← Chapters

တစ္ဆေများကို ချေမှုန်းခြင်း

Vol. 56 Ch. 786

တစ္ဆေများကို ချေမှုန်းခြင်း

Vol. 56 Ch. 786

မန်ဟိုသည် စကားတစ်ခွန်းမဆို၊ အသံတစ်သံမထွက်ဘဲ ပေါ်လာ၏။ တိုက်ပွဲရှိ လူတော်တော်များများမှာ သူ၏ ရုတ်တရက် ပေါ်လာမှုကို သတိထားမိမည်မဟုတ်ပေ။ သတိထားမိသူ အနည်းအကျဉ်းထဲမှ တစ်ယောက်ကတော့ လေလယ်ရှိ မြောက်ပိုင်းသဲကန္တာရမှ နံပါတ်တစ်အစွမ်းထက်ဆုံးပညာရှင် အင်ပါသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။

မန်ဟိုသည် မန္တန်ဝင်္ကပါ၏အပြင်နားလေးတွင် အနီရောင်ခြယ်မှုန်းလျက်၊ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပေါ်လာခဲ့၏။ သူကား သွေးတို့ကင်းမဲ့နေသယောင်ပင်။ သူက ညာလက်တွင် လျှပ်စီး တဝင်းဝင်း လက်နေသော မိုးကြိုးဒယ်အိုးကို ကိုင်ရင်း ရုတ်တရက် ‌ပျောက်ကွယ်သွားသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် ပြန်ပေါ်လာသောအခါ သူသည် ဆံပင်စုတ်ဖွားနှင့် ခပ်ထွားထွား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ခံနေရသဖြင့် မျှော်လင့်ချက်မဲ့နေသော တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်၏နေရာတွင် ဖြစ်နေခဲ့လေပြီ။

တောင်ပိုင်းဒေသကျင့်ကြံသူမှာ မူလက သေတော့မည်ဟု ထင်ခဲ့ပြီး ခန္ဓာဖောက်ခွဲဖို့ ပြင်နေခဲ့သည်။ ထို့နောက် သူ၏အမြင်အာရုံဝေဝါးသွားပြီး မန်ဟိုနှင့် နေရာလဲသွား၏။ သူ၏စိတ်ထဲတွင် အံ့ဩခြင်းတို့ ပြည့်နှက်နေသည့်အချိန်မှာပင် မန်ဟိုကား ဆံပင်စုတ်ဖွားနှင့် ခပ်ထွားထွားကျင့်ကြံသူအရှေ့တွင် ပြန်ပေါ်လာသည်။

ခပ်ထွားထွားကျင့်ကြံသူမှာ လက်ကို ထုတ်ခဲ့နှင့်ပြီးဖြစ်သည်။ မန်ဟိုကို မြင်သောအခါ သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူငယ်အိမ်များ ကျုံ့သွား၏။ သူ့မှာ အထိတ်တလန့်နှင့် နောက်ဆုတ်တော့သည့်အချိန် မန်ဟိုက သရဲသဖွယ် ရှေ့တက်လာပြီး ခပ်ထွားထွားကျင့်ကြံသူ၏လက်မောင်းကို လှမ်းထိလိုက်သည်။

လူထွားကြီးမှာ သူ၏လက်မောင်း လျင်မြန်စွာ ခြောက်သွေ့သွားသဖြင့် စူးစူးဝါးဝါး အော်လိုက်လေသည်။ သူ့အပေါ် အသုံးပြုခံနေရသော ပညာရပ်သည် သူ၏ချီနှင့်သွေးတို့ကို အငမ်းမရ စုပ်ယူနေသော ‌တွင်းနက်ကြီးတစ်တွင်း အလားပင်။ မျက်စိတစ်မှိတ်အတွင်း သူ၏ကြီးမားသောကိုယ်လုံးကြီးမှာ အရိုးအရေထက် မပိုလေတော့။ သူ၏ကျင့်ကြံခြင်းအခြေခံ ပျောက်ဆုံးသွားပြီး ဝိညာဉ်မှာ စုပ်ယူခြင်းခံလိုက်ရသည်။ အနီရောင်မြူများ မန်ဟို့ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်သွားစဉ် သူ၏ခန္ဓာကိုယ်သည် တစစပြိုကွဲသွား၏။

မန်ဟိုက ရပ်ပင် မရပ်ပေ။ လူထွားကြီးအား ထမင်းစားရေသောက်သဖွယ် သတ်ပြီးနောက် မိုးကြိုးဒယ်အိုးကား လင်းခနဲ လက်သွားပြန်ပြီး တောင်ပိုင်းဒေသကျင့်ကြံသူများကြားထဲ ထိုးဖောက်သတ်ဖြတ်နေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦး၏အရှေ့တွင် ပြန်ပေါ်လာသည်။

အဘိုးကြီး၏ ဦးရေပြားတို့ ထုံကျင်သွားသည်။ မန်ဟို လူထွားကြီးကို သတ်ခဲ့သော အမြန်နှုန်းမှာ သူ့အတွက် တုံ့ပြန်ရန်ပင် အချိန်မရှိသည်အထိ ဖြစ်သည်။ သူ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေစဉ် မန်ဟိုက သူ့အရှေ့တွင် ပေါ်လာခဲ့လေပြီ။

မန်ဟို၏ ပဟေဠိဆန်သော မျက်နှာတွင် သွေးတစ်စက်မှ မရှိသလို၊ လျှို့ဝှက်နက်ရှိုင်းသော အနက်ရောင်အလင်းက သူ၏မျက်လုံးများတွင် ပြည့်နှက်နေသည်။ အဘိုးကြီးမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေလေပြီ။

"မလုပ်နဲ့"

သူထွက်ပြေးတော့မည့်အချိန် မန်ဟိုက သူ့ငယ်ထိပ်ပေါ် လက်လှမ်းတက်လိုက်သည်။ အဘိုးကြီးမှာ ငယ်ထိပ်မှတစ်ဆင့် မန်ဟို့လက်ထဲသို့ စုပ်ယူခံနေရ၍ တစ်ကိုယ်လုံးခြောက်သွေ့နေရာ မချိတင်ကဲ အော်ဟစ်နေတော့သည်။

ဤအခြင်းအရာအားလုံးမှာ မီးတစ်ခတ်စာလေးအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မန်ဟိုသည် ယခုလေးတင် ပေါ်လာခဲ့ပြီး လူနှစ်ယောက် သတ်ခဲ့ပြီးလေပြီ။ ဖြစ်ပျက်သွားသောအမြန်နှုန်းမှာ စောင့်ကြည့်နေသူများကို အံ့အားသင့်သွားစေသည်။

မန်ဟို ယခု ကယ်တင်ခဲ့သော လူတစ်ဆုပ်မှစ၍ တောင်ပိုင်းဒေသကျင့်ကြံသူများမှာ သူ့နာမည်ကို စတင်ရေရွတ်ကြတော့သည်။

"သခင်ကြီးမန်ဟို"

“သခင်ကြီးမန်ဟို"

“သခင်ကြီးမန်ဟို" တောင်ပိုင်းဒေသကျင့်ကြံသူအားလုံး၏ စုပေါင်းအသံများ လိမ့်ထွက်လာသော အသံလှိုင်းကြီးတစ်လုံး ဖြစ်လာသည်။

မန်ဟိုက အနီရောင်အဝတ်စများ လှုပ်ရမ်းနေလျက်၊ ဆံပင်ဖြူတို့ လွင့်မျောနေလျက်၊ စွမ်းအင်တို့ တဖွေးဖွေး လှုပ်လျက် ရပ်နေသည်။

လေလယ်တွင် မြောက်ပိုင်းသဲကန္တာရ၏ နံပါတ်တစ်အစွမ်းထက်ဆုံးပညာရှင် ၊ အင်ပါယာသွေးဆက်မျိုးနွယ်ခေါင်းဆောင်သည် မျက်လုံးပြူးကြီးများဖြင့် ငုံ့ကြည့်နေ၏။

"ဒီကလေးတော့ သေချင်နေတာပဲ" သူက ပြောသည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လျှပ်စီးတဝင်းဝင်းလက်နေသော မိုးကြိုးသိမ်းငှက်ကြီးတစ်ကောင်အသွင်ပြောင်းကာ မန်ဟို့ဆီ ထိုးဆင်းလာ၏။

မန်ဟိုက ထုံးစံအတိုင်း အေးစက်သော မျက်နှာထားဖြင့် မိုးကြိုးဒယ်အိုးကို လင်းခနဲ လက်သွားစေပြီး ပျောက်ကွယ်သွားပြန်သည်။ ‌

စစ်မြေပြင်ပေါ်ရှိ နောက်တစ်နေရာတွင် တစ္ဆေသုံးကောင်အနက်မှ အဘွားကြီးတစ်ယောက်နှင့် ဆင်သလိုလို ရှိသော တစ္ဆေ‌တစ်ကောင်ရှိသည်။ သူမသည် ကောက်ကျစ်စွာပြုံးရင်း တောင်ပိုင်းဒေသကျင့်ကြံသူတစ်ယောက်ကို ဆွဲ၍ ပါးစပ်ကြီးဟပြီး ထိုလူ့ခေါင်းကို ‌ကိုက်ချလိုက်လေသည်။ ဂျွတ်ခနဲ ကြက်သီးထစရာ အသံကြီးနှင့်အတူ ထိုလူ၏ဦးခေါင်းခွံသည် ပွင့်ထွက်သွားပြီး သူမက သူ၏ဝိညာဉ်ကို စုပ်ယူလိုက်သည်။

ဝူးဝူးဝါးဝါး အော်ဟစ်နေသောလူ အသက်ရှင်နေသေးသည့်အချိန် ထိုလူသည် ပျောက်ကွယ်သွားပြီး မန်ဟို၏အစားထိုးခြင်းခံလိုက်ရ၏။ အဘွားကြီးမျက်လုံးထဲရှိ အမှောင်ထုမှာ ဖျတ်ခနဲ လက်သွားပြီး သူမ၏စိတ်ဝိညာဉ်ကိုယ်က ပုံရိပ်ယောင်ဖြစ်သည့်အချက်ပေါ် အားကိုးရင်း မရပ်လိုက်ပေ။ သူမက သရဲမကြီးလို ရယ်ရင်း မန်ဟို့ကို ကိုက်ရန် ပါးစပ်ကြီးဟလာ၏။

"ကဲ" သူမက ပြောသည်။ "နင် နင့်ကိုယ်နင် လာအစားခံမှတော့ နင် ဘယ်လောက်သန်မာသလဲ ကြည့်ရသေးတာပေါ့"

သူမသည် သာမန်ကျင့်ကြံသူ၏ ဝိညာဉ်ကို အလွယ်တကူ စုပ်ယူနိုင်သော ပါးစပ်ကြီးကို ဟလိုက်သည်။ ပါးစပ်ကြီး နီးကပ်လာနေစဉ် မန်ဟို၏အမူအရာမှာတော့ အေးစက်နေ၏။ ဤအခိုက်အတန့်တွင် မန်ဟိုက သူ၏ပါးစပ်ကို ဟပြီး ရှိုက်သွင်းလိုက်သည်။

သူ ရှိုက်သွင်းလိုက်သဖြင့် အမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်ယင်လာသည်။ မယုံကြည်နိုင်လောက်အောင် သေစေနိုင်သော အန္တရာယ်အာရုံက သူမရင်ထဲတွင် ‌ထွက်ပေါ်လာပြီး သူမမှာ စူးစူးဝါးဝါး အော်တော့သည်။ သူမက မန်ဟို့ကို ချက်ချင်း လွှတ်ပြီး နောက်ဆုတ်သွား၏။

"သေစမ်း နင်က ကျင့်ကြံသူတောင် ဟုတ်ရဲ့လား။ ဘယ်လိုလုပ် သရဲကျင့်စဉ်ကို ကျင့်နိုင်တာလဲ"

အဘွားအို သိပ်ဝေးဝေး မဆုတ်နိုင်ခင် မန်ဟိုက ပို၍ပြင်းပြင်း ရှိုက်သွင်းလိုက်ရာ သူမခန္ဓာကိုယ် ပြိုကွဲသွားသည်။ ၎င်းသည် မန်ဟို၏ ပါးစပ်ထဲ ဝင်သွားသည့် မရေမတွက်နိုင်သော အလင်းစက်များအသွင်ပြောင်းသွား၏။

ထိုအလင်းစက်တစ်စက်အတွင်း၌ အမျိုးသမီး၏ပုံရိပ်ကို မြင်ရနိုင်သည်။ သူမ အသည်းအသန် အော်ဟစ်နေစဉ် မန်ဟိုက သူမကို မြိုချလိုက်၏။ သူ၏မျက်နှာမှာ တခဏ မည်းမှောင်သွားပြီး ဖြူဖျော့ဖျော့ အခြေအနေသို့ ပြန်ရောက်သွားသည်။ အနီးနားရှိ တစ္ဆေနှစ်ကောင်မှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြလေပြီ။

မန်ဟို့အနောက်တွင် အင်ပါယာသွေးဆက်မျိုးနွယ်ခေါင်းဆောင်သည် ဟိန်းဟောက်ရင်း ထိုးဆင်းလာ၏။ သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာရာ မျက်စိတစ်မှိတ်အတွင်း မန်ဟို့အပေါ် ရောက်လာခဲ့သည်။

မန်ဟို၏မျက်လုံးများတွင် အေးစက်မှုတို့ ဖြတ်ပြေးသွားသည်။ သူက ချာခနဲ လှည့်၍ လေထဲ ပျံတက်လိုက်သည်။ ထို့နောက် ဝှီးခနဲ မိုးကြိုးသိမ်းငှက်ကို ဝင်ကျုံးလိုက်၏။

ဘုန်း

လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များကိုပင် တုန်လှုပ်သွားစေသော နားကွဲလုမတတ် ပေါက်ကွဲသံကြီး ရိုက်ညောင်းလာသည်။ မိုးကြိုးသိမ်းငှက် ပြိုကွဲသွားသည့်အချိန်မှာပင် အိုမင်းရွတ်တွနေသော လက်ကြီးတစ်ဖက်က ထွက်လာကာ မန်ဟို့ကို ထိုးချလိုက်၏။

မန်ဟိုမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားသည်။ သူ နောက်ဆုတ်လိုက်ရစဉ် မိုးကြိုးဒယ်အိုးက လင်းခနဲ လက်သွားပြီး ‌အဝေးရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်နှင့် နေရာချင်းလဲသွား၏။ ယခုတွင် သူကား ‌ထွက်ပြေးနေသော တစ္ဆေတစ်ကောင်၏လမ်းကြောင်းတည့်တည့်သို့ ရောက်သွားလေပြီ။

အံ့ဖွယ်ကောင်းသည်ကား ဖြစ်ပျက်နေသော အရာအားလုံးမှာ မန်ဟို စီစဉ်ထားသည့်နှင့် ကွက်တိပင်။

သူသည် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ခုန်လိုက်၏။ သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ အနီရောင်မြူများ စတင်ထုတ်လွှတ်လာသည်။ မြူများသည် တစ္ဆေဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသော ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်သွားသည်။

တစ္ဆေမှာ မျက်နှာပျက်သွားပြီး အသံကုန်အော်ကာ နောက်ဆုတ်သွား၏။ သို့သော်လည်း အချည်းနှီးသာ။ ‌ဆိုင်ကလုန်းက ၎င်းကို ချက်ချင်း ဝါးမြိုကာ တစစီ စုတ်ဖြဲ၍ ၎င်း၏ခန္ဓာကိုယ်ရော၊ ဝိညာဉ်ကို သုတ်သင်ပစ်လိုက်သည်။ မန်ဟို ၎င်းကို စုပ်ယူလိုက်စဉ် သွေးမိစ္ဆာမဟာမှော်သိုင်း ပို၍သန့်စင်သွားကြောင်း ခံစားလိုက်ရ၏။

"နည်းနည်းပဲ လိုတော့တယ်" သူက နီရဲတောက်နေသော မျက်လုံးများဖြင့် တွေးလိုက်သည်။

‌နောက်ဆုံးတစ္ဆေမှာ ယခုတွင် အမှန်တကယ် ကြောက်လန့်နေလေပြီ။ မြောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ သောင်းကျန်းနေခဲ့ပြီးနောက် သူသည် ဖမ်းဆီး၍ တစ္ဆေအသွင်ပြောင်းခံခဲ့ရ၏။ အတိတ်တုန်းက သူ့မှာ အစွန်းထက်ပညာရှင်တစ်ဦးဖြစ်ခဲ့သော်လည်း ကျင့်စဉ်တစ်မျိုးကြောင့် ဝိညာဉ်များကို မတတ်သာဘဲ ဝါးမြိုခဲ့ရလေသည်။ သူ့အတွက် စိတ်စွမ်းအားတိုးဖို့ လူ့အသားကို စားခြင်းက ပုံမှန်လို ဖြစ်လာခဲ့သည်။

သို့သော် ဤသည်မှာ ... သူ့လို သရဲတစ္ဆေများကို စားသုံးနိုင်သော ကြောက်စရာဖြစ်တည်မှုမျိုးအား ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။

‌တစ္ဆေမှာ အထိတ်တလန့် နောက်ပျံသန်းသွားပြီး လေလယ်တွင် ပျံဝဲနေသော မြစိမ်းရောင်မြူနှင့် ပြန်ပေါင်းစည်းကာ ထွက်မလာရဲတော့ပေ။

အပေါ်တွင် ‌ရွှေတံခါးကြီးကို ထမ်းလျက်ရှိသော တောင်သဖွယ် ဘီလူးကြီးနှစ်ကောင်နှင့် ဧရာမသစ်ပင်ကြီးမှာ ယခုတွင် တောင်ပိုင်းဒေသ၏ မန္တန်ဝင်္ကပါများကို နောက်တစ်ဖန် တိုးဝှေ့ဝင်‌ဆောင့်နေ၏။

ခြောက်ခုမြောက်မန္တန်ဝင်္ကပါသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး ငါးခုမြောက်မှာ အက်ကွဲစပြုနေလေပြီ။

အောက်တွင် မြောက်ပိုင်းသဲကန္တာရ၏ နံပါတ်တစ်ပညာရှင် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က နောက်တစ်ကြိမ် လူပုံစံပြန်ပြောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ဝန်းရံလျက် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်နေသော လျှပ်စီးမိုးကြိုးများက သူ၏ကိုယ်ပိုင်မိုးကြိုးဒယ်အိုးကို ဖန်တီးလိုက်သည်။ သူက ရုတ်တရက် လက်မြှောက်၍ မန်ဟို့ဆီသို့ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။

မိုးကြိုးတန်းတစ်တန်းက သူ၏မိုးကြိုးဒယ်အိုးမှ ထွက်လာ၏။ ၎င်းသည် မည်းနက်နေပြီး လေကို ခွင်းလာစဉ် နဂါးတစ်ကောင်နှင့် တူလေသည်။

တစ်ချိန်တည်းမှာပင် အဘိုးကြီးသည် မီတာသုံးရာရှည်သော နဂါးကြီးတစ်ကောင်ပုံစံ ပြန်ပြောင်းလိုက်၏။ ဤသည်ကား သာမန်နဂါးမဟုတ်၊ မိုးကြိုးနဂါးပင်။

"ကမ္ဘာဦးမိုးကြိုးနဂါးအသွင်ပြောင်းခြင်း" အဘိုးကြီးက ကောင်းကင်ဘုံ၏စွမ်းအားကြီးသဖွယ် ဩဇာအပြည့်ဖြင့် အော်လိုက်သည်။ ရက်စက်ကြမ်းကြုတ်ပြီး ရှေးဆန်သောအရှိန်အဝါတစ်ခု ထွက်လာစဉ် သူ၏ ကမ္ဘာဦးမိုးကြိုးနဂါးခန္ဓာကိုယ်က မန်ဟို့ဆီ ပြေးဝင်သွား၏။

အဘိုးကြီးအတွက် ကံဆိုးစွာပင် ဤသည်မှာ ကမ္ဘာဦးမိုးကြိုးနဂါးအစစ်မဟုတ်ဘဲ ထိုကဲ့သို့ပုံသဏ္ဌာန်မျိုးလေးသာ ဖြစ်သည်။ သို့ထိတိုင် ၎င်းက လက်ဖျားခါရလောက်အောင် အစွမ်းထက်သေးသည်။

ပထမဆုံးအနေဖြင့် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ဤအဘိုးကြီးသည် အရုဏ်ဦးအင်မော်တယ်မှလွဲ၍ သူ ဆုံတွေ့ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်၏။

ဤလူက ဆန်းကြယ်မှုအရ အရုဏ်ဦးအင်မော်တယ်ကို မယှဥ်နိုင်သော်လည်း သူ့စွမ်းအင်၏ ဩဇာကြီးမားမှုက သူမထက်သာသည်။ အထူးသဖြင့် ရှေးကျသောအချိန်အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ဤကမ္ဘာဦးမိုးကြိုးနဂါးပင်။ ၎င်းမှာ ၎င်းကို လမ်းရှိ မည်သည့်အရာကိုမဆို သစ်ကိုင်းခြောက်များသဖွယ် နင်းခြေပစ်လိုသည့်အလား ရှူးရှူးရှားရှား ရန်လိုနေသောပုံစံရှိသည်။

"အဲ့ဒါ ဘာနဂါးမျိုးပါလိမ့်" မန်ဟိုက‌ တွေးရင်း ‌‌မျက်လုံးများ တဖျပ်ဖျပ် လက်လျက် နောက်ဆုတ်လိုက်သည်။ "စောစောက သူ့လက်ထဲက ဒယ်အိုးက ... ငါ့မိုးကြိုးဒယ်အိုးနဲ့ တော်တော်တူတယ်..." သူသည် အဝေးရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ဦးနှင့် နေရာလဲရင်း ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူမှာ မန်ဟို့နေရာတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးကြိုးကြောင့် တစစီ စုတ်ပြတ်သပ်သွားလေသည်။

"မင်း ထွက်ပြေးလို့မရဘူး" ကမ္ဘာဦးမိုးကြိုးနဂါးပုံစံနှင့် အဘိုးကြီးက ‌ဟိန်းဟောက်လိုက်သည်။ "ကမ္ဘာဦးမိုးကြိုးနဂါးရဲ့ လက်ချောင်းလေးတစ်ချောင်းကိုတောင် မြှောက်နိုင်တဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မိုးကြိုးအသွင်ပြောင်းခြင်း" သူ၏အမြန်နှုန်းသည် အဆများစွာ တိုးသွား၏။ သူကား မန်ဟို့ကို မိုးကြိုးဒယ်အိုးနှင့် ထွက်‌ပြေးဖို့ အခွင့်အရေး နောက်တစ်ကြိမ် ပေးတော့မည်မဟုတ်ပေ။

"ငါလည်း ပြေးဖို့ စိတ်ကူးမရှိပါဘူး" မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပလျက် ပြန်ပြောသည်။ "ဒီမိုးကြိုးနဂါးကတော့ ... ငါ လက်မြှောက်လိုက်ရင် ဘာဖြစ်မလဲ မင်းကို ပြမယ်" ကမ္ဘာဦးမိုးကြိုးနဂါး သူ့ဆီ ထိုးဆင်းလာစဉ် မန်ဟိုက လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်သည်။ ဝဲတစ်ခုပေါ်လာသည်။ ထိုဝဲကား မန်ဟိုကိုယ်တိုင်ဖြစ်၏။ ၎င်း ပြန့်ကားလာသည့်အခါ မရေမတွက်နိုင်သောဝိညာဉ်များက ခါးခါးသီးသီး အော်ရင်း သူ့ကို ဝန်းရံလျက်ရှိသည်။ သိန်းချီသော ဝိညာဉ်များက သူ၏ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ ၎င်းတို့က မိုးစက်များသဖွယ် ပျံသန်းလာရင်း ဧရာမခေါင်းကြီးတစ်လုံး၏ပုံသဏ္ဌာန်အဖြစ် အတူတကွ ပေါင်းစည်းသွား၏။

ဤခေါင်းသည် သွေး‌ရောင်ခေါင်းကြီးဖြစ်ပြီး နဖူးတွင် ချိုတစ်ချို ထိုးထွက်နေသည်။ ၎င်းက သွေးမိစ္ဆာတစ်ကောင်၏ ခေါင်းကြီးမှတစ်ပါး အခြားမဟုတ်ပေ။

နတ်ဘုရားစွမ်းရည်နှစ်ခု တစ်ခုကို တစ်ခု ဝင်မတိုက်ခင် မချိတင်ကဲ အော်သံကြီးတစ်သံ ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။

ပြီးခဲ့သော ရက်များတစ်လျှောက်လုံး ကျင်းဟန်ဂိုဏ်းချုပ်၏ ဒဏ်ရာများည် ဆေးလုံးမိစ္ဆာ ‌ဆေးလုံးများ ထုတ်ပေးနေခဲ့သည့်တိုင် မတည်မငြိမ် ဖြစ်နေခဲ့၏။ လောလောဆယ်တွင် သူ့မှာ ရူးသွပ်နေသော မျက်လုံးများဖြင့် နောက်ဆုတ်နေရလေသည်။

"ငါ့သက်တမ်းက အဆုံးကို ရောက်နေခဲ့ပြီးပြီ" သူက ပြောသည်။ "မကြာခင် ဘယ်လိုနေနေ ငါ သေတော့မှာပဲ။ အရင်တိုက်ပွဲတွေမှာ ငါ မသေခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက လီမျိုးနွယ်ခေါင်းဆောင်ကြီး ငါ့ကို ကယ်တင်ခဲ့လို့။ အခု ..... ငါ့အသက်ကို ဆုံးရှုံးရတော့မယ်‌ဆိုရင် တောင်ပိုင်းဒေသစစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သေဆုံးရတာ အလကားမဖြစ်ဘူး" သူက ဟိန်းဟောက်ပြီး အသက်စွမ်းအားမီးတောက်ကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ဟုန်းခနဲ တောက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူကား အထွတ်အထိပ်သို့ ယာယီ ရောက်ရှိသွားခဲ့လေပြီ။

သူ့ခြေထောက်များ မီးကျွမ်းလာပြီး သူ၏ခန္ဓာကိုယ်မှ လွင့်ပျယ်စပြုလာသည်။ ကြည့်ရသရွေ့ သူသည် သူ၏အသက်စွမ်းအားအကုန်လုံးကို သူ့တစ်ဘဝလုံး၏ နောက်ဆုံးသောဓား၊ တားမြစ်ထားသော ဓားကျင့်စဉ်အဖြစ် ပြောင်းလဲပစ်နေသယောင်ပင်။

"ကျင်းဟန်အင်မော်တယ်သတ်ဖြတ်ခြင်း"

ကောင်းကင်နှင့် မြေကြီးကို ဖျက်စီးပစ်နိုင်သော စွမ်းအားကြီးတစ်ရပ်က ထစ်ချုန်းထွက်ပေါ်လာသည်။

‌ဓား၏ရွှေအလင်းရောင်က ကောင်းကင်ဘုံအထိ တောက်ပသွားပြီး ဝတ်ရုံနက်သွေးစုပ်ဖုတ်ကောင်အဘိုးကြီးထံ ရောက်သွားရန် တခဏသာ ကြာလိုက်သည်။ ထိုလူမှာ ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ ဓား ဖြတ်သွားသာအခါ သူ၏ခေါင်းပြတ်ကြီးက မြေကြီးအပေါ် ကျလာသည်။

ကျင်းဟန်ဂိုဏ်းချုပ်သည် နောက်ဆုံးသော ဓားအသွင်ကို ထုတ်ဖော်ပြီးနောက် လုံး‌မှေးမှိန်သွားတော့၏။ သူ၏ဝိညာဉ်မှာ လွင့်ပါးလာပြီး ဘဝပြန်ဝင်စားခြင်းသံသရာသို့ ဝင်ရောက်နိုင်တော့မည့်ပုံမရပေ။

"ဂိုဏ်းးးးချုပ်" အောက်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများအကြားမှ ကျင်းဟန်ဂိုဏ်းသားအကုန်လုံး ပူဆွေးသောက၊ အမျက်ဒေါသတို့ဖြင့် ပြည့်နှက်သွားသည်။

"ငါ ပြန်ပြင်ချင်တဲ့ အမှားတစ်ခုကို ပြောရမယ်ဆိုရင် ယီးကျန့်ဂိုဏ်းနဲ့ပေါင်းပြီး သွေးမိစ္ဆာဂိုဏ်းကို တိုက်ခဲ့တာ ဖြစ်မယ်။ အဲ့ဒါ ငါ့ဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှ အမှားတွေထဲ အကြီးဆုံးအမှားပဲ။ သိန်းချီတဲ့ ကျင့်ကြံသူတွေဟာ အဲ့ဒီစစ်ပွဲမှာ အကြောင်းမဲ့ သေဆုံးခဲ့ရတယ်။ ‌ရောင်ရင်းသွေးမိစ္ဆာလည်း နိုးထမလာနိုင်တဲ့အထိ ... ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်

"အဲ့ဒီအတွက်ကြောင့်သာ မဟုတ်ရင် ဘာမဟုတ်တဲ့‌ မြောက်ပိုင်းသဲကန္တာရက တောင်ပိုင်းဒေသကို ကျူးကျော်လာရဲတဲ့အထိ မာန်တက်နေမှာမဟုတ်ဘူး" ကျင်းဟန်ဂိုဏ်းချုပ်၏မျက်လုံးများတွင် နောင်တအား မြင်ရနိုင်သည်။ နောက်ဆုံးတော့ သူကား ဖုန်မှုန့်များထက် မပိုတော့ဘဲ တောင်ပိုင်း‌ဒေသမှ ပျောက်ကွယ်သွားလေပြီ။

***

All Chapters