ကြီးမားသော ကပ်ဘေး
Vol. 57 Ch. 789
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏အသံ ထွက်လာစဉ် မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သေစေနိုင်သောအန္တရာယ်အာရုံက သူ့ရင်ထဲတွင် ရုတ်ခြည်း ပေါက်ဖွားလာသည်။
မန်ဟိုသည် နဝမတောင်ကို ပြန်ရုပ်သိမ်းဘဲ မယုံကြည်နိုင်ဖွယ် ဖိအားကို ထုတ်လွှတ်ရင်း မြေပြင်ထက်တွင် မိုးထိလုမတတ် မြင့်မားလျက် ရှိနေစေသည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က မိုးနှင့်မြေကို ညွှန်လိုက်သည်။ အပြာရောင်မိုးကြိုးတန်းတစ်တန်းက ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ရင်း ရုတ်ခြည်း ပေါ်လာ၏.....
စစ်မြေပြင်မှ အတန်ငယ် လှမ်းသောနေရာတွင် ယခင်က ဖုံးအုပ်ခံထားရသော်လည်း ယခုတွင် ရုတ်တရက် မြင်သာလာသော နေရာတစ်ခုရှိ၏။ ကန့်လန့်ကာအား ဖယ်လိုက်သည့်အလား .... ဧရာမလှောင်အိမ်ကြီးတစ်လုံး ပေါ်လာသည်။
လှောင်အိမ်ထဲတွင်ကား မျောက်တစ်ကောင်။ ၎င်းခန္ဓာကိုယ်တစ်ခုလုံး မှော်သင်္ကေတများ ဖုံးနေပြီး ၎င်း၏မျက်လုံးကြီးများက နီရဲတွတ်နေသည်။ ၎င်းသည် မိုးကောင်းကင်ကို ဝါးမြိုပစ်နိုင်သော ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသယောင်ပင်။
မန်ဟိုသည် လှောင်အိမ်နှင့် မျောက်ကို မြင်လိုက်လျှင်ချင်း ချာချာလည်မူးဝေသွား၏။ သူပင်လျှင်..... အဆိုပါလှောင်အိမ်၏တည်ရှိမှုကို လုံးဝ သတိမထားမိခဲ့ပေ။
ထိုအခြင်းအရာက လှောင်အိမ်ထဲရှိ ပြင်းထန်သောစွမ်းအားသည် မန်ဟို၏ကျင့်ကြံခြင်းထက် အဆများစွာ ကျော်လွန်ကြောင်း ညွှန်ပြနေသည်။
အတုအယောင်အင်မော်တယ်တစ်ဦးပင်လျှင် မန်ဟို၏တွေ့ရှိမှုကို ရှောင်တိမ်းနိုင်ခဲ့မည်မဟုတ်ရာ .... လှောင်အိမ်ကား အစစ်အမှန်အင်မော်တယ်နှင့် နှိုင်းယှဉ်၍ရကြောင်း သက်သေထူသည်။
ထိုမျှသာမက အင်ပါယာသွေးဆက်မျိုးနွယ်စုသည် သူတို့၏ဘိုးဘေးဆင်းတုတော်လောက် အစွမ်းမထက်သော မည်သည့်အရာကိုမှ အသုံးပြုမည်မဟုတ်။
၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားသော ချီအရင်းအမြစ်များမှ ဖြစ်ပေါ်လာသည့် အဖိုးထိုက်ရတနာတစ်ပါးဖြစ်၏။
လှောင်အိမ်က ကောင်းကင်အထိ ဆန့်တန်းဆက်သွယ်သွားသော မိုးကြိုးများဖြင့် ခြုံရံလျက် ဖြေးညှင်းစွာ မြောက်တက်လာသည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ချက်ချင်း ဒူးထောက်ဝပ်တွားရင်း လက်နှစ်ဖက်ကို လေပေါ်မြှောက်၍ ထူးထူးဆန်းဆန်းဂါထာတစ်ပုဒ်ကို စရွတ်တော့သည်။
လေထုတွင် ရုတ်တရက် မဟာတာအိုတစ်ပါး၏ တေးသွားဖြင့် ပြည့်နှက်သွားသည်။ ၎င်းသည် မရေမတွက်နိုင်သော အသံများ ဂါထာရွတ်နေသလို ပျင်းရိပျင်းတွဲနှင့် သဲသဲကွဲကွဲ မကြားရပေ။ သို့သော် ၎င်းကို ကြားလိုက်ရသည့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာတော့ စိတ်ချောက်ချားသွားကြသည်။ လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ခေါင်းဆောင်ကြီးများလည်း တအံ့တဩ ကြည့်လိုက်ကြ၏။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့ရင်ထဲရှိ သေစေနိုင်သော အန္တရာယ်အာရုံမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့လေပြီ။ သူသည် မိုးကြိုးဒယ်အိုးကို မြှောက်လိုက်ရာ မိုးကြိုးလျှပ်စီးများက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ရုတ်တရက်ဆိုသလို သူကား အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏အနားရှိ ကျင့်ကြံသူတစ်ယောက်နှင့် နေရာလဲသွား၏။ သူသည် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ဆီ သွားနေစဉ် သွေးမိစ္ဆာမဟာမှော်သိုင်းအား ပေါ်ပေါက်လာစေသော မုဒြာလက်ကွက်တစ်ကွက်အား ဖော်လိုက်သည်။
သူ့အနေဖြင့် ထိုလူ့ကို ဤမှော်အစွမ်းအား ဆက်လက်ထုတ်ဖော်ခွင့်ပေး၍ မဖြစ်ပေ။ ထိုထူးဆန်းသော ရှေးဟောင်းလှောင်အိမ်က မန်ဟို့နှလုံးသားထဲတွင် ကြောက်စိတ်တို့ ဖြစ်ပေါ်လာစေသည်။
ဘုန်း
သူ၏နတ်ဘုရားစွမ်းရည်က ရှောင်တိမ်းခြင်းမရှိသော အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို ဝင်တိုက်လိုက်သည်။ ထိုလူက ယခင်အတိုင်း ဒူးထောက်ဝပ်တွားရင်း ဂါထာရွတ်နေဆဲ ရွတ်နေမြဲပင်။ မန်ဟို၏နတ်ဘုရားစွမ်းရည် သူ့ဆီ ရောက်လာသောအခါ မမြင်ရသောအားတစ်ရပ်၏ ပိတ်ဆို့ခြင်းခံလိုက်ရ၍ ... ပျောက်ကွယ်သွားသည်။
မန်ဟို မျက်နှာပျက်သွားသည်။
ဤအခိုက်အတန့်တွင် လှောင်အိမ်အတွင်းရှိ မျောက်၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ ၎င်းကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော မှော်သင်္ကေတများက တီကောင်များသဖွယ် တွန့်လိမ်လူးလွန့်လာပြီးနောက် ၎င်း၏ကိုယ်ပေါ်တွင် ပြေးလွှားသွားသည်။
မန်ဟိုမှာ ဦးရေပြာတို့ ပြင်းထန်စွာ ထုံကျင်လာပြီး သေစေနိုင်သော အန္တရာယ်အာရုံမှာ ပို၍ပင် မြင့်တက်သွားခဲ့သည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကို မတိုက်ခိုက်နိုင်ကြောင်း တွေ့သည်နင့် သူက စစ်မြေပြင်နှင့် ကြောက်စရာ လှောင်အိမ်ကြီး၏ ဧရိယာမှ ထွက်သွားရန် ပြင်ရင်း နောက်ဆုတ်လိုက်သည်။
သို့သော် သူ နောက်စဆုတ်လိုက်သည့် အခိုက်အတန့်မှာပင် ....
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းမော့လာပြီး သူ၏အမူအရာမှာ တဇွတ်ထိုး ရူးမိုက်တော့မည့် ပုံစံရှိသည်။ “ဘိုးဘေးဆင်းတုတော်” သူက အသံကျယ်ကြီးဖြင့် တိုင်တည်လိုက်သည်။ “ကျေးဇူးပြုပြီး ဒီလူကို သုတ်သင်တော်မူပါ”
မိုးကြိုးများ ကျဆင်းလာပြီး လှောင်အိမ်၏ပတ်ပတ်လည်တွင် ကခုန်နေရာ ၎င်းအား မိုးကြိုးနေလုံးကြီးပမာ ဖြစ်နေစေသည်။
မျောက်၏ခန္ဓာကိုယ်အပေါ်ရှိ မှော်သင်္ကေတများမှာ ယခင်ထက်ပင်ပို၍ လျင်မြန်စွာ ပြေးလွှားလာကြသည်။ ထို့နောက် ၎င်း၏ညာလက်ပေါ်ရှိ မှော်သင်္ကေတအကုန်လုံး ရုတ်တရက် ပျောက်ကွယ်ကာ ၎င်း၏ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားသည်။
ထို့နောက် မျောက်အရှေ့ရှိ လှောင်အိမ်၏ တိုင်များမှာ ကွေးကောက်ပြီး ဟ,လာသည်။
ရက်စက်ကြမ်းကြုတ်သောအလင်းရောင်က မျောက်၏မျက်လုံးများတွင် နေရာယူထားပြီး ၎င်းက ရုတ်တရက် ကြွေးကြော်လိုက်၏။ “အင်မော်တယ်တွေရဲ့ ကမ္ဘာက ဆိုးယုတ်မှုအကုန်လုံးရဲ့ အရင်းအမြစ်ပဲ။ အင်မော်တယ်တွေ... ဖိနှိပ်ခံစေရမယ်”
၎င်း၏အသံ ပဲ့တင်ထပ်လာစဉ် ၎င်းသည် ညာလက်ကို ဆန့်ထုတ်ကာ အပေါက်မှတစ်ဆင့် လှောင်အိမ်၏အပြင်ရှိ မန်ဟို့ဆီ လှမ်းလိုက်သည်။
မန်ဟို၏ဦးရေပြားတို့ ထုံကျင်သွားသည်။ မိုးကြိုးဒယ်အိုးမှ ဂျိန်းခနဲ ထစ်ချုန်းသံနှင့်အတူ သူသည် ပျောက်ကွယ်သွားပြီး ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာကာ အဝေးသို့ ထွက်သွားသော ကြယ်တံခွန်ကြီးအသွင် ပြောင်းသွားတော့၏။
သို့သော် သူ ထွက်ပြေးလိုက်သည့်အချိန် လှောင်အိမ်မှ ဆန့်ထွက်လာသော လက်က ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မီတာသုံးရာ ရှည်လျားလာ၏။ နောက်တစ်မှိတ်တွင် သုံးထောင်ဖြစ်သွားသည်။ ထို့နောက် သုံးသောင်း။
ဧရာမလက်ကြီးက မန်ဟို့နောက်လိုက်လာသည်။ ၎င်း မန်ဟိုနှင့် နီးကပ်လာစဉ် ၎င်းသည် တောင်တန်း၊ မြစ်ချောင်းများကို ကျော်လွန်၍ နေ့အလင်းရောင်ကို ကာဆီးနေလောက်အောင် ကြီးမားလှသည်။
မည်သည့်နတ်ဘုရားစွမ်းရည်မျိုး ပါရှိနေသလဲ မပြောနိုင်ပေ။ မန်ဟိုမှာ အံ့အားသင့်နေပြီး တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များလည်း ထိုနည်းတူပင်။
မန်ဟိုသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူ့ကိုယ်သူ တွန်းပို့နိုင်အောင် သွေးတစ်လုပ် ထွေးလိုက်၏။ သို့စေကာမူ ဧရာမလက်ကြီးကား အကန့်အသတ်မရှိပုံရသည်။ ၎င်းသည် ကုန်းမြေထုကြီးပမာ မန်ဟို့နောက်လိုက်လာနေ၏။ သူ့အရှေ့တွင်လည်း တောင်ထွတ်ငါးခုသဖွယ် အရာကြီးများက အပေါ်မှ ကျဆင်းလာနေသည်။
မန်ဟိုမှာ ဤဘိုးဘေးဆင်းတုတော်နှင့်ပတ်သက်ပြီး အံ့ဩထိတ်လန့်လွန်း၍ မျက်လုံးများပြူးကျယ်နေတော့သည်။ သို့သော် အေးစက်မှုက သူ့၏မျက်ဝန်းထဲတွင် ပေါ်လာပြီး ဒဏ္ဍာရီလာသိမ်းငှက်၏ပုံရိပ်သည် သူ၏နဖူးထက်၌ ပေါ်လာသည်။ သူ အသည်းအသန် ပြေးနေစဉ် သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် ငါးတစ်ကောင်၏ပုံရိပ်ပေါ်လာသည်။ ၎င်း၏ လေကိုခွဲ၍ လှုပ်ခါနေသော အမြီးက သူ့ကို ရှေ့တွန်းပို့ပေးနေ၏။ စစ်ရထားလည်း ပေါ်လာခဲ့ပြီး သူက အင်မော်တယ်လမ်းညွှန်၏ ချီကို လှည့်ပတ်လိုက်သည်။ သူကား ရွှီးခနဲ စစ်မြေပြင်ကို ဖြတ်သွားလေပြီ။
မန်ဟိုမှာ စစ်ရထား၏စွမ်းအားကို အသုံးချရင်း ကျဆင်းလာနေသော တောင်ငါးလုံး၏ ကြားတစ်ကြားမှ ဖြတ်သွားနိုင်လိုက်၏။
သူ့အနောက်ရှိ စစ်မြေပြင်ပေါ်တွင် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ သွေးတစ်လုပ် ထွေးလိုက်သည်။ ချက်ချင်းပင် မှော်သင်္ကေတများ လှောင်အိမ်ထဲရှိ မျောက်၏လက်ပေါ်တွင် ပြန်ပေါ်လာသည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ အမျက်တချောင်းချောင်းထွက်နေ၏။ ဘိုးဘေးဆင်းတုတော်က မန်ဟို့ကို မဖမ်းနိုင်ဘဲ နေလိမ့်မည်ဟု သူ မည်သို့ တွေးနိုင်ခဲ့မည်နည်း။
“သေစမ်း မယုံနိုင်စရာပဲ” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်သည် လျှာထိပ်ကို ကိုက်ပြီး သွေးအနည်းငယ် ထပ်မံ ထွေးထုတ်လိုက်၏။ ထို့နောက် သူက အရိုးခေါင်းအပိုင်းအစတစ်စကို ယူပြီး နဖူးပေါ် ဖိချလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီစပြုလာပြီး ထစ်ချုန်းသံများ ကြားလာရသည်။ အကန့်အသတ်မရှိသော ရောင်စဉ်တန်းများ သူ့ထံမှ ဖြာထွက်လာကာ အသံပေါင်းများစွာက တညီတညာတည်း စကားပြောလိုက်ကြလေသည်။
“ဘိုးဘေးဆင်းတုတော် ကျေးဇူးပြုပြီး ဒီလူကို ချုပ်နှောင်လိုက်တော်မူပါ”
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ တိုင်တည်သံ ပဲ့တင်ထပ်လာသည်နှင့် မျောက်၏မျက်လုံးများ ဝင်းလက်သွားသည်။ ၎င်းတို့သည် အနီရောင်တောက်မနေတော့ဘဲ အသက်စွမ်းအားကို လောင်ကျွမ်းပစ်နေသည့်အလား မည်းမှောင်လာသည်။ ဤအခိုက်အတန့်တွင် မျောက်သည် ကျောက်သားရုပ်တုဖြစ်သွား၏။
ထိုသို့ဖြစ်ပျက်သွားသောအခါ လှောင်အိမ်သည် စူးရှသောအလင်းရောင်ဖြင့် တောက်ပလာရင်း တစ်ဆက်တည်းမှာပင် အရွယ်အစားကြီးမားလာသည်။ ထို့နောက် ၎င်းက ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
ထိုစဉ် မန်ဟိုသည် စစ်ရထား၏ တတ်နိုင်စွမ်းသမျှ စွမ်းအားအလုံးစုံကို အသုံးပြုရင်း တရိပ်ရိပ် သွားနေသည်။ မျက်တစ်ခတ်တည်းနှင့် သူကား အဝေးမှ အဝေးကြီးသို့ ရောက်နေခဲ့လေပြီ။ သူ့မှာ နောက်လှည့်ကြည့်ပြီး ဧရာမလက်ကြီးကို မမြင်သောသည့်အခါ စိတ်သက်သာရာရသွား၏။ ထို့နောက် သတ်ဖြတ်လိုစိတ်တို့ သူ၏မျက်လုံးများတွင် တောက်ပလာပြီး စစ်မြေပြင်သို့ ပြန်လှည့်တော့မည့်အချိန် ရုတ်တရက် ထိတ်လန့်စိတ်တို့ဖြင့် မူးချာလည်သွားသည်။
သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြားပြီး ခြောက်ကပ်လာသည်။ ကမ္ဘာကြီးမှာ တိတ်ဆိတ်ငြိမ်းချမ်းနေသယောင်ရှိသည်။ အမှန်တွင် မည်သည့်သက်ရှိမှ မရှိတော့ပေ။
သူက ရှေ့လှမ်းကြည့်ရာ အဝေးတွင် တောင်တန်းတစ်တန်းအား မြင်လိုက်သည်။
“စစ်ရထားရဲ့ စွမ်းအားနဲ့ ငါ အခု ဘယ်လောက်တွန်းပို့ထားသလဲ ထည့်တွက်ရင် ဒီကနေဆို နဂါးငွေ့တန်းပင်လယ်ကို မြင်ရသင့်ပြီ...” သူ၏စိတ်မှာ ချာချာလည်နေပြီး မကောင်းသောခံစားချက်တစ်ခု ရင်ထဲတွင် ပေါက်ဖွားလာသည်။ သူသည် မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ယခုလေးတင် မြင်ခဲ့ရသော တောင်တန်းဆီသို့ အပြေးသွားလိုက်၏။ ထို့နောက် သူ့မျက်နှာ ပျက်သွားသည်။
ထိုအရာများက ... တောင်များမဟုတ်။ ဧရာမတိုင်ကြီးများပင်။
မန်ဟို ခေါင်းနပန်းကြီးသွားသည်။ သူက ထပ်မံလှည့်လိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမရုပ်တုကြီးတစ်ခုကို မေ့ာကြည့်နေမိကြောင်း တွေ့လိုက်ရသည်။
၎င်းသည် မျောက်ရုပ်ဖြစ်ပြီး လှောင်ပြောင်နေသော အမူအရာရှိသည်။
ဂျိန်းခနဲ မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသွားသည်။ ဤအခိုက်အတန့်တွင် ဖြစ်ပျက်သွားခဲ့သော အရာကို နားမလည်ပါလျှင် သူကား မန်ဟိုမဟုတ်တော့ပေ။
“ငါ အဲဒီလှောင်အိမ်ထဲ ရောက်သွားပြီ” သူက မယုံကြည်နိုင်စွာဖြင့် တွေးလိုက်သည်။ သူသည် ယခုလေးတင် တတ်နိုင်သမျှ အရှိန်အကုန်တင်ခဲ့ပြီး မျောက်၏လက်ဝါးကြီးကို ပြတ်ပြတ်သားသား ကျော်လွှားနိုင်ခဲ့သည်။ သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း အဝေးသို့ ထပ်ပြေးရပြန်သည်။ သို့သော် သူ့အတွက် သူ တဝဲလည်လည် ပျံသန်းနေသောနေရာမှာ တောင်ပိုင်းဒေသမဟုတ်ဘဲ လေးထောင့်ကမ္ဘာတစ်ခုဖြစ်နေကြောင်း ဆုံးဖြတ်နိုင်ရန် မကြာလိုက်ပေ။
အရပ်လေးမျက်နှာ၏ တစ်မျက်နှာစီတိုင်းတွင် တိုင်များက သူ့ကို စီးကြိုနေသည်။ အကုန်လုံး၏ အလယ်ဗဟိုတွင် ဧရာမကျောက်မျောက်ရုပ်ကြီး ရှိသည်။ နောက်ဆုံးတော့ မန်ဟို့မျက်နှာ ပျက်ယွင်းသွားတော့၏။
ဤအခိုက်အတန့်တွင် ဂါထာရွတ်သံများသည် အရပ်လေးမျက်နှာမှ သူ့ဆီသို့ စီးမျောလာ၏။ အသံများတွင် စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော စွမ်းအားတချို့ ပါရှိနေသယောင်ပင်။ ၎င်းတို့ ဟိုဟိုသည်သည် မျောလွင့်နေစဉ် ကမ္ဘာကြီးသည် တုန်ခါလာ၏။ ထို့နောက် ဖြစ်ပျက်သွားသောအရာက မန်ဟို့အတွက် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တစ်ကမ္ဘာလုံးကား ... ကျုံ့စပြုလာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် အံ့မခန်းလိလိ ဖိအားကြီးက သက်ရောက်လာသည်။
ကမ္ဘာကြီး ကျုံ့လာလေလေ၊ ဖိအားက ပြင်းထန်လာလေလေ ဖြစ်သည်။ ၎င်းသည် မန်ဟို့ကို တဆတ်ဆတ် တုန်နေစေသော ဖိအားတစ်ရပ်ဖြစ်သည်။ သူ့မှာ တောင်များ သူ့အပေါ် ဖိချနေသည့်အလား ခံစားနေရ၏။
ထိုစဥ် အပြင်လောကတွင် ဆေးလုံးမိစ္ဆာ၊ ခေါင်းဆောင်ကြီးစုန့်နှင့် အခြားသူများမှာ စစ်မြေပြင်ထက်တွင် ထိတ်လန့်လျက် ပျံဝဲနေသည်။ အောက်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများမှာ မျှော်လင့်ချက်မဲ့သွားကြသယောင်ပင်။
လူတိုင်းသည် အဆုံးမရှိသော မိုးကြိုးတန်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည့် လှောင်အိမ်အတွင်းသို့ မန်ဟို ရောက်သွားခဲ့သည်ကို မြင်လိုက်ကြရ၏။
သို့သော် မန်ဟိုမှာ အရွယ်အစားချုံ့ခံထားရပုံပေါ်ပြီး လှောင်အိမ်အတွင်းရှိ စွမ်းအားတစ်မျိုးမျိုး၏ ဖိနှိပ်ခြင်းခံနေရဟန်တူသည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးထဲတွင် အကြင်နာမဲ့သော အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် အရိုးခေါင်းအပိုင်းအစကို သိမ်းပြီး သွေးတစ်ပွက် ထွေးလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ သိသိသာသာ အိုသွားလေပြီ။ ဘိုးဘေးဆင်းတုတော်ကို ယခုလို ခြယ်လှယ်ခြင်းက နက်ရှိုင်းသောပေးဆပ်မှုနှင့်အတူ လာနေသည်။
“ဒီစစ်ပွဲက အသာစီးရလိုက် အရေးနိမ့်လိုက်နဲ့ ဝရုန်းသုန်းကား ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မန်ဟို ဖိနှိပ်ခံလိုက်ရပြီဆိုတော့ တောင်ပိုင်းဒေသရဲ့ စစ်ပွဲ ပြီးဆုံးသင့်ပြီ။ ဒီပိုင်နက်ကို မြောက်ပိုင်းသဲကန္တာရ သိမ်းပိုက်တော့မယ်
“အင်မော်တယ်ကံတရားဟာ သေချာပေါက် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ဆီမှာ ဖြစ်ပေါ်လာလိမ့်မယ်” သူသည် ခေါင်းနောက်လှန်ပြီး ရယ်လိုက်၏။ သူ ပေးဆပ်ခဲ့ရသော တန်ကြေးသည် မန်ဟို ဖိနှိပ်ခံလိုက်ရပြီဖြစ်သည့်အချက်ကို ထည့်တွက်လျှင် တန်လေသည်။
သူ လေပေါ်ပျံတက်၍ ခေါင်းဆောင်ကြီးစုန့်နှင့် ဆေးလုံးမိစ္ဆာကို တိုက်ခိုက်ရန် တန်းတန်းမတ်မတ် ပျံသန်းသွားစဉ် အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူတို့ကို သတ်ပြီးနောက် စစ်ပွဲပြီးဆုံးသွားလိမ့်မည်။
အောက်တွင်တော့ တောင်ပိုင်းဒေသကျင့်ကြံသူများမှာ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ဖြစ်ပြီး မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ စိတ်အားတက်ကြွနေကြ၏။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် ညာသံပေး၍ ချီတက်လာကြလေပြီ။ မျက်စိတစ်မှိတ်အတွင်း တောင်ပိုင်းဒေသမှာ အကျအဆုံး၊ အထိအခိုက်များလာပြီး နောက်သို့တွန်းပို့ခံနေရသည်။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ မန္တန်ဝင်္ကပါ၏အကာအကွယ်နောက်သို့ ပြန်ဆုတ်ရုံသာ ဖြစ်၏။
မန္တန်ဝင်္ကပါများသည် ကြံခိုင်သော်လည်း စိတ်ရိုင်းဝင်နေသော ကျင့်ကြံသူတပ်ဖွဲ့ကြီးတစ်ဖွဲ့လုံးကို ပိတ်ဆို့နိုင်သည်အထိတော့ မကြံ့ခိုင်ပေ။ ဧရာမရွှေတံခါးကြီးသည် ကျင့်ကြံသူထောင်ပေါင်းများစွာ ထမ်းခြင်းပြန်ခံလိုက်ပြန်ပြီ။ လေးခုမြောက်မန္တန်ဝင်္ကပါ ပျက်စီးသွားသည်။ ထို့နောက် သုံးခုမြောက်။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတချို့ သေဆုံးသွားကြသော်လည်း နှစ်ခုမြောက်မန္တန်ဝင်္ကပါလည်း ကျိုးပျက်သွားခဲ့၏။
နဝမတောင်ကား ယခုထက်ထိ ပျောက်ကွယ်မသွားသေး။ အထဲမှ တစ်စုံတစ်ယောက်က ထွက်လာဖို့ ကြိုးစားနေသည့်အလား ၎င်းသည် တဝုန်းဝုန်း မြည်ရင်း ရှိမြဲရှိနေသည်။
တောင်ပိုင်းဒေသကား ကြီးမားသောကပ်ဘေး၏ ခံတွင်းဝသို့ ရောက်ရှိနေလေပြီ။
***