အရုဏ်ဦးအင်မော်တယ်နှင့် အဆုံးအဖြတ်တိုက်ပွဲ
Vol. 56 Ch. 778
"ဆရာကြီးဇီတုန်..." ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မြင်တွေ့ပြီးနောက် ခေါင်းဆောင်ကြီးစုန့်၏အမူအရာမှာ တွေဝေသွားသောဟန်ရှိသည်။
"လွန်ခဲ့တဲ့ နှစ်တစ်သောင်းက အစွမ်းထက်ပညာရှင်" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "တစ်ခါတုန်းက .... ခင်ဗျားဟာ တောင်ပိုင်းဒေသတစ်ခုလုံးမှာ နံပါတစ် ရွေးချယ်ခံဖြစ်ခဲ့တယ်။ ဆရာကြီးဇီတုန် ... ခင်ဗျားက ဇီယွင်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးမျိုးဆက် ခေါင်းဆောင်ကြီးပဲ
"ခင်ဗျားက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့ပေမယ့် အတုအယောင်အင်မော်တယ်ဖြစ်လာချင်ခဲ့ဘူး။ အစစ်အမှန်အင်မော်တယ်အဆင့် တက်လှမ်းရဖို့ပဲ ရှေးရှုခဲ့တယ်။ ဒါပေမဲ့ ပြစ်ဒဏ်ကျရောက်မလာခင်မှာပဲ လမ်းစဉ်လွဲမှားနေတာကို ခင်ဗျား သဘာပေါက်လိုက်တယ်။ ခင်ဗျားက ခင်ဗျားရဲ့ ဝိညာဉ်မျှင်တစ်မျှင် ပါရှိတဲ့ ဆေးလုံးတစ်လုံးကို ကိုယ်တိုင်ဖော်စပ်ခဲ့ပြီးတော့ အဲဒီဆေးလုံးက ခင်ဗျားရဲ့ကျင့်ကြံခြင်းကို ပြန်တည်ဆောက်ပေးမယ့် အကြောဖြစ်လာခဲ့တာပဲ
"အခု ခင်ဗျား ဆေးလုံးမိစ္ဆာအဖြစ်နဲ့ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကို ပြန်ရောက်သွားခဲ့ပြီ။ မှော်သင်္ကေတတွေအကုန်လုံး ပျက်စီးသွားတဲ့အခါ ခင်ဗျား ချုပ်တည်းထားခဲ့တဲ့ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ဟာ ... နောက်ဆုံးတော့ ထွက်လာလိမ့်မယ်
"ကံဆိုးစွာနဲ့ နှစ်တွေတစ်လျှောက်လုံး အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်အတောအတွင်းမှာ လူတွေအများမှ အများကြီး သေဆုံးခဲ့ရပြီးပြီ။ အောင်မြင်သူ အနည်းအကျဉ်းပဲ ရှိတယ်။ ဆေးလုံးမိစ္ဆာ ... ခင်ဗျား အောင်မြင်နိုင်လား" ခေါင်းဆောင်ကြီးစုန့်က သက်ပြင်းချလိုက်သည်။
ဆေးလုံးမိစ္ဆာက ပြန်မဖြေ။ သူ ရှေ့သို့ တက်သွားစဉ် ခရမ်းရောင်ချီက သူ့ကို ရစ်သိုင်းလှည့်ပတ်လျက် ရှိလေသည်။ သူ၏အရှိန်အဝါသည် ယခင်နှင့် လုံးလုံးမရှိတော့။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်သွားပြီး ကြည့်ရသရွေ့ သူတို့ကို ဖိနှိပ်နိုင်ပုံပင်ရသည်။
ဝုန်း
ဆေးလုံးမိစ္ဆာ၏ ပြင်းထန်သောစွမ်းအားကြီးက လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေသည်။ ရှင်သန်ခြင်းနှင်းပန်း၏မိခင်၊ အရုဏ်ဦးအင်မော်တယ်ပင် လှမ်းကြည့်ပြီး မျက်ခုံးပင့်သွား၏။
ခေါင်းဆောင်ကြီးစုန့်သည် ခေါင်းရမ်း၍ သက်ပြင်းချပြီးနောက် မန်ဟို၏ဒုတိယကိုယ်အစစ်၊ ဒဏ်ရာအကြီးအကျယ်ရထားသော ကျင်းဟန်ဂိုဏ်းချုပ်တို့နှင့်အတူ ကျန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များကို ပြန်စတိုက်တော့သည်။
မြေပြင်ပေါ်တွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ယခုလို ဆက်တိုက်ကျဆုံးမှုများကို မြင်ရသည့်အခါ အမြုတေအထိ တုန်လှုပ်သွားကြတော့သည်။ စောစောက ဖြစ်ပွားခဲ့သော ဆုံးရှုံးမှုများကို ထည့်ပေါင်းပြီးနောက်တွင် မြောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသအကြား တိုက်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်သွား၏။ တောင်ပိုင်းဒေသကျင့်ကြံသူများက မျက်လုံးနီနီကြီးများဖြင့် ညာသံပေး၍ ပျံသန်းလာကြလေသည်။ အင်အားကား တစ်သိန်းကျော်လိမ့်မည်။
သွေးတို့က မြစ်ချောင်းများအလား စီးဆင်းနေပြီး ကောင်းကင်မှာ မှောင်မည်းနေ၏။ သတ်သံဖြတ်သံများက အရာအားလုံးကို ချက်ချင်း တုန်ခါလာစေသည်။
အပေါ်တွင် မန်ဟိုနှင့် အရုဏ်ဦးအင်မော်တယ်သည် အသည်းအသန် တိုက်ခိုက်နေ၏။ သူတို့တိုက်ကွက်များမှ ထုတ်လွှတ်လိုက်သော အားများက မိုးမြေကို ပြိုကျစေနိုင်သည်။ အရုဏ်ဦးအင်မော်တယ်၏ကျင့်ကြံခြင်းအခြေခံသည် လျှို့ဝှက်ဆန်းကြယ်ပြီး အားမာန်အပြည့်ရှိသည်။ ဤသည်မှာ ကိုယ်ပွားထက် မပိုသော်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်သေးလေသည်။ သူမ မန်ဟိုနှင့် တိုက်ခိုက်နေသော အချိန်တိုလေးအတွင်း သူတို့နှစ်ယောက်သည် တိုက်ကွက်တစ်ထောင်ကျော်ကို ဖလှယ်ခဲ့ပြီးပြီဖြစ်၏။ ကျယ်လောင်သော ထစ်ချုန်းသံများက အနီးနားရှိ တောင်များကို ပြိုကျလာစေသည်။ ယခုတော့ သွေးမိစ္ဆာတောင်သာလျှင် မားမားမတ်မတ် ရပ်တည်ကျန်ခဲ့၏။
သို့ရာတွင် သွေးမိစ္ဆာဂိုဏ်းချုပ်မှာ အထဲတွင် မျက်လုံးများပိတ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလျက်ရှိသည်။ သူ၏ခန္ဓာကိုယ်မှာ အသက်စွမ်းအားမြူမှုန်မျှပင် မရှိသယောင် ထင်ရသည်။ တစ်လောကလုံး တအုန်းအုန်း တဝုန်းဝုန်း တုန်ခါနေသည့်တိုင် သူကား နိုးမလာခဲ့ပေ။
မြေကြီးသည် ကျွံကျကြေမွနေပြီး အက်ကြောင်းများ ကောင်းကင်တွင် ပေါ်လာသည်။ မန်ဟိုနှင့် အရုဏ်ဦးအင်မော်တယ်၏ တိုက်ပွဲသည် မုန်တိုင်းနှစ်လုံး အားချင်းပြိုင်နေသည့်ပမာ ဖြစ်၏။ နဝမတောင်က ပေါ်လာပြီးနောက် ကြေမွသွားသည်။ ပုလဲဖြူပုလဲနက် ပေါ်လာပြီး ဖိနှိပ်ခံလိုက်ရသည်။ ရှင်သန်ခြင်းနှင်းပန်းက တွန့်လိမ်လူးလွန့်လာရင်း ကြာပွတ်အသွင်ပြောင်းသွား၏။ အရုဏ်ဦးအင်မော်တယ်က ၎င်းကို လွှဲရမ်းရင်း လေထုတွင် အပေါက်များ ဖြစ်နေစေသည်။
ဤတိုက်ပွဲ၏ ခက်ခဲမှုမှာ မြောက်ပိုင်းသဲကန္တာရကျင်ကြံသူများ ခန့်မှန်နိုင်သည်ထက်၊ တွေးထင်နိုင်သည်ထက် အဆများစွာ ကျော်လွန်သည်။ စစ်မြေပြင်တွင် မန်ဟို၏ပေါ်ပေါက်လာခဲ့မှုက အခြေအနေကို တဆစ်ချိုး ပြောင်းလဲသွားစေခဲ့သည်။
ပထမဆုံး ဝတ်ရုံနီလူငယ်၏ သေဆုံးမှု၊ ထို့နောက် တိရစ္ဆာန်သားရေဝတ်စုံနှင့် အဘိုးကြီး၏ နိဂုံး။ မြောက်ပိုင်းသဲကန္တာရ၏ အင်အား (၃၀) ရာခိုင်နှုန်း ယုတ်လျော့သွားခြင်း .... ယင်းက တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သော အရာဖြစ်လာသည်။
ထို့နောက် အရုဏ်ဦးအင်မော်တယ် ပေါ်လာသောအခါ အခြေအနေကို ထိန်းချုပ်နိုင်သွားသလို ဖြစ်ခဲ့သည်။ သို့သော် အားလုံးမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် မန်ဟိုက .... အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ကို ထုတ်လိုက်သည်။
သူသည် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကိုသုံး၍ ယခုတွင် အရုဏ်ဦးအင်မော်တယ်ဖြင့် တစ်ယောက် တစ်ယောက်ချင်းတိုက်ခိုက်ရင်း မိုးမြေတစ်ခွင် အရိပ်မည်းမည်းကြီးကျနေစေလေပြီ။
ထို့အပြင် ဆေးလုံးမိစ္ဆာလည်း တာအိုရှာဖွေခြင်းအထွတ်အထိပ်စွမ်းအားကို ထုတ်လွှတ်ရင်း နိုးထလာခဲ့သည်။ ယခုတော့ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ အတော်လေး စိုးရိမ်ကြောင့်ကြလျက်ရှိ၏။ လောလောဆယ်တွင် အောင်မြင်မှုကို သိမ်းပိုက်နိုင်ဖို့ကား ... လွယ်ကူသောအလုပ်တစ်ခု မဟုတ်တော့ပေ။
ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီး မန်ဟိုမှာ သွေးတစ်လုပ်အန်လိုက်ရသည်။ အကွဲကြောင်းများ သူ၏ရုပ်သေးရုပ်ခန္ဓာကိုယ်တစ်လျှောက် ဖြာထွက်သွားသဖြင့် တဖောက်ဖောက် မြည်သံများ ကြားလာရသည်။ အရှေ့တွင် အရုဏ်ဦးအင်မော်တယ်မှာ မျက်မှောင်ကြုတ်နေ၏။ အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်က သူမကို ရှိသမျှ အစွမ်းကုန်ထုတ်ရအောင် ဖိအားပေးနေလေသည်။
ပို၍ပင် တုန်လှုပ်စရာကောင်းသည်မှာ အရုဏ်ဦးအင်မော်တယ်၏ပတ်ပတ်လည်တွင် မရပ်မနား ပေါ်လာတတ်သော မန်ဟို၏သွေးမိစ္ဆာမဟာမှော်သိုင်းဖြစ်သည်။ သူသည် ၎င်းကို သုံးလေလေ၊ သန်မာလာလေလေ ဖြစ်ရာ ရင်ဆိုင်ရ အင်မတန် ခက်ခဲစေ၏။
အရုဏ်ဦးအင်မော်တယ်၏ ကိုယ်အစစ်မှာ နဂါးငွေ့တန်းပင်လယ်တွင် ရှိပြီး မထွက်လာနိုင်သည့်အတွက် တိုက်ပွဲမှာ ယခုတွင် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေပြီဟု ဆိုလိုသည်။
မှန်ပါသည်၊ ရှေ့ဆိုးနောက်မဆုတ်သာ အခြေအနေက တကယ်တမ်း မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအတွင် ကောင်းသောအရာတစ်ခုဖြစ်သည်။
ဤနေရာရှိ တပ်ဖွဲ့သည် ဒုတိယအသုတ်၏ ပင်မတပ်ဖွဲ့ဖြစ်သည်။ လောလောဆယ်တွင် တောင်ပိုင်းဒေသ၏ အခြားနေရာများ၌ မြားချွန်ချွန်များသဖွယ် သွေးမိစ္ဆာဂိုဏ်းကို အဆက်မပြတ် ထိုးစစ်ဆင်နေသော ကျန်တပ်ဖွဲ့လေးဖွဲ့ ရှိသေးသည်။ သူတို့ရောက်မလာခင် အချိန်က စကားပြောလိမ့်မည်။
ထိုတပ်ဖွဲ့များတွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်မှ မပါဘဲ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများကသာ ဦးဆောင်နေကြပြီး အင်အားအရ တစ်သိန်းကျော်သည်။ သူတို့သည် ရောက်လာသည်နှင့် ရှေ့မဆိုးနောက်မဆုတ်သာအခြေအနေကို အဆုံးသတ်ပေးမည့် အရေးပါသောအခန်းကဏ္ဍဖြစ်လာမည်။
အားလုံးအထဲ အရေးအကြီးဆုံးမှာ ... မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းချီမှာ မြောင်ပိုင်းသဲကန္တာရ၏ စစ်ကြောင်းကြီးမှ ဒုတိယအသုတ်သာ ဖြစ်နေခြင်းပင်။ လောလောဆယ်တွင် ကျင့်ကြံသူဆယ်သိန်းပါဝင်သော တတိယအသုတ်သည် ရှင်သန်ခြင်းနှင်းပန်းတံတားကို ဖြတ်၍ ချီတက်လာနေကြလေပြီ။
တတိယအသုတ်ကား လမ်းတွင် ဖြစ်ပြီး သူတို့ တောင်ပိုင်းဒေသသို ရောက်လျှင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်အရေအတွက်သည် လေးဦးထပ်တိုးသွားလိမ့်မည်။
ထိုမျှသာမက ထိုလေးဦးသည် သာမန်တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များမဟုတ်၊ မြောက်ပိုင်းသဲကန္တာရတစ်ခုလုံး၌ အစွမ်းအထက်ဆုံး ခေါင်းဆောင်ကြီးလေးဦးဖြစ်၏။
သူတို့ထဲတွင် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ ကျင့်ကြံခြင်းအခြေခံမှာ ကြောက်ခမန်းလိလိပင်။ သူကား အတုအယောင်အင်မော်တယ်များကိုပင် တိုက်ခိုက်နိုင်သည်။
သူတို့ တောင်ပိုင်းဒေသသို့ရောက်သည်နှင့် စစ်နိုင်ဖို့ကား သေချာပြီ။
ဤသည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူအကုန်လုံး ကောင်းကောင်းသိသော အရာဖြစ်ပြီး တောင်ပိုင်းဒေသကျင့်ကြံသူများအနေဖြင့်လည်း ခန့်မှန်းချက်များမှတစ်ဆင့် ကောက်ချက်ချနိုင်သည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်အကုန်လုံး ဤအချက်များကို သိကြသည်။
တောင်ပိုင်းဒေသမှာ ဘာမှမတတ်နိုင်ပေ။ ဤအတိုင်း ကြာနေလျှင် ကပ်ဘေးကြီးကား တောင်ပိုင်းဒေသသို့ ဆိုက်ရောက်တော့မည်ဖြစ်သည်။
မြောက်ပိုင်းသဲကန္တာရ၏ တတိယအသုတ် ရောက်မလာခင် ဤ ဒုတိယအသုတ်ကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်လျှင်တော့ ... မန္တန်ဝင်္ကပါတချို့ ခင်းဖို့နှင့် အနားယူဖို့ အချိန်ရကောင်း ရလိမ့်မည်။
ထိုသို့မဟုတ်လျှင် ၊ ရန်သူတစ်သုတ်ပြီးတစ်သုတ် တိုက်ခိုက်နေရလျှင် တောင်ပိုင်းဒေသတပ်ဖွဲ့များအနေဖြင့် ခြေကုန်လက်ပန်းကျကာ ပဓာနကျသော ပြင်ဆင်မှုများအတွက် အချိန်မရှိဘဲ နေလိမ့်မည်။
မန်ဟိုသည် အရုဏ်ဦးအင်မော်တယ်နှင့် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်ရင်း မျက်လုံးများ အေးစက်စွာ တောက်ပနေ၏။ သူလည်း အခြေအနေတစ်ရပ်လုံးကို နားလည်၍ ယင်းက သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားစေသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး တိုက်ကွက်နောက်တစ်ကွက်အတွက် လှုပ်ရှားတော့မည့်အချိန် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင်က သူ၏မျက်နှာတွင် ပြည့်နှက်သွား၏။
သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ကွက်တစ်ကွက် ဖော်လိုက်ရာ နတ်ဘုရားစွမ်းရည်တစ်ခု ပေါ်လာသည်။ ထို့နောက် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်၏ စွမ်းအားအကုန်လုံးကို အသုံးပြုရင်း စူးရှသောအလင်းရောင်တစ်ခုအား တောက်ပလာစေ၏။
အလင်းတန်းများက မန်ဟို၏ ရုပ်သေးရုပ်ကို စစ်မြေပြင်ထက်က နေမင်းကြီးပမာ တောက်ပလာစေရာ စူးရှသောအလင်းရောင်သည် အရပ်လေးမျက်နှာသို့ ဖြာထွက်နေတော့သည်။
အားကြီးသော အဖျက်စွမ်းအားတစ်ရပ်က ရုပ်သေးရုပ်ထံမှ ထွက်ပေါ်လာသည်။
ဤသည်မှာ စိတ်ကူးကြည့်၍ မရနိုင်သော အဖျက်စွမ်းအားကို ထုတ်လွှတ်ပေးမည့် ခန္ဓာဖောက်ခွဲခြင်းလက္ခဏာတစ်ခုပင်... ဤရုပ်သေးရုပ်ကား အတုအယောင်အင်မော်တယ်အဆင့်မဟုတ်ပါလော။ ၎င်း၏ခန္ဓာဖောက်ခွဲခြင်းစွမ်းအားက ကြက်သေသေသွားရလောက်အောင် အားကြီးသော တိုက်ကွက်တစ်ကွက် ဖြစ်လာလိမ့်မည်။
ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရောင်အဝါက စစ်မြေပြင်ပေါ်ရှိ လူတိုင်းကို မူးချာလည်သွားစေသည်။ မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ပညာရှင်များမှာမူ မျက်နှာပျက်သွားကြ၏။
"သူ ခန္ဓာဖောက်ခွဲတော့မှာပဲ"
"ရုပ်သေးရုပ်ရဲ့ ခန္ဓာဖောက်ခွဲခြင်းက အတုအယောင်အင်မော်တယ်တစ်ဦးကိုတောင် အသက်ထွက်သွားစေနိုင်တဲ့ အံ့မခန်းလှိုင်းတစ်လုံး ထုတ်လွှတ်ပေးနိုင်တယ်"
"မန်ဟို..."
အရုဏ်ဦးအင်မော်တယ်၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူမရင်ထဲတွင် သေစေနိုင်သောအန္တရာယ်အာရုံတစ်ခု ပြည့်နှက်လာသည်။ သူမသည် ရှင်သန်ခြင်းနှင်းပန်းကြာပွတ်ကို စက်ဝိုင်းသဏ္ဍာန် လွှဲရမ်းရင်း ဒိုင်းအကာအကွယ်တစ်ခု ဖန်တီးကာ နောက်ဆုတ်လိုက်၏။
မန်ဟို၏ပြတ်သားမှုက သူမကို လုံးဝ တုန်လှုပ်သွားစေသည်။ ဤသည်မှာ မန်ဟို့အတွက် တောင်ကောင်းကင်ဂြိုဟ်၏ မည်သည့်နေရာကိုသွားသွား ထိပ်ဆုံးရောက်စေနိုင်မည့် အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ကြောင်း သူမ သိသည်။
မည်သည့်အင်အားစုမဆို ဤအတုအယောင်အင်မော်တယ်ရုပ်သေးရုပ်ကို အသက်တမျှ အရေးထားကြလိမ့်မည်။ ၎င်းသည် ပြင်းထန်သောပဋိပက္ခများကိုပင် ဖြစ်ပွားစေနိုင်သော အဖိုးထိုက်ရတနာတစ်ပါးဖြစ်၏။
သို့ထိတိုင် မန်ဟိုကား ၎င်းကို ဖောက်ခွဲပစ်ပေတော့မည်။
အံ့အားသင့်နေသော အရုဏ်ဦးအင်မော်တယ် သူမ၏ဒိုင်းအကာအကွယ်ကို ဖန်တီးပြီးရုံ ရှိသေးသည်၊ မန်ဟိုက ဖောက်ခွဲခြင်းမတိုင်ခင် ဖြစ်ပေါ်လာသော စွမ်းအားတိုးတက်မှုကို သုံးရင်း အရှိန်မြှင့်၍ သူမအရှေ့တွင် ဖျတ်ခနဲ ပေါ်လာခဲ့လေပြီ။ သူသည် သူမ နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်နေသည်ကို မတား၊ ထိုအစား လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သွေးများ အန်ပြီးနောက် .... သူမကို ဖက်လိုက်လေသည်။
မန်ဟို အရုဏ်ဦးအင်မော်တယ်ကို မလွှတ်တမ်း ဖက်ပြီးနောက် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က ရုတ်တရက် သူမ၏ခန္ဓာကိုယ်ကို ခဏတဖြုတ် ရပ်သွားစေသည်။ မန်ဟို၏ထိန်းချုပ်မှုအောက်တွင် ရုပ်သေးရုပ်ကား ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
"နင် သေချင်နေလား" သူမက မျက်နှာရိပ်ခနဲ ဖြစ်သွားရင်း အေးတိအေးစက် ပြောသည်။ ပထမဆုံးအကြိမ်အနေဖြင့် သူမသည် အမှန်တကယ် ဒေါသထွက်သွားသယောင်ပင်။ ပုံရိပ်ယောင် ရှင်သန်ခြင်းနှင်းပန်းက တိုက်ကွက်များကို အငြိုးကြီးကြီး ထုတ်လွှတ်ရင်း တရွှမ်းရွှမ်း မြည်နေသည်။
ချက်ချင်းပင် ပို၍များပြားသော အက်ရာများ ရုပ်သေးရုပ်၏မျက်နှာပြင်တစ်လျှောက် ပြေးလွှားသွားသည်။ အတွင်းရှိ မန်ဟိုမှာ သွေးအန်ပြီး တုန်ရီနေသည်။ သူ့ကို ထိုးနှက်ဝင်ဆောင့်နေသည့် တိုက်ကွက်တစ်ကွက်ချင်းစီမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေနိုင်လေသည်။
ရုပ်သေးရုပ် အက်ကွဲလာသည်နှင့်အမျှ အလင်းတန်းများ ဖြာထွက်လာပြီး မြေငလျင်တို့ လှုပ်ခတ်လာသည်။ ကျင့်ကြံသူအကုန်လုံး တအံ့တဩ မော့ကြည့်လိုက်ကြသည်။
သူတို့ မြင်ရသောအရာမှာ နေတစ်စင်းအတိုင်းပင်။
ဆေးလုံးမိစ္ဆာမှာ ရင်တဒိန်းဒိန်း ခုန်နေသည်။ မန်ဟို၏ ထာဝရကုသနိုင်ခြင်းစွမ်းရည်များနှင့် သွေးမိစ္ဆာမဟာမှော်သိုင်းအကြောင်း သူ သိသည်။ သို့သော် ဤသည်မှာ အင်မော်တယ်ဝိညာဉ်တစ်ခု၏ ခန္ဓာဖောက်ခွဲခြင်းဖြစ်လေသည်။ ထိုကဲ့သို့ပေါက်ကွဲအားမှ မန်ဟို အသက်ရှင်နိုင်မည်လား ဆေးလုံးမိစ္ဆာအတပ်မပြောနိုင်ပေ။
ခေါင်းဆောင်ကြီးစုန့်လည်း အလွန်အမင်း စိုးရိမ်နေသည်။
အားလုံးအထဲ အစိုးရိမ်ဆုံးမှာတော့ မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လေးဦးပင်။
အရုဏ်ဦးအင်မော်တယ်သာ ဖောက်ခွဲခြင်းအတွင်း သေဆုံးသွားပြီး မန်ဟို အသက်ရှင်ကျန်ရစ်ခဲ့လျှင် .... သူတို့အတွက် ဤတိုက်ပွဲကို ဆက်တိုက်နိုင်စရာမရှိတော့ကြောင်း သာဘောပေါက်လိုက်သဖြင့် သူတို့မှာ ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ စစ်တပ်၏ တတိယအသုတ် မရောက်လာသရွေ့ သူတို့အနေဖြင့် ထွက်ပြေးလျှင်ပြေး၊ မပြေးလျှင် အသတ်ခံရလိမ့်မည်။
လေပေါ်တွင် အရုဏ်ဦးအင်မော်တယ်မှာ ဝရုန်းသုန်းကား ရုန်းကန်နေသည်။ မန်ဟို့မျက်နှာမှာ အရုပ်ဆိုးအကျည်းတန်စွာ ရှုံ့မဲ့နေပြီး မိုက်ရူးရဲဆန်သောအငွေ့အသက်က သူ့ကို ဝန်းရံထားသည်။ သူ့မှာ အရုဏ်ဦးအင်မော်တယ်၏ ဒုက္ခပေးခြင်းအား နှစ်နှင့်ချီ ခံခဲ့ရ၍ သူမကို စိတ်ကုန်နေလေပြီ။
"ဒီတစ်ခေါက် သေရမှာက .... ခင်ဗျားပဲ" သူသည် ကောင်းကင်သို့ ထိုးတက်ရင်း အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောလိုက်သည်။
အောက်တွင် ခန္ဓာဖောက်ခွဲ၍မဖြစ်ပေ။ မိတ်ဆွေ၊ ရန်သူမရှောင် သေဆုံးရလိမ့်မည်။ သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ဟိုးအမြင့်ပိုင်းတွင် ခန္ဓာဖောက်ခွဲကာ စွမ်းအားအလုံးစုံကို အရုဏ်ဉီးအင်မော်တယ်အား ဖျက်စီးရာတွင် စုဆုံလိုက်ခြင်းဖြစ်သည်။
သူတို့နှစ်ယောက် အမြင်ဆုံးသို့ ရောက်သောအခါ အရုဏ်ဦးအင်မော်တယ်၏မျက်နှာအပေါ်တွင် အကြောက်တရားတို ပေါ်ပေါက်လာသည်။ ယခုတွင် သူမသည် မည်သို့ပင်လုပ်စေ၊ မလွတ်နိုင်တော့ကြောင်း သဘောပေါက်လိုက်လေပြီ။ ထူးဆန်းသောအလင်းရောင်တစ်ခု သူမ၏မျက်လုံးများတွင် တောက်ပလာပြီး ရုတ်တရက် မရေမတွက်နိုင်သောအရွက်များသည် သူမ၏အရေပြားမှ စတင်ထွက်လာ၏။ ဧရာမကြာပွတ်ကြီးသည် သူမကို ရစ်ပတ်လာသော ဧရာမရှင်သန်ခြင်းနှင်းပန်းကြီးအသွင် ပြောင်းသွားသည်။
ဤအခိုက်အတန့်တွင် မန်ဟို့ ရုပ်သေးရုပ်မှ ထုတ်လွှတ်နေသော အလင်းရောင်သည် အတောက်ပဆုံးသို့ ရောက်သွားလေပြီ။ လေထုသည် ကြေကွဲသွားပြီး ကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်လာ၏။ ဝုန်းခနဲ ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားပြီး မယုံကြည်နိုင်လောက်အောင် အားကောင်းသောအဖျက်စွမ်းအားက တောင်ပိုင်းဒေသတစ်ခွင်လုံး ရိုက်ခတ်ဖြာထွက်သွားလေသည်။
အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည်။
အရုဏ်ဦးအင်မော်တယ်ကို ဝန်းရံရစ်ပတ်ထားသော ဧရာမပန်းကြီးမှာ ကောက်ရိုးခြောက်သဖွယ် တစစီ စုတ်ပြတ်သပ်သွားကာ အတွင်းထဲမှ ကြောက်လန့်နေသောမျက်နှာကို ဖော်ပြလိုက်သည်။
ထို့နောက် အရုဏ်ဦးအင်မော်တယ်၏ပုံရိပ်မှာ အဖျက်စွမ်းအားလှိုင်းကြီး၏ လွှမ်းခြုံခြင်းခံလိုက်ရ၏။
ရုပ်သေးရုပ်ထဲတွင် မန်ဟို၏အသားတို့သည် အက်ကွဲလာပြီး သူ့တစ်ကိုယ်လုံး မီးလောင်စပြုလာသည်။ အရေပြားတချို့ဆိုလျှင် အရည်ပင်ပျော်ကျလာသည်။ ထိုအခိုက်အတန့် သူလည်း လွှမ်းမိုးခံရတော့မည့်အချိန်တွင် ... မိုးကြိုးဒယ်အိုး သူ့လက်ထဲတွင် ပေါ်လာသည်။ အေးစက်မှုက သူ၏မျက်ဝန်းများတွင် လင်းလက်သွား၏။ သူသည် အလွန်ဆိုးရွားသော နာကျင်မှုတို့ဖြင့် ထိုးနှက်ခံနေရသော သေရေးရှင်ရေးအခြေအနေတွင် ဖြစ်သော်လည်း နည်းနည်းလေးမှ ထိတ်ပျာနေခြင်းမရှိပေ။
သူ့မျက်လုံးများက ... စစ်မြေပြင်ဆီသို့ ရွေ့လျားသွားပြီး ... မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦးထံ ရောက်သွားသည်။ ၎င်းသည် လှည့်ပတ်ရစ်ဝဲနေသော ပုံရိပ်ယောင် ရေနဂါးတစ်ကောင်နှင့် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်၏။
***