← Chapters

ဖိနှိပ်ရိုက်ခတ်၊ ဆုပ်ကိုင်သိမ်းဆည်း

Vol. 34 Ch. 469

ဖိနှိပ်ရိုက်ခတ်၊ ဆုပ်ကိုင်သိမ်းဆည်း

Vol. 34 Ch. 469

ဝိညာဥ်စစ်တပ်ကြီး နှစ်ခုမှာ ပေတစ်ရာခန့်သာ ကွာဝေးတော့ပြီး အချင်းချင်း အရူးအမူး စတင်ဝါးမြိုရန် အသင့်ဖြစ်နေခဲ့ချေပြီ။ သို့သော်လည်း သေခြင်း၊ ရှင်ခြင်း တိုက်ပွဲကြီး စတင်တော့မည့် တစ်ခဏ၊ စုမင်၏ မျက်လုံးထဲတွင် ရူးသွပ်မှုများပေါ်လာပြီး သတ်ဖြတ်ရန်မှအပ အရာအားလုံးကို မေ့လျော့သွားသည့် တစ်ခဏမှာပင်…

ရုတ်တရက်ဆိုသလို မီးခိုးရောင်ကောင်းကင်ထက်တွင် အနက်ရောင်အလင်းတန်းကြီးတစ်ခု ဖြတ်သန်းရောက်ရှိလာခဲ့၏။ ထိုအလင်းတန်းသည် ပေထောင်ပေါင်းများစွာ ရှည်လျားပြီး အလင်းတန်းထိပ်တွင် ရှိနေသည်က လူတစ်ဦးဖြစ်သည်။

အဖြူရောင်ဝတ်စုံဖြင့် ထိုလူ၏ ဆံပင်ဖြူများက လေတွင်လွင့်မျောနေသည်။ သူ၏ ငြီးငွေ့နေဟန် မှုန်မှိုင်းမှိုင်း မျက်ဝန်းများက မြင်လိုက်ရသူတိုင်းကို ကြောက်ရွံ့သွားစေနိုင်၏။ သူ့ထံမှ ထွက်ပေါ်နေသော အားလှိုင်းများက ထောင်နှင့်ချီသော ဝိညာဥ်များကို တဆတ်ဆတ် တုန်ရီလာစေခဲ့သည်။ ဝိညာဥ်အုပ်ကြီး နှစ်ခုကြားရှိ အကွာအဝေးမှာ ပေတစ်ရာခန့်သာ လိုတော့သော်လည်း ယခုအခါ မည်သူကမျှ မလှုပ်ရှားရဲတော့ချေ။

ဆံဖြူအဘိုးအိုသည် ကောင်းကင်အမြင့်မှ ဆင်းသက်လာပြီး ဝိညာဥ်များ၏အထက်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ အောက်သို့ တစ်ချက်ပင် ငုံ့မကြည့်ပဲ လေထုကို ရိုက်ချလိုက်ပြီး ဆုပ်ကိုင်ဟန်ပြုလိုက်၏။

ထိုသို့ ရိုက်ချလိုက်ချိန်တွင် ဝတ်စုံဖြူအဘိုးအိုသည် ကောင်းကင်နှင့် တစ်သားတည်းဖြစ်သွားသည်ဟုပင် စုမင် ရေးတေးတေး ခံစားလိုက်ရ၏။ ကောင်းကင်ကြီးသည် အောက်သို့ တစ်ဖြည်းဖြည်း ဖိနှိပ်ကျဆင်းလာနေသည်ဟူသော ခံစားချက်တစ်ခုကလည်း သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုခံစားချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို စတင်ပြိုကွဲလာပြီး သူ့အနီးဝန်းကျင်ရှိ အခြားဝိညာဥ်များသည်လည်း အလားတူ စတင်ပြိုကွဲလာကြ၏။

ပိုမို၍ ထိခိုက်ခံရသည်က ဝိညာဥ်အုပ်ကြီး၏ နောက်ပိုင်းမှပါလာသော အသိဥာဏ်မရှိသည့် ဝိညာဥ်များပင်ဖြစ်သည်။ ထိုဝိညာဥ်များသည် အစိတ်စိတ် ပြိုကွဲသွားပြီး သူတို့မွေးဖွားဖြစ်တည်လာရသည့် အဖြူရောင်အငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွား၏။

စုမင်ကဲ့သို့ သန်မာသောဝိညာဥ်များသည်ပင် တဆတ်ဆတ် တုန်ရီနေကြလေသည်။ ထို့နောက် သူတို့ခန္ဓာကိုယ်များသည်လည်း အသက်တစ်ရှိုက်စာပင် မကြာလိုက်ပဲ ပေါက်ကွဲသွားကြ၏။

စုမင်သည်လည်း အလားတူပင်…

သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပြိုကွဲသွားနေသည်ကို သူရပ်ကြည့်နေခဲ့ရ၏။ သူ့တစ်ကိုယ်လုံး အဖြူရောင်အငွေ့များအဖြစ် ပြောင်းလဲသွားချိန်မှာပင် ကောာင်းကင်ထက်ရှိ ဝတ်စုံဖြူအဘိုးအိုသည် ညာလက်ဖြင့် လေထုကို ဆုပ်ကိုင်ဟန်ပြုလုပ်လိုက်သည်။

မြေပြင်ထက်ရှိ ထာဝရရှင်သန်ခြင်း ဝိညာဥ်အားလုံးမှာ တဝုန်းဝုန်း ပေါက်ကွဲပျက်ဆီးလျက် အဖြူရောင်အခိုးအငွေ့များအသွင်ဖြင့် ကောင်းကင်သို့ ထိုးတက်သွားသည်။ အဖြူရောင်အငွေ့များသည် အဘိုးအို၏ လက်ဖဝါးပေါ်သို့ အကုန်အစင် စုပ်ယူခံလိုက်ရပြီး လက်သီးဆုပ်အရွယ်ခန့်ရှိသော မြူခိုးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အဘိုးအိုသည် မြူခိုးလုံးကို လက်ချောင်းများဖြင့် ဆုပ်ညှစ်လိုက်သည်နှင့် ၎င်းက သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ထိုဖြစ်ရပ်ကြီး တစ်ခုလုံးမှာ အသက်သုံးရှိုက်စာပင် မကြာမြင့်ခဲ့ချေ။ အဘိုးအိုသည် ထိုနေရာ၌ တစ်ခဏပင် ဆက်မနေပဲ ချက်ချင်းပြန်လှည့်ထွက်သွားပြီး အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့၏။

နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်… စုမင် အပါအဝင် ထောင်ပေါင်းများစွာသော ဝိညာဥ်အားလုံးမှာ ပျက်စီးပျောက်ကွယ်သွားခဲ့ချေပြီ။

အချိန်များက နောက်တစ်ကြိမ် ကုန်ဆုံးသွားပြန်၏။ လပေါင်းများစွာ ကြာသွားပြီးနောက် ထိုနေရာရှိ မြေပြင်မှ အဖြူရောင်အငွေ့လေးများ စတင်ပန်းထွက်လာသည်။ ထိုအဖြူရောင်အငွေ့များသည် အတူတကွ စုဝေးသွားပြီး မပီဝိုးတဝါးလူပုံရိပ်များအဖြစ် ပြောင်းလဲလာသည်။

ထိုလူများ၏ ပုံပန်းသွင်ပြင်အား ထင်ထင်ရှားရှား မမြင်ရသေးသော်လည်း သေချာကြည့်မည်ဆိုလျှင် ၎င်းတို့သည် လွန်ခဲ့သောလပေါင်းများစွာခန့်က ဤနေရာ၌ သေဆုံးသွားခဲ့ကြသော ထာဝရရှင်သန်ခြင်း ဝိညာဥ်များဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

ထာဝရရှင်သန်ခြင်းဟူသော အခေါ်အဝေါ်သည် သူတို့အနေဖြင့် လုံးလုံးလျားလျား မသေဆုံးနိုင်ခြင်းကြောင့် မဟုတ်ပဲ တစ်ကယ်တမ်း သေဆုံးသွားပြီးနောက်မှာပင် ပြန်လည်ရှင်သန်လာနိုင်ပြီး ထိုဘဝစက်ဝန်းက အဆုံးမရှိ ဆက်လက်ဖြစ်ပျက်နေဦးမည် ဖြစ်သောကြောင့်ပင်…

ထိုနေ့က စုမင်သေဆုံးသွားခဲ့သောနေရာတွင် မပီဝိုးတဝါး ပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်သည် အခြားသောဝိညာဥ်များနှင့် အနည်းငယ်ကွဲပြားနေ၏။

၎င်းသည် လက်အား အဆက်မပြတ် လှုပ်ရှားနေပြီး လေထုကို ရိုက်ချပြီးနောက်၊ ဆုပ်ကိုင်လိုက်ဟန် ထူးဆန်းသော အပြုအမူကို အကြိမ်ပေါင်းများစွာ ပြုလုပ်နေခဲ့သည်။ အဖြူရောင်အငွေ့များ စုဝေးလာပြီး ပုံသဏ္ဍာန်များ ရှင်းရှင်းလင်းလင်း ပေါ်လာချိန်တွင် ထိုထူးဆန်းသော လှုပ်ရှားမှုများကို ပြုလုပ်နေခဲ့သော ပုံရိပ်၏မျက်နှာသည်လည်း ပေါ်ထွက်လာခဲ့၏။ ၎င်းက စုမင်ကိုယ်တိုင်ပင် ဖြစ်လေသည်။

သို့သော်ငြား သူ့မျက်လုံးများမှာ မီးခိုးရောင်မှုန်မှိုင်းမှိုင်းသာ ဖြစ်ပြီး မည်သည့်အသိဥာဏ်မှ ရှိနေသေးပုံ မပေါ်ပေ။ သူသည် လေထုအား ရိုက်ခတ်၊ ဆုပ်ကိုင်ဟန် လှုပ်ရှားမှုအတွဲလိုက်ကိုသာ အကြိမ်ကြိမ် လုပ်ဆောင်နေသော ညာလက်အား ငေးမောစိုက်ကြည့်နေခဲ့၏။

သူ့နာမည်ကိုပင် သူမသိသလို၊ သူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဤနေရာသို့ ဘယ်လိုရောက်နေမှန်းကိုပင် သူမသိချေ။ တစ်ကယ်တမ်း သူ့ခေါင်းထဲတွင် ထိုမေးခွန်းများပင် ရှိမနေခဲ့ခြင်းဖြစ်သည်။ ယခုအချိန်၌ သူ့မျက်လုံးထဲတွင် လှုပ်ရှားနေသော သူ၏ညာလက်မှအပ တစ်လောကလုံးရှိ မည်သည့်အရာကမျှ အရေးမပါပါချေ။

အဘယ်ကြောင့် ထိုလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်မိနေမှန်း သူကိုယ်တိုင်လည်း မသိပေ။ ထိုအရာများက သူ့မသိစိတ်ထဲတွင် စွဲထင်နေခဲ့သလိုပင်… ဤသို့ဖြင့် တစ်ဖြည်းဖြည်းဖြင့် သူ့ပတ်ဝန်းကျင်ရှိ မြူခိုးများမှာ စုဝေးသွားကြပြီး အခြားသော ထာဝရရှင်သန်ခြင်း ဝိညာဥ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ ၎င်းတို့၏ ပုံသဏ္ဍာန်များမှာလည်း တစ်ဖြည်းဖြည်း ရှင်းလင်းပြတ်သားလာကြ၏။ ထိုဝိညာဥ်များအားလုံးသည် ကျယ်ပြောသော မီးခိုးရောင်ကောင်းကင်ကြီးကိုသာ မော့ကြည့်နေကြလေသည်။

စုမင် တစ်ဦးတည်းသာ သူ့လက်ကိုသူ ငုံ့ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် လေထုအား ရိုက်နှက်ခြေမွကာ၊ ဆုပ်ကိုင်ဟန် ထိုအပြုအမူကို အကြိမ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်နေခဲ့မိ၏။

ရက်ပေါင်းများစွာကြာပြီးနောက်… ကောင်းကင်ယံတွင် ခရာသံတစ်ခု ပေါ်လာခဲ့သည်။ ထိုအသံပေါ်လာသည်နှင့် ဝိညာဥ်အားလုံးမှာ ဆတ်ခနဲ တုန်ယင်သွားပြီး အသံလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များမှာ စတင်လှုပ်ရှားလာပြီး အသံလာရာဆီသို့ ဖြည်းဖြည်းချင်း လွင့်မျောသွားကြသည်။

စုမင်ဦးခေါင်းများ ယခုအချိန်ထိ မော့မလာသေးပေ။ သူသည် အခြားဝိညာဥ်များနှင့်အတူ ခရာသံရှိရာသို့ ဦးတည်ရွေ့လျားနေခဲ့သော်လည်း တရစပ်လှုပ်ရှားနေသော သူ၏ ညာလက်ကိုသာ ငုံ့ကြည့်နေဆဲဖြစ်သည်။

သူ့လက်လှုပ်ရှားမှုနှင့်စာလျှင် လောက၌ မည်သည့်အရာကမျှ သူ၏ စိတ်ဝင်စားမှုကိုရရန် မလှုံ့ဆော်နိုင်သည့်အလား…အရှေ့သို့ ဦးတည်ခရီးနှင်လာရင်း စုမင်တစ်ယောက် ထိုလှုပ်ရှားမှုကိုသာ အကြိမ်ကြိမ် ဆက်လက်လုပ်ဆောင်နေခဲ့မိသည်။ သူ၏ တည်ရှိမှုသည် အနီးဝန်းကျင်ရှိ အခြားဝိညာဥ်များကြား၌ ထင်ရှားပေါ်လွင်နေခဲ့၏။

ရှေ့ဆက်တိုးလာရင်း အချို့သောဝိညာဥ်များမှာ အသိဥာဏ်အနည်းငယ် ရလာကြသည်။ ၎င်းတို့ထံမှ ကျယ်လောင်သော ဟိန်းဟောက်သံများ တစ်ဖြည်းဖြည်း ထွက်ပေါ်လာပြီး သူတို့မျက်ဝန်းများထဲရှိ ရက်စက်ကြမ်းကြုတ်မှုတို့မှာ လုံလောက်သော အနေအထားတစ်ခုသို့ ရောက်ရှိသွားချိန်တွင်တော့ ယခင်အကြိမ်ကလိုပင် သူတို့အဖော်များကို ရူးသွပ်စွာ စတင်ဝါးမြိုကြတော့လေသည်။

ဤတစ်ကြိမ် နိုးထလာသော ဝိညာဥ်များထဲတွင် အချို့သည် နောက်ဆုံးအကြိမ်က ဝိညာဥ်များပင်ဖြစ်သော်လည်း ယခုအကြိမ်တွင်မှ နိုးထလာသော ဝိညာဥ်အသစ်အချို့လည်း ပါဝင်နေလေသည်။

အနီးဝန်းကျင်ရှိ ဝိညာဥ်များမှာ အချင်းချင်း စတင်ဝါးမြိုနေကြသော်လည်း စုမင်သည် ခေါင်းကိုငုံ့လျက် လက်ကိုဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။ သူ့နံဘေးတွင် နိုးထလာသော ဝိညာဥ်မရှိသေးသဖြင့် ယခုအချိန်က သူ့အတွက် လုံခြုံနေသေး၏။ စတင်ဝါးမြိုနေသော အခြားဝိညာဥ်များသည်လည်း စုမင်ကို သတိမပြုမိကြပေ။ လေထုအား ရိုက်ခတ်၊ ဆုပ်ကိုင်သော လှုပ်ရှားမှုအတွဲလိုက်ကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးချိန်တွင်တော့ စုမင်အရှေ့တွင် အားပျော့သော လှိုင်းဂယက်လေးများ တစ်ဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ထိုအားလှိုင်းများသည် အားပျော့ကာ သိပ်မသိသာသေးသော်လည်း အမှန်တစ်ကယ်ပင် တည်ရှိနေခြင်းဖြစ်၏။

စုမင်သည် ထိုအားလှိုင်းများကို လိုက်ကြည့်မနေခဲ့ပေ။ ထိုအစား လေထုကို ရိုက်ခတ်၊ ဆုပ်ကိုင်သောလှုပ်ရှားမှုကို ပြုလုပ်နေသည့် သူ၏ ညာလက်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့၏။

အချိန်များ ထပ်မံကုန်လွန်သွားသည်။ အချို့သောဝိညာဥ်များမှာ သေဆုံးသွားပြီး အနိုင်ရရှိခဲ့သော ဝိညာဥ်များ၏ ကြွေးကြော်ဟိန်းဟောက်သံများက ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပျံ့နှံ့သွားသည်။ ဤတစ်ကြိမ်တွင် သန်မာသောဝိညာဥ်ပေါင်း သုံးဆယ့်နှစ်ကောင် ပေါ်လာခဲ့လေသည်။ သူတို့ထံမှ ကြွေးကြော်သံများ ပေါ်လာသည်နှင့် အခြားဝိညာဥ်အားလုံးမှာ တုန်ယင်သွားကြပြီး ၎င်းတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာခဲ့ကြသော်လည်း…

စုမင်ကမူ ထိုသို့ မဟုတ်ခဲ့ပါချေ။

စုမင်သည် ခေါင်းကိုငုံ့လျက် လက်လှုပ်ရှားမှုများကို ရပ်တန့်၊ ပြောင်းလဲခြင်းမရှိ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သူ့အရှေ့ရှိ အားလှိုင်းများမှာလည်း ပိုမိုများပြားလာခဲ့ချေပြီ။

သန်မာသော ဝိညာဥ်များအပါအဝင် မည်သူကမှ စုမင်ကို သတိမပြုမိခဲ့ပေ။ ဟိန်းဟောက်ကြုံးဝါးပြီးသည်နှင့် သန်မာသော ဝိညာဥ်များသည် အခြားသော ထောင်နှင့်ချီသည့် ဝိညာဥ်များကိုဦးဆောင်၍ ခရာသံ ထွက်ပေါ်လာရာဘက်ဆီသို့ အလျင်အမြန်ပင် ဆက်လက်လွင့်မျောသွားကြ၏။

လမ်းတစ်လျှောက်တွင် ပိုမိုများပြားသော ဝိညာဥ်များမှာ နိုးထလာခဲ့ကြသည်။ သူတို့မျက်လုံးထဲတွင် အသိဥာဏ်ရှိသော အရိပ်အယောင် တစ်စွန်းတစ်စ ထင်ဟပ်လာသည်နှင့် သူတို့ သန်မာလာရန် အလို့ငှာ နံဘေးရှိ အပေါင်းအဖော်များကို ဝါးမြိုရန် ချက်ချင်းပင် ရွေးချယ်ကြလေသည်။

လမ်းတစ်လျှောက်တွင် စုမင်အနီး၌ ‘ထာဝရရှင်သန်ခြင်း ဝိညာဥ်’ တစ်ကောင် တစ်ကြိမ်နိုးထလာခဲ့ဖူး၏။ ၎င်းသည် အော်ဟစ်ဟိန်းဟောက်လျက် စုမင်ထံ ပြေးဝင်လာခဲ့သော်လည်း စုမင်ကမူ ခေါင်းမော့၍ပင် လှည့်မကြည့်ခဲ့ပါချေ။ သူသည် ထိုဝိညာဥ်အား တစ်ချက်ပင် လှမ်းမကြည့်ပဲ လေထုအား ဖိသိပ်ခြွေမွခြင်းနှင့် ဖမ်းဆုပ်ခြင်းတို့ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့၏။

သို့သော်လည်း ထိုဝိညာဥ် နီးကပ်လာသည့်အခိုက်အတန့်မှာပင် စုမင်သည် ဖိသိပ်ခြွေမွခြင်းကို လုပ်ဆောင်လိုက်ရာ သူ့ထံပြေးဝင်လာသော ဝိညာဥ်မှာ တုန်ရီသွားခဲ့ပြီး ၎င်း၏မျက်လုံးထဲတွင် ကြောက်လန့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ထို့နောက် သူရှေ့ဆက်မတိုးနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်း စတင်ပြိုကွဲလာပြီး ထိုအချိန်၌ စုမင်၏ညာလက်က လေထုအား ဖမ်းဆုပ်ခြင်း လှုပ်ရှားမှုကို ပြုလုပ်လိုကလေသည်။

ထိုသို့ပြုလုပ်လိုက်သည်နှင့် ခန္ဓာကိုယ်ပြိုကွဲစပြုလာသော ဝိညာဥ်ရပ်နေသည့်နေရာမှ အဖြူရောင် မြူခိုးများ ချက်ချင်းထွက်ပေါ်လာသည်။ ထိုအဖြူရောင်မြူခိုးများသည် စုမင်၏ ညာဘက်လက်ဆီသို့ တိုးဝင်သွားပြီး လက်ဖဝါးထဲတွင် အားပျော့သော မြူခိုးလုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ထို ထာဝရရှင်သန်ခြင်း ဝိညာဥ်သည် အနောက်သို့ ကြောက်လန့်တကြား အလျင်အမြန် ဆုတ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ယခင်ထက် များစွာပိုမိုအားနည်းသွားပြီဖြစ်ပြီး နောက်ဆုတ်သွားချိန်မှာပင် အခြားနိုးထလာသော ဝိညာဥ်တစ်ကောင်၏ ခုန်အုပ်ခြင်းကို ခံလိုက်ရ၏။ လေထဲတွင် စူးရှကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး စုမင်ထံ ခုန်အုပ်လာခဲ့သော ဝိညာဥ်မှာ ဝါးမြိုခံလိုက်ရလေသည်။

စုမင်သည် ထိုတစ်လျှောက်လုံး ခေါင်းမော့မကြည့်ခဲ့သလို သူ၏ လက်လှုပ်ရှားမှုများကိုလည်း မရပ်တန့်ခဲ့ပေ။ သူ့အရှေ့ရှိ အားလှိုင်းများမှာ တစ်ဖြည်းဖြည်းများပြားလာပြီး သူ၏ ပတ်ဝန်းကျင်ဧရိယာမှာ အနည်းငယ် စတင်ပုံပျက်လာခဲ့လေသည်။ ထိုအရာက အလွန်တရာ သိသာထင်ရှားသော မြင်ကွင်းတစ်ခုဖြစ်သည်။

ပုံပျက်မှုလှိုင်းများကြောင့် သူ့အနီးရှိ ဝိညာဥ်များမှာ အလိုလိုပင် နောက်ဆုတ်သွားကြပြီး စုမင်အနီးသို့ မကပ်ရဲကြတော့ပေ။ အပေါင်းအဖော်များကို ဝါးမြိုထားသော ဝိညာဥ်များသည်ပင် စုမင်ဘက်သို့ လှည့်ကြည့်လာကြပြီး သူတို့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများနှင့် သတိထားမှု အရိပ်အယောင်များ ရှိနေခဲ့လေသည်။

၎င်းတို့သည် စုမင်အား ဝန်းရံနေသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို အာရုံခံမိသဖြင့် စုမင်အနီးသို့ ကပ်မသွားဝံ့ကြချေ။

တစ်ဖြည်းဖြည်းဖြင့် ထာဝရရှင်သန်ခြင်း ဝိညာဥ်အုပ်စုကြီးသည် အရှေ့သို့ ဆက်လက်ရွေ့လျားကြပြန်၏။ မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကထဲတွင် ဝိညာဥ်များ၏ အဖန်တလဲလဲ ရှင်သန်၊ သေဆုံးခြင်း သံသရာမှအပ အခြားအရာအားလုံးမှာ စက်ဝန်းတစ်ခုသဖွယ် သူ့အချိန်နှင့်သူ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

လပေါင်းများစွာခန့် ရှေ့ဆက်ခဲ့ပြီးနောက်… စုမင်တို့ အုပ်စုရှေ့တွင် သန်မာသောဝိညာဥ် တစ်ရာနီးပါးခန့် ဦးဆောင်လာသည့် အရေအတွက်ချင်း တူညီသော ထာဝရရှင်သန်ခြင်း ဝိညာဥ်အုပ်စုကြီးတစ်ခု ပေါ်လာခဲ့သည်။

နောက်ဆုံးအကြိမ်ကလိုပင် ဝိညာဥ်အုပ်စုကြီးနှစ်ခုသည် အချင်းချင်း မြင်လိုက်သည်နှင့် တစ်ပြိုင်တည်းလိုလို အော်ဟစ်ဟိန်းဟောက်လိုက်ကြပြီး တစ်ဦးထံ တစ်ဦး ရူးသွပ်စွာ ပြေးဝင်သွားကြ၏။ စုမင်သည် ခေါင်းမော့မကြည့်ပဲ အရှေ့သို့တိုးဝင်သွားနေရင်းမှာပင် လေထုအား ဖိသိပ်ခြွေမွခြင်းနှင့် ဖမ်းဆုပ်ခြင်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

ဝိညာဥ်အုပ်စုကြီးနှစ်ခုသည် တစ်ဦးထံတစ်ဦး ပြေးဝင်သွားပြီး အရူးအမူး စတင်ဝါးမြိုကာ ရှင်သန်နိုင်ရေးအတွက် နှစ်ဘက်လုံး စတင်ကြိုးစားကြပြီဖြစ်သည်။ လေထုထဲတွင် အော်မြည်ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေစဥ်မှာပင် မသေဆုံးနိုင်သော ဝိညာဥ်နှစ်ကောင်က စုမင်ထံ ပြေးဝင်လာခဲ့သည်။ သို့သော်လည်း စုမင်အနီးသို့ ရောက်သည်နှင့် သူတို့ခန္ဓာကိုယ်များမှာ ပြိုကွဲပျက်စီးသွားပြီး အဖြူရောင်မြူခိုးများအသွင် ပြောင်းကာ စုမင်လက်ဖဝါးထဲသို့ စုပ်ယူခံလိုက်ရ၏။

စုမင်၏ လှုပ်ရှားမှုများမှာ ပိုမိုမြန်ဆန်လာပြီး သူ့အရှေ့ရှိ လှိုင်းများမှာလည်း ပိုမိုများပြားလာသည်။ လေဟာနယ် ပုံပျက်မှုများမှာ ပိုမိုအားကောင်းလာပြီး တစ်ခဏအကြာတွင် သူ့အနီးသို့ ချဥ်းကပ်လာသော ထာဝရရှင်သန်ခြင်း ဝိညာဥ်အားလုံးသည် စူးရှနာကျင်စွာ အော်ဟစ်လျက် အဖြူရောင်မြူခိုးများအဖြစ်ဖြင့် စုမင်လက်ဖဝါးထဲသို့ စုပ်ယူခံလိုက်ရလေသည်။

စုမင်သည် နေရာမှာပင်ရပ်လျက် ထိုလှုပ်ရှားမှုများကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့၏။ တစ်ဖြည်းဖြည်းဖြင့် သူ့လှုပ်ရှားမှုများမှာ ပိုမိုမြန်ဆန်လာပြီး လှိုင်းများမှာလည်း အပြင်သို့ ဆက်လက်ပျံ့နှံ့လာခဲ့၏။ အနီးပတ်ဝန်းကျင်ရှိ ထာဝရရှင်သန်ခြင်း ဝိညာဥ်အားလုံးသည် စုမင်နေရာမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်ပြီး အချင်းချင်း ဝါးမြိုနေခြင်းကို ရပ်တန့်ကာ စုမင်ဘက်သို့ လှည့်ကြည့်လာခဲ့ကြလေပြီ…

နောက်ဆုံးတွင်မတော့ ရက်ပေါင်းများစွာခန့် ကြာမြင့်ခဲ့ပြီးနောက်တွင် စုမင်၏လက်မှာ ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

ရပ်တန့်လိုက်ပြီးသည်နှင့် စုမင်သည် ညာလက်အား အောက်သို့ ဖြည်းဖြည်းချင်း ဖိချလိုက်သည်။ ချက်ချင်းဆိုသလို လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး စုမင်အား ဗဟိုပြုလျက် ပြင်းထန်သောအားလှိုင်းတစ်ခုက ဧရိယာတစ်ခုလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။ ထို့နောက် ဧရိယာအတွင်းရှိ ထောင်နှင့်ချီသော ဝိညာဥ်များမှာ အားလှိုင်းကို ထိမိသည်နှင့် ချက်ချင်းဆိုသလို ပေါက်ကွဲပျက်ဆီးသွားခဲ့ကြသည်။

ဖိသိပ်ခြေမွပြီးသည်နှင့် စုမင်သည် ဖြည်းဖြည်းချင်း လက်သီးဆုပ်၍ လေထုကို ဖမ်းဆုပ်လိုက်ရာ များပြားလှသော အဖြူရောင်မြူခိုးများသည် မြူခိုးအိုင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ ညာဘက်လက်ဖဝါးထဲသို့ ဦးတည်တိုးဝင်လာခဲ့လေသည်။

ဧရိယာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်… စုမင်သည် မြူခိုးများကြားတွင်ရပ်နေပြီး ညာလက်ဖြင့် ၎င်းတို့အား စုပ်ယူနေခဲ့၏။ ထို့နောက် သူ့ဦးခေါင်းသည် ဖြည်းညှင်းစွာ မော့လာခဲ့ပြီး မျက်လုံးများအတွင်းရှိ မီးခိုးရောင်တို့မှာလည်း အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။ စုမင်၏ ဥာဏ်ရည်တို့မှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။

“ငါက… စုမင်ပဲ…”

All Chapters