← Chapters

နိုးထလော့

Vol. 34 Ch. 468

နိုးထလော့

Vol. 34 Ch. 468

မီးခိုးရောင်ကောင်းကင်ကြီးမှာ မီးခိုးရောင် အဝတ်စကြီး တစ်စလိုပင်… ၎င်းသည် အတွန့်အခေါက်များဖြင့် ပြည့်နေပြီး မျက်စိတစ်ဆုံး ကြီးမားကျယ်ပြန့်စွာ တည်ရှိနေ၏။ ဤနေရာတွင် နေ၊ လနှင့် ကြယ်တာရာများ ရှိမနေပေ။ မှုန်မှိုင်းမှိုင်း မီးခိုးရောင် တစ်ခုတည်းသာ ရှိနေပြီး ထိုအရာက လူတစ်ဦး၏ စိတ်နှလုံးအတွင်း စိတ်ပျက်အားလျော့မှုများ ဖြစ်ပေါ်လာစေ၏။

မှုန်မှိုင်းမှိုင်း အရောင်ထံမှ သေဆုံးခြင်း အငွေ့အသက်များ ထုတ်လွှတ်နေပြီး လူတို့အား မီးခိုးရောင် အရိပ်ကြီးအတွင်း နစ်မြုပ်လမ်းပျောက်သွားသလို ခံစားရစေသည်။ ထိုကဲ့သို့ တစ်ဖြည်းဖြည်းဖြင့် သူတို့နှလုံးသားများ ဆူပွက်လာသည်အထိ ခံစားလာရမှာ ဖြစ်သည်။

အနိမ့်၊ အမြင့်၊ အတက်၊ အကျများဖြင့် အဖြူရောင်မြေပြင်သည်လည်း အဝေးထိတိုင် ကျယ်ပြန့်စွာ တည်ရှိနေသည်။ မြေပြင်ထက်၌ အပင်တစ်ပင် ပင် ပေါက်ရောက်နေခြင်း မရှိသလို အခြားအရောင်အသွေးများလည်း ရှိမနေခဲ့ပေ။ ဤနေရာတစ်ခုလုံးတွင် အဆုံးမရှိ ကျယ်ပြောစွာ တည်ရှိနေသော အဖြူရောင်မြေပြင်ကြီးမှအပ နယ်နိမိတ်များလည်း ရှိပုံမပေါ်ချေ။

မည်သူမဆို ထိုအဖြူရောင် မြေပြင်ကျယ်ကြီးနှင့် မီးခိုးရောင် မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီးကိုသာ အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိမည်ဆိုလျှင် ပို၍ပင် လမ်းပျောက်သလို ခံစားရပေလိမ့်မည်။

စုမင် မျက်လုံးများပွင့်လာချိန်၌ ဤသည်က သူမြင်လိုက်ရသော အရာဖြစ်သည်။ အချိန်အကြာကြီး ကြာသွားပြီးနောက် သူသည် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မိ၏။ သူ့ပုံစံမှာ ပုံရိပ်ယောင်တစ်ခုအသွင် ဖြစ်နေခဲ့လေသည်။ သူသည် မြေပြင်မှ ထွက်ပေါ်နေသော အဖြူရောင်အငွေ့များမှ စုဝေးဖြစ်တည်လာသည့် အခိုးအငွေ့ အစုအဝေး တစ်ခုသာဖြစ်၏။ ထိုအဖြူရောင်အငွေ့များသည် အစပိုင်းတါင် အလွန်တရာ အားပျော့သော်လည်း မကြာမီမှာပင် တစ်ဖြည်းဖြည်း စုဝေးသွားကာ လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုလူသည်ကား သူကိုယ်တိုင်ပင် ဖြစ်၏။

စုမင်၏ အနီးပတ်ဝန်းကျင်ရှိ အဖြူရောင်မြေပြင်မှ အငွေ့များစွာ စိမ့်ထွက်နေသည်။ ၎င်းတို့ စုဝေးသွားသောအခါ တစ်ဖြည်းဖြည်းဖြင့် ပိုမိုများပြားသော လူများ ဖြစ်တည်လာခဲ့လေသည်။

ထိုလူအားလုံးမှာ အသစ်တစ်ဖန် မွေးဖွားလာကြသလိုပင်။ ၎င်းတို့၏ မျက်လုံးများမှာ မီးခိုးရောင်ဖြစ်နေပြီး ထိုမီးခိုးရောင် မျက်ဝန်းများအတွင်း၌ သူတို့၏ စိတ်ဝိညာဥ်အထိတိုင် အမြစ်တွယ်နေသော စိတ်ပျက်အားလျော့မှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို မြင်နေရ၏။ သူတို့အားလုံးသည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သော်လည်း နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ်မံသေဆုံးရန်အတွက် ပြန်လည်မွေးဖွားလာနေကြရသလိုပင်… ဤဖြစ်စဥ်သည် ဘဝစက်ဝန်း တစ်ခုအသွင် အဆုံးမရှိ အဖန်တလဲလဲ ဖြစ်ပျက်နေလိမ့်ဦးမှာ ဖြစ်သည်။

ဤအချိန်တွင်တော့ သေခြင်းတရားမှာ ကြောက်စရာအကောင်းဆုံး အရာမဟုတ်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းသည်က စိတ်ဝိညာဥ်တစ်ခုလုံး ထုံထိုင်းသွားသည်အထိ၊ စိတ်ဆန္ဒအားလုံး ပျောက်ဆုံးသွားသည်အထိ သေဆုံး၊ ပျက်စီးနိုင်ခြင်းမရှိပဲ အဆုံးမဲ့၊ ထာဝရ နာနာကျင်ကျင် ရှင်သန်နေရခြင်းသာ ဖြစ်၏။ ထိုအရာအားလုံးသည် လူတစ်ဦးအား… ထာဝရရှင်သန်ခြင်း ဝိညာဥ်တစ်ကောင်အဖြစ်၊ မပျက်စီးနိုင်သော သက်ရှိအလောင်းကောင် တစ်ကောင်အဖြစ် ပြောင်းလဲသွားစေပေလိမ့်မည်။

စုမင် မကြာသေးမီက နိုးထလာခဲ့သော နေရာမှာပင် ထောင်ပေါင်းများစွာသော ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ များအကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ဖူး၏။ ဤစစ်ပွဲသည် အသက်ရှူချိန်ပေါင်းများစွာ အလွန်က၊ သို့တည်းမဟုတ် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အလွန်ကလည်း ဖြစ်ပွားခဲ့ဖူးပုံ ပေါ်လေသည်။ မည်မျှကြာအောင် ထိုသို့ဖြစ်ပျက်နေခဲ့မှန်း စုမင် မသိပါချေ။

ဤသည်က သူနိုးထလာချိန်တွင် မြင်လိုက်ရသော အရာဖြစ်ကြောင်းသာ သူသိနေ၏။

စုမင်မှာ နိုးထလာပြီဟု ဆိုနိုင်သော်လည်း သူ၏ နှလုံးသားမှာမူ လမ်းပျောက်နေဆဲ ဖြစ်သည်။ သူ့မျက်လုံးများမှာလည်း မှုန်မှိုင်းမှိုင်း မီးခိုးရောင်သာဖြစ်ပြီး အသိဥာဏ်များများစားစား မရှိသေးပေ။ သူ မည်သူလဲ၊ ဤနေရာသို့ မည်သို့ရောက်လာခဲ့သလဲ ဆိုသည်ကိုပင် သူမသိချေ။ တစ်ကယ်တမ်း သူ့ခေါင်းထဲတွင် ထိုအရာများကိုပင် စဥ်းစားနိုင်စွမ်းမရှိပဲ သူ့စိတ်တစ်ခုလုံး ဗလာကျင်းနေခဲ့ခြင်းဖြစ်သည်။

သူသည် အသိစိတ်ဗလာဖြင့် မီးခိုးရောင်ကောင်းကင်ကြီးအား ငေးကြည့်နေခဲ့မိသည်မှာ သူ့တစ်ကိုယ်လုံး အဖြူရောင်အငွေ့များ တစ်ဖြည်းဖြည်းပြည့်လာပြီး လုံးလုံးလျားလျားပင် လူပုံပေါ်လာသည်အထိ၊ သူ့အနီးပတ်ဝန်းကျင်ရှိ အခြားသော ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’များအားလုံး ပုံပေါ်ဖြစ်တည်လာခဲ့ချိန် အထိပင်ဖြစ်သည်။

ထို ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ များသည်လည်း စုမင်ကဲ့သို့ပင် မိမိနေရာတွင်ရပ်လျက် မီးခိုးရောင်ကောင်းကင်ကြီးကို သိစိတ်ဗလာဖြင့် ငေးကြည့်နေခဲ့ကြ၏။

ဤကဲ့သို့ အချိန်မည်မျှကြာအောင် ဆက်ဖြစ်နေခဲ့မှန်းမသိပဲ တစ်ရက်တွင်တော့… အဝေးဆီမှ ခရာသံတစ်ခု ပေါ်လာပြီး အဆုံးမရှိသော လောကအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံသည် အလွန်တရာ တိုးညှင်းအားပျော့နေပြီး နယ်မြေပေါင်းမည်မျှကို ဖြတ်သန်းခရီးနှင်လာခဲ့မှန်း မည်သူမှ မသိပါချေ။

ခရာသံ ပေါ်လာသည်နှင့် ထောင်ပေါင်းများစွာသော ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ များမှာ ချက်ချင်းဆိုသလို တုန်ယင်သွားပြီး ခေါင်းပြန်ငုံ့ကာ သူတို့အရှေ့ရှိ ကျယ်ပြောသော လောကကြီးကို လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် အရပ်မျက်နှာတစ်ဖက်တည်းသို့ လှမ်းကြည့်နေကြခြင်းဖြစ်ပြီး ထို့နောက် ခြေထောက်ကိုကြွကာ အရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မျောသွားခဲ့ကြလေသည်။

ထို ‘မသဆုံးနိုင်သော ဝိညာဥ်’ များထဲတွင် စုမင်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ သူ့စိတ်ထဲသို့ ထိုခရာသံ ရိုက်ခတ်လာချိန်တွင် ၎င်းသည် သူ့အား ဆင့်ခေါ်နေသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် ကောင်းကင်အား ငေးကြည့်နေခြင်းကို ရပ်တန့်လိုက်ပြီး ထိုအစား ခရာသံ ထွက်ပေါ်လာရာဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် နံဘေးရှိ အခြားသောဝိညာဥ်များနှင့်အတူ ဖြည်းဖြည်းချင်း ပျံသန်းသွားခဲ့လေသည်။

အချိန်မည်မျှကြာအောင် လွင့်မျောနေခဲ့မိမှန်း စုမင်မသိချေ။ တစ်ကယ်တမ်း သူ့စိတ်ထဲ၌ အချိန်ကာလဟူသော သဘောတရားအကြောင်းပင် ရှိမနေပဲ သူ့အား ဆင့်ခေါ်နေသော ခရာသံတစ်ခုတည်းသာ ရှိနေခဲ့ခြင်းဖြစ်သည်။ အဆုံးမရှိသော ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ အုပ်ကြီးသည် အဖြူရောင်မြေပြင်ထက်၌ အရှေ့သို့ ဦးတည်လွင့်မျောနေခဲ့ကြသည်။

ထိုသို့ လွင့်မျောနေရင်းဖြင့် အချို့သော ဝိညာဥ်များ၏ ပါးစပ်မှ ကျယ်လောင်သော ဟိန်းဟောက်ကြုံးဝါးသံများ တစ်ဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံများမှာ အရေအတွက် ပိုများလာပြီး ထိုနေ့မှာပင် ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ တစ်ကောင်သည် အနောက်သို့ အလျင်အမြန်လှည့်ကာ ဗလာမျက်ဝန်းများဖြင့် သူ့အဖော်တစ်ယောက်ထံ ခုန်အုပ်လိုက်လေသည်။

သူသည် ထိုဝိညာဥ်အား ဆုတ်ဖြဲ၊ ဝါးမြိုကာ သူ့ကိုယ်တွင်းသို့ ပေါင်းစည်းလိုက်၏။ တစ်ခဏအကြာတွင် တိုက်ခိုက်ခံရသည့် ဝိညာဥ်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး တိုက်ခိုက်သူ၏ ခန္ဓာကိုယ်မှာမူ ပိုမို၍ အကောင်အထည် ပေါ်လာခဲ့သည်။ ၎င်း၏ မီးခိုးရောင်မျက်ဝန်းများထဲတွင်လည်း အသိဥာဏ် တစ်စွန်းတစ်စ ရှိနေပြီဖြစ်သည်။

သူ ဝါးမြိုပြီးချိန်မှာပင် သူ့အနီးရှိ ဝိညာဥ်အချို့သည်လည်း အလားတူလုပ်ရပ်မျိုး ပြုလုပ်လိုက်ကြ၏။ ထို့အပြင် စုမင်နံဘေးရှိ ဝိညာဥ်တစ်ကောင်သည်လည်း ထိုသို့ ပြုမူလှုပ်ရှားလာခဲ့လေသည်။

ထိုဝိညာဥ်၏ ပုံစံမှာ အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် အော်ဟစ်ဟိန်းဟောက်လျက် စုမင်ထံသို့ သားရဲရိုင်းတစ်ကောင်သဖွယ် ပြေးဝင်လာ၏။ အနီးသို့ရောက်သည်နှင့် စုမင်အပေါ် ခုန်အုပ်လိုက်ပြီး သူ့ပါးစပ်ကိုဟကာ စုမင်အား ကိုက်ချလိုက်လေသည်။

စုမင်ဘက်မှ ပြန်လည်ခုခံမှု မရှိခဲ့ပေ။ သူ၏ မျက်ဝန်းများအတွင်း မိန်းမောတွေဝေနေသော အကြည့်တစ်ခုသာ ရှိနေဆဲဖြစ်ပြီး ထိုဝိညာဥ်အား သူ့ခန္ဓာကိုယ်ကို ကိုက်ဖြတ်ဝါးမြိုခွင့် ပြုထားလေသည်။ သူ့စိတ်ဝိညာဥ်ထံမှ နာကျင်မှုသည် စုမင်တစ်ကိုယ်လုံးကို တုန်ယင်သွားစေ၏။ ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ်အား အပိုင်းပိုင်းဆုတ်ဖြဲခံနေရသော ခံစားချက်မျိုးကို သူ နိုးထမလာမီက ဖြတ်သန်းခံစားခဲ့ရဖူးကြောင်း ရုတ်ခြည်း ပြန်လည်သတိရသွားတော့၏။

“ဒီတော့ ငါ တစ်ကြိမ် သေသွားခဲ့ပြီးပြီပေါ့…” စုမင်တစ်ယောက် တီးတိုးရေရွတ်လိုက်မိလေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ပိုင်းမှာ အဘိုးအိုထံတွင် ဝါးမြိုခံလိုက်ရပြီးပြီ ဖြစ်သည်။ ထိုပုံစံအရ သူ့တစ်ကိုယ်လုံး ဝါးမြိုခံရရန် အချိန်သိပ်လိုတော့မည့်ပုံ မပေါ်တော့ပေ။

အချိန်ကျလာလျှင် စုမင်နှင့် ပက်သက်သမျှ အရာအားလုံး တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလိမ့်မည် ဆိုသော်လည်း သူ သေဆုံးသွားလိမ့်မည်တော့ မဟုတ်ပေ။ ထိုအစား အချိန်တစ်ချို့ ကြာပြီးနောက် အဖြူရောင်အငွေ့များ တစ်ဖန်စုဝေးလာကာ သူ ပြန်လည်ဖြစ်တည်လာပြီး ဤထာဝရလောကထဲမှာပင် အလားတူသေခြင်းမျိုးကို နောက်တစ်ကြိမ် ဖြတ်သန်းရလိမ့်ဦးမှာ ဖြစ်သည်။ သူသည် ထိုအရာအား အဆက်မပြတ် တွေ့ကြုံခံစားရင်း ၎င်းစက်ဝန်းမှာ အဆုံးမရှိ… အဖန်တလဲလဲ ဖြစ်ပျက်နေပေလိမ့်မည်။

‘ငါ အရင်က ဒီခံစားချက်ကို တစ်ကြိမ်ခံစားဖူးပြီးသွားပြီ… နောက်တစ်ခါ ထပ်မကြုံချင်တော့ဘူး…’ စုမင်၏ စိတ်ဆန္ဒတို့မှာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနေသော်လည်း ရုတ်တရက်ဆိုသလို သူ့မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် လောင်မြိုက်လာခဲ့၏။ ထို့နောက်တွင်တော့ သူသည် တစ်ဖက်သို့ အမြန်လှည့်ကာ အဘိုးအိုအား စတင်ဝါးမြိုတော့သည်။

‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ နှစ်ကောင်မှာ အချင်းချင်း စတင်ဝါးမြိုကြလေပြီ။ ဤသည်က သူတို့နှစ်ဦးအတွက် တစ်ကမ္ဘာဖြစ်နေသော်လည်း အနီးပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော ဝိညာဥ်များအတွက်မူ အရေးပါပုံမရပဲ အနည်းငယ်ပင် အာရုံစိုက်မခံခဲ့ရပေ။

အချိန်တို့က တစ်ဖြည်းဖြည်း ကုန်လွန်သွားသည်။ မျက်နှာထက်၌ အသိဥာဏ်အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လာသော ဝိညာဥ်များသည် ၎င်းတို့၏ အဖော်များကို ဝါးမြိုစားသုံးပြီးသည်နှင့် ဗိုက်ပြည့်သွားပုံပေါ်ပြီး သူတို့ခန္ဓာကိုယ်များမှာလည်း ပိုမို၍ အကောင်အထည် ပေါ်လာကြ၏။ ထို့နောက် ၎င်းတို့သည် ကောင်းကင်သို့မော့၍ ကျယ်လောင်စွာ အောဟစ်ဟိန်းဟောက်လိုက်ကြလေသည်။

ထိုဟိန်းဟောက်သံများမှာ အဆုံးမဲ့လောကတစ်ခွင် အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့သည်။ အဆိုပါ ဝိညာဥ်များသည် ၎င်းတို့၏ အသစ်တစ်ဖန် မွေးဖွားလာမှုအား အသံများကိုသုံးလျက် ကြေညာလိုက်ကြခြင်း ဖြစ်သည်။ ဟိန်းဟောက်သံများမှာ တစ်ဖြည်းဖြည်း များပြားလာပြီး အဆုံးတွင်တော့ ထောင်ပေါင်းများစွာသော ဝိညာဥ်များအတါင်း အော်ဟစ်ဟိန်းဟောက်နေသော ဝိညာဥ်အရေအတွက်မှာ နှစ်ဆယ့်ခုနစ်ကောင်အထိ ရှိလာခဲ့ပြီဖြစ်သည်။

ထိုဟိန်းဟောက်သံများကြောင့် အနီးရှိ ဝိညာဥ်များ၏ မျက်နှာထက်တွင် ကြောက်ရွံ့တုန်လှုပ်ဟန် အရိပ်အယောင်များ ပေါ်လာပြီး ၎င်းတို့၏ ဝိညာဥ်ခန္ဓာကိုယ်များမှာ တဆတ်ဆတ် တုန်ယင်လာကြ၏။ ဝိညာဥ် နှစ်ဆယ့်ခုနစ်ကောင်မှာ သူတို့ထက် အဆင့်ချင်း သာလွန်နေခဲ့သည့် အလားပင်… သူတို့အနေဖြင့် မည်မျှပင် ဘေးပတ်ဝန်းကျင်အား မသိအောင် မိန်းမောထုံထိုင်းနေပါစေ၊ ထိုအရာက သူတို့အား ဖိနှိပ်နေပြီး ကြောက်ရွံ့လာစေ၏။

စုမင်နှင့် အဘိုးအိုတို့မှာ တစ်ဦးနှင့်တစ်ဦး ဆက်လက်ဝါးမြိုနေကြဆဲဖြစ်သည်။ အဘိုးအိုသည် ရူးသွပ်စွာ အော်ဟစ်ဟိန်းဟောက်လျက် ကြမ်းကြုတ်ရက်စက်သော ဝါးမြိုခြင်းတိုက်ပွဲအတွင်း စုမင်အား အနိုင်ရရန် ကြိုးစားနေ၏။ သို့သော်လည်း စုမင်၏ ဝါးမြိုမှုကြောင့် အဘိုးအိုမှာ တစ်ဖြည်းဖြည်း အားနည်းလာပြီး အဆုံးတွင်မတော့ သူ့ဝိညာဥ်တစ်ခုလုံးမှာ စုမင် ပိုမိုသန်မာလာရေးအတွက် အာဟာရများ ဖြစ်သွားတော့သည်။

သူ၏ ပထမဆုံးဝိညာဥ်ကို ဝါးမြိုပြီးသည်နှင့် စုမင်တစ်ယောက် အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူ့ကိုယ်တွင်း၌ အနည်းငယ် ဖောင်းပွလာသော စွမ်းအင်လှိုင်းတစ်ခုကိုလည်း ခံစားလိုက်မိ၏။ ထိုစွမ်းအင်သည် သူ့ခန္ဓာကိုယ်အား ရိုက်ခတ်သွားပြီး စိတ်ထဲသို့ တိုးဝင်လာကာ စုမင်မျက်ဝန်းထဲတွင် ရုန်းကန်နေရသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ့စိတ်ထဲတွင် အပိုင်းပိုင်း ဆုတ်ဖြဲခံနေရသော နာကျင်မှုများသာ ပြည့်နေပြီး ၎င်းတို့က ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။

နာကျင်မှုက ပြင်းထန်လွန်းသဖြင့် စုမင်၏ စိတ်တို့ပင် ပြိုလဲသွားတော့မလို စတင်ခံစားလာရ၏။ ထို့နောက် သူ့စိတ်တို့ ပြိုကွဲလာစဥ်မှာပင် စုမင်၏ ဗလာကျင်းနေသော ခေါင်းထဲသို့ မှတ်ဥာဏ်တစ်ချို့ ပြန်လည်တိုးဝင်လာခဲ့တော့သည်။

“ငါက… ဘယ်သူ… လဲ…” စုမင်သည် ကောင်းကင်သို့မော့ကာ ကျယ်လောင်စွာ အော်ဟစ် ဟိန်းဟောက်လိုက်၏။ ထိုဟိန်းဟောက်သံသည်ကား အသစ်တစ်ဖန် မွေးဖွားလာသော နှစ်ဆယ့်ရှစ်ခုမြောက် ဘဝအတွက် ကြွေးကြော်လိုက်သံပင် ဖြစ်ချေတော့သည်။

စုမင်၏ ဟိန်းဟောက်သံသည် အခြား အသံ နှစ်ဆယ့်ခုနစ်ခုအား တုန့်ပြန်လိုက်သည့်အလား… အသံများမှာ တစ်ဖြည်းဖြည်း ပေါင်းစည်းသွားပြီး ထိုသေးငယ်သော ဧရိယာအတွင်းရှိ ကောင်းကင်နှင့်‌ မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။ အခြားသော ဝိညာဥ်ထောင်ပေါင်းများစွာသည် မြေပြင်ထက်သို့ ဒူးထောက်ချလိုက်ကာ တဆတ်ဆတ် တုန်ရီနေကြ၏။ မတ်တပ်ရပ်လျက် ကျန်နေခဲ့သည်မှာ အဆိုပါ ဝိညာဥ်နှစ်ဆယ့်ရှစ်ကောင်သာ ဖြစ်ပြီး ၎င်းတို့အထဲ၌ စုမင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်လေသည်။

ပထမဆုံး ပေါ်လာချိန်၌ ၎င်းတို့အားလုံး၏ ပုံစံများမှာ အလွန်တရာ တူညီခဲ့ကြသော်လည်း အခြားဝိညာဥ်များကို စားသုံးဝါးမြိုရင်းဖြင့် တစ်ဖြည်းဖြည်း စတင်ပြောင်းလဲလာကာ ကွဲပြားခြားနားမှုများလည်း ပေါ်လာခဲ့ကြသည်။ ဤသို့ တစ်ဖြည်းဖြည်းဖြင့်ပင် ၎င်းတို့၏ မှတ်ဥာဏ်အားလုံးကို ပြန်လည်ရရှိလာကြလိမ့်မှာ ဖြစ်သည်။

ထိုအချိန်မှာပင် အဝေးဆီမှ ခရာသံသည် နောက်ထပ်တစ်ဖန် ပေါ်လာခဲ့ပြန်၏။ ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် စုမင်သည် အော်ဟစ်ဟိန်းဟောက်နေရာမှ တစ်ဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ အခြား ဝိညာဥ်နှစ်ဆယ့်ခုနစ်ကောင်သည်လည်း ဖြည်းဖြည်းချင်း ငြိမ်ကျသွားကာ သာမန်ဝိညာဥ်များထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် အရှေ့သို့ စတင်လွင့်မျောသွားကြ၏။

စုမင်၏ မျက်လုံးများမှာ မီးခိုးရောင်ဖြစ်နေဆဲပင်။ သူသည် ငြိမ်ကျသွားပြီးသည်နှင့် အခြား ဝိညာဥ်နှစ်ဆယ့်ခုနစ်ကောင်နှင့်အတူ ထောင်ပေါင်းများစွာသော ဝိညာဥ်များအား ဦးဆောင်လျက် အရှေ့သို့ ဆက်လက်ပျံသန်းသွားတော့သည်။ ၎င်းတို့အားလုံး၏ ပုံစံက တာဝန်တစ်ခုအတွက် အရှေ့သို့ ဦးတည်လွင့်မျောသွားနေကြသလိုပင်…

အချိန်များက ဖြည်းညှင်းစွာ ကုန်လွန်သွားသည်။ မည်မျှကြာမြင့်သွားခဲ့ပြီမှန်း စုမင်မသိချေ။ သူ့ခေါင်းထဲတွင် သူ့နာမည်အား စဥ်းစားနေခြင်းမှအပ အခြားအတွေးတို့ ရှိမနေခဲ့ပေ။ ခရာသံတစ်ခုတည်းကသာ သူ့အား လမ်းညွှန်စေခိုင်းလျက် ဆက်လက် လှုပ်ရှားနေစေခဲ့ခြင်း ဖြစ်သည်။

အရှေ့သို့ ဦးတည်လွင့်မျောနေစဥ်အတွင်း စုမင်သည် အခြား ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ များကို အောင်အောင်မြင်မြင်ပင် ထပ်မံဝါးမြိုခဲ့၏။ အလားတူပင် အချို့သော ဝိညာဥ်များသည်လည်း အသိဥာဏ်ရှိလာပုံပေါ်ပြီး အချင်းချင်း စတင်ဝါးမြိုခဲ့ကြလေသည်။

အခြားဝိညာဥ်တစ်ကောင်အား စားသုံးပြီးချိန်တိုင်း စုမင်၏ ခန္ဓာကိုယ်မှာ ပိုမို အကောင်အထည်ပေါ်လာခဲ့၏။ ရှစ်ကောင်ခန့် ဝါးမြိုပြီးသောအခါ ခြေထောက်များမှအပ စုမင်၏ တစ်ကိုယ်လုံးမှာ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော အခြေအနေတွင် ရှိမနေတော့ပေ။ ယခုအခါ သူ့ပုံစံက အသွေးနှင့် အသားနှင့် လူတစ်ဦးသဖွယ် ဖြစ်နေခဲ့ပြီဖြစ်သည်။

သူ၏ အနက်ရောင်ဆံပင်ရှည်များမှာ အနောက်တွင် လွင့်မျောနေ၏။ သူ့မျက်လုံးများမှာ မီးခိုးရောင် ဖြစ်နေသေးသော်လည်း မျက်ဝန်းထဲတွင် အေးစက်မှု တစ်စွန်းတစ်စနှင့် အသိဥာဏ် အရိပ်အယောင်တို့ ရှိနေခဲ့ပြီဖြစ်သည်။

ထောင်ပေါင်းများစွာသော ဝိညာဥ်အုပ်ကြီးထဲတွင် စုမင်ကဲ့သို့ ဝိညာဥ်မျိုး အကောင်ငါးဆယ်ခန့် ရှိနေခဲ့ချေပြီ။ သူတို့သည် ခရာသံ ထွက်ပေါ်လာရာဆီသို့ ဆက်လက်ချီတည်နေခဲ့ကြ၏။

နေ့လော၊ ညလော ခွဲခြားနိုင်စွမ်းမရှိသော လောကကြီးအတွင်း တစ်နေ့တွင်တော့… သူတို့အရှေ့တွင် အခြားဝိညာဥ်အုပ်စုတစ်ခုကို စုမင် မြင်လိုက်ရလေသည်။ ထာဝရရှင်သန်ခြင်း ဝိညာဥ်အုပ်ကြီးနှစ်ခုသည် အချင်းချင်း မြင်တွေ့သွားသည်နှင့် သိသိသာသာပင် သာမန်ထက် ပိုမိုသန်မာသော ဝိညာဥ်များထံမှ ကျယ်လောင်စူးရှသော အော်ဟစ်ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့၏၊။

အခြားသော စစ်ပွဲတစ်ခု စတင်ခဲ့လေပြီ။

စုမင်သည် သူတို့ဆီသို့ ဦးတည်လာနေသော ဝိညာဥ်အုပ်ကြီးကို ကြည့်နေမိပြီး သူ့ခေါင်းအတွင်းရှိ အပိုင်းပိုင်း ဆုတ်ဖြဲခံနေရသော နာကျင်မှုမှာ ပိုမိုပြင်းထန်လာသည်။ ထို့နောက် ရုတ်ခြည်းဆိုသလို သတိရသွားခဲ့ချေပြီ။ ယခင်ကလည်း သူ ယခုလိုစစ်ပွဲမျိုး ဖြတ်သန်းခဲ့ဖူး၏…

ယခုတော့ ထိုအရာကို မှတ်မိသွားခဲ့ပြီဖြစ်သည်။ သူသည် ယခင်စစ်ပွဲအတွင်း တစ်စုံတစ်ဦး၏ ဝါးမြိုခံရပြီး သေဆုံးသွားခဲ့ကာ… တစ်ဖန်ပြန်လည်၍ နိုးထလာခဲ့ခြင်းပင်။

စုမင်မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ထင်ဟပ်လာသည်။ သူ မသေချင်ပေ။ တစ်ကြိမ် သေဆုံးသွားတိုင်း တစ်စုံတစ်ရာအား နည်းနည်းချင်းစီ ဆုံးရှုံးသွားနေရသည်ဟု သူ့နှလုံးသားထဲတွင် ခံစားနေရ၏။ ထိုအရာက ဘာမှန်းသေချာမသိသော်ငြား သူ၏ ပင်ကိုယ်သိစိတ်မှ ပြောနေခဲ့သည်မှာ သေဆုံးသွားလို့ မဖြစ်ဟူ၍ပင်…

ထိုနေရာတစ်ဝိုက်ရှိ လေထုထဲတွင် အော်ဟစ်ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ ထာဝရရှင်သန်ခြင်း ဝိညာဥ်အုပ်ကြီးနှစ်ခုမှာ တစ်ဖက်ဆီသို့ တစ်ဖက် ရူးသွပ်စွာ ပြေးဝင်သွားကြလေပြီ။ ပေငါးထောင်၊ ပေသုံးထောင်၊ ပေနှစ်ထောင်… ထို့နောက် ပေငါးရာ၊ ပေနှစ်ရာ အစရှိသည်ဖြင့်…

All Chapters