← Chapters

နေတစ်စင်း၏ ထွန်းတောက်ခြင်း

Vol. 57 Ch. 787

နေတစ်စင်း၏ ထွန်းတောက်ခြင်း

Vol. 57 Ch. 787

သွေးမိစ္ဆာဂိုဏ်းကို တိုက်စစ်ဆင်ခဲ့သော ‌အင်အားစုလေးစု၏ အစွမ်းထက်ပညာရှင်များအနက် ယီးကျန့်ဂိုဏ်းချုပ်သည် တိုက်ပွဲတွင် ကြွေလွင့်သွားခဲ့သလို ချင်းလော်ဂိုဏ်းချုပ်လည်း ထိုနည်းတူပင်။   ယခုအခါ ကျင်းဟန်ဂိုဏ်းချုပ်မှာ သူ၏အသက်စွမ်းအားကို မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အား ဇီဝိန်ချုပ်လိုက်သည့် ဓားတစ်လက်အသွင်ပြောင်းလဲ၍ ပြာကျသွားခဲ့လေပြီ။

သူ့အတွက် သွေးမိစ္ဆာဂိုဏ်းနှင့်စစ်သာ မဖြစ်ခဲ့လျှင် ‌တောင်ပိုင်းဒေသသည် လက်ရှိအချိန်တွင် များစွာ အင်အားတောင့်တင်းနေမည်ဖြစ်၏။ ‌မြောက်ပိုင်းသဲကန္တာရတွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် (၁၁)ဦး ရှိပါသော်ငြား တောင်ပိုင်းဒေသသို့ တပ်သားများ စေလွှတ်ရဲဦးမည်မဟုတ်ပေ။

ထိပ်သီးဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုတွင် မြောက်မြားသော တာအိုအရင်းအမြစ်များရှိသည်မဟုတ်ပါလော။ သူတို့တွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် (၈)ဦးသာ ရှိပါသော်လည်း အခြားတာအိုရှာဖွေခြင်းအဆင့်ပညာရှင်များစွာ ရှိသေးချေသည်။

ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီး၏ အဖိုးထိုက်ရတနာများကို ထည့်ပေါင်းလိုက်လျှင်တော့ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအား ကျူးကျော်လာသည့်အတွက် ‌ကြီးလေးသောအဖိုးအခကို ပေးဆပ်ခိုင်းစေဖို့ လုံလောက်သည်ထက် ပိုလေသည်။

သို့စေကာမူ .... ထိုအရာအားလုံးကား လက်တွေ့မကျသော ဆုတောင်းများသာ ဖြစ်ခဲ့‌ချေပြီ။

“ဂိုဏ်းးးးးးချုပ်” အောက်ရှိ ‌ကျင်းဟန်ဂိုဏ်းသားများမှာ ဆောက်တည်ရာမဲ့စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ဂိုဏ်းချုပ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရစဥ် သူတို့၏စိတ်ထဲတွင် ဖြည်မဆည်နိုင်မှုတို့ ပြည့်နှက်နေတော့သည်။

ကျင်းဟန်ဂိုဏ်းချုပ်မှာ သူ၏အတိတ်က ကျုးလွန်ခဲ့သော အမှားများအတွက် စတေးခံသွားခြင်းဖြစ်သည်။

ယခုတွင် မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့များအကြား တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးဦးသာ ကျန်တော့၏။ ကံဆိုးစွာနှင့် တောင်ပိုင်းဒေသတွင်တော့ အချိန်နှင့်အမျှ အားနည်းလာနေသော ‌ခေါင်းဆောင်ကြီးစုန့်၊ ဆေးလုံးမိစ္ဆာနှင့် မန်ဟို၏ဒုတိယအစစ်အမှန်ကိုယ်သာ ရှိတော့သည်။

သုံးယောက် - လေးယောက် ပြိုင်ဆိုင်မှုဖြစ်သည်။

တဂျိန်းဂျိန်း ထစ်ချုန်းနေပြီး အညှာအတာမရှိသော တိုက်ပွဲကား အောက်တွင် ဆက်လက်ဖြစ်ပွားနေသည်။ ကောင်းကင်နှင့်မြေကြီးတွင် အရိပ်များ စိုးမိုးနေပြီး တိမ်တိုက်များ တလိပ်လိပ် ထလျက်ရှိသည်။ မချိတင်ကဲအော်သံများနှင့်အတူ မှော်သိုင်းကွက်အပေါင်း၏ ပေါက်ကွဲသံများက လေတွင် ‌လွင့်မျောနေ၏။ ဤအရာအားလုံးသည် မိုးခြိမ်းသံသဖွယ် လောကတစ်ခွင် ပဲ့တင်ထပ်နေသော အသုဘခေါင်းလောင်းသံမျိုးအဖြစ် ပြောင်းလဲသွားသည်။ ကြီးမားနက်ရှိုင်းသော သွေးမြစ်တို့က တသွင်သွင် စီးဆင်းနေသည်။

‌အောက်တွင် မြောက်ပိုင်းသဲကန္တာရ၏ နံပါတ်တစ်အစွမ်းထက်ဆုံးပုဂ္ဂိုလ် ၊ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်သည်  ကမ္ဘာဦးမိုးကြိုးနဂါးတစ်ကောင်ပုံစံ ပြောင်းလဲထား၏။ အထက်မိုးကောင်းကင်အထိ တောက်လျှောက် ထိုးတက်ဆက်သွယ်နေပုံရသော မိုးကြိုးတန်းကြီးက သူ့ခန္ဓာကိုယ်မှ ဂျိန်းခနဲ ထွက်လာသည်။ သူ မန်ဟို့ဆီသို့ တဟုန်ထိုး ပြေးဝင်စဉ် ၎င်း၏စွမ်းအားကား ဖော်ပြ၍မတတ်နိုင်အောင်ပင်။

မန်ဟိုသည် သွေးမိစ္ဆာမဟာမှော်သိုင်းကို အရှိန်အမြင့်ဆုံးအထိ လှည့်ပတ်နေသည်။ ဘဝပြန်ဝင်စားခြင်းသံသရာသို့ မဝင်ရောက်‌နိုင်အောင် ကျွန်ပြုခံထားရသော ဝိညာဉ်သိန်းချီမှာ ကြောက်စရာချိုကြီးတစ်ချိုနှင့် သွေးမိစ္ဆာတစ်ကောင်၏ခေါင်းကြီးအဖြစ် အချင်းချင်း ပေါင်းစည်းသွားကြသည်။ ခေါင်းကြီးသည် အဆမတန် ကြီးမားလှ၍ မြင်လိုက်လျှင် မအံ့ဩမိဘဲ မနေပေ။

ဤသည်မှာ ကမ္ဘာဦးမိုးကြိုးနဂါးတစ်ကောင်နှင့် သွေးမိစ္ဆာတစ်ကောင်၏ တိုက်ပွဲဖြစ်သည်။

ယင်းသည် လွန်ခဲ့သော အတိတ်နှစ်ပေါင်းအသင်္ချေတုန်းက ဖြစ်ပွားခဲ့ဖူးသော တိုက်ပွဲတစ်ပွဲဖြစ်ချေ၏။ ယခုတော့ ထပ်မံ ဖြစ်ပွားနေပြန်လေပြီ။ ကမ္ဘာဦးမိုးကြိုးနဂါးနှင့် သွေးမိစ္ဆာကား နောက်တစ်ကြိမ် အကြိတ်အနယ် တိုက်ခိုက်နေကြ‌ပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ကမ္ဘာဦးမိုးကြိုးနဂါးနှင့် သွေးမိစ္ဆာတို့ တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်သွားသည်။ သွေးမိစ္ဆာ‌၏ခေါင်းကြီး ကြေသွားပြီး တစစီ ပေါက်ကွဲသွား၏။

တစ်ဆက်တည်းမှာပင် သွေးမိစ္ဆာ၏ ချိုကြီးက ချွန်မြမြန်ဓားသွားသဖွယ် လင်းလက်ကာ ကမ္ဘာဦးမိုးကြိုးနဂါး၏ခန္ဓာကိုယ်ကို ခုတ်၍ နှစ်ပိုင်းတိတိ ပိုင်းရင်း ထုတ်ချင်းဖောက်သွားသည်။

မိုးကြိုးနဂါး၏ ဟိန်းသံကြီးနှင့် သွေးမိစ္ဆာခေါင်းကြီးထံမှ တဖွေးဖွေး လှုပ်နေသော မိစ္ဆာချီများနှင့်အတူ ထိတ်လန့်ဖွယ် ပေါက်ကွဲမှုကြီးက လိမ့်ထွက်လာသည်။ ၎င်းသည် အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ဖြာထွက်သွားသည့် အားကောင်းသော လေပြင်းတစ်ချက် အသွင်ပြောင်းသွား၏။

စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူသိန်းပေါင်းများစွာမှာ လေပြင်း၏တိုးဝှေ့မှုကြောင့် ထုံထိုင်းသွားသည်အထိ ခဏတဖြုတ် မှင်သက်သွား‌ကြသည်။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ‌မိုးကြိုးနဂါး လွင့်ပျယ်ပျောက်ကွယ်သွားသောနေရာတွင် ပါးစပ်မှ သွေးများ စီးကျလျက် ပေါ်လာခဲ့သည်။ သူ မန်ဟိုကို စိုက်ကြည့်နေစဉ် သွေးကြောကြီးများက သူ့နဖူးပေါ်တွင် ဖောင်းကြွနေ၏။

မန်ဟိုမှာ တဆတ်ဆတ် တုန်ရီပြီး သွေးအန်လိုက်ရသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီး အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် လှမ်းကြည့်လိုက်သည့်အချိန်မှာပင် သူ၏ မိုးကြိုးဒယ်အိုးမှ မိုးကြိုးက သူ့ကို လွှမ်းခြုံလိုက်ရာ သူ ပျောက်ကွယ်သွားသည်။ သူသည် ပြန်ပေါ်လာ၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ‌စောစောက သူ ရှိခဲ့သောနေရာ၌ ရပ်နေသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူကို မြင်လိုက်ရသည်။

မန်ဟိုက ပြန်ပေါ်လာလျှင်ချင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အနီရောင်မြူများစွာအား ပျံ့နှံ့သွားစေသည်။ မြူများသည် အသိရှိနေသည့်အလား အနီးနားရှိ ရန်သူကျင့်ကြံသူများဆီသို့ ချက်ချင်း ပြေးဝင်သွား၏။

၎င်း သူတို့၏ခန္ဓာကိုယ်များကို ထိုးဖောက်ဝင်သွားသဖြင့် နာနာကျင်ကျင် အော်သံစူးစူးများ စစ်မြေပြင်တစ်လျှောက် ဆူညံလာသည်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်မှာ ခန္ဓာကိုယ်များ ခြောက်ကပ်သေဆုံးသွားကြသည်။ သူတို့၏ ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်များ ထွက်လာပြီး မန်ဟို့ဆီ ပျံလာ၏။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ဒေါသူပုန်ထသွားသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်စဉ် မိုးကြိုးများ သူ၏မျက်ဝန်းများတွင် ဖျပ်ဖျပ်လက် လာသယောင်ရှိပြီး သူ၏ခန္ဓာကိုယ်ကား ကြီးထွားလာတော့သည်။ မျက်တစ်မှိတ်အတွင်း သူကား မီတာသုံးဆယ်အမြင့် ဘီလူးကြီးတစ်ကောင် အသွင်ပြောင်းသွားခဲ့၏။ သူ၏ရှည်လျားသော ဆံပင်များက သူ့အနားတစ်ဝိုက်တွင် မျောလွင့်ရှိသည်။ သူသည် ခေါင်းမော့ပြီး ဆန်းပြားသော သဘာဝနိယာမတစ်ခု ပါရှိသည့် ဟိန်းဟောက်သံကြီး ထုတ်လွှတ်လိုက်သည်။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ရပ်တန့်သွားသည်။

သူ့၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်း နှေးကွေးလာစဉ် သူ၏ရွေ့လျားမှုက မြန်နေသည်။

သူက ရိပ်ခနဲ မန်ဟို့ဆီ ပြေးဝင်ပြီး လက်သီးထိုးချလိုက်သည်။

မန်ဟို၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ ဤအဘိုးကြီးသည် အင်အားကြီးပြီး သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံနှင့် နတ်ဘုရားစွမ်းရည်များကို ထည့်တွက်လျှင် ပြန်တိုက်ဖို့ ခက်ပေမည်။

“သွေးမိစ္ဆာမဟာမှော်သိုင်းရဲ့ အဆင့်(၆)ကို မသုံးသေးသရွေ့” မန်ဟိုက မြေကြီးကို လက်ညှိုး၍ အပေါ်ပြန်မြှောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ အလောင်းများကို ပျံတက်လာစေပြီး လာနေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဆီသို့ ဥက္ကာခဲများသဖွယ် ပြေးဝင်သွားစေသည်။

“သေပေတော့” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏အသံက သွေးအေးအေး ပဲ့တင်ထပ်လာသည်။ အလောင်းများ တစစီ စုတ်ပြတ်သွားပြီး သူက မန်ဟို၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာကာ လက်သီးထိုးချလိုက်သည်။

အုန်း

မန်ဟိုက ပါးစပ်မှ သွေးများပန်းထွက်ကာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာသည့်အချိန် သွေးမိစ္ဆာမဟာမှော်သိုင်းက ရုတ်တရက် အသက်ဝင်လာသည်။ ပတ်ပတ်လည်ရှိ ကျင့်ကြံသူပေါင်းများစွာ၏ အော်သံများ စီစီညံသွားပြန်သည်။

“သေစမ်း” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က အမျက်တချောင်းချောင်း ထွက်လျက် ဟိန်းဟောက်လိုက်သည်။ မန်ဟို၏ သွေးပညာရပ်ကြောင့် သူ့မှာ လုံးဝအံ့ဩထိတ်လန့်နေသောအခြေအနေဖြင့် ထပ်ကြပ်မကွာ လိုက်နေလေသည်။ မန်ဟို့ကို မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြား စိတ်တိုင်းကျ ဖြတ်သွားခွင့် ပေး၍မဖြစ်။ ခွင့်ပေးလိုက်လျှင် ထိုပညာရပ် သူတို့အားလုံး၏အသက်များကို နုတ်သွားနိုင်ရန် ကြာတော့မည်မဟုတ်ပေ။

“ဘယ်ခေတ်မှာဖြစ်ဖြစ် ၊ ဘယ်ကာလမှာဖြစ်ဖြစ် ဒီလိုမကောင်းဆိုးဝါးပညာရပ်မျိုးကို နတ်ဆိုးသိုင်းအတိုင်း ယုတ်မာရက်စက်လွန်းတယ်လို့ ဘယ်သူမဆို သတ်မှတ်ကြမှာပဲ” သူက အော်ပြောသည်။ “လူတိုင်း အဲ့ဒါကို ဖျက်စီးဖို့ လုပ်ကြလိမ့်မယ်။ အဲဒီလိုပညာရပ်မျိုးကို ကျင့်ကြံတာကြောင့် မင်း မိုးကောင်းကင်ရဲ့အမျက်ဒေါသကို ရင်ဆိုင်ရမယ်။ မင်း အသေဆိုးနဲ့ သေရမယ်”

“မှော်ပညာဆိုတာ ကောင်းလည်းမကောင်းသလို ၊ ဆိုးလည်း မဆိုးဘူး” မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ “နှလုံးသားထဲမှာပဲ တည်ရှိနေတာ။ မန်ဟိုရဲ့ တာအိုနှလုံးသားကို မထိခိုက်စေနိုင်ဘူး” သူသည် စစ်မြေပြင်အပေါ်ရှိ နောက်တစ်နေရာတွင် ရိပ်ခနဲ ပေါ်လာပြန်သည်။ ပတ်ဝန်းကျင်ရှိ ထိတ်လန့်နေသော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ထွက်ပြေးဖို့ ကြိုးစားကြသော်လည်း သူတို့၏ခန္ဓာကိုယ်ထဲ ထိုးဖောက်၍ စုပ်ယူဝါးမြို‌လိုက်သော မန်ဟို၏အနီရောင်မြူများလောက် မမြန်ပေ။

“ဘယ်သူ ပိုမြန်လဲ ကြည့်ကြတာပေါ့ မင်းလား ငါလား” မန်ဟိုက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ပြောသည်။ သူသည် သွေးမိစ္ဆာမဟာမှော်သိုင်း၏ အဆင့် (၆) သို့ တက်လှမ်းတော့မည့်ဆဲဆဲဖြစ်ကြောဂ်း အာရုံရလိုက်၏။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏မျက်လုံးတွင် နက်နဲသောအလင်းရောင်တစ်ခု လင်းလက်သွားပြီး သူက လိုက်ဖမ်းနေခြင်းကို ရပ်လိုက်သည်။ ထိုအစား သူ၏ပစ်မှတ်ကို‌ မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများ ခေါင်းဆောင်ကြီးစုန့်နှင့် အခြားသူများကို တိုက်ခိုက်နေသည့်နေရာသို့ ပြောင်းလိုက်၏။

“မင်းက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေကို သတ်တယ်ပေါ့။ ရတယ်လေ ... ငါလည်း တောင်ပိုင်းဒေသတာအိုရှာဖွေခြင်း အထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေကို သတ်မယ်”

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် လေပေါ် ထိုးတက်သွားစဉ် မန်ဟို၏နှုတ်ခမ်းထောင့်စွန်းသည် သွေးအေးစွာ တွန့်ချိုးသွား၏။ သူက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အသက်စွမ်းအားများအား စုပ်ယူနေသည်ကို ရပ်၍ မိုးကြိုးဒယ်အိုးအား လင်းခနဲ လက်သွားစေသည်။ တုံ့ပြန်သည့်အနေဖြင့် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က တဟားဟား အော်ရယ်လိုက်သည်။

သူ၏ရယ်သံကြီး လည်ချောင်းဝတွင် တစ်ဆို့သွားရန် တခဏသာ ကြာလိုက်၏။

အဘယ်ကြောင့်ဆိုသော် မန်ဟိုက သူ့လမ်းကို တားရန် အနားရှိ တစ်စုံတစ်ယောက်နှင့် နေရာလဲခြင်းမရှိ၍ပင်။

ထိုအစား ... သူသည် ရွှေတံခါးကြီးနှင့် သစ်ပင်ကြီးဖြင့် မန္တန်ဝင်္ကပါများကို ဝင်ကျုံးနေသော ဘီလူးကြီးနှစ်ကောင်၏ဘေးတွင် ပြန်ပေါ်လာခဲ့၏။

“ချီးပဲ ဘယ်လောက်အန္တရာယ်များလိုက်သလဲ” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က မျက်နှာပျက်ယွင်းလျက် တွေးလိုက်သည်။ “ဒီကလေးက ရက်စက်ပြီး အညှာအတာမရှိဘူး။ ငါတို့ သူ့ကို မဖယ်ရှားပစ်ရင် တောင်ပိုင်းဒေသကို အပြီးသတ်သုတ်သင်ရှင်းလင်းဖို့ ခက်မယ်” ထို့နောက် သူက မန်ဟိုရှိရာသို့ ထိုးဆင်းသွားသည်။

မန်ဟိုက ရွှေရောင်ချပ်ဝတ် ဘီလူးကြီးတစ်ကောင်၏ဘေးတည့်တည့်တွင် ပေါ်လာခဲ့ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု မျက်လုံးများတွင် တောက်ပသွားသည်။ သူသည် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် သူ့ထံ ချဉ်းကပ်လာနေသည်ကို လျစ်လျူရှုရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ဝုန်းခနဲ သူ့ထံမှ အနီရောင်မြူများ ထွက်လာသည်။

၎င်းတို့က အံ့အားသင့်နေသော ရွှေချပ်ဝတ်ဘီလူးကြီးတစ်ကောင်၏ ခန္ဓာကိုယ်ထဲ မျက်စိတစ်မှိတ်အတွင်း  ဝင်ရောက်သွား၏။ ဘီလူးကြီးက ကြောက်လန့်တကြား ဟိန်းလိုက်လေသည်။

၎င်း၏ခန္ဓာကိုယ်သည် တုန်ရီလာပြီး မျက်လုံးများအရ အရှင်လတ်လတ် ငရဲခံနေရသည့်အလားပင်။ ၎င်း၏ အကန့်အသတ်မရှိသော ချီ၊ သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်တို့ ထုတ်ယူခံနေရသဖြင့် ၎င်းကိုယ်လုံးကြီးသည် လျင်မြန်စွာ ခြောက်ကပ်စပြုလာတော့သည်။

တခဏလေးအတွင်း ဘီလူးကြီး၏တစ်ကိုယ်လုံး ခြောက်သွေ့သွား၏။ ၎င်း၏ခြေထောက်မှာ ဧရာမရွှေတံခါးကြီးကို မထမ်းနိုင်တော့သဖြင့် အရိုးကျိုးသံများ ကြားလိုက်ရသည်။ ၎င်းသည် လဲကျပြိုလဲတော့မည့်အလား ဘေးသို့ ယိုင်ကျလာ၏။

ထိုအခိုက်တွင် ဒေါကန်နေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် ရောက်လာသည်။ သူ့လက်သီးက မန်ဟို့ဆီ ‌ဝင်ရောက်လာနေရာ မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ မန်ဟိုက တမူထူးခြားစွာ တောက်ပနေသော မျက်ဝန်းများဖြင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။

“သေစမ်း” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က အမြန်ဆုံးတက်လာရင်း ကြုံးဝါးလိုက်သည်။ ကမ္ဘာဦးမိုးကြိုးနဂါးသည် သိမ်းငှက်၊ စပါးအုံ၊ ကျားဖြူများနှင့်အတူ ပြန်ပေါ်လာသည်။ ထွက်ပေါ်လာသော စွမ်းအင်သည် ရင်သပ်ရှုမောဖွယ်ကောင်းပြီး  ၎င်းတို့အားလုံးက လက်သီးတစ်ချက်တည်းအဖြစ် ပေါင်းစည်းသွား၏။

လက်သီး မန်ဟို့ကို ဝင်ကျုံးတော့မည်ဆဲဆဲမှာပင် ...

ခြောက်သွေ့သွားသော ရွှေချပ်ဝတ်နှင့်ဘီလူးကြီးမှာ သည့်ထက်ပို၍ ခံနိုင်စွမ်းမရှိတော့ပေ။ ၎င်း၏အသက်စွမ်းအားများ ခမ်းခြောက်သွား၍ ၎င်း၏အလောင်းကြီးက ဗုန်းခနဲ မြေကြီးအပေါ် ကျသွားတော့သည်။ အနီရောင်မြူထုက ၎င်း စုပ်ယူခဲ့သော စွမ်းအားဖြင့် တောက်ပလာသည်။

တောက်ပမှု၏ အရောင်အဝါက မန်ဟို မရေမတွက်နိုင်သော မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို စုပ်ယူခဲ့စဉ်က တောက်ပခဲ့သည်ထက် အဆများစွာ ကျော်လွန်သည်။ အနီရောင်မြူများ သူ၏ခန္ဓာကိုယ်ထဲ ပြန်ကျုံ့ဝင်လာသည့်အခါ သူ့မှာ တဆတ်ဆတ် တုန်စပြုလာသည်။

သူ့ကိုယ်ထဲရှိ စွမ်းအင်သည် မူလအတိုင်း ပြန်ပြည့်ဝသွားပြီး သွေးမိစ္ဆာမှော်သိုင်းကား ... ရုတ်တရက် ...

အဆင့် (၆) သို့ ရောက်ရှိသွားခဲ့၏။

သူ၏စွမ်းအင်မှာ လွန်ခဲ့သောအခိုက်အတန့်တုန်းကနှင့် မိုးမြေပမာ ကွာခြားသွားသည်။ ချက်ချင်းပင် သွေးရောင်လေဆင်နှာမောင်းက ကောင်းကင်အထိ ထိုးတက်သွားရင်း သူ့ကို ရစ်သိုင်းလိုက်သည်။

သူ့ကိုယ်ထဲတွင် သွေးမိစ္ဆာမဟာမှော်အစွမ်းသည် အမြင့်ဆုံးသောအရှိန်ဖြင့် လည်နေ၏။ မန်ဟိုက လက်ကို မြှောက်၍ လာနေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဆီသို့ လက်ဝါးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

လက်ဝါး၏ပတ်ပတ်လည်တွင် ဝဲတစ်ဝဲ ပေါ်လာသည်။ စစချင်း ၎င်းသည် အချင်းသုံးမီတာသာ ရှိသော်လည်း မီတာသုံးရာအထိ ပြန့်ကားလာခဲ့သည်။ ၎င်းသည် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဆီသို့ အငမ်းမရ ကိုက်ရန် ပြေးဝင်သွားသော ပါးစပ်ကြီးအလားပင်။

ပထမဆုံးအနေဖြင့် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်သည် သေစေနိုင်သောအန္တရာယ်ကို အာရုံရလိုက်၏။ သူက သူ၏လက်ဝါးချက်ကို ပစ်လွှတ်ရန် အစွမ်းကုန်ထုတ်လိုက်သည်။

နှလုံးခုန်ရပ်သွားမတတ် ကျယ်လောင်သော ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်လာသည်။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ဝဲ၏ဝါးမြိုခြင်း ခံလိုက်ရသည်။ တအောင့်ကြာသော် ‌ဒေါသတကြီး ဟိန်းဟောက်လိုက်သံတစ်သံ ကြားလိုက်ရပြီး ဝဲမှာ ပြိုကွဲသွား၏။ အထဲမှာ သွေးသံရဲရဲ ပုံရိပ်တစ်ခု ပျံထွက်လာသည်။

၎င်းကား အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ပင်။ သူသည် ဒဏ်ရာဒဏ်ချက်မျိုးစုံမှ သွေးတို့ စီးကျနေလျက် ဒဏ်ရာအပြင်းအထန်ရထား၏။ ကုန်ဆုံးသွားခဲ့သော တဒင်္ဂလေးအတွင်း သူ၏စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းမှာ ခြောက်သွေ့ကုန်ခမ်းသွားခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် အံ့အားသင့်နေသောအမူအရာအား သူ့မျက်နှာအပေါ်တွင် မြင်ရနိုင်လေသည်။

ပြိုကွဲသွားသော ဝဲက မန်ဟို့ဆီ ချက်ချင်း ပြန်လည်စီးမျောလာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏အပြင်အားကိုယ်မှာ  ပို၍ပင် သန်မာလာသည်။ တကယ်တမ်း အင်မော်တယ်စိတ်ဆန္ဒအနည်းအကျဉ်းကိုပင် စစ်ဆေးတွေ့ရှိနိုင်လေပြီ။

သူ၏ကျင့်ကြံခြင်းအခြေခံလည်း တရိပ်ရိပ် ထိုးတက်လာသည်။

သွေးရောင်လေဆင်နှာမောင်းက ပတ်ပတ်လည်တွင် တဝှီးဝှီး မြည်လျက်‌ ၊ မိုးကြိုးဒယ်အိုးက လျှပ်စီးတို့ဖြင့် ဖြိုးဖြိုးဖျစ်ဖျစ် ထစ်ချုန်းလျက် သူက လေလယ်တွင် ပျံဝဲနေသည်။ သူကား ပါရာဂွန်တစ်ဦးအလားပင်။

သူသည် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို အေးစက်စွာ ငုံ့ကြည့်နေပြီး သူ၏ ပါရာဂွန်အရှိန်အဝါမှာ ပို၍ပင် အားကောင်းလာသည်။ ကောင်းကင်တွင် အရောင်များ ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ ‌တဝေါဝေါ တိုက်ခတ်လာ၏။ မြေပြင်ထက်မှ ကျင့်ကြံသူသိန်းချီအပြင် ဝေဟင်ထက်၌ တိုက်ခိုက်နေသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်အပါအဝင် အကုန်လုံး အံ့ဩတုန်လှုပ်ကုန်ကြသည်။

မန်ဟိုကား အဆုံးမဲ့သော အရောင်အဝါတို့ဖြင့် ထွန်းတောက်လာသော နေတစ်စင်းပမာပင်။

***

All Chapters