မြေအောက်ကမ္ဘာတရားသူကြီးတစ်ဦးကို သတ်ဖြတ်ခြင်း
Vol. 56 Ch. 780
အဘိုးကြီးက လက်ဝါးဖြင့် ရေမျက်နှာပြင်အပေါ်သို့ ဖြန်းခနဲ ရိုက်ချလိုက်ပြီးနောက် ပျံတက်လာသည်။ သူ့လက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ ကြယ်တာရာကောင်းကင်တွင် အက်ကွဲကြောင်းတစ်ကြောင်း ပွင့်လာပြီး သူက အထဲဝင်ရန် ပြင်လိုက်၏။
သို့သော် ဤအခိုက်အတန့်တွင် ငါးနက်တစ်ကောင် ရေထဲမှ ခုန်ထွက်လာသည်။ ၎င်းတွင် ချွန်ထက်သော သွားများရှိပြီး အတိုင်းထက်အလွန် ကြမ်းကြုတ်မည့်ပုံရသည်။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းထံမှ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာကာ ၎င်းအား မဟူရာနေတစ်စင်းပမာ ဖြစ်စေသည်။ ၎င်းအတွက် အဘိုးကြီး၏အရှေ့တွင် ပေါ်လာရန် တခဏသာ ကြာလိုက်၏။
မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခု ၎င်းဆီမှ ပေါက်ကွဲထွက်လာသည်။
"မင်းက ... မြေအောက်ကမ္ဘာငါးတစ်ကောင်ပဲ" အဘိုးကြီးက မျက်နှာဖြူဖျော့လာရင်း ပြောသည်။ "စတုတ္ထတောင်မှာ မြေအောက်ကမ္ဘာငါးတစ်ကောင်ဖြစ်တဲ့ မြေအောက်ကမ္ဘာတရားသူကြီးရှိတယ်။ မင်းက သူ့ကိုယ်ပွားကိုး" အဘိုးကြီး တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပင် မြေအောက်ကမ္ဘာငါးသည် ရိပ်ခနဲ အဘိုးကြီး၏နဖူးအား ထိုးစိုက်လိုက်၏။ အဘိုးကြီးမှာ တုန်ခါသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ စတင်ပြိုကွဲလာတော့သည်။
ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် အဘိုးကြီး၏မျက်လုံးများ၌ ရုတ်တရက် ခိုင်မာပြတ်သားသောအလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါက အခု သေအံ့ဆဲဆဲ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မတိုက်ခိုက်ဘဲ အညံ့ခံလိမ့်မယ်လို့ မင်းထင်လား။ ငါ့တာအိုဟာ မဟာတာအိုတစ်ပါးရဲ့ တေးသွားအသွင်ဆောင်တယ်။ မြစ်ရဲ့ သေဆုံးဝိညာဉ်အပေါင်းတို့ သက်ရှိလောကနဲ့ မခွဲခွာလိုတဲ့ စိတ်ရှိရင် နိုးထကြကုန်လော့။ လူ့ကမ္ဘာမှာ နေထိုင်ဖို့ ခေါ်နေတဲ့ ခေါ်သံတွေကို နားဆင်ကြကုန်လော့။ ရုန်းထွက်ပြီး အသက်ရှင်လျက် ပြန်ပြီး နေထိုင်ကြကုန်လော့" သူက ပြောရင်းဆိုရင်း ခေါင်းနောက်လှန်ကာ ကျယ်လောင်စွာ အော်ရယ်တော့သည်။ သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွားသော်လည်း သူ၏အသံက မေ့ပျောက်ခြင်းမြစ်တစ်လျှောက် လိမ့်ထွက်သွားလေသည်။
အဘိုးကြီးက သေဆုံးသွားသော်လည်း သူ့မဟာတာအို၏တေးသွားက မေ့ပျောက်ခြင်းမြစ်အတွင်းရှိ ဝိညာဉ်များဆီ ပဲ့တင်ထပ်သွားသည်။ ၎င်းတို့သည် တုန်ရီလာပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လေပေါ်ပျံတက်လာကြသည်။ ၎င်းတို့က အာကာသထဲရှိ အက်ကြောင်းကြီးထံသို့ ဝုန်းဒိုင်းကြဲသွားနေသော ဝိညာဉ်မုန်တိုင်းတစ်လုံးဖြစ်လာသည်။
"အိမ်ပြန်စို့"
"ဒီနေရာက ထွက်သွားပြီး အိမ်ပြန်ကြစို့"
မရေမတွက်နိုင်သော ဝိညာဉ်များ လေကို ခွင်းသွားနေသည့်အတွက် ထစ်ချုန်းသံများ ကြားလိုက်ရသည်။ မြစ်ပြင်ပေါ်၌ သွေးအလင်းရောင်ဖြင့် ခြံရံလျက် လဲလျောင်းနေသော အမျိုးသမီးတစ်ဦးလည်း မုန်တိုင်းထဲရှိ ဝိညာဉ်များနှင့်အတူ သွားရန် ပျံတက်လာသည်။
အက်ကြောင်းဘေးရှိ မြေအောက်ကမ္ဘာငါးက ဝိညာဉ်များကို အေးတိအေးစက် ကြည့်လိုက်သည်။
"မင်းတို့ကောင်တွေက သေပြီးသားတွေ" မြေအောက်ကမ္ဘာငါးက ခံစားချက်မဲ့စွာ ပြောသည်။ "ဝိညာဉ်တွေကိုလည်း ပြိုကွဲသွားစေချင်ရင်တော့ မြေအောက်ကမ္ဘာတရားသူကြီးတစ်ဦးအနေနဲ့ ငါ ဖြည့်ဆည်းပေးရတာပေါ့
"မေ့ပျောက်ခြင်းမြစ်မှာရှိတဲ့ ဝိညာဉ်အကုန်လုံး... ဘာစစ်ဆေးစီရင်မှုမှ ကြုံတွေ့ရတော့မှာ မဟုတ်ဘူး။ ပြစ်ဒဏ်အနေနဲ့ ဘဝပြန်ဝင်စားသံသရာထဲကို ဝင်ရောက်ဖို့ ငြင်းပယ်ခံရမယ်။ မင်းဝိညာဉ်တွေဟာ အခုချက်ချင်း သုတ်သင်ခံရပြီး မေပျောက်ခြင်းမြစ်ထဲ အရည်ပျော်ရင်း မြစ်ထဲမှာ ထာဝရ နေရမယ်" ငါးဆီမှ အနက်ရောင်အလင်း ထွက်ပေါ်လာကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသော ဓမ္မအမိန့်ဖြစ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း တစ်နေရာလုံးမှာ အနက်ရောင်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရလေပြီ။ ၎င်းကို ထိလိုက်သော မည်သည့်ဝိညာဉ်မဆို မှေးမှိန်ပျောက်ကွယ်ကာ ချက်ချင်း သုတ်သင်ခံလိုက်ရ၏။
"ငါ မသေချင်ဘူး"
"အားးးး ဝိညာဉ်ပျက်ပြားခြင်း ငါ လက်မခံနိုင်ဘူး"
"ငါဘဝ အဆုံးသတ်ပြီတဲ့လား။ ဒုတိယဘဝ မရနိုင်တော့ဘူးတဲ့လား။ လက်မခံနိုင်ဘူး"
မြစ်ပြင်ထက်ရှိ ဝိညာဉ်အကုန်လုံး မှေးမှိန်ပျောက်ကွယ်လာရန် တခဏသာ ကြာလိုက်သည်... သို့သော် အမျိုးသမီး၏ဝိညာဉ်မှလွဲ၍။ သူမကို ဝန်းရံနေသော သွေးနီအလင်းက အနက်ရောင်အလင်းကို ဟန့်တားထားလေသည်။
မြေအောက်ကမ္ဘာငါးနက်က ရုတ်တရက် ပြူးကျယ်သွားသော မျက်လုံးများဖြင့် လှမ်းကြည့်သည်။
အမျိုးသမီးမှာတော့ ရှုချင်၏ဝိညာဉ်မှလွဲ၍ တခြားမဟုတ်ပေ။
"မင်းမှာ ဘဝပြန်ဝင်စားဖို့ လမ်းညွှန်ပေးနေတဲ့ ဓမ္မအမိန့်ရှိပြီးသားပေါ့လေ" ငါးသည် တခဏ ချီတုံချတုံ ဖြစ်နေ၏။ ပြောရလျှင် ဓမ္မအမိန့်များနှင့် ဝိညာဉ်များတွင် အံ့ဖွယ်ထူးကဲသော နောက်ကြောင်းရာဇဝင်များ ရှိသည်။ ငါးမှာ ရှုချင်ကို အနီးကပ်မကြည့်ရှုမိဘဲ မနေပေ။
ထဲထဲဝင်ဝင် စစ်ဆေးပြီးနောက် ငါး၏မျက်လုံးများတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဒီအမျိုးသမီးမှာ တာအိုအမြစ်ရှိတယ်တဲ့လား။ ပြီးတော့ အခုလေး အတက်ထွက်လာတယ်တဲ့လား။ ဒီလိုဟာမျိုး အရင်က ကြားတောင်မကြားခဲ့ဖူးဘူး။ ငါ့အတွက် ကျွန်မိန်းကလေးအသစ် ရှာနေတာတဲ့ အတော်ပဲ။ ဒီတစ်ယောက်ဆို အဆင်ပြေလောက်မယ်" ရုတ်တရက် ငါး၏အရှေ့တွင် အနက်ရောင်အလင်းပေါ်လာပြီး ငါးကြေးခွံများ ဖုံးနေသော လက်မည်းမည်းကြီးတစ်ဖက်အသွင် ပြောင်းသွားသည်။ ၎င်းက ရှုချင်ကို ဆွဲယူရန် လှမ်းလိုက်၏။
သို့သေည် ၎င်း အနီရောင်အလင်းကို ထိလိုက်သည်နှင့် အံ့မခန်းလှိုင်းများ ဖြာထွက်လာသည်။ လက်သည် တုန်ရီပြီးနောက် အစိတ်စိတ်အမွမွ ကြေမွသွားရာ မြေအောက်ကမ္ဘာငါးကို မှင်သက်သွားစေသည်။ တအောင့်ကြာသော် ၎င်း၏မျက်လုံးများ တောက်ပလာသည်။
"စိတ်ဝင်စားစရာပဲ။ ဓမ္မအမိန့်နဲ့ ဒီအမျိုးသမီးက အင်အားကြီးမားတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်ရမယ်။ အခုက သေထားတာဆိုတော့ အားနည်းပြီး ပင်ပန်းနေတယ်။ ငါ သူ့ကို ဒီ မေ့ပျောက်ခြင်းမြစ်ထဲမှာ ချုပ်ထားနိုင်ရင် နောင် သူ ငါ့ကို လာရှာနိုင်မှာမဟုတ်တော့ဘူး"
မြေအောက်ကမ္ဘာငါး၏ခန္ဓာကိုယ်က လင်းလက်သွားပြီး မေ့ပျောက်ခြင်းမြစ်တွင် ဧရာမလှိုင်းလုံးကြီးများ အုံကြွလာသည်။ လှိုင်းလုံးပေါင်းရာချီကား တစ်လှိုင်းနှင့်တစ်လှိုင်းပေါင်းစည်းရင်း တဖွေးဖွေး လှုပ်နေသည်။ အနီရောင်အလင်းမှာ လှိုင်းများကို တိုက်ခိုက်နေသော်လည်း နောက်ဆုံးတော့ မေ့ပျောက်ခြင်းမြစ်၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအားကို ခုခံနိုင်စွမ်းမရှိတော့ပေ။ အချိန်ကြာသည်နှင့်အမျှ အလင်းသည် မှေးမှိန်ဖျော့တော့လာ၏။
၎င်း လုံးလုံးလျားလျား ပျောက်ကွယ်သွားသောအခါတွင် မြေအောက်ကမ္ဘာငါးက ဟားတိုက်ရယ်ပြီး ရှုချင်ကို လှမ်းဖမ်းရန် လက်မည်းမည်းကြီးကို ဆင့်ခေါ်လိုက်သည်။
"ငါ မင်းကို ကံကောင်းမှုတချို့ ချီးမြှင့်ပေးမယ်။ မင်းရဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားပြီး မင်းရဲ့ အင်မော်တယ်ဖြစ်မယ့် လမ်းကို ဖျက်စီးပစ်မယ်။ ဘဝပြန်ဝင်စားခြင်းသံသရာကိုလည်း မဝင်ရောက်ရဘူး။ အခုစပြီး မင်းက မြေအောက်ကမ္ဘာတရားသူကြီးတစ်ဦးရဲ့ ကျွန်မိန်းကလေး ဖြစ်လာတော့မယ်"
လက်မည်းမည်းကြီး ရှုချင်ကို လှမ်းဆွဲတော့မည့်အချိန်မှာပင် နတ်ဘုရားအာရုံမျှင်တစ်မျှင်သည် ရုတ်တရက် လေပေါ် ပျံတက်လာပြီး အံ့မခန်းစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအာရုံမျှင်က လက်မည်းမည်းကြီး ထက်ပိုင်း ခုတ်ချလိုက်လေသည်။
မြေအောက်ကမ္ဘာငါးထံမှ အော်သံစူးစူးကကြီး ကြားလိုက်ရသည်။ ၎င်းက ထိတ်လန့်သွားသောအမူအရာဖြင့် နောက်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံက မေ့ပျောက်ခြင်းမြစ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
"ဖန်မျိုးရိုးရဲ့ ချွေးမကို ရာရာစစ ထိရဲတယ်လား" အသံသည် ဒေါသထွက်နေသံပေါက်ပြီး မေ့ပျောက်ခြင်းမြစ်တစ်စင်းလုံး လှုပ်ရမ်းသွားသည်။ မြေအောက်ကမ္ဘာငါးမှာ သည့်ထက်ပို၍ မတုန်လှုပ်နိုင်တော့ပေ။
"ခင်ဗျား .... ဖန်.... ခင်ဗျားက...." ၎င်းမှာ ကြောက်လန့်လွန်းသဖြင့် ၎င်း၏ဝိညာဉ်မှာ ပြိုကွဲလုနီးပါးဖြစ်သွားသည်။ ၎င်း ပျောက်ကွယ်မသွားခင် အမျှင်သည် ကြယ်တာရာကောင်းကင်အတွင်းသို့ ထွက်သွားပြီး သဘာဝနိယာမအကုန်လုံးကို ဖျက်စီးပစ်လိုက်သည်။ အမျှင်က မြေအောက်ကမ္ဘာငါးကိုလည်း ပိုင်းချရန် ဆက်လက် ပြေးဝင်လာသည်။ ၎င်းမှာ တစ်ကိုယ်လုံး နှစ်ပိုင်းပိုင်းခံလိုက်ရသဖြင့် စူးစူးဝါးဝါး အော်လိုက်လေသည်။ ထို့နောက် အမျှင်သည် ၎င်း၏ဖြစ်တည်မှုကို အပြတ်ရှင်းရန် ပြင်နေသည့်အလားပင်။
"သခင်ကြီး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ" မြေအောက်ကမ္ဘာငါးက အသံကုန်အော်သည်။ ၎င်းသည် ကြောက်ဒူးတုန်နေပြီး သေစေနိုင်သောအန္တရာယ်အာရုံကြီးဖြင့် ပြည့်နှက်နေလေသည်။ ကံဆိုးစွာနှင့် ၎င်းမှာ ထွက်မပြေးနိုင်သည့်အတွက် အသက်ချမ်းသာပေးရန် တောင်းပန်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ဤအခိုက်အတန့်တွင် မေ့ပျောက်ခြင်းမြစ်ထဲမှ ရှေးဆန်သော အသက်ကြီးကြီးအသံနောက်တစ်သံ ထွက်လာသည်။
"အစ်ကိုဖန်၊ စိတ်အေးအေးထားပါ။ ဘုရင်ဖြစ်တဲ့ ကျုပ်ရာထူးကို ထောက်ထားပြီး ကျုပ်ကို ငဲ့ပါဦး ...."
အသံကြီးနှင့်အတူ မေ့ပျောက်ခြင်းမြစ်ထဲ၌ ဧရာမကြီးမျက်နှာကြီးတစ်ဖက် ပေါ်လာသည်။ ၎င်း၏ နဖူးတွင် တတိယမျက်လုံးရှိပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ရှိ ကြယ်တာရာအကုန်လုံး တုန်ခါလာသည်။
"ဟေ့အေး မငဲ့နိုင်ဘူး" ခံစားချက်မဲ့သော တုံ့ပြန်ချက်ဖြစ်သည်။ မြေအောက်ကမ္ဘာငါး၏ ပါးစပ်မှ သွေးလန့်ဖွယ် အော်သံကြီး ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်သည် အလျှင်း ဖျက်စီးခံလိုက်ရလေပြီ။ ထို့နောက် သုတ်သင်ခြင်းစိတ်ဆန္ဒက ငါးကိုယ်ပွား၏ မူလဇစ်မြစ်ဖြစ်သော အစစ်အမှန်ကိုယ်ကိုလည်း ရှာတွေ့သွားပြီး ဖျက်စီးပစ်လိုက်သည်။
မည်သည့်အရာမှာ ဤအဖြစ်အပျက်ကို မတားဆီးနိုင်လိုက်ပေ။
ကြယ်တာရာကောင်းကင်သည် ယခုတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။
"အစ်ကိုဖန်၊ ကျုပ်တို့ မတွေ့ရတာ နှစ်တွေချီပြီနော်။ ဒါပေမဲ့ ခင်ဗျားရဲ့စိတ်ကတော့ အရင်အတိုင်းပါပဲလား ... ခင်ဗျားသိလား ၊ ခင်ဗျားက တောင်ကောင်းကင်ဂြိုဟ်က လာတဲ့ နတ်ဘုရားအာရုံမျှင်လေးတစ်မျှင်ပဲ ဖြစ်လိမ့်မယ် ဒါမဲ့ ဒါဟာ သဘောတူညီချက်ကို ဖောက်ဖျက်မှုတစ်ခု ဖြစ်နေသေးတယ်
"နှစ်တစ်သိန်းက အခုမှစတာ။ ခင်ဗျားနဲ့ ခင်ဗျားဇနီး တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်ခွင့်မရှိဘူး"
"နှစ်တစ်သိန်းအတွင်း နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းတစ်ကြောင်း ထုတ်လွှတ်နိုင်တယ်" အေးစက်စက်အသံက ပြန်ဖြေသည်။ "အဲ့ဒါကို သဘောတူညီချက်မှာလည်း ရေးထားပြီးသား"
အောက်ရှိ မေ့ပျောက်ခြင်းမြစ်ထဲရှိ ဧရာမမျက်နှာကြီး၏မျက်လုံးများ လင်းလက်သွားသည်။ "ဟုတ်ပါတယ် ၊ ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားမှာ တစ်ကြိမ်ပဲ အခွင့်အရေးရှိတာလေ။ ခင်ဗျားသားအတွက် တာအိုစောင့်ရှောက်သူအဖြစ် ထားဖို့ထင်ထားတာ။ ဒီမိန်းကလေးအပေါ်မှာ သုံးလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"
"ဖန်ရဲ့ သားက ကောင်းကင်နဲ့မြေကြီးရဲ့ နဂါးတစ်ကောင်။ ငါ တာအိုစောင့်ရှောက်သူ လုပ်ပေးဖို့ မလိုဘူး"
"တစ်ယောက်ယောက် သူ့ကို သတ်မှာ မကြောက်ဖူးလာ" မျက်နှာကြီးက အေးစက်စက် ပြန်မေးသည်။
"တစ်ယောက်ယောက် ငါ့သားကို သတ်ရင် အဲ့ဒီကောင်ရဲ့ အရာအားလုံးကို ဖျက်စီးပစ်မယ်" အသံကြီးက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။ "သူ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်။ ဘဝပြန်ဝင်စားခွင့်မရအောင် ဖျက်စီးပစ်မယ်" ဤစကားလုံးများကို အလွန်ဩဇာကြီးမားသောလေသံဖြင့် ပြောသွားခြင်းဖြစ်သည်။ ပြင်းထန်သောအအေးဓာတ်သည် ဖြာထွက်လာပြီး မြစ်ပြင်ပေါ်ရှိ မျက်နှာကြီးမှာ စိတ်ထဲ တုန်လှုပ်သွားလေသည်။
"ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာတောင်မှ သူ့ကို ဖန်မျိုးနွယ်စုရဲ့ နံပါတ်တစ် ရွေးချယ်ခံလို့ ခေါ်ထိုက်နေသေးတာပဲ" မျက်နှာကြီးက တွေးလိုက်သည်။ "သူရဲ့ မသန်စွမ်းတဲ့သားအတွက် တောင်ကောင်းကင်ဂြိုဟ်မှာ ထွက်သွားခွင့်မရဘဲ... နှစ်တစ်သိန်း အခြေချနေရတယ်။ တောင်ကောင်းကင်ဂြိုဟ်ဟာ အိုမင်းပြီး ခြောက်ကပ်နေတာ။ သူ့ကျင့်ကြံအဆင့် တက်နိုင်မှာမဟုတ်ဘူး။ လူတွေအများကြီး သူ့ကို ကျော်တက်သွားဖို့ နှစ်တစ်သိန်းတောင် ကြာမှာမဟုတ်ဘူး"
ဤအခိုက်အတန့်တွင် ခံစားချက်မဲ့သောအသံက ဆက်ပြောလာသည်။ "ဒါက ငါ့ချွေးမ။ ငါ့နတ်ဘုရားအာရုံမျှင်ဟာ သူ့ကို ကာကွယ်ပြီး အေးအေးချမ်း ဘဝပြန်ဝင်စားနိုင်ဖို့ သူနဲ့အတူ ရှိနေမှာ။ မြေအောက်ကမ္ဘာမှာ ငါ့ချွေးမ ရှိနေတဲ့အတောအတွင်း ဘယ်သူမှ ဘယ်လိုနည်းနဲ့မှ သူ့ကို နှောင့်ယှက်ခွင့်မရှိဘူး" ထို့နောက် နတ်ဘုရားအာရုံမျှင်သည် ရှုချင်၏လက်မောင်းကို ရစ်သိုင်းရန် ပြန်ဆင်းသက်သွားပြီးနောက် သူမကိုယ်ထဲ ဝင်ရောက်သွားတော့သည်။
မြစ်ပြင်ထက်ရှိ မျက်နှာကြီးက ဘာမှမပြောပေ။ တခဏကြာသော် ၎င်းသည် ရေထဲ ဖြေးညင်းစွာ ပြန်နစ်မြုပ်သွား၏။ ဤမေ့ပျောက်ခြင်းမြစ်ပြင်ကျယ်တွင် ယခုတော့ ရှုချင်၏ဝိညာဉ်မှတစ်ပါး ဘာမှမရှိပေ။ သူမသည် အဝေးသို့ တရွေ့ရွေ့ စီးမျောသွားလေသည်။
တောင်ပိုင်းဒေသ၊ စစ်မြေပြင်အပေါ်တွင် တောင်ပိုင်းဒေသကျင့်ကြံသူများသည် မတိုက်ခိုက်ဘဲ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို ဝိုင်းထားကြ၏။ သူတို့မှာ သွေးညှီနံများနှင့် အသားကျနေလေပြီ။ သူတို့သည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ နောက်ဆုံးအကြိမ် အော်ဟစ်ငိုယိုနေကြသည်ကို သွေးအေးအေး ကြည့်နေကြ၏။
အရာအားလုံးမှာ ပိတ်လှောင်ခံထားရသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ထွက်မပြေးနိုင်ပေ။ ယခုတွင် အင်အားသုံးသောင်းသာ ကျန်တော့သည့်အပြင် တစ်ယောက်ပြီးတစ်ယောက် ... အလောင်းအဖြစ် ခြောက်သွေ့ကုန်ကြသည်။
စစ်မြေပြင်တစ်လျှောက် အလောင်းများ ပြန့်ကြဲနေစဉ် ဧရာမသွေးရောင်ပိုးအိမ်ကြီး၏အထဲတွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်အား မြင်ရနိုင်လေပြီ။ ကောက်ကြောင်းမှလွဲ၍ သဲသဲကွဲကွဲ မမြင်ရသော်လည်း တောင်ပိုင်းဒေသကျင့်ကြံသူများ ၎င်းကို ကြည့်လိုက်တိုင်း သူတို့၏မျက်လုံးများတွင် ရိုသေလေးစားမှု၊ အရူးအမူးချစ်မြတ်နိုးမှုတို့ဖြင့် ပြည့်သွားတတ်သည်။
မှော်အစွမ်းကို သုံး၍ ခန္ဓာကိုယ်အသစ် ပြန်တည်ဆောက်ရန် ကျင့်ကြံသူတစ်သိန်းကျော်၏ ချီ၊ သွေးနှင့် ကျင့်ကြံခြင်းအခြေခံများကို စုစည်းခြင်း။ ထိုကဲ့သို့မှော်ပညာရပ်မျိုးသည် ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းပြီး ရက်စက်သည်။ သို့ထိတိုင် မှော်ပညာရပ်မှာ မဆိုးသလို၊ ကောင်းလည်း မကောင်းပေ။ ဆိုးခြင်းကောင်းခြင်းသဘာဝကို လူပုဂ္ဂိုလ်နှင့် နှလုံးသားက ဆုံးဖြတ်ပေးသည်။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအတွက် သွေးမြူမှာ အဆုံးအစွန်ထိ မကောင်းဆိုးဝါးဆန်ပြီး ပြောပြမတတ်လောက်အောင် ရက်စက်ချေသည်။ သူတို့သည် ၎င်းကို အရိုးထဲထိ မုန်း၏။ သို့သော် တောင်ပိုင်းဒေသကျင့်ကြံသူများအတွက် ဆန့်ကျင်ဘက်ပင်။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအား အရှင်လတ်လတ် စတေးခြင်းက သူတို့၏လေးစားရသော မန်ဟို့ကို ခန္ဓာကိုယ်အသစ် တည်ဆောက်နိုင်စေသည်။ ၎င်းသည် သူတို့ကို စိတ်ထိခိုက်စေသည်အထိ စိတ်နှလုံးလှုပ်ရှားသွားစေသော အရာဖြစ်၏။
မည်သူ ပထမဆုံး စလိုက်သလဲ ပြောရခက်သော်လည်း မကြာမီ အသက်ရှင်ကျန်ခဲ့သော တောင်ပိုင်းဒေသကျင့်ကြံသူတစ်သိန်းကျော်လုံး တက်ညီလက်ညီ အော်လိုက်ကြသည်။ သူတို့၏အသံများသည် လူတိုင်း နာမည်တစ်ခုတည်းကို တိုင်တည်နေသည်အထိ ကျယ်သထက် ကျယ်လာ၏။
"မန်ဟို"
"မန်ဟို"
"မန်ဟို"
သူတို့သည် မန်ဟို့ကို အော်ခေါ်နေကြသည်။ မန်ဟို နိုးထလာဖို့ အော်နှိုးနေကြသည်။
အသံကြီးက မြောက်ပိုင်းသဲကန္တာရမှ ကျန်ရှိသောကျင့်ကြံသူနှစ်သောင်းကျော်ကို လွှမ်းမိုးသွားသည်။ သူတို့မှာ သွေးမြူများဖြင့် ဖုံးလွှမ်းခံထားရပြီး သူတို့၏ မချိတင်ကဲအော်သံများမှာ တောင်ပိုင်းဒေသကျင့်ကြံသူများ၏ အော်ခေါ်သံနှင့် တခြားစီ ဖြစ်နေသည်။ စစ်မြေပြင်ပေါ်၌ အလွန်ကွဲထွက်နေသော အသံနှစ်သံကို ကြားရနိုင်လေမည်။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ အသက်အရှိုက်အနည်းငယ်သာ ခံလိုက်ပြီး လုံးဝခြောက်သွေ့သွားကြသည်။ အလောင်းနှစ်သောင်းသည် အတုံးအရုန်း လဲကျသွားပြီး သိပ်သည်းနေသော သွေးမြူက ဧရာမသွေးရောင်ပိုးအိမ်ကြီးဆီသို့ တဖွေးဖွေး လှုပ်လျက် ပြန်ရွေ့လျားသွားသည်။ ထို့နောက် သွေးပိုးအိမ်အတွင်းမှ လာနေသော နှလုံးခုန်သံသည် ... ပို၍ကျယ်လောင်လာ၏။
ဒုတ်- ဒုတ်.... ဒုတ်- ဒုတ် .... ဒုတ်- ဒုတ်
နှလုံးခုန်သံသည် ပိုမိုကျယ်လောင်လာသည်သာမက အတွင်းရှိ ပုဂ္ဂိုလ်၏ပုံရိပ်လည်း ပို၍ ထင်ရှားလာသည်။
"မန်ဟို"
"မန်ဟို"
"မန်ဟို"
တောင်ပိုင်းဒေသကျင့်ကြံသူတစ်သိန်းသည် အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်ကြပြီး ထိုအသံက အရာအားလုံးကို တုန်ခါလာစေကာ သွေးပိုးအိမ်အတွင်းအထိပင် ထိုးဖောက်ဝင်ရောက်သွားသည်။
သွေးပိုးအိမ်ထဲရှိ ပုံရိပ်၏ မျက်လုံးများ ... ဖျတ်ခနဲ ပွင့်လာသည်။
"ဘယ်သူ ... ငါ့ကို ... ခေါ်လိုက်တာလဲ...."
***