← Chapters

နတ်ဆိုးကို ဖျက်စီး ၊ တာအိုကို ရှာလေ

Vol. 57 Ch. 793

နတ်ဆိုးကို ဖျက်စီး ၊ တာအိုကို ရှာလေ

Vol. 57 Ch. 793

တတိယခွဲထွက်ခြင်း

မြူက မန်ဟို၏အသံကို တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး ပျံ့နှံ့သွားစေခဲ့ပြီးနောက် အသံမှာ မြူ၏ကျုံ့ခြင်းနှင့်အတူ ပြန်ဆွဲငင်ခံလိုက်ရသည်။ နောက်ဆုံး မြူများ မြူဓားသွားအဖြစ် စုစည်းသွားသောအခါတွင် မန်ဟို၏အသံသည် စစ်မြေပြင်ပေါ်တွင် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းလောက်အောင် ပဲ့တင်ထပ်သွားတော့၏။

မြူဓားသွားမှာ မည်သည့်ရှုထောင့်မှကြည့်ကြည့် သာမန်အတိုင်းပင်။

၎င်းသည် မြူများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည့်တိုင် အဆိုပါမြူများမှာ .... သန့်ရှင်းအစင်ကြယ်ဆုံးသို့ ရောက်ရှိသွားခဲ့သည့် မဟာတာအိုတစ်ပါးမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပါလော။ ထိုဓားသွား၏အတွင်းပိုင်းက သက်ဆင်းလာခဲ့သော မဟာတာအိုတစ်ခုလုံး၏ အဆီအနှစ်ဖြစ်သည်။

ဓားသွားတွင် မြူများသာမဟုတ် ၊ စောစောက ကောင်းကင်တွင် တည်ရှိခဲ့သော မထင်ရှားမှုန်းဝါးမှုအလုံးစုံသည် ပုံသဏ္ဍာန်မဲ့စွမ်းအားမျှင်များ ဖြစ်သွားကာ ဧရာမဓားသွားကြီးပုံစံပြောင်းလဲခဲ့သော မြူများနှင့် ပေါင်းစည်းသွား၏။

၎င်းသည် ဓားသွား ၊ ၎င်းသည် တာအို။

၎င်းသည် မြူ ၊ ၎င်းသည် ဉာဏ်အလင်း။

၎င်းသည် မြူဓားသွား ၊ ၎င်းသည် တာအိုဉာဏ်အလင်း။

ခွဲထွက်ခြင်း

မြူဓားသွားက လှောင်အိမ်ထံသို့ ကျဆင်းလာသည်။ အထဲရှိ မျောက်၏မျက်လုံးများ ပွင့်လာပြီး ဓားသွားကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သော အလင်းရောင်ဖြင့် တောက်ပသွားသည်။ သို့သော် ဖြာထွက်လာလျှင်ချင်းမှာပင် အလင်းကား ကွဲကြေသွားခဲ့သည်။ ဓားသွားသည် လှောင်အိမ်ကို ပိုင်းဖြတ်၍ မန်ဟို့ကို ရွယ်ရင်း ကျဆင်းလာသည်။

မျောက်က ကြွေးကြော်ပြီး ဓားသွားကို တားဆီးရန် လေပေါ် ခုန်တက်လိုက်သည်။

သို့ရာတွင် ၎င်း ဓားသွားကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏တစ်ကိုယ်လုံး တုန်ရီလာပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ထို့နောက် ၎င်းကား .... မြူဓားသွားကို နည်းနည်းလေးမှ တောင့်မခံနိုင်ဘဲ နှစ်ခြမ်းကွဲထွက်သွား‌တော့သည်။

လှောင်အိမ်ကမ္ဘာမှာ မီတာသုံးရာသာ ရှိတော့သည်။ မြူဓားသွား ပိုင်းချလိုက်သည့်အခါ ၎င်းသည် မန်ဟို့အတွက် မတွန်းလှန်နိုင်ခဲ့သော အတားအဆီးကို လွယ်ကူစွာ ခြမ်းချလိုက်၏။

ဂျိန်း

လှောင်အိမ်ကား နှစ်ခြမ်းတိတိ ကွဲထွက်သွားလေပြီ။

နံရံများ ပြိုကျလာပြီး ကျောက်မျောက်လည်း နှစ်ခြမ်းခြမ်းခံခဲ့ရသည်။ အင်ပါယာသွေးဆက်မျိုးနွယ်စု၏ ဘိုးဘေးရတနာဖြစ်သော လှောင်အိမ်မှာ အပြီးတိုင် ဖျက်စီးခံလိုက်ရပြီဖြစ်သည်။ ၎င်းသည် နောက်ဆုံး အစိတ်စိတ်အမြွှာမြွှာကြေမွပြီး မန်ဟိုကား အပြင်လောကတွင် နောက်တစ်ကြိမ် ပေါ်လာခဲ့၏။

သူသည် စောစောကအတိုင်း ကောင်းကင်ကို မော့ကြည့်ရင်း ဆံပင်ဖြူဖြူများ ပျံ့လွင့်လျက် တင်ပျဉ်ခွေထိုင်နေဆဲပင်။ နတ်ဆိုးမီးတောက်များက သူ့ကို ဝါးမြိုနေပြီး သူ၏အသားအရေမှာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းထဲအထိ ‌ထိုးဖောက်ဝင်ရောက်နေခဲ့ပုံရသော အနက်ရောင်အရှိန်အဝါတစ်ခုဖြင့် တောက်ပနေသည်။

ယင်းက သူ၏နတ်ဆိုးစိတ်ဆန္ဒ ၊ သတ်ဖြတ်လိုစိတ်၏အရင်းအမြစ်၊ သူ၏ နတ်ဆိုးဆန်မှု ဖြစ်သည်။

လူတိုင်း ဆွံ့အစွာ ကြည့်နေစဉ် ထစ်ချုန်းသံကြီး‌ လေတွင် ပြည့်နှက်သွားသည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများအပါအဝင် စောင့်ကြည့်နေကြသူအားလုံးမှာ တုတ်တုတ်မှ မလှုပ်နိုင်ပေ။

သူတို့မှာ ဘဝတွင် တစ်ကြိမ်သာ မြင်ရမည့် အဖြစ်အပျက်ကြီး မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေသည်ကို မျက်လုံးပြူးကြီးများဖြင့်သာ ကြည့်နေနိုင်တော့၏။

မြူဓားသွားက ပိုင်းချလိုက်သည်။ ၎င်း မန်ဟို၏ခေါင်းထိပ်ကို ထိသွားသည့်အခါ သူ့မျက်နှာပေါ်၌ နာကျင်သွားသောအရိပ်အယောင်ကို မြင်ရနိုင်သည်။ သူ့ကို ဝန်းရံလွှမ်းခြုံနေခဲ့သော အနက်ရောင်အခိုးအငွေ့များက ရွစိရွစိထလာကာ ရုန်းကန်ရင်း ရှုံ့မဲ့နေသောမျက်နှာများ ဖြစ်လာသည်။

မန်ဟို တဆတ်ဆတ် တုန်လာသည်။ သူ ခံစားနေရသော နာကျင်မှုမှာ ပြောပြမတတ်နိုင်အောင်ပင်။ သူ့မှာ တစ်ကိုယ်လုံး စုတ်ဖြဲခံနေရသလို ခံစားရသည်။ သို့ထိတိုင် သူ၏မျက်လုံးများက ခိုင်မာပြတ်သားမှုဖြင့် တောက်ပနေသည်။

ယခုတွင် စစ်မြေပြင်ပေါ်ရှိ လူအုပ်ကြီးသာ စောင့်ကြည့်နေခြင်းမဟုတ်။ အရှေ့ဘက်နယ်မြေရှိ ခေါင်းဆောင်ကြီးများလည်း နည်းလမ်းပေါင်းစုံ‌ သုံးရင်း စောင့်ကြည့်နေကြပြီး တချို့ဆိုလျှင် ကြီးမားသောအဖိုးအခများပင် ပေးလိုက်ကြ၏။

ကျီမျိုးနွယ်စုလည်း ကြည့်နေသလို၊ တန်မျှော်စင်ရှိ ဇနီးမောင်နှံလည်း ထိုနည်းတူ။

လူတိုင်းသည် မန်ဟို အောင်မြင်မလား၊ ကျရှုံးမလား မြင်တွေ့ရဖို့ စိတ်ဝင်စားစွာဖြင့် အနီးကပ် စောင့်ကြည့်နေကြသည်။

“နတ်ဆိုးကို ဖျက်စီးလိုက်” မန်ဟိုက မျက်လုံးများ ခိုင်မာပြတ်သားစွာ တောက်ပလျက် တွေးလိုက်သည်။ သူသည် မြူဓားသွားကို ကြည့်ပြီး အားမာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်ကာ သူ့ကိုယ်ထဲရှိ နတ်ဆိုးစိတ်ဆန္ဒကို လှုံ့ဆော်လိုက်သဖြင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ သူ့နှလုံးသားအနက်ရှိုင်းထဲမှ သတ်ဖြတ်လိုစိတ်တို့ ထွက်ပြူလာသည်။ တစ်ချိန်တည်းမှာပင် သူ နတ်ဆိုးဆန်လာပြီးနောက် ဆောင်ရွက်ခဲ့သော ‌‌အနိဋ္ဌာရုံသတ်ဖြတ်မှုများ၏ ပုံရိပ်အကုန်လုံး ပေါ်ပေါက်လာသည်။

သို့ထိတိုင် မန်ဟိုသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသေး၏။ နာကျင်မှုက အ‌ကောင်အထည်ရှိ ဓားသွားဖြင့် ပိုင်းချခံရသည်ထက် ဆိုးရွားသည်။ အနက်ရောင်အရှိန်အဝါသည် သူ့ထံမှ ဖြာထွက်လာကာ အံ့ဩဖွယ်ကောင်းစွာနှင့် မျက်နှာတစ်ဖက်အသွင်ပြောင်းသွားသည်။

ထိုမျက်နှာကား .... မန်ဟို၏မျက်နှာနှင့် ချွတ်စွတ်တူချေ၏။

သို့သော် ၎င်းက ယုတ်မာမှု၊ ရိုင်းစိုင်းမှုနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ နတ်ဆိုးချီတို့ တထောင်းထောင်း ထလာပြီး မျက်နှာကြီးက ပါးစပ်ကြီးဟကာ မြူဓားသွားအား အသံမဲ့ဟိန်းဟောက်လိုက်သည်။

မြူဓားသွားသည် တရွေ့ရွေ့ ကျဆင်းလာနေ၏။ ဤဓားသွား၏ စွမ်းအားသည် ကောင်းကင်မှ မဟုတ်သလို ၊ မြေကြီးမှလည်းမဟုတ်၊ မြေအောက်ကမ္ဘာမှလည်း မဟုတ်ပေ။။ ၎င်းက မန်ဟို၏စွမ်းအားစင်စစ်ဖြစ်သည်။

ဤသည်ကား မန်ဟို၏ ခွဲထွက်ခြင်းပင်။

ခွဲထွက်ခြင်း၏စွမ်းအားသည် သူ၏ကိုယ်ပိုင်စိတ်ဆန္ဒမှ လာသည်။ သူ ခွဲထုတ်လိုသည့်အရာကို ဓားသွားက ခွဲထုတ်ဖျက်စီးပေးရမည်။ သူ လက်လျှော့လိုက်လျှင် ဓားသွားသည် ပျောက်ကွယ်ပြီး သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်း ကျရှုံးပေမည်။

“ခွဲထွက်စမ်း” မန်ဟိုက အံတင်းတင်းကြိတ်ရင်း အက်ကွဲကွဲပြောလိုက်သည်။ ဂျိန်းခနဲ မြူဓားသွားက ပိုင်းချလိုက်သည်။ ၎င်းသည် သူ့ခေါင်းကို ဖြတ်ကာ သူ့လည်ပင်းကို ဖြတ်သွားသည်။ ဓားသွား တုန်ခါလာည်။ မန်ဟို၏ပတ်ပတ်လည်တွင် တည်ရှိသည့် ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးအတွက်မူ ယခုတွင် ၎င်း၏အလယ်တည့်တည့်၌ ဘယ်တော့မှ ပြန်ဆက်၍မရနိုင်မည့် အကွဲကြောင်းကြီးကို မြင်ရလေပြီ။

ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီး၏ပါးစပ်မှ လာနေသော မချိတင်ကဲ အော်သံများကို ကြားရနိုင်သည်။ ထို့နောက် မျက်နှာကြီးမှာ ပြန့်ကြဲသွားပြီး မန်ဟို့ကိုယ်ထဲ ပြန်ဝင်သွားသည်။ ယခုတွင် သူ့ခေါင်းအောက်ရှိ အကုန်လုံး မည်း‌နက်နေ၏။

“ငါ့လမ်းစဉ်က မမှန်ကန်ဘူး” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ စစ်မှန်တဲ့ အမှီအခိုကင်းမှု။ ရှင်သန်ခြင်းနှင်းပန်းဟာ ငါ့ကို အပိုင်စီးမနိုင်ခဲ့ဘူး။ သေရွာကတောင် ငါ ပြန်လာခဲ့တယ်။ ငါ့တာအိုက ... နတ်ဆိုးတာအိုမဟုတ်ဘူး

“နတ်ဆိုးဆန်မှုဟာ အစွဲဥပါဒန်တစ်ခုဖြစ်နိုင်တယ်။ အဲဒီလိုစွဲမြဲတဲ့ ဇွဲကို ငါလိုအပ်တယ်။ ငါမလိုအပ်တာက ငါ့ကို ထိန်းချုပ်မယ့်အရာ။ ငါက နတ်ဆိုးမဟုတ်ဘူး ၊ အင်မော်တယ်မဟုတ်ဘူး။ ငါက ငါပဲ” သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး မြူဓားသွားထဲသို့ စွမ်းအားထပ်ထည့်လိုက်သည်။ ၎င်းက နောက်တစ်ကြိမ် ပိုင်းချလိုက်သည်။

ဂျိန်းးးးး

မြူဓားသွားသည် သူ့ပခုံးကို ဖြတ်၍ ဒန်တျန်နေရာသို့အထိ ကျဆင်းသွာား၏။ တခဏသာ ကြာတော့ပြီး မန်ဟို၏ ခွဲထွက်ခြင်းအောင်မြင်တော့ပေမည်။

လောလောဆယ်တွင် အနက်ရောင်ချီများက သူ၏တစ်ဖက်တစ်ချက်စီတွင် ပေါင်းစည်းကာ တောင်ပံနှစ်ဖက်ကို ဖော်ဆောင်လိုက်သည်။ တဖြေးဖြေး ၎င်းတို့သည် မန်ဟို့ပုံစံ ဖန်ဆင်းလိုက်ကြ၏။ ပုံရိပ်နှစ်ခုအနက် တစ်ခုက ဒေါသတကြီး ဟိန်းဟောက်နေပြီး တစ်ခုက သူ့နားနားကပ်၍ တိုးတိုးပြောနေသည်။

၎င်းတို့သည် ခွဲထုတ်ခြင်းမခံလိုကြပုံပင်။ ၎င်းတို့က သူ၏နတ်ဆိုးစိတ်ဆန္ဒမှ မွေးဖွားလာခဲ့၍ သူ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတို့မှာ သူ့စိတ်ထဲတွင် နေလိုကြပြီး ဖျက်စီးခြင်းမခံလိုကြပေ။

မန်ဟိုက ‌ငိုင်တွေနေသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ ထိုင်နေသည်။

ဤအခိုက်အတန့်တွင် သူသည် စိတ်ဝိညာဉ်ခွဲထွက်နေသည်ကို မေ့သွား၏။ သူ့စိတ်ထဲတွင် သူဖြစ်သော ပုံရိပ်နှစ်ခုကို မြင်နေရပြီး ၎င်းတို့က အချင်းချင်း တိုက်ခိုက်နေကြသည်။

နတ်ဆိုးစိတ်ဆန္ဒက ‌ဒေါသတကြီး ပြောလျှင် ချင်းလော်ဂိုဏ်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော ပထမဆုံးအကြိမ်တုန်းက မြင်ခဲ့ရသောအရာများကို သူ ပြန်တွေးမိသည်။ ကျန်နတ်ဆိုးစိတ်ဆန္ဒ သူ့ကို ‌တိုးတိုးလေး ပြောလျှင် ရှုချင်၏အလောင်းကို ‌ပွေ့ခဲ့ရပုံနှင့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အကြင်နာမဲ့သောရယ်သံများကို ပြန်တွေးမိသည်။

သူ ရပ်လိုက်၏။

ထိုအခိုက်တွင် သူ၏စိတ်ဆန္ဒ ရပ်သွား၍ မြူဓားသွားလည်း ရပ်သွားသည်။

စစ်မြေပြင်ပေါ်ရှိ လူတိုင်း အပြင် အရှေ့ဘက်နယ်မြေ၏ ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်ကြီးများလည်း သူ့ကို‌ သေသေချာချာ စိုက်ကြည့်နေသည်။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်မှာ ဝမ်းသာအားရဖြစ်နေသော အမူအရာရှိသည်။ မန်ဟို တုံ့ဆိုင်းနေသည်ကို ကြည့်ရင်းက သူက ရင်ထဲတွင် ပျော်ပျော်ကြီး အော်ဟစ်နေသည်။ “ရပ်လိုက် ၊ ရပ်လိုက်စမ်းပါ”

အရှေ့ဘက်နယ်မြေ၏ ကျီမျိုးနွယ်စုတွင် လက်ပြတ်လူငယ်သည် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေ၏။

တန်မျှော်စင်တွင်တော့ အမျိုးသမီးမှာ အလွန်ရတက်မအေးဖြစ်နေသည်။ သို့သော် သူမ ဘာမှမတတ်နိုင်ပေ။ သူမ ဘာပဲလုပ်လုပ် ၊ ကြီးမားသည့် အနုတ်သဘောသက်ရောက်မှုသာ ဖြစ်လိမ့်မည်။ အကုန်လုံးသည် .... မန်ဟို့အပေါ်တွင် မူတည်၏။

အသက်ဆယ်ရှိုက် ကြာသွားသည်။

အသက်ဆယ်ရှိုက်လေးသာဖြစ်သော်လည်း စောင့်ကြည့်နေသူများအတွက်တော့ ‌တမေ့တမောပင်။

မန်ဟိုသည် မျက်လုံးများပိတ်လျက် တိတ်ဆိတ်စွာ ထိုင်နေ၏။ မျက်လုံးပြန်ဖွင့်လာသောအခါ ၎င်းတို့က လွန်စွာတည်ငြိမ်နေချေသည်။ တည်ငြိမ်လွန်း၍ သူဘာတွေးနေသလဲ ပြောရခက်သည်။ သို့သော် သူ့ဘေးနှစ်ဖက်ရှိ နတ်ဆိုးစိတ်ဆန္ဒနှစ်ကောင်မှာ ဝမ်းသာသွားပုံပင်။

“လူတွေက ပြောတယ် .... အကောင်းနဲ့အဆိုး ဆိုပြီး ဆန့်ကျင်နေတဲ့ သဘောတရားနှစ်ခု ရှိတယ်တဲ့” မန်ဟိုက ရေရွတ်လိုက်သည်။

“ငါ့တတိယခွဲထွက်ခြင်းကို နတ်ဆိုးဆန်နေတာကို ခွဲထုတ်ဖျက်စီးလိုက်တာလို့ ဆိုမယ့်အစား ဆိုးယုတ်မှု၊ အဆိုးကို ခွဲထုတ်ဖျက်စီးလိုက်တာလို့ ပြောတာ ပိုကောင်းလိမ့်မယ်

“ဒါပေမဲ့ ... အဆိုးကို အပြီးတိုင် ဖယ်ရှားပစ်ဖို့က ဖြစ်နိုင်ရဲ့လား

“လူသားတွေဆီမှ စိတ်ကောင်းကိုပဲ ချန်ခဲ့ရင် ကမ္ဘာကြီးက ပိုလှသွားလောက်တယ်။ ကံဆိုးစွာနဲ့ ဒါက သဘာဝမကျဘူး၊ ယုတ္တိမရှိဘူး။ အဆိုးမရှိရင် အကောင်းကိုလည်း ... အကောင်းလို့ ခေါ်လို့မရနိုင်လောက်ဘူး

“အကောင်းနဲ့အဆိုးဟာ နှလုံးသားရဲ့ရမ္မက်ဆန္ဒတွေပဲ။ ငါ ကောင်းတာတွေကို လေးလေးနက်နက် လုပ်ရင် အဆိုးပိုင်းဟာ ဖိနှိပ်ခံရမယ်။ အလားတူပဲ ငါ ဆိုးတာတွေ မိုက်မိုက်ကန်းကန်း လုပ်ရင် အကောင်းပိုင်းဟာ ဖိနှိပ်ခံရမယ်

“လောကကြီးမှာ အကောင်းစစ်စစ်၊ အဆိုးစစ်စစ်ဆိုတာမျိုး မရှိတာလည်း ဖြစ်နိုင်တယ်။ ငါ့ဆရာဆေးလုံးမိစ္ဆာပြောခဲ့တဲ့ မှန်ခြင်း၊ မမှန်ခြင်းသဘောတရားလိုပဲ

“ငါ့မှာ ရှိတာက .... ငါ့ရဲ့ကိုယ်ပိုင်စိတ်

“ငါ လုပ်တဲ့ ရွေးချယ်မှုတွေက အကုန်လုံးကို အဆုံးအဖြတ်ပေးမှာ” သူ၏အသံ ပဲ့တင်ထပ်လာစဉ် မဟာတာအိုတစ်ပါး၏တေးသွားသည် သဘာဝနိယာမ၏စွမ်းအားနှင့်အတူ သူ၏ပတ်ပတ်လည်တွင် ဖြစ်‌ပေါ်လာ၏။ ဤအရာများသည် ယခင်က မတည်ရှိခဲ့သော အရာများဖြစ်သော်လည်း မန်ဟို၏စကားနှင့်အတူ တစတစ ပေါ်ပေါက်လာသည်။

ကြည့်ရသရွေ့... သဘာဝနိယာမများသည် မန်ဟို့စကား၏ အမိန့်ပေးခြင်းခံနေရသယောင်ပင်။

တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများ ထိုသဘာဝနိယာမကို အာရုံရလိုက်သောအခါ စိတ်နှလုံးတုန်ရီသွားကြသည်။ ထိုအခိုက်အတန့်တွင်....

“အို ကြီးမြတ်သော မဟာတာအို ၊ ခွဲထုတ်ခြင်းကို ဆက်လက်လုပ်ဆောင်ပါလော့”

ဂျိန်း

မြူဓားသွားသည် မန်ဟို၏ဒန်တျန်ကို ပိုင်းရင်း သူ့တစ်ကိုယ်လုံးအား ဖြတ်သွားခဲ့လေပြီ။ သူ့ဘေးတစ်ဖက်တစ်ချက်ရှိ နတ်ဆိုးစိတ်ဆန္ဒနှစ်ကောင်မှာ သူ၏ခန္ဓာကိုယ်မှ ခွဲထုတ်ခံလိုက်ရသဖြင့် ၎င်းတို့၏ မချိတင်ကဲ အော်သံစူးစူးကြီးကြီးများ အရပ်လေးမျက်နှာတွင် ဆူညံသွားတော့သည်။

ထိုအခိုက်အတန့်တွင် မန်ဟို့အနားရှိ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်အလုံးစုံ ပျောက်ကွယ်လွင့်ပျယ်သွား၏။ စာပေသမားအရှိန်အဝါ ပြန်လည်ရောက်ရှိလာသည်။ ထိုမျှသာမက သူ့ညာလက်ပေါ်ရှိ အမှတ်မှာ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း တဖျပ်ဖျပ် တောက်ပလာပြန်သည်။ အားကောင်းသော သဘာဝနိယာမက‌ လေထုကို ဖျက်စီးရင်း သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာကာ ပတ်ဝန်းကျင်တစ်ခွင် တိုက်ခတ်သွားသော လေပြင်းမုန်တိုင်းတစ်လုံး ဖြစ်သွား၏။

ဖြစ်ပျက်နေသောအရာကို မျက်စိဖြင့် တပ်အပ်မြင်သော် စစ်မြေပြင်ပေါ်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများသည် ဘာဖြစ်သွားခဲ့သလဲ တမုဟုတ်ချင်း နားလည်သွားကြပြီး သူတို့၏မျက်နှာများမှာ အတိုင်းထက်အလွန် ဝမ်းသာကြည်နူးခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။

“မန်ဟို”

“မန်ဟို”

“မန်ဟို” လူတစ်သိန်း၏ တညီတညာတည်း ကြွေးကြော်လိုက်သံက သောင်းသောင်းသဲသဲ ဟိန်းထွက်သွားသည်။ သူတို့၏မျက်လုံးများတွင် အရူးအမူးဖြစ်မှုတို့ နေရာယူထားသည်။ ဖက်တီးသည် အသံဝင်နေသည့်တိုင် အဆုတ်ကွဲမတတ်အော်ရင်း လူကြားထဲတွင် ဖြစ်၏။

အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများလည်း ကြွေးကြော်နေကြသည်။ အထူးသဖြင့် ရွှေကျီးကန်းမျိုးနွယ်စုနှင့် ရွှေအလင်းဘုရားကျောင်းအဖွဲ့ဝင်များပင်။

ဆန့်ကျင်ဘက်တွင်တော့ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ကြောက်ဒူးတုန်နေကြပြီး မန်ဟို့ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြသည်။

လေလယ်တွင် ဆေးလုံးမိစ္ဆာသည် အားနည်းနေသည့်တိုင် အားရပါးရရယ်နေသော ခေါင်းဆောင်ကြီးစုန့်နှင့်အတူ ရယ်နေသည်။

မြောက်ပိုင်းသဲကန္တာရ၏ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ခေါင်းဆောင်ကြီးများမှာ မျက်နှာဖြူဆုပ်နေကြသည်။ သူတို့အားလုံးမှာ ... မန်ဟို မည်မျှအစွမ်းထက်လာတော့မည်လဲ သိချင်နေကြ၏။

“သူက အခုလေးတင်မှ တာအိုရှာဖွေခြင်းအဆင့် ဝင်ရောက်သွားတာ” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က တွေးလိုက်သည်။ သူသည် အံတင်းတင်းကြိတ်လိုက်၏။ “အဲဒီတော့ သူ တာအိုရှာဖွေခြင်းအဆင့် ရောက်တဲ့နေ့မှာပဲ သေသွားအောင် လုပ်ပေးမယ်” သူသည် ကြောက်စိတ်များကို ဘေးဖယ်လိုက်ပြီး အသတ်အဖြတ်စိတ်ဆန္ဒအား သူ၏မျက်လုံးများတွင် မြင်ရနိုင်၏။

ထိုစဉ် နတ်ဆိုးစိတ်ဆန္ဒနှစ်ကောင်သည် အတူတကွ ပေါင်းစည်းရင်း ကြောက်စရာကောင်းသော အနက်ရောင်အရှိန်အဝါတစ်ခု အသွင်ပြောင်းသွား၏။ ၎င်းတို့မှာ ခွဲထုတ်ခံလိုက်ရသဖြင့် ဆက်လက်မတည်ရှိနိုင်တော့ဘဲ လွင့်ပျယ်စပြုလာ‌တော့သည်။

“ဒီလိုနတ်ဆိုးစိတ်ဆန္ဒမျိုးကို ဒီအတိုင်း ပျောက်ကွယ်သွားခိုင်းရမှာ နှမြောစရာပဲ” မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူသည် လက်ချောင်းတစ်ချောင်းကို မြှောက်ကာ နတ်ဆိုးမနောစိတ်အစုအဝေးအား တုန်ရီလာစေသည်။ ထို့နောက် ၎င်းသည် မန်ဟို့ဒုတိယအစစ်အမှန်ကိုယ်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

ဒုတိယအစစ်အမှန်ကိုယ်၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး လေကို ရှူသွင်းလိုက်သည်။ ချက်ချင်းပင် နတ်ဆိုးစိတ်ဆန္ဒက သူ၏နှာခေါင်းနှင့်ပါးစပ်မှတစ်ဆင့် သူ့ကိုယ်ထဲ ‌ဝင်ရောက်လာ၏။ ဒုတိယအစစ်အမှန်ကိုယ်၏မျက်လုံးများအား ချက်ချင်း အေးစက်စက် တောက်ပလာတော့သည်။ ၎င်းသည် စာနာစိတ်ကင်းမဲ့ပြီး ခက်ထန်သည့်အပြင် ဆိုးယုတ်သော အေးစက်မှုဖြစ်၏။ သတ်ဖြတ်လိုစိတ်အဟုန်ကား ၎င်းထံမှ ထွက်လာသည်။

ဒုတိယအစစ်အမှန်ကိုယ်မှာ သူ့အား နတ်ဆိုးအင်မော်တယ်တစ်ဦးနှင့် တူသွားစေသော အနက်ရောင်အရှိန်အဝါတစ်ခုဖြင့် ဝန်းရံခံလိုက်ရလေပြီ။

***

All Chapters