← Chapters

အနိုင်ယူ၍မရသော မန်ဟို

Vol. 57 Ch. 794

အနိုင်ယူ၍မရသော မန်ဟို

Vol. 57 Ch. 794

ထိုစဉ် နဂါးငွေ့တန်းပင်လယ်ထက်၌ ဧရာမရှင်သန်ခြင်းနှင်းပန်းကြီးသည် အလိုအလျောက် ကျုံ့လာနေ၏။ ပွင့်ချပ်များက ပန်းဖူးသဖွယ် ပိတ်လာပြီး အမြစ်လက်တံများကား တစ်တံနှင့်တစ်တံ ထွေးယှက်လိမ်ဖွဲ့ကာ အပြာရောင်ကြာပန်းပွင့်တစ်ပွင့်၏ ပုံသဏ္ဌာန်ကို ဖော်ဆောင်နေသည်။

ကြာပန်းပြာသည် ရှေ့နောက်ယိမ်းနေပြီး အပြည့်အဝ ပွင့်လန်းလာတော့မည့်အလား ထင်ရသော်လည်း တစ်စုံတစ်စုံ လိုအပ်နေပုံလည်းရသည်။ ၎င်းမှာ အချိန်မရွေး ရှင်သန်ခြင်းနှင်းပန်းအဖြစ် ပြန်ပြောင်းသွားနိုင်သကဲ့သို့ မတည်ငြိမ်ဖြစ်နေသယောင်ပင်။

“အင်မော်တယ်နဲ့ နတ်ဆိုးကြားက ကွာဟမှု ပေါ်ပေါက်လာပြီပဲ....”

**

တောင်ပိုင်းဒေသ၊ စစ်မြေပြင်ပေါ်တွင် လူအုပ်ကြီးသည် အကျယ်လောင်ဆုံးသော အသံများဖြင့် သောင်းသောင်းဖြဖြ ကြွေးကြော်နေကြ၏။ မဟာတာအိုဓားသွား တဖြေးဖြေး လွင့်ပျယ်လာစဉ် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်နေကြသည်။

တစ်ချိန်တည်းမှာပင် လူတိုင်းအပေါ် စိုးမိုးနေခဲ့သော မလှုပ်ရှားနိုင်သည့်အခြေအနေလည်း တစတစ ပျောက်ကွယ်လာသည်။ သို့သော် မည်သည့်တိုက်ပွဲမှ ဝုန်းခနဲ ထမဖြစ်ပေ။ မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့များက   အစုလိုက်၊ အစုလိုက် ပေါင်းသွားကြသည်။ အပေါ်တွင် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်သည် ဟိန်းဟောက်ပြီး ကမ္ဘာဦးမိုးကြိုးနဂါးအသွင်ပြောင်းလိုက်သည်။ သူက‌ ကြေးချပ်ဝတ်နှင့် တောင်ကျော်ကင်းစောင့်စစ်သည်သုံးဦးကို ကျော်ရင်း မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

“မင်း အခုပဲ တာအိုရှာ‌ဖွေခြင်းအဆင့် ရောက်ပြီဆိုတော့ ဘယ်လောက်သန်မာသွားလဲ ကြည့်ကြတာပေါ့” သူက ‌ပြောသည်။

အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင် ချဉ်းကပ်သွားစဉ် ကျန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လေးဦး၏ မျက်လုံးများ တောက်ပသွားသည်။ သူတို့၏ကျင့်ကြံခြင်းအ‌ခြေခံများက စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ သူတို့အနေဖြင့် တစ်ခုတည်းသော အခွင့်အရေးမှာ တစ်ပြိုင်တည်း တိုက်ခိုက်ဖို့သာ ဖြစ်ကြောင်း သိကြလေသည်။ ယခု ထိုသို့မလုပ်လျှင် တိုက်ပွဲကား မရှုမလှ ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။

မန်ဟို့ကို ယခု သတ်နိုင်လျှင်တော့.... အောင်မြင်ဖို့ အခွင့်အရေးရကောင်းရနိုင်မည်။

ငါးယောက်က လက်ဖျားခါလောက်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာသည်။

“သတ်ပစ်”

“သူက အရင်ကတည်းက အစွမ်းထက်နေပြီးသား။ အခု တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရောက်ပြီဆိုတော့ ဘယ်နည်းနဲ့မှ မိုးကောင်းကင်ကို အာခံမနေဘဲ နေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူရဲ့ ကျင့်ကြံခြင်းအခြေခံက တတိယခွဲထွက်ခြင်းကို အခုလေးတင်မှ ပြီးမြောက်ထားတာဆိုတော့ မတည်ငြိမ်သေးဘူး။ အခု သတ်မှဖြစ်မယ် သတ်ကြ”

“သူ့ကို သတ်မှ ဒီစစ်ပွဲကို ပြောင်းပြန်လှန်နိုင်မယ်။ အရှင်ထားလို့မဖြစ်ဘူး”

ယင်းတို့ သူတို့ ဟိန်းဟောက်ရင်း ချဉ်းကပ်သွားနေစဉ် သူတို့ခေါင်းထဲ၌ ဖြတ်ပြေးနေသော အတွေးများ ဖြစ်သည်။

အဝလွန်အမျိုးသမီးသည် အဆိပ်စက္ကူမြှောင်းခုနစ်မြှောင်းအသွင်ပြောင်းသွားသည့် ရောင်စုံမြူစီးကြောင်းများဖြင့် ဝန်းရံလျက် လေကိုခွင်းလာသည်။

စက္ကူမြှောင်းတစ်မြှောင်းစီမှာ အရောင်တစ်ရောင်စီဖြစ်ပြီး တစ်မြှောင်းစီ၏အပေါ်တွင် တာအိုရှာဖွေခြင်းအဆင့်အရှိန်အဝါများ အသက်ဝင်လျက် လင်းလက်နေသော မှော်သင်္ကေတများဖြင့် ဖုံးနေသည်။

သူမဘေးတွင် အမြန်ဆုံး ပျံသန်းနေသူမှာတော့ ကြောက်မက်ဖွယ် အအေးဓာတ်ကို ထုတ်လွှတ်နေသည့် နွဲ့နွဲ့နှောင်းနှောင်းအမျိုးသားပင်။ သူ၏အအေးဓာတ်သည် ယောက်ျားမိန်းမအင်္ဂါရပ်နှစ်မျိုးလုံး ပိုင်ဆိုင်ထားသော မဖွယ်မရာရုပ်တုတစ်ရုပ် အသွင်ပြောင်းသွား၏။ ထိုမျှသာမက ၎င်းက ယင်နှင့်ယန်နှစ်မျိုးလုံး ပေါင်းစည်းနေပုံရသော တာအိုစိတ်‌ဆန္ဒတစ်ခုကို ထုတ်လွှတ်နေသည်။

တလက်လက် တောက်ပနေသော အလင်းရောင် ဖြာထွက်လာပြီး နွဲ့နွဲ့နှောင်းနှောင်းအမျိုးသားသည် ရုတ်တရက် ပြစ်မျိုးမှဲ့မထင် လှပချောမောသော်လည်း လူသတ်ငွေ့များဖြင့် ပြည့်နှက်နေသော အမျိုးသမီးတစ်ဦးအသွင်ပြောင်းသွား၏။

ကျန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်နှစ်ယောက်အနက် တစ်ယောက်မှာ ဝတ်ရုံနက် သွေးစုပ်ဖုတ်ကောင်အဘိုးကြီးဖြစ်သည်။ ရုတ်တရက် အမွှေးမည်းမည်းကြီးများ သူ့တစ်ကိုယ်လုံးပေါ်လာပြီး သူ၏မျက်လုံးများက အစိမ်းရောင်တောက်လာသည်။ သူ၏ခန္ဓာကိုယ်သည် တဂျွတ်ဂျွတ် မြည်ရင်း ကြီးမားလာကာ သေခြင်းအရှိန်အဝါတစ်ခု သူ့ထံမှ စီးမျောထွက်လာသည်။ ယခုတွင် သူကား မိုးခေါင်မိစ္ဆာ(နုပါ) နှင့် တူသွားလေပြီ။

သူ့ကို သေခြင်းအရှိန်အဝါတစ်ခုက ဝန်းရံထားပြီး ယင်အမျိုးအစားအအေးဓာတ်အား ထုတ်လွှတ်သင့်သော်လည်း တကယ်တမ်း သရဲမီးတောက်တို့ဖြင့် တောက်လောင်နေ၏။ သရဲမီးတောက်သည် ပျံ့နှံ့လာပြီး ၎င်း၏မှိန်ဖျော့ဖျော့ အလင်းရောင်က နေနှင့်လကို တုန်ရီသွားစေသည်။ မီးတောက်အထဲတွင် မရေမတွက်နိုင်သော နာနာဘာဝဝိညာဉ်များကို မြင်ရနိုင်၏။ ၎င်းတို့က ကောင်းကင်နှင့်မြေကြီးကို ပိတ်ကွယ်ဖုံးသွားသည်အထိ များပြားလှလေသည်။ ၎င်းတို့ မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်လာစဉ် ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွား၏။

နောက်ဆုံးတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်မှာ ဒုတိယအသုတ်စစ်တပ်မှာကတည်းက ပါဝင်ခဲ့သော ခရမ်းရောင်ဝတ်ရုံနှင့်လူဖြစ်သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် နောက်ဆုံးတိုက်ပွဲအထိ ဇွဲနပဲကြီးစွာဖြင့် ဆက်လက်တိုက်ခိုက်ခဲ့၏။ သူက သွေးအနည်းငယ် ထွေးလိုက်ပြီးနောက် အားအင်ကုန်ခမ်း၍ အရှိန်သေ‌တော့မည့် မြှားတစ်စင်းအလားပင်။ မည်သို့ဆိုစေ သူသည် မာန်သွင်းဟိန်းဟောက်ပြီး သူ၏ခန္ဓာကိုယ်က ရုတ်တရက် ထွားကြိုင်းလာ၏။ သူ၏ပုံပန်းသွင်ပြင်မှာ အိုမင်းလာကာ မျက်စိတစ်မှိတ်အတွင်း အဘိုးကြီးတစ်ယောက်နှင့် တူလာခဲ့လေပြီ။

သက်တမ်းကို စတေးခြင်းအားဖြင့် သူသည် ‌ပထဝီမြေကြီးကို တုန်ခါဟည်းသွားစေသော စွမ်းအားကို ရယူနိုင်သွား၏။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးမားလာပြီး အကြွေးခွံများက သူ၏အရေပြားကို ဖုံးလာသည်။ ချိုကြီးတစ်ချိုပင် သူန့ဖူးမှ ပေါက်လာပြီး အမြီးရှည်ရှည်ကြီးက သူ့အနောက်မှ ထွက်လာသည်။ သူကား ယခုတွင် မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်အလားပင်။

ကြမ်းကြုတ်သောအရှိန်အဝါနှင့်အတူ ကြမ်းတမ်းသောလေပြင်းများက ဖြာထွက်တိုက်ခတ်လာသည်။ လေထဲတွင် ဖုန်များ တထောင်းထောင်း ထလာကာ မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသော သဲမုန်တိုင်းတစ်လုံးအသွင်ပြောင်းသွား၏။

ဤတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်လေးဦးကား ရန်သူတစ်ထောင်ကို သတ်နိုင်အောင် တပ်သားရှစ်ရာစတေးနေကဲ့သို့ အဆမတန် ရင်းနှီးပေးရသော နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်ရင်း ထိန်းမနိုင်သိမ်းမရတော့ချေပြီ။ မြောက်ပိုင်းသဲကန္တာရမှ နံပါတ်တစ်အစွမ်းထက်ဆုံးပုဂ္ဂိုလ် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာမူ ချက်ချင်း ကမ္ဘာဦးမိုးကြိုးနဂါးအသွင်ပြောင်းသွားသည်။ သူ မန်ဟို့ဆီ ပြေးဝင်သွားစဉ် မိုးထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားလေသည်။

သူတို့ငါးယောက်သည် မည်သည့်အရာမှ သူတို့ကို မဟန့်တားနိုင်သည့်အလား လမ်း၌ ရှိရှိသမျှအရာအားလုံးကို သိမ်းကျုံးဖောက်ထွက်လာ၏။ သူတို့က လေထုကို လှိုင်းထစေပြီး အရာအားလုံး တုန်ခါနေစေသော မယုံကြည်နိုင်ဖွယ်စွမ်းအားများကို ထုတ်လွှတ်ရင်း မတူညီသောဘက်ငါးဘက်မှ ချဉ်းကပ်လာကြသည်။ ဆေးလုံးမိစ္ဆာနှင့် အခြားသူများပင် မပိတ်ဆို့နိုင်ပေ။

၎င်းကို ကြည့်ခြင်းအရ အတုအယောင်အင်မော်တယ်တစ်ဦးပင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးဦး၏ အစွမ်းကုန်ထုတ်ထားသော တိုက်ကွက်ကြောင့် ဒဏ်ရာမရဘဲ နေမည်မဟုတ်ပေ။

အောက်ရှိ တောင်ပိုင်းဒေသကျင့်ကြံသူများ၏ မျက်လုံးများ သွေးချင်းနီသွား၏။

“မန်ဟို”

“မကောင်းတော့ဘူး။ သွေးမင်းသားက အခုလေးတင်မှ တတိယခွဲထွက်ခြင်းလုပ်ထားတာ။ သူ့ကိုယ်သူ တည်‌ငြိမ်အောင် မလုပ်ရသေးဘူး။ ငါ့-ိုးမ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ”

ခေါင်းဆောင်ကြီးစုန့်နှင့် ဆေးလုံးမိစ္ဆာတို့ မျက်နှာပျက်နေကြသည်။ သူတို့သည် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို အသက်နှင့်လဲပြီး တားဆီးတော့မည့်အချိန် ရုတ်တရက် မန်ဟို့အသံက ပဲ့တင်ထပ်လာသည်။

“လာပါလေ့စေ”

၎င်းသည် စကားလုံးလေးလုံးနှင့် စကားတစ်ခွန်းဖြစ်သည်။ ၎င်းတို့အား ဒုတိယအစစ်အမှန်ကိုယ်ကိုပင် သုံးစရာမလိုသော အမြင့်ဆုံးယုံကြည်ချက်မျိုးဖြင့် ပြောလိုက်ခြင်းဖြစ်၏။

ထိုစကားလုံးများ ဟိန်းထွက်လာသည့်အခါ တောင်ပိုင်းဒေသကျင့်ကြံသူများမှာ စိတ်အေးသွား၏။

ဘယ်သူမှ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို မတားတော့ပေ။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးဦးမှာမူ အလင်းတန်းငါးတန်းအသွင်ဖြင့် လေကို ခွင်းသွားသည်။

“မန်ဟို သေပြီသာမှတ်” သူတို့အားလုံး ကြုံးဝါးလိုက်ကြသည်။

သူတို့နီးကပ်လာစဉ် မန်ဟိုက ပြိုင်ဘက်ကင်းလောက်အောင် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် သူတို့ကို မော့ကြည့်လိုက်၏။ ထို့နောက် တင်ပျဉ်ခွေနေရာမှ ဖြေးဖြေးချင်း ထရပ်လိုက်သည်။

လှုပ်ရှားမှုက တခဏသာ ကြာလိုက်သော်လည်း ထိုအချိန်အတောအတွင်း သူ့ကိုယ်တွင်းမှ ကောင်းကင်နှင့်မြေကြီးကို နှစ်ပိုင်းပိုင်းပစ်နိုင်ပုံရသော စွမ်းအားတစ်ရပ်ပေါ်လာသဖြင့် သူ၏ပတ်ပတ်လည်ရှိ လေထုမှာ ထစ်ချုန်းလာ၏။

ကြောက်စရာကောင်းသော တဗုန်းဗုန်းမြည်သံများ လေတွင် ပြည့်နှက်သွားသည်။

သူ ထရပ်လိုက်စဉ် သဘာဝနိယာမစွမ်းအား သက်ဆင်းလာပြီး မန်ဟို့ပတ်ပတ်လည်ရှိ ဧရိယာတွင် ရှေးဟောင်းမှော်သင်္ကေတစီးကြောင်းများ ပြည့်လာ၏။ ၎င်းတို့က တလက်လက် တောက်ပနေရင်း မန်ဟို၏ ကိုယ်ပိုင်တာအိုရှာဖွေခြင်းသဘာဝနိယာမကို ဖော်ဆောင်လိုက်သည်။

၎င်းသည် မန်ဟို၏စိတ်မှ ဖြစ်ပေါ်လာသော လွတ်လပ်မှုတာအို၊ အကောင်းအဆိုးတာအိုဖြစ်၏။ ၎င်းက အတွေးလေးတစ်ချက်တည်းနှင့် ကောင်းကင်မြေကြီးကို ပြောင်းလဲသွားစေနိုင်သော နိယာမတစ်ခုပင်။

သဘာဝနိယာမ ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ ထစ်ချုန်းသံကြီးမှာ ပို၍လန့်စရာကောင်းလာသည်။ ‌ကောင်းကင်ကြီး လှုပ်ရမ်းနေစဉ် တောင်တစ်လုံးနှင့်တူသော တစ်စုံတရာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းက ‌နဝမတောင်မဟုတ်ဘဲ စိမ်းလန်းစိုပြေနေသော တောင်တစ်လုံးဖြစ်သည်... ၎င်းကား ....

တာ့ချင်းတောင်။ တာအိုခိုင်မာခြင်းတောင်တစ်လုံးလည်း ဖြစ်သည်။

၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် စူးရှသောအလင်းရောင်တို့ တောက်ပစပြုလာသည်။ မန်ဟိုက အသက်ပြင်းပြင်းရှူပြီး ညာလက်ပေါ်ရှိ အမှတ်အသားကို ငုံ့ကြည့်လိုက်သည်။ ထိုအမှတ်အသားသည် သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွားသော အရှိန်အဝါတစ်ခုဖြင့် သက်ဝင်လှုပ်ရှားနေပြီးနောက် အင်မော်တယ်တစ်ဦး၏အရှိန်အဝါဖြစ်လာ၏။

၎င်းက အင်မော်တယ်ချီပင်။

မြူဓားသွားကို ကြုံတွေ့ပြီးနောက် အင်မော်တယ်ချီသည် မန်ဟို့အပေါ်တွင် ပေါ်လာခဲ့၏။

အင်မော်တယ်ချီ ပေါ်လာသောအခါ တစ်ကမ္ဘာလုံး တုန်ရီသွားသည်။ အောက်ရှိ မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ကြောက်ဒူးတုန်နေပြီး တောင်ပိုင်းဒေသကျင့်ကြံသူများမှာတော့ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

ဆေးလုံးမိစ္ဆာမှာ ပင့်သက်ရှိုက်သွားပြီး ရေရွတ်လိုက်မိသည်။ “နတ်ဆိုးကို ဖျက်စီးပြီး တာအိုရှာဖွေခြင်း။ ဒဏ္ဍာရီထဲမှာပဲ တည်ရှိခဲ့ဖူးတဲ့ ရှားမှရှားတဲ့အရာ”

ခေါင်းဆောင်ကြီးစုန့်လည်း ထိုနည်းတူ စိတ်လှုပ်ရှားနေသည်။

လွန်ခဲ့သော အချိန်အနည်းငယ်က မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် ကြက်ကန်းအန်အိုးတိုးလျှင် အနိုင်ရနိုင်သည်ဆိုပြီး မျှော်လင့်ချက်အနည်းငယ်ရှိခဲ့သေး၏။ ယခုတော့ အင်မော်တယ်ချီ ပေါ်လာခဲ့ရာ သူတို့မှာ အံ့ဩသွားကြပြီး ချာချာလည်သွားကြသည်။

မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးယောက်မှာ မှင်သက်နေကြတော့သည်။

“အခုမှ တာအိုရှာဖွေခြင်းအဆင့် ဝင်ရုံပဲရှိသေးတယ် ၊ အင်မော်တယ်ချီကို ဖော်ဆောင်နိုင်ပြီတဲ့လား။ မဖြစ်နိုင်ဘူး။ ငါ တာအိုရှာဖွေခြင်းအဆင့်ရောက်နေတာ နှစ်နဲ့ချီပြီ။ အခုထိ တစ်စက်လေးမှ တိုးတက်မလာသေးဘူး”

“သူ့မှာ ဘယ်လိုကျင့်ကြံခြင်းအခြေခံအဆင့်ရှိနေတာတုန်း။ ငါ တကယ်ပဲ ... သူ့ကျင့်ကြံခြင်းအခြေခံကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး”

“ကြည့်ရတာ တာအိုရှာဖွေခြင်း စဦးပိုင်းအဆင့်ဆိုပေမယ့် အလယ်ပိုင်းအဆင့်လိုလို၊ အထွတ်အထိပ်အဆင့်လိုလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ”

“အခု ကျွန်မစဉ်းစားကြည့်တော့ အဆင့်အများကြီးခွဲမထားတဲ့ တာအိုရှာဖွေခြင်းအမျိုးအစားနဲ့ပတ်သက်ပြီး ဒဏ္ဍာရီလာတစ်ပုဒ်ရှိတယ်မဟုတ်လား။ အဲဒီကို ဝင်ရောက်လာနဲ့ အထွတ်အထိပ်တန်းရောက်သွားတာလေ...”

သို့သော် သူတို့သည် လေးညို့မှ ပစ်လွှတ်ရန် အသစ်ဖြစ်နေသော ‌မြှားများသဖွယ် အသင့်ဖြစ်နေလေပြီ။ တိုက်ကွက်များဖြင့် ဆက်တိုက်မှ ဖြစ်မည်။ မဟုတ်လျှင် သူတို့၏ကံကြမ္မာကား သေခြင်းသာ သေချာပေါက် ဖြစ်ရလိမ့်မည်။

နောက်ဆုတ်ခြင်းက သေကြေပျက်စီးခြင်းဖြစ်ရာ တစ်ခုတည်းသော နည်းလမ်းမှာ ... တိုက်ခိုက်ဖို့သာ။

ငါးယောက်သည် ထစ်ချုန်းသံများ ခြုံရံလျက် မန်ဟို့ထံ ချဉ်းကပ်လာ၏။

အားလုံးအထဲ အမြန်ဆုံးမှာ ခပ်ချောချောအမျိုးသမီးအသွင်ပြောင်းလဲသွားခဲ့သည့် နွဲ့နွဲ့နှောင်းနှောင်း အမျိုးသားပင်။ သူက အေးစက်စက်အရှိန်ဖြင့် ဝန်းရံလျက် ပထမဆုံးရောက်လာခဲ့သည်။ ပြိုင်ဘက်ကင်းလောက်အောင် ဆန်းပြားသောအရှိန်အဝါက မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ အဆိုပါအလင်းရောင်ကို နွဲ့နွဲ့နှောင်းနှောင်း အမျိုးသားသည် တာအိုရှာဖွေခြင်းအဆင့် ရောက်ရှိခဲ့ပြီးနောက် သူ၏ကိုယ်ပိုင်အသက်စွမ်းအားတချို့စတေး၍ သန့်စင်ခဲ့ခြင်းဖြစ်၏။ ၎င်းက အံ့မခန်းနတ်ဘုရားစွမ်းရည်တစ်မျိုးကို ထုတ်လွှတ်နိုင်သည်။

“ယင်ယန်ပြစ်ဒဏ်” သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ဟိန်းဟောက်လိုက်သည်။ သူ၏ပန်းတိုင်မှာ မန်ဟို့ကို တစ်ချက်တည်းနှင့် သတ်ရန် ဖြစ်၏။

သို့သော် သူ ချဉ်းကပ်လာသည့်အချိန်မှာပင် မန်ဟိုက ညာလက်သီးကို ဆုပ်ပြီး ထိုးချလိုက်သည်။ ၎င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထိုးသွင်းလိုက်သည့် သပ်ရပ်ပြီး ကျွမ်းကျင်သည့်လက်သီးချက် ဖြစ်သည်။ လေမှာ စုပ်သွင်းခံလိုက်ရကာ ကြီးမားသောစွမ်းအားကြီး တရိပ်ရိပ် ထိုးတက်လာသည်။ ခပ်ချောချောကျင့်ကြံသူမှာ ကောင်းကင်ဘုံမှ လာသော အင်အားကြီးသဖွယ် တိုးဝင်လာသည့် ကြောက်စရာဖိအားကို အာရုံရလိုက်ဖြင့် မျက်နှာပျက်သွား၏။ ဖိအားကား အံတု၍မရသောအရာဖြစ်ပြီး ပုံဆောင်မဲ့စွမ်းအားကြီးက သူနောက်ဆုတ်ခွင့်မရခင်မှာပင် သူ့ကို ဝင်ကျုံးလိုက်တော့သည်။

အုန်းးးးးးးးးးးးးးးး ကြီးမားသောပေါက်ကွဲမှုကြီး ရိုက်ညောင်းလာသည်။

ခပ်ချောချောကျင့်ကြံသူသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်တွင် ဖြစ်ပြီး လက်ဖျားခါဖွယ်စွမ်းအားများကို ခင်းကျင်းပြသရင်း အသက်စွမ်းအားကို လောင်ကျွမ်းနေစေခဲ့သည်။ သို့ထိတိုင် သွေးများက သူ၏ပါးစပ်မှ ရေတံခွန်သဖွယ် ပန်းထွက်လာသည်။ ရုပ်တုသည် အစိတ်စိတ်အမြွှာမြွှာ ‌ကြေမွသွား၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး ဖောင်းခနဲ ပေါက်ကွဲတော့သည်။ သူ၏အနုသုခုမနတ်ခန္ဓာက စူးစူးဝါးဝါး ‌အော်ရင်း ပျံထွက်လာသည်။

လက်သီးလေးတစ်ချက်က အသက်စွမ်းအား လောင်ကျွမ်းထားသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ကို အပြီးတိုင် ဖျက်စီးပစ်ခဲ့လေပြီ။

ထိုမြင်ကွင်းက ပင့်သက်ရှိုက်သံအမြောက်အမြား ထွက်လာစေသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် အနုသုခုမနတ်ခန္ဓာကို တမင်မဖျက်စီးဘဲ ထိုအစား ဝတုတ်အမျိုးသမီးနှင့် သူမ၏ ရောင်စုံအဆိပ်စက္ကူမြှောင်းများဆီသို့ လက်ဝါးရိုက်ချက် ပို့လွှတ်လိုက်၏။

ရိုက်ချက်က တည်ငြိမ်ပြီး ခြင်ရိုက်နေသည့်အလား ပေါ့ပါးသည်။ ၎င်း အနားရောက်လာသည့်အခါ အမျိုးသမီး၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ကြောက်လန့်တကြား အော်လိုက်သည်။ သူမသည် ကျန်ရှိသမျှ စွမ်းအားအကုန်ထုတ်ကာ စက္ကူမြှောင်းခုနစ်မြှောင်းအား မျက်စိကျိန်းမတတ် တောက်ပလာစေ၏။ သရဲပုံရိပ်များက စက္ကူများမှ ထွက်လာပြီးနောက် စာအုပ်တစ်အုပ်ဖြစ်လာသည်။ သူမသည် စာအုပ်ကို လက်ပေါ်တင်ပြီး မန်ဟို့လက်ဝါးချက်ကို ရင်ဆိုင်ရန် ၎င်းအား ပစ်ပေါက်လိုက်၏။

ဘုန်းးးးးးးးးး

နားကွဲလုမတတ် ပေါက်ကွဲမှုကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။

အရောင်ပါသောစက္ကူစခုနစ်စဖြင့် ဖွဲ့စည်းထားသော စာအုပ်မှာ တုန်ရီလာပြီး အသက်တစ်ရှိုက်စာလေးတောင် အတူတူ စုစည်းမနေလိုက်နိုင်ပေ။ ၎င်းသည် ရောင်စုံပန်းကြဲစက္ကူစလေးများအလား ပေါက်ကွဲသွားပြီးနောက် အမှုန့်ဖြစ်သွား၏။ အမျိုးသမီးမှာမူ သူမ၏အဆိပ်မြူက မန်ဟို့ကို လုံးဝအန္တရာယ်မပြုနိုင်ပေ။ သူမသည် ပါးစပ်မှ သွေးများပန်းထွက်ရင်း လွင့်ထွက်သွား၏။ ဆယ်မီတာရောက်သော သူမလက်မောင်း ပေါက်ကွဲသွားသည်။ မီတာနှစ်ဆယ်တွင် သူမတစ်ကိုယ်လုံး ကွဲအက်စပြုလာသည်။ မီတာသုံးဆယ်ရောက်လျှင် သူမခန္ဓာကိုယ်ကား ပေါက်ကွဲသွားတော့၏။

မန်ဟိုက သူမ၏အနုသုခုမနတ်ခန္ဓာကို မဖျက်စီးဘဲ ကြောက်လန့်တကြား ထွက်ပြေးခွင့်ပြုလိုက်သည်။

“နောက်တစ်ယောက်ကတော့ မင်း” မန်ဟိုက သွေးစုပ်ဖုတ်ကောင်ဘက် လှည့်ကာ အေးတိအေးစက် ပြောသည်။ သူက လက်ညှိုးထိုးလိုက်ရာ ၎င်းတစ်ကိုယ်လုံး တုန်ရီစပြုလာသည်။ ၎င်းကို လွှမ်းခြုံနေခဲ့သော သရဲမီးတောက်မှာ ချက်ချင်း ငြိမ်းသေသွားသဖြင့် ၎င်းမျက်နှာအပေါ်တွင် မျှော်လင့်ချက်မဲ့သွား‌သောအရိပ်အယောင်တစ်ခု ပေါ်လာ၏။ မန်ဟိုအတွက် သွေးစုပ်ဖုတ်ကောင်မှာ ရိုက်ချက်လေးတစ်ချက်ကိုပင် မခံနိုင်လောက်အောင် အားနည်းလှသည်။ ထိုလူ၏အနုသုခုမနတ်ခန္ဓာမှာ သေခြင်းအရှိန်အဝါတို့ ဝန်းရံလျက် ထွက်လာသည်။ သူသည် မန်ဟို့ကို ကြောက်စိတ်မွှန်နေသောမျက်လုံးများဖြင့် ကတုန်ကယင်ကြည့်၏။။

“အနိုင်ယူလို့မရဘူး သူ့ကို အနိုင်ယူလို့မရဘူး”

အရာအားလုံး တဝုန်းဝုန်း တုန်ခါနေသည်။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးယောက်အနက် သုံးယောက်မှာ အပြင်အားကိုယ်များ ရုပ်ပျက်ဆင်းပျက် ဖျက်စီးခြင်းခံလိုက်ရလေပြီ။ မိစ္ဆာနတ်ဆိုးနှင့်တူသော ခရမ်းဝတ်ရုံအဘိုးကြီးနှင့် အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်က မီးပုံတည့်တည့် ဝင်တိုးသော ပိုးဖလံများသဖွယ် ရူးမိုက်စွာ ဟိန်းဟောက်ရင်း မန်ဟို့အပေါ် ထိုးဆင်းလာကြသည်။

***

All Chapters