မီးတောက်နဂါးနှင့် ခေါင်းကိုးလုံးနဂါး
Vol. 34 Ch. 464
စုမင်၏ နှလုံးသားမှာ တုန်ယင်သွားသည်။ သူ၏နတ်ဘုရားစိတ်အာရုံကို သုံး၍ ထိုအရိုးစုကို သေချာစစ်ဆေးခဲ့သလို ၎င်းသေဆုံးနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကိုလည်း သူ့မျက်စိဖြင့် အတည်ပြုခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်သည်ပင် လုံးလုံးလျားလျား ခြောက်ကပ်နေခဲ့ချေပြီ။
သူ့လက်ကောက်ဝတ်အား ထိုအရိုးစု၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရချိန်တွင် စုမင်စိတ်မှာ မုန်တိုင်းထန်သွားပြီး နေရာတွင်သာရပ်လျက် ကြောင်အမင်သက်နေမိ၏။ သူ့ထံသို့ အော်မြည်ဟိန်းဟောက်လျက် ပြေးဝင်လာနေသော သားရဲများအကြောင်းကိုပင် မေ့လုမတတ် ဖြစ်သွားခဲ့လေသည်။
ဤရုတ်တရက် အဖြစ်အပျက်သည် သူမျှော်လင့်ထားသည်များထက် လုံးဝကျော်လွန်နေသဖြင့် စုမင်မျက်လုံးများကိုပင် ကျဥ်းမြောင်းသွားစေခဲ့၏။
“တွေ့ပြီ… တတိယ… သူက… ထာဝရမှာ…”
အရိုးစု၏ မျက်လုံးများအတွင်း မှိန်ဖျော့ဖျော့ အနက်ရောင်အလင်းတစ်ဖြာ တောက်ပနေ၏။ သို့သော် စကားတစ်ခွန်းပင် ဆုံးအောင်မပြောလိုက်နိုင်ပဲ ထိုအလင်းမှာ ချက်ချင်းမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ စုမင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော ခြောက်ကပ်နေသည့် လက်မှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။
စုမင်သည် အလွန်ထိတ်လန့်တုန်လှုပ်နေသော်လည်း သူ့တွင် ထိုအကြောင်းကို စဥ်းစားချိန်မရှိပေ။ သူသည် အရိုးစု၏ချပ်ဝတ်ကို ဆွဲယူလိုက်ပြီး သူထိုသို့လုပ်လိုက်သည်နှင့် အရိုးစုကို ဖုံးအုပ်ထားသော ချပ်ဝတ်အောက်မှ လက်တစ်ဝါးအရွယ်ခန့်ရှိသော ကျောက်စိမ်းပြားတစ်ခု ထွက်ကျလာခဲ့သည်။ ထိုကျောက်စိမ်းပြားမှာ ထွင်းဖောက်မြင်ရသည်အထိ ကြည်လင်နေသဖြင့် ၎င်းအား သတိပြုမိနိုင်ရန် ခဲယဥ်းလေသည်။
စုမင်သည်ပင် ခရမ်းရောင်ချပ်ဝတ်ကို ဆွဲဖြုတ်လိုက်ချိန်တွင်မှ ၎င်းကိုသတိပြုမိလိုက်ခြင်း ဖြစ်သည်။ သူသည် တွေဝေမနေတော့ပဲ ထိုကျောက်စိမ်းပြားကိုပါ ဆွဲယူလိုက်ပြီး သူ့အနီးတစ်ဝိုက်ရှိ အသားနံရံများမှ ရွံရှာဖွယ်သတ္တဝါများ တွားထွက်လာချိန်မှာပင် ထိုနေရာမှ အလျင်အမြန် ပြေးထွက်သွားတော့သည်။
သူထွက်သွားပြီးသည်နှင့် နံရံပေါ်ရှိ အဖုကြီးများမှာ ပေါက်ထွက်ကုန်ပြီး ယခင်က စုမင်တွေ့ခဲ့သော မြူခိုးသားရဲများနှင့် အနည်းငယ် ကွဲပြားနေသော မြူခိုးသားရဲများမှာ အဆက်မပြတ် ဟိန်းဟောက်လျက် တိုးထွက်လာကြသည်။
ထိုသတ္တဝါများသည် မြွေနဂါးများနှင့် တူသော်လည်း ၎င်းတို့၏ ဦးခေါင်းနေရာ၌ မထင်မရှား လူမျက်နှာများ ရှိနေကြသည်။ လျှာနှစ်ခွထုတ်လျက် တရွှီရွှီ အော်မြည်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်မျိုး ရှိနေကြသည်။ ၎င်းတို့သည် အမြီးကြီးများဖြင့် ကြမ်းပြင်ကို ရိုက်ခတ်လိုက်ပြီး စုမင် ထွက်ခွာသွားရာဘက်သို့ တိုးဝင်သွားကြ၏။
တစ်ပြိုင်တည်းပင် ကြမ်းပြင်ထက်မှ အရိုးဆူးချွန်များ တိုးထွက်လာပြီး ပေါက်ကွဲထွက်ကာ အမြီးရှည်ကြီးများဖြင့် မီးခိုးရောင်လူတူသတ္တဝါများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့၏ မျက်လုံးနှင့် ပါးစပ်နေရာမှ အက်ကွဲကြောင်းများအပြင် ယခုအခါ ဦးခေါင်းပေါ်တွင်လည်း အက်ကွဲကြောင်းတစ်ခု ရှိနေပြီဖြစ်သည်။ ထိုအက်ကွဲကြောင်းသည် ကျယ်ပြန့်စွာ ဆွဲဖြဲခံထားရပြီး ၎င်းတို့ဦးခေါင်းထဲ၌ ထူးဆန်းသောအရာတစ်ခု ရှိနေပုံပေါ်၏။ ထိုအရာက ဦးခေါင်းခွံကိုခွဲလျက် အပြင်သို့တိုးထွက်လာရန် ကြိုးစားနေသကဲ့သို့ပင်…
မြူခိုးသားရဲများနှင့် အရိုးမိစ္ဆာများအပြင် လွင့်မျောပျံဝဲလာနေသော အရိပ်ဖြူများမှာလည်း ယခင်နှင့် မတူတော့ပါချေ။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များသည် မူလက ဆံပင်များအောက်တွင် ဖုံးကွယ်နေခဲ့သဖြင့် သေချာမမြင်ရသော်လည်း ခေါင်းမော့လိုက်ချိန်တွင် ရင်သပ်ရှုမောဖွယ် အလွန်တရာ လှပသောမျက်နှာများ ပေါ်လာခဲ့၏။ ထိုမျက်နှာတစ်ခုတည်းဖြင့်ပင် သူတို့အား မြင်လိုက်ရသူတိုင်းကို ညှို့ယူဖမ်းစားထားနိုင်ရန် လုံလောက်နေခဲ့ပြီဖြစ်သည်။
စုမင်ကမူ ထိုအရာများကို ဘာမျှမမြင်ခဲ့ပါချေ။ သူသည် အမြန်နှုန်းကို အဆုံးစွန်တင်လျက် အရှေ့သို့ ဦးတည်ပြေးလွှားနေခဲ့၏။ သူနှင့် မြွေငယ်လေးကြားရှိ အချိတ်အဆက်မှာ ပြတ်တောက်သွားခဲ့ပြီဖြစ်၍ ထိုအရာက သူ့အား အလွန်စိုးရိမ်ပူပန်လာစေသည်။ သို့သော် အဆက်အသွယ် မပြတ်သွားခင် မြွေငယ်လေး နောက်ဆုံးရှိနေခဲ့သည့် နေရာကိုတော့ သူအာရုံခံမိနေဆဲဖြစ်သည်။
နာရီပေါင်းများစွာ အရှေ့သို့ ဦးတည်ပြေးလွှားနေခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို သူ့အရှေ့ရှိ လှိုဏ်ခေါင်းမှာ ကြီးမားကျယ်ပြန့်သွားခဲ့၏။ ထို့နောက် စုမင်ရှေ့တွင် အသားစများ၊ သွေးများဖြင့် ကြီးမားသောတွင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုတွင်းကြီးမှာ ကြီးမားလွန်းသဖြင့် ကွင်းပြင်ကျယ်ကြီးတစ်ခုလိုပင်…
ဤနေရာသည် သူနှင့် မြွေငယ်လေးကြားရှိ ဆက်သွယ်မှု ပြတ်တောက်သွားသော နေရာပင်ဖြစ်သည်။
ထိုနေရာသို့ရောက်သည်နှင့် ဧရာမတွင်းကြီး၏ အလယ်ဗဟိုနှင့် သစ်ပင်အုံကြီးတစ်ခုသဖွယ် ထူးဆန်းသော အရာဝတ္ထုတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအရာသည် ထူထဲသော အနက်ရောင် အကြောမျှင်ပေါင်းများစွာ ရောယှက်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထိုအနက်ရောင် အကြောမျှင်များ၏ထိပ်တွင် ပေတစ်သောင်းခန့် ကြီးမားသော ခြောက်ကပ်နေသည့် အသားစိုင်ကြီးတစ်ခု ရှိနေသည်။ ထိုအသားစိုင်ကြီးသည် အဖုများနှင့် ပြည့်နေပြီး ၎င်း၏အရောင်က မွဲခြောက်ခြောက် မီးခိုးရောင်မျိုးဖြစ်သည်။ ထိုအသားစိုင်ကြီးတွင် အောက်သို့တွဲကျနေသော နေရာများလည်း ရှိနေ၏။
ထိုအသားစိုင်ကြီး၏ အထက်တွင် တလက်လက်တောက်ပနေသော သလင်းကျောက်အပိုင်းအစလေးများ တစ်ရာနီးပါးခန့် လွင့်မျောနေသည်ကိုလည်း စုမင်တွေ့လိုက်ရသည်။ ထိုသလင်းကျောက်အစလေးများသည် တစ်ခုနှင့်တစ်ခု အရွယ်အစားမတူသော်လည်း ၎င်းတို့ထံမှ အရှိန်အဝါတစ်ခု ထုတ်လွှတ်နေ၏။ ထိုအရှိန်အဝါက စုမင်စိတ်အား ၎င်းတို့အတွင်းသို့ စုပ်ယူချင်နေသယောင် ခံစားရလေသည်။ ထိုသလင်းကျောက် အပိုင်းအစများထဲ၌ ကမ္ဘာတစ်ခုစီ ပါဝင်နေကြသလိုပင်…
ထိုနေရာတွင် ၎င်းကဲ့သို့ သလင်းကျောက်ပေါင်း ၉၇ ခုရှိနေ၏။
၎င်းတို့သည် အသားစိုင်ကြီးအနီးတွင် လွင့်မျောနေကြပြီး စုမင်သာ ဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင်တော့ ထိုသလင်းကျောက်များနှင့် အသားစိုင်ကြီးတို့အကြားတွင် အနက်ရောင်အမျှင်များဖြင့် ချိတ်ဆက်ထားကြောင်း သူတွေ့ရပေလိမ့်မည်။
ထိုနေရာသို့ စုမင်ရောက်သွားသည်နှင့် အသားစိုင်ကြီးမှာ ကျုံ့ဝင်သွားပြီး ချက်ချင်းဆိုသလို စုမင်ရပ်နေရာဘက်၌ အနည်းငယ် ပြန်ဖောင်းလာခဲ့သည်။ ထိုဖောင်းလာသောနေရာတွင် အက်ကွဲကြောင်းတစ်ခု တစ်ဖြည်းဖြည်းပေါ်လာပြီး အက်ကြောင်းမှာ တစ်ဆက်တည်းလိုလိုပွင့်သွားကာ အတွင်း၌ ဦးခေါင်းတစ်ခုကို စုမင်မြင်လိုက်ရသည်။
ထိုသည်က အမျိုးသမီး ဦးခေါင်းတစ်ခုဖြစ်သည်။ သူမတွင် စိုရွှန်းတောက်ပြောင်သော ဆံပင်ရှည်များရှိပြီး သူမ၏ လည်ပင်းအား အနက်ရောင်အကြောမျှင်များက ဖုံးအုပ်ထားသည်။ သူမ၏ နံဖူးအလယ်တွင် ကြယ်တစ်လုံးနှင့် သဏ္ဍာန်တူသော တောက်ပနေသည့် အမှတ်အသားတစ်ခု ရှိနေ၏။
မြွေငယ်လေးသည် ထိုအမျိုးသမီးဦးခေါင်း၏ နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ လွင့်မျောနေသည်။ ၎င်းပုံစံက မိန်းမောတွေဝေနေပုံပေါ်ပြီး ရုန်းကန်နေသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။ မြွေငယ်လေး၏ ခန္ဓာကိုယ်မှ အဖြူရောင်အငွေ့များ ပျံ့နှံ့ထွက်လာနေပြီး အမျိုးသမီး၏ နံဖူးအလယ်ရှိ အမှတ်အသားအတွင်းသို့ တိုးဝင်နေသည်။
“ဒါက မီးတောက်နဂါး မျိုးဆက်တွေအားလုံးရဲ့ ကံကြမ္မာပဲ… မင်း မတားဆီးနိုင်ဘူး…” မြွေငယ်လေးကို စုမင်မြင်လိုက်သည့် တစ်ခဏ၌ သူကြားခဲ့ဖူးသော အိုမင်းသည့်အသံက သူ့နားထဲသို့ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သည်။
၎င်းကို ပထမဆုံးကြားခဲ့စဥ်က ယောကျာ်းသံလော၊ မိန်းမသံလော မခွဲခြားနိုင်ခဲ့သော်လည်း ယခုတော့ ထိုအရာက အမျိုးသမီးတစ်ဦး၏ အသံဖြစ်ကြောင်း စုမင်သေချာသိလိုက်ချေပြီ။
“သူ့ကိုယ်ထဲမှာ မီးတောက်နဂါးရဲ့ သွေးအရိပ်အမြွက်ပဲ ရှိတယ်ဆိုပေမယ့်၊ အဲဒီ သွေးမျိုးဆက်ဖြစ်နေသရွေ့ သူက ငါတို့မျိုးနွယ်ဝင်ပဲ…ဒါက ကံကြမ္မာပဲ။ မီးတောက်နဂါးတွေက အချင်းချင်း ဝါးမြိုဖို့ ကံကြမ္မာပါလာခဲ့ပြီးသား… ငါ့ရဲ့ အခုလိုအနေအထားမှာ သူငါ့ဆီ တည့်တည့်ရောက်လာတာကိုက သူ့ရဲ့ ကြိုတင်သတ်မှတ်ထားပြီးသား ကံကြမ္မာပဲ”
“သူ့ရဲ့ စိတ်ဆန္ဒ ပျောက်ကွယ်မသွားခင်က သူ့နောက်ဆုံး မျှော်လင့်ချက်ဟာ သူ့သခင် ဒီနေရာကနေ အန္တရာယ်ကင်းကင်းနဲ့ ထွက်ခွာသွားနိုင်ဖို့ပဲ… မင်းက သူ့သခင်ဖြစ်တဲ့အတွက်၊ ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်သောရိုးရာအတွင်းမှာ ငါ့ကို ဒေါသထွက်အောင် လာမဆွသရွေ့… ရိုးရာ ပြီးမြောက်တာနဲ့ ငါမင်းကို ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားခိုင်းမယ်” ထိုအသံထဲတွင် အေးစက်မှုအနည်းငယ် ပါဝင်နေ၏။
မျက်လုံးများမှိတ်ထားကာ လှုပ်ရှားခြင်းမရှိသော မြွေငယ်လေး၏ ခန္ဓာကိုယ်ကိုကြည့်ရင်း စုမင်၏ ညာလက်သီးမှာ တစ်ဖြည်းဖြည်း တင်းကျပ်သွားခဲ့သည်။ ထို့နောက် သူ၏ စစ်နတ်ဘုရားချပ်ဝတ်မှာ တစ်ဖန်ဖြစ်တည်လာပြီး ညာဘက်လက်ထဲတွင်လည်း ဆူးတင်းပုတ်ကြီးတစ်ခု ပေါ်လာခဲ့၏။
သူ့မျက်နှာပေါ်ရှိ မာန်အမှတ်အသားမှာ တောက်ပလာပြီး ကိုယ်တွင်းရှိ ခုနစ်ခုသော မာန်အရိုးများမှလည်း စူးရှသော ရွှေရောင်အလင်းများ တောက်ပလာသည်။ ထိုအခိုက်အတန့်တွင် စုမင်အား ရွှေရောင်အလင်းများမှ ဝန်းရံထားသလိုပင်… တစ်ချိန်တည်းမှာပင် အခြေတည်စိတ်ဝိညာဥ်သည်လည်း လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။ ၎င်းသည် ဤတစ်ကြိမ်တွင်တော့ ခန္ဓာကိုယ်အပြင်သို့ ထွက်မလာတော့သော်ငြား ဒန်တျန်နယ်မြေအတွင်းမှ နေ၍ တိုက်ပွဲအတွက် အသင့်ပြင်ထားချေပြီ။
စုမင်အရှေ့ရှိ ကျောက်စိမ်းဓားရှည်မှာ အလင်းတို့ တောက်ပလာသည်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံး အစိမ်းရောင်အလင်းများ ပြည့်သွားသည်နှင့် စုမင်သည် မီးတောက်နဂါး၏ အဓိပ္ပာယ်မရှိသော စကားများပေါ်၌ အချိန်တစ်စက္ကန့်ပင် ဖြုန်းမနေပဲ အရှေ့သို့ တစ်လှမ်းလှမ်း၍ အသားစိုင်ကြီးထံ ဦးတည်လိုက်တော့သည်။
“ငါ့စိတ်ဆန္ဒက အမျှင်တန်းတစ်ခုပဲ ကျန်တယ်ဆိုစေဦးတော့၊ … မင်းလို ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုတောင် ငါ့ကို ဆန့်ကျင်ရဲတာလဲ။ မြူခိုးအတွင်းရှိ အသားနှင့် သွေးများ၊ ငါ၏ စိတ်ဆန္ဒနှင့်အတူ ခန္ဓာကိုယ်ဖြစ်တည်လော့”
လေထဲတွင် ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် စုမင်အနောက်သို့ ပြေးလိုက်လာနေကြသော အဆုံးမရှိသည့် သားရဲများကြားမှ မြွေနဂါးအသွင်ဖြင့် မြူခိုးသားရဲများမှာ ချက်ချင်း ပေါက်ကွဲထွက်ကုန်ကြသည်။ ၎င်းတို့၏ ပေါက်ကွဲသွားသော ခန္ဓာကိုယ်များမှာ အသားပုပ်များအဖြစ် ပြောင်းလဲသွားပြီး စုမင်အရှေ့၌ ချက်ချင်းဆိုသလို ရုတ်တရက်ပေါ်လာကြ၏။
ထိုအသားစများသည် အတူတကွ စုဝေးသွားပြီး စုမင်အရှေ့မှာပင် ပေတစ်သောင်းခန့်ရှည်လျားသော ဧရာမခန္ဓာကိုယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသတ္တဝါကြီးသည် မြွေတစ်ကောင်နှင့် တူသော်လည်း ၎င်း၏ ဦးခေါင်းမှာမူ နဂါးဦးခေါင်းဖြစ်သည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ သွေးနီရောင်ဖြစ်ပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါ်၏။ ၎င်း၏ မျက်လုံးများမှာ မီးခိုးရောင်ဖြစ်ပြီး ကြေးခွံတစ်ခုစီတိုင်းက အရွယ်ရောက်ပြီး လူတစ်ဦး၏ ဦးခေါင်းတစ်လုံးစာခန့် ရှိသည်။
ထိုထူးဆန်းသော သတ္တဝါကြီး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။
“ငါ၏ အရိုးများထဲရှိ သတ်ဖြတ်ခြင်းဝိညာဥ်တို့၊ ငါ၏ စိတ်ဆန္ဒအရ အရိုး၊ အကြောများအဖြစ် ကူးပြောင်းလော့”
အိုမင်းသောအသံကြီးက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ စုမင်အနောက်ရှိ အရိုးမိစ္ဆာများသည် ချွန်ထက်သော အရိုးဆူးချွန်များအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းသော သတ္တဝါကြီးထံ ပြေးဝင်သွားသည်။ ၎င်းတို့ ထိုးဖောက်ဝင်သွားသည်နှင့် ထူးဆန်းသော မြွေနဂါး မျိုးစပ်သတ္တဝါကြီးမှာ စတင်လှုပ်ရှားလာပြီး ၎င်းမျက်လုံးများအတွင်းရှိ မီးခိုးရောင်အလင်းမှာလည်း ပိုမိုအားကောင်းလာသည်။
“ငါ၏စိတ်ဝိညာဥ်မှ ဖြစ်တည်လာကြသော ဝိညာဥ်တို့၊ ငါ၏ စိတ်ဆန္ဒနှင့်အတူ တစ်ခုတည်းသော စိတ်ဝိညာဥ်အဖြစ် စုဖွဲ့ဖြစ်တည်ကြလေလော့”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် စုမင်အနောက်ရှိ အရိပ်ဖြူများသည် စူးစူးဝါးဝါး အော်မြည်လျက် စုဝေးပေါင်းစပ်သွားပြီး မြွေနဂါးမျိုးစပ် သတ္တဝါကြီးထံ ဦးတည်တိုးဝင်သွားသည်။ ၎င်းတို့ တိုးဝင်ပျောက်ကွယ်သွားသည်နှင့် ရုတ်ခြည်းဆိုသလို မြွေနဂါးကြီး၏မျက်လုံးများမှာ နေနှင့်လများသဖွယ် အလွန်တရာ စူးရှတောက်ပလာသည်။ ၎င်းသည် ခေါင်းကိုမော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး မျက်လုံးများအတွင်းရှိ မီးခိုးရောင်အလင်းမှာလည်း ဖျတ်ခနဲ တောက်ပသွားသည်။ ၎င်းပုံစံက ပြန်လည်အသက်ဝင်လာပုံပေါ်ပြီး ကျယ်လောင်စွာဟိန်းဟောက်လျက် စုမင်ထံ ဦးတည်တိုးဝင်သွားသည်။
စုမင်သည် ညာလက်ဖြင့် ဆူးတင်းပုတ်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်း၏ အရွယ်အစားမှာ အဆပေါင်းများစွာ ကြီးမားလာပြီး မြွေနဂါး၏ ခန္ဓာကိုယ်ကြီးပေါ် တည့်တည့်ကျဆင်းသွားသည်။ ထို့နောက် စုမင်သည် တစ်ပြိုင်တည်းလိုလို ဘယ်လက်ဖြင့် မျဥ်းတစ်ကြောင်းဆွဲသားလိုက်ပြီး “မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း” ကို ထုတ်ဖော်လိုက်သည်။
သူ့ကိုယ်ထဲရှိ အခြေတည်စိတ်ဝိညာဥ်သည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ၎င်းအနီး၌ လှိုင်းဂယက်ငယ်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် အခြေတည်စိတ်ဝိညာဥ်သည် ဟုန်လော့ဆီမှ အမွေဆက်ခံရရှိခဲ့သော စွမ်းရည်ကျင့်စဥ်များထဲမှ သူထုတ်သုံးနိုင်သမျှ နတ်ဘုရားစွမ်းရည်တိုင်းကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ပြင်းထန်သော ပေါက်ကွဲသံကြီး ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ ထိုပေါက်ကွဲသံများ ငြိမ်သက်သွားချိန်တွင် စုမင်၏ ဆူးတင်းပုတ်မှာ ပြန်ကန်ထွက်လာပြီး နံဘေးသို့ ပြုတ်ကျသွားလေသည်။ အခြေတည်စိတ်ဝိညာဥ် ထုတ်ဖော်လိုက်သော နတ်ဘုရားစွမ်းရည်များမှာလည်း ပျက်စီးသွားပြီး အခြေတည်စိတ်ဝိညာဥ်မှာလည်း ချက်ချင်းအားနည်းသွားကာ ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
စစ်နတ်ဘုရားချပ်ဝတ်မှာ ပေါက်ကွဲထွက်သွားပြီး ‘မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း’ မှာလည်း အရာမထင်ခဲ့ပေ။ သူ့တွင်ရှိသမျှ အရာအားလုံးမှာ ဤမြွေနဂါးရှေ့တွင် အသုံးမဝင်ခဲ့ပါချေ။
သူ့ထံသို့ မြွေနဂါးတိုးဝင်လာစဥ်မှာပင် စုမင်သည် သွေးတစ်လုပ်အန်လျက် အနောက်သို့ ပေတစ်ရာနီးပါးခန့် လွင့်စင်ထွက်သွားခဲ့၏။ သို့သော်လည်း သူ့မျက်လုံးထဲတွင်မူ ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်ပင် ရှိမနေခဲ့ပေ။
“ငါ ထင်တဲ့အတိုင်းပဲ။ မင်းက အရမ်းအားနည်းနေပြီမလား။ မင်းမှာ စိတ်ဆန္ဒ ဘယ်လောက်ကျန်ကျန်၊ မင်းဘယ်လောက် ကြောက်နေတယ်ဆိုတာကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး…”
စုမင်၏ နှုတ်ခမ်းထက်တွင် အေးစက်စက် အပြုံးတစ်ခုပေါ်လာပြီး ညာလက်ကိုမြှောက်၍ လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်ကာ အရှေ့သို့ ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလို သူ့အရှေ့တွင် ဟန်တောင်တန်းခေါင်းလောင်းမှာ ပုံပေါ်ဖြစ်တည်လာ၏။ ဤတစ်ကြိမ်တွင်တော့ စုမင်သည် ဟန်တောင်တန်းခေါင်းလောင်းအား ခုခံကာကွယ်ရေးအတွက် အသုံးမပြုပဲ ၎င်း၏ အသန်မာဆုံးစွမ်းအားဖြစ်သော… ဆဌမဦးခေါင်း၏ စွမ်းရည်ကို ချက်ချင်းဆင့်ခေါ်လိုက်လေသည်။
အပြင်ဘက်တွင်ရှိစဥ်က ခေါင်းကိုးလုံးနဂါးကို ဆင့်ခေါ်လိုက်ချိန်တွင် အရိပ်ဖြူများမှာ စူးစူးဝါးဝါး အော်ဟစ်လျက် နောက်ဆုတ်သွားခဲ့ခြင်းကိုသာ သူမမြင်ခဲ့လျှင်၊ ဟိုးယခင်အချိန်က ခေါင်းကိုးလုံးနဂါးကို တွေ့ချိန်တွင် မြွေငယ်လေး၏ သတိကြီးကြီးထားသော အမူအယာနှင့် ၎င်း၏ ကမ္ဘာမကြေရန်သူအားတွေ့သလို ဟိန်းဟောက်ခဲ့ခြင်းတို့ကိုသာ မြင်ဖူးမထားခဲ့လျှင် စုမင်စိတ်ထဲ၌ ထိုမျှ အထင်ကြီးမိခဲ့မည် မဟုတ်ပေ။ ထိုအရာများသာ မဖြစ်ခဲ့ဖူးပါက ဤမီးတောက်နဂါး၏ အလောင်းထဲသို့ ဝင်လာခဲ့ပြီးလျှင် ၎င်း၏ စိတ်ဆန္ဒနှင့် မည်သို့တိုက်ခိုက်ရမည်မှန်း စုမင်အတွက် စဥ်းစားမရဖြစ်နေဦးမှာ ဖြစ်သည်။
“ခေါင်းကိုးလုံး နဂါး၊ တောင်ပိုင်းဧကရာဇ်၊ အကြွင်းမဲ့”
ဟန်တောင်တန်းခေါင်းလောင်း ပေါ်လာပြီးနောက် စုမင်၏ လက်ဟန်သင်္ကေတများ ပြုလုပ်ခြင်းမှာလည်း ပြီးဆုံးသွားပြီး အရှေ့သို့ ညွှန်ပြလိုက်သည်။ စုမင်သည် ပါးစပ်မှသွေးများကိုပင် သုတ်မနေတော့ပဲ ထိုစကားလုံးများကို ရေရွတ်လိုက်သည်နှင့် ဟန်တောင်တန်းခေါင်းလောင်းထံမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ထိုဟိန်းဟောက်သံ ပေါ်လာသည်နှင့် မြွေနဂါး၏ မျက်နှာထက်တွင်လည်း သတိကြီးကြီးထားသော အမူအယာမျိုး ပေါ်လာပြီး အဆက်မပြတ် စတင်ဟိန်းဟောက်လိုက်၏။ ၎င်း၏ ယခုလက်ရှိပုံစံသည် အတိတ်အချိန်က ခေါင်းကိုးလုံးနဂါးအား တွေ့ချိန်တွင် မြွေငယ်လေးသည် ၎င်း၏ အကြီးမားဆုံး ရန်သူတော်ကြီးနှင့် တွေ့သလို ပြုမူခဲ့သောပုံစံနှင့် တစ်ထေရာတည်းပင်ဖြစ်သည်။
“ဒီအရာကို ငါအပြင်ဘက်မှာ သုံးတုန်းကတည်းက မင်း အာရုံခံမိခဲ့မှာပေါ့။ ငါ့ကို တားဆီးဖို့ မင်းလုပ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့တယ်။ မင်းရဲ့ အလောင်းထဲကို ဝင်လာချိန်မှာတော့ ငါ့ကို သတ်ဖို့တောင်ကြိုးစားခဲ့တယ်။ အဲဒါတွေအားလုံး လုပ်ခဲ့တာက မင်း အားနည်းနေပြီမို့လို့ပဲ။ ငါကတော့ မင်းကို မတိုက်ခိုက်နိုင်လောက်ပေမယ့် ငါ့ဆီမှာ မင်းကြောက်မယ့် သတ္တဝါတစ်ကောင် ရှိနေသေးတယ်”
“သူနဲ့ တွေ့လိုက်ပါဦး”
စုမင်၏ စကားဆုံးသည်နှင့် ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ ဟိန်းဟောက်သံများမှာ ပိုမိုကျယ်လောင်လာသည်။ ထို့နောက် တစ်ချိန်တည်းမှာပင် ဟန်တောင်တန်းခေါင်းလောင်းအထက်၌ ဧရာမ ခေါင်းကိုးလုံးသားရဲကြီးတစ်ကောင် ဖြစ်တည်လာခဲ့၏။ ၎င်း၏ ဦးခေါင်းခြောက်လုံးသည် မြွေနဂါးအား တစ်ပြိုင်တည်းလိုလို ဟိန်းဟောက်လိုက်ပြီး အိပ်မောကျနေဆဲဖြစ်သော ကျန်ဦးခေါင်းသုံးလုံးမှာလည်း စတင်တုန်ခါလာခဲ့သည်။
ခေါင်းကိုးလုံးနဂါး၏ အမူအယာနှင့် အကြည့်များထဲတွင်လည်း ၎င်း၏ ကမ္ဘာမကြေရန်သူအား တွေ့လိုက်ရသလို သတိထားမှုနှင့် မုန်းတီးမှု အရိပ်အယောင်များ ရှိနေခဲ့၏။
“မီးတောက်နဂါးနဲ့… ခေါင်းကိုးလုံးနဂါး…”
ထိုစကားလုံးများကို ရေရွတ်ရင်း စုမင်မျက်လုံးများမှာ တောက်ပသွားတော့သည်။