မြင်ခဲ့ဖူးလေသည်။
သူသည် မီးမာန်စွမ်းအားရှင်တို့၏ ကျင့်စဥ်ကို ကျင့်ကြံခဲ့ပြီး အမှန်စင်စစ် မီးမာန်စွမ်းအားရှင်တို့၏ ‘လအား ကိုးကွယ်ခြင်း’ ကျင့်စဥ်ကို လေ့ကျင့်ခြင်းကိုပင် ဘယ်သောအခါကမှ မရပ်တန့်ခဲ့ဖူးပေ။ ထိုအရာကြောင့်ပင် စုမင်သည် အခြားသူများနှင့်ယှဥ်လျှင် မီးကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်လေသည်။
ထို့ကြောင့် သူသည် မီးတောက်နဂါး၏ ကိုယ်တွင်းရှိ အပူရှိန်ကြားမှာပင် အနည်းငယ်မျှ အရှိန်မလျှော့ပဲ လေပြင်းတစ်ခုသဖွယ် ဆက်သွားနိုင်နေခြင်းဖြစ်သည်။
အချိန်များက တစ်ဖြည်းဖြည်းကုန်ဆုံးလျက်… မည်မျှကြာသွားခဲ့ပြီမှန်း သူမသိပေ။ သူ့စိတ်ထဲတွင် ရှိနေသည်က သူနှင့် မြွေငယ်လေးကြားရှိ ဆက်နွှယ်မှုမှာ ပြတ်တောက်မသွားသေးခြင်း ဖြစ်သည်။ သူနှင့်အဝေးတွင် မြွေငယ်လေးသည်လည်း အရှေ့သို့ ဦးတည်ပျံသန်းသွားနေဆဲဖြစ်ကြောင်း သူခံစားမိနေ၏။
မြွေငယ်လေးအား သူအကြိမ်ကြိမ် ဆင့်ခေါ်ကြည့်ခဲ့သော်လည်း ၎င်းက သူ့အား ပြန်မတုံ့ပြန်ခဲ့ပေ။ သို့သော် သူတို့အကြားရှိ ဆက်နွှယ်မှုအရ မြွေငယ်လေး၏ ကိုယ်ထဲတွင် ၎င်း၏စိတ်အား သူမရင်းနှီးသော စွမ်းအားတစ်ခုက ထိန်းချုပ်ထားကြောင်း စုမင်ခံစားမိနေလေသည်။
စုမင်သည် ထိုဆက်နွှယ်မှုနောက်သို့ မရပ်မနား လိုက်ပါလာခဲ့သည်မှာ ဖြတ်သန်းရန်ခဲယဥ်းသော နေရာတစ်ခုသို့ ရောက်လာခဲ့သည်အထိပင်… ပေတစ်သောင်းခန့်ရှိသော ထိုနေရာသည် မည်သည့်အရာကိုမဆို ပြာကျသည်အထိ လောင်ကျွမ်းပစ်နိုင်ပုံပေါ်၏။
ထိုဧရိယာအတွင်း ခြေချလိုက်မိသည်နှင့် လောင်ကျွမ်းသော နာကျင်မှုတစ်ခုက စုမင်တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုနယ်မြေထဲတွင် အစိမ်းရောင်အလင်းတစ်ဖြာ တောက်ပနေသည်ကို သူမြင်လိုက်ရသည်။ မြေပြင်အား အစိမ်းရောင် အရာဝတ္ထုများက အလွှာတစ်ခုသဖွယ် ဖုံးလွှမ်းထားပြီး ထိုနေရာတစ်ခုလုံးက ရွှံ့နွံအိုင်ကြီး တစ်ခုသဖွယ်ပင်။ ထိုနေရာတစ်ဝိုက်တွင် မည်သည့်အရာမျှမရှိပဲ အရိုးစုတစ်ခုတစ်လေပင် မတွေ့ရချေ။
ထိုအစိမ်းရောင် ရွှံ့နွံအိုင်အတွင်းမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသည်။
စုမင်သည် အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် သူ့တစ်ကိုယ်လုံး လောင်ကျွမ်းပြာကျသွားတော့မလို ခံစားလိုက်ရသည်။ သူသာ ကြိုတင်ကာကွယ်မှု တစ်စုံတစ်ရာ မလုပ်သွားပဲ ထိုအထဲသို့ ဝင်လိုက်မည်ဆိုလျှင် အရှေ့သို့ သုံးလှမ်းပင် မလှမ်းလိုက်ရပဲ သူ့ခြေထောက်များ လောင်ကျွမ်းသွားလိမ့်မည်ဟု တစ်ထစ်ချယုံကြည်ပေသည်။ ထိုအချိန်ရောက်လျှင် သူ့အား စောင့်ကြိုနေမည်က သေခြင်းတရားသာ ဖြစ်သည်။
သို့သော်လည်း သူ့တွင် ထိုအကြောင်းကို လေးလေးနက်နက် စဥ်းစားနေရန် အချိန်မရှိပေ။ သူ့အနောက်ရှိ စုပ်အားနှင့် တီးတိုးရွတ်ဆိုသံများမှာ ပိုမိုသန်မာလာနေသဖြင့် သူ့အား မှန်ကန်သော အစီအစဥ်တစ်ခုကို တွေးတောနိုင်ရန် တစ်ခဏပင် ရပ်ချိန်မရှိဖြစ်စေ၏။
ဤအကျပ်အတည်းကြားတွင် စုမင်သည် ညာလက်ကိုမြှောက်၍ လက်ချောင်းထိပ်ကိုကိုက်လိုက်ပြီး မျက်လုံးများပေါ်သို့ ပွတ်ဆွဲလိုက်သည်။ သူ့သွေးများကို မျက်လုံးပေါ် သုတ်လိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ထဲရှိ မီးမာန်ကျင့်စဥ်က အသက်ဝင်လာခဲ့သည်။ ဤနေရာတွင် လကိုမမြင်ရသော်လည်း သူ့သွေးများကို မျက်လုံးပေါ်သုတ်လိမ်းလိုက်သည်နှင့် သူ့ကိုယ်ထဲရှိသွေးများမှာ စတင်ဆူပွက်လာပြီး သူ့အား ‘သွေးလောင်ကျွမ်းခြင်း’ ကျင့်စဥ်ကို အသုံးပြုနိုင်သွားစေသည်။
သူ့ကိုယ်ထဲရှိ သွေးများစတင်လောင်ကျွမ်းလာသည်နှင့် ဤနေရာရှိ အပူရှိန်မှာ အားပျော့သွားသည်ဟု စုမင်ချက်ချင်းခံစားလိုက်ရ၏။ သူသည် ဆက်လက်၍ တွန့်ဆုတ်မနေတော့ပဲ အလင်းတန်းတစ်ခုအသွင် အရှေ့သို့ ဦးတည်ပြေးလွှားလိုက်တော့သည်။ ပေတစ်ထောင်၊ ပေနှစ်ထောင်၊ ပေသုံးထောင်… ပေခြောက်ထောင်ခန့် ပျံသန်းလာပြီးချိန်တွင် သူ့ခြေထောက်များမှ စူးရှသောနာကျင်မှုတစ်ခု ရုတ်ခြည်းထိုးတက်လာပြီး ပြင်းပြင်းထန်ထန် အပူလောင်ခြင်းကို ခံစားလိုက်ရသည်။ သူ့ခြေထောက်များမှာ လောင်ကျွမ်းနေပြီး သူ့တစ်ကိုယ်လုံးကိုလည်း မီးတောက်များက ဖုံးအုပ်လာနေ၏။ ယခုအချိန်တွင်တော့ စုမင်သည် ပေရှစ်ထောင်အကွာအဝေးကို ဖြတ်သန်းပြီးခဲ့ချေပြီ။
သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသော မီးတောက်များသည် ဦးခေါင်းဆီ ဦးတည်လာခဲ့ချိန်တွင်တော့ သူသည် ပေကိုးထောင်ဟူသော အကွာအဝေးကို ဖြတ်သန်းပြီးသွားပြီဖြစ်သည်။ စုမင်သည် သူ၏ မီးတောက်များ လောင်ကျွမ်းနေသော ညာလက်ကိုမြှောက်၍ ‘သွေးလောင်ကျွမ်းခြင်း’ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ပြန်၏။
ထို့နောက် ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံနှင့်အတူ စုမင်သည် ပေတစ်သောင်းအကွာအဝေးကို ဖြတ်သန်းလျက် တစ်ခဏအတွင်း အစိမ်းရောင်နွံအိုင်ကြီး၏ အခြားတစ်ဖက်ခြမ်း၌ ပြန်ပေါ်လာခဲ့တော့သည်။
ထိုနေရာသို့ရောက်၍ ယခင်အတိုင်း ရှေ့ဆက်သွားရန်ပြင်လိုက်ချိန်တွင် သူ့ခြေထောက်များထံမှ အက်ကွဲသံများ ရုတ်ခြည်းထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးအား ရေခဲလွှာများ အထပ်ထပ်ဖုံးအုပ်သွားပြီး တစ်ခဏအတွင်းမှာပင် စုမင်သည် ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
စုမင်၏ ခန္ဓာကိုယ်သည် အရှေ့သို့ ခြေလှမ်းနေသော ပုံသဏ္ဍာန်အတိုင်း အေးခဲသွားခြင်းဖြစ်ပြီး ထိုနေရာမှာပင်ရပ်လျက် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
မီးတောက်နဂါး၏ ပြင်းပြပူလောင်သော ကိုယ်တွင်းလမ်းကြောင်းတစ်လျှောက် ပြေးလွှားလာခဲ့ပြီးချိန်တွင် သူ့အရှေ့၌ နောက်ထပ်စောင့်ကြိုနေသည်က အေးခဲသောအဆင့်ဖြစ်နေ၏။ ထို့ကြောင့်ပင် ထိုအအေးဓာတ်ထဲသို့ တည့်တည့်တိုးဝင်လိုက်မိသော စုမင်မှာ ရေခဲရုပ်တုအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။
အသက်သုံးရှိုက်စာမျှကြာပြီးနောက် ရေခဲထဲတွင် ပိတ်လှောင်ခံထားရသော စုမင်မျက်လုံးထဲ၌ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ကျောရိုးရှိ ရေခဲလွှာအား ဖြတ်သန်းလျက် လျှပ်စီးအလင်းစက်များ တိုးထွက်လာသည်။ မကြာမီမှာပင် သူ့ကိုယ်တွင်း၌ လေပွေတစ်ခု ဝုန်းခနဲ ပေါ်လာပြီး တခွပ်ခွပ် အက်ကွဲသံများနှင့်အတူ ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော ရေခဲလွှာမှာ ချက်ချင်း အပိုင်းပိုင်းအက်ကွဲသွားသည်။
ရေခဲထဲမှ လျှောက်ထွက်လာချိန်တွင် အေးစက်နေသော လေအေးများက စုမင်၏ မျက်နှာထက်သို့ ရိုက်ခတ်လာပြီး သူ့ကိုယ်တွင်းသို့ စိမ့်ဝင်သွားကြသည်။ ထို့နောက် ပထမအပူရှိန်လိုပင် သူအသက်ရှူလိုက်ချိန်တိုင်း စူးရှသောနာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
သို့သော် ဤနာကျင်မှုနှင့်စာလျှင် သူ့အနောက်၌ အဆက်မပြတ်ရှိနေခဲ့သော စုပ်အားနှင့် တစ်ဖန်ပြန်ကြားလာရပြီဖြစ်သော အော်မြည်ဟိန်းဟောက်သံများကသာ စုမင်ကို စိတ်အနှောင့်အယှက် အပေးနိုင်ဆုံးဖြစ်သည်။
ယခင်က ထိုသတ္တဝါများအတွက် အတားအဆီး ထောင်ချောက်တစ်ချို့ဆင်ရန် သူမစဥ်းစားခဲ့ဖူးခြင်း မဟုတ်သော်လည်း ဤနေရာကိုယ်တိုင်ကပင် ထောင်ချောက်များ၊ ချိပ်စည်းအစီအရင်များ ဆင်ရန် ခဲယဥ်းနေခဲ့ပြီးဖြစ်သည်။ ၎င်းက မီးတောက်နဂါး၏ အလောင်းမှ မွေးဖွားဖြစ်တည်လာသော ထိုသတ္တဝါများအတွက် ဤနေရာတိုင်း စိတ်ရှိတိုင်းသွားလာနိုင်သည်ဟူသော အချက်ကိုပင် ထည့်မတွက်ရသေးချေ။ မြူခိုးသားရဲများသည် မီးတောက်နဂါး၏ အသားစိုင်များထဲ၌ ဖြတ်သန်းသွားလာနိုင်သည်ကို စုမင်မြင်ခဲ့ရပြီးဖြစ်သည်။ အရိုးမိစ္ဆာများသည်လည်း အရိုးများအသွင်ဖြင့် ကြမ်းပြင်အောက် နက်ရှိုင်းသောနေရာမှ လှုပ်ရှားသွားလာနိုင်သေးသဖြင့် သူ့အတွက် ၎င်းတို့ကို တားဆီးရန်က မလွယ်ကူလှပါချေ။
စုမင်မျက်လုံးများက တောက်ပသွားပြီး သူ့အားတိုက်ခတ်နေသော လေအေးများကို ဆန့်ကျင်လျက် လျင်မြန်သော အမြန်နှုန်းဖြင့် အရှေ့သို့ ဦးတည်ကာ ပြေးလွှားလိုက်ပြန်၏။ သူ မည်မျှဖြတ်သန်းလာခဲ့ပြီးမှန်း မသိသလို မီးတောက်နဂါး၏ ခန္ဓာကိုယ် ဘယ်အပိုင်းသို့ ရောက်နေပြီမှန်းလဲ မသိပါချေ။
သူ လျှောက်လှမ်းခဲ့သော လမ်းကြောင်းနှင့် လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းသည် သူ့စိတ်ထဲမှ အာရုံခံမိခဲ့သော မြွေငယ်လေး ပျံသန်းသွားနေရာဆီသို့သာ ဦးတည်နေခဲ့ခြင်းဖြစ်သည်။
အရှေ့သို့ ဦးတည်ပြေးလွှားနေရင်းမှ စုမင်ခြေလှမ်းတို့ ရုတ်ခြည်းရပ်တန့်သွားသည်။ ထိုသို့ဖြစ်စေခဲ့သော အကြောင်းရင်းက သူ့ညာဘက်တွင်ရှိနေသော အေးခဲနေသည့် အသားနံရံထဲ၌ ပိတ်မိနေသည့် အေးခဲနေသော အလောင်းတစ်ခုကြောင့်ဖြစ်သည်။
ထိုအလောင်းမှာ ခြောက်ကပ်နေပြီဖြစ်ပြီး ဘယ်လိုပုံပန်းသွင်ပြင်ရှိမှန်းပင် သေချာမမြင်ရတော့ပေ။ သို့သော် ၎င်းသည် ခရမ်းရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားပြီး ထိုချပ်ဝတ်မှာ ခရမ်းရောင်အလင်းတို့ တဖျတ်ဖျတ် တောက်ပနေ၏။ ထိုတောက်ပနေသော ချပ်ဝတ်မှာ မယုံနိုင်လောက်အောင်ပင် စွဲမက်ဖွယ်ကောင်းလွန်းနေသည်။
အလောင်းအနီးရှိ အသားနံရံများ၌ နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များ ရှိနေ၏။ ထိုဒဏ်ရာဒဏ်ချက်များအရ ဤလူသည် မသေဆုံးမီက အမှန်တစ်ကယ်ပင် မီးတောက်နဂါးအား ထိခိုက်အောင် အန္တရာယ်ပေးနိုင်ခဲ့ကြောင်း မြင်သာလေသည်။
ဒဏ်ရာတစ်ခုဆိုလျှင် အသားစိုင်ကြီးတစ်ခုကို ဆုတ်ဖြဲခံထားရပုံပေါ်ပြီး ၎င်းမြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ထိုမျှသာဆိုလျှင်တော့ စုမင်ရပ်တန့်ခဲ့မိမည်မဟုတ်ပေ။ စုမင်အား ရပ်တန့်စေခဲ့သော အကြောင်းရင်းအစစ်အမှန်မှာ ထိုချပ်ဝတ်၏ ပုံစံနှင့် အရှိန်အဝါတို့က မယုံနိုင်လောက်အောင်ပင် ရင်းနှီးနေသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ထိုရင်းနှီးကျွမ်းဝင်မှုသည် ဤလူအား ယခင်က မြင်တွေ့ခဲ့ဖူးခြင်းကြောင့် မဟုတ်ပဲ ၎င်း၏ ချပ်ဝတ်က… အရောင်မှအပ သူ၏ မာန်ချပ်ဝတ်နှင့် တစ်ပုံစံတည်းလိုလိုပင် တူညီနေခဲ့ကြောင်း ဖြစ်လေသည်။
စုမင်၏ ချပ်ဝတ်သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသေးပြီး သူ၏ ချပ်ဝတ်အစစ်အမှန်အား မဟာယွီမင်းဆက်ပြည်ထောင်မှ သွားမယူရသေးချေ။ မဟာယွီမင်းဆက်ပြည်ထောင်ဆိုသည်မှာ အမှန်တစ်ကယ်ပင် တည်ရှိရဲ့လားဆိုသည်ကို သူမသိခဲ့သော်လည်း ယခုသူ့မျက်စိရှေ့တွင် ရှိနေသည့်အရာက… ထိုတိုင်းပြည်သည် အမှန်တစ်ကယ်ပင် ရှိနေကြောင်း ပြောပြနေခဲ့ချေပြီ။
ချပ်ဝတ်ကို မြင်လိုက်သည့်တစ်ခဏ စုမင်၏ နှလုံးခုန်သံများပင် လျင်မြန်လာခဲ့၏။ ဤသည်က မီးတောက်နဂါး၏ ကိုယ်တွင်းသို့ ရောက်လာပြီးကတည်းက သူ့အား အမှန်တစ်ကယ် ဆွဲဆောင်နိုင်သည့် ပထမဆုံးပစ္စည်းဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် သူ့အနောက်ရှိ စုပ်အားနှင့် တီးတိုးရွတ်ဆိုသံများကလည်း ပိုမိုပြင်းထန်လာချေပြီ။ ဟိန်းဟောက်အော်မြည်သံများမှာ အနောက်မှ အလျင်အမြန်ပင် လိုက်ပါလာပြီး သူ့အနီးတစ်ဝိုက်နှင့် အရှေ့ဖက်၌ ပေါက်ထွက်လာတော့မည့်ပုံနှင့် အဖုကြီးများပင် ပေါ်လာခဲ့၏။ သိသိသာသာပင် ထိုသားရဲများမှာ သူ့အား လိုက်မီသွားကြချေပြီ။
စုမင် တွန့်ဆုတ်မနေတော့ပေ။ သူသည် ရှေ့တစ်လှမ်းတိုးလိုက်ပြီး အရိုးစုနံဘေးသို့ ရောက်ရှိသွားကာ ချပ်ဝတ်ကို ဆွဲယူလိုက်သည်။ သို့သော် ချပ်ဝတ်အား သူ့လက်ထိလိုက်သည့် တစ်ခဏမှာပင် သေဆုံးနေပြီဟု စုမင်ယူဆထားခဲ့သော အရိုးစု၏ ညာလက်မှာ ရုတ်တရက် မြောက်တက်လာပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် အရိုးစု၏ ခြောက်ကပ်နေသော ဦးခေါင်းအတွင်းရှိ မျက်လုံးများထဲတွင်လည်း မှိန်ဖျော့ဖျော့ အနက်ရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။
“တွေ့ပြီ… တတိယမြောက်…”
ထိုမတော်တဆ ဖြစ်ရပ်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက်… စုမင်နှင့် မြွေငယ်လေးကြားရှိ ဆက်နွှယ်မှုမှာလည်း ပြတ်တောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မီးတောက်နဂါး၏အလောင်းအား ဝန်းရံဖုံးလွှမ်းထားသော အပြင်ဘက်မြူခိုးထု အစွန်တစ်နေရာ၌… စုမင်အနောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့သော အနက်ရောင်ဝတ်စုံဖြင့်လူသည် ထိုနေရာတွင်ထိုင်နေပြီး ထိုအခိုက်အတန့်၌ သူ့မျက်လုံးများမှာ တောက်ပသွားကြသည်။ ထိုသူ့ပုံစံက တစ်စုံတစ်ရာအား ဝေခွဲမရဖြစ်ကာ တွန့်ဆုတ်နေသည့်အလား… သို့သော် တစ်ခဏအကြာတွင် သူ၏ ညာလက်ကို ဖျတ်ခနဲလှုပ်ရှားလိုက်ရာ သူ့လက်ထဲတွင် အစိမ်းရောင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာခဲ့သည်။
“သခင်ကိုယ်တိုင် ဒါကို လုပ်ထားခဲ့တာ။ ဒါက ငါ့မှာနောက်ဆုံးကျန်တဲ့ ကံကြမ္မာအဆောင်ပဲ…” အဘိုးအိုသည် အံတင်းတင်းကြိတ်လျက် ကျောက်စိမ်းပြားကို နံဖူးအလယ်သို့ ဖိချလိုက်တော့သည်။
ကျောက်စိမ်းပြားကို ဖိချလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် စတင်တုန်ယင်လာ၏။ သူ၏ မျက်လုံးများထဲတွင် အခိုးအငွေ့များ ပြည့်နှက်လာပြီး မျက်ဆံများထဲ၌ ပုံရိပ်တစ်ခု တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။ ထိုပုံရိပ်ထဲတွင် ရှိနေသည့်သူမှာ မီးတောက်နဂါး၏ ကိုယ်ထဲ၌ရှိနေသော စုမင်ပင်ဖြစ်လေသည်။