မြောက်ပိုင်းအား သူ့နေရာသူ ပြန်ရောက်စေခြင်း
Vol. 57 Ch. 796
“မဖြစ်ဘူး”
“ငါ နှစ်ထောင်နဲ့ချီ ကျင့်ကြံအားထုတ်ခဲ့ရတာ။ ချုပ်နှောင်မခံချင်ဘူး”
“မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေအတွက် အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ကို ပိတ်ဆို့တယ်တဲ့လား။ ငါတို့ကို တောင်တစ်လုံးနဲ့ ဖိနှိပ်မယ်တဲ့လား။ တောင်ပိုင်းဒေသကို အားပြန်ဖြည့်ဖို့ ငါ့စိတ်ဝိညာဉ်စွမ်းအင်တွေကို နုတ်ယူမယ်တဲ့လား။ ခွင့်မပြုနိုင်ဘူးးးးး” အင်ပါယာသွေးဆက်မျိုးနွယ်စုခေါင်းဆောင်အပါအဝင် မြောက်ပိုင်းသဲကန္တာရမှ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးဦးမှာ ဒေါသူပုန်ထနေကြသည်။ သို့သော် သူတို့မှာ ဓမ္မဆင်းတုတစ်ခု ဖော်ဆောင်ခဲ့ကာ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တစ်ပိုင်းဝင်ရောက်နေပြီဖြစ်သော မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ပေ။
တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်မှာ စောစောတုန်းက သူတို့အားလုံးပေါင်းတိုက်ခဲ့စဉ်ကပင်လျှင် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ခဲ့သည်သာ။ ငါးယောက်သား ဟိန်းဟောက်ရင်း ရောင်စုံအလင်းတန်းငါးတန်းအသွင်ပြောင်းကာ ထွက်ပြေးဖို့ ကြိုးစားလိုက်ကြ၏။
ဤစစ်ပွဲတွင် မြောက်ပိုင်းသဲကန္တာရကား ရှုံးနိမ့်သွားခဲ့လေပြီ .... အပြတ်အသတ် မရှုမလှ ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သို့သော် သူတို့ငါးယောက် အသက်ရှင်နေသေးသရွေ့ နောင်တစ်ချိန်တွင် အခြေအနေကို ပြောင်းလှန်ပစ်နိုင်ခြေ အမြဲရှိလိမ့်မည်။ ထို့ကြောင့် သူတို့သည် အရပ်ငါးမျက်နှာသို့ လူစုခွဲကာ အမြန်ဆုံး ပျံပြေးသွားကြတော့သည်။
မန်ဟိုက တည်ငြိမ်စွာ ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး နဝမတောင်မှာ ထစ်ချုန်း၍ ရှေ့ထွက်သွားကာ ဝတုတ်အမျိုးသမီး၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။
အမျိုးသမီးက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ သို့သော် နဝမတောင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမခန္ဓာကိုယ်မှာ ကျုံ့သွားပြီး သူမ၏အနုသုခုမနတ်ခန္ဓာသည် ကြွေမွနေသော လေလယ်၌ ပျံထွက်လာ၏။ သူမသည် စူးစူးဝါးဝါး အော်လိုက်ပြီး နဝမတောင်က ဝုန်းခနဲ သူမကို ဖိနှိပ်ကာ သူမ၏အနုသုခုမနတ်ခန္ဓာကို ၎င်းထဲတွင် ချုပ်နှောင်လိုက်သည်။
ထို့နောက် တောင်က ရိပ်ခနဲ ထပ်မံရွေ့လျားသွားပြီး ခပ်လှမ်းလှမ်းတွင် ပေါ်လာကာ သွေးစုပ်ဖုတ်ကောင်အဘိုးကြီးကို ဖိနှိပ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အားလုံးအထဲ အားအနည်းဆုံးဖြစ်ပြီး သူ၏အနုသုခုမနတ်ခန္ဓာတွင် မျှော်လင့်ချက်မဲ့နေသော မျက်နှာရှိသည်။ သူက သွေးရူးသွေးတန်း တိုက်ခိုက်ဖို့ ကြိုးစားသော်လည်း တောင်ကို ဘာမှမလုပ်နိုင်ပေ။ သူကား ဝုန်းခနဲ အတွင်းထဲ၌ ချုပ်နှောင်ခံလိုက်ရလေပြီ။
ထို့နောက် တောင်သည် ရိပ်ခနဲ နွဲ့နွဲ့နှောင်းနှောင်းအမျိုးသား၏အရှေ့တွင် ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်မှာ သူ့ကို လတစ်စင်းနှင့် တူစေသည့် တလက်လက် တောက်ပနေသော မှော်သင်္ကေတများဖြင့် ဖုံးနေသည်။ သူက မလွတ်မြောက်နိုင်သည်ကို မြင်လျှင် ရက်စက်ကြမ်းကြုတ်သောအလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာပြီး ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်လိုက်၏။
သူကား ဖိနှိပ်ခံမည့်အစား အသေခံမည်ဖြစ်သည်။
သို့သော် သူ ခန္ဓာဖောက်ခွဲဖို့ အချိန်မရခင်မှာပင် နဝမတောင်က သူ၏အနုသုခုမနတ်ခန္ဓာကို အတွင်းထဲ၌ ချုပ်နှောင်လိုက်ရာ နွဲ့နွဲ့နှောင်းနှောင်းအမျိုးသား၏မျက်လုံးများအား မျှော်လင့်ချက်မဲ့သွားစေသည်။
ဤလူသုံးယောက်အား တစ်ပြိုင်တည်း လျင်မြန်စွာ ချုပ်နှောင်ပြီးနောက် နဝမတောင်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ မယုံနိုင်လောက်အောင် အားကောင်းလာ၏။ ၎င်းက ဝှီးခနဲ နောက်တစ်ဖန် ရွေ့လျားသွားပြန်ရာ လေများ တိုက်ခတ်သွားသည်။ ၎င်းသည် ယခုတွင် မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့်တူသော အဘိုးကြီး၏အရှေ့၌ ဖြစ်သွားလေပြီ။ သူက ရုန်းသော်လည်း ၎င်းက အခြေအနေကို ပို၍သာ ဆိုးသွားစေသည်။ သူ့မှာ ဖိနှိပ်ခံလိုက်ရပြီး တောင်ထဲသို့ စုပ်ယူခံလိုက်ရ၏။
နောက်ဆုံးတွင် .... တောင်မှာ ဖျတ်ခနဲ ပျောက်ကွယ်သွားကာ မြောက်ပိုင်းသဲကန္တာရ၏ အစွမ်းထက်ဆုံးပညာရှင်၏အရှေ့တွင် ပေါ်လာသည်။ ထိုလူ၏မျက်နှာမှာ ဖြူဆုပ်သွားပြီး သူက ခါးခါးသီးသီး စရယ်သည်။ သူသည် မန်ဟို့ကို ခေါင်းလှည့်ကြည့်ကာ ပြော၏။ “ငါတို့ တောင်ပိုင်းဒေသရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်ပေးမယ်။ ဒါပေမဲ့ မင်း မြောက်ပိုင်းသဲကန္တာရကို အချိန်အကန့်အသတ်တစ်ခု ပေးရမယ်... အဲဒါဆို ငါ ကူညီပေးမယ်”
“နှစ်တစ်သောင်း” မန်ဟိုက ပုံမှန်အတိုင်း ပြောသည်။
“နှစ်တစ်သောင်း....ဟားဟားဟား” အဘိုးကြီးက ခါးခါးသီးသီး ရယ်လိုက်သော်လည်း ရုန်းကန်ခြင်းအား ရပ်ပြီး နဝမတောင်အား သူ့ကို ဖိနှိပ်ချုပ်ချယ်ခွင့်ပြုလိုက်သည်။
အစွမ်းထက်ပညာရှင်ခြောက်ဦးကို ဖိနှိပ်ပြီးနောက် တောင်သည် စိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် တဟုန်းဟုန်း ဖြစ်နေလေပြီ။ ၎င်းသည် စိတ်ဝိညာဉ်တောင်တစ်လုံးအလား အောက်ရှိမြေပြင်များဆီသို့ ဖြေးညင်းစွာ ကျဆင်းလာ၏။ ၎င်း မြေကြီးနှင့် ထိလိုက်သောအခါ တောင်ပိုင်းဒေသနှင့် တစ်သားတည်းဖြစ်သွားပြီး တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူငါးဦး၏ ကျင့်ကြံခြင်းအခြေခံများမှ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးကာ မြေပြင်ကို အားပြန်ဖြည့်ပေးခြင်းစတင်သည်။
ဤလူငါးယောက်မှာ ဝိညာဉ်ကျောက်တုံးငါးတုံးသဖွယ်ဖြစ်သည်။ သူတို့၏စိတ်ဝိညာဉ်စွမ်းအင်များသည် တောင်ပိုင်းဒေသ၏ စိတ်ဝိညာဉ်များ ယခင်အတိုင်း ပေါများပြည့်သျှံလာသည့်တိုင်အောင် တဖြေးဖြေး စုပ်ယူခံရပေမည်။
ထို့နောက် ရုတ်တရက် သက်ပြင်းမျှင်းမျှင်းချလိုက်သံတစ်သံက မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာပင် နဂါးငွေ့တန်းပင်လယ်ဘက်မှ လာနေသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။
သူမသည် ပြာလဲ့လဲ့ကောင်းကင်ပမာ သူမ ခြေအောက်ရှိ အရာအားလုံးကို ဖုံးလွှမ်းလျက်ရှိသော အပြာရောင်ဂါဝန်ကို ဝတ်ထား၏။ သူမက အဝေးမှ စစ်မြေပြင်ရှိရာသို့ လာနေရာ ကောင်းကင်နှင့်မြေကြီးအကြား လွင့်မျောနေသော အပြာရောင်အဝတ်စလေးတစ်စအလားပင်။
သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကအတွင်းရှိ သဘာဝနိယာမသည် လွင့်ပျယ်မှေးမှိန်လာ၏။ အချိန်ပင်လျှင် ရပ်တန့်သွားသယောင်ပင်။ နဝမတောင်သည် မြေကြီးကို မထိနိုင်ဘဲ လေလယ်တွင် ပျံဝဲနေ၏။ စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများမှာမူ တဆတ်ဆတ် တုန်လျက် ရပ်နေကြသည်။
တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များပင်လျှင် ကျောက်ရုပ်သဖွယ် ရပ်နေရုံမှတစ်ပါး မတတ်နိုင်ပေ။ အရာအားလုံး ငြိမ်သက်သွားသည်။
အမျိုးသမီးသာလျှင် ရွေ့လျားနေသည်။ သူမသည် လေကိုဖြတ်၍ မန်ဟို့ဆီ လျှောက်လာနေ၏။
“တစ်ချိန်တုန်းက သူ ပြောခဲ့ဖူးတယ်.... ဝဲမျက်လုံးပေါ်လာရင် ကြာပြောင်းလဲမှုတွေကို မြင်ရမယ်။ အင်မော်တယ်နဲ့ နတ်ဆိုးကြား ကွာဟမှုအတွင်းမှာ ကြာပန်းပြာဖြစ်ပေါ်လာလိမ့်မယ် ..... ပြီးတော့ အခု....” အမျိုးသမီး၏အသံသည် တိုးညင်းသော်လည်း နက်နဲသိမ်မွေ့စွာဖြင့် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွား၏။ သူမအနောက်တွင် အပြာရောင်ကြာပန်းတစ်ပွင့်၏ ဝိုးတဝါး ပုံရိပ်တစ်ခု ပေါ်လာသည်။ ယင်းကား .... ဓမ္မဆင်းတုတစ်ခုပင်။
“မရေတွက်နိုင်တဲ့ ကြယ်စင်တာရာတွေရဲ့ အကြည့်အောက်မှာ ကျင့်ကြံသူသန်းပေါင်းများစွာရဲ့ သွေးတွေ စီးဆင်းပြီး ဝဲမျက်လုံးပေါ်လာတယ်
“အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းက ကြာရဲ့ပြောင်းလဲမှုတွေကို ဖုံးကွယ်ထားတဲ့ အကန့်အသတ်မဲ့ ခရမ်းပင်လယ်ကို ဖန်တီးခဲ့တယ်
“ကောင်းကင်ကြီး မလှုပ်ရှားနိုင်ပြီး ပူဆွေးနေတဲ့သရဲတွေနဲ့ ပြည့်သွားတဲ့ နေ့ရက် ရောက်လာခဲ့ပြီ။ အခု ငါ့ကြာပန်းပြာ.... ပေါ်လာနိုင်ပြီ
“ငါ့အတွက် လိုအပ်နေခဲ့တဲ့ တစ်ခုတည်းသောအရာက အင်မော်တယ်နဲ့ နတ်ဆိုးကြားက ကွာဟမှုပဲ... မြူဓားသွား ကျဆင်းလာတဲ့အခါ နင်က နတ်ဆိုးကို ဖျက်စီးပြီး တာအိုရှာဖွေခဲ့တယ်။ ဒါကြောင့် အင်မော်တယ်နဲ့နတ်ဆိုးအကြား ကွာဟမှုတစ်ခု ပေါ်လာခဲ့တယ်” အမျိုးသမီး၏အကြည့်သည် အတော်လေး စိမ်း၏။ ပထမဆုံးတစ်ချက်ကြည့်လျှင် တည်ငြိမ်နေပုံပေါ်သည်။ ဒုတိယတစ်ချက်ကြည့်လျှင် ရူးသွပ်နေပြီး တတိယတစ်ချက်ကြည့်လျှင် နက်နဲသည်။ သူမအကြည့်မှာ မရေမတွက်နိုင်သော ဘဝပြန်ဝင်စားသံသရာစက်ဝန်းများ ပါရှိနေသယောင်ပင်။
“ငါ သန်းပေါင်းများစွာသော လူတို့ရဲ့ သွေးကို ရွှံနွံအဖြစ် အသုံးပြုမယ်။ ပူဆွေးနေတဲ့သရဲတွေဟာ နုန်းအနည်ဖြစ်လာမယ်။ ငါက သွေးစွန်းရွှံ့နွဲထဲကနေ အပြစ်အနာအဆာမရှိ ... ပေါ်ထွက်လာမယ်။ ငါဟာ ရှင်သန်ခြင်းနှင်းပန်းကို ခွာချပြီး အပြာရောင်ကြာတစ်ပွင့် ဖြစ်လာခဲ့ပြီ
“မိုးကောင်းကင်မလှုပ်ရှားနိုင်တဲ့အချိန်မှာ ငါ တာအိုကို ရှာဖွေခဲ့တယ်။ မိုးသောက်ချိန်ရောက်တော့ အင်မော်တယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီးပြီ။ ငါဟာ အကောင်းပိုင်းကို ဖျက်စီးပြီး အင်မော်တယ်အမြစ်ကို ခွဲထုတ်ခဲ့တယ်။ ငါ့အဆိုးပိုင်း အထွတ်အထိပ်ကို ရောက်မှ ပြောင်းလဲဖို့ စွန့်စားနိုင်တယ်” သူမသည် လျှောက်လှမ်းလာပြီး မန်ဟို၏အရှေ့ မီတာသုံးရာအကွာတွင် ရပ်လိုက်သည်။
“ငါ ပြင်ဆင်နေခဲ့ရတာ ကြာပြီ။ အခုတော့ အင်မော်တယ်နဲ့ နတ်ဆိုးကြား ကွာဟမှုပေါ်လာပြီမလို့ ငါ နင့်ကို စုပ်ယူပြီး အပြီးသတ်ပြီ
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ မရေမတွက်နိုင်တဲ့အမြစ်တွေကို ဖြန့်ကြဲခဲ့တဲ့အတွက် အင်မော်တယ်နဲ့နတ်ဆိုးကြား ကွာဟမှုက နောက်ဆုံးကျ ပေါ်ပေါက်လာဖို့ သတ်မှတ်ထားပြီးဖြစ်ခဲ့တယ်။ အစတုန်းက နင့်ကို မရွေးချယ်ခဲ့ပေမယ့် နင်က မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ နင်က ကံကြွေးနဲ့ ရေစက်ပါနေတဲ့ပုံပေါ်ခဲ့တယ်။ အခုတော့ .... ငါ့အနေနဲ့ နင့်ကို ကျေးဇူးတင်ပါတယ်” သူမသည် ဒူးတစ်ဖက်ညွတ်၍ အရိုအသေပေးလိုက်သည်။
မန်ဟိုက စစချင်း မတုံ့ပြန်ပေ။ ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမရပ်တန့်သွားခြင်းမှာ ဤအမျိုးသမီးကြောင့်ဖြစ်သည်။ သို့သော် မန်ဟို့ပတ်ပတ်လည်တွင် တစ်စုံတစ်ခု ကွဲအက်နေသကဲ့သို့ အက်သံများကြားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုကား ပုံမှန်ပြန်ဖြစ်သွားလေပြီ။ သူ့အနောက်ရှိ ဓမ္မဆင်းတုက အရောင်အဝါတို့ဖြင့် ကွန့်မြူးတောက်ပလာသည်။
“ရှင်သန်ခြင်းနှင်းပန်းရဲ့အမေ” သူက ပြောသည်။ “အရုဏ်ဦးအင်မော်တယ်”
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး ခပ်ရေးရေးအပြုံးတစ်စအား သူမမျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ ၎င်းသည် အတိတ်ကို ပြန်ပြောင်းတွေးဟန်တူသော အပြုံးလှလှလေးဖြစ်၏။ သူမသည် မန်ဟို့ကို အကဲခတ်ရင်း စိတ်ပျံ့လွင့်နေသယောင်ပင်။
“နင်က သူနဲ့ မတူဘူး .... အရှိန်အဝါကတော့ တူတယ်” သူမက နူးညံ့ညင်သာစွာ ပြောသည်။ “ရှေးခေတ်ကနေစပြီး အခုအချိန်အထိ မိစ္ဆာချုပ်နှောင်သူအဖွဲ့က အေးစက်ပြီး နှလုံးသားမရှိခဲ့ဘူးလေ”
“ငါ နင့်ကို စုပ်ယူပြီး အပြာရောင်ကြာပန်းတစ်ပွင့်ဖြစ်လာလိမ့်မယ်။ ကံကြွေး ပြည့်ဆည်းသွားမယ်။ အဲဒီနှစ်တုန်းက စိုက်ပျိုးခဲ့တဲ့အရာကို ဒီနှစ်ပြန်ရိတ်သိမ်းရတော့မယ်။ အခုကစပြီး သူဟာ ငါ့အပေါ် အကြွေးမတင်တာ့သလို၊ ငါလည်း သူ့အပေါ် မတင်တော့ဘူး” သူမက လက်ကို ဆန့်ပြီး မန်ဟိုကို ညွှန်လိုက်သည်။
ချက်ချင်းပင် အရာအားလုံးပြောင်းလဲသွားသယောင်ပင်။ ကမ္ဘာကြီးသည် ဘက်ပေါင်းစုံမှ မန်ဟှိ့ကို လွှမ်းခြုံဝါးမြိုရန် ပြင်ရင်း ရိုက်ခတ်လာသော ကြောက်မက်ဖွယ်ပင်လယ်ရေလှိုင်းများဖြင့် ပြည့်သွား၏။ သို့သော် ဤအခိုက်အတန့်တွင် သူ့အနောက်ရှိ ဓမ္မဆင်းတုက ရုတ်တရက် ပါးစပ်ဟပြီး ဟိန်းဟောက်လိုက်သည်။
၎င်းသည် ဟိန်းဟောက်သံတစ်ချက်တည်းဖြစ်သော်လည်း အကုန်လုံး ကြေမွသွားစေခဲ့၏။ အက်ကွဲသံများ ပဲ့တင်ထပ်လာပြီး လှိုင်းများ ပြိုကွဲသွားသည်။ ပင်လယ်ရေသည် အငွေ့ပျံသွားသည့်အလား ပျောက်ကွယ်သွားပြီး ခေါင်းအထက်၌ အဆုံးမဲ့အနက်ရောင်တိမ်ထုကြီးအသွင်ပြောင်းသွား၏။
“မှီခိုရာဂိုဏ်းမှာတုန်းက” မန်ဟိုက အေးတိအေးစက် ပြောသည်။ “ခင်ဗျားက အရိပ်ထဲမှာ ငုပ်လျိုးနေခဲ့တယ်။ ကျုပ် နဂါးငွေ့တန်းပင်လယ်ကို ရောက်တော့ ခင်ဗျား အဲဒီမှာ ပုန်းနေခဲ့တယ်။ ခင်ဗျားက သွေးမိစ္ဆာဂိုဏ်းရဲ့ စစ်ပွဲမှာတောင် ပေါ်လာခဲ့တယ်။ ဒါတင်မကသေးဘူး အခု ဒီကျူးကျော်စစ်မှာရောပဲ
“ဒီဟာတွေအကုန်လုံးအတွက် ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ကို စုပ်ယူချင်တယ်ပေါ့ ..... ကံဆိုးစွာနဲ့ ခင်ဗျား အရည်အချင်းမပြည့်မှီဘူး” သူ့ဓမ္မဆင်းတု၏မျက်လုံးများ တောက်ပသွားသည်။ ထို့နောက် ၎င်းသည် ရှေ့တစ်လှမ်းတက်၍ လက်မြှောက်လိုက်၏။ သွေးမိစ္ဆာမဟာမှော်သိုင်းပေါ်လာကာ ဧရာမဝဲကြီးက အမျိုးသမီးဆီ ဦးတည်သွားသည်။
အနီးကပ်ကြည့်လျှင် သွေးမိစ္ဆာမှော်ဝဲသည် ကောင်းကင်ထက်ရှိ ဝဲနှင့် ဆင်တူကြောင်း မြင်ရပေမည်။ ၎င်း ဟိန်းဟောက်လိုက်စဉ် အပေါ်ရှိ တိမ်တိုက်များလည်း လည်လာပြီး အမျိုးသမီးဆီ ရွေ့လျားလာကြသည်။
“ရှင်သန်ခြင်းနှင်းပန်း ခုနစ်ရောင်နဲ့ ပွင့်လန်းတဲ့အခါ” အမျိုးသမီးက လေသံပျော့ပျော့ပျောင်းပျောင်းဖြင့် ပြောသည်။ “ပွင့်ချပ်တွေ ကြွေခပြီး နှစ်တစ်ထောင်အတွင်း အင်မော်တယ်ဖြစ်လာတယ်” သူမက လာနေသော ဝဲကို ကြည့်ပြီးနောက် လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူမအရှေ့တွင် ခုနစ်ရောင်ခြယ်ရှင်သန်းခြင်းနှင်းပန်းတစ်ပွင့် ပေါ်လာသည်။ ချက်ချင်းပင် ၎င်းသည် ကြေမွပြီး ခုနစ်ရောင်စဉ်အမျှင်များက ဒုဓလီပန်းအစေ့များသဖွယ် လေတွင် စီးမျောထွက်သွားကာ သွေးမိစ္ဆာမဟာမှော်ဝဲကို ဝင်တိုက်လိုက်၏။
အံ့ဩစရာကောင်းသော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။ ခုနစ်ရောင်စဉ်အမျှင်များက ဝဲကို ဖြတ်သွားသည့်အခါ မဆိုစလောက် တုန်ယင်သွားသည်။ ၎င်းတို့သည် အားနည်းသည့်ပုံပေါ်ကောင်း ပေါ်လိမ့်မည်။ သို့သော် မရပ်ဘဲ မန်ဟို့ဆီပြေးဝင်သွားသော ရောင်စုံအလင်းတန်းများအသွင်ပြောင်းသွားသည်။
၎င်းတို့က သူ့အနား နီးကပ်လာလျှင် မှော်ချုပ်နှောင်အမှတ်အသားများနှင့်တူသော ပန်းပွင့်ချပ်ခုနစ်ချပ်ဖြစ်လာသည်။
မန်ဟို၏မျက်လုံးများ အေးစက်မှုဖြင့် အရောင်လက်သွားသည်။ သူ၏ ဓမ္မဆင်းတုက ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ကို ပုံပျက်သွားစေပြီး ပွင့်ချပ်ခုနစ်ချပ်ကို တုံ့ခနဲ ရပ်သွားစေသည်။
ဤအခိုက်အတန့်တွင် သူသည် ညာလက်ကိုမြှောက်လိုက်ရာ ... ကြေးမုံပေါ်လာ၏။
တဖျပ်ဖျပ် လက်နေသော အလင်းရောင်အား ကြေးမုံအတွင်း၌ မြင်ရနိုင်သည်။ အနီးကပ်ကြည့်လျှင် .... မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းအား မြင်ရလိမ့်မည်။
မန်ဟိုမှာ မိစ္ဆာလက်နက်ကို ကြေးမုံထဲ ထည့်ခဲ့တုန်းက ၎င်းကို အသုံးမပြုနိုင်ခဲ့ပေ။ တာအိုရှာဖွေခြင်းအဆင့် ဝင်ရောက်ခဲ့ပြီးနောက်မှသာ အင်မော်ချီပိုင်ဆိုင်သွား၍ ဓမ္မဆင်းတုကို ဆင့်ခေါ်နိုင်ခဲ့ပြီးမှနောက်ဆုံး မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို အထဲ၌ အာရုံရခဲ့ခြင်းဖြစ်သည်။
သူသည် ကြေးမုံကို ဖိချပြီး ဆုပ်ကိုင်လိုက်ရာ ဂျုန်းခနဲ လေတွင် မြည်ဟည်းသွားသည်။ မိစ္ဆာချီများ တဖွေးဖွေး လှုပ်လျက် ထွက်လာရင်း အရာအားလုံးကို စိုးမိုးသွားသည်။ ဤအခိုက်အတန့်တွင် သူ့လက်ထဲ၌ အနီရောင်လှံရှည်တစ်ချောင်းပေါ်လာ၏။
၎င်းသည် နီလည်း နီသလို၊ ဖြူလည်း ဖြူသည်။ အရောင်နှစ်ရောင်က မိစ္ဆာဆန်ဆိုသည်ဆိုသော စကားလုံးဖြင့် ဖော်ပြရန်မှတစ်ပါး အခြားမရှိလောက်အောင် ရောထွေးလိမ်ယှက်နေသည်။
အဖော်မဲ့သင်္ချိုင်း လက်ထဲရောက်လာသည်နှင့် မန်ဟိုကား တခဏပင် တုံ့ဆိုင်းခြင်းမရှိပေ။ ပွင့်ချပ်ခုနစ်ချပ်ကို ချက်ချင်း ထိုးချလိုက်တော့၏။
လှံသည် လေကို ခွင်းသွားပြီး အရာအားလုံး ထစ်ချုန်းလာသည်။ မိစ္ဆာချီတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံရင်း ထွက်လာ၏။ မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်း လေကို ခွင်းသွားနေစဉ် သင်္ချိုင်းကျောက်စာတိုင်တစ်တိုင် မန်ဟို့အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
သင်္ချိုင်းကျောက်စာတိုင်သည် ချက်ချင်း ပတ်ဝန်းကျင်၌ ရှိရှိသမျှ အကုန်လုံးကို ဖိနှိပ်လိုက်၏။
ဝုန်း
ပွင့်ချပ်ခုနစ်ချပ်မှာ လေထဲ ပျံ့လွင့်သွားသော ခုနစ်ရောင်ခြယ်အမှုန်များအဖြစ် ပေါက်ကွဲရင်း ပျက်စီးသွားသည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းကို ကိုင်စွဲရင်း အနိုင်ယူ၍မရသော ကောင်းကင်နှင့်မြေကြီး၏ ပါရာဂွန်တစ်ဦးပမာ ရပ်နေသည်။
အမျိုးသမီးမှာမူ မန်ဟို၏ ခမ်းနားကြီးကျယ်သော အရှိန်အဝါကို နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား မျက်နှာတစ်ချက်ပျက်မသွားပေ။ အမှန်တွင် သူမမျက်နှာပေါ်၌ ကရုဏာသက်နေသော အရိပ်အယောင်ပေါ်လာသည်။
“နင်က မိစ္ဆာချုပ်နှောင်သူအဖွဲ့ဆိုတော့ ငါ နင့်မလိမ်ချင်ဘူး။ ဘယ်သူမှ နင့်ကို မကယ်နိုင်ဘူး။ ဒီဂြိုဟ်မှာရှိတဲ့ ကျီမျိုးနွယ်အခွဲက ငါ့အပေါ် ကျေးဇူးအကြွေးတင်ထားတယ်။ ငါ့ကို တားဖို့ ဘာမှလုပ်မှာမဟုတ်ဘူး
“သူတို့အပြင် ဒီဂြိုဟ်မှာ ရှေးဖြစ်တည်မှုတွေ ရှိကြပေမယ့် တစ်ယောက်မှ ငါ့လမ်းကို ပိတ်မှာမဟုတ်ဘူး ... ဒီနေ့ ဘယ်သူမှ နင့်မကယ်နိုင်ဘူး
“နင့်အတွက် စုပ်ယူခံရဖို့ ... အချိန်ကျပြီ” စကားပြောနေစဉ် သူမသည် အကန့်အသတ်မဲ့စွာ တောက်စပြုလာ၏။ သူမအနောက်ရှိ ကြာပန်းပြာသည် ယိမ်းနွဲ့လာပြီး မပြောပြတတ်လောက်အောင် ပြင်းထန်သော ချေမှုန်းခြင်းဖိအားကို ထုတ်လွှတ်လိုက်သည်။ ပထမဆုံးအနေဖြင့် မန်ဟို၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားလေသည်။
သူရော၊ ဓမ္မဆင်းတုပါ တုပ်တုပ်မှမလှုပ်နိုင်တော့ပေ။ ထိုမျှသာမက အပြာရောင်ကြာပန်းတစ်ပွင့် .... သူ၏ခန္ဓာကိုယ်တွင် ပေါက်ဖွားတော့မည့်အလား ထင်ရသည်။
ဤအခိုက်အတန့်မှာပင် အေးစက်စက်နှာမှုတ်သံတစ်သံက မြေပြင်တစ်လျှောက် လိမ့်ထွက်လာရင်း လေကို ခြေမွကာ မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာသည်။
“ထိရဲရင် ထိကြည့်လိုက်စမ်း။ ထိကြည့်လိုက်စမ်းပါ”
***