စိတ်ဓာတ်ပြိုလဲခြင်း
Vol. 34 Ch. 470
စုမင်သည် တီးတိုးရေရွတ်ကာ သူ၏ ညာလက်ကိုသူ ငုံ့ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြည့်အဝ ရုပ်သွင်ပေါ်နေပြီဖြစ်ပြီး အသွေး၊ အသားရှိသော လူတစ်ဦးနှင့် မခြားတော့ပေ။
သူ့ကိုယ်ပေါ်တွင် အနက်ရောင်ဝတ်စုံတစ်ခု ပေါ်လာပြီး လေတွင်လွင့်မျောနေသော အနက်ရောင်ဆံပင်ရှည်များက အဖြူရောင်မြူခိုးများကြားတွင် ပိုမို၍ ထင်ရှားပေါ်လွင်နေ၏။
ထိုအဖြူရောင်မြူခိုးများသည် စုမင်၏ စုပ်ယူခြင်းကို ခံနေရပြီး သူ့ကိုယ်တွင်းသို့ အလျင်အမြန်ပင် စိမ့်ဝင်သွားကြသည်။
စုမင်ကမူ ထိုအဖြူရောင်မြူခိုးများအား အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။ သူ၏ ဥာဏ်ရည်တို့ ပိုမိုမြင့်မားလာသည်နှင့်အမျှ သူ့မျက်လုံးထဲတွင်လည်း တောက်ပသော အလင်းစက်လေးတစ်ခု ပေါ်လာခဲ့သည်။ ညာဘက်လက်အား စိုက်ကြည့်ရင်း သူ့ပုံစံက အတွေးထဲတွင် နစ်မြုပ်နေခဲ့ပုံပင်…
အချိန်အတော်ကြာသွားပြီးနောက်၊ နောက်ဆုံးကျန်ခဲ့သော မြူခိုးများ သူ့ကိုယ်တွင်းသို့ စိမ့်ဝင်သွားပြီးသည်နှင့် ဘာမျှမရှိသော နယ်မြေအလွတ်ကြီးအတွင်း ညာလက်အား တွေတွေကြီး စိုက်ကြည့်နေသော သူတစ်ဦးတည်းသာ ထီးထီးမားမား ရပ်လျက်သား ကျန်ရစ်ခဲ့လေသည်။
အချိန်များ ကုန်ဆုံးသွားပြန်၏။ ရက်ပေါင်းများစွာကြာသွားပြီးနောက်… စုမင်၏ ညာဘက်လက်သည် ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး အောက်သို့ ရိုက်ချကာ လေထုကို ဆုပ်ကိုင်ဟန်ပြုလိုက်၏။
‘ဒါက ဘယ်လိုစွမ်းရည်မျိုးပါလိမ့်။ လေထုကို ရိုက်ခတ်ပြီး ဖမ်းဆုပ်လိုက်တဲ့ ရိုးရိုးရှင်းရှင်း လှုပ်ရှားမှုလေး တစ်ခုပဲဆိုပေမယ့် သူ့အထဲမှာ ဘာလို့ ဒီလောက်သန်မာတဲ့ စွမ်းအားတွေ ပါဝင်နေရတာလဲ… တစ်ချက်လေး ဖိနှိပ်ချလိုက်ရုံနဲ့ လောကမှာရှိတဲ့ အရာအားလုံးကို ပြိုကွဲသွားစေနိုင်ပြီးတော့ တစ်ချက်ပဲ ဖမ်းဆုပ်ကိုင်လိုက်ရုံနဲ့ ပြိုကွဲသွားတဲ့ အရာအားလုံးရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်တယ်…’
စုမင်သည် မျက်လုံးများကို မှိတ်ချလိုက်ပြီး တစ်ခဏကြာပြီးနောက် ပြန်ဖွင့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အဖြူရောင်မြူခိုးများကို စုပ်ယူနေစဥ်က သူ့မှတ်ဥာဏ်များကို တစ်ဖြည်းဖြည်း ပြန်ရလာခဲ့၏။ သူ့နာမည်အပြင် ဤထူးဆန်းသောလောကအတွင်း၌ သူ နှစ်ကြိမ် သေဆုံးခဲ့ပြီးပြီ ဆိုသည်ကိုလည်း သတိရခဲ့လေသည်။
ပထမအကြိမ်တွင် တစ်စုံတစ်ဦး၏ ဝါးမြိုခံရပြီး သေဆုံးခဲ့သည်။ ဒုတိယအကြိမ်တွင်တော့ သူ့ခန္ဓာကိုယ်သည် အဖြူရောင်ဝတ် အဘိုးအိုမှ လေထုအား ဖိသိပ်၊ ဖမ်းဆုပ်လိုက်သော အချိန်တွင် ပြိုကွဲပျက်ဆီးသွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ထိုမျှသာ သူမှတ်မိနိုင်သေး၏။ ဤထူးဆန်းသောလောကအတွင်းသို့ မည်သို့ရောက်ရှိနေသလဲ ဆိုသည့်မှတ်ဥာဏ်များကမူ ဝေဝါးဝါးသာ ဖြစ်နေသေးဆဲပင်…
‘ဒီ လေထုကို ဖိသိပ်၊ ဖမ်းဆုပ်တဲ့ လှုပ်ရှားမှုထဲမှဦ ငါနားမလည်နိုင်တဲ့ စွမ်းအားတစ်ချို့များ ပါနေတာလား…’
မြေသားဖြူဖြူထက်သို့ စုမင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူသည် ညာဘက်လက်ကို စိုက်ကြည့်လိုက်ပြီး ရိုက်ခတ်ဖျက်စီး၍ လေထုအား ဆုပ်ကိုင်သိမ်းဆည်းခြင်း လှုပ်ရှားမှုအတွင်းသို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပြန်လည်နစ်မြောသွားတော့သည်။
အချိန်များ ကုန်လွန်သွားပြီးနောက် သူ့အနီးတစ်ဝိုက်ရှိ မြေပြင်မှ အဖြူရောင်အငွေ့များ ပြန်လည်စိမ့်ထွက်လာသည်။ ယခင်က သေဆုံးသွားခဲ့သော ဝိညာဥ်များမှာ ပြန်လည်ရှင်သန်လာရမည်ဖြစ်သော်လည်း အဖြူရောင်အငွေ့များသည် မြေပြင်မှ စိမ့်ထွက်လာသည်နှင့် တစ်ပြိုင်နက် စုမင်ဆီသို့သာ တိုးဝင်သွားကြ၏။ စုမင် ထိုင်နေသောနေရာသည် ဧရာမစုပ်ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အရာအားလုံးကို စုပ်ယူပစ်နေလေသည်။
စုမင်အား ဝန်းရံနေသော အဖြူရောင်အငွေ့များသည် သူ၏ ညာဘက်လက်ထဲသို့ တိုးဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကိုယ်ထဲသို့ ဆွဲသွင်းကာ စုပ်ယူခံလိုက်ရသည်။ စုမင်၏ မျက်လုံးများမှာ ပိုမိုပြတ်သားကြည်လင်လာပြီး သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ စုမင်သည် မျက်လုံးများကိုမှိတ်၍ ထိုအရာကို ခံစားကြည့်လိုက်မိ၏။
၎င်းက သူ့စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်တို့ အလျင်အမြန်ပင် ပိုမိုသန်မာလာနေသော ခံစားချက်မျိုးဖြစ်သည်။ ထိုအရာက ပိုးအိမ်အတွင်းမှထွက်၍ အသွင်ပြောင်းလဲခြင်း အခြေအနေမျိုးတွင်သာ ဖြစ်ပေါ်လာတတ်သော ခံစားချက်မျိုးဖြစ်ပြီး လူတစ်ယောက်အတွက် ၎င်းကို အရသာခံမိသွားသည်နှင့် ရပ်တန့်နိုင်ရန် မလွယ်ကူတော့ပေ။
အချိန်တစ်ချို့ကြာပြီးနောက်… စုမင် မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ယခုအခါ သူ့မျက်လုံးမျာမှာ ယခင်လို မှုန်မှိုင်းမနေတော့ပဲ တောက်ပနေသော အလင်းစက်များရှိနေပြီဖြစ်သည်။
“ငါသာ ဒီမှာရှိတဲ့ တစ်ခြားဝိညာဥ်တွေကို ဝါးမြိုလိုက်မယ်ဆိုရင်၊ တစ်ဖြည်းဖြည်းနဲ့ ဒီထက်ပိုပြီး မှတ်မိလာနိုင်မှာပဲ။ ပိုလည်း သန်မာလာလိမ့်မယ်။ ဒီနေရာမှာ သေခြင်းတရားရဲ့ နာကျင်မှုကို ထပ်ပြီးခံစားရတော့မှာ မဟုတ်ဘူး” စုမင်သည် တီးတိုးရေရွတ်ရင်း မတ်တပ်ထရပ်လိုက်၏။ ထို့နောက် မီးခိုးရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ခြေထောက်ကိုကြွ၍ အရှေ့တည့်တည့်သို့ ဦးတည်လိုက်တော့သည်။
သူ့မျက်လုံးများမှာ အေးစက်တည်ငြိမ်နေပြီး ဖြူလွလွမြေပြင်ထက်တွင် အမည်းရောင်မီးခိုးငွေ့တန်း တစ်ခုသဖွယ် ဖြတ်သန်းသွားသည်။ ထို့နောက် အချိန်တို့ မည်မျှကုန်ဆုံးသွားမှန်း သူမသိချေ။ သူ့ရင်ထဲတွင် ပိုမိုများပြားသော ဝိညာဥ်တို့အား ဝါးမြိုရန် ဆန္ဒတစ်ခုသာ ရှိနေ၏။
တစ်ရက်တွင်တော့… သူ့အရှေ့၌ ထောင်နှင့်ချီသော ဝိညာဥ်များပါသည့် ဝိညာဥ်အုပ်ကြီးတစ်ခုကို စုမင် တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ထိုဝိညာဥ်များသည်လည်း စုမင်အား မြင်တွေ့သွားကြ၏။
လေထုထဲတွင် ကျယ်လောင်သော အော်မြည်ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး ဝိညာဥ်အုပ်ကြီးအား ဦးဆောင်လာသော သန်မာသည့်ဝိညာဥ်များမှာ စုမင်ထံ ပြေးဝင်လာကြသည်။
စုမင်သည် နေရာမှာပင် ရပ်လျက် ၎င်းတို့အား စူးရှတောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။ ထိုဝိညာဥ်များ သူ့အနီးသို့ ရောက်လာသည်နှင့် စုမင်သည် ညာလက်ကိုမြှောက်၍ အရှေ့သို့ ချက်ချင်းရိုက်ထုတ်လိုက်သည်။ စုမင်အရှေ့တွင် လှိုင်းဂယက်အလွှာများ ပေါ်လာပြီး ဧရာမလှိုင်းလုံးကြီးတစ်ခုအသွင် ပြောင်းလျက် အရှေ့သို့ ရိုက်ခတ်တိုးဝင်သွား၏။ လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ရှေ့ဆုံး၌ရှိနေသော ဝိညာဥ်များမှာ ပြင်းပြင်းထန်ထန် တုန်ယင်သွားကြသည်။ ၎င်းတို့အထဲမှ အချို့ဆိုလျှင် ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားကြ၏။
စုမင်သည် ညာဘက်လက်ဖြင့်ပင် လေထုအား ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ပြိုကွဲပျက်စီးသွားသော ဝိညာဥ်များမှာ အဖြူရောင်အငွေ့များအဖြစ် ပြောင်းလဲသွားပြီး စုမင်ထံသို့ ဦးတည်တိုးဝင်လာခဲ့သည်။ သူ့ကိုယ်တွင်းသို့ ထိုအဖြူရောင်အငွေ့များ ပေါင်းစည်းသွားသည်နှင့် စုမင်သည် ခေါင်းမော့၍ အားရကျေနပ်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ ထို့နောက် အရှေ့သို့ ပြေးတက်သွားပြီး မသေဆုံးသေးပဲ ကျန်ရစ်ခဲ့သော ဝိညာဥ်များကို ဆက်လက်တိုက်ခိုက်လိုက်လေသည်။
စုမင်အနေဖြင့် အခြားတိုက်ခိုက်ရေး နည်းလမ်းများကို မသိပါချေ။ မည်သို့ ရိုက်ခတ်ဖျက်စီး၍ ဖမ်းဆုပ်သိမ်းဆည်းရမည်ကိုသာ သူသိ၏။ သို့သော်လည်း ၎င်းအား အကြိမ်ပေါင်းများစွာ ကြိုးစားပြီးချိန်တွင်မူ ဤရိုးရှင်းသော တိုက်ကွက်လေး တစ်ခုအတွင်း၌ သူကိုယ်တိုင်ပင် နားမလည်နိုင်သော သန်မာသည့်စွမ်းအားများ ပါဝင်နေကြောင်း သိလိုက်ရသည်။ ဝိညာဥ်အုပ်ကြီး အတွင်းသို့ သူပြေးဝင်သွားပြီးသည်နှင့် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
အမွှေးတိုင်တစ်တိုင် ထွန်းစာခန့်ကြာမြင့်ပြီးနောက် ထိုနေရာတွင် ခေါင်းငုံ့ထားသော စုမင်တစ်ဦးတည်းသာ မားမားမတ်မတ် ကျန်ရစ်ခဲ့လေသည်။ သူ့အား သိပ်သည်းသော အဖြူရောင်မြူခိုးထုကြီးတစ်ခုက ဝန်းရံထားပြီး ထိုမြူခိုးများမှအပ ဝိညာဥ်တစ်ကောင်တစ်လေပင် မတွေ့ရတော့ချေ။
အချိန်အတော်ကြာသွားပြီးနောက် စုမင်၏ ဦးခေါင်းမှာ တစ်ဖြည်းဖြည်းချင်း ပြန်မော့လာခဲ့သည်။ သူ့မျက်လုံးများမှာ မှုန်မှိုင်းဝေဝါးမနေတော့ပဲ စူးရှတောက်ပလို့ နေခဲ့ချေပြီ။ သူသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ အဝေးသို့ ဦးတည်ပျံသန်းသွားတော့သည်။
အဝေးတစ်နေရာရှိ ကမ္ဘာလောကအဆုံးတွင် လေထဲသို့ ပဲ့တင်ထပ်နေသော ခရာသံတစ်ခု ရှိနေသည်။ ၎င်းသည် ကြားနိုင်သမျှ ဝိညာဥ်အားလုံးအား ထိုနေရာသို့ လာရောက်ရန် လမ်းညွှန်ခေါ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ထိုခရာသံသည် စုမင်ကိုလည်း ဆင့်ခေါ်နိုင်ခဲ့၏။ ပိုမိုများပြားသော ဝိညာဥ်များကို စုပ်ယူလေလေ၊ ခရာသံမှာ ပိုမိုပြီး ကြည်လင်ပြတ်သားလာလေလေဟု ခံစားနေရလေသည်။ ခရာသံထဲတွင် စွဲလမ်းဖွယ် အငွေ့အသက်တို့ ပါဝင်နေပြီး ထိုနေရာသို့သွားရောက်ရန်က သူ့တာဝန်ပင်ဖြစ်သည်ဟု စုမင်အား ခံစားနေရစေသည်။
ရှေ့သို့ ဆက်လက်ပျံသန်းလာရင်း သူသည် မြေပြင်ထက်၌ ဝိညာဥ်အုပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရ၏။ ၎င်းတို့နှင့် ရင်ဆိုင်တွေ့ချိန်တိုင်း သူသည် လေထဲမှမဆင်းပဲ မြေပြင်သို့သာ လက်ဖြင့် ရိုက်ချခဲ့လေသည်။
အတွေ့အကြုံများ ပိုမိုများပြားလာပြီး ပိုမိုသန်မာလာသည်နှင့်အမျှ သူဖျက်စီးနိုင်သော နေရာအကျယ်အဝန်းမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့၏။ ယခင်က အပိုင်းငယ်လေးမျှသာ ဖျက်စီးနိုင်ခဲ့သော်လည်း ယခုအခါ တစ်ချက်တည်းဖြင့် ဝိညာဥ်အုပ်ကြီး၏ ထက်ဝက်ခန့်ကို ဖျက်စီးပစ်နိုင်သည်အထိ ဖြစ်လာခဲ့ချေပြီ။
ကုန်ဆုံးသွားသော အချိန်များကို စုမင်မှတ်သားမထားခဲ့မိပေ။ သူသိသည်က ဤတစ်ကြိမ် နိုးထလာပြီးနောက် အချိန်များစွာ ကုန်လွန်သွားခဲ့ပြီ ဟူ၍ပင်… သူသည် အလွန်ဝေးဝေးထိ ပျံသန်းခဲ့ပြီးပြီဖြစ်ပြီး မြေပြင်သို့ သူ့လက်ဝါးရိုက်ချက် ကျဆင်းသွားချိန်တိုင်း ဝိညာဥ်အုပ်များ၏ ကြီးမားသောအပိုင်းဧရိယာများမှာ ဖျက်စီးခံလိုက်ရမြဲဖြစ်သည်။
ယခုအခါ သူ့ခန္ဓာကိုယ်သည် အသွေး၊ အသားရှိသော ခန္ဓာကိုယ်တစ်ခုသဖွယ် ဖြစ်နေခဲ့လေပြီ။ သူ၏ ဆံပင်များမှဦ လေထဲတွင် လွင့်မျောနေပြီး အနက်ရောင်ဝတ်စုံက လေနှင့်အတူ တဖျတ်ဖျတ် လှုပ်ခတ်နေ၏။ ရိုက်ခတ်ဖျက်စီး၍ လေထုအား ဖမ်းဆုပ်ခြင်း တိုက်ကွက်ကို လုပ်ဆောင်ခဲ့သော အကြိမ်အရေအတွက်မှာလည်း များပြားလွန်းသဖြင့် ရေပင်မရေတွက်နိုင်တော့ချေ။
ယခုအခါ သူ့ကိုယ်ပိုင်ခွန်အားကို ရှင်းရှင်းလင်းလင်း ခံစားမိနေပြီဖြစ်သည်။ ထိုခွန်အားသည် အော်ဟစ်ကြုံးဝါးပြနေစရာမလိုပဲ သူ့အား မြင်တွေ့သမျှ ဝိညာဥ်တိုင်းကို ကြောက်ရွံ့တုန်ရီသွားစေ၏။
သို့သော်လည်း… အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ စုမင်၏ မျက်ဝန်းများမှာ ယခင်လို စူးရှတောက်ပနေခြင်း မရှိတော့ပေ။ သူ့မျက်ဝန်းထဲတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ စွန်းထင်းလာနေပြီး မည်သည့်အရာကြောင့်မှ စိတ်မလှုပ်ရှားတော့သော အေးစက်ငြီးငွေ့မှု အရိပ်အယောင်များလည်း တစ်ဖြည်းဖြည်း ပေါ်လာခဲ့ပြီဖြစ်သည်။
သူ၏ ယခုပုံစံမှာ ယခင်က သူ့တွေ့ခဲ့ဖူးသော အဘိုးအိုနှင့် အတော်လေး တူနေခဲ့ပြီဖြစ်သည်…
လေထဲရှိ ခရာသံမှာ ပဲ့တင်ထပ်နေဆဲဖြစ်သော်လည်း သူ့အနေဖြင့် ထိုနေရာသို့ မည်သို့မျှ ရောက်အောင်မသွားနိုင်သည့် အလားပင်… တစ်နေ့တွင်တော့ စုမင်သည် ပျံသန်းနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ညာဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် အလွန်လျင်မြင်စွာ နီးကပ်လာနေသော အနီရောင်အလင်းတန်းရှည်တစ်ခု ရှိနေလေသည်။
စုမင် မြင်လိုက်သည့် တစ်ခဏမှာပင် ထိုအလင်းတန်းသည် သူနှင့် ပေထောင်ပေါင်းများစွာ အကွာ၌ ရပ်တန့်သွားပြီး ၎င်းက ဆံပင်နီနီဖြင့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုလူ၏ ခန္ဓာကိုယ်အောက်ပိုင်းအား ချပ်ဝတ်တစ်ခုဖြင့် ရစ်ပတ်ဖုံးအုပ်ထားပြီး အပေါ်ပိုင်းမှာမူ ကိုယ်ဗလာဖြစ်သည်။ သူ၏ အနီရောင်ဆံပင်ရှည်များမှာ လေတွင်လွင့်မျောနေ၏။ ထိုလူသည်လည်း စုမင်အား လှမ်းကြည့်နေလေသည်။
သူ့မျက်လုံးများမှာလည်း စုမင်ကဲ့သို့ပင် မှုန်မှိုင်းနေပြီး အေးစက်ငြီးငွေ့မှု အရိပ်အယောင်တို့ ထင်ဟပ်နေ၏။
တစ်ယောက်နှင့် တစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် ထိုလူသည် ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်ပြီး ရှေ့တစ်လှမ်းတက်၍ စုမင်ထံ ပြေးဝင်လာသည်။ အနီးသို့ရောက်သည်နှင့် သူသည် ညာလက်ကို ကောင်းကင်သို့မြှောက်၍ ဝှေ့ယမ်းလိုက်၏။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာပြီး ၎င်းကို သေချာဆုပ်ကိုင်လိုက်လေသည်။
ထိုလူသည် လှံရှည်ကို ဆုပ်ကိုင်လိုက်ပြီးနောက် စုမင်ထံသို့ ပစ်လွှတ်လိုက်၏။ လှံရှည်သည် လေထုအား ထိုးခွဲလျက် ကျယ်လောင်စူးရှသော အသံတစ်ခု ဖြစ်ပေါ်လာစေပြီး ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် စုမင်ထံ တိုးဝင်လာခဲ့သည်။
လှံရှည်မှာ မြန်ဆန်လွန်းသဖြင့် တစ်ခဏအတွင်းမှာပင် စုမင်၏ရင်ဘတ်အား လျှပ်စီးကြောင်းတစ်ခု ထိုးဖောက်ဖြတ်သန်းသွားသလို ခံစားလိုက်ရ၏။ သိူ့သော်လည်း စုမင်အတွက်မူ လှံရှည်တိုးဝင်လာသော တစ်ခဏမှာပင် တစ်လောကလုံးက နှေးကွေးသွားခဲ့လေသည်။ လှံရှည်၏ အမြန်နှုန်းသာမက သူ့ခန္ဓာကိုယ် လှုပ်ရှားမှုများသည်ပင် နှေးကွေးသွားခဲ့ရခြင်း ဖြစ်သည်။
အရာအားလုံးက နှေးကွေးသွားပြီး သူ့ထံသို့ တစ်လက်မချင်း တိုးဝင်လာနေသော လှံရှည်ကို မြင်နေရ၏။ သူ၏ ညာလက်သည်ပင် ဖြည်းဖြည်းချင်း ကြွတက်လာနေပြီး သူ့အရှေ့သို့ လှံရှည်ရောက်လာချိန်၌ သူ့လက်ကို မြှောက်ပြီးရုံသာရှိသေး၏။ သူ့ရင်ဘတ်ထဲသို့ ထိုလှံရှည် ထိုးစိုက်သွားချိန်အထိ သူ့တိုက်ကွက်ကို မလုပ်ဆောင်နိုင်ခဲ့ပါချေ။ တစ်စစီ စုတ်ပြဲသွားသောနာကျင်မှုက စုမင်၏ ရင်ဘတ်တစ်လျှောက် အလွန်နှေးကွေးစွာ ပျံ့နှံ့သွားသည်။
လှံရှည်ထိပ်ဖျားသည် သူ့ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်း ထိုးခွဲသွားပြီး ထုတ်ချင်းပေါက်ကာ သူ့အနောက်ရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို သေချာမြင်နေရ၏။
ထို့နောက်မှသာ စုမင်၏ လောကတစ်ခုလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း ပုံမှန်ပြန်ဖြစ်သွားချိန်တွင် သူ့ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းမှာမူ ပျက်စီးသွားခဲ့ရပြီဖြစ်သည်။ စုမင်သည် ညာလက်ကို အလျင်အမြန်လှုပ်ရှား၍ ထိုလူဘက်သို့ ရိုက်ထုတ်လိုက်သည်။
ဆံနီယောကျ်ားသည် ဆတ်ခနဲတုန်ယင်သွားပြီး ၎င်း၏ ချပ်ဝတ်မှာလည်း ပေါက်ကွဲသွားသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ယင်လာပြီး ခန္ဓာကိုယ်ပေါ်၌ အက်ကြောင်းများ ပေါ်လာခဲ့၏။
စုမင်သည် ညာလက်ဖြင့် လေထုအား ဆုပ်ကိုင်ဟန်ပြုလိုက်သည်နှင့် သိပ်သည်းများပြားသော မြူခိုးများက သူ့ထံ ချက်ချင်းတိုးဝင်လာခဲ့သည်။
ဆံနီယောကျ်ားသည် ရူးသွပ်သွားဟန်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်ပြီး စုမင်အား ညာလက်သီးဖြင့် ထိုးနှက် တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက်၏ အမြန်နှုန်းမှာ အလွန်နှေးကွေးလှသော်လည်း စုမင်အမြင်အရမူ ထိုလူ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်လေသည်။
ဤတိုက်ပွဲမှာ လွယ်ကူသော အရာတစ်ခုမဟုတ်ပါချေ။ လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး နာရီပေါင်းများစွာကြာမှသာ တစ်ဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ များပြားလှသော မြူခိုးဖြူများက ဧရိယာတစ်ခွင်လုံး ပြည့်နေပြီး ထိုမြူခိုးများ၏ ပမာဏသည် လာရာလမ်းတစ်လျှောက် စုမင် စုပ်ယူခဲ့သော မြူခိုးများနှင့်ပင် ယှဥ်နိုင်လေသည်။
သိပ်သည်းလှသော မြူခိုးများမှာ အတွင်းတွင်ရှိနေသော လူ၏ စုပ်ယူခံလိုက်ရဟန်ဖြင့် အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ တစ်နာရီခန့်ကြာပြီးနောက် မြူခိုးတို့ပါးသွားပြီး လူတစ်ဦး၏ ပုံရိပ်တစ်ခု တစ်ဖြည်းဖြည်းချင်း ပေါ်လာခဲ့၏?
ထိုလူသည် အနက်ရောင်ဆံပင်ရှည်၊ အနက်ရောင် ဝတ်စုံတို့ဖြင့် အေးစက်ငြီးငွေ့နေဟန် မျက်ဝန်းများရှိသော စုမင်ပင်ဖြစ်သည်။ စုမင်သည် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး သူ၏ ညာဘက်လက်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲရှိ အေးစက်ငြီးငွေ့နေဟန် အကြည့်များမှာ သူဆုံခဲ့ဖူးသော အဘိုးအိုအတိုင်း ဖြစ်နေခဲ့လေပြီ။
‘ထာဝရရှင်သန်ခြင်း ဝိညာဥ်… ငါက ထာဝရရှင်သန်ခြင်း စစ်သည်တော် ဝိညာဥ်ပဲ…’ စုမင်သည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ မှတ်ဥာဏ်များမှာ ယခုအချိန်ထိ ပြန်ရမလာသေးပေ။ မြူခိုးများအား မည်မျှပင် စုပ်ယူပါစေ၊ သူ၏ မှတ်ဥာဏ်များမှာ သူ့နာမည်အား သတိရသော အဆင့်တွင်သာ ရပ်တန့်နေပုံ ပေါ်၏။
တစ်ခုတည်းသော ပိုမိုတိုးတက်လာသည့်အရာမှာ သူ၏ ခွန်အားသာဖြစ်သည်။ ယခုအခါ သူ့တွင် တစ်လောကလုံးအား ချုပ်ကိုင်နိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်နေပြီဟူ၍ပင် ခံစားနေရ၏။
သူ့ကိုယ်သူ… မေ့လျော့ ပျောက်ဆုံးသွားခဲ့ချေပြီ။
ဤမှုန်မှိုင်းမှိုင်း မီးခိုးရောင်လောကကြီးအတွင်း အသံတစ်ခုက တိုးညှင်းစွာ ပဲ့တင်ထပ်နေပုံပေါ်သည်။ ထိုအသံသည် ဝေးကွာသော အတိတ်အချိန်ကာလတစ်ခုမှ ရောက်ရှိလာသည့်အလား၊ ကြာမြင့်သော အချိန်ကာလတို့အား ဖြတ်သန်းလာသည့်အလား ထင်မှတ်ရသော်လည်း သေချာနားထောင်ကြည့်လျှင် ခရာသံရှည်တစ်ခုကိုသာ ကြားရမည်ဖြစ်ပြီး ထို မူရင်းအသံတိုးတိုးကိုတော့ ကြားရလိမ့်မည် မဟုတ်ချေ။
“မင်းရဲ့ စိတ်ဝိညာဥ် ပြိုလဲပြီး ကိုယ့်ကိုယ်ကို မေ့လျော့ပျောက်ဆုံးသွားမယ်ဆိုရင်၊ ငါ အဲဒီမြွေကို ဝါးမြိုပြီး အောင်အောင်မြင်မြင်နဲ့ ပြန်လည်ရှင်သန်ထမြောက်လာမယ်။ မင်းသာ ပြန်နိုးလာခဲ့မယ်ဆိုရင်တော့ ငါကိုယ်တိုင် သူ့ဆီမှာ လိုလိုလားလားနဲ့ ဝါးမြိုခံပြီး သူ့ရဲ့ ဘဝသစ်အတွက် ကောင်းချီးပေးမယ်”