အရှေ့ဘက်နယ်မြေတစ်လျှောက် လွှဲရမ်းလိုက်သော ဓားသုံးချက်
Vol. 56 Ch. 782
မန်ဟို တောင်ပိုင်းဒေသရှိ စစ်မျက်နှာနှစ်မှ ထွက်ခွာသွားသည့်အခိုက်အတန့်တွင် အရှေ့ဘက်နယ်မြေ၊ ကျောက်သားအတိပြီးသော တန်မျှော်စင်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် တစ်ချိန်လုံး ရပ်နေခဲ့သည့်အတိုင်း ရပ်နေရင်း...
တောင်ပိုင်းဒေသကို မျှော်ကြည့်နေလေသည်။
"မကြာခင် ... သူ မကြာခင် အဆင့်တက်တော့မယ်" အမျိုးသားက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "အဆင့်တက်လို့ တာအိုရှာဖွေခြင်းကို ရောက်တာနဲ့ ကိုယ်တို့ သူ့ဆီ သွားနိုင်တယ်။ အကုန်လုံးအမှန်အတိုင်း ပြောပြလို့ရပြီ
"တာအိုရှာဖွေခြင်းအဆင့် မရောက်ခင်အထိတော့ ကိုယ်တို့တွေ သူ့ရဲ့ ကံကြွေးကို နှောင့်ယှက်လို့ မရနိုင်ပေဘူး။ သူနဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတဲ့ အရာတွေကိုတောင် အင်မတန် ဂရုစိုက်မှ ဖြစ်မယ်
"မတော်တဆ တစ်ခုခု ဖြစ်သွားရင် ဒီဘဝဟာ ကျရှုံးမှုတစ်ခု ဖြစ်လာလိမ့်မယ် ... ကိုယ် ... ကိုယ်လေ ... သားလေး ခံစားနေရတာကို ဒီထက်ပိုပြီး မကြည့်ရက်တော့ဘူး" သူ စကားပြောနေစဉ် အခဲဆုံးရေခဲကိုပင် အရည်ဖျော်ပစ်နိုင်ပုံရသော ချစ်ခြင်းမေတ္တာတို့က သူ၏မျက်လုံးထဲတွင် တောက်ပနေသည်။
သူ့ဘေးတွင် ရပ်နေသော အမျိုးသမီးမှာ မျက်ရည်အဝိုင်းသားနှင့် တောင်ပိုင်းဒေသဆီသို့ လှမ်းကြည့်နေသည်။ သူမသည် မန်ဟိုကို မြင်နေရပြီး သူ၏လက်ရှိ အရေပြားကင်းမဲ့ကာ သွေးသံရဲရဲဖြစ်နေသော ပုံစံက သူမနှလုံးသားကို ထိခိုက်ကြေကွဲစေသည်။
"ဒါမဲ့ ... သားက ကလေးပဲ ရှိသေးတာလေ" သူမက ပြောလိုက်ပြီး မျက်ရည်များက သူမပါးပြင်တစ်လျှောက် စီးကျလာသည်။
စကားလုံးများ သူမနှုတ်မှ ထွက်သွားသည့်အချိန်နှင့် တစ်ပြိုင်တည်းဆိုသလို သူမမျက်နှာအမူအရာသည် ကွက်ခနဲ ပြောင်းသွား၏။ မတူညီသော လားရာဘက်သို့ လှမ်းကြည့်လိုက်စဉ် ကြောက်စရာကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒက သူမမျက်ဝန်းများ၌ တောက်ပလာသည်... ထိုလားရာဘက်တွင်ကား ကျီမျိုးနွယ်စုရှိလေသည်။
ဤအခိုက်အတန့်မှာပင် ကျီမျိုးနွယ်စုအပေါ်၌ တာအိုရှာဖွေခြင်းအောက် မည်သူမဆို မြင်ရမည် မဟုတ်သော ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် ထိုနေရာရှိ တိမ်တိုက်များ တလိပ်လိပ်ထလာသည်။
အဆိုပါဝဲကြီးအား တာအိုရှာဖွေခြင်းအဆင့်နှင့် ထို့အထက်သာလျှင် မြင်ရနိုင်သည်။
ဝဲထဲတွင် ကြီးမားသောပလ္လင်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းက .... အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်မှတစ်ပါး အခြားမဟုတ်ပေ။
အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်၏အနောက်၊ အရှေ့ဘက်နယ်မြေ၏အပေါ်ရှိ ကောင်းကင်တွင် ဧရာမမျက်နှာကြီးတစ်ခု ပေါ်လာသည်။ ၎င်းသည် အိပ်ပျော်နေသည့်အလား မျက်လုံးများ ပိတ်ထား၏။ သို့သော် ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖိအားကြီးတစ်ရပ်က အရှေ့ဘက်နယ်မြေရှိ သက်ရှိသတ္တဝါအကုန်လုံးအပေါ် သက်ရောက်လာသည်။
"ဟိုအာ သုံးခဲ့တဲ့ အတုအယောင်အင်မော်တယ်ရုပ်သေးရုပ်က ကျီမျိုးနွယ်စုကံကြွေးရဲ့ ကူးစက်တာခံထားရတယ်" အမျိုးသမီးက ပြောသည်။ "သူ့မှာ အစကတည်းက ကျီမျိုးနွယ်ကံကြွေးရှိနေပြီးသား အခုတော့ ... သူတို့လှုပ်ရှားကြတော့မယ်" သူမမျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုမိုအားကောင်းလာသည်။
ဤအခိုက်တွင် အင်မော်တယ်အပ်နှင်ခြင်းစင်မြင့်ထဲမှ တဂျိန်းဂျိန်း ထစ်ချုန်းသံများ ကြားလိုက်ရသည်။ သိသိသာသာပင် ၎င်းကား နေရာရွှေ့ပြောင်းရန် ပြင်လေပြီ။
"ကျွန်မရဲ့ ချုပ်နှောင်တံဆိပ်ကို ဖယ်ပေး" အမျိုးသမီးက ကရောသောပါးပြောသည်။ "သူတို့ ဟိုအာဆီ သွားတော့မှာ။ ကျွန်မ တားမှ ဖြစ်မယ်" အမျိုးသားက ဘာမှမပြောပေ။ သို့သော် တိုင်ကို ဆုပ်ကိုင်ထားခဲ့သော သူ့လက်က ပြေလျော့သွားပြီး လက်သီးဆုပ်လိုက်၏။
"မလိုဘူး" သူက တည်ငြိမ်စွာ ပြောသည်။ "ကိုယ့်ဘာသာ ကိုင်တွယ်လိုက်မယ်" အမျိုးသမီးက တအံ့တဩ လှမ်းကြည့်လာသည်။ သူမ မှတ်မိရသလောက် သူ့ယောက်ျားဖြစ်သူ သူမ ကြားဝင်ဖို့ ကြိုးစားတိုင်း အမြဲ ဆန့်ကျင်တတ်သူ ဖြစ်၏။ ထိုကဲ့သို့ကိစ္စများအတွက် သူမတို့နှစ်ယောက် အမြဲတစေ စကားများခဲ့ရလေသည်။
သို့သော် ယခု သူကား တစ်ခုခု လုပ်ပေတော့မည်။
"ရှင်..."
"ဟိုအာက အခု အရေးကြီးတဲ့အခြေအနေမှာ ။ အနှောင့်အယှက်ခံလို့ မဖြစ်ဘူး ။ ငါတို့ ဝင်စွက်ဖက်လို့မရရင် ... ကျီမျိုးနွယ်စုလည်း ဝင်အစွက်ဖက်မခံစေရဘူး" သူ လက်ကို ဆန့်ထုတ်၍ ကောင်းကင်သို့ ညွှန်လိုက်သည်။
ချက်ချင်းပင် အရှေ့ဘက်နယ်မြေတစ်ခုလုံး လှုပ်ခါစပြုလာသည်။ ဧရာမလက်ချောင်းကြီး အပေါ်တွင် ပေါ်လာပြီး အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်ဆီသို့ အငြိုးကြီးကြီး ထိုးချလာနေသဖြင့် ကောင်းကင်ထက်ရှိ မျက်နှာကြီးမှာ ပုံပျက်ရှုံ့တွလာသည်။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်နေစဉ် ကျီမျိုးနွယ်စုအတွင်းမှ ဒေါသတကြီးဟိန်းဟောက်သံများ ကြားလိုက်ရသည်။ အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်နှင့် ကျဆင်းလာနေသော လက်ချောင်းထံ ပျံတက်သွားသော ပုံရိပ်သုံးခုပေါ်လာသည်။
အင်မော်တယ်အပ်နှင်းခြင်းစင်မြင့် နှင့် ကျီမျိုးနွယ်စု၏ ဘိုးဘေးစံအိမ်မှ မဟာတာအိုတေးသွားတစ်ပုဒ် သီဆိုလိုက်သည်။ ကောင်းကင်သည် တုန်ခါသွားပြီး ဧရာမမျက်နှာကြီး၏မျက်လုံးများ ခပ်ဟဟလေး ပွင့်လာသည်။
ချက်ချင်းပင် ဧရာမလက်ချောင်းကြီးမှာ အားကို တောင့်မခံနိုင်တော့သည့်အလား တုန်ရီလာသည်။
ထို့နောက် တန်မျှော်စင်ရှိ လူက အေးစက်စက် နှာမှုတ်လိုက်သည်။
အရှေ့ဘက်နယ်မြေတွင် ပြည်နယ် (၂၁၆) ခု၊ မြောက်ပိုင်းသဲကန္တာရတွင် (၁၁၃) ခု၊ တောင်ပိုင်းဒေသတွင် (၂၁၉) ခုရှိသည်။ အနောက်ပိုင်းသဲကန္တာရတွင်တော့ တစ်ခုမှမရှိသလို၊ တန်မျှော်စင်မရှိသည့် တစ်ခုတည်းသော နေရာလည်း ဖြစ်သည်။
လောလောဆယ်တွင် အဆိုပါတန်မျှော်စင်များ၏ သုံးပုံတစ်ပုံခန့်သည် အရောင်အဝါတောက်ပစပြုလာ၏။ စူးရှသော အလင်းတန်းများက လေပေါ် ထိုးတက်သွားပြီး အရှေ့ဘက်နယ်မြေရှိ တန်မျှော်စင်ဆီသို့ ပြေးဝင်ကာ ဓားတစ်လက်ပုံသဏ္ဌာန် ဖြစ်လာသည်။
ဓားသည် ရိုးရိုးသာမန် သံဓားတစ်လက်နှင့် တူ၏။ ၎င်းနှင့်ပတ်သက်ပြီး ခံညားထည်ဝါနေသည့်အရာမရှိပေ။ သို့သော် ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အရိုင်းဆန်သောအရောင်များ ကောင်းကင်တစ်ပြင်လုံး ပြိုးပြိုးပြက်ပြက် လက်သွားပြီး တောင်ကောင်းကင်ဂြိုဟ်မှာ... သိမ့်ခနဲ တုန်ခါသွားလေသည်။
ချက်ချင်းပင် ဓားက မြင်ပင်မမြင်ရတော့သော အမြန်နှုန်းဖြင့် ပိုင်းချလိုက်သည်။ ၎င်းသည် အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်ကို ခုတ်ချလိုက်ရာ အကွဲကြောင်းကြီးတစ်ခု ကွဲထွက်သွားပြီး စင်မြင့်အား မြေကြီးပေါ် ကျသွားစေသည်။
"ဒီစင်မြင့်က ငါ့သားကို ချုပ်နှောင်ချင်ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် နှစ်တစ်သောင်းပျက်စီးစေရမယ်"
ထို့နောက် ဓားသည် ကျီမျိုးနွယ်စုမှ လာနေသော ပုံရိပ်သုံးခုဆီသို့ ဒုတိယအကြိမ် ပိုင်းချလိုက်၏။ သူတို့မှာ ၎င်းကို တားရန် မည်သို့မျှ မတတ်နိုင်သည့်အတွက် သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲသွားကြလေသည်။ ဓားက ကျီမျိုးနွယ်စုဘိုးဘေးစံအိမ်ဆီသို့ ဆက်လက် ပိုင်းချလိုက်သည်။ စံအိမ်၏အလွှာအထပ်ထပ်ကို ဖြတ်လျက်ရှိသော ဓားရာကြီးပေါ်လာစဉ် ဓားသည် အဆိုပါအမျိုးသား၏ဇနီး နောက်ဆုံးတစ်ခေါက် ထိုနေရာသို့သွားခဲ့စဉ်တုန်းက တားမြစ်ခံခဲ့ရသော နေရာဆီသို့ ဆက်လက်ကျဆင်းသွား၏။ ခပ်မြင့်မြင့်လှေကားတစ်ခုပေါ်တွင် ထိုင်နေသည်ကား လူငယ်တစ်ဦး။
လူငယ်၏မျက်နှာသည် ရိပ်ခနဲ ဖြစ်သွားပြီး ချက်ချင်း ဟိန်းဟောက်၍ ထုတ်နိုင်သမျှ အစွမ်းကုန်ထုတ်ကာ ပြန်တိုက်ခိုက်လိုက်၏။ အုန်းခနဲ ရိုက်ညောင်းသွားပြီး သူ့လက်နှစ်ဖက်လုံး ပြတ်ထွက်သွားသဖြင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ လက်ပြတ်များက လေပေါ် မြောက်တက််သွားပြီး တစ်ဆက်တည်းမှာပင် ထာဝရပျောက်ကွယ်သွားသည့်အလား လောင်ကျွမ်းသွားသည်။
"မင်းမျိုးနွယ်စုက ငါ့သားရဲ့ကံကြွေးကို ကူးစက်စေချင်တယ် ဟုတ်လား။ မင်းက ရှေးဟောင်းနယ်ပယ်ရဲ့ မဟာဂိတ်တံခါးကိုတောင် မဖွင့်နိုင်သေးတဲ့ မဖြစ်စလောက် အင်မော်တယ်နယ်ပယ်အထွတ်အဆင့် တာအိုသခင်တစ်ဦး ။ ဒါတောင် ငါ့မိန်းမကို ဝေဖန်ခဲ့ရဲတယ်လား။ ငါ မင်းလက်ကို ဖြတ်တယ်။ ဒါ့အပြင် မင်း ဒီဘဝမှာ ရှေးဟောင်းနယ်ပယ်ကို ဘယ်တော့မှ တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး" (နယ်ပယ်လေးခု - စိတ်ဝိညာဉ်နယ်ပယ်၊ အင်မော်တယ်နယ်ပယ်၊ ရှေးဟောင်းနယ်ပယ်၊ တာအိုနယ်ပယ်)
ဓားက ကောင်းကင်ကို မျက်နှာမူ၍ တတိယအကြိမ် ပိုင်းချလိုက်သည်။ များစွာသော ဓားချီအပေါင်းသည် လှိုင်းသဖွယ် ဖြာထွက်လာပြီး ကောင်းကင်တွင် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။ မျက်နှာကြီး ပျောက်ကွယ်သွား၏။
"မင်းတို့ရဲ့ မြင့်မြတ်လှတဲ့ မျိုးနွယ်စုခေါင်းဆောင်သာ ဒီမှာ ရှိနေရင် ငါ့အနေနဲ့ သေချာပေါက် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တောင်ကောင်းကင်ဂြိုဟ်ရဲ့ ကောင်းကင်ဖြစ်လာတဲ့ မဖြစ်စလောက် နတ်ဘုရားအာရုံမျှင်လေးတစ်မျှင်က ... ငါ့ကို သူ့လက်အောက် ဖိထားဖို့ မလုံလောက်သေးဘူး
"နားထောင် ကျီမျိုးနွယ်စု။ ငါ ဖန် မှာ မိသားစုဝင်လေးယောက်နဲ့ မိသားစုတစ်စု ရှိတယ်။ ငါတို့က တောင်ကောင်းကင်ဂြိုဟ်မှာ လာနေတာ နှစ်ရာဂဏန်းလောက်ပဲ ရှိသေးသလို၊ ဒီနေရာမှာ မင်းတို့ရဲ့လုပ်ငန်းဆောင်တာတွေကို တစ်ခါမှ မစွက်ဖက်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး .... နဝမတောင်ရဲ့ အကျဉ်းဦးစီးအနေနဲ့ ငါ တာဝန်ယူတော့မယ်။ အခုကစပြီး ကျီမျိုးနွယ်စု ကိုယ့်ဘောင်နဲ့ ကိုယ်နေပါ။ မင်းတို့ မကောင်းတဲ့ရည်ရွယ်ချက် နည်းနည်းလေး ထားလိုက်တာနဲ့ ... ငါ သတိပေးမယ်။ မင်းတို့က ကျီမျိုးနွယ်စုရဲ့ အခွဲလေးထက် မပိုဘူး။ ဒါ့အပြင် မင်းတို့ ပင်မအခွဲဖြစ်နေရင်တောင်မှ အဲဒီက လူဘယ်လောက်ကို ငါ သတ်ခဲ့ပြီးပြီလဲဆိုတာ ရေတောင်မရေနိုင်တော့ဘူး"
ကျီမျိုးနွယ်စုမှာ ချက်ချင်း တိတ်ဆိတ်သွားသည်။
ဤအခိုက်အတန့်တွင် အမျိုးသမီး၏ ဂုဏ်ယူနေသောအသံအား တန်မျှော်စင်အတွင်းမှ ကြားလိုက်ရသည်။
"နားထောင်စမ်း နင်တို့တွေ။ ငါ့သား ဟိုအာ ပြန်လာရင် သူ့ကို ဝိညာဉ်ကျောက်တုံးအကြွေးတင်နေတာ ပြန်ဆပ်ရင် ကောင်းမယ်နော်"
သူမ၏ကိုင်တွယ်ပုံကား မန်ဟိုနှင့် အတော်လေးတူသည်....
ကျီမျိုးနွယ်စုရှိ လူတိုင်း တုန်ရီနေကြလေသည်။ ရွေးချယ်ခံများ၊ တပ်သားတပည့်များ၊ ကျီရှောင်ရှောင်ပင် ဦးရေပြားတို့ ထုံကျင်လာသည်ကို ခံစားလိုက်ရသည်။ ပထမဆုံး သူတို့သည် မည်သူတို့၏အသံများလဲ မသေချာသော်လည်း ဝိညာဉ်ကျောက်တုံးအကြွေးကို ဖော်ပြလိုက်သည်နှင့် မိစ္ဆာအင်မော်တယ်ဂိုဏ်းသို့ သွားခဲ့ဖူးသော ရွေးချယ်ခံအကုန်လုံး ကြက်သီးထသွားကြပြီး သူတို့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကလိမ်ကျခဲ့ပြီး အံ့တကြိတ်ကြိတ်ဖြစ်စေခဲ့သော အကောင်ကို မှတ်မိလိုက်ကြသည်။
ကျီမျိုးနွယ်စု၏အနက်ပိုင်းထဲတွင် လက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသော လူငယ်သည် ပလ္လင်တစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ ရှုပ်ထွေးတွေဝေနေသော အမူအရာတစ်ခုက သူ၏မျက်နှာတွင် ပြည့်နှက်နေပြီး အတန်ကြာသော် သူက သက်ပြင်းချလိုက်သည်။
"သူက ဒီနေရာမှာ သူ့ကိုယ်သူ နှစ်တစ်သောင်း ပိတ်လှောင်လိုက်လို့ တောင်ကောင်းကင်ဂြိုဟ်ကနေ ထွက်မသွားနိုင်ဘူး။ နဝမတောင်ရဲ့ အကျဉ်းဦးစီးတောင် ဖြစ်လာခဲ့တယ်။ အကုန်လုံးက သူ့သားကို အသက်ရှင်ခွင့်ပေးဖို့လေးအတွက် ... ပြီးတော့ အဲဒီ ကလေးက သူ့သားဖြစ်နေခဲ့တာကိုး"
သံဓားသည် ပျောက်ကွယ်သွားပြီး တောင်ကောင်းကင်ဂြိုဟ်ရှိ တန်မျှော်စင်များ မှောင်မည်းသွားသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ သေမျိုးများ မြင်ရနိုင်မည့်အရာမဟုတ်ပေ။ ကျင့်ကြံသူအများစုပင် ဘာတစ်ခုကိုမှ မြင်ရခဲ့မည်မဟုတ်။
အကုန်လုံး မှေးမှိန်ပျောက်ကွယ်သွားစဉ် အမျိုးသမီးသည် သူမယောက်ျားကို လှည့်ကြည့်ပြီး ထူးဆန်းသော အလင်းရောင်တစ်ခု သူမမျက်ဝန်းများတွင် တောက်ပလာ၏။
အမျိုးသားက စကားပြောလိုက်စဉ် တည်ငြိမ်သောမျက်နှာထား ၊ အေးဆေးသောအသံရှိသည်။ "အံ့ဩသွားလား။ မင်း စွက်ဖက်တာ တစ်ခါထက်မနည်းတော့ဘူးလေ ၊ အဲ့ဒါ အန္တရာယ်များတယ်။ ကိုယ် မင်းကို ဆုံးမခဲ့ပေမယ့် ကိုယ်,ကိုယ်တိုင်လည်း တစ်ခါဝင်ပါခဲ့ဖူးတယ်။ ရှုချင်ရဲ့ ဝိညာဉ်ကို လာရှုပ်တဲ့ ကလေးစုတ်တစ်ကောင်ကို တားမြစ်ခဲ့တယ်လေ"
အမျိုးသမီးက ရုတ်တရက် ပြုံးလိုက်သည်။ "မန်ဟို ရှင့်ကို ခံပြင်းနေမှာ စိုးလို့လား"
"ရှုချင် တောင်ကောင်းကင်ကနေ ထွက်ပြီး မေ့ပျောက်ခြင်းမြစ်ထဲ ဝင်ရောက်သွားတော့ ကိုယ် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရသွားတာပေါ့" သူက ဆက်ပြောသည်။ "သူက သားရဲ့ ဇနီးဆိုတော့ ကိုယ်တို့ရဲ့ ချွေးမပဲလေ။ အဲဒီနတ်ဘုရားအာရုံမျှင်က ရှုချင် ဘဝပြန်ဝင်စားတဲ့အချိန်ကစပြီး ကိုယ်တိုနဲ့ လူချင်းတွေ့တဲ့အချိန်အထိ ကာကွယ်ပေးလိမ့်မယ်
"ဟိုအာကတော့ ... သူက ယောက်ျားတွေထဲက နဂါးတစ်ကောင်ဆိုတာ ကိုယ် ယုံတယ်။ အဖေနဲ့အမေ လိုက်ကာကွယ်ပေးဖို့ လိုတဲ့ ကလေးဆိုးလေးမဟုတ်ဘူး
"ကိုယ်တို့ တောင်ကောင်းကင်ဂြိုဟ်မှာ နှစ်တစ်သိန်းနေကြရမယ်။ အဲ့ဒါ ကိုယ်တို့ရဲ့ သဘောတူညီချက်။ ကိုယ်တို့အနေနဲ့ ထွက်သွားလို့မရပေမယ့် သူ့ကို ဒီမှာ နှစ်တစ်သိန်း နေခိုင်းလို့ မဖြစ်ဘူး။ သူ့လမ်းက အဝေးကြီးအထိ ဆန့်တန်းနေတာ။ ဒီဘဝမှာ သူ သူ့ကိုယ်သူပဲ အားကိုးပြီး သူ ဘယ်လောက်မြင့်မြင့်တက်သွားနိုင်မလဲ ကြည့်ရင်း ကိုယ်တို့တွေ ဂုဏ်ယူနိုင်ပြီ။ ဒါကြောင့် နောင်ကျရင် သူ ကိုယ်တို့ကို ဂုဏ်ယူစေရလိမ့်မယ်ဆိုတာ....ယုံကြည်ထားကြစို့" သူသည် အလွန်တိုးညှင်းစွာ ပြောနေသည့်အတွက် သူ့ကိုယ်သူ ပြောနေသည်လား ၊ သူ့ဇနီးသူပြောနေသည်လား ဆုံးဖြတ်ရခက်လေသည်။
တောင်ပိုင်းဒေသတွင် မန်ဟို၏အရေပြားသည် သုံးဆယ်ရာခိုင်နှုန်း ပြန်လည်သက်သာလာပြီဖြစ်၏။ သူသည် ယခင်ကကဲ့သို့ ကြောက်စရာမကောင်းတော့သော်လည်း သူ၏အမူအရာမှာ ရေခဲတမျှ အေးစက်နေဆဲဖြစ်သည်။ သူသည် သွေးရောင်အလင်းတန်းထဲမှနေ၍ စစ်မျက်နှာတစ်ခုဆီသို့ သွားနေလေပြီ။
တောင်ပိုင်းဒေသရှိ စစ်မျက်နှာစာခြောက်ခုအနက် သုံးနှင့်လေးက အတူတကွ ပေါင်းစည်းခဲ့သည်။ အခြားလေးခုမှာ သွေးမိစ္ဆာဂိုဏ်းထံသို့ တွန်းပို့ခံနေရပြီးသား ဖြစ်၏။ မန်ဟို တတ်နိုင်စွမ်းသော မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကို ထည့်တွက်လျှင် သူ့အတွက် စစ်မျက်နှာတစ်၏အပေါ်တွင် ပေါ်လာရန် မကြာလိုက်ပေ။
ဤနေရာတွင် ဇီယွင်ဂိုဏ်းသားအနည်းငယ်နှင့်အတူ သင်းကွဲကျင့်ကြံသူများစွာ ရှိသည်။ သူတို့အားလုံးက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှစ်သောင်းကျော်ကို တက်ညီလက်ညီ ခုခံနေကြသည်။ တိုက်ပွဲအား သွေးသံရဲရဲ နီစွေးနေ၏။
တိုက်ပွဲမှာ ပြင်းထန်ပြီး အလောင်းများက မျက်စိတဆုံး မြင်ရသည်အထိ ပြန့်ကြဲနေလေသည်။ ၎င်းကား လုံးဝ ထိတ်လန့်စရာကောင်းပေသည်။
မန်ဟိုပေါ်လာသောအခါ သူက အနီရောင်လေမုန်တိုင်းသဖွယ် ထိုးဆင်းသွား၏။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြားတွင် သူမတူစွာ ထင်းနေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးရှိသည်။ သူသည် သွေးတို့ရွှဲစိုနေသော်လည်း အများစုမှာ သူ့သွေးများမဟုတ်ပေ။ သူ၏အမူအရာမှာ ခံစားချက်မဲ့နေပြီး သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ရက်စက်ကြမ်းကြုတ်စွာ ရယ်တတ်လေသည်။ သူ့လက်ကောက်ဝတ်တွင် လူ့ခေါင်းပြတ်နှစ်ခုအား ချိတ်ဆွဲထား၏။ တစ်ယောက်ကား ... သွေးမိစ္ဆာဂိုဏ်း၏ သံမဏိသွေးခေါင်းဆောင်ကြီးနှစ်ဦးထဲမှ တစ်ဦးပင်။
"တောင်ပိုင်းဒေသကျင့်ကြံသူတို့" လူထွားကြီးက ဟိန်းဟောက်လိုက်သည်။ "မင်းတို့က မင်းတို့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကပဲ တစ်ခုတည်းရှိတဲ့လမ်းစဉ်လိုလို ပြုမူခဲ့တယ်။ ဒါပေမဲ့ အခုတော့ မင်းတို့က ခွေးချီးနဲ့တောင် ယှဉ်မရတော့ဘူး။ ငါ မင်းတို့ရဲ့စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ဦးကိုတောင် သတ်ခဲ့ပြီးပြီ။ မင်းတို့အကုန်လုံး သွားသေကြတော့" သူသွားသည့်နေရာတိုင်း အလောင်းများ ပုံကျန်ခဲ့သည်။
သူ့အနောက်တွင် တောင်တမျှ မြင့်မားသော ဘီလူးကြီးနှစ်ကောင်ရှိသည်။ ၎င်းတို့က ကြုံးဝါးရင် အကာအကွယ်မဲ့နေသော တောင်ပိုင်းဒေသကျင့်ကြံသူများကို ရက်ရက်စက်စက် တိုးဝှေ့ဝင်တိုက်နေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက အနီရောင်တောက်လျက် ရောက်လာခဲ့သည်။ အနီရောင်မြူထုသည် သူ့ကို ရစ်သိုင်းနေရာ အဝေးမှကြည့်လျှင် ကောင်းကင်တစ်ပြင်လုံး လွှမ်းခြုံထားသော အနီရောင်ခြုံထည်အလားပင်။
မန်ဟိုသည် ပါရာဂွန်တစ်ဦး၏အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လူထွားကြီးမှာ သူ့ကို မြင်လျှင် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ ဖော်ပြမတတ်နိုင်သော ဖိအားတစ်ခု သူ့အပေါ် သက်ရောက်လာသဖြင့် ထစ်ချုန်းသံကြီးတစ်သံ သူ၏စိတ်တွင် ပြည့်နှက်သွား၏။ သူ့မှာ ရုတ်တရက် အသက်မရှူနိုင်တော့သည့်အလား ခံစားလိုက်ရသည်။ ဇောချွေးများ သူ့တစ်ကိုယ်လုံးတွင် ထွက်လာသည်။ သူသည် ခြင်္သေ့တစ်ကောင်ကို ရင်ဆိုင်နေရသော ယုန်ပေါက်လေးသဖွယ် ခံစားလိုက်ရ၏။
"သူ့ကို တားကြ" လူထွားကြီးက ကြောက်ဒူးတုန်လျက် အော်သည်။ ဘီလူးကြီးနှစ်ကောင် မန်ဟို့ဆီ ခုန်တက်သွားစဉ် သူက နောက်ဆုတ်လိုက်သည်။
မန်ဟိုက မထူးခြားနားသော မျက်နှာထားဖြင့် ချဉ်းကပ်လာသည်။ သူသည် ဘီလူးကြီးများကို မတိုက်ခိုက်ဘဲ ဖြတ်ကျော်လာ၏။ သွေးမြူက ၎င်းတို့ကို လွှမ်းခြုံရန် ပြန့်ကားလာပြီးနောက် သွေးပျက်မတတ် အော်သံများ ထွက်လာသည်။ ဘီလူးကြီးများမှာ မျက်စိတစ်မှိတ်အတွင်း ခြောက်သွေ့ကာ လဲကျသေဆုံးသွားကြလေသည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။ "မင်း... မင်းက တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပဲ။ သေချာပေါက် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်။ သေစမ်း တောင်ပိုင်းဒေသရဲ့ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်အကုန်လုံး အလယ်တိုက်ပွဲမှာ စုဝေးနေကြတာမဟုတ်ဘူးလား။ သူတို့ထဲက တစ်ယောက်က ဘယ်လိုလုပ် ဒီရောက်လာနိုင်မှာလဲ"
သူ့တွင် မေးခွန်းနှင့်ပတ်သက်ပြီး စဉ်းစားရန် အချိန်မရှိပေ။ မျက်စိတစ်မှိတ်အတွင်း အနီရောင်မြူထုက နတ်ဆိုးတစ်ကောင်၏ ဆာလောင်မွတ်သိပ်နေသော ပါးစပ်ကြီးသဖွယ် သူ့ကို လွှမ်းခြုံလိုက်၏။ သူကား ကျန်မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများနှင့်အတူ ဝါးမြိုစားသုံးခံလိုက်ရလေပြီ။
တခဏကြာသော် မချိတင်ကဲ အော်သံများ လေတွင် ပျံ့လွင့်ဆူညံသွားသည်။
***