← Chapters

အတူတူလေလော

Vol. 34 Ch. 471

အတူတူလေလော

Vol. 34 Ch. 471

အရာရာအား စိတ်မဝင်စားဟန် ငြီးငွေ့စိတ်ပျက်နေသော မျက်ဝန်းများဖြင့် စုမင်သည် ကောင်းကင်ယံတွင် ဖြည်းဖြည်းချင်း ဆက်လက်ပျံသန်းလာခဲ့၏။ သူသည် မြေပြင်ကိုပင် ငုံ့မကြည့်ပဲ ဝိညာဥ်များကိုတွေ့သည်နှင့် ရိုက်ခတ်ဖျက်စီး၍ ဖမ်းဆုပ်သိမ်းဆည်းသော တိုက်ကွက်ကိုပြုလုပ်ကို ရှေ့သို့ ဆက်လက်ရွေ့လျားသွားတတ်သည်။ ထိုဝိညာဥ်များမှာ မကုန်ဆုံးနိုင်သော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူ့အနောက်သို့ လိုက်ပါလာကြလေသည်။

ယခုအခါ သူ့ပုံစံက ဝတ်စုံဖြူအဘိုးအိုနှင့် မခြားနားတော့ပေ။

ဤဖြစ်ရပ်မှာ နှစ်ပေါင်းများစွာကြာအောင် ဖြစ်ပျက်နေခဲ့၏။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်… ဆယ်နှစ်၊ နှစ်သုံးဆယ်၊ နှစ်ငါးဆယ်… ထိုမှတစ်ဆင့် နှစ်ပေါင်းတစ်ရာမက ကြာမြင့်သွားခဲ့သလိုပင်။

စုမင်အတွက် ထပ်မံသေဆုံးခြင်းလည်း မရှိတော့ပေ။ သူသည် နှစ်ကြိမ်သေဆုံးခဲ့ဖူး၏။ နှစ်ကြိမ်သေဆုံး၍ ပြန်လည်ရှင်သန်လာပြီးနောက်တွင်တော့ သူသည် ဤအဆုံးမဲ့လောကကြီးအတွင်း မကုန်ဆုံးနိုင်သော အဖြူရောင်မြူခိုးများကို စုပ်ယူရင်း ခရာသံအား လိုက်လံရှာဖွေနေခဲ့လေသည်။

သူ့ခွန်အားကြောင့် အရာရာမှာ ယခင်လောက်စိတ်လှုပ်ရှားစရာ မကောင်းတော့ပေ။ သူ့မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်ဟန် အရိပ်အယောင်များမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အေးစက်တည်ငြိမ်မှုများသာ ကျန်ရစ်တော့လေသည်။ သို့သော်လည်း ထိုသည်က သူ့နှလုံးသားထဲမှလာသော တည်ငြိမ်ခြင်းမျိုးမဟုတ်ပဲ စိတ်လှုပ်ရှား၊ စိတ်ဝင်စားစရာ မရှိတော့သဖြင့် ပျင်းရိငြီးငွေ့လာသကဲ့သို့ တည်ငြိမ်မှုမျိုးသာ ဖြစ်၏။

သူ့အနေဖြင့် ဝိညာဥ်များ မည်မျှစုပ်ယူမိခဲ့မှန်းပင် သူမသိတော့ပေ။ သူသည် ထိုအဆုံးမရှိသော အချိန်ကာလများအတွင်း မည်သည့်နေရာတွင်မှ ရပ်တန့်ခြင်းမပြုပဲ ရှေ့သို့ ဆက်တိုးရင်း တိုးရင်းဖြင့်သာ ဝိညာဥ်များကို ဝါးမြိုစားသုံးနေခဲ့မိ၏။ ဆံနီယောကျ်ားကဲ့သို့ တည်ရှိမှုမျိုးကိုပင် ကိုးခုထက်မနည်း သူစုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။

ထိုကဲ့သို့ ဝိညာဥ်တစ်ကောင်ကို ဝါးမြိုပြီးချိန်တိုင်း စုမင်မှာ ပိုမိုသန်မာလာတတ်၏။ ရိုက်ခတ်ဖျက်စီးခြင်း၊ လေထုအား ဖမ်းဆုပ်ခြင်း လှုပ်ရှားမှုသည်ပင် အားထည့်စရာမလိုပဲ လုပ်ဆောင်နိုင်သော အရာတစ်ခု ဖြစ်လာခဲ့ချေပြီ။

တစ်နေ့တွင်တော့ သူ့အရှေ့တွင် မိုးထိုးနေသော ဧရာမတောင်ကြီးတစ်လုံးကို စုမင်မြင်လိုက်ရသည်။ ထိုတောင်အား ဧရာမ နဂါးရုပ်တုကြီးတစ်ခုက ရစ်ခွေထား၏။ နဂါးဦးခေါင်းသည် ကောင်းကင်အောက် ကပ်လျက်ရှိနေပြီး ၎င်း၏ပုံစံက မြေပြင်သို့ အထင်သေးစွာ ငုံ့ကြည့်နေသည့်အလားပင်…

ခရာသံများသည် ထိုတောင်ကြီးနှင့် ရုပ်တုထံမှ ထွက်ပေါ်လာနေပြီး တစ်လောကလုံးသို့ ပျံ့လွင့်သွားနေခြင်း ဖြစ်သည်။ ထိုတောင်ကြီးနှင့် နဂါးရုပ်တုအား မြင်လိုက်ချိန်တွင် သူ့အားဆင့်ခေါ်နေသော သန်မာသည့် အားအင်တစ်ရပ်ကို စုမင်စိတ်ထဲမှ ခံစားလိုက်မိ၏။

“ထာဝရရှင်သန်ခြင်း စစ်သည်တော်ဝိညာဥ်တို့… ပြန်လာကြလေလော့…” အိုမင်းသော အသံတစ်သံက စုမင်စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ထိုအသံထဲတွင် အိုမင်းရှေးကျသော အငွေ့အသက်များ ပါဝင်နေပြီး စုမင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

စုမင်သည် အေးဆေးတည်ငြိမ်စွာပင် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။ တောင်အောက်သို့ရောက်ချိန်တွင် ဧရာမမြွေနဂါးကြီး၏ ကိုယ်လုံးပေါ်သို့ ခုန်တက်လိုက်၏။

သူ့နှလုံးသားထဲမှ တစ်စုံတစ်ရာသည် သူ့အား လမ်းပြနေပြီး မြွေနဂါးကြီး၏ ကိုယ်ပေါ်မှ ကြေးခွံတစ်ခုကိုရွေးချယ်၍ အခြားစစ်သည်တော်ဝိညာဥ်များ ပြန်လာသည်ကို ထိုင်စောင့်ရန် ခေါ်ဆိုနေ၏။

မြွေနဂါးကြီး၏ ကြီးမားသော ကြေးခွံကြီးများပေါ်မှ စုမင် ရှေ့ဆက်လျှောက်သွားမိသည်။ သူ သေချာကြည့်လိုက်သောအခါ သိန်းချီသောကြေးခွံများမှာ တစ်ခုနှင့်တစ်ခု ကြပ်သိမ်စွာရှိနေကြောင်း တွေ့လိုက်ရလေသည်။ စုမင်သည် ကြေးခွံတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ မည်သည့်အတွေးမျှမရှိပဲ အရှေ့သို့ ငေးစိုက်ကြည့်နေမိ၏။

ဤနေရာသည်ကား သူနှင့် သက်ဆိုင်သော နေရာအလား၊ သူ၏ ခရီးစဥ်အဆုံးသတ် ဖြစ်သည့်အလားပင်… ကောင်းကင်ရှိ ခရာသံမှာ ပိုမို၍ ကြည်လင်လာပြီး သူ့အား ငိုက်မြည်းလာစေသည်။ သူ့မျက်လုံးများမှာ တစ်ဖြည်းဖြည်း မှေးစင်းလာပြီး သူ့တစ်ကိုယ်လုံးအား ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးတစ်ခုက ဖုံးလွှမ်းသွားသည်။

သူ့မျက်လုံးများ မှိတ်လုဆဲဆဲမှာပင် သူ့ခေါင်းကိုငုံ့လိုက်ရာ ကပျာကယာ ရေးထွင်းထားပုံပေါ်သော စာကြောင်းတစ်ခုကို မျက်လုံးထောင့်မှ မြင်လိုက်ရ၏။ ထိုစာလုံးများအား သူ့အောက်ဘက် သိပ်မဝေးသောနေရာရှိ ကြေးခွံတစ်ခုပေါ်တွင် ရေးထားခြင်းဖြစ်ပြီး ထိုစာလုံးများကိုရေးရန် လက်ချောင်းကို သုံးခဲ့ပုံပေါ်လေသည်။

“ငါက စုမင်ပဲ…”

ကြေးခွံပေါ်တွင် ရေးထွင်းထားသည်က ထိုစကားလေးလုံးမျှသာ…

ထိုစာလုံးများကို မြင်သည်နှင့် မည်သည့်အရာကိုမှ စိတ်ဝင်စားပုံမပြခဲ့သော စုမင်၏ မျက်လုံးများမှာ စူးရှသွားခဲ့၏။ သူသည် သိသိသာသာပင် အံ့အားသင့်သွားပုံပေါ်ပြီး သူ့မျက်လုံးထဲတွင် ထိုစာလုံးလေးလုံးက အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း ကျယ်လောင်သော ပေါက်ကွဲသံများ မြည်ဟည်းသွားသည်။

သူသည် အလျင်အမြန်ပင် မတ်တပ်ထရပ်ကာ ထိုစာကြောင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ အသက်ရှူသံများမှာ လျင်မြန်လာပြီး ရင်ထဲတွင် မုန်တိုင်းထန်လာခဲ့၏။ ထိုစာလုံးများမှာ အလွန်ရင်းနှီးသလို ခံစားနေရပြီး… ၎င်းတို့ကို သူကိုယ်တိုင် ကြေးခွံပေါ်၌ ရေးထွင်းထားခဲ့သလိုပင်။

စုမင်၏ စိတ်နှင့် ဝိညာဥ်တို့ တုန်လှုပ်သွားချိန်မှာပင် ရုတ်တရက်ဆိုသလို အိုမင်းရှေးကျသော အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သည်။

“ထာဝရရှင်သန်ခြင်း စစ်သည်တော်ဝိညာဥ်တို့… ပြန်လာကြလေလော့…”

ထိုအသံပေါ်လာသည်နှင့် စုမင်၏ ခြေထောက်အောက်ရှိ ကြေးခွံထံမှ ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာခဲ့သည်။ သူ့တွင် ထိုစုပ်အားကို ခုခံနိုင်မည့် နည်းလမ်းမရှိချေ။ သူပိုင်ဆိုင်ထားသော သန်မာသည့်ခွန်အားတို့မှာ ထိုရုပ်တုကြီးထံမှ ရရှိထားခြင်း ဖြစ်ဟန်တူ၏။ ၎င်းသည် သူ့အား စွမ်းအားတို့ ပေးစွမ်းနိုင်သည်ဆိုလျှင် အလိုရှိပါက ပြန်လည်သိမ်းယူနိုင်သည် ဆိုသည့်သဘောပင်။

ထိုစုပ်အား ပေါ်လာသည်နှင့် စုမင်၏ ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း မှေးမှိန်သွား၏။ သူ့ခန္ဓာကိုယ်မှ များပြားလှသော အဖြူရောင်အငွေ့များ ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်ရှိ ကြေးခွံထံသို့ အလျင်အမြန်ပင် စိမ့်ဝင်သွားကြသည်။

အားနည်းသည် ဆိုသောအသိက စုမင်၏ စိတ်ဝိညာဥ်တစ်ခုလုံး ပျံ့နှံ့လာ၏။ သူ၏ အမြင်အာရုံများမှာ ဝေဝါးလာပြီး သူ့ခန္ဓာကိုယ်က အားနည်းလာသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ့ဦးခေါင်းထဲ၌ လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းရိုက်ခတ်သွားသလို ဝုန်းခနဲ မြည်ဟည်းသွားသည်။ ထိုအချိန်တစ်ခဏလေးမှာပင် အရာအားလုံးကို သူပြန်လည်မှတ်မိသွားခဲ့လေပြီ။

ဤနေရာ အကြောင်း၊ ဤနေရာသို့ အဘယ်ကြောင့် ရောက်ရှိနေရခြင်းနှင့် သူ မည်သူမည်ဝါ ဖြစ်ကြောင်းတို့အပြင် မြွေငယ်လေး၊ မီးတောက်နဂါးနှင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်သတိရသွားခဲ့လေပြီ။

မီးတောက်နဂါး၏ ကျိန်စာနှင့် ၎င်း၏ စကားသံကိုလည်း သူပြန်လည်မှတ်မိသွားခဲ့ပြီ ဖြစ်သည်။

“မင်းရဲ့ စိတ်ဝိညာဥ် ပြိုလဲပြီး ကိုယ့်ကိုယ်ကို မေ့လျော့ပျောက်ဆုံးသွားမယ်ဆိုရင်၊ ငါ အဲဒီမြွေကို ဝါးမြိုပြီး အောင်အောင်မြင်မြင်နဲ့ ပြန်လည်ရှင်သန်ထမြောက်လာမယ်။ မင်းသာ ပြန်နိုးလာခဲ့မယ်ဆိုရင်တော့ ငါကိုယ်တိုင် သူ့ဆီမှာ လိုလိုလားလားနဲ့ ဝါးမြိုခံပြီး သူ့ရဲ့ ဘဝသစ်အတွက် ကောင်းချီးပေးမယ်”

“ငါ ပြိုလဲပျက်စီးသွားမှာ မဟုတ်ဘူး။ အဲဒီလို မဖြစ်စေရဘူး။ ငါက ထာဝရရှင်သန်ခြင်း စစ်သည်တော်ဝိညာဥ်လည်း မဟုတ်ဘူး။ ငါက… စုမင်ပဲ”

စုမင်သည် ခေါင်းမော့ကာ အော်ဟစ်ကြုံးဝါးလိုက်၏။ သူ့ခြေထောက်များမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများအား မမြင်ရတော့ချေ။ သူ့တစ်ကိုယ်လုံး စုပ်ယူခံရတော့မည့် အချိန်မှာပင် စုမင်သည် ခေါင်းကို အလျင်အမြန်ငုံ့၍ ကျန်ရစ်နေသေးသော ခွန်အားများကိုသုံးလျက် ညာလက်ညှိုးဖြင့် ကြေးခွံတစ်ခုပေါ်၌ စာကြောင်းတစ်ခု အလျင်အမြန် ရေးသားလိုက်တော့သည်။

“ဒါက မီးတောက်နဂါးရဲ့ မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရ…” ထိုစာကြောင်းသည် ‘ငါက စုမင်’ ဟူသော စာလုံးများအောက်၌ ရှိနေခြင်းဖြစ်ပြီး ၎င်းတို့အား ရေးသားပြီးချိန်မှာပင် စုမင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့လေသည်။

‘လောက’ ဟူသော စာလုံးအား အပြီးမသတ်နိုင်ခင်မှာပင် သူ၏ ညာဘက်လက်မှာ ခန္ဓာကိုယ်နှင့်အတူ မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် အဖြူရောင် မြူခိုးများအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်ပြီး ကြေးခွံအတွင်းသို့ စုပ်ယူခံလိုက်ရချေပြီ။

စုမင် နောက်ထပ်တစ်ဖန် သေဆုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ သေဆုံးခြင်းနှင့်အတူ တောင်တစ်ခုလုံးမှာလည်း ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တောင်အား ရစ်ခွေနေသော နဂါးရုပ်တုကြီးမှာမူ အသေကာင်သဖွယ် လှုပ်ရှားခြင်းမရှိ ပကတိငြိမ်သက်လျက်…

သို့သော်လည်း တစ်ဦးတစ်ယောက်ကသာ သိန်းချီသောကြေးခွံများပေါ်သို့ လျှောက်ကြည့်ခဲ့မည်ဆိုလျှင် တစ်သိန်းမကသော ကြေးခွံများပေါ်၌ တူညီသောလက်ရေးဖြင့် စာလုံးများ အပြည့်ရှိနေသည်ကို တွေ့လိုက်ရပေလိမ့်မည်…

“ငါက စုမင်…”

“ငါက စုမင်…”

“ငါက စုမင်။ ဒါက မီးတောက်နဂါးရဲ့…”

“မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက…”

“ငါက စုမင်။ ငါနိုးထမှဖြစ်မယ်။ ငါ့စိတ်တွေ ပြိုလဲပြီး ကိုယ့်ကိုယ်ကို မေ့လျော့ပျောက်ဆုံးသွားစေလို့ မဖြစ်ဘူး…”

“ငါက စုမင်။ မြွေငယ်လေးမှာ အန္တရာယ်ရှိနေပြီ။ ငါ နိုးထမှ သူ့ကို ကယ်တင်နိုင်လိမ့်မယ်…”

“ငါက မာန်မျိုးနွယ်စုရဲ့ စုမင်ပဲ…”

“ငါက စုမင်။ ကောင်းကင်နဲ့ မြေကြီး၊ ရေခဲနဲ့ မီး…”

“ငါက စုမင်။ ထာဝရရှင်သန်ခြင်း ဝိညာဥ်တွေကို ဝါးမြိုလို့မဖြစ်ဘူး။ လုံးဝ မဝါးမြိုမိစေနဲ့…”

“ဝိညာဥ်တစ်ကောင်လောက်ပဲဖြစ်ဖြစ် ဝါးမြိုမိသွားရင်တောင် ငါလုပ်နိုင်မှာ မဟုတ်…”

ထိုကဲ့သို့ စာလုံးများမှာ တစ်သိန်းမကသော ကြေးခွံအျားအား ဖုံးအုပ်ထားပြီး အများစုမှာမူ ‘ငါက စုမင်’ ဟူသော စာလုံးလေးလုံးသာ ဖြစ်သည်။ စာနှစ်ကြောင်းရှိသော ကြေးခွံများမှာ အနည်းငယ်သာရှိပြီး ထိုကြေးခွံတစ်ခုစီတိုင်းကိုသာ သေချာလေ့လာကြည့်မည်ဆိုလျှင် စာများအား ထွင်းထုထားသော အချိန်များမှာ မတူညီသော်လည်း စကားများကမူ အတူတူပင် ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။

ထိုစာကြောင်းအားလုံးမှာ စုမင် ချန်ထားရစ်ခဲ့သော အရာများဖြစ်သည်။ သူသည် နှစ်ကြိမ်ခန့်သာ သေဆုံးခဲ့ခြင်းမဟုတ်ပဲ ထိုအရေအတွက်က သူ့ခေါင်းထဲတွင် မှတ်မိနေစေရန် ပြုလုပ်ထားသော အရာတစ်ခုမျှသာဖြစ်သည်။ အမှန်တရားမှာမူ သူသည် ဤတောင်နှင့် နဂါးရုပ်တုကြီးပေါ်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးသား ဖြစ်နေခဲ့ခြင်းပင်…

ဤနေရာသို့ ရောက်ရှိချိန်တိုင်း သူ့ခန္ဓာကိုယ် ပျောက်ကွယ်မသွားမီ နောက်ဆုံးအချိန်၌ အရာအားလုံးကို မှတ်မိသွားလေ့ရှိသည်။ သူ့တွင် ထိုအရာကို ခုခံရန် နည်းလမ်းမရှိသဖြင့် နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာမည့် သူ့အတွက် ဤနေရာအကြောင်း၊ သူ့တာဝန်နှင့် လုပ်ရမည့်အရာတို့အကြောင်း၊ သူ့ကိုယ်သူ ပြိုလဲပျောက်ဆုံးမသွားစေရန်တို့အား ပြောပြရန်အတွက် ယခုလို တုံးအမိုက်မဲသော နည်းလမ်းမျိုးကိုသာ အသုံးပြုနိုင်လေသည်။

ဤသည်က အမှန်တစ်ကယ်ပင် မိုက်မဲရာကျသော နည်းလမ်းတစ်ခု ဖြစ်သလို ဝမ်းနည်းဖွယ်၊ သနားဖွယ်ကောင်းသော နည်းလမ်းတစ်ခုလည်း ဖြစ်၏။ သို့သော်လည်း တစ်သိန်းမကသော ကြေးခွံများအား ဖုံးအုပ်နေသော စာလုံးများထံမှ စုမင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပြတ်သားမှုနှင့် ခံနိုင်ရည်ရှိမှု၊ ရူးသွပ်မှုများကို မြင်နိုင်လေသည်။

ဤသည်ကိုက… မီးတောက်နဂါး၏ မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကြီးပင်။

ဤကျယ်ပြောသော လောကကြီးအတွင်း၌ တောက်ပသော နေရောင်ခြည်များ ရှိမနေပေ။ ဤနေရာသည် အမြဲတစေ လင်းနေပုံပေါ်သော်လည်း ထိုအရာက အမှန်တစ်ကယ် လင်းလက်တောက်ပနေခြင်းလား၊ မှုန်မှိုင်းနေသည်လား ခွဲခြားမရပါချေ။ မြေသားဖြူဖြူမှ အဖြူရောင်အငွေ့များ စိမ့်ထွက်လာပြီး ပုံရိပ်များအဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲသွားသည်။

၎င်းတို့အထဲတွင် တွေဝေငေးငိုင်နေသော မှုန်မှိုင်းမှိုင်း မျက်လုံးများဖြင့် ဝိညာဥ်တစ်ကောာင် ရှိနေခဲ့၏။ ထိုပုံရိပ်က စုမင်ပင် ဖြစ်လေသည်…

အချိန်များ ကုန်ဆုံးသွားပြီးနောက် သူသည် ဝိညာဥ်အုပ်ကြီးနှင့်အတူ ခရာသံနောက်သို့ လိုက်ပါသွားခဲ့သည်။ ထိုသို့ဖြင့် တစ်ဖြည်းဖြည်း အကြိမ်များစွာ သေဆုံးရင်း သူသည် ဝိညာဥ်များကြား၌ အသန်မာဆုံး ဖြစ်လာခဲ့လေသည်။

သူ၏ ခြေလှမ်းတိုင်း၌ အခြားဝိညာဥ်များကို ဆက်တိုက်ဝါးမြိုရင်း ပိုမိုသန်မာလာပြီး အစွမ်းထက်စစ်သည်တော်တစ်ဦး ဖြစ်လာခဲ့သည်။ ရိုက်ခတ်ဖျက်ဆီး၍ လေထုအား ဖမ်းဆုပ်ခြင်း၊ အခြားအရာများအား လျင်မြန်အောင်၊ နှေးကွေးအောင်လုပ်ခြင်း၊ အရာဝတ္ထုတစ်ခုအား နေရာမှာပင် ခဲအောင်လုပ်ခြင်း စသည်တို့အပြင် အခြားသော ထိုကဲ့သို့ တိုက်ပွဲစွမ်းရည်များနှင့် ကြီးကျယ်ခမ်းနားသော စွမ်းအားများကိုပင် ရရှိလာခဲ့၏။ သူသည် ထိုစွမ်းရည်များကိုသုံးလျက် လောကတစ်ခွင် လှည့်လည်သွားလာကာ ဝိညာဥ်များကို ဝါးမြိုပြီးနောက် သက်သောင့်သက်သာရှိသော ခံစားချက်ကို နှစ်ခြိုက်ရင်း တစ်ဖြည်းဖြည်း ပိုမိုသန်မာလာခဲ့လေသည်။

သူ့မျက်လုံးထဲရှိ မှုန်ဝါးဝါး အရိပ်တို့မှာလည်း ပျောက်ကွယ်သွားပြီး အလင်းစက်များသဖွယ် တောက်ပခဲ့ဖူး၏။ သူ့နာမည်ကိုလည်း မှတ်မိခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ စိတ်လှုပ်ရှားမှုကို မခံစားမိတော့ပဲ အေးစက်တည်ငြိမ်လာခဲ့ပြီး ခရာသံဆင့်ခေါ်ရာသို့ နောက်တစ်ကြိမ် ရောက်ရှိသွားရပေလိမ့်ဦးမည်။

တောင်အား ရစ်ခွေနေသော နဂါးရုပ်တုကြီးထံ တစ်ဖန်ရောက်ရှိလာပြီးနောက် သူ့ခန္ဓာကိုယ် ပျောက်ကွယ်မသွားမီ တစ်ခဏ၌ အရာအားလုံးကို ပြန်လည်သတိရသွားပြီး ဤနေရာသို့ ထပ်ရောက်လာဦးမည့် သူ့အတွက် သူ၏ လက်လျှော့၊ အရှုံးမပေးလိုသော ပြယုဂ်တစ်ခုဖြစ်သည့် စာကြောင်းများကို ချန်ထားရစ်ရင်း…

နောက်တစ်ကြိမ် မွေးဖွားလာမည့် သူသည် ဤစာလုံးများကို မြင်မသွားခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ အဆုံးတွင်မတော့ ဤနေရာရှိ ကြေးခွံများမှာ များပြားလွန်းနေသည် မဟုတ်ပါလော…

မည်သို့ပင်ဖြစ်စေ ဤအရာက သူ၏ မျှော်လင့်ချက်ဖြစ်သည်။ ဤသည်က သူ၏ နောက်ဆုံးမျှော်လင့်ချက်ဟု ဆိုနိုင်သလို သူတွေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်၏။ သူ့စိတ်တို့ ပြိုလဲသွားခြင်းမျိုး မဖြစ်လိုပေ။ သူ ပြန်လည်တိုက်ခိုက်ချင်၏။

အချိန်များ ကုန်ဆုံးသွားခဲ့၏။ စုမင်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်ရှင်သန်လာပြီး ဤနေရာသို့ ရောက်ရှိလာကာ စာလုံးများကို ချန်ထားရစ်ခဲ့၏။ ယခုအခါ မြွေနဂါးကြီး၏ သိန်းရာချီသော ကြေးခွံများပေါ်တွင် စုမင်၏ စာလုံးများနှင့် ပြည့်နှက်နေပြီဖြစ်သည်။

အများစုမှာ စာနှစ်ကြောင်းဖြစ်ပြီး သုံးကြောင်းအထိ ရေးထားသည်များလည်း ရှိ၏။ သို့သော် လေးကြောင်းခန့် ရှိနေသည်က အနည်းအကျဥ်းမျှသာဖြစ်ပြီး စာငါးကြောင်းအထိ ရေးထားသည်မှာမူ အခုသုံးဆယ် မကျော်ပါချေ။

“ငါက စုမင်…”

“ဒါက သေဆုံးပြီးသား မီးတောက်နဂါးရဲ့ ထာဝရလောကထဲမှာ…”

“မြွေငယ်လေး အန္တရာယ်ရှိနေပြီ။ ငါနိုးထမှ သူ့ကို ကယ်တင်နိုင်လိမ့်မယ်…”

“ကောင်းကင်နဲ့ မြေကြီး၊ ရေခဲနဲ့ မီးတို့ရဲ့ နောက်ကွယ်က သဘောတရားကို နားလည်အောင်လုပ်ပါ။ မင်းရဲ့ ဆန့်ကျင်ဖက် ပေါင်းစည်းမှုကို ရှာ။ အဲဒါက ဒီနေရာကနေ ထွက်ခွာသွားနိုင်မယ့် နည်းလမ်းဖြစ်နိုင်…”

“ထာဝရရှင်သန်ခြင်း ဝိညာဥ်တွေကို မဝါးမြိုမိစေနဲ့။ တစ်ယောက်တစ်လေတောင် ဝါးမြိုမိလို့ မဖြစ်ဘူး… လုံးဝ မဝါးမြိုမိပါစေနဲ့…”

All Chapters