← Chapters

အဖေက တောင်ကောင်းကင်ကို ရယ်သွမ်းသွေးခြင်း

Vol. 57 Ch. 798

အဖေက တောင်ကောင်းကင်ကို ရယ်သွမ်းသွေးခြင်း

Vol. 57 Ch. 798

“မဟာတာအိုသုံးထောင်” အမျိုးသားက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “တစ်ခုစီမှာ အစွမ်းထက်ပြီး တမူထူးခြားတဲ့ ဝိသေသတွေရှိတယ်။ တကယ့်တကယ် ဘယ်ဟာ အစွမ်းထက်ဆုံးလဲ ပြောမရဘူး....

“တာအိုက နှလုံးသားထဲမှာ တည်ရှိပြီး နှလုံးသားက စိတ်ဆန္ဒကနေ မွေးဖွားလာတယ်။ မင်းရဲ့ စိတ်ဆန္ဒ ခိုင်မာရင် မင်းရဲ့တာအိုဟာ အစွမ်းထက်လာမှာဖြစ်သလို မင်းရဲ့ဓားကို.... ဘယ်သူမှ အနိုင်ယူလို့မရတော့ဘူး

“အဖေ့ လှုပ်ရှားမှုတွေကို အာရုံစိုက်။ စုစုပေါင်း ကိုးကွက်ရှိတယ်။ တစ်ကွက်စီက ကြယ်တွေရဲ့စွမ်းအားကို လှုံ့ဆော်နိုင်တယ်” ဓားက ကျဆင်းသွားသည်။

ကောင်းကင်နှင့်မြေပြင်သည် တုန်ခါလာပြီး ကမ္ဘာလောကထဲရှိ အလင်းရောင်ခပ်သိမ်း ပျောက်ကွယ်သွားသယောင် ထင်ရသည်။ တစ်ခုတည်းကျန်ရှိခဲ့သည်မှာ ဓားအလင်းတန်းဖြစ်၏။ အရာအားလုံး တစတစ မှေးမှိန်မှုန်ဝါးလာပြီး သံဓားသာ ကျန်ရှိ‌ခဲ့လေပြီ။

ဓားအလင်းတန်းက တဟုန်ထိုး ထွက်သွားပြီး သံဓား ကျဆင်းသွားသည်။ ၎င်းသည် ရှေးဟောင်းတာအိုရေကန်များ၏အပေါ် ၊ ယခုလေးတင် ထွက်လာခဲ့သော သားရဲ၏အရှေ့တည့်တည့်‌တွင် ပေါ်လာ၏။ သားရဲက ဓားအလင်းကို တအံ့တဩ စိုက်ကြည့်ပြီး မျက်နှာပျက်သွားသည်။ ၎င်းက မချိတင်ကဲ အော်လိုက်ပြီး လုံးလုံးလျားလျား အံ့ဩမယုံနိုင်သောအခြေအနေတွင် ဖြစ်နေဟန်ပင်။ ၎င်းသည် ရှေးဟောင်းတာအိုရေကန်များထဲ ပြန်ဝင်ရန် ကမန်းကတန်း နောက်ဆုတ်သွား၏။

“ဒါ .... ဒါ...” သားရဲနောက်ဆုတ်သွားသည့်အချိန်မှာပင် ဓားအလင်းတန်းက နီးကပ်လာသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းတာအိုရေကန်များ ပန်းထွက်လာပြီး ရှေးကျသောအသံကြီးတစ်သံ ထွက်လာသည်။

“သခင်ကြီး ၊ ကျေးဇူးပြုပြီး ‌စိတ်လျှော့တော်မူပါ။ ကျွန်‌တော်မျိုးရဲ့ မျိုးနွယ်ဝင်ကို အသက်ချမ်းသာပေးဖို့ တောင်း....”

“တောင်းဆိုမှုကို ငြင်းပယ်တယ်” ရှေးဟောင်းတာအိုရေကန်များ၏အပေါ်ရှိ လေထုတွင် ဖိအားကြီးပြည့်နှက်သွားစေသော အသံတစ်သံက ဟိန်းဟောက်လိုက်သည်။ ဓားအလင်းက လေကို ခွင်းလိုက်ရာ သားရဲက အသံနက်ကြီးဖြင့် သွေးပျက်မတတ် အော်တော့သည်။ ၎င်းမှာ ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရသဖြင့် ၎င်း၏ခန္ဓာကိုယ်‌သည် မီးကျွမ်းအသားတုံးများအဖြစ် ပေါက်ကွဲသွားခဲ့လေပြီ။

ဓားကွက်တစ်ကွက်က ၎င်း၏တည်ရှိမှုကို အရှင်းဖယ်ရှားလိုက်သည်။ ပေါ်လာခဲ့သော အရှိန်အဝါကိုးခုအနက် တစ်ခု ရှင်းလင်းခံလိုက်ရသဖြင့် အရာအားလုံး ထစ်ချုန်းသွားသည်။ ကျန်အရှိန်အဝါရှစ်ခုမှာ လေလယ်တွင် ကြက်သေသေသွားပြီး မျက်နှာတွင် အံ့ဩခြင်းတို့ ပြည့်နှက်သွား၏။ တခဏကြာသော် သူတို့မှာ ကရောသောပါး ဆုတ်သွားကြတော့သည်။

ကံဆိုးစွာနှင့် နောက်ကျလွန်းသွားလေပြီ။

“ဟိုအာ” မန်ဟို၏အဖေက ပြောသည်။ “ဒုတိယဓားကွက်ကို သေသေချာချာကြည့်။ အမြဲမှတ်ထား၊ ဓားတစ်လက်နဲ့ တိုက်ခိုက်တဲ့အခါ စိတ်ရှင်းနေမှဖြစ်မယ်၊ နောက်ကျိနေလို့မရဘူး။ မင်းက တာအို၊ တာအိုက ဓားပဲ” အံ့ဩဖွယ်ကောင်းစွာနှင့် သူ လက်ဆင့်ကမ်း‌ပေးနေသောအရာမှာ သူ့ဘဝတွင် တတ်မြောက်ခဲ့သမျှထဲ အစွမ်းထက်ဆုံးတာအိုဖြစ်သည်။

တာအိုတစ်ခုဆိုသည်မှာ ထမင်းစားရေသောက်သလို လက်ဆင့်ကမ်းပေးလို့မရပေ။ သို့သော် ဤသည်မှာ သူ့သားဖြစ်၏။ မန်ဟို့အတွက် တောင်ကောင်းကင်ကို နှစ်တစ်သိန်း စောင့်ရှောက်ဖို့ သဘောတူခဲ့သည်ကို ထည့်တွက်လျှင် သူ တာအိုတစ်ခုကို လက်ဆင့်ကမ်းပေးမည်လား တွေးကြည့်နေစရာပင် မလိုပေ။

သူသည် ပြောရင်းဆိုရင်း ညာခြေကို ရှေ့ထုတ်လိုက်၏။ ထိုလှုပ်ရှားမှုက လျင်မြန်လှသဖြင့် လေကြမ်းတစ်ချက်အား တိုက်ခိုက်သွားစေသည်။ ဒုတိယဓားအလင်း ထွက်ပေါ်လာ၏။ ကောင်းကင်မှာ ကြောက်မက်ဖွယ်စွမ်းအား၏အောက်တွင် တုန်ခါလာသည်။ သူ့အနေ့ဖြင့် အတွေးလေးတစ်ချက် တွေးလိုက်ရုံသာ လိုအပ်ပြီး မိုးကောင်းကင်မှာ နှစ်ပိုင်းကွဲသွားရမည့်ပုံပင်။

ဓားအလင်းက ဂျိန်းခနဲ တောင်ပိုင်းဒေသ၏ ရှေးကံကြမ္မာဆိုးဘုရားကျောင်းအပေါ်တွင် ပေါ်လာသည်။ ရုပ်တုမှာ ကြောက်အားလန့်အားနှင့် အမြန်ဆုံးပြေးနေပြီဖြစ်သည်။ သို့သော် ၎င်း ဘုရားကျောင်းထဲ မဝင်ရောက်နိုင်မီ ဓားအလင်းက လေကို ပိုင်းချလိုက်၏။ အဆိုပါဖြစ်တည်မှုမှာ ခေါင်းဖြတ်ခံလိုက်ရသဖြင့် အော်သံနက်ကြီး ပဲ့တင်ထပ်ကျန်ခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းသွားပြီး သူကား အလျှင်းဖျက်စီးခံလိုက်ရလေပြီ။

ကျန်ခဲ့သည့်အရာဆို၍ အသက်ထွက်သွားသောအော်သံကြီးသာ ဖြစ်သည်။

“စိတ်ဝိညာဉ်နယ်ပယ်ရဲ့ အပေါ်မှာ အင်မော်တယ်နယ်ပယ်ရှိတယ်” မန်ဟို့အဖေက ပြောသည်။ “အခု မင်းက အစစ်အမှန်အင်မော်တယ်အဆင့်ကို တစ်ပိုင်းဝင်ရောက်နေပြီဆိုတော့ စိတ်ဝိညာဉ်နယ်ပယ်နဲ့ အင်မော်တယ်နယ်ပယ်ကြားက နေရာမှာလို့ ဆိုလိုတာပဲ။ မင်း အဲဒီအဆင့်ကို ပြီးမြောက်သွားရင် .... အင်မော်တယ်နယ်ပယ်ထဲ ဝင်ရောက်ရလိမ့်မယ်

“အခု တတိယဓားကွက်ကို အာရုံစိုက်” သူသည် အသက်မှန်မှန် ရှူရင်း စိတ်ဝိညာဉ်ကို ဆင့်ခေါ်နေသည့်အလား ဓားကို ဘယ်လက်ဖြင့် ပွတ်သပ်လိုက်သည်။ ဤတတိယဓားကွက်တွင် ဓားသည် မြေကြီးကို ထိုးစိုက်လိုက်ရာ တစ်မြေလုံးတုန်ခါသွားသည်။ ဓားအလင်းက နဂါးငွေ့တန်းပင်လယ်ပြင်ထက်၊ အသည်းအသန်ပြေးနေသော ပိန်ချုံးချုံးပုံရိပ်အနောက်တွင် ပေါ်လာ၏။

“မင်းက ဘယ်သူလဲ။ ငါ့ကို မသတ်ပါနဲ့ ၊ အညံ့ခံပါတယ်။ မင်း သားရဲ့ တာအိုစောင့်ရှောက်သူ လုပ်ပေးမယ်”

တောင်ပိုင်းဒေသတွင် မန်ဟို၏အဖေက သူ့ကို ပြန်ကြည့်သည်။ “ဟိုအာ သူ့ကို လိုချင်လား”

မန်ဟိုက တအံ့တဩ စိုက်ကြည့်နေပြီးနောက် မသိလိုက်ဘဲ ခေါင်းခါမိလိုက်သည်။

သူ့အဖေက ရယ်၏။

“တာအိုစောင့်ရှောက်သူတဲ့လား။ မင်းက ငါ့သားအတွက် အဲဒီ‌နေရာယူဖို့ မတန်ဘူး” သူ၏အသံ ပဲ့တင်ထပ်လာစဉ် ဓားက ကျဆင်းလာသည်။ အုန်းခနဲ ပိန်ချုံးချုံး ပုံရိပ်သည် တစစီ ပေါက်ကွဲကာ ဘာဆိုဘာမှ မကျန်တော့သည်အထိ မီးလောင်သွားတော့၏။

ဓားကွက်သုံးကွက်က အင်အားကြီးမားသော ဖြစ်တည်မှုသုံးခုကို သတ်ဖြတ်ခဲ့ပြီးလေပြီ။

အရှေ့ဘက်နယ်မြေရှိ ရှေးဂိုဏ်းများ၏ ‌ဂိုဏ်းချုပ်များမှာ ဖြစ်ပျက်နေသောအရာကို မြင်သောအခါ ထရပ်ပြီး ကြောက်လန့်တုန်ရီလာသည်။ သူတို့သည် ကြည့်‌ရှုနေစဉ် မည်သည်တို့ ဖြစ်ပျက်နေသလဲ ရိပ်မိလာကြ၏။

ကျီမျိုးနွယ်စုတွင် လက်ပြတ်လူငယ်က ‌သက်ပြင်းချလိုက်သည်။

“မင်းတို့တွေ ပေါ်လာခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ သူက မင်းတို့ ပြဿနာရှာမှာလည်း မဟုတ်သလို၊ ကျန်တဲ့အခြေအနေဆိုလည်း ကိစ္စမရှိဘူး။ သူ့စိတ်နေစိတ်ထားအရဆို မင်းတို့ကို အာရုံတောင် မရှိဘူး။ ဒါပေမဲ့ အခု ... မင်းတို့က သူ့သားနဲ့မှ သွားရှုပ်တာကိုး

“သူ့သားနဲ့ သွားရှုပ်တာက ကြောင်မွှေးကို ပြောင်းပြန်ပွတ်သပ်ပေးနေသလိုပဲကွ။ ဘယ်သူက အဲဒီလိုလုပ်ရဲမှာလဲ”

ကျန်အရှိန်အဝါခြောက်ခုမှာ ပြင်းပြင်းထန်ထန် တုန်ရီနေလေပြီ။ အရုဏ်ဦးအင်မော်တယ်က ဤမျှကြောက်စရာကောင်းသော တစ်စုံတစ်ယောက်ကို ရန်စခဲ့လိမ့်မည်ဟု သူတို့ မည်သို့ထင်ထားခဲ့မည်နည်း။ ဤအရှိန်အဝါခြောက်ခုအနက် နှစ်ခုသည် ပြန်မပြေးတော့ဘဲ ဤဂြိုဟ်မှ ထွက်သွားဖို့ ကြိုးစားနေသည့်အလား ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။

တစ်ခုက အရိုးခေါင်းကြီးဖြစ်ပြီး ကျန်တစ်ခုက အနောက်ပိုင်းသဲကန္တာရ ခရမ်းပင်လယ်မှ တောင်စောင့်နတ်ဖြစ်သည်။

“ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ လူတစ်ယောက်ဟာ တခြားသူတွေရဲ့ ကာကွယ်မှုကို အားကိုးလို့မရဘူး။ မင်းက ဒီဘဝမှာ တောင်ကောင်းကင်ဂြိုဟ်ရဲ့ အပြင်ကို မထွက်ဖူးသေးဘူး။ အဖေပြောပြမယ် ၊ တာအိုစောင့်ရှောက်သူတွေပဲ အားကိုးခဲ့တဲ့ ရွေးချယ်ခံတွေ အများမှ အများကြီး အဖေမြင်ခဲ့ဖူးတယ်။ အခုတော့ .. အကုန်လုံး ခွေးလေခွေးလွင့်တွေလို ဆန်ကုန်မြေလေးဖြစ်နေကြပြီ” မန်ဟို၏အဖေသည် သူ့ဘက်လှည့်၍ ပြုံးပြပြီးနောက် ဘယ်လက်မှ လက်ခလယ်နှင့် လက်ညှိုးကို ဆန့်တန်းရင်း လက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူသည် ကောင်းကင်နှင့်မြေကြီးထံမှ စွမ်းအင်ကို မရမက ညှစ်ယူနေသည့်အလားပင်။ သူ ရှေ့နှစ်လှမ်း ထပ်တက်လိုက်စဉ် ဆန်းပြားသောအလင်းရောင်တစ်ခုက သူ့တစ်ကိုယ်လုံးကို ဝန်းရံလိုက်သည်။ သူ့ ခြေတစ်လှမ်းစီနှင့်အတူ ဓားချီလေက ကောင်းကင်သို့ ဖြာထွက်သွား၏။

တခဏကြာသော် တောင်စောင့်နတ်က စူးစူးဝါးဝါး အော်လိုက်ရသည်။ ၎င်း၏ကြီးမားသောကိုယ်လုံးကြီးမှာ ယခုလေးတင် ‌တောင်ကောင်းကင်ဂြိုဟ်မှ ထွက်လုဆဲဆဲ ဖြစ်ခဲ့၏။ မည်သို့ဆိုစေ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲပြီး မီးလောင်ပြာကျသွားလေသည်။

အရိုးခေါင်းမှာမူ ကြယ်တာရာကောင်းကင်သို့ ထွက်ပြီး တဟုန်ထိုးပြေးနေသည်။ ၎င်းအတွက် ကံဆိုးစွာနှင့် ထိုအမြန်နှုန်းမျိုးဖြင့်ပင် ဓားချီကို မတွန်းလှန်နိုင်ပေ။

“မလုပ်နဲ့” အရိုးခေါင်းက စူးစူးဝါးဝါး အော်သည်။ ထို့နောက် ၎င်းသည် အနုသုခုမနတ်ခန္ဓာအပါအဝင် အပြီးတိုင် ဖယ်ရှားခံလိုက်ရ၏။

မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက အဖေဖြစ်သူကို ကြောင်စီစီ ကြည့်လိုက်သည်။ သူက ခြေလှမ်းငါးလှမ်းတက်၍ ဓားကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်လွှတ်ခဲ့သည်။ သူသည် ကြောက်မက်ဖွယ် ဖြစ်တည်မှုငါးခုကို ကြက်ကလေး၊ ငှက်ကလေးသတ်သလို လွယ်ကူစွာ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။ ထိုအင်အားကြီးသတ္တဝါအရှိန်အဝါများတစ်စီတိုင်းက မန်ဟို့ကို ကြောင်အမှင်သက်သွားစေမည့် အရှိန်အဝါ‌‌များဖြစ်ကြ၏။ သူတို့တစ်ယောက်စီတိုင်း မန်ဟို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့ထိတိုင် သူ့အဖေထံမှ ဓားချီအလင်းတန်းတစ်တန်းတည်းနှင့် သူတို့မှာ အလျှင်း သုတ်သင်ခံလိုက်ရလေပြီ။

“သူတို့ .... သူတို့က ဘယ်နယ်ပယ်မှာလဲ” မန်ဟိုက ရေရွတ်လိုက်သည်။

ပထမဆုံးပြန်ဖြေသူမှာ သူ့‌အမေဖြစ်သည်။ “သူတို့က အင်မော်တယ်အကြောတွေကို ဖွင့်ပြီး တာအိုသစ်သီးကို မာကြောစေခဲ့ပြီးပြီ။ အင်မော်တယ်နယ်ပယ်ရဲ့အထွတ်အထိပ်ကို ဝင်ရောက်နေတဲ့လူတွေ။ သူတို့ကိုယ်သူတို့ တာအိုသခင်လို့ ခေါ်ကြပေမယ့် ရှေးဟောင်းနယ်ပယ်တံခါးကို မဖွင့်နိုင်ခဲ့ဘူး။ အစစ်အမှန်အင်မော်တယ်‌တောင် မဟုတ်သေးတဲ့အတွက် တစ်နေ့ကျ ဖုန်ဘဝရောက်ရမှာပဲ”

“စိတ်ဝိညာဉ်နယ်ပယ်မှာ တာအိုရှာဖွေခြင်းက အမြင့်ဆုံး” မန်ဟို၏အဖေက ပြောသည်။ “အင်မော်တယ်နယ်ပယ်မှာ လမ်းစဉ်နှစ်ခုရှိတယ်။ ပထမလမ်းစဉ်က ဘိုးဘေးတစ်ဦးကို ကိုးကွယ်၊ ဘိုးဘေးရဲ့ တာအိုသစ်သီးကို လက်ခံရယူပြီးတော့ အဲဒါကို သုံးရင်း အင်မော်တယ်လမ်းစဉ်မှာ ဆက်လျှောက်ရတယ်။ အဲဒီလမ်းပေါ်မှာ မင်းအနေနဲ့ မင်းရဲ့ ဓမ္မဆင်းတုကို ဘယ်တော့မှ ရမှာမဟုတ်ဘူ။ အဲဒီလိုအင်မော်တယ်တွေက အတုအယောင်အင်မော်တယ်လို့ခေါ်‌တယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဘိုးဘေးကြီး ကွယ်လွန်သွားရင် သူ့ကို ကိုးကွယ်ထားတဲ့ ဘယ်သူမဆို ကျင့်ကြံအဆင့်ကျရမှာမလို့ပဲ

“အဲဒါက အလွယ်ဆုံးအင်မော်တယ်လမ်းစဥ်၊ လူအများစု ရွေးချယ်ကြတဲ့ လမ်းစဉ်ပဲ။ ဒါပေမဲ့ နောက်လမ်းစဉ်က .... အဲဒီလမ်းစဉ်ပေါ်မှာ မင်းကိုယ်မင်း ကိုးကွယ်ရမယ်။ မင်းရဲ့ ဓမ္မဆင်းတုက မင်းအပိုင်။ မင်းဟာ အင်မော်တယ်ပြစ်ဒဏ်ကို ခံရပြီး မင်းလမ်းမင်း လျှောက်ရမယ်။ တခြားသူတွေက မင်းကို ကိုးကွယ်ပြီး အတုအယောင်အင်မော်တယ်တွေအဖြစ်နဲ့ မင်းရဲ့ လမ်းစဉ်ကို လျှောက်လှမ်းကြလိမ့်မယ်။ ဒုတိယလမ်းစဉ်ဟာ ... အစစ်အမှန်အင်မော်တယ်တွေရဲ့ လမ်းစဉ်ပဲ”

မန်ဟို၏အဖေက လေသဖွယ် ရွေ့လျားရင်း နောက်ထပ်ခြေလှမ်းတက်လိုက်သည်။ ‌တစ်လှမ်းစီက မြေကြီးကို တုန်ခါသွားစေ၏။ သူ့ဆံပင်များက လေတွင် ပျံ့လွင့်နေပြီး အငွေ့များ သူ့ခေါင်းထိပ်မှ ထွက်လာသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းနှစ်တန်းအား ထပ်မံပျံထွက်သွားစေသည်။ တစ်တန်းက အရှေ့ဘက်နယ်မြေသို့ ဦးတည်ပြီး တစ်တန်းက ‌အနောက်ပိုင်းသဲကန္တာရသို့ ထွက်သွား၏။

အရှေ့ဘက်နယ်မြေရှိ ရှေးဟောင်းသုခဘုံတွင် သစ်ပင်ကြီး၏အကိုင်းအခက်များသည် တရှဲရှဲ မြည်နေပြီး ၎င်း၏အရှိန်အဝါက တဖွေးဖွေး လှုပ်နေသည်။ ၎င်းသည် စိတ်ကို အာရုံမစိုက်စဖူး စိုက်ရင်း ထုတ်နိုင်သမျှ စွမ်းအားအလုံးစုံ ဆင့်ခေါ်နေသည်။ ရှေးဟောင်းသုခဘုံတစ်ခုလုံး တုန်ခါလာသည်။ မြေကြီးသည် နှစ်ခြမ်းကွဲသွားပြီး သစ်ပင်၏အမြစ်များက လူးလွန့်ရင်း လာနေသော ဓားချီကို တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဖောင်းခနဲ ပေါက်ကွဲပြီး သစ်ပင်ကြီးမှာ ဆွဲဆွဲငင်ငင် အော်လိုက်ရသည်။ ၎င်း၏ စွမ်းအားအလုံးစုံသည် လာနေသော ဓားချီကို မဟန့်တားနိုင်လိုက်ပေ။ သစ်ပင်ကြီးသည် နှစ်ခြမ်းတိတိကွဲသွားပြီး မီးလောင်လာ၏။ ၎င်းပြာကျသွားစဉ် ၎င်း၏ခပ်စူးစူးအော်သံများက လေတွင် ပြည့်နှက်နေခဲ့သည်။

အနောက်ပိုင်းသဲကန္တာရ၊ ခရမ်းပင်လယ်ရေပြင်၏အောက်တွင် မိကျောင်းကြီးသည် တုန်ရီနေ၏။ ၎င်းက အတတ်နိုင်ဆုံး မြန်မြန်ပြေးနေသော်လည်း ဓားချီက မည်သို့ဆိုစေ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ၎င်း၏ခေါင်းအပေါ်တည့်တည့်သို့ ရောက်လာခဲ့လေပြီ။

မိကျောင်းမှာ ဆောက်တည်ရာမဲ့သွားသည်။

“ငါ ... ငါ စီးတော်ယာဉ်အလုပ်ခံပါ့မယ်” မိကျောင်းက အော်သည်။ “ငါက တာအိုစောင့်ရှောက်သူလုပ်ဖို့ အရည်အချင်းမရှိပေမယ့် .... စီးတော်ယာဉ်တော့ လုပ်ပေးပါ့မယ်”

၎င်းအော်လိုက်သောအခါ ဓားချီက လေလယ်တွင် ရပ်သွားသည်။ ၎င်းသည် တဝဲဝဲ လည်လာရင်း မိကျောင်း၏ခန္ဓာကိုယ်အပေါ် ခတ်နှိပ်လိုက်သော ချုပ်နှောင်အမှတ်အသားအသွင်ပြောင်းသွား၏။

“မင်းမှာ ကြေးခွံနဂါးရဲ့ သွေးဆက်နည်းနည်းပါးပါး ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် ငါ့ဟိုအာရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်”

မိကျောင်းသည် တုန်ရီပြီး ကြောက်စိတ်တို့ မွှန်ထူနေ၏။ ချုပ်နှောင်ခံရပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ သုံးမီတာမျှသာ ရှိတော့သည့်တိုင်အောင် ကျုံ့သွားခဲ့သည်။ ထို့နောက် ၎င်းမှာ မန်ဟို့အရှေ့တွင် ပေါ်လာအောင် လျင်မြန်စွာ ပြန်ဆွဲခေါ်ခံလိုက်ရသည်။

မိကျောင်းသည် ခေါင်းဆောင်လေးတစ်ဦးနှင့် ရင်ဆိုင်နေရကြောင်းသိသည့်အတွက် ချက်ချင်း မျက်နှာချိုသွေးနေသော အငွေ့အသက်အား ထုတ်လွှတ်ကာ အမြီးရမ်းလိုက်သည်။

မန်ဟိုမှာ မိကျောင်းကို ကြည့်ပြီး အနေရခက်နေသော အမူအရာပေါ်လာသည်။

“ကံဆိုးစွာနဲ့” မန်ဟို့အဖေက ခေါင်းခါရင်း ပြောသည်။ “မင်းက အကြော (၅၃) ခုပဲ ဖွင့်ရသေးတယ်။ ‌(၆၀) ဒါမှမဟုတ် (၆၀)ကျော် ဖွင့်နိုင်ရင်တော့ ကြေးခွံနဂါးသွေးဆက်စွမ်းအားကို ဆင့်ခေါ်နိုင်ပြီ

“ဟိုအာ အင်မော်တယ်နယ်ပယ်မှာ အဆင့်တွေမရှိဘူး။ အင်မော်တယ်တာအိုရဲ့ အကြောတစ်ရာပဲရှိတယ်

“သက်ရှိတွေအကုန်လုံးမှာ အကြောပေါင်းတစ်ရာရှိတယ်။ အဲဒါက ကိန်းသေပဲ။ ဘယ်သက်ရှိမှာမှ မလျော့သလို ပိုလည်းမပိုဘူး

“မင်း အင်မော်တယ်နယ်ပယ်ကို ရောက်တာနဲ့ အကြောတစ်ရာကို ကျင့်ကြံရမယ်။ ဝိညာဉ်ကို နာမ်အပိုင်းသုံးခုနဲ့ ရုပ်ပိုင်းခုနစ်ခုဆိုပြီး ခွဲထားတယ်။ စုစုပေါင်း ဆက်လမ်းဆယ်လမ်း။ အကြောတွေကို အုပ်စုဆယ်စုအဖြစ် စုစည်းထားပြီး တစ်စုဆီကနေ ဆက်လမ်းတစ်လမ်းစီ ဖော်ဆောင်တယ်။ အကြောတစ်ရာလုံး ပွင့်သွားရင် အင်မော်တယ်ဝိညာဉ်ကို ရရှိမယ်... ကိုယ်ပိုင်ပြိုင်ဘက်ကင်းတာအိုသစ်သီးကို ထုတ်ပြီးတော့ ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်နိုင်ပြီ

“ကံဆိုးစွာနဲ့ အင်မော်တယ်နယ်ပယ်မှာ အောင်မြင်ဖို့က မလွယ်ကူဘူး။ ရှေးခေတ်ကနေ ယနေ့ခေတ်အထိ အကြော(၅၀) ဖွင့်ထားတဲ့ တစ်စုံတစ်ယောက်ကို အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာလို့ သတ်မှတ်နိုင်ပြီး ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်ဖို့ ကြိုးစားနိုင်တယ်။ ဒဏ္ဍာရီတွေအရ အကြော (၈၀) ဖွင့်ထားတဲ့လူကို ရှာဖွေဖို့ဆိုတာ ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုလို ရှားပါးတယ်တဲ့။ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေရဲ့ တိုက်ရိုက်ဆင်းသက်လာသူတွေပဲ အဲဒီလိုလုပ်ဖို့ အခွင့်အရေးရှိတယ်

“အကြော (၉၀) ဖွင့်ထားတဲ့သူကတော့ ပိုလို့တောင်ရှားပါးပြီး ဒဏ္ဍာရီထဲမှာပဲ တည်ရှိတယ်။ အကြော (၁၀၀)ကတော့ ... ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ ဘယ်သူမှ မလုပ်နိုင်ခဲ့သေးဘူး”

“ဒါပေမဲ့ သားလုပ်နိုင်တယ် ဟိုအာ” သူ့အမေက ချက်ချင်း ဝင်ပြောသည်။

သူ့အဖေက ရယ်ပြီး ရုတ်တရက် မဆိုစလောက် ကုန်းပြီးနောက် ပြန်မတ်လိုက်သည်။ သူ၏ပုံစံအနေအထားမှာ ကမ္ဘာကြီးကို ထမ်းထားသည့် ဘီလူးကြီးတစ်ကောင်အလားပင်။ သူသည် ရှေ့နှစ်လှမ်းတက်၍ လက်ကို ဝှေ့ယမ်းကာ ဓားအလင်းတန်းနှစ်တန်းအား ထွက်သွားစေသည်။ တစ်တန်းက အရှေ့ဘက်နယ်မြေသို့ ဦးတည်ပြီး တစ်တန်းက မြောက်ပိုင်းသဲကန္တာရသို့ သွားသည်။

သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူ့အနေဖြင့် ဤသို့ ခရေစေ့တွင်းကျ လှုပ်ရှားနေစရာမလိုပေ။ သူသည် ပုံမှန်ဆိုလျှင် တိမ်တိုက်များသဖွယ် ညက်ညောပြီး ရေအလျဉ်သဖွယ် ညင်သာစွာ လှုပ်ရှားနိုင်သည်။ သို့သော် မန်ဟို့အတွက် အကုန်လုံးကို အသေးစိတ်သရုပ်ဖော်ပြနေခြင်းဖြစ်၏။

မြောက်ပိုင်းသဲကန္တာရရှိ ရေခဲချိုင့်ဝှမ်းတွင် စောစောက ရေခဲထဲမှ လမ်းလျှောက်ထွက်လာခဲ့သောလူမှာ ယခုတွင် ခါးခါးသီးသီး ရယ်နေ၏။ သူက မရှောင်ဘဲ ရူးမိုက်သောမျက်ဝန်းများဖြင့် ရယ်ရင်း တင်ပျဉ်ခွေထိုင်နေသည်။

ရုတ်တရက် သူ၏အရေပြားသည် ခရမ်းရောင်ပြောင်းသွားပြီး ဓားချီ ကျဆင်းလာစဉ် ကျိန်စာစွမ်းအားက သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။

“ငါကို သတ်တဲ့ဘယ်သူမဆို သွေးဆက် ကျိန်စာသင့်ပါစေ” သူက အော်လိုက်ပြီး သူ့ကျောရှိ တောင်ပံကြီးများက ရုတ်တရက် ကားထွက်သွားသည်။

အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာသည်။ “မဖြစ်စလောက် ကျိန်စာတိုက်မျိုးနွယ်တစ်ကောင်ပါလား။ မင်းသွေးဆက်က မသန့်ရှင်းတာတောင် ဖန်အိမ်တော်ကို ရာရာစစ ကျိန်စာတိုက်ရဲတယ်ပေါ့”

ဓားချီက ကျဆင်းလာရင်း တောင်ပံနှင့်လူ၏ ခေါင်းကို တန်းတန်းမတ်မတ် ပိုင်းချလိုက်သည်။

မီးတောက်များက ကျိန်စာစွမ်းအားကို ပျောက်ကွယ်သွားစေရင်း တဟုန်းဟုန်းတောက်လာသည်။ ၎င်းမှာ ထုတ်လွှတ်ရန်ပင် အခွင့်မရလိုက်ဘဲ အပြီးတိုင်ချုပ်ငြိမ်းပျောက်ကွယ်သွားရတော့သည်။

***

All Chapters