ဒသမမြောက် လ
Vol. 34 Ch. 466
မီးတောက်နဂါး၏ စကားများကို စုမင်လုံးလုံး မယုံကြည်ပေ။ သူယုံခဲ့လျှင်တောင် ကြီးကျယ်ခမ်းနားသော စွမ်းအားနှင့် ဥာဏ်အလင်းပွင့်မှုတို့အတွက် သူ၏ မြွေငယ်လေး ဝါးမြိုခံရမည့်အရေးအား ရပ်ကြည့်မနေနိုင်ပါချေ။
‘လူတစ်ယောက်က သူအသက်ရှင်နေတုန်းမှာ နောင်တကင်းကင်းနဲ့ ရှင်သန်ရမှာပဲ… ငါက ပိုသန်မာလာဖို့၊ ခွန်အားတွေအကြောင်း၊ ကံကြမ္မာဆိုတာကို ငါ့လက်နဲ့ ဆုတ်ဖြဲပစ်ဖို့အကြောင်း အိပ်မက်မက်တယ်။ ဒါပေမယ့်… ငါသာ ဒီနေ့ အဲဒီအရာတွေအတွက် မြွေငယ်လေးအပေါ် လက်လျှော့လိုက်မယ်ဆိုရင် မနက်ဖြန်မှာ ပိုပြင်းပြတဲ့ ဆန္ဒတွေအတွက် တစ်ခြားအရာတွေကို စွန့်လွှတ်လာလိမ့်ဦးမှာပဲ။ ငါသာ အဲဒီအရာတွေကို လက်လျှော့လိုက်ပြီဆိုရင် နောက်ထပ်လိုချင်တာတွေ ရှိလာတဲ့အခါ လက်လျှော့မိမှာက နက်မှောင်တောင်၊ ငါ့ရဲ့ စံနှုန်းတွေနဲ့ ငါ့ရဲ့ မှတ်ဥာဏ်တွေ ဖြစ်လာလိမ့်မယ်…’
‘အရာရာကို လက်လျှော့လိုက်တဲ့အခါ အဲဒီအချိန်ကျ ငါဟာ ငါလို့ရောခေါ်လို့ရပါဦးမလား… ငါ ပိုပြီးသန်မာလာချင်တယ်၊ အစွမ်းထက်ချင်တယ်။ အဲဒါတွေအားလုံးရဲ့ အခြေခံက ဘယ်အရာကိုမှ လက်လျှော့လိုက်လို့ မဖြစ်တာပဲ’
‘ငါ့နှလုံးသားရဲ့ စေရာအတိုင်းပဲ ငါလုပ်မယ်။ ငါဟာ လူသတ်မိစ္ဆာတစ်ကောင် ဖြစ်လာရင်တောင်၊ ငါ့လက်တွေမှာ သွေးစွန်းခဲ့ရင်တောင်၊ ငါချလိုက်တဲ့ ဆုံးဖြတ်ချက်တွေအတွက် ရှက်ရွံ့နေမှာမဟုတ်ဘူး’ စုမင် စိတ်ထဲမှ ရေရွတ်လိုက်၏။
သူသည် နက်မှောင်တောင်အကြောင်း အစဥ်တစိုက်ရှာဖွေနေခဲ့သည်။ ထိုသို့ အပြန်လမ်းအား ရှာဖွေနေရင်းမှာပင် နက်မှောင်တောင်သို့ ပြန်ရန်လက်လျှော့လိုက်မည်ဆိုလျှင် ဤသည်က သူ့စိတ်ဝိညာဥ်ကို ဆုံးရှုံးလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။
သူ့မှတ်ဥာဏ်များ၏ တစ်စိတ်တစ်ပိုင်းမှာလည်း နိုးထလာခဲ့ပြီဖြစ်သည်။ ထိုကောင်မလေး၏ ခေါ်သံတိုးတိုးမှာ ရံဖန်ရံခါဆိုသလို သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ သူလိုချင်သော တစ်စုံတစ်ရာအတွက် သူ့အားခေါ်နေသော ထိုအသံကို လက်လျှော့ရမည့် ဆုံးဖြတ်ချက်မျိုး ချရတော့မည်ဆိုပါက သူမည်သို့ လုပ်ရပါမည်နည်း…
လောကတွင် အချို့အရာများသည် တစ်ကြိမ်ဖြစ်ဖူးသွားသည်နှင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆိုတာမျိုးလည်း ရှိလာမှာဖြစ်သည်။
စုမင်၏ လက်သီးချက်မှာ ရပ်တန့်အားပျော့သွားခြင်း မရှိပေ။ အမျိုးသမီး ဦးခေါင်းနှင့် လက်သီးထိတော့မည့် အချိန်တွင် ထိုလှပသောဦးခေါင်းအနီး၌ ပုံရိပ်ယောင်လှိုင်းများ ရုတ်ခြည်းဖြစ်ပေါ်လာသည်။ ထို့နောက် တစ်ဆက်တည်းလိုလိုပင် အသားစိုင်ကြီးအတွင်းမှ တခစ်ခစ်ရယ်မောသံတစ်ခု ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။
ဦးခေါင်းပေါ်သို့ စုမင်၏ လက်သီးချက်ကျသွားသည်နှင့် ပုံရိပ်ယောင်လှိုင်းများမှာ ဝေဝါးသွားပြီး သူ့မျက်စိရှေ့မှာပင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
သိသိသာသာကိုပင် ထိုဦးခေါင်းမှာ မီးတောက်နဂါး၏ အစစ်အမှန်ကိုယ်ထည်မဟုတ်ပဲ ပုံရိပ်ယောင်တစ်ခု ဖြစ်နေလေသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ စုမင်၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားရန်ဖြစ်ပြီး မြွေငယ်လေးအား ဝါးမြိုရမည့် အချိန်ပိုရစေရန်သာ ဖြစ်သည်။
သို့သော်ငြားလည်း စုမင်၏ လုပ်ရပ်များမှာ ထိုမျှပြတ်သားနေလိမ့်မည်ဟုတော့ မီးတောက်နဂါး၏ စိတ်ဆန္ဒက ထင်မထားခဲ့ပါချေ။ စုမင်သည် များစွာ တွေဝေနေခြင်းမရှိပဲ တိုက်ခိုက်ခဲ့သဖြင့် မြွေငယ်လေးအား ဝါးမြိုနိုင်ရန်အချိန်က မလောက်တော့ပေ။
စုမင်၏ အမူအယာက ပုံမှန်အတိုင်းသာဖြစ်သည်။ ထိုဦးခေါင်းကြီး ရုတ်တရက် ပျောက်ကွယ်သွားမှုနှင့် ပက်သက်၍ သူ့မျက်နှာထက်တွင် ထိတ်လန့်အံ့အားသင့်မှု အရိပ်အယောင် အနည်းငယ်ပင် ရှိမနေချေ။ အရိုးသားဆုံးဆိုရလျှင် ထိုဦးခေါင်းနှင့် ပက်သက်၍ တစ်စုံတစ်ရာ လွဲမှားနေကြောင်း သူမြင်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ထို့ကြောင့်ပင် စုမင်သည် လက်သီးချက်နှင့်အတူ သူ၏ နတ်ဘုရားစိတ်အာရုံကိုပါ အပြင်သို့ တစ်ပါတည်း ဖြန့်ကျက်ထားခဲ့၏။ သူ့ကျောရိုးရှိ လျှပ်စီးမာန်အရိုးမှလည်း ပြင်းထန်သော လျှပ်စီးအလင်းတန်းတစ်ခု တိုးထွက်လာကာ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
စုမင်ကိုယ်ထဲတွင် အဆုံးမရှိသော လျှပ်စီးစွမ်းအင်များ ပေါက်ကွဲထွက်လာသလိုပင်… နတ်ဘုရားစိတ်အာရုံနှင့် လျှပ်စီးကြောင်းများသည် စုမင်ပတ်ပတ်လည်ရှိ အသားစိုင်ကြီးအတွင်းသို့ လှိုင်းလုံးကြီးတစ်လုံးအသွင် ရိုက်ခတ်ဝင်ရောက်သွားပြီး မီးတောက်နဂါး၏ စိတ်ဆန္ဒကို ရှာဖွေလိုက်သည်။
လေစွမ်းအင်မာန်အရိုးထံမှလည်း ပြင်းထန်သော လေစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ၎င်းက အချိန်နှင့်အမျှ ပိုမိုပြင်းထန်လာ၏။ စုမင်မျက်လုံးများက တောက်ပသွားပြီး လေမုန်တိုင်းသည် စုမင်အား ဗဟိုပြုလျက် ဧရိယာတစ်ခုလုံးကို ဝုန်းဒိုင်းကြဲ ဖြတ်သန်းတိုက်ခတ်သွားသည်။
ထိုအခိုက်အတန့်တွင် ဧရာမလက်ပေါင်းများစွာက အသားစိုင်ကြီးအား ဆွဲလှန်ပစ်လိုက်သလိုပင်။ မိုးခြိမ်းသံများ၊ လေပြင်းတိုက်ခတ်သံများနှင့်အတူ စုမင်ပတ်ပတ်လည်ရှိ အသားစိုင်ကြီးသည် လေပြင်းများအောက်၌ လွင့်စင်သွားပြီးနောက် လျှပ်စီးကြောင်းတို့၏ ဆုတ်ဖြဲခံလိုက်ရသော မီးခိုးလုံးတစ်ခုသဖွယ် စတင်လှုပ်ရှားလာသည်။
ထိုအချိန်မှာပင် အသားစိုင်ကြီးသည် မည်သို့မှန်းမသိ စတင်မည်းနက်လာခဲ့၏။ ၎င်းပုံစံက မင်အနက်ရောင်များဖြင့် အလျင်အမြန် ဆေးဆိုးခံလိုက်ရသလိုပင်…
စုမင်တွင်မူ ၎င်းကို ဂရုစိုက်နေရန် အချိန်မရှိပါချေ။ သူ၏ နတ်ဘုရားစိတ်အာရုံ၊ လျှပ်စီးကြောင်းများနှင့် လေမုန်တိုင်းတို့ကြောင့် အသားစိုင်ကြီးအတွင်းရှိ ထောင့်တစ်နေရာ၌ မြွေငယ်လေး၏ အရှိန်အဝါကို အာရုံခံလိုက်မိပြီဖြစ်သည်။
သူသည် တစ်ချက်ပင် တွေဝေမနေပဲ ထိုအရှိန်အဝါအား အာရုံခံလိုက်မိသောနေရာသို့ ချက်ချင်းဦးတည်လိုက်၏။ သို့သော် ထိုနေရာအနီးသို့ ချဥ်းကပ်သွားစဥ်မှာပင် ကျယ်လောင်စူးရှသော ဟိန်းဟောက်သံတစ်ခုက သူ့စိတ်ထဲသို့ တိုးဝင်လာသည်။
ထိုဟိန်းဟောက်သံသည် စုမင် အာရုံခံမိသောနေရာရှိ မြွေငယ်လေးအနီး၌ လွင့်မျောနေသော အမျိုးသမီးဦးခေါင်းထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုဦးခေါင်း၏ မျက်လုံးများမှာ ပိတ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ ပွင့်မလာသေးပါချေ။ သို့သော် သူမပါးစပ်မှ ဟိန်းဟောက်လိုက်သံသည် စုမင်စိတ်အား လှုပ်ခတ်သွားစေပြီး သူ့မျက်လုံးရှေ့တွင် ပုံရိပ်ယောင်တစ်ခုပင် ပေါ်လာခဲ့၏။
ထိုပုံရိပ်ယောင် အရှေ့တွင် စုမင်မှာ အလွန်သေးငယ်လှပြီး ပိုးမွှားလေးတစ်ကောင်အလားပင်။ သူ့အရှေ့တွင် ရှိနေသည်က မြို့ကြီးတစ်မြို့သဖွယ် အလွန်တရာကြီးမားသော မီးတောက်နဂါးကြီးတစ်ကောင်ဖြစ်ပြီး ၎င်း၏ အရွယ်အစားအား စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်ပါချေ။
ထိုမီးတောက်နဂါး၏ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သွေးဆာရက်စက်သော ကြုံးဝါးသံက ကောင်းကင်ထက်သို့တိုင် ရိုက်ခတ်သွားသည်။ ထိုမြင်ကွင်းသည် ကောင်းကင်ကြီးမှာ သက်ရှိအားလုံးကို ဖျက်စီးပစ်ရန် ပြိုကျလာသကဲ့သို့ပင်…
စုမင်စိတ်မှာ တုန်လှုပ်ချောက်ခြားသွားပြီး သူ့လျှာသူ အလျင်အမြန် ပြန်ကိုက်လိုက်ရ၏။ စူးရှသော နာကျင်မှုတစ်ခုသည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူ့အရှေ့ရှိ မီးတောက်နဂါး၏ ဧရာမခန္ဓာကိုယ်ကြီးပေါ်၌ ဝိုးတဝါး ပုံရိပ်ယောင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။
လှပသော အမျိုးသမီးဦးခေါင်းသည် ထိုပုံရိပ်ယောင်အတွင်း၌ ဖုံးကွယ်နေခြင်းဖြစ်သည်။ သူမမျက်လုံးများမှာ ပိတ်ထားသော်ငြား ပွင့်နေသော သူမပါးစပ်ထဲတွင် ချွန်ထက်သော အဆိပ်အစွယ်များ ရှိနေလေသည်။ သူမသည် လျှာနှစ်ခွကို ထုတ်ကာ တရွှီရွှီအော်မြည်လျက် စုမင်ထံသို့ ပြေးဝင်လာနေ၏။
သို့သော်လည်း ဤမီးတောက်နဂါး၏ စိတ်ဆန္ဒမှာ တစ်ချို့တစ်ဝက်မျှသာ ကြွင်းကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ထိုကျန်ရစ်သည်များမှာလည်း နှစ်ပေါင်းများစွာအတွင်း ဆုံးရှုံးခဲ့ရသေးသည်။ ယခုအချိန်တွင်လည်း ၎င်း၏ စိတ်ဆန္ဒအများစုကို ခေါင်းကိုးလုံးနဂါးနှင့် တိုက်ခိုက်ရန် အသုံးပြုထားရသေးသဖြင့် စုမင်သည် သတိပြန်ဝင်လာသည်နှင့် ထိုပုံရိပ်ယောင်ကို ချိုးဖျက်နိုင်ရန် သဲလွန်စများနှင့် ပုံရိပ်ယောင်အတွင်း ပုန်းကွယ်နေသော အမျိုးသမီးဦးခေါင်းတို့ကို မြင်လိုက်ရခြင်းဖြစ်သည်။
စုမင်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး ညာဘက်လက်ကို အလျင်အမြန်မြှောက်ကာ လှုပ်ရှားလိုက်သည်။ သူ၏ လျှပ်စီးမာန်အရိုးထံမှ များပြားလှသော လျှပ်စီးများ တိုးထွက်လာပြီး စုမင်အား လျှပ်စီးလွှာတစ်ခုက ဖုံးအုပ်သွားသလိုပင်… တစ်ချိန်တည်းမှာပင် မကြာသေးမီက အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ထားသော လျှပ်စီးကြောင်းများသည်လည်း သူ၏ ညာလက်ပေါ်သို့ ပြန်လည်စုဝေးရောက်ရှိလာကြပြီး စုမင်၏ ညာလက်အား လျှပ်စီးများဖုံးအုပ်သွားခဲ့သည်။
“လျှပ်စီးမာန်၊ ပထမတိုက်ကွက်” စုမင်၏ အော်ဟစ်ကြုံးဝါးသံက ထွက်ပေါ်လာသည်။ ဤတိုက်ကွက်သည် လျှပ်စီးမာန်စွမ်းအားရှင်များ၏ နတ်ဘုရားစွမ်းရည်ဖြစ်ပြီး လျှပ်စီးအမွေဆက်ခံခြင်း သလင်းကျောက်ကို အတင်းအကြပ် စုပ်ယူလိုက်စဥ်က ထိုတိုက်ကွက်ကို သူခံစားလိုက်မိခြင်းဖြစ်သည်။
စုမင်၏ အသံနှင့်အတူ သူ၏ ညာလက်အား ဖုံးအုပ်ထားသော လျှပ်စီးများက ပေါက်ကွဲထွက်လာကာ ရှည်လျားသော လျှပ်စီးဓားသွားကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုဓားသွားသည် ပေဒါဇင်ပေါင်းများစွာ ရှည်လျားပြီး အစွန်းများမှာ တွန့်ခေါက်ပုံပျက်နေ၏။ ထို့နောက် လေထုထဲတွင် မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး စုမင်သည် သူ့ထံပြေးဝင်လာနေသော ဦးခေါင်းဆီသို့ ထိုလျှပ်စီးဓားသွားကြီးကို လွှဲယမ်းခုတ်ချလိုက်တော့သည်။
သို့သော် ထိုအချိန်မှာပင် စုမင်၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားရသလို အမျိုးသမီး၏ မျက်နှာထက်တွင်လည်း အလားတူအမူအယာမျိုး ပေါ်လာခဲ့သည်။
မြွေငယ်လေး၏ အရှိန်အဝါအား အာရုံခံမိသောနေရာတွင် မြူခိုးနက်များ ရုတ်တရက်ပေါ်လာပြီး လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားကာ မြွေငယ်လေးအား ဖမ်းဆုပ်လိုက်သည်ကို စုမင်မြင်လိုက်ရခြင်း ဖြစ်သည်။
ဤအရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် စုမင်၏ လျှပ်စီးမာန်တိုက်ကွက်နှင့် အမျိုးသမီးဦးခေါင်းတို့မှာ ရပ်တန့်နိုင်စွမ်းမရှိပဲ တိုက်ခိုက်မိသွားကြ၏။
လေထဲတွင် တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ကျယ်လောင်သော ရယ်မောသံက ဧရိယာတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။ ထိုရယ်မောသံနှင့်အတူ အနက်ရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ဦးပေါ်လာပြီး သူ့လက်ထဲတွင်တော့ အိပ်မောကျနေသော မြွေငယ်လေးအား ဆုပ်ကိုင်ထားလေသည်။
“မင်းတို့ တစ်ယောက်ယောက်လှုပ်တာနဲ့ ငါဒီမြွေကို သေတဲ့အထိ ချေမွပစ်မယ်” စကားဆုံးသည်နှင့် အဘိုးအိုသည် လက်ကိုပိုအားထည့်လိုက်ရာ မြွေငယ်လေး၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လျက် တွန့်လိမ်လှုပ်ရှားလာခဲ့သည်။
အဘိုးအိုမှ မြွေငယ်လေးအား ဖြစ်ညှစ်လိုက်သော တစ်ခဏ၌ သူတို့ပတ်လည်ရှိ အရောင်ပြောင်းနေပြီဖြစ်သော အသားစိုင်ကြီးမှာ ချက်ချင်းဆိုသလို ခဲသွားခဲ့၏။ အမျိုးသမီး၏ ပါးစပ်မှလည်း ကျယ်လောင်စူးရှသော အော်မြည်သံတစ်ခု ပေါ်လာခဲ့သည်။
စုမင်၏ မျက်လုံးများမှာ အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။ ဤလူ၏ ထွက်ပေါ်လာမှုက ရုတ်တရက်ဆန်လွန်းလှပြီး သူနှင့် မီးတောက်နဂါးတို့ တိုက်ခိုက်နေချိန်တွင်မှ ပေါ်လာခဲ့ခြင်းဖြစ်သည်။ မည်သို့မှန်းမသိသော်လည်း စုမင်သည် ဤအဘိုးအိုနှင့် ပက်သက်၍ ထူးဆန်းသောခံစားချက်တစ်မျိုးကို ခံစားနေရ၏။ ထိုခံစားချက်မှာ သူ့စိတ်ထဲတွင် ဤအဘိုးအိုအား အလွန်မုန်းတီးရွံရှာနေပြီး သတ်ပစ်ချင်နေသော ခံစားချက်မျိုးဖြစ်သည်။
“ဒီခန္ဓာကိုယ်က ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံ တစ်စိတ်တစ်ပိုင်းပဲ။ ငါ ဒီနေရာမှာ သေသွားရင်တောင် ငါ့ခန္ဓာကိုယ်အပေါ် သိပ်သက်ရောက်မှုရှိမှာ မဟုတ်ဘူးနော်”
“ကံကြမ္မာ၊ မင်းက အရမ်းမြန်ပါတယ်။ ဒါပေမယ့် မင်းကို အလျင်စလိုမလုပ်ဖို့ အကြံပေးချင်တယ်။ မီးတောက်နဂါးကတော့ မင်းမှာ စိတ်ဆန္ဒက သိပ်မကျန်တော့ဘူးထင်တယ်။ မင်းတောင် မတိုက်ရသေးခင် ဒီမြွေကို သတ်ပစ်နိုင်လိမ့်မယ်လို့ ငါ့မှာ ယုံကြည်ချက်ရှိတယ်ဆိုတာ မင်းတို့ယုံလား”
အဘိုးအို၏ ပါးစပ်မှ ‘ကံကြမ္မာ’ ဟူသော စကားလုံးထွက်လာသည်နှင့် စုမင်မျက်လုံးတို့ ကျဥ်းမြောင်းသွားခဲ့၏။
ကျယ်လောင်စွာ အော်မြည်ဟိန်းဟောက်လိုက်ပြီးနောက် အမျိုးသမီးဦးခေါင်း၏ မေးမြန်းသံက ခြောက်ချားဖွယ် ထွက်ပေါ်လာသည်။ “မင်းရဲ့ တောင်းဆိုမှုကို ပြောလိုက်”
“မီးတောက်နဂါး၊ ငါတစ်ကယ်ကို မင်းနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ ငါက မင်း မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကို အသက်သွင်းပြီး သူ့ကို ပိတ်လှောင်ထားပေးစေချင်ရုံပါ။ ပြီးတာနဲ့ ဒီအရမ်းကို အရေးကြီးတဲ့ မြွေလေးကို ငါမင်းဆီ ချက်ချင်းပြန်ပေးပါ့မယ်”
အဘိုးအိုသည် ကောက်ကျစ်စွာပြုံးလိုက်ပြီး လက်ကို ပိုအားထည့်လိုက်ရာ မြွေငယ်လေး၏ ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် ပိုမိုတွန့်လိမ်လှုပ်ရှားလာ၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်နေသော အဖြူရောင်အငွေ့များမှာလည်း ပိုများလာကာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
အမျိုးသမီး၏ မျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခု ပေါ်လာခဲ့သည်။ သူမ၏ ကျန်ရှိနေသော စိတ်န္ဒဖြင့်ဆိုလျှင် ထာဝရလောကကိုသာ အသက်သွင်းလိုက်ပါက နက်ရှိုင်းစွာ အိပ်မောကျသွားလိမ့်မှာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ သူမ၏စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းသာ ပြန်လည်နိုးထလာနိုင်လိမ့်မှာ ဖြစ်သည်။
လုံးဝမလိုအပ်သေးသရွေ့ သူမ ထိုကျင့်စဥ်ကို ထုတ်မသုံးချင်ပေ။ သူမသာ နက်ရှိုင်းစွာ အိပ်မောကျသွားမည်ဆိုပါက ထိုမြွေကိုလည်း စုပ်ယူနိုင်တော့မှာ မဟုတ်ပဲ သူမ ပြန်လည်နိုးထလာမှသာ ထိုလုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မှာ ဖြစ်သည်။
“မင်းက လက်မလျှော့ပဲ အတင်းဝင်စွက်ဖက်ချင်နေတယ်ဆိုမှတော့… ထာဝရလောကကိုပဲ မင်းရဲ့ ကံတရားကို အဆုံးအဖြတ် ပေးခိုင်းရတော့မှာပေါ့။ ငါ့ရဲ့ ကျန်ရှိနေသေးတဲ့ စိတ်ဆန္ဒနဲ့ မင်းကို ကျိန်စာတိုက်လိုက်မယ်…”
မီးတောက်နဂါး၏ လှပသောဦးခေါင်းသည် စုမင်ဘက်သို့ လှည့်ကြည့်လာပြီး ပထမဆုံးအကြိမ်အဖြစ် မျက်ခွံများပွင့်လာကာ မီးခိုးရောင်မျက်ဝန်းတစ်စုံ ပေါ်လာခဲ့သည်။ ထိုမျက်ဝန်းများထဲတွင် အစီအရင်သင်္ကေတများ ပါသည့် မျက်ဆံကိုးခုရှိနေ၏။
အမှန်တစ်ကယ်ပင် မျက်ဆံကိုးခုရှိနေခြင်း ဖြစ်သည်။
“မင်းတို့ရဲ့ စိတ်ဝိညာဥ်တွေဟာ မင်းတို့ခန္ဓာကိုယ်ကနေ ကွဲထွက်သွားပါစေလို့ ငါ မင်းတို့နှစ်ယောက်စလုံးကို ကျိန်စာတိုက်တယ်…”
“မင်းတို့ရဲ့ စိတ်ဝိညာဥ်တွေဟာ ငါ့ရဲ့ ထာဝရလောကထဲကို ရောက်သွားပါစေလို့ ငါ မင်းတို့နှစ်ယောက်စလုံးကို ကျိန်စာတိုက်တယ်…”
“မင်းတို့နှစ်ယောက်လုံး သေဆုံးပျက်စီးခွင့် မရစေဖို့ ငါကျိန်စာတိုက်တယ်။ မင်းတို့နှစ်ယောက်လုံး ပြန်လည်ဝင်စားခွင့် မရပါစေနဲ့လို့ ငါကျိန်စာတိုက်တယ်”
“အဆုံးမရှိတဲ့ အချိန်ကာလ သက်တမ်းအတွင်းမှာ မင်းတို့ကိုယ်မင်းတို့ ပျောက်ဆုံးမေ့လျော့သွားပြီး ငါ့ရဲ့ စစ်သည်တော်ဝိညာဥ်အသစ်တွေ ဖြစ်လာစေဖို့ ကျိန်စာတိုက်တယ်…”
“မင်းကိုယ်မင်း ပျောက်ဆုံးမေ့လျော့သွားချိန်ကျ ငါဟာ ဒီမြွေကိုဝါးမြိုပြီး အောင်အောင်မြင်မြင်နဲ့ ပြန်လည်ရှင်သန်ထမြောက်လာမယ်။ မင်း ပြန်လည်နိုးထလာနိုင်ခဲ့ရင်တော့ ငါ့ကိုယ်ငါ ဝါးမြိုခံပြီး ဒီမြွေကို ဘဝသစ်တစ်ခု ကောင်းချီးပေးမယ်”
“မသေဆုံး မပျက်စီးနိုင်သော နယ်ပယ်၊ အငြိုးအတေး ဝိညာဥ် သန်းပေါင်းတစ်ထောင်… ဖွင့်လှစ်လော့”
အသံဆုံးသည်နှင့် မီးတောက်နဂါး၏ အလောင်းကြီးတစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး လီသောင်းပေါင်းများစွာ ဧရိယာကို ဖုံးအုပ်ထားသော မြူခိုးများမှာ ပိုမိုသိပ်သည်းလာသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် အလျင်အမြန်ပင် စတင်ခဲလာခဲ့၏။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း အံ့အားသင့်နေသော ယင်ဝိညာဥ်အိုကြီးနှင့် သွေးနဂါးတို့ရှေ့မှာပင် မီးတောက်နဂါး၏ ဧရာမအလောင်းကြီးမှာ ကြီးမားသော ကျောက်ရုပ်တုကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
တစ်ပြိုင်တည်းလိုလိုပင် ကောင်းကင်ထက်တွင်လည်း လခြမ်းကွေးသဏ္ဍာန် အရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ မှောင်မည်းနေသော ကောင်းကင်ယံထက်၌ ထိုအရိပ်သည် စွဲမက်ဖွယ်ကောင်းသော အလင်းတို့ တစ်ဖြည်းဖြည်း စတင်တောက်ပလာခဲ့၏။ ကောင်းကင်ယံထက်တွင် အခြားသော လကိုးစင်းနှင့်အတူ ဆယ်ခုမြောက် လခြမ်းကွေးတစ်ခု ထပ်မံပေါ်ထွက်လို့လာခဲ့ချေပြီ။
ထိုအချိန်တွင် ရှာမန်မြို့တော်အတွင်းရှိ ရှာမန်များ၊ မာန်စွမ်းအားရှင်များ၊ ယင်ကိုးပါးဝိညာဥ်များနှင့် လီတစ်သန်း ဧရိယာ အတွင်း၊ အပြင်ရှိ သက်ရှိအားလုံးမှာ ထိုလခြမ်းကွေးကို မြင်လိုက်ရလေသည်။
“မီးတောက်နဂါးက ကျောက်ဖြစ်သွားပြီပဲ… ပြီးတော့ ဆယ်စင်းမြောက် လနဲ့… ဒါက မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကို မြင့်မြတ်သောယင်ကိုးပါးက အသက်သွင်းလိုက်ပြီဆိုတဲ့ လက္ခဏာပဲ။ ဒီဒသမမြောက်လ ပျောက်ကွယ်မသွားသရွေ့၊ အဲဒီလောကဟာ ထာဝရတည်ရှိနေတော့မှာပဲ” ယင်ဝိညာဥ်အိုကြီး၏ ရေရွတ်သံက ထွက်ပေါ်လာခဲ့လေသည်။