မြောက်ပိုင်းသဲကန္တာရ၏ စစ်ကြောင်း
Vol. 56 Ch. 779
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါရမ်းသွားပြီး မိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီးက တောင်ပိုင်းဒေသတစ်ခုလုံးတွင် ပဲ့တင်ရိုက်ခတ်သွားသည်။ အတုအယောင်အင်မော်တယ်ဝိညာဉ်၏ ခန္ဓာဖောက်ခွဲခြင်းကား တောင်ပိုင်းဒေသတစ်ခုတည်းကိုသာ တုန်ခါသွားစေခြင်းမဟုတ်။ ကြီးမားသော လှိုင်းလေဂယက်များသည် မြောက်ပိုင်းဒေသတစ်လျှောက် ပျံ့နှံ့၍ အရှေ့ဘက်နယ်မြေအပေါ်ရှိ တိမ်တိုက်များကို တလိပ်လိပ် ထသွားစေ၏။
အဖျက်စွမ်းအား မန်ဟိုကို လွှမ်းမိုးသွားလျှင်ချင်း သူ၏ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လင်းခနဲ လက်သွားသည်။
နေရာလဲသိုင်း
သူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ စောစောက ရေနဂါးများဖြင့် ရစ်သိုင်းလျက် ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်း၏နေရာတွင် ဖြစ်နေလေပြီ။ မြောက်ပိုင်းသဲကန္တာရမှ အဆိုပါတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူမှာတော့ မန်ဟိုရှိခဲ့သော နေရာတွင် ပြန်ပေါ်လာသည်။ သူ့မှာ အဖျက်စွမ်းအား သူ့ကို မလွှမ်းမိုးသွားခင် အော်ရန်ပင် အချိန်မရလိုက်ပေ။
မိုးပြိုကျတော့မည့်အလား ကျယ်လောင်သော မိုးထစ်ချုန်းသံကြီး လူတိုင်း၏နားထဲတွင် ပြည့်နှက်သွားသည်။
တာအိုရှာဖွေခြင်းအထွတ်အိပ်အဆင့်ပညာရှင်မှာ ချက်ချင်း အသတ်ခံလိုက်ရပြီး အရုဏ်ဦးအင်မော်တယ်လည်း အဖျက်စွမ်းအား၏လွှမ်းမိုးခြင်း ခံလိုက်ရသည်။ သူမ၏အသံပင်လျှင် မလွတ်မြောက်နိုင်ပေ။
နဂါးငွေ့တန်းပင်လယ်ကို ဖြတ်၍ သွယ်တန်းနေသော ရှင်သန်ခြင်းနှင်းပန်းတံတား၏ အပိုင်းနှစ်ပိုင်းမှာ ပြင်းထန်သောနာကျင်မှုဖြင့် ဖိစိးနှိပ်စက်ခံနေရသည့်အလား တုန်ခါသွားသည်။ တံတား၏အစိတ်အပိုင်းများ တဝုန်းဝုန်း ပြိုကျလာကာ လက်တံများသည် ပြာထက်မပိုတော့ပေ။
ရှင်သန်ခြင်းနှင်းပန်းထံမှ စူးစူးဝါးဝါးအော်သံကြီးမှာ အလွန်အားကောင်းလှသဖြင့် မြေပြင်ကို နှစ်ခြမ်းကွဲသွားစေပြီး ကောင်းကင်ကို တုန်ခါလာစေသည်။
"မန်ဟို"
တောင်ပိုင်းဒေသတွင်တော့ မန်ဟိုသည် စစ်မြေပြင်ပေါ်ရှိ ခေါင်းဆောင်ကြီးစုန့်၏ဘေးတွင် ပေါ်လာပြီး တစ်ကိုယ်လုံး သွေးသံရဲရဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။
အကောင်းပကတိအတိုင်း ကျန်ရှိတော့သည့်အရာဆို၍ မိုးကြိုးဒယ်အိုးကို ကိုင်ထားသော လက်သာရှိသည်။ သူ၏ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ စုတ်ပြတ်သပ်နေလေပြီ။ သူ၏အရေပြားမှာ လန်ထွက်သွားခဲ့ပြီး သွေးတို့ခမ်းခြောက်သွားသည်။ ကိုယ်ထဲရှိ သူ၏ကိုယ်တွင်းအင်္ဂါများကို မြင်နေရပြီး သူ့ခေါင်းတစ်ပိုင်းမှာ ပျက်စီးပဲ့ရွဲ့နေသည်။ သာမန်ကာလျှံကာကြည့်လျှင် သူကား သေဖို့မှလွဲပြီး တခြားမရှိတော့သယောင်ပင်။
သူ၏ထာဝရအလွှာမှာ အားအင်ကုန်ခမ်းနေပြှး ၎င်းကိုယ်၎င်း ပြုပြင်နေရသောအခြေအနေတွင် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းသည် မန်ဟို၏ ခန္ဓာကိုယ်ကို ပြန်မကုသပေးနိုင်ပေ။ ဤဒဏ်ရာများမှာ အံ့ဖွယ်သရဲဆေးလုံးများပင် ကုသပေးနိုင်မည်မဟုတ်သည့် ဒဏ်ရာများဖြစ်သည်။
ပြင်းထန်သော အဖျက်စွမ်းအားပမာဏက မန်ဟို့ကို တိုးဝှေ့ရိုက်ခတ်နေသည်။ တကယ်တမ်း ပေါက်ကွဲမှုအတွင်း သူ မသေသွားခြင်းမှာ ကံကောင်း၍ပင်။ မိုးကြိုးဒယ်အိုးကြောင့်သာ မဟုတ်လျှင် မန်ဟို့မှာ ကျိန်းသေ ဖျက်စီးခံခဲ့ရပြီးလေပြီ။
သို့ထိတိုင် သူ ပြန်ပေါ်လာသောအခါ မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် သုံးယောက်မှာ ပါးစပ်အဟောင်းသားနှင့် အလိုအလျောက် နောက်ဆုတ်မိသွားကြသည်။ သူတို့သည် အလျင်လှုပ်ရှားရဲကြပေ။
မန်ဟို၏ အကြင်နာမဲ့ရက်စက်မှု၊ ခန္ဓာဖောက်ခွဲပစ်သော ကြောက်စရာအပြုအမူ၊ အရုဏ်ဦးအင်မော်တယ်ကိုယ်ပွားကို သုတ်သင်ခဲ့ခြင်း၊ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ကို ထမင်းစားရေသောက်သဖွယ် သတ်ဖြတ်ခြင်း ... ဤအရာအားလုံးက သူ၏နာမည်ကြားလိုက်ရုံနှင့် မည်သူမဆို ကြောက်ဖျားဖျားသွားရမည်အထိ ဖြစ်သွားစေသည်။
မြောက်ပိုင်းသဲကန္တာရ၏ ကျင့်ကြံသူတစ်သိန်းကျော်ထံမှ စကားသံများ ကျွတ်ကျွတ်ညံလာသည်။
"မသေသေးဘူးပဲ"
"သူ့ ခန္ဓာကိုယ် ဘယ်လောက်စုတ်ပြတ်သပ်နေလဲ ကြည့်စမ်း ၊ ဒါတောင် ရှင်နေသေးတယ်"
ဆေးလုံးမိစ္ဆာက ဆေးလုံးများ ကပျာကယာ ပေးလိုက်စဉ် ခေါင်းဆောင်ကြီးစုန့်နှင့် ကျင်းဟန်ဂိုဏ်းချုပ်က မန်ဟို့ဘေးတွင် စောင့်ရှောက်ပေးရန် ချက်ချင်း အပြေးအလွှား ရောက်လာကြသည်။
"ဟိုအာ" ဆေးလုံးမိစ္ဆာမှာ အလောသုံးဆယ် ထိတ်ထိတ်ပျာပျာ ပြောသည်။
မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်မှာမူ အသက်မရှိတော့သည့်အလား လျော့ရဲအိကျသွားပြီး မည်းနက်လာသည်။ မန်ဟို သေသွားလျှင် ... သူလည်း သေချာပေါက် သေရမည်မဟုတ်ပါလော။
မန်ဟိုက စကားမပြော။ သူ၏မျက်လုံးများသည် ငေးကြောင်နေပြီး သူ့အမူအရာမှာ ငိုင်တွေနေသည်။ သူ့မှာ အချိန်မရွေး သေဆုံးတော့မည့်အလား သေခြင်းအရှိန်အဝါတစ်ခုက သူ့ကို ရစ်ဝိုင်းထားသည်။ သူ့တွင် အလွန်သေးငယ်သော အသိစိတ်အမျှင်ပါးပါးလေးသာ ကျန်ရှိတော့လေသည်။ သူသည် မြေပြင်ပေါ်ရှိ အံ့ဩထိတ်လန့်နေသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် မိုးကြိုးဒယ်အိုးက လင်းခနဲ လက်ပြီး သူ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူသည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်နှင့် နေရာလဲသွားလေပြီ။ ထို့နောက် သူ့လက် ပေါက်ကွဲသွားသည်။ မပျက်စီးဘဲ ကျန်ရှိတော့သည့် တစ်ခုတည်းသောအရာမှာ သူ့ခေါင်းတစ်ခြမ်းသာ ဖြစ်ချေ၏။
ထိုနောက်ဆုံးကျန်ရှိသော ခေါင်းခြမ်းပင်လျှင် သွေးမြူတိမ်အဖြစ်ပေါက်ကွဲကာ မြေကြီးပေါ် ကျသွားသည်။ သို့ရာတွင် မြူတိမ်ကား မပျောက်ကွယ်။ ၎င်းက အနီးနားရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏ မျက်လုံး၊ နား ၊ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် ထိုသူ၏ခန္ဓာကိုယ်ထဲ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူမှာ အသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်တော့သည်။ သူ၏ခန္ဓာကိုယ်သည် တွန့်လိမ်ကောက်ကွေးလာပြီး သွေးကြောပြာပြာကြီးများ နဖူးပေါ်တွင် ဖောင်းကြွလာ၏။ သူ၏အမူအရာမှာ ထိတ်လန့်ကြောက်ရွံ့နေသောပုံစံ ရှိလေသည်။
"မလုပ်နဲ့ ကယ်....." သူ၏စကားမှာ လမ်းခုလတ်မှာတင် ပြတ်တောက်သွားသည်။ ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်တို့အကုန်လုံး စုပ်ယူခံလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ခြောက်သွေ့စပြုလာသည်။
သူ သေသွားသည့်အခါ သူ့ကိုယ်အတွင်းမှ အနီရောင်မြူများ ထွက်လာပြီး မြူစီးကြောင်းနှစ်ကြောင်းအဖြစ် ကွဲကာ ဖြာထွက်သွားပြန်သည်။
မချိတင်ကဲအော်သံများ ဆူညံလာသည်။ စစ်မြေပြင်ပေါ်တွင် အံ့ဩတုန်လှုပ်စရာကောင်းသော အပြောင်းအလဲကြီးကား လျင်မြန်စွာ ဖြစ်ပျက်နေလေပြီ။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ခြောက်သွေ့သေဆုံးသွားစဉ် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်နေသည်။ ထို့နောက် သွေးမြူတိမ်သည် စီးကြောင်းနှစ်ကြောင်းမှ လေးကြောင်းအဖြစ် ကွဲသွားသည်။ ထို့နောက် (၁၆) ကြောင်း ... (၃၂).... (၆၄)... အဆုံးသတ်တွင် သွေးစီးကြောင်းရာချီသည် ခန္ဓာကိုယ်ပေါင်းရာချီထဲသို့ ထိုးဖောက်၍ ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်များကို စုပ်ယူရင်း ပျံ့နှံ့သွား၏။ ထို့နောက် မြူကား ထပ်မံဖြာထွက်သွားပြန်သည်။
မျက်စိတစ်မှိတ်မျှသာ ကြာလိုက်သည်၊ အနီရောင်မြူစီးကြောင်းထောင်ချီအား မြင်ရလေပြီ။ ၎င်းသည် မကောင်းဆိုးဝါးနတ်ဆိုးဆန်ပြီး အသိရှိနေသည့်အလား တောင်ပိုင်းဒေသကျင့်ကြံသူများကို ရှောင်တိမ်းကာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကိုသာ ဖျက်စီးပစ်နေ၏။
လေလယ်တွင် မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးယောက်ရှိသည်။ ထိုသုံးယောက်ထဲ၌ ဝတ်ရုံဖြူဝတ်ရုံနက်နှင့် သွေးစုပ်ဖုတ်ကောင် အမြွှာအဘိုးကြီးနှစ်ယောက်ပါဝင်သည်။ အခြားတစ်ယောက်မှာတော့ ခပ်ရွယ်ရွယ်လူငယ်တစ်ယောက်ပုံစံရှိသည်။ သူ့ကို လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများက လှည့်ပတ်နေ၏။ ကြည့်ရသရွေ့ ထိုမှော်သင်္ကေတတစ်ခုစီတွင် ယခုချက်ချင်း ထုတ်လွှတ်ခံရဖို့ အသင့်ဖြစ်နေသော လက်နက်တစ်မျိုးမျိုး ပါဝင်နေသယောင်ပင်။
သူတို့သုံးယောက်လုံးမှာ ဖြစ်ပျက်နေသောအရာကို အလွန်ထိတ်လန့်စွာ ကြည့်နေကြသည်။ သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် ထပ်မံတုံ့ဆိုင်းမနေတော့ပေ။ သူတို့သည် အရှိန် တင်နိုင်သမျှ တင်ရင်း အဝေးသို့ ပျံပြေးသွားကြတော့သည်။
သူတို့အနေဖြင့် မည်ကဲ့သို့ ဆက်လက်တိုက်ခိုက်ရဲတော့မည်နည်း။
အရုဏ်ဦးအင်မော်တယ် သေဆုံးသွားခဲ့သည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ခုနစ်ယောက်အနက် သုံးယောက်မှာ မန်ဟို၏ကွပ်မျက်ခြင်းခံခဲ့ရသည်။ ထိုမျှသာမက ... မန်ဟိုကား မသေသေးသော အနေအထားတွင် ရှိပုံပေါ်သည်။
သူတို့အတွက် ဆက်နေရဲစရာ အကြောင်းမရှိပေ။ ထို့အပြင် ဆေးလုံးမိစ္ဆာမှာ ယခု တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရောက်နေပြီဖြစ်ပြီး ကျင်းဟန်ဂိုဏ်းချုပ်နှင့် ခေါင်းဆောင်ကြီးစုန့်လည်း ထိုနည်းတူပင်။ ထိုသုံးယောက်တည်းနှင့် ဒုက္ခရောက်စေဖို့ လုံလောက်နေပြီး မန်ဟို၏ဒုတိယကိုယ်အစစ်ကိုတော့ ထည့်ပြောနေရန်ပင် မလိုအပ်ပေ။ သူသည် အားနည်းသည့်ပုံပေါ်ကောင်းပေါ်နိုင်သော်လည်း မန်ဟို သက်သာလာလျှင် အင်အားကြီးသော ရန်သူနောက်တစ်ယောက်ဖြစ်သွားလိမ့်မည်။
သို့ဖြစ်၍ ဆက်လက်တိုက်ခိုက်ရန် နည်းလမ်းမရှိ။
အရုဏ်ဦးအင်မော်တယ်၏ကိုယ်ပွား သေဆုံးမှုက မြောက်ပိုင်းသဲကန္တာရ ဒုတိယအသုတ်တပ်ဖွဲ့၏ ကံကြမ္မာကို သက်သေထူခဲ့လေပြီ။
ကျန်ခဲ့သော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးယောက်မှာ ကြောက်လန့်တရား ထွက်ပြေးနေကြလေသည်။ သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ တတိယအသုတ်တပ်ဖွဲ့နှင့် ဆုံတွေ့ရန်ပင်။ ထိုမှသာ ပြန်ပေါ်လာပြီး မန်ဟို့ကို ရင်ဆိုင်ရဲလိမ့်မည်။
သူတို့အနေဖြင့် ဤအခွင့်အရေးကို သုံး၍ မန်ဟို့ကို သတ်ဖို့ မကြိုးစားနိုင်ခြင်းမဟုတ်.... စွန့်စားရန် အန္တရာယ်များလွန်းခြင်းသာ။ ထွက်ပြေးခြင်းက ဘေးအကင်းဆုံးပင်။
တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်သုံးဦးသည် အောက်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်သိန်းကျော်ကို ခေါင်းထဲတွင် မရှိပေ။ ခေါင်းဆောင်ကြီးစုန့်နှင့် အခြားသူများမှာမူ သူတို့နောက်လိုက်သင့်၊ မလိုက်သင့် တွေဝေနေကြသည်။ အဆုံးသတ်တွင် မန်ဟို ပို၍အရေးကြီးသည်ဟု တက်ညီလက်ညီဆုံးဖြတ်လိုက်ကြ၏။
သူတို့ ထိုသုံးယောက်ကို မှီလျှင်တောင်မှ အချိန်တိုလေးအတွင်း အနိုင်ပိုင်းနိုင်ဖို့ မသေချာပေ။
ဆေးလုံးမိစ္ဆာနှင့် အခြားသူများ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သူ့ကို သွားမနှောင့်ယှက်ကြနဲ့" ဆေးလုံးမိစ္ဆာက ပြောသည်။ "ဒီနေရာကို ပိတ်လှောင်ပြီး သူ့ကို ကာကွယ်ဖို့ မန္တန်ဝင်္ကပါတွေ ခင်းကြရအောင်
"သူက သွေးမိစ္ဆာမဟာမှော်သိုင်းနဲ့ သူ့ကိုယ်သူ ကုသနေတာ။ ကဲ လုပ်ငန်းစကြစို့" သူတို့သည် ချက်ချင်း လူစုခွဲပြီး ပတ်ဝန်းကျင်ကို ပိတ်လိုက်ကြ၏။
အောက်တွင် သွေးမြူများ တလိပ်လိပ် ထနေသည်။ ယခုတွင် သွေးစီးကြောင်း တစ်သောင်းကျော်သည် ကောင်းကင်နှင့်မြေကြီးကို ဖုံးကွယ်စိုးမိုးနေ၏။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူအမြောက်အမြား ဝါးမြိုစားသုံးခံနေရသည်။ မည်သည့်သွေးမိစ္ဆာမဟာမှော်ဝဲကိုမှ မမြင်ရပေ။ သွေးမြူများက ကျင့်ကြံသူများ၏ကိုယ်ထဲ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်နေရာ သူတို့မှာ ထွက်ပြေးနိုင်စွမ်းကင်းမဲ့ကာ လျင်မြန်စွာ ခြောက်သွေ့လာကြလေသည်။ သူတို့မှာ ကျင့်ကြံခြင်းအခြေခံများနှင့် ဝိညာဉ်အကုန်လုံး သက်ရှိယဇ်ကောင်များဖြစ်လာရင်း သေကြေပျက်စီးခြင်းတို့ ရောက်ရှိကုန်၏။
စူးစူးဝါးဝါး အော်သံများနှင့်အတူ နာနာကျင်ကျင် ငိုသံများသည် စစ်မြေပြင်တစ်ဝန်း စီစီညံနေသည်။ တောင်ပိုင်းဒေသကျင့်ကြံသူများမှာ မျက်မြင်တွေ့နေရသောအရာကြောင့် တုန်လှုပ်အံ့ဩနေကြတော့သည်။
သူတို့မြင်တွေ့နေရသည်ကား အရှင်လတ်လတ် ငရဲကျခဲ့ရသည့်အလား မျက်လုံးကြီးများ ပြူးလျက် အသက်မဲ့နေသောမျက်နှာများနှင့် အရိုးပေါ်အရေတင်အလောင်းများ မရေမတွက်နိုင်အောင်ပင်။
သွေးမြူတိမ်သည် ကြီးမားသထက် ကြီးမားလာ၏။ မကြာမီ ထောင်ပေါင်းများစွာသော စီးကြောင်းများသည် မန်ဟို မူလပေါက်ကွဲသွားခဲ့သော နေရာတွင် နျူကလိယတစ်ခုအား ဖော်ဆောင်နေကြလေပြီ။ မြူစီးကြောင်းများကမူ ဗဟိုနျူကလိယမှ ဖြာထွက်နေသောပုံစံရှိသည်။
ရှေးမနှောင်းမှာပင် ထိုနျူကလိယ၏ပတ်ပတ်လည်တွင် တဖွေးဖွေး လှုပ်နေသော သွေးမြူမုန်တိုင်းက ပိုးအိမ်တစ်ခုသဖွယ် လျင်မြန်စွာ အသွင်ပြောင်းလာသည်။ ထို့နောက် ရုတ်တရက် နှလုံးခုန်သံလို ကြားလိုက်ရသည်။
ဒုတ်- ဒုတ်
ဒုတ်- ဒုတ်
ဒုတ်- ဒုတ်
နှလုံးတစ်ချက် ခုန်တိုင်း မြေပြင်သည် တုန်ခါပြီး မိုးမှောင်ကျသွားသည်။ တစ်လောကလုံးမှာ အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှု၏ စိုးမိုးမင်းမူခြင်း ခံနေရသယောင်ပင်။ အကန့်အသတ်မဲ့မြူနီနီများက ပိုးအိမ်မှာ ဖြာထွက်နေသည်။ စီးကြောင်းများ ငါးသောင်းကျော်က လွှမ်းမိုးနေရာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ထွက်ပြေးမရနိုင်တော့ပေ။
"မလုပ်နဲ့"
"ငါ့ချီးတဲ့မှ တောင်ပိုင်းဒေသကျင့်ကြံသူတွေ၊ မင်းတို့က ရက်စက်လွန်းတယ်"
"သတ်ပစ်၊ အခွင့်အရေးရှိတုန်း တောင်ပိုင်းဒေသ ခွေးကောင်တွေကို သတ်ပစ်"
တောင်ပိုင်းဒေသကို ကျူးကျော်ဝင်ရောက်လာခဲ့သော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ အငြိုးကြီးကြီး မုန်းတီးသွားကြပြီး ဒေါသတကြီး ကြွေးကြော်လိုက်ကြသည်။
ထိုစဉ် တောင်ကောင်းကင်ဂြိုဟ်၏အပြင်ရှိ ကြယ်တာရာများအကြားတွင် မည်သည့်ကျင့်ကြံသူမှ မြင်နိုင်မည်မဟုတ်သည့် ခံ့ညားသောမြစ်ကြီးတစ်စင်းသည် စီးဆင်းနေ၏။
ပထမဆုံးတစ်ချက်ကြည့်လျှင် မြစ်သည် နောက်ကျိနေသယောင်ရှိသော်လည်း အနီးကပ်ကြည့်လျှင် ပို၍ကြည်လင်လာသည်။ ဤမြစ်ကား မေ့ပျောက်ခြင်းမြစ်ဟု အမည်တွင်ပြီး ၎င်း၏မူလဇစ်မြစ်သည် စတုတ္ထတောင်ဖြစ်၏။ ၎င်းက ဘဝပြန်ဝင်စားခြင်းသံသရာကို ထိန်းချုပ်ရင်း ကြီးမြတ်သော တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းကို ဖြတ်ကာ မြေအောက်ကမ္ဘာဆီသို့ စီးဆင်းလေသည်။
တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် ခန္ဓာချုပ်ငြိမ်းသေဆုံးသော မည်သူမဆို ဝိညာဉ်မပြိုကွဲခဲ့လျှင် ဤမြစ်မဟာသို့ ဝင်ရောက်ပြီးနောက် စတုတ္ထတောင်သို့ သယ်ဆောင်ခံရကာ သံသရာစက်ဝန်းကို အသစ်ပြန်စနိုင်မည်။
ထိုမြစ်မဟာကြီးအတွင်းတွင် ဝိညာဉ်များမှာ အဆုံးမရှိသည့်အလားပင်။ အများစုက ဗလုံးဗထွေး ရေရွတ်ရင်း ၊ စူးစူးဝါးဝါး အော်ဟစ်င်း မျက်လုံးပြူးပြူးကြီးများဖြင့် ဘေးဘီဝဲယာကို ကြည့်နေကြသည်။ အင်အားကြီးသားရဲများ၊ အစွမ်းထက်ပညာရှင်များအပါအဝင် အတော်များများက မြစ်ရေထဲမှ လွတ်မြောက်ဖို့ ရုန်းနေကြသယောင်ရှိသည်။
မြစ်ထဲရှိ မရေမတွက်နိုင်သော သားရဲအရိုင်းကောင်ကြီးများအနက် တစ်ကောင်သည် ရှည်ရှည်မျောမျော အချွန်အတက်ကြီးများဖြင့် ဖုံးနေသော သင်းခွေချပ်ကြီးဖြစ်၏။ ၎င်းကား မီတာသုံးထောင်တိတိ ရှည်ပြီး လောလောဆယ်တွင် အမျက်တချောင်းချောင်း ထွက်လျက် ဟိန်းဟောက်နေသည်။
၎င်းသည် မြစ်ရေထဲတွင် တစ်ဝက်နစ်မြုပ်နေပြီး အသည်းအသန် အပြင်းအထန် ရုန်းကန်နေ၏။ ၎င်းတစ်ကိုယ်လုံး နစ်မြုပ်သွားသည်နှင့် အသိစိတ်ကင်းမဲ့သွားလိမ့်မည်။ သားရဲကြီးက ဒေါသတကြီး ရုန်းရင်း မာန်သွင်းဟိန်းဟောက်လိုက်သည်။
"ငါက တောင်နတ်မင်းမျိုးနွယ်စုက အင်မော်တယ်တစ်ဦး။ ငါ့အဘိုးက သတ္တမတောင်က လေလူသားတွေရဲ့ တာအိုသခင်။ မင်းက ငါလိုလူကို ဘဝပြန်ဝင်စားသံသရာစက်ဝန်းထဲ ဆွဲထည့်ရဲတယ်လား"
သားရဲကြီးသည် ဟိန်းဟောက်ကာ မြင့်တက်လာ၏။ ၎င်း ရေထဲမှ ထွက်တော့မည့်ဆဲဆဲ ရုတ်တရက် မြစ်ရေများ တဖွေးဖွေး လှုပ်လာသည်။ ရေများက ပြန့်ကားလာပြီး ပင်လယ်တစ်စင်းဖြစ်လာ၏။ သားရဲကြီးမှာ ဝုန်းခနဲ အနှစ်ခံလိုက်ရသည်။ ဧရာမသတ္တဝါကြီးသည် ရိုက်နှက်ခံလိုက်ရသဖြင့် မြစ်ရေထဲ နစ်မြုပ်သွားသည့် မရေမတွက်နိုင်သော ဝိညာဉ်များအသွင်ပြောင်းသွား၏။
ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်ရှိ သားရဲဝိညာဉ်များကို ထိတ်လန့်တုန်လှုပ်လာစေသည်။
အဝေးတွင် အဘိုးအိုတစ်ယောက်သည် မဟာတာအိုတစ်ပါး၏ သာယာနာပျော်ဖွယ် တေးသွားတစ်ပုဒ်ဖြင့် ဝန်းရံလျက် ရေမျက်နှာပြင်ထက်တွင် ပေါလောပေါ်နေ၏။ သူ၏ဝိညာဉ်အစိတ်အပိုင်းတစ်ခုစီမှ အင်မော်တယ်တရားကို ထုတ်လွှတ်နေပြီး သူ၏ခန္ဓာကိုယ်သည် မြစ်ပြင်ကျယ်တစ်ဝန်း ဖြာထွက်နေသော အလင်းရောင်ဖြင့် တောက်ပနေသည်။ သူသည် မေ့ပျောက်ခြင်းမြစ်ကို စိုးမိုးနေသော အဆင့်မြင့်အင်မော်တယ်တစ်ဦးအလားပင်။ သူက မြစ်ရေကို နည်းနည်းလေးမှ မကြောက်လန့်သကဲ့သို့ လျစ်လျူရှုထား၏။
"ငါက ဆဋ္ဌမတောင်ရဲ့ အစွမ်းထက်တာအိုသခင်တစ်ဦးပဲ။ ငါ့သက်တမ်းဟာ အဆုံးသတ်ကောင်း အဆုံးသတ်သွားနိုင်ပေမယ့် အတိတ်တုန်းက တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာရှိတဲ့ တာအိုသခင်တွေရဲ့ သက်တမ်းဟာ အကန့်အသတ်မရှိဘူး။ အခု .... ဘယ်လိုလုပ်ပိုင်ခွင့်မျိုးနဲ့ မင်းက ငါ့ကို ဘဝပြန်ဝင်စားသံသရာထဲ ဆွဲထည့်ဝံ့တာလဲ စတုတ္ထတောင်" အဘိုးကြီးသည် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏မျက်ဝန်းတစ်စုံမှာ နေနှစ်စင်းပမာပင်။ သူ့ကို ကြည့်လိုက်မိသော မည်သည့်ဝိညာဉ်မဆို စူးစူးဝါးဝါးအော်၍ ပြိုကွဲသွားကြရသည်။
***