မဝါးမြိုလိုက်နဲ့
Vol. 34 Ch. 472
အမည်မသိ လောကကြီးအတွင်း တစ်လဟူသောအချိန်က ထပ်မံကုန်ဆုံးသွားပြန်သည်။ ဝတ်စုံဖြူဖြင့် စုမင်သည် ခရာသံ ထွက်ပေါ်နေရာဆီသို့ တည်ငြိမ်စွာလျှောက်လာပြီး မြွေနဂါးကြီး၏ ကျောပေါ်ရှိ ကြေးခွံတစ်ခုပေါ်တွင် ရပ်တန့်လိုက်၏။ ခေါင်းငုံ့လိုက်သည့် တစ်ခဏမှာပင် သူ့မျက်နှာပေါ်ရှိ အေးစက်တည်ငြိမ်သော အမူအယာသည် ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်ဟန် အထင်းသား ပေါ်လာခဲ့သည်။
အကြိမ်မရေမတွက်နိုင်အောင်ပင် စုမင်သည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်အား တရွတ်ဆွဲလျက် မြွေနဂါးကြီး၏ ကြေးခွံပေါ်သို့ အရောက်လာခဲ့ပြီး ထိုင်ချလိုက်ချိန်တိုင်း ကြေးခွံပေါ်ရှိ စာလုံးများကို တွေ့သွားလေ့ရှိသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်ခြောက်ခြားသော အမူအယာတစ်ခု ပေါ်လာပြီးသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်မသွားမီ တုန်ရီနေသော လက်ကိုမြှောက်၍ အခြားစာကြောင်းများကို ချရေးတတ်လေသည်။
ထိုအဖြစ်အပျက်သည်ကား တစ်ကြိမ်ပြီး တစ်ကြိမ် အကြိမ်ကြိမ် ဖြစ်ပျက်လျက်…
အဆုံးမရှိ သံသရာလည်နေခဲ့သည်။ ပြန်လည်နိုးထလာချိန်တိုင်း သူ၏ ခြေလှမ်းများက သေခြင်းတရားဆီသို့ ဦးတည်နေခဲ့ခြင်း ဖြစ်သည်။ အခြားဝိညာဥ်များ၏ လက်ထဲတွင် သေလျှင်သေ၊ မဟုတ်လျှင် မြွေနဂါးကြီး၏ ကြေးခွံပေါ်၌ သေဆုံးရစမြဲပင်…
သူပိုရလာသော အရာတစ်ခုမှာ ကြေးခွံများပေါ်ရှိ စာလုံးများသာဖြစ်သည်။ စာကြောင်းတစ်ကြောင်းချင်းစီတိုင်းသည် အကြိမ်ကြိမ်သေဆုံးမှုများကို ကိုယ်စားပြုနေပြီး ထိုသို့ ဆက်လက်ဖြစ်ပျက်နေသည်က ကြေးခွံများအားလုံးအား ငါးကြောင်းထက်ပိုသော စာကြောင်းများ ဖုံးအုပ်သွားခဲ့သည့် အချိန်အထိပင်။
သေဆုံးပြီးနောက် ပြန်လည်နိုးထလာချိန်တိုင်း သူ့စိတ်များက ရှုပ်ထွေးနောက်ကျိနေတတ်သည်။ မှတ်ဥာဏ်အားလုံးမှာ အဖျက်ခံထားရဟန်ဖြင့် တစ်ခုတစ်လေပင် ကျန်ရစ်ခဲ့ခြင်း မရှိပဲ ထိုသို့ဖြင့် အဆုံးမဲ့ သံသရာလည်နေတော့သည်။
ကြေးခွံများပေါ်ရှိ စာလုံးများသာ မရှိခဲ့လျှင် စုမင်သည် ဤထာဝရလောကကြီးအတွင်း အမှန်တစ်ကယ်ပင် သူ့ကိုယ်သူ မေ့လျော့သွားလောက်ပြီဖြစ်သည်… သူသည် ဘယ်သောအခါမျှ နိုးထလာနိုင်တော့မည် မဟုတ်ပဲ ရုန်းကန်ခြင်း သံသရာစက်ဝန်းအတွင်း နစ်မြုပ်သွားပြီး အဆုံး၌ အရာအားလုံးကို ဂရုမစိုက်တော့သော အေးစက်စက် နှလုံးသားမရှိသူတစ်ဦးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ဤအရာက လှောင်အိမ်ကြီးတစ်ခုပင်။ လှောင်အိမ်ထဲရှိ ငှက်ငယ်အတွက် အပြင်သို့ ပျံထွက်ခဲ့လျှင်ပင် သေဆုံးသွားသည့် တစ်ခဏ၌ သူ မလွတ်မြောက်သေးကြောင်း သတိပြုမိသွားမည့် ခံစားချက်တစ်ခုအလား…
မြွေနဂါး၏ ကိုယ်ပေါ်တွင် ပျောက်ကွယ်သွားရတော့မည့် အချိန်မှသာ စုမင်အတွက် အရာအားလုံးကို ပြန်လည်အမှတ်ရလာတတ်၏။ ထိုအရာက အိပ်မက်တစ်ခုလိုပင်။ လူတစ်ယောက်အတွက် အိပ်မက်မှ နိုးထလာချိန်တွင် စိတ်တို့ရှုပ်ထွေးနေရမည် ဖြစ်သော်လည်း ထိုစိတ်ရှုပ်ထွေးမှုတို့ ပေါ်လာချိန်၌ အိပ်မက်ကမူ ရှိနေတော့မည် မဟုတ်ပေ။
စုမင်သည် ကြေးခွံများပေါ်ရှိ စာလုံးများကိုသုံးလျက် သူ့ကိုယ်သူ မေ့လျော့မသွားစေရန် တွန်းအားပေးနေခဲ့၏။ သေခြင်းတရားအား အကြိမ်ကြိမ် ရင်ဆိုင်ရလျှင်ပင်၊ သူ့မှတ်ဥာဏ်တို့ ပျောက်ကွယ်သွားခဲ့လျှင်ပင် စုမင်သည် လက်မလျှော့ပဲ ကြိုးစားနေဆဲဖြစ်၏။ သူ့ကြိုးစားမှု၏ ရည်မှန်းချက် ပန်းတိုင်မှာ ဝေဝါးနေပြီး အဆုံး၌ မည်သည့်အရာမှ မရခဲ့လျှင်ပင် ကြိုးစားနေဦးမှာ ဖြစ်သည်။
အချိန်မည်မျှကြာအောင် ထိုသို့ဖြစ်ပျက်နေခဲ့မှန်း မသိပဲ တစ်ကြိမ်တွင်တော့ စာငါးကြောင်းရှိသော ကြေးခွံတစ်ခုပေါ်တွင် စုမင် ရပ်လိုက်မိလေသည်။
မည်သည့်အချိန်က သူကိုယ်တိုင် ချန်ထားရစ်ခဲ့မှန်း မသိသော ထိုစာကြောင်းများက သူ့အား ဝိညာဥ်များကို မဝါးမြိုမိစေရန် ပြောထားခြင်းဖြစ်ပြီး ထိုအရာက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ် ပျောက်ကွယ်လုဆဲဆဲမှာပင် စုမင်သည် ခေါင်းကိုမော့လျက် အရှုံးမပေးလိုဟန်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်မိချေ၏။
ကြုံးဝါးသံနှင့်အတူ ပျောက်ကွယ်မသွားသေးသော ညာလက်အားသုံး၍ ကြေးခွံပေါ်သို့ ရိုက်ချလိုက်လေသည်။ ဤတစ်ကြိမ်တွင်တော့ သူသည် မည်သည့်စာလုံးများကိုမှ ချန်မထားရစ်ခဲ့တော့ပဲ ထိုအစား ကြေးခွံပေါ်တွင် အစီအရင် သကေၤတတစ်ခုကိုသာ ဆွဲသားလိုက်ခြင်း ဖြစ်သည်။
ဤသည်က သူ့မှတ်ဥာဏ်များ ပြန်ရလာချိန်တွင် ရှာတွေ့ခဲ့သော ဟုန်လော့ချန်ထားရစ်ခဲ့သည့် နတ်ဘုရားစွမ်းရည်များထဲမှ အစီအရင်တစ်ခု၏ အခြေခံဖွဲ့စည်းပုံဖြစ်၏။ ထိုအစီအရင်၏ အသုံးချပုံမှာ တုန်ခါမှုလှိုင်းများ ထုတ်လွှတ်ပေးပြီး အသံ၏ထုထည်အား အဆုံးမရှိ တိုးချဲ့ပေးလျက် လောကတစ်ခွင် ပဲ့တင်ထပ်သွားစေမည့် အသံတစ်ခုအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။
ဟုန်လော့၏ အမွေအနှစ်ထံမှ သူမှတ်မိထားသည်အရဆိုလျှင် ဤအစီအရင်ကို နေရာလွတ်တစ်ခုတွင် အသက်သွင်းလိုက်မည်ဆိုပါက တစ်လကြာအောင် ပဲ့တင်ထပ်နေလိမ့်မှာဖြစ်သည။ ထိုတစ်လအတွင်း လူတစ်ဦးအနေဖြင့် မည်မျှပင်ဝေးကွာသည့် နေရာမှာ ရှိနေပါစေ၊ ထိုအသံအား ခပ်တိုးတိုး ပဲ့တင်သံအဖြစ် ကြားနိုင်နေပေလိမ့်မည်။
သို့သော်လည်း အစီအရင်မှာ အတော်လေး ကြီးမားလှသဖြင့် စုမင်ဆွဲသားလိုက်သည်က ပုံစံအပြည့်အစုံ၏ တစ်ရာပုံတစ်ပုံပင် မရှိပေ။ အစီအရင်၏ အခြေခံကို အပြီးသတ်နိုင်ရန်ပင် သူ့အတွက် အတော်လိုနေသေး၏။
သို့သော်လည်း သူ့တွင် နောက်ထပ်အကြိမ်များစွာ ကျန်သေးပေသည်။ ဤနေရာသို့ အကြိမ်ကြိမ်လာရောက်ရင်း မသေဆုံးမီ တစ်ခဏအတွင်း အရာအားလုံးကို မှတ်မိသွားသည်နှင့် အစီအရင်အတွက် အခြေခံကို အပြီးသတ်နိုင်သွားပေလိမ့်မည်။
ထိုသို့ဖြင့် စုမင်သည် သူထိုင်မိသော နေရာမှာ အစီအရင်ဆွဲသားရန် လိုအပ်ချက်များနှင့် မပြည့်မီသဖြင့် အမှားများစွာ လုပ်ခဲ့ရ၏။ သို့သော်လည်း ထာဝရလောကကြီး၏ အဆုံးမဲ့သံသရာအတွင်း အဆုံးတွင်တော့ မြွေနဂါးကြီး၏ ကိုယ်ပေါ်၌ အစီအရင်၏ နောက်ဆုံးမျဥ်းကြောင်းကို ဆွဲသားနိုင်ခဲ့လေသည်။
အစီအရင်ကို အပြီးသတ်ပြီးသည်နှင့် စုမင်သည် ၎င်းအား ချက်ချင်းအသက်သွင်းကာ အကျယ်လောင်ဆုံးအသံဖြင့် အော်ဟစ်လိုက်တော့၏။
“ထာဝရရှင်သန်ခြင်း ဝိညာဥ်တွေကို မဝါးမြိုမိစေနဲ့။ တစ်ကောင်တစ်လေတောင် ဝါးမြိုလို့မဖြစ်ဘူး…”
ထိုစကားလုံးများကို ပို့လွှတ်ပြီး သူပျောက်ကွယ်သွားချိန်မှာပင် အခက်အခဲပေါင်းများစွာ ကြုံပြီးမှ အပြီးသတ်နိုင်ခဲ့သော သူ၏ အစီအရင်မှာ စတင်အသက်ဝင်လာပြီး သူ၏ အသံကို အဆုံးမဲ့ချဲ့ပေးကာ အရပ်မျက်နှာအနှံ့သို့ အသံလှိုင်းတစ်ခုအဖြစ် ပို့လွှတ်လိုက်သည်။ အကန့်အသတ်မရှိ ကျယ်ပြောသောလောကကြီးအတွင်း စုမင်၏ အသံက လှိုင်းလုံးကြီးများအသွင် ပဲ့တင်ထပ်သွားတော့သည်။
စုမင် သေဆုံးသွားပြီးနောက် ဆယ်ရက်မျှကြာသောအခါ နေရာတစ်ခုတွင် ဖြူလွလွမြေပြင်မှ မြူခိုးများ စိမ့်ထွက်လာပြီး စုမင်၏ ခန္ဓာကိုယ်အဖြစ် စုဝေးပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း ပုံပေါ်လာပြီး မှုန်ဝါးဝါးမျက်လုံးများဖြင့် ကျယ်ပြောသော နေရာလွတ်ကြီးအား ငေးစိုက်ကြည့်နေခဲ့၏။ သူ့ခေါင်းထဲတွင် မည်သည့်မှတ်ဥာဏ်များမှ မကျန်ရစ်တော့ပဲ သူ့စိတ်မှာလည်း ဗလာပြန်ဖြစ်သွားခဲ့လေပြီ။
မီးခိုးရောင်ကောင်းကင်ကြီးအား မော့ကြည့်နေသည့် သူ့ခေါင်းထဲ၌ အတွေးတစ်စပင် ရှိမနေပါချေ။ သူသည် ဤကောင်းကင်ကြီးအား ပထမဆုံးအကြိမ် မြင်ခဲ့စဥ်ကလိုပင် ဗလာသက်သက် အတွေးများဖြင့် ငေးမောကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ့အနီးတွင် မြူခိုးများထွက်ပေါ်လာပြီး အခြားဝိညာဥ်များလည်း တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။ များပြားလှသော ဝိညာဥ်များကြားတွင် ရပ်နေသော စုမင်၏ ပုံစံမှာ ထူးခြားကွဲပြားနေခြင်း မရှိပဲ အလွန်တရာပင် သာမန်ဆန်နေခဲ့၏။
ထွက်ပေါ်လာသော ဝိညာဥ်တိုင်းသည် တစ်စုံတစ်ရာအား စောင့်မျှော်နေဟန်ဖြင့် ကောင်းကင်သို့ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ကြ၏။
ခရာသံ ပေါ်လာချိန်တွင် ၎င်းက စုမင်၏နားထဲသို့လည်း တိုးဝင်လာခဲ့လေသည်။ ခရာသံသည် သူ့ခန္ဓာကိုယ်အား တုန်ယင်သွားစေပြီးနောက် ခေါင်းငုံ့လျက် အခြားဝိညာဥ်များနှင့်အတူ ခရာသံ ထွက်ပေါ်လာရာဆီသို့ လိုက်ပါသွားခဲ့လေသည်။
ဤလုပ်ရပ်အား သူ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးမှန်း စုမင် မသိခဲ့ချေ…
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ တစ်ရက်မကုန်ခင်မှဦပင် ကြမ်းတမ်းသော အော်ဟစ်ကြုံးဝါးသံတစ်ခုက ခရာသံနှင့်အတူ ပဲ့တင်ထပ်လာခဲ့၏။
“ထာဝရရှင်သန်ခြင်း ဝိညာဥ်တွေကို မဝါးမြိုမိစေနဲ့။ တစ်ကောင်တစ်လေတောင် ဝါးမြိုလို့မဖြစ်ဘူး…”
ထိုအသံသည် စုမင်အပါအဝင် ဝိညာဥ်အားလုံး၏ နားထဲသို့ တိုးဝင်လာခဲ့ပြီး စုမင်၏ လှုပ်ရှားမှုများကို ခဏမျှ ရပ်တန့်သွားစေ၏။ သူသည် ခေါင်းကို အသာအယာမော့ကာ ကောင်းကင်သို့ လှမ်းကြည့်လိုက်သော်လည်း တစ်ခဏမျှ တွေဝေနေပြီးနောက်တွင်တော့ ထိုအသံအား မကြားဟန်ဆောင်လိုက်ရန်သာ ရွေးချယ်လိုက်လေသည်။ အခြားဝိညာဥ်များသည်လည်း ထိုအသံကို မကြားဟန်ဖြင့် အရှေ့ကိုသာ ဆက်လက်လွင့်မျောသွားခဲ့ကြသည်။
အချိန်များကုန်ဆုံးသွားပြီးနောက် အချို့ဝိညာဥ်များထံမှ ဟိန်းဟောက်သံများ ပေါ်လာကာ ဝါးမြိုခြင်းတို့ စတင်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင် စုမင်၏ မှုန်ဝါးဝါး မျက်လုံးထဲတွင်လည်း ရူးသွပ်မှုများ ပေါ်လာခဲ့၏။ သူသည် တစ်ဖက်သို့ အလျင်အမြန်လှည့်ကာ သူ့နံဘေးရှိ အသိစိတ်ကင်းမဲ့နေသော ဝိညာဥ်အပေါ်သို့ ခုန်အုပ်လိုက်သည်။ ထိုဝိညာဥ်အား ဝါးမြို၍ သူ့ကိုယ်သူ သန်မာအောင် ပြုလုပ်တော့မည့် အချိန်မှာပင် သေခါနီးအချိန်တွင် အော်ဟစ်သံကဲ့သို့ ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံကြီးက နောက်တစ်ကြိမ် ပျံ့လွင့်လာခဲ့ပြန်သည်။
“ထာဝရရှင်သန်ခြင်း ဝိညာဥ်တွေကို မဝါးမြိုမိစေနဲ့။ တစ်ကောင်တစ်လေတောင် ဝါးမြိုလို့မဖြစ်ဘူး…”
ထိုအသံသည် လွန်ခဲ့သောရက်များအတွင်း သူတို့ထံသို့ အကြိမ်ကြိမ် ရောက်လာခဲ့ဖူးပြီး တစ်နည်းနည်းဖြင့် ယခင်လောက် ကျယ်လောင်ခြင်း မရှိတော့ပေ။ စုမင်နားထဲသို့ ထိုအသံ ဝင်လာသည်နှင့် သူ့အဖော်ကို ဝါးမြိုရန်ပြင်နေသော စုမင်၏လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့သည်။
သူ့မျက်လုံးများထဲတွင်လည်း ရုန်းကန်လွန်ဆွဲနေဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ၏ ဗလာဖြစ်နေသော စိတ်ထဲတွင် မူလက ဘာမျှမရှိခဲ့သော်လည်း ယခုအခါ ထိုစကားလုံးများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီဖြစ်သည်။ ဝါးမြိုခံရတော့မည့် ဝိညာဥ်အား ဆုပ်ကိုင်ထားသော သူ၏ လက်ချောင်းများမှာ တစ်ဖြည်းဖြည်း ပြေလျော့သွား၏။
အဘယ်ကြောင့်မှန်း မသိသော်လည်း ထိုအသံက သူ့အတွက် အလွန်ရင်းနှီးနေလေသည်။
ဆုပ်ကိုင်ထားသော ဝိညာဥ်အား စုမင်လွှတ်ပေးလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ သန်မာသောဝိညာဥ်များမှာ သူတို့အဖော်များကို စားသုံးပြီးသွားချေပြီ။ အနည်းငယ် သန်မာလာသည်နှင့် ၎င်းတို့သည် ခေါင်းမော့ကာ အော်ဟစ်ဟိန်းဟောက်လိုက်ကြ၏။
စုမင်နားထဲသို့ ထိုအသံများ ဝင်လာသောအခါ သူ့စိတ်ထဲတွင် နောက်တစ်ကြိမ် လွန်ဆွဲရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ စိတ်လွန်ဆွဲမှုမှာ အချိန်အတော်ကြာမြင့်သွားခဲ့ပြီး ၎င်းအားရပ်တန့်၍ ဘေးဘီဝဲယာ ကြည့်လိုက်မိချိန်တွင် သူ့အနီး၌ မည်သည့်ဝိညာဥ်မှ ရှိမနေတော့ပေ။
သူနှင့်အတူ တစ်အုပ်စုတည်း မွေးဖွားခဲ့သော ဝိညာဥ်များမှာ ထွက်ခွာသွားကြလေပြီ။ စိတ်လွန်ဆွဲနေသော စုမင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။ အခြားသော ဝိညာဥ်များမှာမူ သူ့အား ဂရုမစိုက်ပဲ ခရာသံကိုသာ နားထောင်၍ သူတို့၏ ဦးတည်ရာဆီသို့ ဆက်လက်ရွေ့လျားသွားကြလေပြီ။
ကျယ်ပြောသော နေရာလွတ်ကြီးတွင် မိန်းမောတွေဝေနေဟန် အမူအယာဖြင့် စုမင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူသည်လည်း ခေါင်းကိုငုံ့လျက် အရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မျောသွားတော့၏။
ထာဝရလောကထဲ၌ သူအကြိမ်မည်မျှ ပြန်လည်မွေးဖွားခဲ့မှန်း စုမင်မသိချေ။ တစ်ကယ်တမ်း ထိုမေးခွန်းက သူ့ခေါင်းထဲမှာပင် ရှိမနေခြင်းဖြစ်သည်။
အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နိုးထလာခဲ့ဖူးသည်ဆိုလျှင်ပင် ဤသည်က သူ့အတွက် ပထမဆုံးအကြိမ်လို ဖြစ်နေဆဲပင်…
ဤတစ်ကြိမ်တွင်တော့ သူနိုးထလာမှုမှာ အနည်းငယ်ထူးခြားနေ၏။ သူကိုယ်တိုင်ကမူ သတိမပြုမိသော်လည်း သူ အကြိမ်သိန်းပေါင်းများစွာ သေဆုံးပြီး ပြန်လည်နိုးထလာမှုအား စောင့်ကြည့်နေသူများအတွက်မူ ဤတစ်ကြိမ်သည် ထူးခြားနေကြောင်း သိသွားကြပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ထိုအော်သံ၏ ပေါ်ထွက်လာမှုကြောင့် မည်သည့်ဝိညာဥ်ကိုမှ စုမင်ဝါးမြိုခြင်း မပြုခဲ့ပေ။ သူသည် အသိစိတ်ကင်းမဲ့လျက် ရှေ့ဆက်တိုးနေခဲ့သည်မှာ လဝက်ခန့်ကြာပြီးနောက် ထိုအသံပျောက်ကွယ်သွားခဲ့သည်အထိပင်။ သူသည် အရှေ့သို့ ဆက်လက်လွင့်မျောနေခဲ့ပြီး လမ်းတစ်လျှောက် မည်သည့်ဝိညာဥ်နှင့်မှလည်း မကြုံခဲ့ရချေ။
ဤကဲ့သို့ ဖြစ်ရပ်မျိုးက သူဖြတ်သန်းခဲ့ရသော နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
လွင့်မျောနေသော လဝက်အတွင်း စုမင်မျက်လုံးများမှာ ပိုမိုဝေဝါးလာခဲ့၏။ သူ့နှလုံးသားထဲတွင်လည်း ဆာလောင် အားနည်းမှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် ရံဖန်ရံခါဆိုသလိုပင် ဘေးဘီဝဲယာကိုကြည့်လျက် သူ၏ ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်နိုင်မည့် အရာအား ရှာဖွေတတ်၏။
သူသည် ယခင်က ဝိညာဥ်များနှင့် ဆုံခဲ့သော်လည်း ၎င်းတို့ကို တွေ့လိုက်ချိန်တိုင်း ပျောက်ကွယ်သွားပြီဖြစ်သော ထိုအသံက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာတတ်ပြီး သူ၏ ရုန်းကန်မှုများကို ပိုတိုးလာစေခဲ့သည်။
သူသည် တစ်စုံတစ်ရာအား ဝါးမြိုချင်နေသော်လည်း ထိုရင်းနှီးနေသောအသံက မစားမိစေရန် တားဆီးနေ၏။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ မည်သည့်ဝိညာဥ်ကိုမှ သူဝါးမြိုနိုင်စွမ်းရှိတော့မည် မဟုတ်ဟုသော ရေးတေးတေး ခံစားချက်သည်ပင် ပိုမိုကြီးထွားလာခဲ့ချေပြီ။
သူ၏ ရုန်းကန်မှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်မှာပင် သူ့အရှေ့၌ အသိစိတ်ကင်းမဲ့လျက် လွင့်မျောနေသော တစ်ဒါဇင်နီးပါးခန့် ဝိညာဥ်များကို တွေ့လိုက်ရ၏။ စုမင်သည် စားသုံးလိုသော ဆန္ဒကို ချိုးနှိမ်ထားနိုင်စွမ်း မရှိတော့ပဲ အရှေ့သို့ ပြေးတက်သွားခဲ့လေသည်။
တစ်ဒါဇင်နီးပါးခန့် ဝိညာဥ်များမှာ ဥာဏ်ရည်အနည်းငယ်မျှပင် မရှိသော မွေးကင်းစ ဝိညာဥ်အသစ်လေးများ ဖြစ်သည်။ ၎င်းတို့အထဲမှ တစ်ကောင်အနီးသို့ စုမင်ချဥ်းကပ်သွားပြီး ဝါးမြိုရန် ပြင်လိုက်စဥ်မှာပင် သူ့မျက်နှာပေါ်၌ ပြင်းပြင်းထန်ထန် ရုန်းကန်နေရဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူသည် အော်ဟစ်ကြုံးဝါးလိုက်ပြီး မျက်လုံးများမှာလည်း မှုန်မှိုင်းမှိုင်း မီးခိုးရောင် မဟုတ်တော့ပေ။
နီညိုရောင်ရင့်ရင့် ပေါ်လာပြီး ရုန်းကန်လှုပ်ရှားရင်း ထိုဝိညာဥ်အား ဝါးမြိုရန် လက်လျှော့လိုက်တော့၏။ ထိုအစား ညာလက်ကိုမြှောက်၍ ထိုဝိညာဥ်၏ ဦးခေါင်းအား ရိုက်ချလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်အား ပြိုကွဲပျက်စီးသွားစေလိုက်သည်။
ထိုဝိညာဥ် သေဆုံးသွားသည်နှင့် စုမင်ခေါင်းထဲတွင် ဝုန်းခနဲမြည်ဟည်းသွားပြီး သူ့စိတ်အား ဆုတ်ဖြဲခံနေရသော နာကျင်မှုတစ်ခု တိုးထွက်လာ၏။ ထိုနာကျင်မှုများကြားမှာပင် စုမင်မျက်လုံးများထဲ၌ ကြည်လင်ပြတ်သားမှုများ ထင်ဟပ်လာခဲ့လေသည်။
“ငါက စုမင်ပဲ”
*****