မန်ဟို နိုးထလာပြီ
Vol. 56 Ch. 781
သွေးပိုးအိမ်ထဲတွင် ဖျော့တော့တော့ ဆံပင်ဖြူဖြူများနှင့်ပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်အပေါ်တွင် အရေပြားတစ်စုံတရာမှ မရှိလေရာ သွေးကြောအမျိုးမျိုးနှင့် အခြားချီကြောများကို မြင်နေရသည်။ ခြုံကြည့်ရလျှင် သူ့ပုံစံကား အသည်းအူကျွမ်းပြန်မိမတတ် ကြောက်စရာကြီးပင်။
သူ၏မျက်လုံးများက အသက်မဲ့နေပြီး အလွန်ကြီးမားသော နတ်ဆိုးအရှိန်အဝါက သူ့ကို သွေးနတ်ဆိုးတစ်ကောင်နှင့် တူစေသည်။
ဤလူကား မန်ဟို။
သူသည် ကျင့်ကြံသူတစ်သိန်းကျော်၏ ချီ၊ သွေးနှင့် ကျင့်ကြံခြင်းအခြေခံအပြင် ဝိညာဉ်များကိုပါ စုပ်ယူခဲ့သည်။
သို့သော် သူ့မှာ အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်၏ ပေါက်ကွဲမှုကြောင့် ဖျက်စီးခံခဲ့ရပြီး ဖယ်ရှားသုတ်သင်ခြင်းအားဖြင့် လွှမ်းမိုးခံခဲ့ရသည်။ ထို့ကြောင့် သူ စုပ်ယူထားနှင့်ပြီးသောအရာကပင် သူ၏ခန္ဓာကိုယ်ကို အကောင်းပကတိ ပြန်ပြုပြင်ပေးရန် မလုံလောက်သေးပေ။
အပြင်လောကရှိ ကျင့်ကြံသူများက သူ့နာမည်ကို အော်ခေါ်နေကြပြီး အသံများသည် ကျယ်လောင်သထက် ကျယ်လောင်လာ၏။ အသံက သွေးပိုးအိမ်ထဲ ဝင်ရောက်၍ မန်ဟို့နားထဲရောက်သော် အချိန်သည် အသံများကို လွှမ်းမိုးရင်း ဖြေးညင်းစွာ ဖြတ်သန်းနေသည့်အလား ဗလုံးဗထွေး ရှုပ်ယှက်နေသည်။
တဖြေးဖြေး မန်ဟို၏မျက်လုံးများသည် ငေးကြောင်မနေတော့ဘဲ တောက်ပရှင်းလင်းလာ၏။
"ငါက ... မန်ဟို ..." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တုန်ခါလှိုင်းက သူ့ကိုယ်တစ်လျှောက် ဖြတ်စီးသွားပြီး မှတ်ဉာဏ်များ ပြန်လည်စီးဆင်းလာသဖြင့် သူ့စိတ်မှာ ထစ်ချုန်းသွားသယောင်ပင်။
သူ၏ကလေးဘဝတုန်းက မှတ်ဉာဏ်များ၊ ထို့နောက် သူ ခုနစ်နှစ်သားအရွယ်တုန်းက ည။ သူ့မိဘနှစ်ပါး ပျောက်ဆုံးသွားပြီ မြူထဲတွင် တဝဲလည်လည် လိုက်ရှာခဲ့ရသော အချိန်။ ထို့နောက် မှီခိုရာဂိုဏ်း၊ ဇီယွင်ဂိုဏ်း၊ အနောက်ပိုင်းသဲကန္တာရ၊ နဂါးငွေ့တန်းပင်လယ် ... နောက်ဆုံးတော့ တောင်ပိုင်းဒေသ၏တိုက်ပွဲ။
အရာအားလုံးကို သူ မှတ်မိသည်။ သူနှင့် ရှုချင်၏ မင်္ဂလာဆောင်ကို မှတ်မိသည်။ သူမဝိညာဉ် မေ့ပျောက်ခြင်းမြစ်သို့ ဝင်ရောက်သွားသည်ကို တွေ့ခဲ့ရသည်။ ဤအခြင်းအရာအားလုံးက သူ့ကို တုန်ရီသွားစေသည်။ ထို့နောက် သူသည် ညာလက်ခုံကို ငုံ့ကြည့်လိုက်ရာ ယခင်က ပေါ်လာခဲ့ဖူးသော အမှတ်အသား တလက်လက် တောက်ပနေသည်ကို မြင်လိုက်ရ၏။
ဤတစ်ခေါက် ထိုအမှတ်အသားကို ငုံ့ကြည့်လိုက်သောအခါ ... သူ ဆက်စပ်ကြည့်၍ မရသေးသော၊ မရင်းနှီးသော မှတ်ဉာဏ်အပိုင်းအစများရှိနေသည်။
ထိုအပိုင်းအစများတွင် သူ ခုနစ်နှစ်သားအရွယ်တုန်းက မှတ်ဉာဏ်များရှိသည်။ သို့သော် နေရာကတော့ မရင်းနှီးသောနေရာ။ ကျိုးပြည်မဟုတ်ဘဲ တခြားတစ်နေရာဖြစ်နေသည်။ ၎င်းသည် ခြောက်စင်းလင်း၍ တစ်စင်းမှောင်နေသော လခုနစ်စင်းရှိပုံရသည့် နေရာတစ်ရာပင်။
ထိုသူမတူသော ကောင်းကင်၏အောက်ဝယ် သူသည် အမျိုးသမီးတစ်ဦး၏လက်ထဲတွင် ပွေ့သယ်ခြင်းခံနေရသည်။ ဘေးတွင် သူ့ကို ပြုံးကြည့်နေသော ခပ်ငယ်ငယ် အမျိုးသားတစ်ဦးရှိ၏။ ပို၍ခပ်လှမ်းလှမ်းတွင်တော့ ကြင်ကြင်နာနာ ရယ်နေသော အရပ်ရှည်ရှည်အဘိုးကြီးတစ်ဦးဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီးမှာ သူ့အတွက် သူစိမ်းမဟုတ်ပေ။ သူတို့သည် သူ ငယ်ငယ်တုန်းက မှတ်မိသော အဖေအမေနှင့် ချွတ်စွပ်တူလေသည်။
ကောင်းကင်နှင့်မြေကြီးမှာမူ မန်ဟို မသိသော ကမ္ဘာတစ်ခုပင်။
တောင်ကောင်းကင်ဂြိုဟ်မဟုတ်သည်ကိုတော့ ... သူ အတပ်သိသည်။
"တောင်ကောင်းကင်ကို ပစ်မှတ်ထားခဲ့တဲ့ အဲဒီကျိန်စာက ငါ့အပေါ် သက်ရောက်မှု နည်းနည်းလေးမှ မရှိခဲ့ဘူး ... မဟုတ်မှ ငါက ဒီမှာ တကယ်ပဲ မမွေးဖွားခဲ့ဘူးလား" ယခင်က မန်ဟို့အတွက် မေးခွန်းကို စဉ်းစားဖို့ အချိန်မရှိခဲ့ပေ။ ယခု ဤနေရာ၊ သွေးပိုးအိမ်ထဲတွင် သူ၏စိတ်မှာ တစ်ပိုင်းတစစီဖြစ်နေသော မှတ်ဉာဏ်အပိုင်းအစများဖြင့် ရှုပ်ထွေးနေ၏။
အချိန်တချို့ကြာသော် မန်ဟို့လက်ပေါ်ရှိ အမှတ်အသား မှေးမှိန်သွားသည်။ သူက ခေါင်းမော့လာပြီး အပြင်မှ သူ့ကို ခေါ်နေသောအသံများကို ကြားလိုက်ရသည်။ သူသည် တဖြေးဖြေး ထရပ်လိုက်၏။ သွေးပိုးအိမ်မှာ အံ့ဖွယ် သွေးလေဆင်နှာမောင်းအသွင်ပြောင်းရင်း ပေါက်ကွဲသွားလေပြီ။
မန်ဟိုက လေဆင်နှာမောင်းထဲမှ တောင်ပိုင်းဒေသကျင့်ကြံသူများ၏ ရှေ့မှောက်သို့ ထွက်လာသည်။ သူတို့ မြင်လိုက်ရသည်မှာ ဆံပင်ဖြူဖြူ၊ ကြောက်စရာပုံပန်းသွင်ပြင်များနှင့် မန်ဟိုဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် အရေပြားမရှိသည့်အတွက် သူ့အား ပို၍ပင် ချောက်ချားဖွယ်ကောင်းနေစေသည်။ သို့သော် သူတို့သည် သူ့နာမည်ကို ဆက်ခေါ်ကြဆဲပင်။
"မန်ဟို"
"မန်ဟို"
"မန်ဟို"
ဆေးလုံးမိစ္ဆာ ၊ ခေါင်းဆောင်ကြီးစုန့်နှင့် ကျင်းဟန်ဂိုဏ်းချုပ်တို့က မန်ဟို့ဘေးသို့ အပြေးအလွှားရောက်လာကြသည်။ မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်လည်း အားပြန်ပြည့်လာပြီး အဝေးတွင် ပေါ်လာ၏။
"ဟိုအာရယ် ..." ဆေးလုံးမိစ္ဆာက ရေရွတ်လိုက်သည်။ မန်ဟို၏လက်ရှိအခြေအနေက သူ့နှလုံးသားကို နာကျင်စေလေသည်။
မန်ဟိုက လက်ယှက်နှုတ်ဆက်ပြီးနောက် နူးညံ့သောလေသံဖြင့် ပြောသည်။ "ဆရာ ၊ ကျွန်တော်အဆင်ပြေပါတယ် ... ဒါက သွေးမိစ္ဆာမဟာမှော်သိုင်း အဆင့် (၆) အတွက် အဖိုးအခလေးတွေပါပဲ"
"သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့် (၆) ဟုတ်လား" ခေါင်းဆောင်ကြီးစုန့်က ပါးစပ်အဟောင်းသားနှင့် ကောက်ချက်ချသည်။
ဤသည်မှာ အမှန်ပင် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၆) ဖြစ်သည်။ မန်ဟို၏ခန္ဓာကိုယ် ပြိုကွဲလာသည်နှင့်တစ်ပြိုင်နက် အဆင့်(၆)သည် အသက်ဝင်လာခဲ့၏။ အဆင့် (၆) ကို စင်စစ် ဝင်ရောက်ဖို့ ခန္ဓာကိုယ်ထဲရှိ သွေးတွေအကုန်လုံး လွင့်ပျယ်ပျောက်ကွယ်သွားရမည့်ပုံပေါ်သည်။
"အခု မင်း ... " ဆေးလုံးမိစ္ဆာမှာ စကားတို့လို့တန်းလန်းနှင့် ပြီးဆုံးအောင် မပြောပေ။
"ဆရာ" မန်ဟိုက မျက်လုံးများ အနီရောင်တောက်လာရင်း မေးသည်။ "မြောက်ပိုင်းသဲကန္တာရ ဒုတိယအသုတ်တပ်ဖွဲ့က ကျင့်ကြံသူတွေ တောင်ပိုင်းဒေသမှာ ကျန်သေးလား"
"ကျန်သေးတယ်" ဆေးလုံးမိစ္ဆာပြန်ဖြေသည်။ "စုစုပေါင်း စစ်မျက်နှာခြောက်ခုရှိတယ်။ သုံးနဲ့လေးက ဒီမှာ ပေါင်းသွားခဲ့ပေမယ့် အရပ်လေးမျက်နှာမှာ ပြန့်ကြဲနေတဲ့ လေးခုရှိသေးတယ်။ အဲဒီမှာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်သိန်းလောက် ရှိမယ်" ဆေးလုံးမိစ္ဆာ၏မျက်လုံးများတွင် စိုးရိမ်နေသောအရိပ်အယောင်အား မြင်ရနိုင်သည်။ မန်ဟို မည်သည့်အခြေအနေတွင်လဲ သူ သိသည်။ မန်ဟိုသည် နတ်ဆိုးဆန်သွားပြီဖြစ်၍ နတ်ဆိုးသဖွယ် သတ်ပေတော့မည်။
"ဆရာ၊ ကျွန်တော် တတိယခွဲထွက်ခြင်းအတွက် လမ်းကြောင်းကို ရှာတွေ့သွားပြီ" မန်ဟိုက ပြောသည်။ သူသည် ဆေးလုံးမိစ္ဆာကို ကြည့်ပြီး လေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်၏။
ဆေးလုံးမိစ္ဆာက သူ့ကို တခဏ လေးနက်စွာ ကြည့်ပြီးနောက် ရုတ်တရက် အကျယ်ကြီး ထရယ်လိုက်သည်။ သူ့မှာ စိတ်သက်သာရာရသွားသဖြင့် လက်ကို ဝှေ့ယမ်းကာ မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့လေးဖွဲ့၏ တည်နေရာများကို ဖော်ပြထားသည့် ကျောက်စိမ်းပြားတစ်ပြားအား ပျံသန်းသွားစေသည်။
မန်ဟိုက ကျောက်စိမ်းပြားကို ဖမ်းပြီးနောက် ခေါင်းဆောင်ကြီးစုန့်နှင့် ကျင်းဟန်ဂိုဏ်းချုပ်ထံသို့ လက်ယှက်နှုတ်ဆက်လိုက်သည်။ နောက်ဆုံးအနေဖြင့် တောင်ပိုင်းဒေသကျင့်ကြံသူအကုန်လုံးကို လှမ်းကြည့်၍ လက်ယှက်အရိုအသေပေးလိုက်၏။ ထို့နောက်တွင်တော့ လေပေါ် ပျံတက်လိုက်သည်။ သူ၏ဒုတိယအစစ်အမှန်လည်း လှိုင်းထပြီး ပျောက်ကွယ်သွားရာ အဝေးသို့ ထွက်သွားသော သူ့နောက်သို့ အရိပ်ပမာ လိုက်သွားသည်။
မန်ဟိုထွက်သွားသော် ဆေးလုံးမိစ္ဆာသည် ဆေးပေါင်းဖိုတစ်လုံးထုတ်၍ တောင်ပိုင်းဒေသကျင့်ကြံသူများ ပြန်ကုသရန် အသုံးပြုဖို့ ဆေးလုံးများစွာ ဝေပေးလိုက်သည်။ ထို့နောက် သူ ၊ ကျင်းဟန်ဂိုဏ်းချုပ်နှင့် ခေါင်းဆောင်ကြီးစုန်တို့သည် မန္တန်ဝင်္ကပါများ စတင်စီရင်တော့၏။
စစ်ပွဲမပြီးသေးကြောင်း သူတို့သိသည်။ အားလုံးအထဲ အင်အားအတောင့်ဆုံးဖြစ်သော မြောက်ပိုင်းသဲကန္တာရ၏ တတိယအသုတ်ကား လမ်းတွင် ဖြစ်သည်။ ၎င်း ရောက်လာပြီး အနိုင်အရှုံး ဆုံးဖြတ်ပေးမည့်တိုက်ပွဲအစစ်အမှန် စတင်ဖို့ သိပ်ကြာတော့မည်မဟုတ်ပေ။
အချုပ်ဆိုရလျှင် ... တောင်ပိုင်းဒေသ၏ နိုင်နိုင်ခြေမှာ သေးငယ်သေးသည်။ သို့သော် မည်သို့ပင်ဆိုစေ၊ သူတို့သည် ဆက်လက်တိုက်ခိုက်နေဦးမည်ဖြစ်၏။
တောင်ပိုင်းဒေသ မြေလှန်ခံရမည့်အဖြစ်ထက် တိုက်ခိုက်ရင်း သေဆုံးသွားရခြင်းက ပိုကောင်းပေမည်။
ထိုစဉ် မန်ဟိုသည် သွေးရောင်အလင်းတန်းထဲတွင် လေကို ခွင်းသွားနေ၏။ သူက ကျောက်စိမ်းပြားကို ကိုင်လျက် သိပ်မလှမ်းမကမ်းရှိ ဒုတိယတပ်ဖွဲ့၏နေရာသို့ ဦးတည်နေသည်။
"သွေးမိစ္ဆာမဟာမှော်သိုင်းမှာ အလွှာသုံးလွှာရှိတယ်။ ပထမအလွှာနဲ့ တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်ကို တိုက်ခိုက်နိုင်တယ်။ ဒုတိယအလွှာနဲ့ တာအိုရှာဖွေခြင်းအလယ်အလတ်အဆင့်ကို တိုက်ခိုက်နိုင်တယ်။ တတိယအလွှာပြီးမြောက်သွားရင်တော့ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကို သေချာပေါက် ကိုင်လှုပ်နိုင်ပြီ
"ငါ တတိယခွဲထွက်ခြင်းလုပ်ဆောင်ပြီး တာအိုရှာဖွေခြင်းကို ဝင်ရောက်နိုင်ရင် ... တာအိုရှာဖွေခြင်းအဆင့်မှာ ပြိုင်စံရှားဖြစ်လာလိမ့်မယ်" မန်ဟို၏အမူအရာသည် တည်ငြိမ်နေသော်လည်း ရင်ခုန်သံတို့ဗြောင်းဆန်နေသည်။
"တတိယခွဲထွက်ခြင်းနဲ့ပတ်သက်ပြီးလို့ကတော့ ... ငါ့မှာ အခြေခံသဘောတရားတွေ ရှိပြီးပြီ" သူက မြေကြီးကို ငုံ့ကြည်လိုက်ရာ အခြားသူများ မမြင်ရသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရိပ်က သူ့ဒုတိယအစစ်အမှန်ကိုယ်၏အရိပ်ဖြစ်၏။
သူသည် အမြင့်ဆုံးနှုန်းဖြင့် တရိပ်ရိပ် ပျံသန်းလာရင်း မကြာမီ တိုက်ခိုက်သံများကို ကြားလာရသည်။ ၎င်းက ကျင့်ကြံသူသိန်းပေါင်းများစွာ တိုက်ခိုက်နေသော အသံမဟုတ်သော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါနေစေရန် လုံလောက်သေးသည်။
စစ်မြေပြင်ပေါ်တွင် ကျင့်ကြံသူထောင်ချီသည် အကြိတ်အနယ် တိုက်ခိုက်နေကြ၏။
တစ်ဖက်မှာ ဆက်တိုက်ဆုတ်နေရသော အခြေအနေတွင် ဖြစ်ပြီး အခြားတစ်ဖက်က သူတို့ကို တရစပ် ဖိနှိပ်နေသည်။ မြေကြီးမှာ သွေးစွန်းနေပြီး အလောင်းတွေ တောင်လိုပုံနေသည်။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှစ်သောင်းက လောလောဆယ်တွင် တောင်ပိုင်းဒေသကျင့်ကြံသူတစ်သောင်းကို တိုက်ခိုက်နေ၏။ တောင်ပိုင်းဒေသကျင့်ကြံသူအများစုမှာ ဇီယွင်ဂိုဏ်းသားများဖြစ်ကြသည်။ သူတို့သည် အတွေ့အကြုံမပြည့်ဝသေးသော ဇီယွင်ဂိုဏ်းရွေးချယ်ခံများဖြစ်သည့်အတွက် ဦးဆောင်နိုင်စွမ်း မရှိကြပေ။ လက်ရှိအချိန်တွင် ခေါင်းဆောင်နေသော ကျင့်ကြံသူများမှာ အရွယ်အိုအို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
မြောက်ပိုင်းသဲကန္တာရဘက်တွင်တော့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးယောက်ရှိ၏။
တောင်ပိုင်းဒေသတပ်ဖွဲ့မှာ ဆက်တိုက်ဆုတ်နေရအောင် ဖိအားပေးခံရနေသဖြင့် ပေါက်ကွဲသံများ ဆူညံနေတော့သည်။ သူတို့၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများမှာ ဒဏ်ရာအပြင်းအထန်ရထား၏။ သူတို့တပ်ဖွဲ့တွင် အထိအခိုက်အကျအဆုံး များပြားခဲ့လေသည်။ ချူယွီယန်လည်း ထိုနေရာတွင် နှုတ်ခမ်းမှ သွေးများစီးကျနေလျက် မျက်နှာဖြူဆုပ်ဖြူလျော်နှင့် တိုက်ခိုက်နေသည်။
ကျဆုံးသွားခဲ့သောလူများ၊ တောင့်ခံထားနေသေးသော လူများ အစရှိသဖြင့် ရင်းနှီးသောမျက်နှာများစွာ ရှိသည်။
မန်ဟိုသည် ကောင်းကင်ကို သွေးရောင်ခြယ်မှုန်းပစ်လိုက်သော သွေးကြယ်တံခွန်ကြီးသဖွယ် ထိုးဆင်းလာသည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကြိတ်အနယ် တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ အမြုတေအထိ တုန်လှုပ်သွားကြလေသည်။
အထူးသဖြင့် တောင်ပိုင်းဒေသ၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူသုံးဦး သူငယ်အိမ်များ ကျုံ့သွားကြသည်။ ဤပုဂ္ဂိုလ်က ရန်သူလား ၊ မိတ်ဆွေလား သူတို့မပြောနိုင်ပေ။
သို့ရာတွင် ချူယွီယန်မှာတော့ ထိုသို့မဟုတ်။ သူမသည် သေစေနိုင်သော တိုက်ကွက်တစ်ကွက်ကို ရှောင်ပြီး သွေးတစ်လုပ်အန်၍ အလင်းတန်းကို မော့ကြည့်လိုက်၏။ သူမနှလုံးသားလေး တုန်ရီသွားတော့သည်။
သူ့တွင် ဆံပင်ဖြူဖြူများရှိပြီး အရေပြားကင်းမဲ့နေသည်။ သူကား အဆုံးစွန်အထိ ကြောက်ရွံ့ချောက်ချားစရာ ကောင်းနေ၏။ သို့ထိတိုင် ... မန်ဟိုဖြစ်ကြောင်း သူမ ပြောနိုင်သေးသည်။
"နင် ... ဘာတွေ ... ဖြစ်ခဲ့တာလဲဟင်..." သူမက ရင်ကွဲပက်လက် တွေးလိုက်သည်။ သူမတွင် သူမမာနနှင့်သူမ ရှိသော်လည်း ထိုမာနဖြင့်ပင် မန်ဟိုကို ယခုလိုမျိုးမြင်ရသောအခါ နာကျင်မှုက သူမနှလုံးသားကို ဝါးမြိုသွားသေးသည်။
ဝုန်း
မန်ဟိုက ဥက္ကာခဲကြီးသဖွယ် မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့၏အလယ်ကို ဝင်တိုက်ပစ်လိုက်သည်။ ကြီးမားသော အက်ကြောင်းကြီးများ မြေပြစ်တစ်လျှောက် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ သွေးအန်ကာ တိုက်ရိုက်ပေါက်ကွဲကုန်လေသည်။
မြောက်ပိုင်းသဲကန္တာရမှ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးဦးမှာ တုန်လှုပ်သွားကြသည်။ သူတို့သည် အံတင်းတင်းကြိတ်၍ တိုက်ခိုက်လိုက်ကြသော်လည်း သူ့တို့ မန်ဟို့အနားပင် ကပ်မလာနိုင်ခင် မန်ဟိုက လက်ကို အရှေ့တွင် ဝှေ့ယမ်းကာ အနီရောင်မြူထုကြီးအား ပြန့်ကားသွားစေသည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူလေးမှာ တိုက်ခိုက်ရန် စရုံသာရှိသေးသည်၊ မြူများက သူတို့၏ကိုယ်ထဲ ထိုးဖောက်သွားလေပြီ။ သူတို့သည် အကြောက်အကန် အသည်းအသန် တစာစာ အော်ဟစ်လိုက်ကြ၏။ သူတို့မှာ အစွမ်းထက် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်များဖြစ်သော်လည်း သူတို့ခြောက်သွေ့သွားရန် မျက်တစ်မှိတ်သာ ကြာလိုက်သည်။ ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံ၊ ဝိညာဉ် အကုန် နုတ်ယူခံလိုက်ရသည်။ မြူများ ဖြာထွက်သွားလာသည့်အခါ ၎င်းထဲ ပိတ်မိသွားသည့် မည်သူမဆို မြေကြီးပေါ်သို့ အတုန်းအရုန်းလဲကျသွားသော အရိုးအပေါ်အရေတင် အလောင်းဘဝသို့ ရောက်ကုန်ကြ၏။
ထိုမြင်ကွင်းက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူအကုန်လုံး တုန်လှုပ်သွားကြသည်။ အနီရောင်မြူများ ပျံ့နှံ့လာသည်နှင့်အမျှ စူးစူးဝါးဝါးအော်သံများ ပိုမိုဆူညံလာသည်။
စောစောက မြောက်ပိုငိးသဲကန္တာရကျင့်ကကြံသူများ၏ မျက်နှာမှာ ဘီလူးသရဲစီးသလို သတ်ဖြတ်လိုနေသော ပုံစံများ ရှိခဲ့သည်။ ယခုတော့ သူတို့မှာ ကြောက်လန့်တုန်ရီနေကြလေပြီ။ သူတို့၏ခန္ဓာကိုယ်များ ခြောက်သွေ့လာပြီး ကျင့်ကြံခြင်းအခြေခံများ ပျောက်ဆုံးကာ ဝိညာဉ်များ နုတ်ယူခံနေကြရသည်။
မကြာမီ စစ်မြေပြင်တစ်ခုလုံး အော်သံများ စီစီညံလာသည်။ ဇီယွင်ဂိုဏ်းသားများက မျက်နှာဖြူဆုပ်ဖြူလျော်နှင့် နောက်ဆုတ်သွားကြသည်။ သူတို့မျက်စိရှေ့မှောက်၌ ဖြစ်ပျက်နေသော မြင်ကွင်းက သူတို့ကို ကြောက်လန့်နေသောမျက်နှာအမူအရာများဖြင့် မှင်သက်သွားစေသည်။
"အဲ့ဒါ ဘယ်သူလဲ"
"သူ့တစ်ကိုယ်လုံး သွေးရောင်ကြီးပါလား။ အရေပြားလည်း မရှိဘူး။ သူ့မှော်ကျင့်စဉ်က မိစ္ဆာကျင့်စဉ်ထင်တယ်"
"ဒါက ဘယ်လိုလုပ် ... မန်ဟိုရဲ့ သွေးမိစ္ဆာမဟာမှော်သိုင်းနဲ့ ဆင်နေတာလဲ"
ချူယွီယန်သည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏အလယ်ရှိ မန်ဟို့ကို ကြည့်ပြီး သွေးနတ်ဆိုးတစ်ကောင်ကို ကြည့်နေရသလို ခံစားနေရ၏။ မန်ဟို့တွင် ဝမ်းနည်းကြေကွဲနေသော အငွေ့အသက်လည်း ရှိနေကြောင်း သဘောပေါက်လိုက်သဖြင့် ချူယွီယန်မှာ နှလုံးသားတစ်ခုလုံး စူးအောင့်လာသည်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်သွား၏။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှစ်သောင်းမှာ တစ်ယောက်ပြီးတစ်ယောက် စူးစူးဝါးဝါး အော်ရင်း အလောင်းခြောက်များ ဖြစ်လာကြသည်။ နောက်ဆုံးတော့ သွေးမြူတိမ်က မန်ဟို့ဆီ ပြန်ရောက်လာ၏။ သူ၏ကိုယ်အတွင်းမှ အက်ကွဲသံများ ကြားရနိုင်လေသည်။
သူ၏ အရေပြားကင်းမဲ့နေသော ခန္ဓာကိုယ်သည် အခု အရေပြားတစ်ချို့ ကွက်တိကွက်ကြား ရှိလာ၏။ သူ၏ချီနှင့်သွေးမှာ ယခုတွင် ပို၍သိသာထင်ရှားလာပြီး ကောင်းကင်ထက်တွင် မိုးထစ်ချုန်းသွား၏။
"မန်ဟို ... အဲ့ဒါ မန်ဟိုပဲ"
"တကယ်ကြီး မန်ဟိုဟ။ အရင်က မပြောနိုင်ခဲ့ပေမယ့် အခု အရေပြားနည်းနည်းပါးပါး ရှိသွားတော့ မန်ဟိုဆိုတာ ပြောနိုင်တယ်"
"သူ ဘယ်လိုလုပ် ဒီလောက်ကွဲပြားသွားရတာလဲ"
ဇီယွင်ဂိုဏ်းသားများမှာ တုန်လှုပ်နေကြသည်။ သို့သော် သူတို့၏အသံများ ထွက်လာသည့်အချိန်မှာပင် မန်ဟိုက လေပေါ် ခုန်တက်လိုက်သည်။ သူက လူအုပ်ကြီးကို ငုံ့ကြည့်ပြီး သူ့အကြည့်သည် ချူယွီယန်၏အပေါ်တွင် ခဏ ရစ်ဝဲနေ၏။ သူ ချာခနဲ လှည့်လိုက်သည့်အခါ သူ့အသံက ဟိန်းထွက်လာသည်။
"သွေးမိစ္ဆာဂိုဏ်းမှာ တခြားသူတွေနဲ့ သွားဆုံချည်"
***