မဟာတာအို၏ ဩဇာသံ
Vol. 57 Ch. 791
နဂါးငွေ့တန်းပင်လယ် ခရမ်းပင်လယ်နှင့်ပေါင်းစည်းသွားသောအခါ အရောင်ပြောင်းသွားသည်။ ပြောင်းသွားသောအရောင်ကား မဲနယ်ရောင်။
ရေပြင်သည် တဖွေးဖွေး လှုပ်နေပြီး အမြှုပ်တစီစီ ထနေသော လှိုင်းလုံးများသည် ရုတ်တရက် ဆံပင်နွယ်များသဖွယ် ပင်လယ်ထဲမှ မြောက်တက်လာသည်။
တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရကို ဆက်သွယ်ပေးထားသော ဧရာမရှင်သန်ခြင်းနှင်းပန်းတံတားကြီးသည် ကောက်ကာငင်ကာ တုန်ခါလာခဲ့၏။ ထို့နောက် တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရ၏ ကမ်းခြေနှစ်ဖက်လုံး၌ အခြေကုပ်ထားသော နွယ်နှာမောင်းလက်တံများ ပြန်ဆုတ်သွားသည်။
၎င်းတို့မှာ နဂါးငွေ့တန်းပင်လယ်၏မျက်နှာပြင်သို့ ပြန်ဆွဲခေါ်ခံရကာ ... ကြောက်ခမန်းလိလိ ရှင်သန်ခြင်းနှင်းပန်းပင်ကြီး ဖြစ်လာသည်။
ခုနစ်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း။
ရှင်သန်ခြင်းနှင်းပန်းကား ပွင့်လန်းနေပြီး ၎င်း၏အရောင်များသည် နဂါးငွေ့တန်းပင်လယ်၏ အရောင်ပြောင်းလဲမှုနှင့်အတူ မှေးမှိန်ပျောက်ကွယ်လာနေ၏။ ၎င်းက ယခုတွင် မဲနယ်ရောင်ကြာတစ်ပွင့်၏အသွင်ကို ဆောင်နေချေပြီ။
အသွင်ပြောင်းခြင်းဖြစ်စဉ်သည် တစ်ဂြိုဟ်လုံး၏စွမ်းအင်ကို အရူးအမူးလိုချင်နေသကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ မကုန်ခမ်းနိုင်သော စိတ်ဝိညာဉ်စွမ်းအင်များက ရှင်သန်ခြင်းနှင်းပန်းဖြစ်ခဲ့ဖူးသော အပြာရောင်ကြာပန်းဆီသို့ စီးမျောဝင်ရောက်လျက်ရှိသည်။
အရောင်များ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်နေပြီး လေများ တဝေါဝေါ အော်မြည်နေသည်။ ကျီမျိုးနွယ်စုမှာ ဤအဖြစ်အပျက်များကို ချက်ချင်း သတိပြုမိသွားပြီး မျိုးနွယ်ဝင်အကုန်လုံး စိတ်နှလုံးတုန်လှုပ်သွားကြ၏။
တောင်ပိုင်းဒေသတွင် သာမန်ကျင့်ကြံသူများမှာ သူတို့၏ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ အနည်းငယ်လျော့ကျသွားသည်ထက်ပိုပြီး မသိကြပေ။ သို့သော် လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများမှာ နဂါးငွေ့တန်းပင်လယ်ရှိရာဘက်တွင် ဖြစ်ပွားနေသော အံ့ဖွယ်အပြောင်းအလဲများကို သတိထားမိလိုက်၏။
မြောက်ပိုင်းသဲကန္တာရ၏ နံပါတ်တစ်အစွမ်းထက်ဆုံးပုဂ္ဂိုလ် ၊ အင်ပါယာသွေးမျိုးနွယ်စုခေါင်းဆောင်မှာ ထိတ်လန့်သွားသည့်ပုံမပေါ်အောင် က္ကန္ဒြေမဆည်လိုက်နိုင်ပေ။ မြောက်ပိုင်းသဲကန္တာရမှ ကျန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များလည်း အံ့အားသင့်နေကြသည်။ ယခုတွင် ရှင်သန်ခြင်းနှင်းပန်းတံတား ပျောက်ကွယ်သွားခဲ့ပြီဖြစ်၍ သူတို့အတွက် မြောက်ပိုင်းသဲကန္တာရသို့ အပြန်လမ်းမရှိတော့ပေ။
“သေစမ်း” သူတို့အားလုံး မျက်နှာပျက်သွားကြသည်။
ဆေးလုံးမိစ္ဆာနှင့် ခေါင်းဆောင်ကြီးစုန့်တို့မှာမူ သတ်ဖြတ်လိုစိတ်ဖြင့် မျက်လုံးများ ဝင်းဝင်းတောက်သွားသည်။ ရှင်သန်ခြင်းနှင်းပန်း ဘာကြံနေသလဲ သူတို့မသိပေ။ ယခုအချိန်တွင် အရေးအကြီးဆုံးက မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို သတ်ဖို့ဖြစ်သည်။
မိုးပြိုကျလာလျှင်တောင်မှ သူတို့သည် ယခင်အတိုင်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေဦးမည်သာ။
ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး တိုက်ပွဲကား ဆက်လက်ပြင်းထန်နေသည်။ မြောက်ပိုင်းသဲကန္တာရ၊ တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရ အင်အားစုသုံးစုလုံး ညှာတာခြင်းမရှိ တိုက်ခိုက်နေကြသည်။ လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိက်အဆင့်ပညာရှင်များလည်း ထိုနည်းတူပင်။ အနောက်ပိုင်းသဲကန္တာရမှ အင်အားထည့်ပေါင်းလာခြင်းကြောင့် တိုက်ပွဲသည် ဘက်ညီမျှသွား၏။
ယခု ၎င်းကား တရားသောစစ်ပွဲတစ်ပွဲ ဖြစ်လာခဲ့လေပြီ။
သို့သော် စစ်သည် တောင်ပိုင်းဒေသကျင့်ကြံသူအပေါင်း၏အိမ် ၊ တောင်ပိုင်းဒေတွင် ဖြစ်ပွားနေခြင်းမဟုတ်ပါလော။ ဤအတိုင်း ဆက်သွားနေလျှင် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ မုချ ရှုံးလိမ့်မည်။
ကံဆိုးသည်ကား တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရမှာ ဤစစ်ပွဲကို အနိုင်ရဖို့ အလွန်ကြီးမားသောအဖိုးအခကို ပေးဆပ်ရပေမည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ အနိုင်ရမှဖြစ်မည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ဖျက်စီးခံခြင်းထက်တော့ တော်သေး၏။
“သတ်ပစ်”
မြေငလျင်တို့ လှုပ်ခတ်နေပြီး သွေးများ အရပ်မျက်နှာတစ်ခွင် စီးဆင်းနေသည်။ ကောင်းကင်သည် ပေါက်ပြဲနေလျက်ရှိကာ လေကြမ်းကြမ်းများ သောင်းကျန်းတိုက်ခတ်နေ၏။ တောင်ကောင်းကင်ဂြိုဟ်၏ လည်နေခြင်းပင် လွှမ်းမိုးခံနေရသည်။
တကယ်တမ်း တောင်ပိုင်းဒေသ၏တချို့နေရာများတွင်ဆိုလျှင် ငလျင်က အလွန်ပြင်းထန်လှသဖြင့် မြေတို့ပင် ပြိုကျလာရာ နဂါးငွေ့တန်းပင်လယ်ရေများအား တရဟော ဝင်ရောက်လာစေသည်။
ထိုစဉ် အင်ပါယာသွေးဆက်မျိုးနွယ်စု၏ ဘိုးဘေးဆင်းတုတော်သည် ရှေးဆန်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း လေလယ်တွင် ပျံဝဲနေ၏။ မန်ဟိုမှာ သူ့တစ်ဘဝလုံးတွင် ရင်ဆိုင်ခဲ့ဖူးသမျှထဲ အလေးနက်ဆုံးအန္တရာယ်ကို ရင်ဆိုင်နေရလေသည်။
လှောင်အိမ်ကမ္ဘာမှာ ကျုံ့လာနေသည်။ ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံးမှာ မီတာသုံးသောင်းအကျယ်သာ ရှိတော့ကြောင်း သူ မြင်လိုက်ရ၏။
ကြီးမားသောဖိအားကြီးကား သူ့ကို လှုပ်မရအောင် ချုပ်ရင်း သူ့အပေါ် သက်ရောက်နေသည်။
သွေးတို့ သူ့ပါးစပ်မှ စီးကျလာသည်။ သူသည် နတ်ဘုရားစွမ်းရည်များ ဆင့်ခေါ်ရန် မုဒြာလက်ကွက်ဖော်လိုက်၏။ သွေးမိစ္ဆာမဟာမှော်သိုင်းက သူ ချုပ်နှောင်မှုကို ချိုးဖျက်နေစဉ် ဝုန်းဒိုင်းကြဲနေသည်။ သို့သော် မည်သည့်အရာမှ အလုပ်မဖြစ်ပေ။ စွမ်းအားမည်မျှထုတ်လွှတ်စေကာမူ သူ၏ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမရှိ။
မီတာသုံးသောင်းကမ္ဘာ မီတာနှစ်သောင်းခွဲဖြစ်လာပြီး ဆက်လက်ကျုံ့လာသည်ကို သူ့မှာ မျက်လုံးများပြူးကျယ်လျက်သာ ကြည့်နေနိုင်တော့သည်။
“သေစမ်း” သူ၏မျက်လုံးများ နီရဲနေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံအလုံးစုံကို စုစည်းရင်း လေပေါ်ပျံတက်ကာ အပေါက်ဖောက်ပြီး ထွက်သွားရန် မျှော်လင့်ချက်များဖြင့် ကောင်းကင်သို့ တဟုန်ထိုးတက်သွားသော ကြယ်တံခွန်ကြီးအသွင်ပြောင်းသွား၏။
ဘုန်း
မန်ဟို၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သွေးတစ်လုပ်အန်လိုက်ရသည်။ သူသည် ချုပ်နှောင်မှု၏ စွမ်းအားကို မြူမှုန်လေးမျှ ယုတ်လျောသွားစေခြင်းငှာ မတတ်နိုင်ခဲ့ဘဲ မြေကြီးနှင့်ပြန်မိတ်ဆက်သွားသည်။
ကမ္ဘာသည် ဆက်လက်ကျုံ့လာနေသည်။ ယခုတွင် မီတာနှစ်သောင်းသာ ရှိတော့လေပြီ။
မန်ဟို့ခေါင်းက ဆတ်ခနဲ ထောင်လာသည်။ သူ၏ဆံပင်များက စုတ်ဖွာနေပြီး သူ၏ခန္ဓာကိုယ်မှာ တဂျွတ်ဂျွတ် မြည်နေသည်။ သူသည် စောစောက စုပ်ယူခဲ့သောစွမ်းအား ချီနှင့်သွေးအကုန်လုံးကို ယူ၍ သူ၏ညာဘက်တွင် စုစည်းစေကာ ... သူ ထုတ်လွှတ်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးလက်သီးကို ဖန်တီးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက စုပ်ယူခဲ့သော ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ညာလက်တွင် စုဆုံလိုက်သဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် အံ့ဖွယ်ဂယက်များဖြင့် ပေါက်ကွဲလာတော့၏။
“ဝိညာဉ်တွေ” မန်ဟိုက ဟိန်းဟောက်လိုက်ပြီး ရုန်းကန်နေသော ဝိညာဉ်အမြောက်အမြား စူးစူးဝါးဝါး အော်လျက်ထွက်လာသည်။ ဝိညာဉ်သိန်းပေါင်းများက ကောင်းကင်ကို ဖုံးကွယ်သွားသည်။ ထို့နောက် မန်ဟို၏လက်သည် ဝိညာဉ်များကို စတင်စုပ်ယူနေသော တွင်းနက်ကြီးတစ်တွင်း ဖြစ်လာ၏။
ယခုတွင် သူ၏လက်သီးတွင် သူ ဆင့်ခေါ်နိုင်သမျှထဲ အထွတ်အထိပ်ဆုံးသော ကြောက်မက်ဖွယ်အဖျက်စွမ်းအားတစ်ရပ် ပါရှိနေလေပြီ။ သူက လေပေါ် ပျံတက်ပြီးနောက် သူ့ပတ်ပတ်လည်ရှိ အချုပ်အနှောင်များကို ထိုးချလိုက်သည်။
ကြီးမားသော ပေါက်ကွဲမှုကြီးက တစ်လောကလုံးကို တုန်ခါသွားစေသည်။ အချိန်သည် ရပ်သွားပြီး တစ်ကမ္ဘာလုံးကို စုပ်ယူနိုင်ပုံရသော ဧရာမဝဲကြီးတစ်ခု ပွင့်ထွက်လာသည်။
ကောင်းကင်နှင့်မြေကြီးသည် ပုံပျက်ရှုံ့တွလာပြီး အက်ကွဲသံများ ကြားရနိုင်၏။ အချုပ်အနှောင် ပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာစဉ်.... ကမ္ဘာ၏အလယ်ရှိ ကျောက်မျောက်ကြီးက ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။ ထူးဆန်းသောအလင်းရောင်တစ်ရောင် ဖြာထွက်လာကာ တစ်ကမ္ဘာလုံးကို ဝန်းရံလိုက်၏။
အရာအားလုံး အေးခဲလာသယောင်ပင်။
ဝုန်း
တွင်းနက်ကြီး ပျက်စီးပြီး ပုံပျက်မှုများ ပျောက်ကွယ်သွားသည်။
မန်ဟိုမှာ သွေးတချို့ အန်၍ နောက်ဆုတ်လိုက်ရ၏။ ကမ္ဘာကြီးမှာ အလွန်ကျုံ့လာနေသည့်အတွက် သူ့အပေါ် သက်ရောက်နေသော ဖိအားမှာ နှစ်ဆတိုးသွားသည်။ သူ့မှာ သွေးများထပ်မံ အန်လိုက်ရသည်။
ရှေးဆန်သောအသံကြီးတစ်သံက ကျောက်ရုပ်ကြီးထံမှ ပဲ့တင်ထပ်လာသည်။
“အင်မော်တယ်တွေရဲ့ ကမ္ဘာက ဖရိုဖရဲဖြစ်မှုအားလုံးရဲ့ ဇစ်မြစ်ပဲ။ အင်မော်တယ်တွေက သေကြေပျက်စီးမှုအားလုံးရဲ့ ဇစ်မြစ်ပဲ။ အင်မော်တယ်နယ်ပယ် ချိတ်ပိတ်ခံရပါစေ။ အင်မော်တယ်တွေ ဖိနှိပ်ချုပ်ချယ်ခံရပါစေ”
ဖိအားသည် ပို၍ပြင်းထန်လာပြီး မန်ဟိုမှာ အရိုးကျိုးသံများကို ကြားလိုက်ရသည်။
တခြားသူများဆိုလျှင် ဤအခြေအနေတွင် စိစိညက်ညက်ကြေသွားလောက်လေပြီ။ သူ့မှာ လက်ဖျားခါလောက်အောင် ခွန်အားကြီးသောအပြင်အားကိုယ်ကြောင့်သာ တောင့်ခံနိုင်ခြင်းဖြစ်၏။
“လီးစကားတွေ လာပြောနေတာလား” သူက ပြောသည်။ ကျောက်မျောက်၏ပြောစကားမှာ သူ့အတွက် အဓိပ္ပာယ်တစ်စက်မှ မရှိပေ။ သို့သော် သူ၏မျက်လုံးများသည် နီရဲတွတ်သွားပြီး သူ့နှလုံးအိမ်တွင် ခံစားနေရသော အသတ်အဖြတ်စိတ်ဆန္ဒမှာ ဆက်လက်၍အားကောင်းလာသည်။ ဤချုပ်နှောင်လှောင်အိတ်ထဲတွင် ပိတ်မိနေခြင်းက သူ့ကို အမှန်တကယ် ကူကယ်ရာမဲ့စေ၏။
“ငါ စောစောက နည်းနည်း အားနည်းသွားတယ်” သူက တွေးသည်။ “ဒီကျောက်မျောက်ရဲ့အကြည့်က ငါ ဘာလုပ်လုပ် သဲထဲရေသွန်သလို ဖြစ်အောင်လုပ်နေတယ်။ ငါ့မှာ လှောင်အိမ်ကနေ ဖောက်ထွက်ဖို့ အစွမ်းအစမရှိပေမယ့် ... စွမ်းအားတချို့တော့ ငှားယူနိုင်တယ်” သူ၏မျက်လုံးများတွင် ရုတ်တရက် ခိုင်မာပြတ်သားမှုတို့ တောက်ပလာသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ဖောက်ထွက်ဖို့ အသည်းအသန် မကြိုးစားတော့ပေ။ ထိုအစား မျက်ဝန်းများ၌ နက်နဲသိမ်မွေ့သော အလင်းရောင်ဖြင့် မြေကြီးပေါ် ပြန်ဆင်းပြီး တင်ပျဉ်ခွေထိုင်လိုက်၏။
“တတိယခွဲထွက်ခြင်းလမ်းစဉ်နဲ့ပတ်သက်ပြီး ငါ နားလည်သွားပြီးပြီ.... လမ်းစဉ်ရဲ့ မှန်ခြင်း မမှန်ခြင်းကို တွေဝေနေတာပဲရှိတယ်။ ဒါပေမဲ့ အခု ... အဲ့ဒါနဲ့ပဲ ဆက်သွားရတော့မယ်ထင်တယ်
“ငါ တတိယခွဲထွက်ခြင်း၊ တာအိုခွဲထွက်ခြင်းဓားသွားရဲ့စွမ်းအားကို ငှားယူပြီး ဒီလှောင်အိမ်ကို ဖောက်ထွက်ရမယ်” သူ၏မျက်ဝန်းများတွင် ပြတ်သားမှုတို့ ပြည့်နှက်သွားသည်။
“ငါ့ရဲ့ ပထမခွဲထွက်ခြင်းက ရှင်သန်ခြင်းနှင်းပန်းကို ခွဲထုတ်ပြီး လွတ်လပ်မှုကို ရယူခဲ့တယ်။ အဲ့ဒါ ငါရဲ့ ဦးတည်ချက်
“ငါ့ရဲ့ ဒုတိယခွဲထွက်ခြင်းက အတိတ်ကို ဖြတ်တောက်ပြီး တာအိုသစ်သီးကို ဖန်တီးခဲ့တယ်
“ငါ့ရဲ့ တတိယခွဲထွက်ခြင်းကတော့ ... ငါ့နှလုံးသားထဲက နတ်ဆိုးကို ခွဲထုတ်ဖယ်ရှားတာဖြစ်မယ်။ ငါ နတ်ဆိုးဖြစ်လာချင်တဲ့ စိတ်ဆန္ဒကို ဖျက်စီးပစ်မယ်။ အဲ့ဒါက ငါ့ရဲ့ နတ်ဆိုးဖျက်စီးခြင်းပဲ
“နတ်ဆိုးကို ဖျက်စီးပြီး ... တာအိုကို ရှာဖွေရမယ်” သူ ခေါင်းမော့လာသောအခါ စူးရှသောအလင်းရောင်အား သူ၏မျက်ဝန်းများတွင် မြင်ရနိုင်သည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ သူကား တတိယခွဲထွက်ခြင်းဓားသွားကို လှုံ့ဆော်ရန် ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးကို အသုံးပြုနေလေပြီ။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းတွင် ဓားသွားသုံးခုရှိသည်။ တာအိုနှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိလျှင် ၊ စိတ်အဆင်သင့်ဖြစ်ပြီဆိုလျှင် ဓားသွားများသည် တာအိုဓားသွားတစ်လက်အား သက်ဆင်းလာစေဖို့ ကောင်းကင်နှင့်မြေကြီးဖြင့် ဆက်သွယ်ပေးနိုင်သည်။
ခွဲထွက်ခြင်းမှန်ကန်လျှင် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်မည်။ ခွဲထွက်ခြင်းမမှန်ကန်လျှင် ခန္ဓာကိုယ် သေဆုံးပြီး တာအိုပျောက်ကွယ်သွားမည်။
၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက်မရှိသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများသည် ခွဲထွက်ခြင်းတစ်ခုအား အလွယ်တကူ ဆောင်ရွက်မည်မဟုတ်ပေ။ သူတို့အကြောက်ဆုံးမှာ နောက်ဆုံးမိနစ်ကျမှ မှားယွင်းစွာ ခွဲထွက်မိသည်ကို သဘောပေါက်သွားမည့်အဖြစ်ပင်။ ထိုအခါ သေဆုံးခြင်းဖြင့် နိဂုံးချုပ်ရလိမ့်မည်။
ပထမခွဲထွက်ခြင်းသည် ခက်ခဲပြီး ဒုတိယခွဲထွက်ခြင်းမှာ မယုံနိုင်လောက်အောင် အန္တရာယ်များ၏။ တတိယခွဲထွက်ခြင်းအတွက်မူ ... ယင်းက အရေးအကြီးဆုံး အတားအဆီးဖြစ်သည်။
ခွဲထွက်ခြင်း မှန်ကန်လျှင် ကျင့်ကြံသူသည် တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။ မမှန်ကန်လျှင် သေဆုံးရမည်။ အကယ်၍ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းအကြားရှိလျှင် ရလဒ်က အခြေခံပျက်စီးခြင်းဖြစ်သည်။ ဆက်လက်အဆင့်တက်ခြင်းမရှိတော့ဘဲ သက်တမ်းကုန်ခမ်း၍ ဖုန်ဘဝမရောက်မချင်း တတိယခွဲထွက်ခြင်းအဆင့်တွင် ထာဝရ နေသွားရလိမ့်မည်။
မှန်သည်၊ မှားသည် ဆိုရာတွင် အဖြေအား ကျင့်ကြံသူ၏နှလုံးသားထဲတွင်သာ ရှာတွေ့နိုင်၏။
နှလုံးသားက မှန်လျှင် အကုန်လုံး မှန်သည်။ နှလုံးသားက မှားလျှင် အခြားအရာအားလုံးလည်း မှားမည်။
၎င်းသည် ရှေးခတ်အခါကတည်းက နက်နဲသော ပဟေဠိတစ်ပုဒ်ဖြစ်ခဲ့ပြီး မျက်မှောက်ခေတ်တွင်ပင် ဘယ်သူမှ ထိုအခြင်းအရာအား အပြည့်အဝ နားမလည်ပေ။
မန်ဟို၏ကျင့်ကြံခြင်းအခြေခံက ရုတ်တရက် မြင့်တက်လာ၏။ သူ လှောင်အိမ်ထဲတွင်ဖြစ်စေ၊ ချုပ်နှောင်ခံထားရသည်ဖြစ်ဖြစ် မဆိုင်တော့ပေ။ တာအိုသည် အကောင်အထည်မဲ့၏။ ကောင်းကင်နှင့်မြေကြီးတွင် တာအိုမရှိသော နေရာပေါင်းများစွာရှိသော်လည်း... ဤနေရာကား ထိုကဲ့သို့နေရာတစ်နေရာမဟုတ်။
တတိယခွဲထွက်ခြင်းဓားသွားကို ဆင့်ခေါ်ရန် မန်ဟို၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် အပြင်လောကတွင် မိုးကြိုးလျှပ်စီးများ ဝင်းဝင်းလက်သွားသည်။ ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး ကောင်းကင်မှာ နှစ်ခြမ်းကွဲလာသည်။ ဝဲတစ်ဝဲ ပေါ်လာခဲ့ပြီး မဟာတာအိုတစ်ပါး၏စွမ်းအားက ရုတ်တရက် ထွက်ပေါ်လာ၏။
ဤမဟာတာအိုသည် ကြယ်တာရာကောင်းကင်မှ သက်ဆင်းလာပြီး တောင်ကောင်းကင်ဂြိုဟ်နှင့် တောင်ပိုင်းဒေသအပေါ်ရှိ စစ်မြေပြင်နှင့် နီးကပ်လာခဲ့လေပြီ။
မျက်စိတစ်မှိတ်အတွင်း အောက်ရှိ ကျင့်ကြံသူအားလုံးနီးပါးသည် မဟာတာအို၏စွမ်းအားကို အာရုံရလိုက်ကြ၏။ တစ်ယောက်ပြီးတစ်ယောက်၏ မျက်နှာများအပေါ်တွင် အံ့ဩတုန်လှုပ်နေသောအရိပ်အယောင်များ ပေါ်လာသည်။
“အဲ့ဒါ ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့ မဟာတာအိုတစ်ပါး”
“ဘယ်သူ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရဲ့တာအိုကို ဆင့်ခေါ်နေတာလဲ”
“စစ်တိုက်နေရင်းတန်းလန်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကနေ တက်ဖို့ ကြိုးစားနေတာလား”
တိုက်ပွဲသည် အကြိတ်အနယ်ဖြစ်နေသည့်တိုင် မဟာတာအိုတစ်ပါး၏စွမ်းအား ပေါ်ပေါက်လာမှုက မည်သူမဆိုအတွက် စိတ်ငြိမ်ငြိမ်ထားရန် မဖြစ်နိုင်ပေ။ နယ်မြေသုံးခု၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ခေါင်းဆောင်ကြီးများ၏ မျက်နှာထားအရ သူတို့လည်း အံ့ဩမှင်သက်နေကြောင်း ထင်ရှားသည်။
သူတို့က ဟိုဟိုသည်သည် ကြည့်လိုက်ကြသော်လည်း စိတ်ဝိညာဉ်ခွဲထွက်ခြင်းဉာဏ်အလင်းရှိနေဟန်တူသော တစ်စုံတစ်ယောက်ကိုမှ မမြင်ကြပေ။
ဤအခိုက်အတန့်တွင် ရုတ်တရက် မဟာတာအိုစွမ်းအား၏ ထစ်ချုန်းမြည်ဟည်းသံသည် ဆယ်ဆပြင်းထန်လာ၏။ ခေါင်းအထက်ရှိ ဝဲကြီးမှာ မှေးမှိန်လာသည်။ ကမ္ဘာတွင် မဟာတာအိုမှတစ်ပါး အခြားဘယ်အရာမှ မရှိတော့သည့်အလားပင်။
အသည်းအသန် တိုက်ခိုက်နေသော ကျင့်ကြံသူများပင်လျှင် မှော်သိုင်းများ၊ နတ်ဘုရားစွမ်းရည်များ အသုံးပြုရန် အတိုင်းထက်အလွန် ခက်ခဲနေကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။ ၎င်းတို့မှာ မဟာတာအိုနှင့် သဟဇာတဖြစ်အောင် လုပ်ခံနေပုံရသည်။
လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများလည်း ထိုနည်းတူပင်။ လူများသည် ပင့်သက်ရှိုက်လာကြပြီး အံ့ဩမှင်သက်နေသောအမူအရာများအား နေရာတိုင်းလိုလိုတွင် မြင်တွေ့ရနိုင်၏။
“အဲဒါ ပထမခွဲထွက်ခြင်းဓားသွားမဟုတ်ဘူး။ တတိယခွဲထွက်ခြင်းပဲ”
“မဖြစ်နိုင်ဘူး။ ဒီလိုအံ့မခန်းစွမ်းအားမျိုးနဲ့ တတိယခွဲထွက်ခြင်းဓားသွား ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလေ”
“မဟုတ်မှ...”
မဟာတာအို၏စွမ်းအား ပို၍အားကောင်းလာသဖြင့် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာသည်။ တောင်ကောင်းကင်ဂြိုဟ်၏ ကောင်းကင်တစ်ပြင်လုံးမှာ တုန်ခါပြီး ဝေဝါးနေသည်။ သို့ထိတိုင် မဟာတာအို၏စွမ်းအားမှာ ပို၍ပင် အားကောင်းလာ၏။ နဂါးငွေ့တန်းပင်လယ်ရှိ ရှင်သန်ခြင်းနှင်းပန်းပင်လျှင် အံ့အားသင့်နေသည်။
ဤမဟာတာအို၏စွမ်းအားက တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေသည်။ ၎င်းသည် စစ်မြေပြင်ပေါ်ရှိ ဘယ်သူမှ မတိုက်ခိုက်နိုင်အောင် ဟန့်တားနေသော နံရံကြီးတစ်ခုသဖွယ်ပင်။ ယခုတွင် အင်ပါယာသွေးဆက်မျိုးနွယ်စု၏ ဘိုးဘေးဆင်းတုတော်လှောင်အိမ်မှ စူးရှသောအလင်းရောင်များ ထုတ်လွှတ်နေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် သူတို့မှာ ပို၍ထိတ်လန့်သွားကြသည်။
နီးနီးကပ်ကပ်ကြည့်လျှင် အလင်းလာရာကား လှောင်အိမ်ထဲတွင် ရှိနေဆဲဖြစ်သည့် မန်ဟိုမှတစ်ပါး အခြားမဟုတ်ကြောင်း မြင်ရမည်။
စူးရှသောအလင်းရောင်ကား ဩဇာတစ်မျိုးမျိုးဖြစ်သယောင်ပင်။
မဟာတာအိုတစ်ပါး၏ဩဇာ။
***