← Chapters

ဖိနှိပ်ခြင်း

Vol. 57 Ch. 788

ဖိနှိပ်ခြင်း

Vol. 57 Ch. 788

မြောက်ပိုင်းသဲကန္တာရ၏ နံပါတ်တစ်အစွမ်းထက်ဆုံးပညာရှင် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က မန်ဟိုကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေသည်။ အစောပိုင်းက မန်ဟိုသည် သူ့ကို မရပ်မနား အနှောင့်အယှက်ပေးနေခဲ့သော်လည်း ယခု သူ့ဆီမှ ရနေသော ခံစားချက်မှာ ကမ္ဘာဦးသားရဲအရိုင်းကောင်ကြီးအလားပင်။ သူ့အကြည့်၊ သူ့အရှိန်အဝါ၊ သွေးရောင်လေဆင်နှာမောင်း အကုန်လုံးက အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို မယုံနိုင်လောက်အောင် အံ့ဩတုန်လှုပ်စေသည်။

မန်ဟို မျက်လုံးများ အေးစက်စွာ တောက်ပလျက် ရှေ့ဆက်လာသောအခါ သူ၏အမူအရာသည် လေးနက်သွား၏။ မန်ဟို့အတွက် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဆီ ရောက်ရန် တခဏသာ ကြာလိုက်ပြီး သူက လက်ကို ဝှေ့ယမ်းကာ သွေး‌အလင်းရောင်ကို ဖြန့်ကြက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်ကား တိုက်ကွက်ဒါဇင်ချီ ဖလှယ်ခဲ့ပြီးလေပြီ။

တအုန်းအုန်း‌ တဝုန်းဝုန်း မြည်ဟည်းနေသည်။ သူတို့၏ပတ်ဝန်းကျင်တွင် ရက်စက်သောစစ်ပွဲသည် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အပေါ်တွင်လည်း တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များ၏ တိုက်ပွဲမှာ ရပ်နားခြင်းမရှိချေ။

မူလက တောင်ပိုင်းဒေသသည် ပို၍အားနည်းသောအနေအထားတွင် ဖြစ်ခဲ့သော်လည်း ယခု မန်ဟိုက သူ၏သွေးမိစ္ဆာနှင့် သွေးမိစ္ဆာမဟာမှော်သိုင်းအဆင့် (၆) တို့ဖြင့် ထွန်းတောက်လာခဲ့ရာ .... အကုန်လုံး ပြောင်းပြန်ဖြစ်သွားခဲ့၏။

မန်ဟိုသာ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို သတ်နိုင်ခဲ့လျှင် .... တောင်ပိုင်းဒေသအနေဖြင့် .... အောင်နိုင်မှုအား သိမ်းပိုက်ခွင့် ရကောင်းရလိမ့်မည်။

တောင်ပိုင်းဒေသကျင့်ကြံသူများ၏ စိတ်ဓာတ်အားမာန်တို့ မြင့်တက်လာပြီး သူတို့သည် ပို၍ရက်စက်လာသော တိုက်ကွက်များဖြင့် ပြင်းထန်စွာ ရိုက်ခတ်နေကြတော့သည်။

မန္တန်ဝင်္ကပါ၏အပြင်တွင် ရွှေချပ်ဝတ်ဘီလူးကြီးတစ်ကောင် အသတ်ခံလိုက်ပြီဖြစ်၍ ကျန်တစ်ကောင်မှာ မန်ဟို့ကို သေးထွက်မတတ် ကြောက်လန့်ကာဖြင့် ကတုန်ကယင် ရပ်နေသည်။ ဧရာမရွှေတံခါးကြီးမှာလည်း ‌ထမ်းထားပေးသော ‌ဘီလူးကြီးတစ်ကောင်မရှိတော့သဖြင့် ဘေးသို့ အရုပ်ဆိုးစွာ စောင်းနေတော့သည်။

ဘီလူးကြီးသည် မန်ဟို အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို တိုက်ခိုက်နေပုံအား အထိတ်တလန့် ကြည့်ပြီး ဦးရေပြာတို့ ထုံကျင်စပြုလာ၏။ နောက်ဆုံး‌တော့ ၎င်းမှာ ရွှေတံခါးကြီးကို ပစ်ချ၍ တစ်ချိုးတည်း လှည့်ပြေးလေသည်။

၎င်းသည် ကျင့်ကြံသူမဟုတ်ဘဲ ရှေးသွေးဆက်မှ ဆင်းသက်လာသော ဘီလူးတစ်ကောင်မဟုတ်ပါလော။ မန်ဟို့ကို တိုက်ခိုက်ရမည်ဟု တွေးလိုက်ရုံနှင့် ၎င်းမှာ ကြောက်စိတ်မွှန်သွား၏။

သို့သော် ၎င်း လှည့်ပြေးလိုက်သည့် အခိုက်အတန့်တွင် မြစိမ်းရောင်မြူထဲ၌ ပျံဝဲနေသော သွေးအေးအေးအမျိုးသမီးက တဖျပ်ဖျပ် လက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လာသည်။ သူမ၏လှပသော လက်လေးက ဆန့်ထွက်လာပြီး ဘီလူးကြီးကို လက်ညှိုးထိုးလိုက်သည်။

“စစ်ပွဲမပြီးခင် ထွက်ပြေးတယ်တဲ့လား။ နင့်သွေးဆက်ကို မျိုးဆက်ကိုးဆက်အထိ သုတ်သင်ပစ်မယ်”

ချက်ချင်းဆိုသလို ဘီလူးကြီးသည် တုန်ရီလာပြီး ၎င်းနဖူးပေါ်တွင် ချုပ်နှောင်အင်းကွက်တစ်ကွက် ပေါ်လာသည်။ အင်းကွက်က တမြေ့မြေ့ လောင်ကျွမ်းရင်း ၎င်း၏အရေပြားမှတစ်ဆင့် အရိုးထဲအထိ နစ်ဝင်သွားသည်။ ဘီလူးကြီးသည် မချိတင်ကဲ အော်လိုက်ပြီး ရူးသွပ်မှုတို့ ၎င်းမျက်လုံးများတွင် ပြည့်နှက်သွား၏။

“နင့်စိတ်ကို ဖယ်ရှားမယ်” အမျိုးသမီးက တည်ငြိမ်စွာ ပြောသည်။ “နင့်ကို ရူးအောင် လုပ်ပြီး နင့်အသက်စွမ်းအားနေရာမှာ ရူးသွပ်မှုတွေ အစားထိုးပစ်မယ်။ ရန်သူ တစ်သိန်းသတ်လိုက် ၊ အဲဒါဆို ကျိန်စာပြေမယ်” ဘီလူးကြီးက ဟိန်းလိုက်ပြီး ၎င်း၏အမူအရာမှာ သွပ်သွပ်ခါခါ ရူးနေသည့်အလား ရှုံ့မဲ့နေသည်။ ၎င်းသည် မျက်လုံးကြီးများနီရဲလျက် တောင်ပိုင်းဒေသစစ်တပ်ဆီသို့ ခုန်ဝင်သွား၏။

၎င်းနှင့်ဆုံသော မည်သည့်တောင်ပိုင်းဒေသကျင့်ကြံသူမဆို ထွက်ပြေးခွင့်ပင်မရမီ တစစီ စုတ်ဖြဲခံလိုက်ကြရသည်။ ဘီလူးကြီးက သူတို့ကို တက်နင်းပြီး ကောက်ယူကာ ပါးစပ်ထဲ ပစ်ထည့်လေသည်။ သွေးတို့က ၎င်း၏မေးစေ့မှ စီးကျနေပြီး ၎င်းမှာ သွပ်သွပ်ခါ ရူးသွားပုံရသည်။

တောင်ပိုင်းဒေသတပ်ဖွဲ့များအတွက် တာအိုရှာဖွေခြင်းအဆင့်နှင့် ခွန်အားညီမျှသော တောင်သဖွယ် ဘီလူးကြီးက စစ်ပွဲတစ်ခုလုံးအပေါ် သက်ရောက်မှုကြီးမားလေသည်။ မျက်စိတစ်မှိတ်အတွင်း တောင်ပိုင်းဒေသကျင့်ကြံသူရာပေါင်းများစွာ အသတ်ခံလိုက်ရပြီဖြစ်၏။

၎င်းအား တားဆီး၍ မရနိုင်သလောက်ပင်။ တစ်ခုတည်းသော နည်းလမ်းက ကျင့်ကြံသူထောင်ချီ တညီတညွတ်တည်း တိုက်ခိုက်ဖို့သာ ရှိသည်။ ကံဆိုးစွာနှင့် ... မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများက တောင်ပိုင်းဒေသကျင့်ကြံသူများအား ထိုသို့လုပ်ခွင့် ဘယ်နည်းနှင့်မှ ပေးမည်မဟုတ်ပေ။ မြစိမ်းရောင်မြူထဲရှိ အမျိုးသမီး၏ ညွှန်ကြားမှုအောက်တွင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများက ရှေ့တိုးလာရင်း တိုက်စစ်ဆင်နေသည်။

အဆုံးမရှိသော လူပင်လယ်ကြီးက ရေလှိုင်းကြီးသဖွယ် ညာသံပေးကာ ချီတက်လာကြသည်။

အပေါ်ရှိ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များအကြားတွင် ခေါင်းဆောင်ကြီးစုန့်နှင့် ဆေးလုံးမိစ္ဆာမှာ စိုးရိမ်နေသော်လည်း တောင်ပိုင်းဒေသအား မည်သို့မျှ အကူအညီမပေးနိုင်ပေ။ သူတို့ တတ်နိုင်သမျှမှာ စစ်ရေစီးကြောင်း တစ်ဖန်ပြောင်းပြန်လန်သွားသည်ကို ကြည့်နေရုံသာ။

မန်ဟိုနှင့် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် သူတစ်ပြန် ကိုယ်တစ်ပြန် ချနေသဖြင့် ပေါက်ကွဲသံများ ဆူညံနေသည်။ မြောက်ပိုင်းသဲကန္တာရမှ နံပါတ်တစ်အစွမ်းထက်ဆုံးပုဂ္ဂိုလ်တွင် လက်ဖျားခါဖွယ် ကျင့်ကြံခြင်းအခြေခံနှင့် ရက်စက်ကြမ်းတမ်းသော တိုက်ကွက်များ ပိုင်ဆိုင်ထား၏။ ယင်းနှင့် မန်ဟို၏ အဆင့်(၆) သွေးမိစ္ဆာမဟာမှော်သိုင်းက ပထဝီမြေကြီးကိုပင် ကောင်းကင်ထက်သို့ မြင့်တက်ပေါက်ကွဲစေတော့မည့်အလား ဖြစ်နေစေသည်။

ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်ရင်း အသာစီးရဖို့ ကြိုးစားနေစဉ် မန်ဟိုသည် ဘီလူးကြီး ရူးသွားသည့်အဖြစ်ကို မြင်လိုက်ပြီး မြစိမ်းရောင်မြူထဲ၌ ပျံဝဲနေသော သွေးအေးအေးအမျိုးသမီးကို အာရုံရလိုက်သည်။

“သေပေတော့” သူက အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို ပြောလိုက်၏။ သူသည် သတ်ဖြတ်လိုစိတ်တို့ မျက်လုံးထဲတွင် တဝင်းဝင်း တောက်နေလျက် ညာခြေကို မြှောက်၍ လျင်မြန်စွာ ချာလည်ပတ်လည် လှည့်လိုက်သည်။ သူကား ရှေ့ထွက်သွားပြီး အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ လာနေသောလက်သီးကို ဝင်ကျုံးလိုက်သည့် လေဆင်နှာမောင်းတစ်လုံးဖြစ်သွားခဲ့လေပြီ။

“မင်း အဲဒီအတွက် သေရလိမ့်မယ်” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ကြုံးဝါးလိုက်သည်။ မန်ဟို၏ စစ်မြေပြင်အပေါ် သွက်လက်ကျွမ်းကျင်စွာ ခြယ်လှယ်နေပုံက သူ့ကို ခေါင်းကိုက်နေစေသည်။ သူ နောက်မှ လိုက်ဖမ်းတော့မည့်အချိန် မန်ဟိုက လက်ကို ဆတ်ခနဲ ခါကာ ဧရာမအနီရောင်မြူထုကြီးအား ပေါ်လာစေသည်။ မြူထုက ရူးသွပ်နေသော ဘီလူးကြီးကို ဝါးမြိုလွှမ်းခြုံလိုက်သည့် ဝဲကြီးအဖြစ် ဖွေးဖွေးလှုပ်သွား၏။

‌တကျွတ်ကျွတ် ကိုက်ဝါးနေသံတစ်သံက ချောက်ချားစွာ ကြားရပေမည်။ အသံသည် နားထဲတွင် တိုက်စားနေပြီး ကြားလိုက်ရသည့် မည်သူမဆို ကြက်သီးမထမိဘဲ မနေပေ။

ဝဲထဲမှ နာနာကျင်ကျင် အော်သံများနှင့်အတူ သွေးများ စီးကျလာသည်။ ထို့နောက် ဂျိန်းခနဲ ဝဲကြီးပျောက်ကွယ်သွားသည်။ ၎င်းအထဲရှိ အနီရောင်မြူထုက မန်ဟို့ဆီ ပြန်လည်စီးမျောသွားပြီး သူ့ကိုယ်ထဲ ဝင်ရောက်ကာ ... သူ့အား ပို၍ပင် သန်မာလာစေသည်။

သူက လှည့်၍ ပြေးဝင်လာနေသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို တိုက်ခိုက်ရန် လက်သီးထိုးချလိုက်သည်။ အုန်းခနဲ ကြားလိုက်ရပြီး အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ပထမဆုံးအကြိမ် နောက်လွင့်ထွက်သွား၏။ သူ၏အမူအရာက အံ့ဩမှုကို ဦးစွာပြသပြီး‌ ဒေါသအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် သူကား ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင်အသွင် ပြောင်းလိုက်သည်။

သူ့ထံမှ တောက်ပသော အရောင်အဝါတို့ ဖြာထွက်လာရာ သူ့အား နေတစ်စင်းနှင့် တူသွားစေသည်။ ပြင်းထန်သောအပူလှိုင်းက မန်ဟို့မျက်နှာကို လာဟပ်၏။

တစ်ချိန်တည်းမှာပင် မြစိမ်းရောင်မြူထဲရှိ အမျိုးသမီးက ‌အေးစက်စက်တောက်ပနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ သူမသည် လက်ကို ဆန့်ထုတ်လိုက်ရာ မှော်သင်္ကေတကိုးခုအား အမြင့်ဆုံးအရှိန်ဖြင့် ‌ပျံထွက်သွားစေသည်။ ၎င်းတို့က လေလယ်တွင် အတူတကွ ပေါင်းစည်းကာ ဧရာမချုပ်နှောင်အင်းကွက်တစ်ကွက်အား ဖော်ဆောင်လိုက်သည်။

အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ချုပ်နှောင်အင်းကွက်ကြီးက မန်ဟို့ဆီ တန်းတန်းမတ်မတ် ပျံသန်းလာလေပြီ။

“ဖိနှိပ်လိုက်” အမျိုးသမီးသည် မည်သည့်ခံစားချက်တစ်စုံတရာမှ မပါရှိသော အေးတိအေးစက်အသံဖြင့် ပြောသည်။ သူမမျက်နှာမှာ နဂိုကတည်းက ဖြူဖျော့နေခဲ့ပြီးဖြစ်သော်လည်း မှော်သင်္ကေတကိုးခုကို ထုတ်လွှတ်လိုက်ခြင်းက ၎င်းအား ပို၍ဖျော့တော့သွားစေသည်။

မန်ဟို၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွားသည်။ သူသည် ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး ထိုးတက်‌နေစဉ် ဘယ်လက်ကို မြှောက်လိုက်ရာ ၎င်းအထဲတွင် လူ့လက်သီးနှင့်အရွယ်တူသော ကြောက်စရာ အနက်ရောင်လက်သည်းလက်ကြီးတစ်ဖက် ပေါ်လာ၏။

လက်သည်းလက်ကြီး ပေါ်လာလျှင်ချင်း ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကြောင်တစ်ကောင်၏ ခပ်စူးစူးအော်သံတစ်သံက အရာခပ်သိမ်းကို တုန်ခါနေစေရင်း ပဲ့တင်ထပ်လာသည်။

လက်သည်းလက်ကြီးသည် ရှေးဟောင်းတာအိုရေကန်များပန်းထွက်ခြင်းအတောအတွင်း မန်ဟို ရရှိခဲ့သော ပစ္စည်းများထဲမှ တစ်ခုဖြစ်၏။ ၎င်းကို အချိန်အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးမှ နောက်ဆုံး ၎င်းကို သူ အသုံးပြုနိုင်သွားခြင်းဖြစ်သည်။

၎င်းက သားရဲတစ်ကောင်၏ လက်မဟုတ်ဘဲ တကယ်တမ်း ကြောင်တစ်‌ကောင်၏လက်ပင်။

၎င်းကား ကြောင်လက်သည်း ဖြစ်၏။

၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြမ်းကြုတ်သောအရှိန်အဝါတစ်ခုသည် လေတွင် ပြည့်နှက်သွားပြီး ကြောင်၏ ခပ်စူးစူးအော်သံက ပတ်ဝန်းကျင်ရှိ လူအားလုံးကို စိတ်နှလုံးတုန်ရီသွားစေသည်။ အော်သံက ဝိညာဉ်ကို ပစ်မှတ်ထားသော တိုက်ကွက်တစ်ကွက်အလားပင်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်‌ပေးခြင်းခံရလျက်၊ လက်သည်းလက်သည် လေပေါ်ပျံတက်ကာ ပြန့်ကားလာသည်။ ၎င်းက မီတာဒါဇင်များစွာ ရောက်သည်အထိ ကြီးမားသထက် ကြီးမားလာခဲ့၏။ ချက်ချင်းပင် လက်သည်းလက်ကား လာနေသော ခြေသုံးချောင်းရွှေကျီးကန်းထံ ကုတ်ချလိုက်သည်။

ခြေသုံးချောင်းရွှေကျီးကန်းမှာ လန့်သွားသော်လည်း ကုတ်ချက်ကို မရှောင်နိုင်ပေ။ လက်သည်းလက်က ၎င်းကို ပိုင်းချလိုက်သည်နှင့် ၎င်း၏ခြေ‌သုံးချောင်း ချက်ချင်း ပေါက်ကွဲသွားရ၏။ ၎င်းက စူးခနဲ အော်ကာ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ပြန်ဖြစ်သွားသည်။ သွေးများ သူ၏ပါးစပ်မှ ဖွားခနဲ လွင့်စင်လာပြီး သူ့လက်နှစ်ဖက်လုံး ပြတ်ထွက်သွားသည်။ သူသည် ပြတ်သွားသော လက်နှစ်ဖက် ပြန်ပေါက်လာစေရန် မှော်ပညာရပ်တစ်ခုကို သုံးရင်း အလန့်တကြား နောက်ဆုတ်သွား၏။

သူ စကားပြောလိုက်စဉ် သူ၏မျက်နှာသည် ဖြူဆုပ်နေပြီး အသံမှာ အားနည်းနေ၏။ “ငရဲကိုးထပ်သင်္ဂြိုဟ်ကြောင်”

တစ်ပြိုင်တည်းမှာပင် ချုပ်နှောင်အင်းကွက်ကြီးက မန်ဟို့ကို ဝင်တိုက်ရန် ဆက်လက်လာနေသည်။ မန်ဟိုက ၎င်းကို မော့ကြည့်လိုက်ပြီး သွေးမိစ္ဆာမဟာမှော်ဝဲက သူ၏ပတ်ပတ်လည်တွင် ထစ်ချုန်းအော်မြည်ရင်း လေဆင်နှာမောင်းဖြစ်လာပြီးနောက် သွေးမိစ္ဆာခေါင်းကြီးတစ်လုံးအသွင်ပြောင်းသွား၏။ သွေးမိစ္ဆာခေါင်းကြီးက အရာအားလုံးကို စုတ်ဖြဲပစ်နိုင်သော အံ့မခန်းစွမ်းအင်တစ်ရပ်ဖြင့် ပြည့်သျှံလျက် ကြောက်စရာအမူအရာကြီးဖြင့် ချုပ်နှောင်အင်းကွက်ကြီးဆီသို့ ပြေးဝင်သွားသည်။

“ပြိုကွဲလိုက်” မန်ဟို့အသံက ဟိန်းထွက်သွားသည်။ ‌ချုပ်နှောင်အင်းကွက်ကြီးသည် လှုပ်ခါပြီး ကွဲအက်စပြုလာ၏။ တထက်ထက် အက်သံများ ကြားရပြီးနောက် ၎င်းမှာ ပေါက်ကွဲကာ မှော်သင်္ကေတကိုးခုအဖြစ် ပြန်ပြောင်းသွားသည်။ ၎င်းတို့အနက် သုံးခုသည် ‌မည်းနက်နေပြီဖြစ်ပြီး တစတစ မှေးမှိန်ပျောက်ကွယ်လာ၏။ ကျန်ခြောက်ခုက မြစိမ်းရောင်မြူထဲရှိ အမျိုးသမီးထံ ပြန်လည်ပျံသန်းသွားသည်။

ထို့နောက် မန်ဟိုက တစ်လမ်းလုံး သတ်ဖြတ်ရင်း အမျိုးသမီးထံသို့ ဦးတည်လာလေပြီ။

“မင်း ဖိနှိပ်ခံရမယ့်အလှည့်” သူက ပြောသည်။ “နဝမတောင်” သူသည် လက်ခလယ်ဖြင့် ညွှန်လိုက်ရာ အရာအားလုံး တုန်ခါလာသည်။ နဝမတောင်ပေါ်လာပြီး သွေးမိစ္ဆာမဟာမှော်သိုင်းက ၎င်းနှင့်တစ်သားတည်း ဖြစ်ကာ ၎င်းအား နီရဲတောက်လာစေသည်။ ထို့နောက် နဝမတောင်သည် မြူထဲရှိ အမျိုးသမီးဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

နဝမတောင် ကျဆင်းလာစဉ် အောက်ရှိ ပထဝီမြေကြီး၌ ကြီးမားသော အက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာကာ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ပုံတခေါင်းအား ဝါးမြိုလိုက်သည်။ အမျိုးသမီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမက ကြောက်ဒူးတုန်နေသော နောက်ဆုံးတစ္ဆေကောင်ကို လှမ်းဆွဲ၍ လေပေါ် ပစ်ပေါက်လိုက်၏။

တစ္ဆေမှာ ‌နဝမတောင်ဆီ ထိုးဝင်သွားသော ကြယ်တံခွန်တစ်ခုအသွင် ပြောင်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီးက မုဒြာလက်ကွက်ဖော်ကာ ကျန်မှော်သင်္ကေတခြောက်ခုကို အမြန်ဆုံးအရှိန်ဖြင့် ပျံတက်သွားစေပြီး တစ္ဆေနှင့်အတူ နဝမတောင်အား ဝင်ဆောင့်လိုက်သည့် ရောင်ခြည်စက်ဝန်းတစ်ခု ဖြစ်သွားစေသည်။

ဝုန်းးးးးးးးးးးး

အံ့ဩဖွယ်ကောင်းစွာနှင့် နဝမတောင်၏ ကျဆင်းလာသော စွမ်းအားမှာ ဟန့်တားခံလိုက်ရပုံပေါ်သည်။

“ပုလဲဖြူပုလဲနက်” မန်ဟိုက အေးအေးဆေးဆေး ပြောလိုက်သည်။ အဖြူအမည်းမြူထုက နဝမတောင်ကို ရစ်သိုင်းလျက် ပေါ်လာကာ ပုလဲနှစ်လုံးအသွင်ပြောင်းသွား၏။ ၎င်းတို့ နဝမတောင်ကို ပတ်၍ လည်နေစဉ် ဂျိန်းခနဲ ထစ်ချုန်းသံတစ်သံ ကြားလိုက်ရပြီး တောင်က နောက်တစ်ကြိမ် ကျဆင်းလာသည်။ တစ္ဆေမှာ စိစိညက်ညက် ကြေသွားပြီး ရောင်ခြည်စက်ဝန်းသည် ပြိုးပြိုးပြက်ပြက်လက်လျက် ပေါက်ကွဲသွား၏။ နဝမတောင်ကြီး အံ့အားသင့်နေသော အမျိုးသမီးထံ ဆက်လက်ကျဆင်းလာစဉ် ၎င်းတို့မှာ တောင်ကို ပိတ်ဆို့နိုင်ခြင်းမရှိခဲ့ပေ။

အရောင်များ ကောင်းကင်တွင် တဖျပ်ဖျပ် လက်သွားပြီး ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ မြူစိမ်းရောင်မြူမှာ တစ်စက်မကျန် လွင့်စင်ပြိုကွဲသွားသည်။ အမျိုးသမီးနှင့်အတူ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတချို့မှာ တောင်ကြီးအောက်တွင် ပြားဝပ်သွားကြလေပြီ။

ဤအခိုက်အတန့်တွင် ‌ကမ္ဘာမြေထက်၌ တောင်အသစ်တစ်လုံး တည်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း ကြက်သေသေသွားသည်... အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်အပါအဝင်။ သူ၏မျက်လုံးများ ရဲတွတ်လာသည်။ မန်ဟို့ကြောင့် ဤအကြိတ်အနယ်စစ်ပွဲတွင် မြောက်ပိုင်းသဲကန္တာရ ဆုံးရှုံးခဲ့ရသည်မှာ အလွန်အမင်းများပြားလှလေပြီ။

မူလက အောင်နိုင်မှုသည် မြောက်ပိုင်းသဲကန္တာရအတွက် သေချာခဲ့သော်လည်း ယခုတော့ .... မန်ဟိုကြောင့် အခြေအနေကား ပြောင်းပြန်လန်သွားခဲ့၏။ မန်ဟို့ကို မကိုင်တွယ်နိုင်လျှင် မြောက်ပိုင်းသဲကန္တာရ ... စစ်ရှုံးတော့မည်။

ဤသို့သုံးသပ်မိသည့်အခါ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ အစတုန်း သူသည် ချီအရင်းအမြစ်များစွာ ကုန်ခမ်းရသည့်အတွက် ဘိုးဘေးဆင်းတုတော်ကို မသုံးလိုခဲ့ပေ။ ထို့ကြောင့် ပထမဆုံး သူကိုယ်တိုင် မန်ဟို့ကို ကိုင်တွယ်ရန် ကြိုးစားခဲ့ခြင်းဖြစ်၏။

ယခုတော့ .... အမှားလုပ်မိခဲ့ကြောင်း မြင်လိုက်ရလေပြီ။

“ဘယ်လောက်ပဲ ပေးဆပ်ရ ပေးဆပ်ရ အစကတည်းက ဘိုးဘေးဆင်းတုတော်ကို သုံးခဲ့ရမှာ။ ဒါပေမဲ့ အခုလည်း သိပ်နောက်မကျသေးဘူး

“မန်ဟို ငါ့မျိုးနွယ်စု ဘိုးဘေးဆင်းတုတော်ရဲ့ ဖိနှိပ်ခံရမှာ မင်းအတွက် ဂုဏ်ယူစရာပဲ” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ခိုင်မာပြတ်သားသောမျက်ဝန်းများဖြင့် လက်ချောင်းတစ်ချောင်းအား ကောင်းကင်ထက်သို့ ညွှန်ပြီး နောက်တစ်ချောင်းအား မြေပြင်ကို ညွှန်လိုက်သည်။

“ဘိုးဘေးဆင်းတုတော်၊ ကျေးဇူးပြုပြီး ကိုယ်ထင်ပြတော်မူပါ”

***

All Chapters