တစ်ချိန်တုန်းက သူ ပြောခဲ့ဖူးတယ်.....
Vol. 57 Ch. 790
လေပေါ်တွင်လည်း နောက်ထပ်ကပ်ဘေးတစ်ခု။
ခေါင်းဆောင်ကြီးစုန့်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ၏ကျန်ရှိသော မျက်လုံးမှာ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏ ဆွဲထုတ်ခံလိုက်ရသဖြင့် ပျက်စီးသွားခဲ့လေပြီ။ မန်ဟို၏ ဒုတိယအစ်အမှန်ကိုယ် အချိန်ဓားဖြင့်သာ ဝင်နှောင့်ယှက်ခဲ့လျှင် သူ သေချာပေါက် ကြွေလွင့်သွားလောက်ပေမည်။
ခေါင်းဆောင်ကြီးစုန့်သည် မျက်စိနှစ်လုံးစလုံး ဆုံးရှုံးလိုက်ရကာ အခြေအနေဆိုးဝါးနေ၏။ ရုတ်တရက် သူ့နဖူးက ကွဲလာပြီး သူ၏အနုသုခုမနတ်ခန္ဓာဖြစ်သော တောက်ပသည့်အလင်းရောင်တစ်ရောင် ပေါ်ပေါ်လာသည်။ သူ့မှာ ရုပ်မျက်စိနှစ်လုံးမရှိတော့သည့်အတွက် ဆက်လက်တိုက်ခိုက်နိုင်အောင် အနုသုခုမနတ်ခန္ဓာကို အသုံးပြုတော့မည်ဖြစ်သည်။
သူ့အနေဖြင့် ခန္ဓာဖောက်ခွဲ၍မဖြစ်ချေ။ တောင်ပိုင်းဒေသအတွက် ယခုလို သေမင်းချောက်ကမ်းပါး၌ မေးတင်နေသော အခိုက်အတန့်တွင် ခန္ဓာဖောက်ခွဲလိုက်ပါက ဆေးလုံးမိစ္ဆာနှင့် မန်ဟို၏ဒုတိယကိုယ်အစစ်ကို လျင်မြန်စွာ ရှုံးနိမ့်သွားစေမည်သာ ဖြစ်သည့်အပြင် တောင်ပိုင်းဒေသကျင့်ကြံသူများ၏ စိတ်ဓာတ်အားမာန်ကိုလည်း ရိုက်ချိုးပစ်မိလိမ့်မည်။
“သေတဲ့အထိ တိုက်ခိုက်မယ်။ ဘာတွေများ အရေးကြီးလို့လဲ” ခေါင်းဆောင်ကြီးစုန့်က တဟားဟားရယ်ရင်း ဆက်လက်တိုက်ပွဲဝင်နေသည်။
ဆေးလုံးမိစ္ဆာ သွေးအန်လိုက်ရသည်။ သူသည် ရန်သူနှစ်ယောက်ကို တိုက်ခိုက်နေရပြီး အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် မည်မျှအစွမ်းထက်သလဲ ထည့်တွက်လျှင် သူ့တစ်ယောက်တည်း မခံနိုင်တော့ပေ။ ကံကောင်းထောက်မစွာနှင့် မန်ဟို၏ဒုတိယကိုယ်အစစ်က အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်နှင့် ဝတုတ်အမျိုးသမီးကို ချုပ်ရင်း ကြားဝင်လာခဲ့သည်။
“ငါ မင်းရဲ့ ကိုယ်အစစ်ကို ဖိနှိပ်ပြီးပြီ မလောက်လေးစားကိုယ်ပွား” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က အေးစက်စက် တစ်ချက်ရယ်ကာ ပြောသည်။ “ထွက်သွားစမ်း”
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာဦးမိုးကြိုးနဂါးပေါ်လာသည်။ ၎င်းသည် တွန်ရင်း မန်ဟို၏ဒုတိယကိုယ်အစစ်ထံ ထိုးဆင်းသွား၏။
မန်ဟို၏ဒုတိယကိုယ်အစစ်က နဂါးကို သွေးအေးအေး ကြည့်လိုက်သည်။ သူ၏ကိုယ်အစစ် ချုပ်နှောင်ခံရပြီးနောက် သူတို့နှစ်ယောက်အကြား ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။ သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်စိတ်ပူနေပါသော်လည်း ရန်သူကို အချိန်ဆွဲရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ပထဝီမြေကြီး တုန်ခါသွားပြီး နဝမတောင်မှ အက်ကွဲသံများ ရုတ်တရက် ကြားလိုက်ရသည်။ ၎င်း ချုပ်ထားသောလူ မကြာခင် လွတ်မြောက်တော့မည့်အလား အက်ကွဲကြောင်းတစ်ကြောင်းက ၎င်း၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ထိုအခိုက်တွင် အုန်းခနဲ အသံကြီးတစ်သံ ရိုက်ညောင်းသွား၏။ တောင်ပိုင်းဒေသ၏ နောက်ဆုံးမန္တန်ဝင်္ကပါကား ဖျက်စီးခံခဲ့ရလေပြီ။
ပြန်ကန်အားက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအား လွင့်ထွက်သွားစေသည်။ သို့သော် တခဏကြာသော် သူတို့က ကောက်ကျစ်ရက်စက်သော မျက်နှာထားများဖြင့် မျက်လုံးကြီးများနီမြန်းလျက် ပြန်ချီတက်လာကြသည်။
တောင်ပိုင်းဒေသကျင့်ကြံသူများမှ နောက်ဆုံးအတိုင်းအတာအထိ ဖိနှိပ်ခံထားရလေသည်။ သူတို့၏ မူလအင်အားနှစ်သိန်းအနက် တစ်ဝက်ပင် မကျန်တော့ပေ။ ယခုတွင် သူတို့သည် နောက်ဆုံးအကြိမ် အသေခံချီတက်ရန် ပြင်နေကြသည်။
“သတ်ပစ်”
မြေကြီးမှာ တသိမ့်သိမ့် လှုပ်ရမ်းနေပြီး သွေးမြစ်တို့ တရဟော စီးဆင်းလျက် ရက်စက်သောတိုက်ပွဲကား အရှိန်အဟုန်ပြင်းထန်နေ၏။
သွေးတွေ များလွန်းလှသဖြင့် ကောင်းကင်ကြီးပင် သွေးရောင်ဟပ်ကာ နီစွေးနေသည်။ သတ်ဖြတ်နေသော စစ်မြေပြင်ကား တောင်ပိုင်းဒေသကို ပြင်းပြင်းထန်ထန် တုန်ခါနေစေသော နောက်ဆုံးတိုက်ပွဲဖြစ်သည်။
လှောင်အိမ်ထဲတွင် မန်ဟိုလည်း ညှင်းပန်းနှိပ်စက်မှုဒဏ်ကို သေလုမြောပါး ခံနေရသည်။ ဖိအား၏အောက်ဝယ် သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ့မှာ သွေးအန်လိုက်ရ၏။ တောင်ပိုင်းဒေသကား ... ကြီးမားသော ရှုံးနိမ့်မှုကြီးကို မည်သို့မျှ ရှောင်လွှဲမရတော့မည့်ပုံပေါ်နေသည်။
ကျင့်ကြံသူများမှာ ကံဆိုးမိုးမှောင်ကျနေသည်။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များမှာ ဘေးကြပ်နံကြပ် ဖြစ်နေသည်။ အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်၏မျက်လုံးများက ယုတ်မာစဉ်းလဲစွာ တောက်ပသွား၏။ တိုက်ပွဲကား အနိုင်ရဖို့ အချိန်အနည်းငယ်သာ လိုတော့သယောင်ပင်။
သို့သော် ဤအခိုက်အတန့်တွင်.....
“တောင်ကျော်” ရှေးဆန်သောအသံတစ်သံက မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။ ၎င်းသည် အရပ်မျက်နှာတစ်ခွင် တိုက်ခတ်သွားသော လေမုန်တိုင်းတစ်လုံးနှင့် တူ၏။
“တောင်ကျော်” ဒုတိယအသံတစ်သံက တူညီသော စကားကို ရေရွတ်ရင်း ထွက်လာသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၌ အလားတူနေရာယူသွားသော ရှေးဆန်ဆန်အသံတစ်သံဖြစ်သည်။
“တောင်ကျော်” အသံများကား နောက်ဆုံးတွင် အရေအတွက် မပြောနိုင်တော့သည့်တိုင်အောင် ထပ်ထွက်လာသည်။ အရာအားလုံး တုန်ခါနေပြီး ကောင်းကင်မှာ ပြိုးပြိုးပြက်ပြက် လက်လာ၏။ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ မျက်နှာအပေါ်၌ အံ့ဩသွားသောအရိပ်အယောင်များ ပေါ်ပေါက်လာသည်။ တောင်ပိုင်းဒေသကျင့်ကြံသူများမှာလည်း ထိုနည်းတူ အံ့အားသင့်နေကြ၏။
လေပေါ်တွင် ခေါင်းဆောင်ကြီးစုန့်နှင့် ဆေးလုံးမိစ္ဆာသည် တအံ့တဩ စိုက်ကြည့်နေသည်။ မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများလည်း ထိုနည်း၎င်း အဝေးသို့ လှည့်ကြည့်လိုက်ကြသည်။
အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာမူ မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။
“တောင်ကျော်” ကြွေးကြော်သံများအလယ်တွင် ပုံရိပ်တစ်သောင်းသည် လေကိုဖြတ်၍ လျှောက်လာရင်း ပေါ်လာ၏။ ၎င်းတို့က ရှေးဟောင်းအငွေ့အသက်ပြည့်ဝနေသော အစိမ်းရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ဤပုံရိပ်များသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလားပင်။ အတော်များများမှာ ပျက်စီးကျိုးပဲ့နေသည်။
ချပ်ဝတ်ထဲတွင် တစ်စက်လေးမျှ အသက်မရှိပုံပေါ်သော ခံစားချက်မဲ့မျက်နှာများအား မြင်ရနိုင်သည်။ ၎င်းတို့ကား ရုပ်သေးရုပ်များ... အစိမ်းချပ်ဝတ်မိစ္ဆာအစောင့်အရှောက်များပင်။
အစိမ်းချပ်ဝတ်မိစ္ဆာအစောင့်အရှောက်တစ်ကောင်စီတွင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံခြင်းအခြေခံရှိကြပြီး ၎င်းတို့ ချီတက်လာစဉ် ပထဝီမြေကြီးမှာ တသိမ့်သိမ့် လှုပ်ရမ်းလာသည်။ ၎င်းတို့အနောက်တွင် အနက်ချပ်ဝတ် ဝတ်ဆင်ထားသော နောက်ထပ်ပုံရိပ်ကိုးဆယ်ရှိသည်။
ပိတ်ပိန်းအောင် မည်းနက်နေပြီး ရစ်သိုင်းလှည့်ပတ်နေသော မိစ္ဆာချီများဖြင့် ... ဤသည်မှာ အနက်ချပ်ဝတ်မိစ္ဆာအစောင့်အရှောက်များဖြစ်၏။
တစ်ကောင်ချင်းစီတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံခြင်းအခြေခံရှိပြီး အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့ ချီတက်လာသည့်အခါ ၎င်းတို့အနောက်၌ ခရမ်းရောင်ချပ်ဝတ်နှင့် ပုံရိပ်ခြောက်ခုအား မြင်ရလိမ့်မည်။
ထိုပုံရိပ်ခြောက်ခုအနက် တစ်ခုစီက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါနှင့် အံ့မခန်းစွမ်းအင်ကို ထုတ်လွှတ်နေသည်။ ၎င်းတို့ ပေါ်လာလျှင်ချင်း မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး မိုးမှောင်ကျလာ၏။
ထိုပုံရိပ်ခြောက်ခု၏အနောက်တွင် ကြေးရောင်ချပ်ဝတ်နှင့် အဘိုးကြီးသုံးယောက်ရှိသည်။ သူတို့၏ဆံပင်များသည် ဖြူဆွတ်နေပြီး မျက်နှာအသွင်အပြင်များက ရှေးကျအိုမင်းနေသည်။ သူတို့ကား နှစ်ပေါင်းမြောက်မြားစွာ နေထိုင်နေခဲ့သည့်အလားပင်။ ဤအဘိုးကြီးများသည်လည်း ကျင့်ကြံသူမဟုတ်ဘဲ ရုပ်သေးရုပ်များ ဖြစ်ချေသည်။ သို့သော် သူတို့ထုတ်လွှတ်နေသော အရှိန်အဝါမှာ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ဖြစ်၏။
အဆိုပါအင်အားတစ်သောင်းက ပေါ်လာသည့်အခါ တူညီသောအရာအား တစ်ခဲနက် ကြွေးကြော်လိုက်ကြသည်။
“တောင်ကျော်”
အသံကြီး ကောင်းကင်ထက်သို့ ရိုက်ခတ်သွားစဉ် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများသည် ရှေးဒဏ္ဍာရီတစ်ပုဒ်အကြောင်း တွေးလာမိကြ၏။
ဒဏ္ဍာရီ၏အဆိုအရ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရသည် ယခုမျိုး တည်ငြိမ်အေးချမ်းခြင်းမရှိခဲ့ပေ။ သူတို့သည် ခဏတိုင်း တစ်ဖက်နှင့်တစ်ဖက် တိုက်ရင်း ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ကြ၏။
ယင်းစစ်ပွဲတစ်ပွဲတွင် အနောက်ပိုင်းသဲကန္တာရသည် အားနည်းသောအခြေအနေတွင် ဖြစ်ကာ တောင်ပိုင်းဒေသက များစွာအင်အားကြီးမားခဲ့သည်။ တောင်ပိုင်းဒေသက အနောက်ပိုင်းသဲကန္တာရကို ကျူးကျော်စီးနင်းခဲ့သည့်အတွက် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ စုပေါင်းပြီး တောင်ကျော်ကင်းစောင့်စစ်သည်တော်များကို ဖန်ဆင်းခဲ့ကြရ၏။ သူတို့၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများမှာ အရာအားလုံး စွန့်လွှတ်စတေးကာ ရုပ်သေးရုပ်များ ဖြစ်လာခဲ့သည်။ သူတို့သည် တောင်ပိုင်းကို အနောက်ပိုင်းမှ ပိုင်းခြားဖို့ တောင်တန်းတစ်တန်းကို ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါတောင်တန်းက အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသကို လုံးလုံးလျားလျား ပိုင်းခြားထား၏။
ထိုအချိန်မှစပြီး ထိုအဆုံးမဲ့တောင်တန်းများကို ... တောင်ကျော်တောင်များဟုခေါ်သည်။
ထို့နောက်ပိုင်း အနောက်ပိုင်းသဲကန္တာရသည် ဩဇာအာဏာကျဆင်းလာခဲ့ပြီး ခရမ်းပင်လယ်ရောက်လာခဲ့သည်။ ထိုနေရာတွင် တာအိုရှာဖွေခြင်းအဆင့်ပညာရှင်တစ်ယောက်မှ ပေါ်ထွန်းမလာတော့ရာ တောင်ပိုင်းဒေသနှင့်ဆက်ဆံရေးများ တဖြေးဖြေး တည်ငြိမ်လာခဲ့၏။
“တောင်ကျော်ကင်းစောင့်စစ်သည်တော်တွေ”
“အဲ့ဒါ အနောက်ပိုင်းသဲကန္တာရရဲ့ တောင်ကျော်ကင်းစောင့်စစ်သည်တော်တွေပဲ” ဤတပ်ဖွဲ့အသစ်၏ ပေါ်ပေါက်လာမှုကက တောင်ပိုင်းဒေသကျင့်ကြံသူများကို လုံးဝထိတ်လန့်သွားစေသည်။ အထူးသဖြင့် တောင်ကျော်ကင်းစောင့်စစ်သည်တော်များမှာ ရန်သူလား၊ မိတ်ဆွေလား မသေချာ၍ပင်။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများလည်း မထူးခြားနား။ တတိယအင်အားစု ရုတ်တရက် ရောက်ရှိလာခြင်းက သူတို့အား အံ့အားသင့်သွားစေသည်။
ဤအခိုက်အတန့်တွင် တောင်ကျော်ကင်းစောင့်စစ်သည်တော်များအနောက်မှ ချီတက်လာနေသော လူပေါင်းထောင်ချီအား မြင်ရနိုင်သည်။ သူတို့သည် ရိုးရိုးသာမန်အဝတ်အစားများ ဝတ်ထားကြပြီး ခက်ထန်ကြမ်းတမ်းမည့်ပုံရ၏။ သူတို့သည် လူရိုင်းများအလား အရိုင်းဆန်သောအမူအရာများရှိပြီး ဆံပင်များက အကြမ်းပတမ်း လွင့်နေကြသည်။
သူတို့၏သွေးကြောများမှာ ခေတ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော သွေးများစီးဆင်းနေသည့်အလား ရှေးဆန်သောအငွေ့အသက်ကိုလည်း ပေးစွမ်းနေသည်။ ဤလူများသည် ... ရွှေကျီးကန်းမျိုးနွယ်စု၊ အရိုင်းမီးတောက်မျိုးနွယ်စု၊ မိစ္ဆာလိပ်ပြာမျိုးနွယ်စုနှင့် တိမ်ကောင်းကင်မျိုးနွယ်စုတို့ ဖြစ်ကြ၏။
အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်ဖြစ်လာခဲ့စဉ် မျိုးနွယ်စုများမှာ အနက်ရောင်နယ်မြေသို့ ပြောင်းရွှေ့ခဲ့ကြပြီး ဤလူများကား အနက်ရောင်နယ်မြေ၏ စစ်သည်တော်မျိုးနွယ်စုများဖြစ်ပေသည်။
“တာအိုရောင်ရင်းဆေးလုံးမိစ္ဆာ၊ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုပ်တို့ ခင်ဗျားအပေါ် ကျေးဇူးအကြွေးတင်ခဲ့တယ်။ တာအိုရောင်ရင်းမန်ဟို၊ ကျုပ်တို့ ခင်ဗျားကို ကူတိုက်ပေးဖို့ ရောက်လာခဲ့ပြီ”
“ခေါင်းဆောင်ကြီးမန်ဟို၊ ကျွန်တော်တို့ ရောက်ပြီ”
“အတိတ်တုန်းက ကျုပ်တို့နဲ့ တောင်ပိုင်းဒေသကြားမှာ ကတောက်ကဆတွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ဒါပေမဲ့ ခရမ်းပင်လယ်ကပ်ဘေး ရောက်ရှိလာတော့ တောင်ပိုင်းဒေသဟာ အနောက်ပိုင်းဒေသကို အနက်ရောင်နယ်မြေတွေသိမ်းပိုက်ခွင့်ပေးခဲ့ပြီး မနှောင့်ယှက်ခဲ့ဘူး။ ဒုက္ခပေးဖို့ ကျုပ်တို့အခြေအနေကိုလည်း အခွင့်ကောင်းမယူခဲ့ဘူး။ အဲဒီလိုကျေးဇူးမျိုးကို .... ဒီကနေ့ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ ပြန်ဆပ်မယ်”
“ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကျော်ကင်းစောင့်စစ်သည်တော်တွေနဲ့ တိုင်ပင်ပြီးဖြစ်တဲ့အပြင် ခေါင်းဆောင်ကြီးတွေလည်း သဘောတူတယ်။ ကျွန်မတို့ မြောက်ပိုင်းသဲကန္တာရကို တောင်ပိုင်းဒေသကနေ မောင်းထုတ်နိုင်အောင် ကူညီပေးမယ်”
အသံများ တောင်ပိုင်းဒေသကျင့်ကြံသူများနှင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏နားထဲ ရောက်လာသောအခါ အကုန်လုံး အံ့ဩမှင်သက်သွားကြသည်။
တောင်ပိုင်းဒေသကျင့်ကြံသူများမှာ တုန်ရီနေကြသည်။ သူတို့သည် ယခုလို ချောက်ထဲကျအံ့ဆဲဆဲ ဖြစ်နေသည့်အချိန် အနောက်ပိုင်းသဲကန္တာရမှ ... ကူညီဖို့ တပ်ဖွဲ့များ စေလွှတ်ပေးလိမ့်မည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။
မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများလည်း တုန်ရီနေသည်။ တိုက်ပွဲနိုင်ခါနီးမှ နောက်တစ်ဖန် ပြောင်းပြန်ဖြစ်သွားပြန်လေပြီ။
ဤအချိန်မှာပဲ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏အနောက်၌ ...သားရဲရိုင်းသိန်းချီအား မြင်လိုက်ရသည်။
သားရဲများသည် လက်ဖျားခါလောက်အောင်တော့ အစွမ်းမထက်သော်လည်း သူတို့၏အမြန်နှုန်းနှင့် အရေအတွက်မှာ ကောင်းကင်ကို မှောင်မိုက်သွားစေရန် လုံလောက်၏။ သားရဲများအား ကြိုးကိုင်နေသော မိစ္ဆာသားရဲသခင်အမြောက်အမြားအား မြင်ရနိုင်ပြီး သူတို့သည် ဘယ်တောင်ပံနှင့်ညာတောင်ပံစစ်နှစ်ကြောင်း ခွဲရင်း စစ်မြေပြင်သို့ ချီတက်လာကြကာ တောင်ပိုင်းဒေသကျင့်ကြံသူများနှင့်အတူ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအား ဝိုင်းလိုက်ကြ၏။
တောင်ပိုင်းဒေသကျင့်ကြံသူများမှာ ချက်ချင်း စစ်သွေးကြွသွားပြီး သဲကြီးမဲကြီး တိုက်ခိုက်လာကြတော့သည်။
ခေါင်းဆောင်ကြီးစုန့်က တဆတ်ဆတ် တုန်လျက် ခေါင်းနောက်လှန်ပြီး ရယ်မောလေသည်။ ဆေးလုံးမိစ္ဆာလည်း စိတ်နှလုံးလှုပ်ရှားသွားပုံရသည်။ သူသည် အတိတ်တုန်းက အနောက်ပိုင်းသဲကန္တာရကို မကြာခဏ တိတ်တဆိတ် ကူညီပေးရင်း ကောင်းကောင်းဆက်ဆံခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဟိုးရှေးရှေးတုန်းက ဆရာကြီးဇီတုန်သည် အနောက်ပိုင်းသဲကန္တာရနှင့် ကောင်းမွန်သောဆက်ဆံရေး ပိုင်ဆိုင်ခဲ့၍ပင်။
ယခုတွင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ ရောက်လာပြီဖြစ်ရာ တောင်ပိုင်းဒေသကား သေမင်းချောက်နှုတ်ခမ်းမှ ဆွဲတင်ခံလိုက်ရလေပြီ။
အထူးသဖြင့် တောင်ကျော်ကင်းစောင့်စစ်သည်တော်များ၏ တည်ရှိမှုကြောင့်ဖြစ်သည်။ သူတို့ စစ်မြေပြင်ကို ရောက်သည်နှင့် ကြေးချပ်ဝတ်အဘိုးကြီးများသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များ၏ တိုက်ပွဲထံ ပျံတက်သွားကြ၏။
“သောက်ချီးတဲ့မှ” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ “မင်းတို့ အနောက်ပိုင်းသဲကန္တာရလူရိုင်းတွေ သေချင်နေတာပဲ” သူက တောင်ကျော်ကင်းစောင့်စစ်သည်တော်များအနက် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် အနောက်ပိုင်းသဲကန္တာရရုပ်သေးရုပ်သုံးရုပ်ထဲမှ တစ်ရုပ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော တိုက်ပွဲက အရာအားလုံးကို တုန်ခါသွားစေသည်။
မဟာနယ်မြေကြီးသုံးခုကား တိုက်ပွဲဝင်နေလေပြီ။ အနောက်ပိုင်းသဲကန္တာရ ၊ တောင်ပိုင်းဒေသ ၊ မြောက်ပိုင်းသဲကန္တာရ ။
တိုက်ပွဲအရှိန်အဟုန် မြင့်တက်နေသည်နှင့်အမျှ ကောင်းကင်သည် မည်းမှောင်လာ၏။ မြေပြင်သည် စိစိညက်ညက် ကြေနေပြီး လေထုလည်း ပုံပျက်ရှုံ့တွနေသည်။ အထက်ကောင်းကင်မှာ စုတ်ပြဲသွားကာ ကြယ်အစုအဝေးတစ်စုကို တစ်ပိုင်းတစ ဖော်ပြလိုက်သည်။ တောင်ကောင်းကင်ဂြိုဟ်မှာ ဝင်ရိုးစောင်းသွားခဲ့သည့်အလား တစ်ဂြိုဟ်လုံး တုန်ခါနေတော့သည်။
ပုံမှန်ဆိုလျှင် ဤနယ်မြေသုံးခု ယခုလိုစစ်ဆင်နွှဲနေခြင်းနှင့် တောင်ကောင်းကင်ဂြိုဟ်၏ အခြေခံအုတ်မြစ်ကို တုန်ခါနေစေခြင်းအား ဟန့်တားဖို့ ကျီမျိုးနွယ်စုဝင်ရောက်လာမှာ ဖြစ်သည်။ သို့သော် ယခုတော့ ... ကျီမျိုးနွယ်စုကား ‘ဖုတ်လေတဲ့ငါးပိ ရှိသည်ဟုပင်မထင်’ သည့်အလား ပြုမူနေသည်။ ကျီမျိုးနွယ်တစ်ယောက်မှ ပေါ်မလာခဲ့ပေ။
တိုက်ပွဲ၏ တအုန်းအုန်း တဂျုန်းဂျုန်းသံများ အလယ်တွင် သားရဲများ၊ ကျင့်ကြံသူများသည် တစ်ဖက်နှင့်တစ်ဖက် ရန်လိုစွာ သတ်ဖြတ်နေကြ၏။ တောင်ပိုင်းဒေသ၊ အနောက်ပိုင်းသဲကန္တာရနှင့် မြောက်ပိုင်းသဲကန္တာရတို့ကား အသေအလဲ တိုက်ခိုက်နေကြသည်။ လောလောဆယ်တွင် မည်သူအသာစီးရနေသလဲ ပြောဖို့ ခက်၏။
မြေပြင်တွင် သွေးတို့ တသွင်သွင် စီးနေပြီး ရက်စက်သောတိုက်ပွဲမီးတောက်များက နေရာအနှံ့ တောက်လောင်နေသည်။ မချိတင်ကဲ အော်သံများ ပျံ့လွင့်လာပြီး မရေမတွက်နိုင်သော အလောင်းများ မြေကြီးအပေါ် အတုံးအရုံး လဲကျကြသည်။ မြင်မြင်သမျှ သွေးရောင်ခြယ်လျက်၊ ကောင်းကင်တစ်ခွင် မှောင်မိုက်လျက် ... လူတိုင်းသည် သွေးသံရဲရဲသားသတ်ရုံကြီးတွင် နစ်မြောသွားသည့်အလားပင်။ တစ်ခုသောလုပ်စရာကား သတ်ဖို့နှင့် ... ဆက်သတ်နေဖို့သာ။
လေလယ်တွင် မြောက်ပိုင်းသဲကန္တာရတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးယောက်သည် တောင်ပိုင်းဒေသကျင့်ကြံသူသုံးယောက် ၊ အနောက်ပိုင်းသဲကန္တာရပညာရှင်သုံးယောက် ... စုစုပေါင်းခြောက်ယောက်နှင့် တိုက်ခိုက်နေ၏။ သူတို့၏တိုက်ပွဲက ခေါင်းအထက်ရှိ ကောင်းကင်ကို တုန်ခါနေစေရာ ကျီမျိုးနွယ်စု၏ကောင်းကင်သည် လွင့်ပါးပျောက်ကွယ်ကာ ရှေးခေတ်အခါက ကြယ်တာရာကောင်းကင်အစစ်အမှန်ကို လှစ်ဟပြလာသည်။
တခြားအချိန်အခါတွင်ဆိုလျှင် ကျီမျိုးနွယ်စုကား ဤကဲ့သို့အရာမျိုးကို ဘယ်တော့မှ ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ သို့ရာတွင် ယခုတော့ ... ကျီကောင်းကင်မှာ ဖျက်စီးလိုက်ရလေပြီ။ သူတို့သည် သူတို့၏စောင့်ရှောက်သူကို ဆုံးရှုံးလိုက်ရသဖြင့် လက်ရှိကောင်းကင်အား ဧရာမဝဲကြီးတစ်ခုအဖြစ် ပုံပျက်တွန့်လိမ့်လာစေသည်။
လည်နေသော ဝဲကြီးကား ကြယ်တာရာကောင်းကင်တစ်ခုကို ဖွဲ့တည်နေသော မျက်လုံးကြီးတစ်လုံးနှင့်တူသည်။
ခရမ်းပင်လယ်သည် တဖွေးဖွေး လှုပ်လာပြီး နဂါးငွေ့တန်းပင်လယ်လည်း အော်မြည်လာသည်။ ငလျင်လှိုင်းကြီးက မည်မျှကြီးမားသလဲ ဆိုလျှင် ယခုတွင် ပင်လယ်နှစ်စင်း ထိစပ်နေသောနေရာ၌ .... ခရမ်းပင်လယ်ကြီးက နဂါးငွေ့တန်းပင်လယ်ထဲသို့ စိမ့်ဝင်စီးဆင်းနေသည်ကို မြင်လာရသည်အထိ ဖြစ်၏။ ရုတ်ခြည်း အံ့မခန်းလိလိ ပြောင်းလဲမှုများ ဖြစ်ပေါ်စပြုလာသည်။
ပြောင်းလဲမှုများမှာ ၎င်းတို့ချည်းသက်သက်နှင့်တင် အံ့အားသင့်ဖွယ်ကောင်းနေသော်လည်း ပို၍ပင် မှင်သက်စရာကောင်းသည်ကား ..... စစ်မြေပြင်တွင် စီးနေသော သွေးတို့က မြေကြီးထဲ စိမ့်မဝင်ဘဲ နဂါးငွေ့တန်းပင်လယ်ထဲသို့ ဖြေးညင်းစွာ စီးဆင်းသွားနေခြင်းပင်။
တစ်ခါက သွေးမိစ္ဆာဂိုဏ်းဖြစ်ခဲ့သော မြေများသည် ယခုတွင် နဂါးငွေ့တန်းပင်လယ်ထဲ ဝင်ရောက်နေသော သွေးများဖြင့် ပြည့်လာ၏။ ခရမ်းပင်လယ်လည်း စိမ့်ဝင်လာနေသည်ကို ထည့်တွက်လျှင် နဂါးငွေ့တန်းပင်လယ်ကား ..... ပေါက်ကွဲလာသည်။
ဤအခိုက်အတန့်တွင် ခပ်သဲ့သဲ့အသံတစ်သံက နဂါးငွေ့တန်းပင်လယ်ထက်၌ ထွက်လာသည်။
“တစ်ခါတုန်းက သူ ပြောဖူးခဲ့တယ် ... ကောင်းကင်မှာ ဝဲမျက်လုံးပေါ်လာရင်၊ ကြာတွေ အသွင်ပြောင်းရင်၊ အင်မော်တယ်နဲ့ နတ်ဆိုးအကြား ကွာခြားမှုတစ်ခုရှိလာရင် ကြာပန်းပြာ ပေါ်လာလိမ့်မယ် ....ပြီးတော့ အခု....
“ကြယ်တွေကို မြင်ရပြီး ကျင့်ကြံသူသန်းပေါင်းစွာနဲ့ သွေးတွေ လွတ်လပ်စွာ စီးဆင်းနေခဲ့ပြီ။ ဝဲမျက်လုံးဟာ ကောင်းကင်ထက်မှာ ဖြစ်ပေါ်လာခဲ့ပြီ
“အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်း နဲ့ အကန့်အသတ်မဲ့ ခရမ်းပင်လယ်ကြီးဟာ ကြာရဲ့ပြောင်းလဲမှုတွေကို ဖုံးကွယ်ထားခဲ့တယ်
“မိုးကောင်းကင်ဟာ ပူဆွေးနေတဲ့ဝိညာဉ်အပေါင်းနဲ့ ပြည့်နှက်ရင်း မလှုပ်ရှားနိုင်တော့အချိန် ငါ ... ကြာပန်းပြာကို မြင်ချင်မိတယ်
“ကျင့်ကြံသူသန်းပေါင်းများစွာရဲ့ သွေးတွေကို ရွှံ့နွံအဖြစ် ပြောင်းလဲမယ်။ ခံပြင်းနေတဲ့ဝိညာဉ်တွေအကုန်လုံးကို နှုန်းအနည်အဖြစ် ပြောင်းလဲမယ်။ အဆုံးမဲ့သွေးရွှံ့နွံကနေ ပြစ်မျိုးမှဲ့မထင် သန့်ရှင်းစင်ကြယ်စွာနဲ့ ... ငါ ထွက်လာလေမယ်။ ငါဟာ ... ရှင်သန်ခြင်းနှင်းပန်းခန္ဓာကို ဖယ်ခွာပြီး ကြာပန်းပြာ ဖြစ်လာတော့မယ်”
{knowledge: ကွန်ဖြူးရှပ်ပညာရှင်ကျိုးသွဲ့ရီက ဆိုမိန့်ခဲ့ဖူးပါတယ် ‘ရွှံနွံထဲက ပေါက်ဖွားလာတဲ့ ကြာကို ကျုပ် မြတ်နိုးတယ် ... ဘယ်အရာမှ စွန်းထင်းနေခြင်းမရှိတဲ့အတွက်’}
***