← Chapters

အရှေ့အောင်ပွဲဂြိုဟ်မှာ ဖွားမြင်သည်

Vol. 57 Ch. 799

အရှေ့အောင်ပွဲဂြိုဟ်မှာ ဖွားမြင်သည်

Vol. 57 Ch. 799

နောက်ဆုံးဓားချီလေက မြေပြင်ကို ဖြတ်ကာ အရှေ့ဘက်နယ်မြေ၏ တောင်တန်းများနှင့် ရှေးဟောင်းဘုရားကျောင်းဆီသို့ တဟုန်ထိုး ထွက်သွားသည်။ စူးရှတောက်ပသော အလင်းရောင်နှင့်အတူ မဟာတာအိုတစ်ပါး၏ တေးသွားက ဘုရားကျောင်းထံမှ ပျံ့လွင့်လာ၏။ မရေမတွက်နိုင်သော အင်မော်တယ်နတ်များသည် ဘုရားကျောင်းအတွင်း၌ တင်ပျဉ်ခွေထိုင်နေသည့်အလား ထင်ရသည်။ တောင်ကိုယ်တိုင်နှင့် ၎င်းပတ်၀န်းကျင်မှာလည်း တာအိုဘုရားကျောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသယောင်ပင်။ ထိုနေရာတွင် နှစ်ပေါင်းများစွာတစ်လျှောက်လုံး ကျင့်ကြံအားထုတ်နေခဲ့သော ကျင့်ကြံသူများကိုပင်လျှင် မြင်လာရ၏။

“ အို “ မန်ဟို့အဖေက ကောက်ချက်ချလိုက်သည်။ ဓားချီက တုံ့ခနဲ ရပ်သွား၏။

ဘုရားကျောင်း၏ တံခါးပွင့်သွားခဲ့ပြီး ပုံရိပ်တစ်ခု ထွက်လာသည်။ ပုံရိပ်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ၎င်းက မန်ဟို့အဖေကို မျက်နှာချင်းဆိုင်လျက် ရပ်နေ၏။

“ ဒီမှာ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတော်တစ်ကျောင်း ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဘယ်လောက် ရိုင်းပြမိလိုက်သလဲ။ ကဲပါလေ ဒီနေရာက အသက်၀င်သွားပြီဆိုတော့ ... အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို ပေးပါ “

ပုံရိပ်က တခဏ တိတ်ဆိတ်သွားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှေးဘုရားကျောင်းသည် ထစ်ချုန်းသွားပြီး အင်မော်တယ်ချီတို့ အသက်၀င်နေသော တံဆိပ်ပြားတစ်ပြား ပျံသန်းလာ၏။ ဘုရားကျောင်းမှ ထုတ်လွှတ်နေသော အလင်းရောင်မှာ မှေးမှိန်သွားပြီး ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။

အစွမ်းထက်ပညာရှင်ကိုးဦး ပေါ်လာခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြသည်။ မိကျောင်းကြီးက စီးတော်ယာဥ်ဖြစ်လာပြီး အင်မော်တယ်ဘုရားကျောင်းမှ ပုံရိပ်က မည်သည့်ပြဿနာမှ မဖြစ်စေလို၍ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားကို အပ်နှင်းခဲ့သည်။ ကျန်ခုနစ်ယောက်လုံး အသတ်ခံလိုက်ရ၏။

ဤအရာအားလုံးက မယုံနိုင်လောက်အောင် လျင်မြန်စွာဖြင့် ဖြစ်ပျက်သွားခဲ့သည်။ မန်ဟို၏အဖေ မန်ဟို့အား စကားအနည်းငယ်ပြောပြီးချိန်တွင် အကုန်ပြီးဆုံးသွားခဲ့လေပြီ။

တောင်ပိုင်းဒေသရှိ မြေကြီးပေါ်ရှိ ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြသည်။ လေလယ်ရှိ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများလည်း အပြင်းအထန် တုန်လှုပ်နေကြ၏။

အရုဏ်ဦး အင်မော်တယ်က ခါးခါးသီးသီး ရယ်လိုက်ပြီး ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူမ ပါးစပ်မှ သွေးတချို့ စီးကျလာပြီး သူမသည် မန်ဟို့ကို ကြည့်ရင်း ခေါင်းခါရမ်းလိုက်၏။

“ ရေစက် ဘယ်လောက်တောင် ရက်စက်လိုက်သလဲ.... “ သူမက ပြောသည်။ “ ငါ အပြာရောင်ကြာပန်းတစ်ပွင့် ဖြစ်လာချင်ခဲ့တာက ... အစစ်အမှန် အင်မော်တယ်ဘ၀အတွက်ကြောင့် မဟုတ်ဘူး.... တစ်ချိန်တုန်းက သူပြောခဲ့တဲ့ စကားလေးကြောင့် ...... သူက ကြာပန်းတွေကို ချစ်တယ်တဲ့လေ “ အရုဏ်ဦးအင်မော်တယ်မှာ ၀မ်းနည်းစွာ ရယ်လိုက်ပြီးနောက် နောက်ထပ်ဆုတ်သွားသည်။ သူမ၏ ခန္ဓာကိုယ်က စတင် ပျောက်ကွယ်လာသယောင်ပင်။

သူမသည် သူမ၏ အခြေခံကို ဆုံးရှုံးခဲ့၏။ မန်ဟို့ကို စုပ်ယူ၍ အပြာရောင်ကြာပန်းလည်း ဖြစ်မလာနိုင်တော့သည့်အတွက် သူမ လုပ်နိုင်တော့သည့် တစ်ခုတည်းသော အရာမှာ ပျောက်ကွယ်သွားရန်သာ ရှိချေသည်။

“ မန်ဟို....” သူမက ရေရွတ်သည်။ “နင်က မိစ္ဆာချုပ်နှောင်သူ အဖွဲ့၀င်ပဲ။ ရှေးခေတ်တည်းက သူတို့ဟာ အမြဲ နှလုံးသား ရက်စက်ပြီး နှလုံးသားမရှိခဲ့ဘူး။ တစ်နေ့ နင် ရှင်သန်ခြင်းနှင်းပန်းတွေအကြောင်း ပြောတတ်တဲ့ သူတို့ထဲက တစ်ယောက်နဲ့ တွေ့ခဲ့ရင် ငါ့အတွက် တစ်ခုလောက် သူ့ကို မေးစမ်းပါ....

“တောင်ကောင်းကင်က ပန်းလေးတစ်ပွင့်ကို မှတ်မိသေးလားလို့.... သူ ခွဲထုတ်ဖြစ်ခဲ့တဲ့ ရှင်ကျန်ခြင်းနှင်းပန်းတစ်ပွင့်ကိုလေ”

သူမသည် ကောင်းကင်ကို မော့ကြည့်နေပြီး ပျောက်ကွယ်လာနေစဉ် မျက်ရည်များက သူမ ပါးပြင်တစ်လျှောက် လင်းလက်လျက် စီးကျလာသည်။ “ကျွန်မဟာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့တယ်.... ဒါပေမယ့် ကျွန်မမုန်းတာက ရှင်မဟုတ်ဘူး။ ကျွန်မကိုယ်ကျွန်မ မုန်းတာ.... အပြာရောင် ကြာပန်းလေးတစ်ပွင့် မဖြစ်ခဲ့တဲ့အတွက် “ သူမ၏ နူးညံ့ပျော့ပြောင်းသောအသံသည် တိမ်ဝင်ပျောက်ကွယ်မသွားခင် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လျက် ကျန်ခဲ့၏။

မန်ဟိုမှာ အရုဏ်ဦးအင်မော်တယ် ဘာမှ မရှိတော့သည်အထိ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး စိတ်နှလုံး တုန်ရီသွားသည်။

တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းသဲကန္တာရ၏ စစ်ပွဲကား... ပြီးဆုံးသွားလေပြီ။

အနောက်ပိုင်းသဲကန္တာရသည် သူတို့၏ တောင်ကျော်ကင်းစောင့်စစ်သည်တော်များကို ရှေ့မှဦးဆောင်စေ၍ ထွက်ခွာသွား၏။ တောင်ပိုင်းဒေသအနေဖြင့် အနောက်ပိုင်းသဲကန္တာရ သူတို့အပေါ်ပြသခဲ့သည့် ကျေးဇူးတရားအား ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ၎င်းသည် လာမည့်မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အတွက် သူတို့၏ မှတ်ဉာဏ်များတွင် ထာ၀ရ စွဲထင်ကျန်ရစ်နေမည်ဖြစ်သည်။ မြောက်ပိုင်းသဲကန္တာရမှ အပြစ်သားများအတွက်မူ သူတို့သည် အိမ်ပြန်လမ်းဆုံးရှုံးခဲ့ရပြီး အပြစ်သားပြည်သူများ ဖြစ်လာကြ၏......

ယခုတွင် တောင်ပိုင်းဒေသတွင် ကျင့်ကြံသူတစ်သိန်းသာ ကျန်ရှိတော့သည်။ များစွာသော မျိုးနွယ်စုများနှင့် ဂိုဏ်းတို့သည် အမြစ်ဖြုတ်ဖယ်ရှားခံခဲ့ရ၏။ မရေမတွက်နိုင်သော တာအိုဒေသနာများနှင့် အယူအဆများ ပျောက်ကွယ်သွားခဲ့သည်။ ဒေသအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ပင်လျှင် ကျိုးတိုးကျဲတဲ နည်းပါးသွားခဲ့၏။  ကံကောင်းထောက်မစွာနှင့် မန်ဟို ဖန်တီးခဲ့သည့် တောင်ကြီးက မြေပြင်ကို စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဆက်လက်ဖြည့်ဆည်းပေးနေသည်။

နှစ်ပေါင်းများစွာ ကြာလျှင်တော့ တောင်ပိုင်းဒေသသည် ယခင်လို ထပ်မံ၍ ထွန်းပြောင်ကောင်း ထွန်းပြောင်လာနိုင်ပေသည်။

ဆေးလုံးမိစ္ဆာက ဇီယွင်ဂိုဏ်းသို့ ပြန်သွားခဲ့ပြီး ခေါင်းဆောင်ကြီးစုန့်က စုန်းမျိုးနွယ်စုသို့ ပြန်သွားသည်။

မန်ဟို့ကို ထည့်မတွက်လျှင် တောင်ပိုင်းဒေသတွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင် နှစ်ယောက်သာ ကျန်ရှိတော့သည်။ ထိုမျှသာမက ဇီယွင်ဂိုဏ်းနှင့် စုန့်မျိုးနွယ်စုတို့သည် ယခုတွင် တောင်ပိုင်းဒေသ၌ အထွတ်အမြတ်နယ်မြေများသဖွယ် ဖြစ်လာခဲ့လေပြီ။

လာမည့်နေ့ရက်များတွင် သူတို့က တောင်ပိုင်းဒေသကျင့်ကြံသူများကို ဦးဆောင်၍ ဂိုဏ်းများ၊ မျိုးနွယ်စုများ ပြန်လည်တည်ထောင်ပြီး ကျင့်ကြံခြင်းအတွက် သင့်တော်သူများကို သေမျိုးများထဲမှ ရွေးချယ်လိမ့်မည်။ တဖြေးဖြေး တောင်ပိုင်းဒေသသည် မူလအတိုင်း ပြန်လည်ဖြစ်လာလိမ့်မည်။

လိုအပ်သည်ကား အချိန်။ အနည်းဆုံး နှစ်ရာချီ သို့မဟုတ် ထောင်ချီ။

မြောက်ပိုင်းသဲကန္တာရ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ချုပ်နှောင်ခံထားရသည့် တောင်၊ ‘မြောက်ပိုင်း၏ အပြစ်ကြွေး’ ဟူသော တောင်ကြီးမှာမူ မြေပြင်ထက်တွင် မားမားမတ်မတ် ရပ်တည်လျက် ရှိသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၎င်းသည် တောင်ပိုင်းဒေသ၏ အထင်ကရ သမိုင်းမှတ်တိုင် ဖြစ်လာလိမ့်မည်။

စစ်ပွဲကား.... ပြီးဆုံးသွားခဲ့ပြီ။

ထိုစစ်ပွဲအတွင်း မန်ဟိုသည် ထင်ရှားကျော်ကြားလာခဲ့၏။ သူ၏နာမည်က တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရတွင် ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့သည်။ ၎င်းက အရှေ့ဘက်နယ်မြေကိုပင် တုန်လှုပ်စေခဲ့၏။ မန်ဟိုသည်.... တောင်ကောင်းကင် တစ်ဂြိုလ်လုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့ချေပြီ။

သူနှင့် မျိုးဆက်တူရွေးချယ်ခံများအတွက်မူ တစ်ချို့သည် သေဆုံးပြီး တစ်ချို့မှာ ဇာတ်မြုပ်သွားခဲ့၏။ မန်ဟို့ကို ကျော်တက်ဖို့အသာထား၊ ဘယ်သူမှ မန်ဟိုနှင့် မယှဉ်နိုင်သည်သာ။

တောင်ပိုင်းဒေသကျင့်ကြံသူများအတွက် မန်ဟို၏ပုံပြင်များက ဒဏ္ဍာရီဖြစ်လာသည်။

သူသည် မှီခိုရာဂိုဏ်းမှ စတင်ခဲ့ပြီး သွေးအင်မော်တယ်အမွေအနှစ်ကို ရရှိခဲ့ကာ တောင်ပိုင်းဒေသအား အုတ်အော်သောင်းနင်း ဖြစ်သွာစေခဲ့သည်။ သူက စုန့်မျိုးနွယ်စုရှိ လူတိုင်းကို တုန်လှုပ်စေခဲ့၏။ ထို့နောက် ဇီယွင်ဂိုဏ်းတွင် သူသည် ဆေးဒယ်အိုးဆိုသော နာမည်ဖြင့် တောင်ပိုင်းဒေသတစ်ခုလုံးအား ပွက်လောရိုက်စေခဲ့လေသည်။

ပြန်လည်မွေးဖွားခြင်းဂူတွင် သူက အယောင်ဆောင်တပ်သားအဖွဲ့၀င် ကျီသားတော်တစ်ပါးကို သတ်ဖြတ်ခဲ့၏။

အနက်ရောင်နယ်မြေတွင် သူသည် အေးခဲနှင်းမြို့တော်၏ စစ်ပွဲတွင် ပါဝင်ခဲ့သည်။

အနောက်ပိုင်းသဲကန္တာရတွင် သူကား သူ၏သေးငယ်သော မျိုးနွယ်စုလေးကို ခရမ်းမိုးကပ်ဘေးမှ လွတ်ရာသို့ ခေါ်လာခဲ့သည်။ သူ့ကြောင့် ထိုမျိုးနွယ်စုသည် အောင်မြင်မှုများ သိမ်းပိုက်ကာ အနက်ရောင်နယ်မြေသို့ ၀င်ရောက်နိုင်ခဲ့၏။

ထို့နောက် သူသည် ပျောက်ကွယ်သွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ အနောက်ပိုင်းသဲကန္တာရနှင့် အနက်ရောင်နယ်မြေကို အံ့အားသင့်သွားစေခဲ့သော တိုက်ပွဲအား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးဟုရန်နှင့် တိုက်ခိုက်ရင်း ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူက မိစ္ဆာအင်မော်တယ်ဂိုဏ်းသို့ သွားရောက်ခဲ့ကာ လူတိုင်းကို ချာချာလည်သွားစေခဲ့၏။

တောင်ကောင်းကင်၏ ရွေးချယ်ခံများမှာ မိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် စုဝေးခဲ့နေသော်လည်း အချင်းချင်း ပေါင်း၍ပင် မန်ဟို့ကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူတို့၏ ကံကြမ္မာကောင်းအားလုံးနီးပါးကို လုယူပြီးနောက် မန်ဟိုက နဂါးငွေ့တန်းပင်လယ်တွင် ပြန်ပေါ်လာခဲ့၏။

ဒသမ ၀မ်မျိုးနွယ်စုခေါင်းဆောင်ကြီးကိုယ်တိုင် ရောက်လာခဲ့ပြီး မန်ဟိုသည် သေမင်းလက်မှ ကပ်သီလေး လွတ်မြောက်ခဲ့သည်။ သူ၏ ပြီးပြည့်စုံသော တာအိုအခြေမှာ လုယူခံခဲ့ရပြီး သူ အမှန်တကယ် သေတော့မည့် အချိန်တွင် ရှုချင်က သူ့ကို ကယ်တင်ခဲ့ကာ သူတို့နှစ်ယောက် ပေါင်းဖက်ဖို့ သတ်မှတ်ပေးထားပြီးသော ကံတရားကို သက်သေပြခဲ့သည်။ သူသည် ပြန်လည်မွေးဖွားခြင်းဂူတွင် နိုးထလာခဲ့ပြီးနောက် ချင်းလော်ဂိုဏ်းသို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး နတ်ဆိုးဆန်လာခဲ့သည်။

ရှေးဟောင်းတာအိုရေကန်များတွင် သူသည် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ ဝိညာဉ်ကို ဖမ်းယူနိုင်ခဲ့၏။ တောင်ပိုင်းဒေသ၏ အင်အားစုလေးစုက မဟာမိတ်ဖွဲ့ပြီး သွေးမိစ္ဆာဂိုဏ်းကို သဲကြီးမဲကြီး စစ်ဆင်ခဲ့သည်။ ထို့နောက် သူ၏ မင်္ဂလာပွဲနေ့တွင် မြောက်ပိုင်းသဲကန္တာရက ကျူးကျော်လာခဲ့၏။ ရှုချင် သေသွားပြီး မန်ဟို ရူးသွပ်သွားသည်။ တိုက် .. တိုက်.. တိုက်...

သတ်.. သတ် ..သတ်...

နောက်ဆုံးတွင် သူသည် နတ်ဆိုးကို ဖျက်ဆီး၍ တာအိုကို ရှာဖွေခဲ့ကာ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တစ်ပိုင်း၀င်ရောက်ခဲ့၏။ မန်ဟို၏ ပုံပြင်များက လေပြင်းမုန်တိုင်းကြီးသဖွယ် တောင်ပိုင်းဒေသတွင် သောင်းကြမ်းတိုက်ခတ်နေ၏။ ‌အနောက်ပိုင်းသဲကန္တာရလည်း ပုံပြင်များကို ကြားလိုက်ရသလို ထိတ်လန့်နေသော မြောက်ပိုင်းသဲကန္တာရလည်း ထိုနည်းတူစွာပင်။ အရှေ့ဘက်နယ်မြေပင်လျှင် ထိုလေ၏ တိုက်ခတ်ခြင်း ခံလိုက်ရ၏။

မန်ဟို၏ နာမည်ကား... အမှန်အကန် ထွန်းတောက် ကျော်ကြားလာခဲ့လေပြီ။

***

လောလောဆယ်တွင် မန်ဟိုသည် သွေးမိစ္ဆာဂိုဏ်း၏သွေးမင်းသားလျှိုမြောင်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူ့အဖေနှင့် အမေက သူ့အရှေ့တွင် ထိုင်နေလေသည်။ မန်ဟိုမှာ ယခင်ကလို မတုန်လှုပ်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။

နှစ်ပေါင်းရာချီကုန်လွန်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူ့မိဘနှစ်ပါးနှင့် ပြန်လည်ဆုံစည်းရလေပြီ။ ခုနစ်နှစ်အရွယ်တုန်းက မှတ်ဉာဏ်များမှာ ဖယ်ရှားမခံခဲ့ရသော်လည်း အတော်လေး ဝေဝါးလှသည်။ သို့သော် သူ့မိဘနှင့် သွေးသားတော်စပ်မှုကြောင့် ခံစားရသော ချစ်ခြင်းမေတ္တာက အရာအားလုံးကို ပို၍ပင် ရှုပ်ထွေးသွားစေသည်။

သူ နားမလည်သော အကြောင်းအရာများစွာ ရှိသည်။ ရှုပ်ထွေးသော ပဟေဠိများလည်း များပြားလှသည်။ ထိုနှစ်‌တုန်းက သူ့အဖေနှင့်အမေ ဘာကြောင့် ထွက်သွားခဲ့သနည်း။ ဘာကြောင့် အခုမှ ဗြုန်းခနဲ ပေါ်လာခဲ့သနည်း။ တစ်ချိန်လုံး ဘယ်နေရာတွင် ‌ရှိနေခဲ့သနည်း...

သူ အသက်ဘေးတွေ ကြုံနေရတုန်းက ဘယ်ရောက်နေခဲ့သနည်း။

ရှင်သန်ခြင်းနှင်းပန်း သူ့ကို ကပ်တွယ်ခဲ့တုန်းက ဘယ်ရောက်နေခဲ့သနည်း။

ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သူ၏ပြီးပြည့်စုံသောတာအိုအခြေကို လုယူသွားတုန်းကရော ဘယ်ရောက်နေခဲ့သနည်း။

သူ ပြန်လည်မွေးဖွားခြင်းဂူတွင် သေလုမြောပါး ဖြစ်နေတုန်းကလည်း ဘယ်ရောက်နေခဲ့သနည်း။

ရှုချင် သေသွားတုန်းက .... ဘယ်ရောက်နေခဲ့သနည်း။

သေမျိုးများဆိုလျှင်လည်း ထားဦး။ သို့သော် သူတို့သည် ယခုလေးတင် လက်ဖျားခါလောက်အောင် အစွမ်းထက်သောပညာရှင်ကိုးဦးကို ထမင်းစားရေသောက်ပမာ သတ်နိုင်ခဲ့၏။ မန်ဟိုသည် သူ့အဖေနှင့်အမေ အလွန်အစွမ်းထက်ကြောင်း သိလိုက်ရလေပြီ။ အစွမ်းထက်လွန်း၍ ... ကျီမျိုးနွယ်စုပင် တစ်ချိန်လုံး ပေါ်မလာခဲ့ပေ။

သူ အဖြေကို လိုအပ်သည်။ ဖြေရှင်းချက်ကို လိုအပ်သည်။ သူ့နှလုံးသားမှာ ... ကြိုးထုံးတစ်ခု ဖြစ်တည်နေခဲ့ပြီ။

“ဟိုအာ...” သူ့အမေက မျက်ရည်များစီးကျနေလျက် စပြောသည်။ “ရှုချင်အတွက် မပူနဲ့။ သားအဖေ သူ့အပေါ်မှာ နတ်ဘုရားအာရုံမျှင်တစ်မျှင် ထားထားတယ်။ အဲ့ဒါ သူ့ကို ပြန်ဝင်စားခြင်းအတောအတွင်း စောင့်ရှောက်ပေးပြီး သားဆီ ပြန်လမ်းပြပေးလိမ့်မယ်”

“သားစိတ်ထဲမှာ ဘာတွေဖြစ်နေလဲ အဖေသိတယ်” သူ့အဖေက ပြောသည်။ “သားမှာ မေးခွန်းတွေကို ရှိကိုရှိလိမ့်မယ်” သူ့မျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေပြီး  လွန်စွာအားကောင်း၏။ သူက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ချောင်းထိပ်တွင် အလင်းရောင်တစ်စပေါ်လာသည်။

“သားကို အတိတ်ပြန်ခေါ်သွားပြီး သားမှတ်ဉာဏ်တွေကို နှိုးခွင့်ပြုပေးပါ။ ဒါဆို ... အဖြေကို သားမျက်လုံးနဲ့သား မြင်ရလိမ့်မယ်” ‌အလင်းရောင်က မန်ဟို့ဆီ ချဉ်းကပ်လာသည်။

မန်ဟိုသည် သူ့အဖေကို ကြည့်ပြီးနောက် အလင်းရောင်ကို ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတော့ မျက်လုံးများပိတ်လိုက်၏။ အလင်းရောင်က သူ့နဖူးထဲ ဝင်ရောက်သွားပြီးနောက် သူ့အား သူ့မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးထဲသို့ ဆွဲခေါ်သွားတော့သည်။

သူ မွေးဖွားလာစဉ်တုန်းက ကောင်းကင်တွင် လနှစ်စင်းနှင့် မရေမတွက်နိုင်သော ကြယ်များရှိခဲ့သည်။ ယင်းကား လွန်စွာ မျက်စိပသာဒဖြစ်လှ၏။

သူသည် ခမ်းနားကြီးကျယ်သော ဘုရားကျောင်းတွင် ဟိန်းထွက်လာသည့် ရယ်သံကြီးကို ကြားလိုက်ရသည်။ ဘုရားကျောင်းမှာ တစ်ဂြိုဟ်လုံး၏တစ်ဝက်နီးပါး နေရာယူထားသည်အထိ ကြီးမားလှပေသည်။ ထိုတစ်နေရာလုံးသည် .....

ဖန်မျိုးနွယ်စုအပိုင် ဖြစ်၏။

“ဒီကောင်လေးက ဖန်မျိုးနွယ်စုရဲ့ နတ်နဂါးချီလင်ဖြစ်လာလိမ့်မယ်။ နှစ်ပေါင်းသုံးရာတိုင်တိုင် စားသောက်ပွဲကြီး ကျင်းပကြဟေ့။ အရှေ့အောင်ပွဲဂြိုဟ်က တာအိုရောင်ရင်းတွေအကုန်လုံးကို ဖိတ်ကြ

“နေဦး အရှေ့အောင်ပွဲဂြိုဟ်နဲ့တင် မလုံလောက်ဘူး။ ငါ့မြေးနာမည်က တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလုံးကို ဖိန့်ဖိန့်တုန်သွားစေရမယ်။ ကျန်တဲ့ဂြိုဟ်တစ်လုံးက တာအိုရောင်ရင်းတွေရော ပိတ်လိုက်။ ရှေးဟောင်းဂိုဏ်းတွေရောပဲ

“ဒီကလေးက ငါ့သမီးရဲ့‌ကလေးဆိုတော့ သူရဲ့အနာဂတ်လမ်းဟာ အဋ္ဌမတောင်ကိုလည်း လွှမ်းမိုးလိမ့်မယ်။ ဂုဏ်ပြုစကားပြောကြားဖို့ အဋ္ဌမတောင်လူတွေအကုန်လုံး ဖိတ်လိုက်ချည်”

အသံကြီးသည် အတောမသပ်နိုင်သော ဝမ်းသာအားရ ရယ်သံများအကြား ဟိန်းထွက်လာ၏။ မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ ဤအရာများကို တွေ့မြင်ကြားသိလိုက်ရလေသည်။

အမျိုးသမီးတစ်ဦးက သူ့ကို ပွေ့ချီထားသည်။ သူ သူမကို မော့ကြည့်လိုက်သောအခါ အလွန့်အလွန် ငယ်ရွယ်သော သူ့အမေကို မြင်လိုက်ရသည်။ သူမဘေးတွင် စပ်စုနေပြီး မချိုမချဉ်အပြုံးဖြင့် သူ့ကို ကြည့်နေသော လေးငါးခြောက်နှစ်အရွယ် ကလေးမလေးရှိသည်။ ရံဖန်ရံခါ သူမက သူမအမေ၏အလစ်ကို အခွင့်ကောင်းယူရင်း သူ့ကို ပြူးပြဖြဲပြလေသည်။ ထိုကလေးမလေးကား သူ့အစ်မပင်။

ခပ်လှမ်းလှမ်းတွင် အလွန်စိတ်လှုပ်ရှားနေပုံရသော သူ့အဖေရှိသည်။ သူ့ကို ဂုဏ်ပြုနေသော အဘိုးကြီးများ ဝိုင်းနေသည်။

မန်ဟို၏ဖွားမြင်လာမှုက အရှေ့အောင်ပွဲဂြိုဟ်တစ်လျှောက်လုံးတွင် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ အကြောင်းမူ ... သူ့အဖေသည် ဖန်သွေးဆက်၏ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး အကြီးဆုံးသားဆိုလည်း မမှားပေ။ မန်ဟိုအတွက်မူ ... သူလည်း တိုက်ရိုက်ဆင်းသက်လာသူဖြစ်ပြီး အကြီးဆုံးမြေးဖြစ်လာ၏။

နောက်ထပ်အကြောင်းအရင်းတစ်ခုကမူ မန်ဟို့အမေ့ဘက်မှ အဘိုးသည် နဝမတောင်မှမဟုတ်။ သူက အဋ္ဌမတောင်၏ ဩဇာကြီးမားသော မန်မျိုးနွယ်စုမှ ဖြစ်သည်။ တကယ်တမ်း အဋ္ဌမတောင်၏သခင်မှာ မန်မျိုးရိုးဖြစ်ပေသည်။

မန်ဟို မွေးဖွားလာသောအခါ ကျီမျိုးနွယ်စုပင် ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ပြီး သခင်ကျီကလည်း ဓမ္မကိုယ်ပွားတစ်ခုကို စေလွှတ်ခဲ့သည်။

မန်ဟို၏ဖွားမြင်မှုက ဂြိုဟ်ကြီးလေးလုံး ၊ နဝမတောင်နှင့် ရှေးဟောင်းဂိုဏ်းအကုန်လုံးကို ဆူညံပွက်လောရိုက်သွားစေ၏။

ဤကလေးသည် အသုံးမကျသည့်အမှိုက်ဖြစ်မလာသရွေ့ ဖန်နှင့်မန်မျိုးနွယ်စု၏အင်အားကို ထည့်တွက်ပါက တစ်နေ့ကျလျှင် ကြယ်စင်ပင်လယ်များအကြား ထွန်းတောက်နေသော နေတစ်စင်းဖြစ်လာလိမ့်မည်။ ထိုအခြင်းအရာကို လူပေါင်းများစွာ နားလည်သဘောပေါက်ကြ၏။

အထူးသဖြင့် ကလေးက လက်ဖမိုးပေါ်တွင် ထူးခြားသောအမှတ်တစ်ခုဖြင့် မွေးဖွားလာခဲ့၍ပင်။ ထိုအမှတ်ကား နိဗ္ဗာနအမှတ်ဖြစ်ပေသည်။

**

“သခင်လေး အဲဒီကို မသွားနဲ့လေ။ အဲဒါ တားမြစ်နေရာ။ ဒီတိုင်း ခိုးဝင်လို့မရဘူး သခင်လေးရဲ့”

“သခင်လေး ကျွန်မ တောင်းပန်ပါတယ်၊ အဲဒါကိုတော့ မကိုက်ပါနဲ့”

“သခင်လေး ၊ မလုပ်နဲ့ မလုပ်နဲ့။ အဲဒီမှာ တွင်းတူးလို့မရဘူး ‌။ ခေါင်းဆောင်ကြီးကိုယ်တိုင် အဲ့သစ်ပင်ကို စိုက်ထားတာ။ အ..မ...လေး... သခင်လေးရယ် သစ်ပင်က သခင်လေးကို ဘာမှမလုပ်ပါဘူး .... မတူးပစ်ပါနဲ့ ....”

သူသည် ဖန်မျိုးနွယ်စုရှိ လူတိုင်းကို ခေါင်းကိုက်စေသော ငါးနှစ်အရွယ် ကလေးလေးဖြစ်၏။ သူကား ဆိုးလွန်းလှသည်။

နေ့တိုင်း သူက လျှောက်ပြေး၊ မျိုးနွယ်ဝင်များက နောက်မှ တကောက်ကောက်လိုက်နေရသည်။ သူ့ကို မျက်စိအောက်မှ အပျောက်ခံလိုက်လျှင်.... အကြီးအကျယ် ပြဿာနာတက်တတ်သည်။

“မောင်လေး ဆိုးနေပြန်ပြီလား” သူ့အစ်မက လက်ဆစ်များကို ချိုး၍ မျက်လုံးများမှေးပြီး မချိုမချဉ်ပြုံးရင်း ပြောသည်။ သူမသည် သူ့ထက် ခေါင်းတစ်လုံး ပိုရှည်ပြီး သူမ သူ့ဆီ လျှောက်လာသည်ကို မြင်လျှင် မန်ဟို ခေါင်းကြိမ်းသွားသည်။ သူက နောက်ဆုတ်ရင်း အထစ်ထစ်အငေါငေါ့ဖြသင့် ရှင်းပြတော့မည့်အချိန် ဖြန်းခနဲ အသံအား စကြားလိုက်ရသည်။

သူအစ်မသည် အသက်ကြီးလာသည်နှင့်အမျှ သူမနှင့် သူမ၏ဒေါသကြီး‌သော စရိုက်အကြောင်းတွေးမိလျှင် မန်ဟို့ခေါင်းထဲ၌ ကြောက်စိတ်များပြည့်သွားသည်အထိ မန်ဟို့အပေါ် စည်းကမ်းတင်းကြပ်လာခဲ့၏။

***

All Chapters