← Chapters

ကောင်းကင်နှင့် မြေကြီး၊ ရေခဲနှင့် မီး

Vol. 34 Ch. 465

ကောင်းကင်နှင့် မြေကြီး၊ ရေခဲနှင့် မီး

Vol. 34 Ch. 465

“ခေါင်းကိုးလုံးနဂါး” အိုမင်းသော အမျိုးသမီးအသံက လေထုထဲတွင် ခပ်တိုးတိုး ပျံ့လွင့်လာသည်။ “လောကမှာ ကောင်းကင်ရှိနေတာတောင် မြေပြင်ဆိုတာ ဘာလို့ပေါ်လာရသေးလဲလို့ ကောင်းကင်ဘုံ အရှင်သခင်ဆီမှာ ငါအမြဲမေးချင်နေခဲ့တာ…”

“လောကမှာ မီးရှိနေပြီပဲ၊ ဘာလို့များ ရေခဲဆိုတာ ထပ်ပေါ်လာရသေးတာလဲ…”

“လောကမှာ ငါတို့ မီးတောက်နဂါးတွေ ရှိနေခဲ့ပြီးတာတောင်မှ… ဘာကြောင့်များ ခေါင်းကိုးလုံးနဂါးတွေ မွေးဖွားလာရလဲလို့ ငါကောင်းကင်ဘုံကို အမြဲမေးချင်နေခဲ့တာ။ ငါ့ဘဝတစ်လျှောက်လုံး ရှာဖွေခဲ့ပေမယ့် အဲဒီရဲ့အဖြေကို ရှာမတွေ့နိုင်ခဲ့ဘူး…”

“ရေခဲနဲ့မှးကို အတူရောနှောလိုက်တဲ့အခါ ဖြစ်ပေါ်လာတာက ဆူပွက်နေတဲ့ရေနဲ့ အေးခဲသွားတဲ့ မီးတောက်ပဲ။ ရေခဲလည်းမဟုတ်၊ မီးလည်းမဟုတ်တော့တဲ့ ဖြစ်တည်မှုတစ်ခု၊ အရှိန်အဝါတစ်ခု…”

“ကောင်းကင်နဲ့ မြေကြီးကို ပေါင်းစည်းလိုက်တဲ့အခါ ပေါ်လာတာက မီးခိုးရောင် ကောင်းကင်တစ်ပိုင်း၊ ပျက်စီးနေတဲ့ ဟင်းလင်းပြင်တစ်ခုနဲ့ ကမ္ဘာတစ်ခုရဲ့ စွမ်းအားတဲ့လေ”

“ခေါင်းကိုးလုံးနဂါးနဲ့ မီးတောက်နဂါးကိုသာ ပေါင်းစည်းလိုက်မယ်ဆိုရင်ရော ဘာများဖြစ်ပေါ်လာလိမ့်မှာပါလိမ့်… အဲဒါက ဘာများဖြစ်လိမ့်မလဲ… ဘာများလဲ… ဘာများလဲလို့…” အဆုံးတွင် ထိုအသံသည် စိတ်လွတ်သွားဟန်ဖြင့် သူမ၏ အော်ဟစ်သံများက ဧရိယာတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

မြွေနဂါး၏ ဟိန်းဟောက်သံများကလည်း တစ်ပြိုင်တည်းလိုလို ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် ရူးသွပ်သွားဟန်ဖြင့် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ခုနှင့်အတူ ခေါင်းကိုးလုံးနဂါးထံ ဦးတည်ပြေးဝင်သွားခဲ့သည်။ ခေါင်းကိုးလုံးနဂါး၏ ဦးခေါင်းခြောက်လုံးသည်လည်း စုမင်ပင် ထိန်းချုပ်နေစရာမလိုပဲ မြွေနဂါးထံ ပြေးဝင်သွား၏။

ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ မီးတောက်နဂါးမှာ သေဆုံးနေခဲ့ပြီဖြစ်ပြီး ဤမြွေနဂါးကိုလည်း ၎င်း၏ ကြွင်းကျန်ရစ်သော စိတ်ဆန္ဒဖြင့် ခက်ခက်ခဲခဲ ဖွဲ့စည်းထားရခြင်းဖြစ်သည်။ ထို့ကြောင့် ဤမီးတောက်နဂါးနှင့် ၎င်း၏ မူလခန္ဓာကိုယ်အကြား ကွာဟချက်မှာ မိုးနှင့်မြေပမာပင်...

အလားတူပင် စုမင်၏ ခေါင်းကိုးလုံးနဂါးမှာလည်း ရုပ်ကိုယ်ထည်မရှိသော စိတ်ဝိညာဥ်တစ်ခုသာ ဖြစ်နေ၏။ ၎င်းသည် ဟန်တောင်တန်းခေါင်းလောင်း၏ အကြောမျှင်စိတ်ဝိညာဥ်အဖြစ် နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေခဲ့၏။ ၎င်းတွင်လည်း နိုးထနေသော ဦးခေါင်းမှာ ခြောက်လုံးသာရှိသေးသဖြင့် ၎င်း၏ခွန်အားက အသက်ရှိစဥ်ကနှင့် များစွာကွာခြားသွားခဲ့ချေပြီ။

ထိုသို့ဖြင့် မီးတောက်နဂါးနှင့် စုမင်၏ ခေါင်းကိုးလုံးနဂါးတို့မှာ တစ်ကောင်နှင့်တစ်ကောင် လက်ရည်တူသွားကြတော့သည်။ အချင်းချင်း ကမ္ဘာမကြေရန်သူများအဖြစ် သတ်မှတ်ထားသော အစွမ်းထက်သားရဲကြီး နှစ်ကောင်ကြားရှိ ပြင်းထန်သောတိုက်ပွဲက စတင်ခဲ့လေပြီ…

စုမင်၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်အချို့ ရှိနေခဲ့သည်။ ထိုရှုပ်ထွေးမှုသည် မီးတောက်နဂါး ရေရွတ်လိုက်သော စကားများကြောင့် ဖြစ်၏။ ၎င်း၏စကားလုံးများသည် သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး စုမင်အား တစ်စုံတစ်ရာ နားလည်သဘောပေါက်သွားသလို ခံစားလိုက်ရစေသော်လည်း သေချာပြန်တွေးကြည့်ချိန်တွင် ဘာတစ်ခုမျှ သူနားလည်မနေခဲ့ပါချေ။

‘ရေခဲနဲ့ မီးကြားက ပေါင်းစည်းမှု… ကောင်းကင်နဲ့ မြေပြင်ရဲ့ ပေါင်းစည်းမှု…’

ဤခံစားချက်သည် နဝမတောင်ထွတ်တွင် ရှိခဲ့စဥ်က ထျန်းရှဲ့ကျီနှင့် စကားပြောပြီးနောက် သူ့လှိုဏ်ဂူအပြင်ရှိ စင်မြင့်ထက်တွင် အချိန်အကြာကြီး ထိုင်နေခဲ့စဥ်ကလို ခံစားချက်မျိုးပင်ဖြစ်သည်။ ထိုစကားလုံးများကို နားလည်ရန် သူလပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း အဆုံးတွင်တော့ ထိုဥာဏ်အလင်းပွင့်မှုမှတစ်ဆင့် သူ၏ ကိုယ်ပိုင်ဖန်တီးမှုကို ရရှိနိုင်ခဲ့၏။

သူ့စိတ်ကိုရှင်းနိုင်မည့် ကိုယ်ပိုင်နည်းလမ်းကို နားလည်သွားခဲ့ပြီးနောက် ထိုမျဥ်းကြောင်းကို ဆွဲသားကာ သူ၏ ပထမဆုံးသော ‘မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း’ တိုက်ကွက်ကို ထုတ်ဖော်မိခဲ့ချိန်တွင် အလားတူ ရှုပ်ထွေးမှုမျိုး ပေါ်လာခဲ့ဖူး၏။

ယခုအချိန်တွင်လည်း စုမင်မျက်လုံးများအတွင်းရှိ စိတ်ရှုပ်ထွေးနေဟန် အရိပ်အယောင်မှာ ပိုမိုအားကောင်းလာသည်။ မီးတောက်နဂါး၏ စကားလုံးများက သူ့ခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ထိုစကားလုံးများကိုသာ နားလည်သွားလျှင် စိတ်ကူးကြည့်၍ပင် မရနိုင်သော စွမ်းအားများကို ထိန်းချုပ်နိုင်လာလိမ့်မည်ဟု စုမင်ပြင်းပြင်းပျပျ ခံစားမိနေ၏။

သို့သော်လည်း ယခုအချိန်တွင်တော့ သူ့လျှာသူပြန်ကိုက်၍ အတွေးများကို ပြန်လည်ထိန်းချုပ်ထားရန်သာ တတ်နိုင်လိုက်သည်။ ဤဥာဏ်အလင်းပွင့်မှုသည် အဖိုးတန်သော်လည်း ယခုက အချိန်ကောင်း မဟုတ်သေးပေ။ သူသာ ယခုလို ဆက်တွေးနေမည်ဆိုလျှင် သေချာပေါက် သေသွားပေလိမ့်မည်။

ထို့ကြောင့်ပင် အနည်းငယ် နှမြောစရာကောင်းသည်ဟု ခံစားရသော်လည်း ထိုစကားလုံးများအတွင်း ပိုမိုနစ်မွန်းမသွားမီ ချက်ချင်းပြန်လည်နိုးထရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်ရခြင်း ဖြစ်သည်။ သတိပြန်ဝင်လာသည်နှင့် ထိတ်လန့်ဖွယ် ပေါက်ကွဲသံတစ်ချက်က သူ့နားထဲသို့ တိုးဝင်လာသည်။ မြွေနဂါးနှင့် ခေါင်းကိုးလုံးနဂါးတို့သည် လေထဲတွင် တိုက်ခိုက်နေကြပြီး ထိုရန်သူတော်နှစ်ဦးကြားရှိ တိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေသို့ပင် ရောက်ရှိနေခဲ့ချေပြီ။

စုမင်မျက်လုံးများက တောက်ပသွားပြီး အရှေ့သို့ တစ်ချက်ခုန်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် တိုက်ခိုက်နေသော နဂါးနှစ်ကောင်ကိုပတ်ကာ လေထဲတွင်လွင့်မျောနေသော အသားစိုင်ကြီးထံ ဦးတည်သွားလိုက်၏။

အသားစိုင်အတွင်းရှိ လှပသော အမျိုးသမီးမျက်နှာထက်တွင် မည်သည့်အပြောင်းအလဲမှ မရှိသေးချေ။ မြွေငယ်လေး၏ ခန္ဓာကိုယ်မှ အဖြူရောင် အခိုးအငွေ့အမျှင်တန်းများ တိုးထွက်နေဆဲဖြစ်ပြီး ထိုအမျိုးသမီး၏ နံဖူးအလယ်ရှိ အမှတ်အသားအတွင်းသို့ စုပ်ယူခံနေရသည်။

စုမင်မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ထင်ဟပ်လာသည်။ သူ ရှေ့တစ်လှမ်းတိုးကာ အသားစိုင်ကြီးအနီးသို့ ချဥ်းကပ်သွားသည်နှင့် ၎င်းမှာ ပြင်းပြင်းထန်ထန် တွန့်လိမ်လှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာပင် မီးတောက်နဂါး၏ အိုမင်းသောအသံသည်လည်း ညင်သာစွာ ထွက်ပေါ်လာခဲ့၏။

“ငါမင်းကို အသက်ရှည်ရှည် နေခွင့်ပေးနိုင်တယ်။ မင်းကို ငါ့လိုဖြစ်လာအောင် လုပ်ပေးလို့ရတယ်။ ကောင်းကင်နဲ့ မြေပြင် ပြိုလဲပျက်စီးသွားရင်တောင် မင်းကတော့ မပျက်စီးနိုင်တာမျိုး… ကောင်းကင်ကြီး ပြိုကျလာရင်တောင် မသေနိုင်တဲ့ ဘဝမျိုး… မင်း မလိုချင်ဘူးလား”

“ငါမင်းကို အဆုံးမရှိတဲ့ စွမ်းအားတွေ ပေးစွမ်းနိုင်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း ငါ့ခန္ဓာကိုယ်အတိုင်း မာကြောကြံ့ခိုင်လာအောင် လုပ်ပေးနိုင်တယ်။ လောကရဲ့ စည်းမျဥ်းတွေကို ချိုးဖျက်ပြီး ပိုကြီးမားတဲ့ လောကကြီးနဲ့ ကောင်းကင်က ကြယ်တာရာတွေကို မြင်တွေ့နိုင်တဲ့ အဆုံးမဲ့ ဗလာနယ်ဆီ ခြေချနိုင်အောင် လုပ်ပေးမယ်… အဲဒါကိုရော မလိုချင်ဘူးလား”

“မင်းရဲ့ စိတ်ဝိညာဥ်ကို ထာဝရရှင်သန်နိုင်အောင် လုပ်ပေးနိုင်တယ်။ မင်းဟာ ကောင်းကင်အောက်က အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာပြီး  မင်းကို တွေ့သမျှသူတိုင်းက မျက်လွှာကိုချလို့ ကိုးကွယ်ကြလိမ့်မယ်… မင်း မလိုချင်ဘူးလား”

“ငါမင်းကို ကမ္ဘာတစ်ခုရဲ့ စွမ်းအားကို ထိန်းချုပ်တတ်အောင်လည်း လုပ်ပေးနိုင်တယ်။ မင်းက အသန်မာဆုံး စစ်သည်တော်ဖြစ်လာပြီး မင်းစိတ်ကြိုက် အလိုရှိရာကို လုပ်ဆောင်နိုင်လိမ့်မယ်… ဒါဆိုရင်ရော”

“လျှို့ဝှက်ဆန်းကြယ်မှုတွေ အားလုံးကို ထိုးထွင်းသိနိုင်တဲ့ စွမ်းအားမျိုးလည်း ပေးစွမ်းနိုင်တယ်။ ကောင်းကင်ပြာရဲ့ အလွန်မှာ ဘာရှိတယ်ဆိုတာ နားလည်အောင် လုပ်ပေးနိုင်သလို မြေပြင်လွှာရဲ့ အောက်မှာ ရှိနေတာကိုလည်း မြင်အောင်လုပ်ပေးနိုင်တယ်။ မင်းဘဝဟာ မင်းလက်ထဲမှာ ရှိနေမှာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ မထိန်းချုပ်နိုင်စေရဘူး… မင်း အဲဒီလို မဖြစ်ချင်ဘူးလား” ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် စုမင်ခြေလှမ်းများက ခဏမျှ တွန့်ဆုတ်ရပ်တန့်သွားခဲ့၏။

“မင်းမှာ အိပ်မက်တွေ၊ လိုအင်ဆန္ဒတွေ ရှိမှာပေါ့။ ငါ မင်းရဲ့ ဆုတောင်းတွေ အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်တယ်။ အဲဒီ အိပ်မက်တွေ၊ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနိုင်တဲ့ စွမ်းအားမျိုး မင်းပိုင်ဆိုင်လာအောင်လည်း လုပ်ပေးနိုင်တယ်။ မင်းရဲ့ အိပ်မက်ကို မင်းရှာဖွေနိုင်မယ်။ မင်းရဲ့ အမြင်အာရုံကို ဖုံးကာထားတဲ့ ကောင်းကင်လွှာကို ဆုတ်ဖြဲပစ်နိုင်ပြီး မင်းကံကြမ္မာကို မင်းကိုယ်တိုင် ထိန်းချုပ်နိုင်လာလိမ့်မယ်။ မင်း… မင်းအရှေ့မှာ ရှိတဲ့ ရန်သူတိုင်းကို နင်းချေပစ်နိုင်လိမ့်မယ်…”

“အဲဒီလိုဖြစ်အောင် ငါလုပ်ပေးနိုင်တယ်။ ငါ့ကို ယုံလိုက်ပါ… ငါတစ်ကယ်ကို လုပ်ပေးနိုင်တယ်။ ငါက မီးတောက်နဂါးပဲ။ ငါက မီးတောက်နဂါးတွေ အားလုံးထဲမှာတောင် အသန်မာဆုံးပဲ… ငါ အသက်ရှိစဥ်က တစ်ရာသော ကမ္ဘာတွေကို ချက်ချင်း အမှောင်ကျသွားအောင် လုပ်နိုင်ခဲ့တယ်။ အသက်ဝိညာဥ် သန်းပေါင်းတစ်ရာမက ဝါးမြိုခဲ့ဖူးတယ်…”

“ငါသာ ပြန်နိုးလာသရွေ့၊ ငါသာ ပြန်ရှင်သန်လာနိုင်သရွေ့… ငါတို့မျိုးနွယ်စုရဲ့ ကတိသစ္စာကို တိုင်တည်ပြီး ကျိန်ဆိုနိုင်တယ်။ ငါ အခုပြောလိုက်တာ အားလုံးကို ကျိန်းသေပေါက် လုပ်ပေးမှာပါ… မင်းသာ… ငါတို့မျိုးနွယ်ရဲ့ ရိုးရာကို မနှောင့်ယှက်သရွေ့… မင်းသာ… အခု နောက်ပြန်ဆုတ်ပြီး အနားကို ထပ်ကပ်မလာသရွေ့… ငါ သေချာပေါက် ဖြည့်ဆည်းပေးမယ်”

“မင်း သဘောတူတယ်ဆိုရင်၊ ငါ့ကတိကို တည်ပါ့မယ်”

စုမင် ခေါင်းထဲတွင် ဝုန်းခနဲမြည်ဟည်းသွားသည်။ ထိုအမျိုးသမီးမျက်နှာအား စိုက်ကြည့်နေမိရင်း သူ၏ အသက်ရှူသံများမှာလည်း တစ်ဖြည်းဖြည်း လျင်မြန်လာခဲ့သည်။ သူမ စကားလုံးများမှာ လိမ်နေခြင်းမဟုတ်ကြောင်း သံသယဝင်စရာမလိုပေ။

ထာဝရအသက်နှင့် ထာဝရရှင်သန်ခြင်း စိတ်ဝိညာဥ်တို့ကို သူဂရုမစိုက်ပေ။ ကောင်းကင်ပြာအထက်တွင် ရှိနေသောအရာကိုလည်း ဂရုမစိုက်သော်ငြား သူ့ကံကြမ္မာသူ ထိန်းချုပ်ခွင့် ရမည့်အရေးကိုတော့ သူအမှန်တစ်ကယ် ဂရုစိုက်ပေသည်။ သူ့မျက်လုံးများအား ဖုံးကာထားသော မြူလွှာများကို ဆုတ်ဖြဲပစ်နိုင်မည့် အခွင့်အရေးကိုလည်း သူဂရုစိုက်ပေသည်။ နက်မှောင်တောင် အကြောင်း ရှာဖွေချင်သလို ‘ကံကြမ္မာ’ ဟူသော အမည်နာမ၏ နောက်မှ စစ်မှန်သောဇာစ်မြစ်ကိုလည်း သိချင်မိ၏။

ဤအရာအားလုံးက သူ၏ လိုအင်ဆန္ဒများဖြစ်ပြီး အိပ်ပျော်နေစဥ်မှာပင် အိပ်မက်မက်မိသည်အထိ သူ ပြင်းပြင်းပြပြ တောင့်တမိသော အရာများလည်းဖြစ်သည်။

“မင်း ငါ့ကို မယုံရင်၊ ငါမင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုနိုင်တယ်။ ဒါပေမယ့် လုပ်ရမယ့် လုပ်ငန်းစဥ်ကတော့ နှစ်ပိုင်းရှိတယ်။ ပထမတစ်ပိုင်းက ဒီတိုင်းကန်ဦးအဆင့်တစ်ခုပဲ။ ငါတို့ သဘောတူထားတဲ့အတိုင်း သွားမယ်ဆိုရင် ငါ ပြန်လည်ရှင်သန်လာတာနဲ့ ဒုတိယအဆင့်ကို ပြီးမြောက်နိုင်ပြီ… ငါ ကတိပေးထားတာတွေ အားလုံးကို ကျိန်းသေပေါက် ဖြည့်ဆည်းပေးမှာပါ။ မင်းအတွက် ဆုံးရှုံးလိုက်ရမှာဆိုလို့ ဒီသန့်စင်တဲ့ သွေးမျိုးဆက်တောင် ပိုင်ဆိုင်မထားတဲ့ အကောင်ပေါက်အရွယ် မြွေလေးတစ်ကောင်ပါပဲ။ ဒါပေမယ့် သူ့အစား ငါ့ကိုပြန်ရလာလိမ့်မယ်”

စုမင် အချိန်အတော်ကြာ ငြိမ်သက်နေမိပြီး ခေါင်းခါယမ်းလိုက်မိ၏။

“ငါ မင်းကို မယုံဘူး” ထိုစကားတို့ကို ပြောပြီးသည်နှင့် အသားစိုင်အတွင်းရှိ အမျိုးသမီးဦးခေါင်းထံသို့ စုမင်ဦးတည်လိုက်ချေသည်။

“ဘာလို့ ငါ့ကို မယုံတာလဲ။ ငါပြောခဲ့သမျှ အားလုံးက အမှန်တွေပဲ။ ငါသာ ပြန်ရှင်သန်လာသရွေ့ ကျိန်းသေပေါက် ဖြည့်ဆည်းပေးမှာပဲ။ မင်းက ငါနဲ့ ကတိသစ္စာဆိုဖူးတဲ့ ပထမဆုံးလူတောင် မဟုတ်ဘူး။ မင်းအရင်က ငါ့ကတိကို လက်ခံရခဲ့တဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့နာမည်ကိုတော့ မမှတ်မိတော့ပေမယ့် သူ့သွေးမျိုးဆက်ဆီကရတဲ့ ခံစားချက်ကတော့ မင်းနဲ့တူတူပဲ”

“သူက သူ့ကိုယ်သူ… တတိယ မာန်နတ်ဘုရားလို့ ခေါ်တယ်”

ထိုအချိန်တွင် စုမင်ထံ၌ ဖြစ်ပျက်နေသမျှ မြင်ကွင်းများက မြူခိုးထုထဲတွင်ရှိနေသော ကံကြမ္မာအဆောင်ကို အသုံးပြုထားသည့် အနက်ရောင်ဝတ်စုံဖြင့် အဘိုးအို၏ မျက်လုံးထဲ၌ ပေါ်နေ၏။

ထိုအဘိုးအိုသည် ထူးခြားသောနည်းလမ်းတစ်မျိုးဖြင့် မီးတောက်နဂါး၏ အလောင်းအတွင်းသို့ စုမင်ဝင်ရောက်သွားပြီး နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပျက်နေသော အရာများကိုပင် မြင်နိုင်နေခြင်းဖြစ်သည်။

အဘိုးအို၏ မျက်လုံးတို့မှာ တောက်ပသွားပြီး နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာခဲ့သည်။

‘မီးတောက်နဂါးရဲ့ ကျန်ရှိနေသေးတဲ့ စိတ်ဆန္ဒလား… သူက သန်မာကောင်း သန်မာလိမ့်မယ်။ ဒါပေမယ့် အခုတော့ သူ့မျိုးဆက်ကို ဝါးမြိုဖို့ကြိုးစားနေရင်း ‘ကံကြမ္မာ’ နဲ့လည်း ရင်ဆိုင်နေရတယ်… ငါ ဒါကို အသုံးချနိုင်မယ် ထင်တယ်’ အဘိုးအို၏ အပြုံးက ပိုမိုတောက်ပလာသည်။

‘ကံကြမ္မာဆီမှာ အဲဒီသွေးနဂါးနဲ့ ယင်ဝိညာဥ်အိုကြီး ရှိနေတယ်။ ငါ့အတွက် အရာအားလုံးကို အစီအစဥ်တကျ ပြန်ထားပြီး သူ့ကို သတ်မှတ်ထားပြီးသား လမ်းကြောင်းအတိုင်း လျှောက်ခိုင်းဖို့ဆိုတာ ခဲယဥ်းလိမ့်မယ်… သူ မီးတောက်နဂါးရဲ့ ကိုယ်ထဲမှာ ရှိနေတုန်းအချိန်ပဲ ငါ ကံကြမ္မာရဲ့ သွေးနဂါးကို ရှောင်ရှားနိုင်မှာ။ ဒါပေမယ့် ငါကလည်း မီးတောက်နဂါးရဲ့ ကိုယ်ထဲကို ဝင်လို့မရဘူး။ ကံကြမ္မာအဆောင်ကို သုံးပြီးတော့ပဲ သူ့ကိုကြည့်လို့ရတယ်…’ အဘိုးအိုသည် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး သူ့မျက်လုံးများအတွင်းရှိ စုမင်၏ပုံရိပ်က တွန့်လိမ်လှုပ်ရှားသွားသည်။

‘ဒါပေမယ့်… ငါ့စွမ်းအားကို ကံကြမ္မာအဆောင်ဆီ ပေးလိုက်မယ်ဆိုရင်တော့ နတ်ဘုရားစွမ်းရည်တစ်ချို့ကို သုံးနိုင်လိမ့်မယ်။ အဲဒီ နတ်ဘုရားစွမ်းရည်တွေက ကံကြမ္မာကို ပြန်အိပ်မောကျသွားအောင် လုပ်ဖို့ဆိုတဲ့ ငါ့ရဲ့ မူလအစီအစဥ်ကိုတော့ မပြီးမြောက်စေနိုင်ပေမယ့်… မီးတောက်နဂါးရဲ့ စိတ်ကို လှုံ့ဆော်ပြီး မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကို ဖွင့်လိုက်လို့ရတယ်။ အဲဒါက ကံကြမ္မာကို ပိတ်လှောင်ထားမယ့် လှောင်အိမ်တစ်ခု ဖြစ်လာလိမ့်မယ်’

‘သူ အဲဒီမှာ မနေချင်ရင်လည်း နေရမှာပဲ။ ဒါဆို ရလဒ်က ငါ့မူလ အစီအစဥ်လိုပဲ ဖြစ်သွားလိမ့်မယ်။ ပြီးရင် ငါလည်း သခင့်ရဲ့ ဒုတိယကိုယ်ပွား ရောက်လာသည်အထိ စောင့်ဖို့ အချိန်လုံလုံလောက်လောက် ရသွားလိမ့်မယ်’

‘အကုန်လုံးသာ အစီအစဥ်တကျ ဖြစ်သွားမယ်ဆိုရင် ငါအောင်မြင်မှု ကြီးကြီးမားမား ရနိုင်လိမ့်မယ်’

အဘိုးအိုသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ညာလက်ဖြင့် သူ့နံဖူးအလယ်ရှိ ကျောက်စိမ်းပြားကို ညွှန်ပြလိုက်သည်။ ကျောက်စိမ်းပြားမှာ တုန်ခါလာပြီး ထောင့်စွန်းနေရာများမှ အနက်ရောင် အမျှင်လုံးလေးများ တိုးထွက်လာသည်။ ထိုအနက်ရောင်အမျှင်များသည် အလျင်အမြန်ပင် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးအို၏ မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်သွားသည်။ အထူးသဖြင့် မျက်လုံးထောင့်နေရာများ၌ ထိုအနက်ရောင်အမျှင်များက ပိုမိုများပြားစွာရှိနေ၏။ ၎င်းတို့သည် ဆက်လက်ပျံ့နှံ့နေရင်းမှပင် အဘိုးအို မျက်လုံးများအတွင်းသို့လည်း တိုးဝင်သွားကြသည်။

၎င်းတို့သည် မျက်လုံးအတွင်းရှိ ဆံခြည်မျှင်သွေးကြောများနေရာတွင် အစားထိုးသွားပြီး အဘိုးအို၏ မျက်ဆံများကို ဖုံးလွှမ်းသွားသည်။ မျက်ဝန်းများအတွင်းရှိ စုမင်၏ပုံရိပ်မှာလည်း များစွာမှေးမှိန်သွားပြီး တစ်ချိန်တည်းမှာပင် ကျောက်စိမ်းပြား၏ အရောင်မှာလည်း အလျင်အမြန်ပင် မှေးမှိန်ကျသွားခဲ့၏။ ကျောက်စိမ်းပြား၏ အရောင်မှာ အနက်ရောင်ပြောင်းသွားသည်နှင့် ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။ ၎င်းအမှုန့်ဖြစ်သွားသည်နှင့် အဘိုးအိုသည်လည်း ပါးစပ်ဟကာ လေတို့ကို မှုတ်ထုတ်လိုက်၏။

ထိုလေများသည် အပြင်ရောက်သည်နှင့် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

စုမင်ဘက်တွင်တော့ မီးတောက်နဂါးထံမှ တတိယမာန်နတ်ဘုရားအကြောင်း ကြားလိုက်ချိန်တွင် စုမင်၏ နှလုံးသားမှာ တုန်ယင်သွားခဲ့သော်လည်း သူ့ခြေလှမ်းများမှာမူ ရပ်တန့်မသွားခဲ့ချေ။ သူသည် အသားစိုင်အတွင်းသို့ တိုးဝင်လာပြီး ညာလက်သီးကို ဆုပ်လိုက်သည်နှင့် ကိုယ်တွင်းရှိ မာန်အရိုးခုနစ်ခုထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် မြွေငယ်လေးထံမှ အဖြူရောင်အငွေ့များကို စုပ်ယူနေသော အမျိုးသမီးဦးခေါင်းအား လက်သီးဖြင့် ထိုးနှက်တော့မည့် အချိန်မှာပင်…

ဧရာမအသားစိုင်ကြီး၏ စုမင်မမြင်နိုင်သော အစွန်းနား၌ လေပြင်းတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုလေပြင်းနှင့်အတူ အနက်ရောင် အခိုးအငွေ့လွှာတစ်ခု ပေါ်လာပြီး အသာအယာဝေ့ဝဲလျက် အသားစိုင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။ ဤအရာအားလုံးသည် တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး မျက်စိတစ်မှတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့လေသည်။

All Chapters