မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက
Vol. 34 Ch. 467
ယင်ကိုးပါးလောက၏ ကောင်းကင်ယံတွင် ဒသမမြောက်လ ပေါ်ထွက်လာချိန်၌ မြူခိုးထုထဲတွင်ထိုင်နေသော အနက်ရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို တုန်ယင်သွားသည်။ သူ၏ မျက်လုံးများမှာ အလျင်အမြန် ပွင့်လာပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။
ထိုသွေးများသည် အစပိုင်းတွင် နီရဲနေသော်လည်း မကြာမီမှာပင် အနက်ရောင်ပြောင်းသွားပြီး အဘိုးအိုအရှေ့ရှိ မြေပြင်ပေါ်သို့ ထိုသွေးစက်များ ကျသွားသည်နှင့် တရှဲရှဲမြည်သံများ ပေါ်လာခဲ့သည်။ အဘိုးအို၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားသည်။ သူ့နံဖူးတွင်လည်း လက်သည်းခွံအရွယ်ခန့် အမည်းရောင်အကွက်တစ်ခု ရှိနေလေသည်။
ထိုအမည်းရောင်အကွက်မှာ နံဘေးသို့ ဖြည်းညှင်းစွာ ပျံ့လာနေပြီး ၎င်းနေရာမှ ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခုလည်း ထွက်ပေါ်နေသည်။ ထိုအနံ့က အသားများ ပုပ်သိုးနေသော အနံ့တစ်ခုလိုပင်။
“တော်တော်ပြင်းတဲ့ ကျိန်စာပဲ…” အဘိုးအိုသည် ခြောက်ကပ်ကပ်အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ ထိုစကားလုံးများကို ရေရွတ်ပြီးချိန်တွင် အမည်းရောင်အကွက်မှာ သူ့နံဖူးပြင်တစ်ခုလုံး ပျံ့နှံ့သွားပြီဖြစ်သည်။
အနံ့ဆိုးမှာလည်း ပိုမိုပြင်းထန်လာနေပြီး အဘိုးအို၏ မျက်နှာထားမှာ သိသိသာသာပင် ပြောင်းလဲသွားသည်။ သူသည် ညာလက်ကိုမြှောက်၍ သကေၤတတစ်ခု ပြုလုပ်ကာ နံဖူးအလယ်သို့ လက်ချောင်းဖြင့် ထိလိုက်၏။ သို့သော်လည်း ထိုသို့ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားပြီး ဆက်တိုက်ဆိုသလို သွေးသုံးလုပ် အန်ထုတ်လိုက်ရလေသည်။
“သေခြင်းတရားက ငါ့ကို အင်မော်တယ် ဖြစ်စေခဲ့တယ်။ ငါတို့ အင်မော်တယ်တွေရဲ့ တာအိုထဲမှာ အချိန်ကို ပေါင်းစည်းထားပြီး အချိန်ကာလတွေဟာ အမြဲတစေ ပြောင်းလဲနေတယ်” အဘိုးအိုသည် ထိုစကားလုံးများကို ခက်ခက်ခဲခဲ ရေရွတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သကေၤတများ အလျင်အမြန် ပြုလုပ်ကာ ခန္ဓာကိုယ်နေရာအနှံ့သို့ လက်ချောင်းဖြင့် အမြန်နှိပ်ချလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမည်းကွက်မှာ မျက်နှာတစ်ပြင်လုံး ဖုံးအုပ်နေပြီဖြစ်သော်လည်း ထိုသို့ပြုလုပ်လိုက်သည်နှင့် လည်ပင်းအထိ ဆက်လက်ပျံ့နှံ့လာခြင်း မရှိတော့ပေ။
လက်ဟန်သကေၤတများ ပြုလုပ်အပြီးတွင် အဘိုးအို၏ ခန္ဓာကိုယ်မှာ အလျင်အမြန်ပင် ပိန်လှီခြောက်ကပ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်ကပ်နေသော အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ထိုအလောင်းသည် နေရာမှာပင် ယခင်အတိုင်း ပုံစံမပျက် ထိုင်နေဆဲဖြစ်သည်။ အသက်ဓာတ်များ ပျောက်ကွယ်သွားမှုကြောင့် အဘိုးအို၏ မျက်နှာပေါ်ရှိ အမည်းကွက်မှာမူ ဆက်လက်၍ ပျံ့နှံ့လာခြင်းမရှိတော့ပေ။ တစ်ခဏမျှကြာပြီးနောက် အလောင်းအတွင်းမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး ၎င်း၏ နံဖူးအလယ်၌ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းသည် ချက်ချင်ကွဲထွက်သွားပြီး အတွင်းမှ လက်တစ်စုံ တိုးထွက်လာကာ အက်ကြောင်းကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်သည်။
အလောင်း၏ ကိုယ်ထည်မှာ ပြင်းပြင်းထန်ထန် ဆွဲဖြဲခံလိုက်ရပြီး လက်မောင်းရင်းထိ တိုးထွက်လာခဲ့၏။ လက်ပိုင်ရှင်သည် အသက် ၄၀၊ ၅၀ အရွယ်ခန့်ရှိသော သက်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။
ထိုလူ့ကိုယ်ပေါ်၌ အဝတ်တစ်စပင် ရှိမနေပဲ သူ့ပုံစံက ခြောက်ကပ်နေသော အလောင်းအတွင်းမှ တိုးထွက်လာသကဲ့သို့ပင်။ အက်ကြောင်းကို ကျယ်ပြန့်အောင် ဆွဲဖြဲပြီးသည်နှင့် သူသည် အလျင်အမြန်ပင် အပြင်သို့ လျှောက်လှမ်းထွက်လာခဲ့၏။
သက်လတ်ပိုင်းလူ၏ မျက်နှာသွင်ပြင်မှာ အနက်ရောင်ဝတ် အဘိုးအိုနှင့် များစွာဆင်တူလေသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က လူလတ်ပိုင်းအရွယ်မျှသာ ရှိသေးသော အဘိုးအိုကိုယ်တိုင်လိုပင်…
သို့သော်လည်း အရှိန်အဝါပိုင်းတွင်မူ သက်လတ်ပိုင်းလူသည် အနက်ရောင်ဝတ် အဘိုးအိုထက် သိသိသာသာကိုပင် များစွာအားနည်းနေ၏။ အပြင်သို့ လျှောက်ထွက်လာပြီးနောက် သူသည် အသက်ကို မောပန်းစွာ ရှူရှိုက်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေး ပေါ်လာခဲ့သည်။
“အခု ‘ကံကြမ္မာ’က ထာဝရလောကထဲမှာ လုံးဝပိတ်လှောင်ခံလိုက်ရပြီဆိုတော့ ငါ့တာဝန်က ပြီးပြီလို့ ယူဆလို့ရတယ်။ ငါလုပ်ဖို့လိုတာဆိုလို့ သခင့်ရဲ့ ကိုယ်ပွား ရောက်လာတဲ့အချိန်ထိစောင့်ပြီး ဒီဖြစ်ရပ်ကနေ အကျိုးအမြတ်ကြီးကြီး ရိတ်သိမ်းဖို့ပဲ ကျန်တော့တယ်”
“ဒီကျိန်စာက အားပြင်းပေမယ့်လည်း ငါ့ကိုတော့ မတားနိုင်ပါဘူး။ ငါ ဒါအတွက် အရင်ကတည်းက ကြိုပြင်ထား… ဟမ်”
သက်လတ်ပိုင်းလူ၏ ပုံစံက မိမိကိုယ်ကို အလွန်တရာ အားရကျေနပ်နေသလိုပင်။ သို့သော်လည်း ထိုစကားလုံးများကို ရေရွတ်နေစဥ်မှာပင် သူ့အမူအယာက ရုတ်တရက်ဆိုသလို သိသိသာသာ ပြောင်းလဲသွား၏။ ထိုသို့ဖြစ်သွားရခြင်း၏ အကြောင်းရင်းခံမှာ သူ့နံဖူးတွင် အမည်းကွက်တစ်ခု ပေါ်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်မိခြင်းကြောင့်ပင် ဖြစ်သည်။
လူလတ်ပိုင်းကြီး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် အလိုလိုပင် ညာလက်ကိုမြှောက်၍ နံဖူးအလယ်ရှိ အမည်းကွက်ကို ဖိချလိုက်မိ၏။ သူ့လက်သည် စေးကပ်ကပ် အရာတစ်ခုကို စမ်းမိသွားပြီး လက်ပြန်မြှောက်လိုက်သည်နှင့် လက်ထဲတွင် စေးကပ်ကပ် အမည်းရောင် အမျှင်တန်းတစ်ခု ပါလာခဲ့သည်။ ထိုအရာထံမှ ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခုကလည်း သူ့နှာခေါင်းဆီသို့ တိုးဝှေ့ဝင်ရောက်လာခဲ့လေသည်။
“သခင်ပေးခဲ့တဲ့ ဒီကျင့်စဥ်က ကောင်းကင်ဘုံပြစ်ဒဏ်ကိုတောင် ရှောင်ရှားဖို့ ကူညီပေးနိုင်တာ။ ဘယ်လို… ဘယ်လိုလုပ်ပြီး မီးတောက်နဂါးရဲ့ ကျိန်စာက…”
သက်လတ်ပိုင်းလူမှာ ခြောက်ခြားသွားရ၏။ သူသည် အလျင်အမြန် ထိုင်ချလိုက်ကာ ယခင်ကျင့်စဥ်ကိုပင် ထပ်သုံးလိုက်ပြီး သူ့ခန္ဓာကိုယ်က ခြောက်ကပ်နေသော အလောင်းတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ မကြာမီမှာပင် အလောင်း၏ နံဖူးပေါ်၌ အက်ကြောင်းတစ်ခုပေါ်လာပြီး ၎င်းက တစ်ခဏအတွင်း ခန္ဓာကိုယ် အလယ်ပိုင်းအထိ ကွဲထွက်သွား၏။ ထိုအက်ကြောင်းအတွင်းမှ ခပ်တိုးတိုး ကြုံးဝါးသံနှင့်အတူ ကျန်းမာသန်စွမ်းသော အရွယ်ကောင်းလူငယ်တစ်ဦး တိုးထွက်လာခဲ့လေသည်။
လူငယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါ အားလှိုင်းများမှာ များစွာ ပိုမိုအားပျော့သွားခဲ့ပြီဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ အဘိုးအိုနှင့်ယှဥ်လျှင် များစွာ ပိုမိုငယ်ရွယ်နေသော်လည်း… သူ အပြင်သို့ လှမ်းထွက်လာသည့် တစ်ခဏ၌ သူ့နံဖူးပေါ်ရှိ အမည်းကွက်မှာ ထပ်ပေါ်လာပြန်လေသည်။ ထိုအမည်းကွက်သည် သူ့အရိုးများထိတိုင် အမြစ်တွယ် ရောက်ရှိနေခဲ့သလိုပင်…
ယခုအချိန်တွင် ထိုနေရာတစ်ခုလုံးမှာ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြင့် ပြည့်နေ၏။ အခြားသူတစ်ဦးသာ ဤအခြင်းအရာကို မြင်လိုက်မည်ဆိုလျှင် ကျိန်းသေပေါက် ကြောက်လန့်ခြောက်ခြားသွားလိမ့်မှာ ဖြစ်သည်။ လူငယ်၏ နံဘေးတွင် ခန္ဓာကိုယ်ပေါ်၌ ကြီးမားသော အက်ကွဲရာကြီးများဖြင့် ခြောက်ကပ်နေသော အလောင်းနှစ်ခု ရှိနေ၏။ ၎င်းတို့အထဲရှိ တစ်ခုမှာ တင်ပျဥ်ခွေထိုင်နေသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သို့သော်လည်း သေချာဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် အဘိုးအို၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်အရာမျှ ရှိမနေပဲ ၎င်းက လူပုံစံ အခွံကြီးတစ်ခုသာ ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ထို့အပြင် တင်ပျဥ်ခွေထိုင်နေသော သက်လတ်ပိုင်းအလောင်းတစ်ခုလည်း ရှိ၏။ ပိန်လှီခြောက်ကပ်နေပြီး ခန္ဓာကိုယ်အတွင်း၌ မည်သည့်အရာမျှ ရှိမနေသော ထိုအလောင်း၏ပုံစံကလည်း အရေခွံလွှာတစ်ခုလိုပင်။
၎င်းတို့နံဘေးရှိ လူငယ်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုနှင့် ကြောက်ရွံ့တုန်လှုပ်မှုများ အထင်းသား ပေါ်နေခဲ့၏။
“သေစမ်း၊ မဖြစ်နိုင်တာ။ ငါ… ငါ့ကိုယ်ငါ အဲဒီ နတ်ဘုရားစိတ်အာရုံ တစ်စကနေ ခွဲထုတ်လိုက်ပြီးပြီကို… ဒီလောက် ပြင်းပြင်းထန်ထန် သက်ရောက်ခံရဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ။ ဒါ… ဒါပေမယ့်…” လူငယ်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။ သူ့နံဖူးပေါ်ရှိ အမည်းကွက်မှာ ပျံ့လာနေဆဲဖြစ်ပြီး ယခုဆိုလျှင် ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်ခန့်ပင် ရှိနေခဲ့ပြီဖြစ်သည်။
“ဒီကျိန်စာကို ပယ်ဖျက်နိုင်မယ့်နည်းကို အမြန်ဆုံးရှာမှဖြစ်မယ်။ ကျိန်စာတွေ… ချီးပဲကွာ၊ ဒီရှေးကျတဲ့ ထူးထူးဆန်းဆန်း ပညာရပ်အကြောင်း ငါ သိပ်နားမလည်ပါဘူးဆို။ ဘယ်လိုလုပ်ပြီး ပယ်ဖျက်ရမှာလဲ”
လူငယ်၏ မျက်နှာမှာ ပိုမိုဖြူဖျော့သွားသည်။ ထို့နောက် သူသည် အရှေ့သို့ တစ်ချက်ခုန်ကာ အဝေးသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့၏။ အရှေ့သို့ ဦးတည်ပြေးလွှားနေရင်း အကြိမ်ကြိမ် သွေးအန်ခဲ့ရသလို သူ့မျက်နှာပေါ်ရှိ အမည်းကွက်မှာလည်း ပိုမိုကြီးထွားလာခဲ့လေသည်။
ထိုအချိန်တွင် မီးတောက်နဂါး၏ ခန္ဓာကိုယ်အတွင်းရှိ အသားပုပ်၊ သွေးပုပ်များမှာ ခဲလာနေပြီး ၎င်း၏ အရိုးစုကြီးတစ်ခုလုံးမှာ မာကြောကာ မီးခိုးရောင်ကျောက်တုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မီးတောက်နဂါး၏ မျက်လုံးကြီးနှင့် အခြား ဖြစ်တည်လာသော သားရဲများအတွက်လည်း ခြွင်းချက်မရှိခဲ့ပေ။ ၎င်းတို့အားလုံးမှာ ကျောက်ဖြစ်သွားပြီး အထူးသဖြင့်တော့ မီးတောက်နဂါး၏ ဦးခေါင်းထဲတွင်ရှိနေသည့် သတ္တဝါများပင် ဖြစ်သည်။ ယခုအချိန်တွင် မီးတောက်နဂါး၏ ဦးခေါင်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုနေရာတွင် အလွန်တရာကြီးမားသော ကျောက်ရုပ်တုကြီးနှစ်ခု ရှိနေ၏။ တစ်ခုမှာ မီးတောက်နဂါးမှ ဖြစ်တည်လာသော မြွေနဂါးကြီးဖြစ်ပြီး အခြားတစ်ခုမှာမူ စုမင်၏ ဟန်တောင်တန်းခေါင်းလောင်းမှ မွေးဖွားဖြစ်တည်လာသော ခေါင်းကိုးလုံးနဂါးပင် ဖြစ်သည်။
၎င်းတို့သည် ကျောက်မဖြစ်မီ နောက်ဆုံးတိုက်ခိုက်နေကြသော ပုံစံအတိုင်းပင် ရှိနေကြ၏။ သေခြင်း၊ရှင်ခြင်း တိုက်ပွဲတစ်ခုအား ဆင်နွှဲနေရဟန်ဖြင့် ၎င်းတို့၏ မျက်နှာများထက်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်နေကြသည်။ ၎င်းတို့မှာ ကျောက်ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း မည်သူမဆို ၎င်းတို့၏ မျက်နှာများမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါများကို ခံစားမိနိုင်နေဆဲဖြစ်သည်။
ဧရာမအသားစိုင်ကြီးသည်လည်း ကျောက်ရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ စုမင်သည်လည်း ၎င်း၏နံဘေးတွင် ရပ်နေပြီး မျက်လုံးများကိုမှိတ်လျက် လှုပ်ရှားခြင်းမရှိတော့ပေ။
သူ၏ အဝတ်အစားများ၊ ဆံပင်များအပါအဝင် အရာအားလုံးမှာလည်း ကျောက်ဖြစ်ကာ ခဲနေခဲ့ပြီဖြစ်သည်။ စုမင်ပုံစံသည် ကျောက်ရုပ်တုတစ်ခုနှင့် မခြားနားတော့ပဲ သူ့မျက်နှာထားသည်လည်း ခဲမသွားမီက ပြတ်သားသော အရိပ်အယောင်အတိုင်းပင် ရှိနေခဲ့လေသည်။ သူ့ပုံစံက အသက်ဝင်နေသော ကျောက်ရုပ်တုတစ်ခုအလားပင်…
မြွေငယ်လေးနှင့် အနက်ရောင်ဝတ် အဘိုးအို၏ နတ်ဘုရားစိတ်အာရုံမှ ဖြစ်တည်လာသော ခန္ဓာကိုယ်တို့သည်လည်း ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုကျောက်ရုပ်တုများကြောင့် နေရာတစ်ခုလုံးမှာ သုဿန်တစပြင်သဖွယ် တိတ်ဆိတ်ငြိမ်သက်နေပြီး ထူးဆန်းသော လေထုတစ်ခုဖြင့် ပြည့်နေခဲ့၏။
ကျောက်ဖြစ်မသွားသည့် တစ်ခုတည်းသော အရာမှာ လေထဲတွင် လွင့်မျောနေသော အမျိုးသမီးဦးခေါင်းပင် ဖြစ်သည်။ သူမ အရှိန်အဝါများမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း မျက်လုံးများကမူ ပွင့်နေသေးဆဲဖြစ်၏။ ထိုမျက်လုံးများအတွင်း အသက်ဓာတ် အရိပ်အယောင် တစ်စွန်းတစ်စပင် ရှိမနေသော်လည်း သေချာကြည့်လိုက်မည်ဆိုလျှင် သူမ၏ ညာဘက်မျက်လုံးအတွင်း၌ အားပျော့သော ဝဲဂယက်လေးတစ်ခု ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို တွေ့ရပေလိမ့်မည်။
ထိုအရာက မီးတောက်နဂါး၏ ‘မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက’ ပင်။ ထိုဝဲဂယက်သည် မီးတောက်နဂါး၏ ဘဝ၌ ဂုဏ်ယူဝင့်ကြွားရဆုံး အရာလည်းဖြစ်၏။ ထိုအရာသည် သူမ အားနည်းနေချိန်၌ အနက်ရောင်ဝတ် အဘိုးအို၏ ခြိမ်းခြောက်ခံရစဥ်မှာပင် အလျှော့မပေးပဲ မောက်မာဝံ့ကြွားစွာ နေနိုင်သော အကြောင်းရင်းလည်း ဖြစ်သည်။
မီးတောက်နဂါးများသည် သေဆုံးနိုင်သော်လည်း သေရမည်ဆိုလျှင်ပင် သာမန်ညောင်ညလူတို့၏ ခြိမ်းခြောက်မှုကြောင့်တော့ ကြောက်ရွံ့တုန်လှုပ်သွားမည် မဟုတ်ပေ။ သေရမည်ဆိုလျှင်တောင် သူတို့မျိုးနွယ်တူထံတွင် ဝါးမြိုခံ၍သာ သေဆုံးကြမှာဖြစ်သည်။
မီးတောက်နဂါး၏ အတွေးများကို ထိန်းချုပ်ရန် ကြိုးစားသူတိုင်းမှာ ၎င်းတို့၏ အစွမ်းထက်သောကျိန်စာဖြင့် တိုက်ခိုက်ခံရပေလိမ့်မည်။ ထိုကျိန်စာသည်ကား မီးတောက်နဂါး သေဆုံးသွားလျှင်ပင် ဆက်လက်ခြောက်လှန့်နေလိမ့်ဦးမှာ ဖြစ်သည်။
မျိုးနွယ်တူကို ဝါးမြိုခြင်းကသာ မီးတောက်နဂါးများအတွက် ထာဝရရှင်သန်နိုင်မည့် နည်းလမ်းဟု ယုံကြည်သဖြင့် ၎င်းတို့သည် အသက်ရှင်သန်နိုင်ရန်အလို့ငှာ မျိုးနွယ်တူကို ဝါးမြိုကြ၏။ သို့သော်ငြား မျိုးနွယ်တူ၏ ဝါးမြိုခံရမည့် ကံကြမ္မာနှင့် ကြုံလာခဲ့လျှင်လည်း မိမိတည်ဆောက်ထားရသော အရာအားလုံးကို လိုလိုလားလား အသုံးပြုကာ ထိုမျိုးနွယ်တူ၏ ဘဝသစ်အတွက်… ကောင်းချီးပေးလိမ့်မှာ ဖြစ်သည်။
ဤအရာအားလုံးသည်ကား… သူတို့သည် မျိုးနွယ်တစ်ခုတည်းမှ ဖြစ်နေသောကြောင့်ပင်…
ဤအရာအားလုံးသည်ကား… မီးတောက်နဂါးများသာ ပိုင်ဆိုင်နိုင်သည့် ထူးခြားသော အမွေအနှစ်ကြောင့်ပင်…
သူမ၏ ညာဘက်မျက်လုံးအတွင်းရှိ ဝဲဂယက်ကိုသာ ချဲ့ကြည့်လိုက်မည်ဆိုလျှင် အတွင်း၌ များစွာသော ပုံရိပ်ယောင် အရိပ်များကို တွေ့မြင်ရလိမ့်မည်ဖြစ်ပြီး ၎င်းတို့အထဲရှိ တစ်ခုမှာ…
… စုမင်ပင် ဖြစ်လေသည်။
သူ့ခန္ဓာကိုယ်သည် ဦးတည်ရာမရှိ လွင့်မျောနေပြီး စုမင်၏ပုံစံက လေလွင့်ဝိညာဥ်တစ်ကောင်အလားပင်။ သူ၏ မျက်လုံးများမှာ မီးခိုးရောင်ဖြစ်နေပြီး အတွင်း၌ အသိဥာဏ်တစ်စွန်းတစ်စပင် ရှိမနေခဲ့ချေ။ ၎င်းတို့က ခံစားချက်အရိပ်အယောင်ဟူ၍ ရှိမနေပဲ အဆုံးမဲ့ ဗလာသက်သက်ပင်…
သူ၏ စိတ်ဝိညာဥ်သည် အိပ်မောကျနေပြီး နိုးထနိုင်စွမ်း မရှိဟန်ဖြင့် စိတ်ဆန္ဒတစ်စွန်းတစ်စမျှ ရှိမနေခဲ့ပေ။ သူ့တွင် ပင်ကိုယ်သိစိတ်ပင် ရှိသည်ဟု ယူဆ၍မရပဲ အဆုံးမရှိသော လောကအတွင်း၌ ထိုအတိုင်းသာ လွင့်မျောနေခဲ့လေသည်။
စုမင်ကဲ့သို့ပင် လွင့်မျောနေသော အခြားလေလွင့်ဝိညာဥ်ပေါင်းများစွာ ရှိနေ၏။ ထောင်နှင့်ချီသော မီးခိုးရောင်မျက်လုံးများနှင့် ထိုဝိညာဥ်များမှာ မည်သည့် အသိဥာဏ်နှင့် သဘာဝအလျှောက် ပင်ကိုယ်သိစိတ်မျှ ရှိမနေခဲ့ပါချေ။ ၎င်းတို့သည် ထွက်ပေါ်လာနေသော ကျယ်လောင်စူးရှသည့် အသံအတိုင်းသာ လိုက်နာကြလေသည်။
သူတို့သည် အရှေ့ရှိ ပိုမိုသန်မာပုံရသော အငြိုးအတေးဝိညာဥ်များ၏ အမိန့်အတိုင်းသာ လိုက်နာကြ၏။ ထိုအငြိုးအတေး ဝိညာဥ်များ၏ ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့အချို့ ထွက်ပေါ်နေလေသည်။ အဝေးမှကြည့်လျှင် ထိုအနက်ရောင်အငွေ့များမှာ သတ်ဖြတ်ခြင်းအရှိန်အဝါများအသွင်ဖြင့် လေလွင့်ဝိညာဥ်များ၏ မျက်နှာထက်သို့ ရိုက်ခတ်နေကြသလိုပင်။ အငြိုးအတေး၏ ဝိညာဥ်၏ မျက်လုံးများမှာလည်း မီးခိုးရောင်ပင်ဖြစ်သော်ငြား ထိုမီးခိုးရောင်မျက်ဆံများအတွင်း အသိဥာဏ်တစ်စွန်းတစ်စ ရှိနေခဲ့လေသည်။
စူးရှကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ သူ့အနောက်ရှိ လေလွင့်ဝိညာဥ်အုပ်ကြီးမှာ သူ့အနီးသို့ အလျင်အမြန် လွင့်မျောသွားပြီး သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်သည်နှင့် တစ်ကောင်မကျန် စုပ်ယူခံလိုက်ရ၏။ ရာချီသော လေလွင့်ဝိညာဥ်များ ပြောင်စင်အောင် စုပ်ယူခံလိုက်ရပြီးသည်နှင့် အဝေးမှ အခြားကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ရောက်ရှိလာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဟိန်းဟောက်သံ ထွက်ပေါ်လာသောနေရာမှ ထောင်နှင့်ချီသော အငြိုးအတေးဝိညာဥ်များ ထွက်ပေါ်လာသည်။ ထိုဝိညာဥ်များကို ဦးဆောင်လာသူမှာ နတ်ဆိုးမျက်နှာဖြင့် ဝိညာဥ်တစ်ကောင်ဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို အနက်ရောင်အခိုးအငွေ့များ ဖုံးအုပ်ထားလေသည်။
ထိုသို့ဖြင့် အငြိုးအတေးဝိညာဥ်များကြားရှိ စစ်ပွဲတစ်ခုကား စတင်ခဲ့လေပြီ။
စုမင် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် မည်သည့်စိတ်ဆန္ဒမျှ ပြန်ရမလာသေးပေ။ သို့သော်ငြား သူ့တစ်ကိုယ်လုံး အပိုင်းပိုင်းဆုတ်ဖြဲခံနေရသော နာကျင်မှုတစ်ခုဖြင့် ပြည့်နေပြီး မအော်ဟစ်မိစေရန် အံတင်းတင်းကြိတ်ကာ တောင့်ခံလိုက်ရလေသည်။ ထိုနာကျင်မှုမျိုးသည် သစ်ရွက်တစ်ရွက်အား နည်းနည်းချင်းစီ ဆွဲဖြဲခံနေရသည့်အလားပင်။ နောက်ဆုံး အပိုင်းပိုင်း ဖြစ်သွားချိန်၌ သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ညှစ်ခံလိုက်ရပြီး ထိုအားသည် သူ့အရိုးများကို အမှုန့်ချေပစ်ရန် ကြိုးစားနေသလိုပင်…
ထိုနာကျင်မှုအောက်၌ အော်ဟစ်ခဲ့မိမည်ဆိုလျှင် အိပ်မောကျနေရာမှ သူရုန်းထွက်နိုင်လိမ့်မည် မဟုတ်သည့်အလား… အတိအကျဆိုရလျှင် ထိုပြင်းထန်သော နာကျင်မှုကို တောင့်ခံလိုက်သဖြင့် သူ့နားထဲ၌ အသံပေါင်းများစွာ အော်ဟစ် အကူအညီတောင်းသံအား အဆက်မပြတ် ကြားနေရသလို ခံစားလိုက်ရ၏။ သူ့တွင်ရှိသမျှ အားအင်အားလုံး ရုန်းကြွလာခဲ့သည့်အလားပင်…
ထိုအားအင်များကြောင့်ပင် သူ့မျက်လုံးများကို ပြန်ဖွင့်နိုင်ခဲ့ပြီဟု လွဲမှားစွာ ထင်မိသွားခဲ့ပြီဖြစ်သည်။ တစ်ကယ်တမ်းတွင်တော့ သူ၏မျက်လုံးများမှာ အစကတည်းကပင် ပွင့်နေလျက်သား ဖြစ်နေလင့်ကစား…
သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်၌ မြင်တွေ့လိုက်ရသည်က နှစ်ပေါင်းများစွာ ကြာမြင့်စွာ ရှင်သန်ခဲ့ရပြီးနောက် ဖြစ်လာခဲ့ပုံပေါ်သော မီးခိုးရောင်၊ မှုန်မှိုင်းမှိုင်း ကောင်းကင်၊ အဖြူရောင် မြေပြင်နှင့် ကျိုးပဲ့ပျက်စီးနေသော လောကကြီးတစ်ခုပင်…