နောက်ဆုံးတိုက်ပွဲ
Vol. 56 Ch. 784
စစ်မျက်နှာခြောက်အပေါ်က တိုက်ပွဲ ရပ်သွားသောအခါမှနောက်ဆုံး တောင်ပိုင်းဒေသ၏စစ်ပွဲသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့သော် စစ်မှန်သောမုန်တိုင်းကြီး မတိုင်ခင် တည်ငြိမ်နေခြင်းသာ ဖြစ်ကြောင်း လူတိုင်း သိကြလေသည်။
မုန်တိုင်းက ရောက်လာတော့မည်။
နောက်ဆုံးသော အဆုံးအဖြတ်တိုက်ပွဲကား လာနေချေပြီ။
နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားမည့်တည်နေရာနှင့်ပတ်သက်၍ အမြင်များစွာအား တောင်ပိုင်းဒေသကျင့်ကြံသူအသီးသီးမှ ထုတ်ဖော်ပြောကြသည်။ တချို့က သွေးမိစ္ဆာဂိုဏ်းအပေါ်တွင် စိတ်ပိုင်းဖြတ်ထားသည်။ နေရာချနှင့်ပြီးသော မန္တန်ဝင်္ကပါများဖြင့်ဆိုလျှင် အချိန်ကုန်သက်သာလေမည်။ ထိုမျှသာမက တောင်ပိုင်းဒေသရှိ စစ်တိုက်ဖို့ အသင့်ဖြစ်နေသော ကျင့်ကြံသူများမှာ ဤနေရာတွင် စုရုံးနေပြီးဖြစ်၏။
တချို့ကတော့ အကောင်းဆုံးနေရာမှာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ တောင်ပိုင်းဒေသသို့ ကျူးကျော်ခြင်းစတင်ခဲ့သော နေရာဟု ခံစားကြရသည်။ ထိုသို့ပြုလုပ်ခြင်းက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ တောင်ပိုင်းဒေသ၏ကျန်နေရာများကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်စီးခြင်းအား ဟန့်တားနိုင်မည်။
အဆုံးသတ်တွင် ဆေးလုံးမိစ္ဆာ၊ ခေါင်းဆော်င်ကြီးစုန့်နှင့် ကျင်းဟန်ဂိုဏ်းချုပ်တို့အကုန်လုံး အချိန်သာ အရေးကြီးဆုံးဖြစ်ကြောင်း သဘောတူလိုက်ကြ၏။
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းအား ရွေးချယ်လိုက်ကြသည်။ ၎င်းသည် နဂါးငွေ့တန်းပင်လယ်မှ ဝေးသော်လည်း အနက်ရောင်နယ်မြေနှင့် အတော်လေးနီးကပ်လေရာ တောင်ပိုင်းဒေသ၏နယ်စပ်အပေါ်တွင် တည်ရှိသည်ဟု သတ်မှတ်၍ရသည်။ ဤရွေးချယ်မှုက ပိုင်နက်များစွာ ပေးအပ်ရမည်ဖြစ်သော်လည်း သူတို့အသက်ရှင်နေသေးသည့်နေ့ရက်တိုင်းသည် မြောက်ပိုင်းသဲကန္တာရ တောင်ပိုင်းဒေသကို အပြီးပိုင်အုပ်ချုပ်၍မရနိုင်စေမည့် နေရက်တစ်ရက်ဖြစ်၏။
ထိုမျှသာမက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် သွေးမိစ္ဆာဂိုဏ်းအထိ ခရီးနှင်လာရမည်ဖြစ်ရာ တောင်ပိုင်းဒေသကျင်ကြံသူများအတွင် ပြင်ဆင်ဖို့ အချိန်ပိုရသည်ဟု ဆိုလိုသည်။
ဆုံးဖြတ်ချက်ကို ဆေးလုံးမိစ္ဆာ၊ ခေါင်းဆောင်ကြီးစုန့်နှင့် ကျင်းဟန်ဂိုဏ်းချုပ်တို့မှ အတည်ပြုပြီးနောက် တောင်ပိုင်းဒေသ၏ စစ်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသော ကျင့်ကြံသူအကုန်လုံး စနစ်တကျစုစည်းလိုက်ကြသည်။ သူတို့၏အင်အားမှာ နှစ်သိန်းခန့်ရှိပြီး သွေးမိစ္ဆာဂိုဏ်းကို ဗဟိုပြုလျက် ခံစစ်မျက်နှာစာများစွာအဖြစ် ပိုင်းခြားလိုက်ကြသည်။
ထိုစဉ် ဆေးလုံးမိစ္ဆာနှင့် အခြားသူများသည် တောင်ပိုင်းဒေသတစ်ဝန်းရှိ ကျန်ဂိုဏ်းများနှင့်မျိုးနွယ်စုများထံမှ ရိက္ခာများ၊ ရတနာများ သွားရောက်စုဆောင်းကြလေသည်။ သူတို့သည် သူတို့၏ပတ်ပတ်လည်၌ အံ့မခန်းဖိအားကြီး သက်ရောက်နေစေသော မန္တန်ဝင်္ကပါစုစုပေါင်းဆယ်ခုကိုလည်း ခင်းလိုက်ကြ၏။
လေထုမှာ တင်းမာနေသည်။ တောင်ပိုင်းဒေသကျင့်ကြံသူအကုန်လုံးသည် အားပြန်ဖြည့်ဖို့၊ ကုသဖို့တွင် အာရုံစိုက်ထားကြ၏။ နောက်ဆုံးစစ်မြေပြင်ပေါ်ရှိ အရာအားလုံးမှာ တိတ်ဆိတ်နေလေသည်။
နောက်ဆုံးတိုက်ပွဲက အနိုင်အရှုံးကို ဆုံးဖြတ်ပေးလိမ့်မည်။ တောင်ပိုင်းဒေသ အနိုင်ရလျှင် သူတို့သည် အေးချမ်းသာယာသော ခေတ်သစ်ကို ကြိုဆိုနိုင်မည်။ အနားယူ၍ ပြန်လည်ဖွဲ့စည်းမှုများ လုပ်ဆောင်ပြီးနောက် သူတို့သည် လှပသောပန်းလေးတစ်ပွင့်သဖွယ် ယခင်ထက်ပို၍ အရောင်အဝါတောက်ပစွာ ပွင့်လန်းလာနိုင်မည်။
သို့သော် အကယ်၍များ ရှုံးသွားခဲ့လျှင် ...
တောင်ပိုင်းဒေသသည် မြောက်ပိုင်းသဲကန္တာရ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရလိမ့်မည်။ သူ၏ တာအိုဒေသနာများနှင့် အယူအဆများ ဖျက်စီးဖယ်ရှားခံရမည်။ ကျင့်ကြံသူအကုန်လုံး သုတ်သင်ခံရကာ တောင်ပိုင်းဒေသ၏အုတ်မြစ်အား ဆုံးရှုံးရပေမည်။ မြောက်ပိုင်းသဲကန္တာရ၏အုပ်ချုပ်မှုခံရပြီး နှစ်တွေကြာလျှင် တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သော တောင်ပိုင်းဒေသအား ဘယ်သူမှ မှတ်မိမည်ပင် မဟုတ်တော့ပေ။
ဤသည်မှာ အကုန်လုံးအတွက် တိုက်ပွဲဖြစ်သည်။
ရှင်မလား၊ သေမလား နှစ်ခုသာ ရှိ၏။ အညံ့ခံဖို့ ရွေးချယ်စရာမရှိ။
အစောပိုင်း ရက်အနည်းငယ်က မန်ဟိုသည် မကြာမီ နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားတော့မည့် သွေးမိစ္ဆာဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။ သူက ရှုချင်ကို ပွေ့လျက် နေထွက်နေဝင် စောင့်ကြည့်ခဲ့သော နေရာသို့ ပြန်သွားလေသည်။ သို့သော် ယခုတော့ မြေပေါ်ကျနေသည်ကား အရိပ်နှစ်ခုမဟုတ်တော့သည်မှလွဲ၍။ သူ့တစ်ယောက်တည်း၏အရိပ်မှတစ်ပါး အခြားမရှိတော့ပေ။
သူ၏ဆံပင်ဖြူဖြူများသည် လေတွင် မျောလွင့်နေပြီး သူ၏သွေးရောင်ဝတ်ရုံမှာ လှုပ်ယမ်းနေသည်။
သူ့မျက်နှာမှာ ဖျော့တော့သုန်မှုန်နေကာ သွေးပင်မရှိသည့်အလားပင်။ ၎င်းက သူ၏နီရဲနေသော ဝတ်ရုံနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။ သို့သော် သူ၏မျက်လုံးများက နက်မှောင်မှုကို ထုတ်လွှတ်နေသည်။
သူ့ကို ကြည့်လိုက်သည့် မည်သူမဆို သူ၏ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ် ချီနှင့်သွေးစွမ်းအားပါရှိနေသည့်အလား သက်ဝင်လှုပ်ရှားနေသော ခံစားချက်ကို ရရှိပေမည်။ သူ့ကို လှည့်ပတ်ဝန်းရံရင်း စူးစူးဝါးဝါး အော်နေသော ဝိညာဉ်တစ်သိန်းကျော်ကို မြင်သည်ဆိုရုံကလေး မြင်ရလိမ့်မည်။ ၎င်းတို့သည် အဆုံးမရှိအောင် ပျံ့နှံ့လာပုံရပြီး ၎င်းတို၏အော်သံများက ချောက်ချားစရာကောင်း၏။
ကြည့်ရသရွေ့ ဤသည်မှာ မန်ဟို ဝါးမြိုဖျက်စီးခဲ့သော လူများဖြစ်သယောင်ပင်။ သူတို့သည် ဘဝပြန်ဝင်စားခြင်းသံသရာသို့ မဝင်ရောက်နိုင်ဘဲ သူ့ကို ထာဝရကပ်တွယ်နေကြပုံပေါ်သည်။
"ချင်အာ" မန်ဟိုက ရေရွတ်လိုက်သည်။ "မင်း အဆင်ပြေရဲ့လား..." သူ၏မျက်ဝန်းများသည် အေးစက်နေပြီး အထီးကျန်မှုက သူ၏အရှိန်အဝါကို ပို၍စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေစေသည်။
သွေးမင်းသာလျှိုမြောင်သို့ ကြည့်လိုက်သော မည်သူမဆို ၎င်းတွင် သွေးတို့၊ လျှို့ဝှက်ဆန်းကြယ်မှုတို့ ပြည့်နှက်နေသည့်အလား ခံစားရပေမည်။ မန်ဟို ရန်သူကျင့်ကြံသူများ၏ ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်များကို စုပ်ယူခဲ့သည်ဆိုသော သတင်းမှာ ပျံနှံ့နေခဲ့ပြီးဖြစ်သည်။ တောင်ပိုင်းဒေသရှိ ကျင့်ကြံသူအကုန်လုံးနီးပါး ၎င်းကို သိကြပြီး အများစုမှာ မျက်မြင်တွေ့ခဲ့ရဖူးလေသည်။
သူတို့၏နှလုံးသားအနက်ပိုင်းထဲတွင် မန်ဟို့အပေါ် ခံစားရသော လေးစားမြတ်နိုးမှုမှာ ယခုတော့ ကြောက်စိတ်တို့ စွက်ဖက်နေလေပြီ။
နောက်ဆုံးတော့ တောင်ပိုင်းဒေသသည် အနားယူပြီး မန္တန်ဝင်္ကပါများ အဆင်သင့်ပြင်ပြီးသွား၏။ ငါးရက်ကြာသွားသည် ....
နဂါးငွေ့တန်းပင်လယ်နှင့် ထိစပ်နေသော တောင်ပိုင်းဒေသ၏နယ်စပ်နားတွင် ပင်လယ်ရေများ ဖွေးဖွေးလှုပ်နေသည်။ ဧရာမလှိုင်းလုံးကြီးများ ရေပြင်တစ်လျှောက် ရိုက်ခတ်နေ၏။ တောင်ပိုင်းဒေသမှာ ရေအောက်မြုပ်တော့မည့်အလားပင်။ ရေပြင်ထက်ရှိ ရှင်သန်ခြင်းနှင်းပန်းတံတားအပေါ်တွင် အလင်းရောင်များ လင်းခနဲ လင်းခနဲ လက်နေ၏။ နေရာရွှေ့ပြောင်းခြင်းအား တရစပ် လုပ်ဆောင်လျက်ရှိပုံပင်။
မကြာမီ လူများ ပေါ်စပြုလာသည်။ သူတို့သည် တဖြေးဖြေး တံတားအပေါ်တွင် မျက်စိတစ်ဆုံး ပြည့်သိပ်ကြပ်လာ၏။
တောင်ကြီးနှစ်လုံးသဖွယ် ဧရာမဘီလူးကြီးနှစ်ကောင် ပေါ်လာသောအခါ ရှင်သန်ခြင်းနှင်းပန်းတံတားတစ်ခုလုံး တုန်ခါသွားသည်။ ဤဘီလူးများသည် ဒုတိယအသုတ်မှအကောင်များနှင့် ကွဲပြား၏။ ၎င်းတို့က ပို၍အင်အားကြီးမားပြီး ရွှေရောင်သံချပ်ကာများ ဝတ်ထားကြလေသည်။ သူတို့ထုတ်လွှတ်နေသော ဖိအားအား ရင်သပ်ရှုမောစရာကောင်း၏။
အံ့ဩဖွယ်ကောင်းစွာနှင့် ဤဘီလူးကြီးများသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟုတ်ဘဲ တာအိုရှာဖွေခြင်းအဆင့်နှင့် ယှဉ်နိုင်သည်။
တာအိုရှာဖွေခြင်းစဦးပိုင်းအဆင့်သာ ဖြစ်သော်လည်း ၎င်းတို့၏ကြီးမားသောကိုယ်လုံးကြီးကို ထည့်တွက်လျှင် အဆင့်တူသော မည်သည့်ကျင့်ကြံသူကိုမဆို နင်းချေပစ်နိုင်၏။ ထိုမျှသာမက ၎င်းတို့သည် ချပ်ဝတ်တန်ဆာများ ဝတ်ထားပြီး ဓားကြီးများအား ကျောတွင် လွယ်ထားရာ ၎င်းတို့ကို ပို၍ပင် ကြောက်စရာကောင်းသွားစေသည်။
ဘီလူးကြီးနှစ်ကောင်၏အနောက်တွင် မြစိမ်းရောင်မြူပုံသဏ္ဌာန်ရှိသော ကြောက်စရာကောင်းလောက်အောင် အန္တရာယ်များမည့် သေခြင်းအရှိန်အဝါရှိသည်။ မြူအနားဝန်းကျင်ရှိ ပင်လယ်ပြင်၌ မျောနေသော ပင်လယ်သတ္တဝါအသေကောင်များအား မရေမတွက်နိုင်အောင် မြင်ရ၏။
မြူထဲတွင် နှစ်တစ်သောင်းသက်တမ်းနှင့် တစ္ဆေသုံးကောင်ရှိသည်။
တစ္ဆေအားလုံးက တာအိုရှာဖွေခြင်းအဆင့်နှင့် ဆင်တူသော အငွေ့အသက်များကို ထုတ်လွှတ်၍ စူးစူးဝါးဝါး အော်ရင်း မြူထဲ၌ လှည့်ပတ်သွားလာနေကြသည်။
ဤအရာများအပြင် ပင်မတပ်ဖွဲ့အား ဖွဲ့စည်းထားသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူသိန်းချီရှိသည်။ သူတို့သည် ရှင်သန်ခြင်းနှင်းပန်းတံတားအပေါ်တွင် ပြွတ်သိပ်ကြပ်နေပြီး သူတို့ကို မြင်လိုက်သည့် မည်သူမဆို ကျိန်းသေ ပါးစပ်အဟောင်းသား ဖြစ်သွားရလိမ့်မည်။
သို့သော် မျက်စိအဖမ်းစားဆုံးမှာ တပ်ဖွဲ့၏အမြီးနား၌ မြင်ရသော အရာပင်။
၎င်းသည် မီတာသုံးရာတိတိ မြင့်မားသော ဧရာမသံလှောင်အိမ်ကြီးဖြစ်သည်။ ၎င်းကို မရေမတွက်နိုင်သော သံကြိုးများဖြင့် ရှေ့သို့ ဆွဲနေကြပြီး အတွင်းထဲ၌ ထိုင်နေသည်မှာ မျက်လုံးနီနီကြီးများ ရှိသော မျောက်တစ်ကောင်ဖြစ်သည်။ ၎င်းကို မှော်သင်္ကေတအမြောက်အမြား ဖုံးလွှမ်းနေပြီး လှောင်အိမ်ထဲတွင် အသက်ပြင်းပြင်းရှူရင်း မလှုပ်မယှက် ထိုင်နေ၏။
တပ်ဖွဲ့၏ ရှေ့တန်းတွင်တော့ အံ့မခန်း အရှိန်အဝါများ ထုတ်လွှတ်နေသော လူသုံးယောက်ရှိသည်။ သူတို့သည် တောင်ပိုင်းဒေသကို အေးစက်စွာ လှမ်းကြည့်ရင်း လေလယ်တွင် ပျံဝဲနေကြ၏။
ဤသုံးယောက်၏အလယ်တွင် ဆံပင်နီကြောင်ကြောင်နှင့် မျက်နှာနီနီ အဘိုးကြီးတစ်ဦးရှိသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော ဖိအားတစ်ခုက သူထံမှ ပျံ့လွင့်နေသည်။ သူ့ကို မရေမတွက်နိုင်သော မိုးကြိုးတန်းများက ဝန်းရံထားသည်။ အဆိုပါမိုးကြိုးတန်းများက အတူတကွပေါင်းစည်း၍ .... နဂါးအစစ်များကို ဖန်တီးထားသယောင်ပင်။
သင် ဆက်ကြည့်နေလျှင် နဂါးအစစ်များက တက်ညီလက်ညီ လှည့်ပတ်ရင်း လုံးဝ ကွဲထွက်နေသော ... အသေးစားဒယ်အိုးလေးတစ်လုံးကို ဖော်ဆောင်နေသည်အား မြင်ရပေမည်။
မန်ဟိုသာ ဤနေရာတွင် ရှိလျှင် ... ဤဒယ်အိုးသည် သူ၏မိုးကြိုးဒယ်အိုးနှင့် ဆင်တူကြောင်း ချက်ချင်း ပြောနိုင်လိမ့်မည်။ သို့သော် ဤဒယ်အိုး၏အပေါ်တွင် ... ၎င်းကို ရစ်ပတ်နေသော မိုးကြိုးများနှင့် နဂါးတစ်ကောင်အား ရေးထွင်းထား၏။
ပျံဝဲနေသော အဘိုးကြီးသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်စွမ်းအားကို ထုတ်လွှတ်နေကြောင်း ထင်ရှားသည်။ သို့ထိတိုင် သူ ပေးစွမ်းနေသော ခံစားချက်က မန်ဟို့အတုအယောင်အင်မော်တယ်နှင့် အလားတူသည်။
ထပ်မံ၍ စစ်ဆေးကြည့်ပါလျှင် သူ၏အရှိန်အဝါသည် ပို၍ပင်ရှေးဆန်ကြောင်း တွေ့ရပေမည်။
သူသည် အစစ်အမှန်အင်မော်တယ်နှင့် အတုအယောင်အင်မော်တယ်အကြားရှိ အရှိန်အဝါကို ပိုင်ဆိုင်ထားသယောင်ပင်။
ဤအဘိုးကြီးသည် မြောက်ပိုင်းသဲကန္တာရတစ်ခုလုံးတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ အင်ပါယာသွေးဆက်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်၏။
သူ့၏ဘေးတစ်ဖက်တစ်ချက်စီတွင် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်ရှိသည်။ အမျိုးသားသည် ဖီးနစ်ကဲ့သို့ မျက်ဝန်းများ၊ လေသဖွယ် ပျော့ပျောင်းသော ကိုယ်လုံးနှင့် နူးနူးညံ့ညံ့ နွဲ့နွဲ့နှောင်းနှောင်းဖြစ်၏။ သို့ရာတွင် သူ၏မျက်ဝန်းများ၌ ကျမ်းစာများ ရွတ်ဖတ်ရင်း တင်ပျဉ်ခွေထိုင်နေသော အင်မော်တယ်နတ်နှစ်ပါး၏ ပုံရိပ်အား မြင်ရပေမည်။ ထိုအမျိုးသား၏ အကြည့်လေးတစ်ချက်က သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။
သူလည်း အတုအယောင်အင်မော်တယ်၏အငွေ့အသက်နှင့် တူသလို၊ မတူသလိုရှိသော ထူးဆန်းသည့် အငွေ့အသက်ဖြင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဖြစ်သည်။
အခြားတစ်ဖက်တွင် အမျိုးသမီးသည် တစ်စက်မှ မလှပေ။ သူမမျက်နှာအပေါ်တွင် တွ့န်လိမ်ရွတ်တွပြီး အရုပ်ဆိုးသော မွေးရာပါအမှတ်မည်းမည်းကြီး ရှိ၏။ ထိုမျှသာမက သူမခန္ဓာကိုယ်သည် တင့်တယ်ကြောရှင်းခြင်းမရှိသည့်အပြင် အလွန်ဝတုတ်နေသည်။
သူမလည်ပင်းတွင် ရစ်ပတ်နေသည်မှာတော့ လျှာနှစ်ခွအား ပြူတစ်ပြူတစ်ထုတ်နေသော ကြက်သွေးရောင်မြွေတစ်ကောင်ဖြစ်သည်။ ၎င်း၏မျက်လုံးများသည် တင်းမာနေပြီး အနီးကပ်ကြည့်လျှင် မြွေမှာ ရုပ်ခန္ဓာကိုယ်အစစ်မရှိဘဲ အံ့ဩဖွယ်ကောင်းစွာနှင့် မရေမတွက်နိုင်သော ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်ရပေမည်။
ဤသည်မှာ မြောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူတတိယအသုတ်တပ်ဖွဲ့၊ နောက်ဆုံးအသုတ်လည်း ဖြစ်သလို အင်အားအကြီးဆုံးလည်းဖြစ်သည်။
သူတို့ တောင်ပိုင်းဒေသ၏နယ်စပ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် အလင်းတန်းသုံးတန်းက သူတို့ဆီ ကမန်းကတန်း ရောက်ချလာသည်။ ၎င်းတို့သည် မန်ဟို့ကြောင့် ထွက်ပြေးသွားခဲ့သော မြောက်ပိုင်းသဲကန္တာရခေါင်းဆောင်ကြီးသုံးဦးဖြစ်၏။
သူတို့ပါ ပေါင်းလိုက်လျှင် တတိယအသုတ်ရှိ တာအိုရှာဖွေခြင်းအထွပ်အထိပ်အဆင့်ပညာရှင်အရေအတွက်သည် ခြောက်ဦးသို့ တိုးသွားလိမ့်မည်။
ထို့အပြင် ဘီလူးကြီးနှစ်ကောင်နှင့် တစ္ဆေသုံးကောင်လည်း ရှိသေးသည်။ ဤမြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ဖွဲ့သည် မယုံနိုင်လောက်အောင် အင်အားကြီးမားချေ၏။
အသစ်ရောက်ရှိလာသူ သုံးယောက်က ဘာမှမပြောပေ။ သူတို့က အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်နှင့် ကျန်နှစ်ယောက်ထံသို့ ကျောက်စိမ်းပြားများ ပစ်ပေးကာ စစ်ဆေးကြည့်ရှုစေလိုက်သည်။ သူတို့၏အမူအရာများ ပြောင်းလဲမသွားသော်လည်း လေးနက်သောအရိပ်အယောင်များအား သူတို့၏မျက်လုံးများတွင် မြင်ရနိုင်လေသည်။
ကျင့်ကြံသူခြောက်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် စကားများ ပေးပို့လိုက်ကြသည်။
"မန်ဟို..."
"မင်းပို့ထားတဲ့ သူနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ငါ ဖတ်ပြီးပြီ... ကြည့်ရသလောက် မန်ဟိုက ငါတို့မြောက်ပိုင်းသဲကန္တာရ တောင်ပိုင်းဒေသကို ကျူးကျော်တဲ့စစ်ပွဲအတွက် အတားအဆီးကြီးတစ်ခု ဖြစ်နေပုံပဲ"
"သူ့မှာ တာအိုရှာဖွေခြင်းအထွပ်အထိပ်အဆင့် ကိုယ်ပွားရှိတယ်။ သူ့ကိုယ်အစစ်က အသက်စွမ်းအား၊ ချီ၊ သွေး ၊ ကျင့်ကြံခြင်းအခြေခံနဲ့ ဝိညာဉ်တွေကို စုပ်ယူနိုင်တယ်..."
"ကျွန်မတို့ သူ့ကို သုတ်သင်မှ ဖြစ်မယ်။ သူမရှိရင် တောင်ပိုင်းဒေသက အေးဆေးဖယ်ရှားလို့ရတယ်"
တခဏကြာသော် သူတို့၏တလက်လက် တောက်ပနေသော အကြည့်များသည် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်အပေါ် ကျရောက်လာ၏။
မိုးကြိုးတို့က သူ၏ပတ်ပတ်လည်တွင် ကခုန်နေပြီး သူ၏ပိတ်ထားသော မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ သူသည် ပထဆုံးအကြိမ် စကားပြောလိုက်ပြီး သူ့၏ခပ်အက်အက်အသံက ထူးဆန်းသောစွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေသည်။
"သူ့ကို ရင်ဆိုင်ဖို့ ဘိုးဘေးကျောက်ဆင်းရုပ်တုတော်ကို ငါ သုံးခွင့်ပြုတယ်"
ကျန်ငါးယောက်က ခေါင်းညိတ်တုံ့ပြန်လိုက်ကြသည်။ ထပ်မံဆွေးနွေးစရာမရှိတော့ပေ။ အချိန်အနည်းငယ်ကြာသော် တတိယအသုတ်သည် ရှင်သန်ခြင်းနှင်းပန်းတံတားမှ ထွက်ခွာ၍ တောင်ပိုင်းဒေသသို့ ဝင်ရောက်သွားလေပြီ။
ထိုအခိုက်အတန့်တွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာသည်။ သူတို့က အနက်ရောင်တိမ်တိုက်ကြီးသဖွယ် လေကို ခွင်းသွားကြသဖြင့် ကောင်းကင်မှာ မှောက်မိုက်သွားလေသည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူက အေးစက်စက် နှာမှုတ်ပြီး လက်ကို ဆန့်တန်းကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သဖြင့် သူ့ကို ဝန်းရံနေသော လျှပ်စီးမိုးကြိုးများ လင်းလက်သွား၏။ ချက်ချင်းပင် အလင်းတန်းတစ်တန်း ကောင်းကင်သို့ ထိုးတက်သွားလေသည်။
လေထုသည် ပုံပျက်သွားပြီးနောက် အပေါ်တွင် ကြည်လဲ့နေသော လက်သီးဆုပ်အရွယ် မျက်လုံးတစ်လုံးပေါ်လာသည်။ မိုးကြိုးက ၎င်းကို ဝင်တိုက်၍ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။
"တောင်ပိုင်းဒေသကျင့်ကြံသူတွေ ငါတို့ ရောက်နေတာ သိသွားပြီ" အဘိုးကြီးက ပြောသည်။ "အမြန်ဆုံးသွားကြ။ ငါတို့ ဒီတိုက်ပွဲကို တစ်ချက်တည်းနဲ့ မြန်မြန် အဆုံးသတ်ရမယ်" တုံ့ပြန်သည့်အနေဖြင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများက ညာသံပေး၍ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချီတက်သွားကြလေသည်။
ကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ တဝေါဝေါ တိုက်ခတ်လာသည်။ အောက်တွင် ကမ္ဘာမြေကြီးသည် သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒကြောင့် ယိမ်းထိုးတုန်ခါနေချေပြီ။
သွေးမိစ္ဆာဂိုဏ်း၏အပြင်တွင် ခေါင်းဆောင်ကြီးစုန့် မျက်နှာရိပ်ခနဲဖြစ်သွားပြီး မျက်လုံးများ ပွင့်လာသည်။
"သူတို့ရောက်လာပြီ" သူက ပြောသည်။ "မိုးကြိုးတွေ ခြံရံနေတဲ့ အဘိုးကြီးတစ်ယောက်ပါတယ်။ မြောက်ပိုင်းသဲကန္တာရရဲ့ အစွမ်းထက်ဆုံးပုဂ္ဂိုလ် အင်ပါယာသွေးဆက်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ဖို့များတယ်။ သူ့ကျင့်ကြံခြင်းအခြေခံက တကယ်လက်ဖျားခါလောက်စရာပဲ။ ငါ့ရဲ့ ဆန်းကြယ်နိမိတ်မျက်လုံးကိုတောင် သတိထားမိတယ်
"အလွန်ဆုံး သုံးရက်အတွင်း သူတို့ရောက်လာလိမ့်မယ်"
ဆေးလုံးမိစ္ဆာနှင့် ကျင်းဟန်ဂိုဏ်းချုပ်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ယောက် မျက်လုံးထဲရှိ နက်နဲသောအလင်းရောင်ကို တစ်ယောက်မြင်လျှင် စိုးရိမ်သောကတို့ကို ချုပ်တည်းပြီး ထရပ်လိုက်ကြသည်။
"သတင်းဖြန့်လိုက်။ နောက်ဆုံးတိုက်ပွဲစတော့မယ်"
***